title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဗုဒ္ဓ
ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ (သို့) ဗုဒ္ဓတ္တ (ဗုဒ္ဓ၏အဖြစ်) ဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ (the Awakened)၊ သဗ္ဗညုတဉာဏ်တော် (ဗောဓိဉာဏ်)ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် (အမည်)မဟုတ်ဘဲ အာလုပ်ပုဒ်အရခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓ (; or ) သည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား (Buddhahood - ဗုဒ္ဓမြတ်စွာဘုရား) ဖြစ်၍ သမ္မာသမ္ဗုဒ္ဓ (sammāsambuddha - ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား) ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။ ဗုဒ္ဓဆိုသည့် စကားလုံးကို ဂေါတမဗုဒ္ဓမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင်များအားလုံးအတွက် ရည်ညွှန်းသုံးစွဲကြသည်။ မဟာယာနဗုဒ္ဓဘာသာတွင် ကောင်းကင်ဘုံမှ ဗုဒ္ဓငါးပါးကို ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပြီး အနာဂတ်တွင် ပွင့်မည့် "မေတ္တယျ" အမည်တွင်သည့် ဗောဓိသတ္တဘုရားလောင်းကိုလည်း ညွှန်းဆိုကြသည်။ ​ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာများ၏ ပန်းတိုင်မှာ တူညီမှုမရှိကြချေ။ ထေရဝါဒသည် ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံးခြင်းဖြင့် အရဟတ္တဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဝင်ရန်ဖြစ်သည်။ တစ်ဖက်တွင်ကား မဟာယာန၏ နောက်ဆုံးပန်းတိုင်မှာ ဗုဒ္ဓအဖြစ်ရောက်ရှိရေးဖြစ်ပြီး ထိုသို့ရောက်ရှိမှ သတ္တဝါအားလုံးကို ဒုက္ခ၏ လွတ်မြောက်ရာကို လမ်းညွှန်ပြသနိုင်ပေသည်ဟု ခံယူကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဗုဒ္ဓ (သို့) ဘုရားဖြစ်ခြင်း ဆိုသည်မှာ ဒုက္ခ၏ လွတ်မြောက်ရာလမ်းကို တွေ့ရှိ၍ ဉာဏ်အလင်းပွင့်ခြင်း (ဗောဓိဉာဏ်ရရှိခြင်း) ဖြစ်သည်။ သိစရာဟူသမျှကို သိရှိပြီးဖြစ်၍ နောက်ထပ်သိရန်မလိုအပ်တော့သည့် အခြေအနေလည်းဖြစ်၏ ။ ဗုဒ္ဓတ္တ (သို့) ဗုဒ္ဓဘာဝ တစ်နည်း ဗုဒ္ဓအဖြစ် သို့ရောက်ရှိခြင်း (Buddhahood) နှင့်ပတ်သက်၍ နည်းလမ်းများမြောင်အပေါ် ကျယ်ပြန့်လှသော အမြင်၊ အယူအဆအမျိုးမျိုးလည်းရှိကြရာ ဂေါတမဗုဒ္ဓ၏ အဆုံးအမကို လက်ခံကြသည့် ဗုဒ္ဓဘာသာဂိုဏ်းကွဲများ အလေးပေးကျင့်သုံးကြသည့် အပေါ်၌ မူတည်ကြလေသည်။ တနည်းအားဖြင့် လက်ခံကြသည့် ကျမ်းစာများအပေါ်၌ တည်မှီကြ၏ ။ မဟာယာနဗုဒ္ဓဘာသာသည် ဗောဓိသတ္တ (ဘုရားအလောင်း) ကို အလေးပေးလက်ခံကြသည်။ တစ်ဖက်တွင် ထေရဝါဒသာသနာ၌ ဗုဒ္ဓသည် ဆရာမကူ မိမိကိုယ်တိုင် အားထုတ်မှု၊ အသိဉာဏ်ဖြင့် အလင်းပွင့်သောသူ၊ သိစရာမှန်သမျှကို မဖောက်မပြန်သိရှိ၍ သစ္စာတရား၊ မဂ္ဂင်ရှစ်တန် အကျင့်မှန်တို့ကို ရှာဖွေဖော်ထုတ်သူ၊ အလုံးစုံသော သတ္တဝါတို့ကို ထိုအခြင်းအရာများ သင်ကြားပြသ လမ်းညွှန်သူဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" မည်သည်။ အခြားဗုဒ္ဓတစ်မျိုးကို ပစ္စေကဗုဒ္ဓဟု ခေါ်တွင်၍ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် နိဗ္ဗာန်ရရှိသော်လည်း အခြားသူများကိုကား သင်ကြားပြသ လမ်းညွှန်ရန် မစွမ်းသာချေ။ အခြားအသုံးနှုန်းတစ်ခုလည်းရှိသေး၏ ။ သာဝကဗုဒ္ဓဆိုသော အသုံးဖြစ်ကာ တစ်ယောက်သောသူသည် "သမ္မာသမ္ဗုဒ္ဓ"၏ အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံး၍ ရဟန္တာဖြစ်ခြင်းကို ဆိုလိုသည်။ ရဟန္တအဖြစ်ရောက်ရှိပါက ထိုဘဝသည် နောက်ဆုံးဘဝဖြစ်ပြီး နိဗ္ဗာန်သို့ဆိုက်ရောက်သည်။ မဟာယာန၏ တထာဂတဂါဘ နှင့် ဗုဒ္ဓသဘာဝ ကျမ်းစာများ၌ ဗုဒ္ဓမျိုးစေ့(ဗုဒ္ဓဉာဏ်)သည် လူတိုင်း၌ ကိန်းအောင်းနေ၍ လောကီကာမဂုဏ်များကို စွန့်လွှတ်စရာမလိုဘဲ ဗုဒ္ဓဖြစ်ကြောင်းအကျင့်များမှတစ်ဆင့် ထိုဗုဒ္ဓမျိုးစေ့ ခေါ် အသိဉာဏ်ပညာသည် ထိုသူ၏ လက်ရှိဘဝ၌ ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဂေါတမဗုဒ္ဓသည် တစ်ဦးတည်းသော ဗုဒ္ဓမဟုတ်၊ ပါဠိကျမ်းစာများတွင် ပွင့်ထွန်းတော်မူခဲ့သည့် ရှေးရှေးဗုဒ္ဓဘုရားများကိုလည်း ကိုယ်စားပြုရည်ညွှန်းသည်။ မဟာယာနကျမ်းစာများ၌လည်း ကောင်းကင်ဘုံမှ ဗုဒ္ဓဘုရားများရှိကြကာ ဥပမာ အမိတာဘာ (သို့) ဝေရောစန တို့ဖြစ်ကြသည်။ ဗုဒ္ဓသဘာဝ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီး၌ ဗုဒ္ဓနှင့်ပတ်သက်သော ဉာဏ်တော်၊ ဂုဏ်တော်၊ ပါရမီ စသည်များကို အမျိုးမျိုးဘာသာပြန်အနက်ဖွင့်ကြသည်။ ဉာဏ်တော်များ ဗုဒ္ဓဘာသာဂိုဏ်များအားလုံး၌ ဗုဒ္ဓသည် ဗောဓိဉာဏ်ရသူ (ဉာဏ်အလင်းပွင့်သူ)၊ လိုချင်တက်မက်မှု တဏှာ၊ မသိမှု အဝိဇ္ဇာ၊ ဒေါသ စသော အဆိပ်သုံးပါးကင်းစင်သည်ဟူ၍ လက်ခံထားကြ၏ ။ ဗုဒ္ဓဆိုသည်မှာ ကံလက်သမား၏ တည်ဆောက်ခြင်း မခံရတော့ပေ၊ သံသရာမှ ကင်းလွတ်ပြီဖြစ်သည်။ ဂိုဏ်အများစုကလက်ခံထားသည်မှာ ဗုဒ္ဓသည် သဗ္ဗညုတဉာဏ် (သိစရာမှန်သမျှသိရှိခြင်း) ကိုရရှိသည်။ သို့သော် အချို့သောအစောပိုင်းကျမ်းစာများ၌ ဤသည်ကို ငြင်းပယ်ကြသည်လည်းရှိ၏ ။ ထေရဝါဒဗုဒ္ဓဘာသာတွင်မူ သဗ္ဗညုတဉာဏ်တော်ကို ခြွင်းချက်မရှိလက်ခံကာ ပုဗ္ဗနိဝသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်များကို အဆင့်ဆင့်ရရှိခြင်း၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အသာဓာရဏဉာဏ် ခြောက်ပါး၊ ဗုဒ္ဓဉာဏ်တော် ဆယ့်လေးပါး၊ ဝေသာရဇ္ဇဉာဏ် လေးပါးတို့ရရှိပြီး သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်ရရှိခဲ့သောကြောင့် ဗုဒ္ဓအဖြစ်သို့ ဆိုက်ရောက်သည်။ ဂုဏ်တော်များ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်များအပေါ် အာရုံပြု၍ တရားထိုင်ခြင်း၊ နုပဿတိပွများခြင်းများရှိကြရာ ဘုရားဂုဏ်တော်များကို ပါဠိကျမ်းစာ၊ မဟာယာနကျမ်းစာများ၌ ဖော်ပြထားကြပြီး ထိုဂုဏ်တော်များကို ရွတ်ဆိုပူဇော်ခြင်းများလည်းရှိသည်။ ဗုဒ္ဓ၏ ဂုဏ်တော်အပေါင်းသည် ရေတွက်မရသည့်တိုင် များပြားလှသော်လည်း ထေရဝါဒကျမ်းစာတွင် အတိုချုပ်မှတ်သားနိုင်ရန် ဂုဏ်တော်ကိုးပါးဟု ဖော်ပြထားကြသည်။ ၎င်းတို့မှာ : အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ တို့ဖြစ်ကြသည်။ မဟာယာနဂိုဏ်းအချို့တွင်မူ တထာဂတ (လာသောကောင်းခြင်းအရှင်) ကို အမှတ်တစ်နေရာထား၍ ရေတွက်ထားသဖြင့် တစ်ပါးပိုမိုပါရှိသည်။ ထို့အပြင် ဆယ်ခုမြောက် ဘဂဝါ နေရာတွင် ဗုဒ္ဓ လောကနာထ (သို့) ဗုဒ္ဓ ဘဂဝါ ဟု ရေးသားကြသည်များလည်း ရှိသည်။ ပါရမီ ပါရမီသည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့် ဟူ၍ အနက်ရရှိသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သောသူအများ၌ သမ္မာသမ္ဗုဒ္ဓသည် စံပြုထိုက်သည်။ ဗုဒ္ဓအဖြစ်သို့မရောက်မီ ရှေးကာလဘဝတစ်ခုက ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝဖြစ်သော သမ္မာသမ္ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။ ဒါန၊ သီလ မှအစပြုပြီး ဥပေက္ခာအထိ ဆယ်ခုသော လုပ်ငန်းတာဝန်များဖြစ်ကြသည်။ ပါရမီတစ်ပါးကို နောက်ထပ်သုံးမျိုး ပြန်ခွဲနိုင်သည်။ မူလ ပါရမီ (ရိုးရိုး)၊ ဥပပါရမီ (ရိုးရိုးထက် ပိုသော)၊ ပရမတ္ထပါရမီ (မြတ်သော၊ အမြတ်ဆုံးသော) ဟူ၍ တစ်ပါးကို သုံးခုထပ်မံခွဲခြားသောကြောင့် ပါရမီဆယ်ပါး၊ အကျယ်အနေဖြင့် သုံးဆယ်ဖြစ်သည်။ ပါရမီများကို ယေဘုယျအားဖြင့် ဘုရားလောင်းကျင့်စဉ် ဟုခေါ်ဆိုကြ၍ အောက်တွင် ဖော်ပြထားသည်။ ထေရဝါဒပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ဆယ်မျိုးသတ်မှတ်သည်။ ၎င်းတို့မှာ : ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။ သီလ ပါရမီ= ကိုယ်ကျင့်တရားကောင်းခြင်း။ နိက္ခမ ပါရမီ= တပ်မက်မှုကင်းခြင်း။ ပညာ ပါရမီ= အမှန်တိုင်းသိခြင်း ဝီရိယ ပါရမီ= ဇွဲလုံ့လကြီးခြင်း။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်ခြင်း။ သစ္စာ ပါရမီ= မှန်ကန်ခြင်း။ အဓိဋ္ဌာန ပါရမီ= ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ သမ္မာသမ္ဗောဓိသတ္တဖြစ်သော ဘုရားလောင်းများတွင် ပါရမီဖြည့်စဉ်၌ ပညာဓိက၊ သဒ္ဒါဓိက၊ ဝိရိယာဓိက ဟူ၍ သုံးမျိုးကွဲပြားနိုင်သော်လည်း သမ္မာသမ္ဗုဒ္ဓ ဖြစ်သည့်အခါ အားလုံးသောဂုဏ်ရည်၊ အခြင်းအရာများသည် တူညီကြ၍ မည်သူသည် မည်သူ့ထက်သာသည်ဟု မရှိတော့ပေ။ ဗုဒ္ဓအပေါ် ရှုမြင်ချက် သမိုင်းခေတ်အဆက်ဆက်၌ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့သည် ဗုဒ္ဓနှင့်ပတ်သက်၍ အမျိုးမျိုးသော ခံယူမှု၊ ယူဆမှု၊ သတ်မှတ်မှုများ ရှိကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို လေ့လာကြသော ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော ရဟန်းပညာရှင်၊ လူပညာရှင်တို့ကလည်း အမျိုးမျိုးသော ယူဆချက်၊ ဖော်ပြချက်များကို ပေးထား၏ ။ ထိုယူဆချက်များမှ ဗုဒ္ဓကို သာမန်လူသား (သို့) မဟာလူသား (သို့) နတ်ဒေဝါ (သို့) အနန္တတန်ခိုးရှင် စသဖြင့် ဖော်ပြထားမှုများကို ဤအပိုင်းတွင် အနည်းငယ်ဖော်ပြထားသည်။ ထေရဝါဒ ကျမ်းစာများ ပါဠိကျမ်းစာများ၌ သတ္ထာဒေဝ မနုဿာနံ ဟူသော ဂုဏ်အရည်အသွေးတစ်ခု ပါရှိရာ အနက်မှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာဖြစ်၍ နိဗ္ဗာချမ်းသာကို ရရှိပြီးဖြစ်သည်။ တစ်ဖက်တွင် အခြား နတ် လူ ဗြဟ္မာများသည် နိဗ္ဗာန်ချမ်းသာ သန္တိသုခကို မခံစားရ၊ လောဘ၊ ဒေါသ၊ မောဟများရှိဆဲဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာများထက် မြင့်မြတ်သည်ဟု ဖော်ပြသည်။ မဇ္ဈိမနိကာယ်လာ မဓုပိဏ္ဍိကသုတ်တွင် ဗုဒ္ဓသည် အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏ (အမတဒါယက)၊ တရားအရှင် (ဓမ္မသာမိ) ဖြစ်တော်မူ၏ ဟူ၍ ဖော်ပြထားပြီး သံယုတ္တနိကာယ်လာ "အနုရာဓသုတ်"တွင် ဗုဒ္ဓကို ဤသို့ဖော်ပြရေးသားထားသည်။ {{quote|ငါ့သျှင်တို့ ထိုမြတ်သော ယောက်ျားဖြစ်သော အလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ်ဆုံးသို့ရောက်သော ထိုမြတ်စွာဘုရားသည်...}} ဟုပါရှိသည်။ တဖန် သံယုတ္တနိကာယ်လာ "ဝက္ကလိသုတ်"တွင် အရှင်ဝက္ကလိမထေရ် အနာရောဂါနိပ်စက်၍ မြတ်စွာဘုရားကို ဖူးတွေ့ချင်မိသောကြောင့် အခြားရဟန်းများကို ပင့်ခိုင်းရာ မြတ်စွာဘုရားကြွရောက်လာ၍ ဟုဆိုကာ ဗုဒ္ဓသည် မိမိကိုယ်ကို ဓမ္မ ဟူ၍ ခိုင်းနှိုင်းဖော်ပြထားသည်လည်းရှိ၏ ။ ဒီဃနိကာယ်လာ "အဂ္ဂညသုတ်"တွင် ဝါသေဋ္ဌသာမဏေကို ယခုကဲ့သို့ မိန့်ဖူးသည်။ "ဓမ္မကာယ ဗြဟ္မကာယ ဓမ္မဘူတ ဗြဟ္မဘူတဟူသော ဤအမည်သည် ငါ၏အမည် ဖြစ်သောကြောင့်တည်း။" စသဖြင့် အထက်ပါ ကျမ်းစာအသီးသီးတို့တွင် ဗုဒ္ဓသည် မည်သူမျှမတတ်နိုင်သော အမြိုက်နိဗ္ဗာန်ကို ပေးသူ၊ တရားတို့၏ အရှင်၊ အမြတ်တကာ အမြတ်ဆုံးသောသူ၊ ဗုဒ္ဓသည် ဓမ္မ (ခိုင်းနှိုင်းမှု)၊ ဓမ္မကာယ ဟူသော အလုံးစုံသောတရားများ ပေါင်းစုသူဟူ၍ ဗုဒ္ဓ၏မြင့်မြတ်ခြင်းသဘောကို ထိုသို့ဖော်ပြထားသည်။ ပညာရှင်အချို့၏ ဖော်ပြချက် မြန်မာနိုင်ငံမှ ထင်ရှားခဲ့သော ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဦးသေဋ္ဌိလက ဆောင်းပါးတစ်ခုတွင် "ဗုဒ္ဓသည် ဗောဓိဉာဏ်ကို ရရှိသူဖြစ်၍ ဗောဓိဉာဏ်ဆိုသည်မှာ လူသားများ၏ လုပ်နည်းလုပ်ဟန်သက်သက်ဖြင့် ရရှိနိုင်ပေသော အသိဉာဏ်နှင့် ကိုယ်ကျင့်တရားပြီး ပြည့်စုံမှုဆိုသည့် အကောင်းဆုံး စံပြအခြေအနေကို ခေါ်ဆိုသည်။ ဗုဒ္ဓဟူသော ​ဝေါဟာရသည် တိုက်ရိုက်အားဖြင့် ဉာဏ်အလင်းရသူ၊ သိသူဖြစ်၏ ။ ... ယခုပွင့်ခဲ့သော ဂေါတမဗုဒ္ဓသည် လူသားတစ်ဦးအနေဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ခဲ့၍ မည်သူမဆို သူ၏ လမ်းကြောင်းကို လျှောက်လှမ်းပါက သူကဲ့သို့ပင် ဖြစ်နိုင်သည်ဟု သင်ကြားပြသခဲ့သည်။" သာဝတ္ထိ ဓမ္မိကရဟန်းတော်က "ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်များစွာကြာသောအခါ ရာဇဝင်၊ ဒဏ္ဍာရီများက ဗုဒ္ဓသည် လူတစ်ဦးဆိုသည်ကို မှေးမှိန်ဖုံးဖိစေကာ နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပေါ်စေသည်။ အမှန်စင်စစ်အားဖြင့် ဗုဒ္ဓသည် သာမန်လူသားတစ်ဦးမဟုတ်၊ ပြီးပြည့်စုံသော မဟာပုရိသ၊ မဟာလူသားတစ်ဦးဖြစ်သည်။ ထိုသို့သော မဟာလူသားသည်လည်း သာမန်သူများနှင့် မထူးခြား သမားရိုးကျမွေးဖွားလာ၍ ရုပ်ပိုင်းဆိုင်ရာဖြင့်လည်း သာမန်သာဖြစ်သည် ဟုရေးသားဖူးသည်။ သံဃရက္ခိတ ဆိုသော Dennis Philip Edward Lingwood က ယခုကဲ့သို့ ရေးသားထား၏ ။ "ပထမဆုံး ကျုပ်တို့တွေနားလည်ရမှာက ဗုဒ္ဓသည် လူသားဖြစ်သည်ဆိုတာပါပဲ။ ဒါကအရေးကြီးပါတယ်။ ဒါပေမယ့်လည်း သာမန်နဲ့မတူ ထူးခြားတဲ့လူသား၊ ကျုပ်တို့ သိသလောက် အားလုံးထဲမှာ အမြင့်ဆုံးအဆင့်ရှိတဲ့သူမျိုးပေါ့။" ပီတာဟာဗီး၏ ဗုဒ္ဓဘာသာမိတ်ဆက်စာအုပ်၌ ဗုဒ္ဓကို လူသား (သို့) နတ်ဒေဝါတစ်ပါး၊ မည်သည်ဖြစ်သည်ကို မေးမြန်းရာ ဗုဒ္ဓက သူသည် လူ (သို့) နတ် ဖြစ်စေရန် ဖန်တီးမည့် အမြစ်တွယ်ကပ်နေသော မသိစိတ်ဉာဉ်များကို ဖယ်ရှားထားပြီဖြစ်၍ ဗုဒ္ဓဟုသာ ခေါ်ဆိုသင့်ကြောင်း၊ မဟာပထဝီမြေကြီး၌ ရှင်သန်ကြီးပြင်းခဲ့သော်လည်း ယခုအခါ၌ ထိုမဟာမြေကြီး၏ အလွန်တွင် တည်ရှိပြီဖြစ်သည်။ ကြာသည် ရေမှ ပေါက်ဖွားသော်လည်း ရေမျက်နှာပြင်၏ အထက်၊ မြေနှင့်မထိတွေ့ဘဲ ငွားငွားစွင့်စွင့် ပွင်းလန်းနေသကဲ့သို့ဖြစ်လေသည်ဟု ပြန်လည်မိန့်ကြားထားကြောင်းကို ဖော်ပြထားသည်။ အန်ဒရူး စကစ်လ်တန်က ဗုဒ္ဓဘာသာ အယူအဆများ၌ ဗုဒ္ဓကို သမိုင်းတစ်လျှောက် မည်သည့်အခါမျှ သာမန်လူသားတစ်ဦးဟု သတ်မှတ်ယူဆခဲ့ခြင်းမရှိပါဟု ရေးသားထားသည်လည်းရှိ၏ ။ ဦးရွှေအောင်ပြုစုသော "ဗုဒ္ဓ (သို့) လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်"စာအုပ်တွင် ဗုဒ္ဓသည် လူသားမိခင်တစ်ဦးမှ မွေးဖွားလာသည်ဖြစ်၍ သာမန်အားဖြင့် လူပုဂ္ဂိုလ်ဟု ဆိုနိုင်သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အဆုံးမရှိသော ပါရမီတော်များကို ဖြည့်ကျင့်ခဲ့မှုကြောင့် ရိုးရိုးလူသားမဟုတ်၊ အနှိုင်းမဲ့ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်ရေးသားထားသည်မှာ 'လူ' ဟုဆိုပါက မှန်သည်။ သို့သော် လူတို့၏ မကိုဋ်ဖြစ်သည်။ 'နတ်'၊ 'ဗြဟ္မာ' ဟု ဆိုလျှင် မှန်သည်။ သို့သော် 'နတ်'၊ 'ဗြဟ္မာ'တို့၏ မကိုဋ် ဖြစ်သည်။ အခြားသက်ရှိတစ်မျိုးဟု ဆိုလျှင်လည်း မှန်ကာ ထိုသက်ရှိတစ်မျိုး၏ မကိုဋ်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးနှင့် ပါရမီဖြည့်စဉ်ကာလများ၌ သံသရာတစ်လျှောက် ဆက်စပ်နေသောကြောင့် (သို့) ထို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများဖြစ်ခဲ့ဖူးသောကြောင့် ထိုထိုသဘောများကို ကိုယ်တိုင်ကြုံခဲ့ခြင်းရှိသောကြောင့် ဖြစ်၏ ။ နာရဒ မဟာထေရ်က "ဗုဒ္ဓသည် လူသားတစ်ဦးဖြစ်၍ လူသားကဲ့သို့ မွေးဖွား၊ နေထိုင်၊ ဘဝအဆုံးသတ်ခဲ့သည်။ လူသားဖြစ်သော်လည်း အလွန်ထူးခြားသော လူသား (အစ္ဆရိယ မနုဿ) ဖြစ်သည်။ နတ်ဘုရားတစ်ဆူဟု မမိန့်ခဲ့၊ ၎င်းသည် ထိုသို့ မသေနိုင်သော နတ်ဘုရားတစ်ဆူဖြစ်ကြောင်း အယူအဆအမှားများကိုလည်း ရှင်းလင်းပြသသည်။ နတ်ဘုရားသဘောသဘာမရှိသည့် နတ်ဘုရားကဲ့သို့ တူညီသော ဆရာဟူသည် ဤလောက၌ မရှိပါ" ဟူ၍ ဗုဒ္ဓဘာသာအနှစ်ချုပ်စာအုပ် (Buddhism in a Nutshell) တွင် ဆိုထားသည်။ မဟာသံဃိကဂိုဏ်း၏ သတ်မှတ်ချက် အစောပိုင်းပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာဂိုဏ်းခွဲများအနက် မဟာသံဃိကဂိုဏ်းတွင် ဗုဒ္ဓ(များ)သည် စွမ်းအားတန်ခိုးရှိသည့် သဘာဝများကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ကြကာ မဟာသံဃိကဂိုဏ်းဝင်များက ဗုဒ္ဓများ၊ ဗောဓိသတ္တများသည် အလွန်တရာ သာလွန်မြင့်မြတ်ခြင်း၊ အစွမ်းတန်ခိုးသတ္တိများ ရှိကြောင်း၊ ရဟန္တာဆိုသည်မှာ အမှားပြုနိုင်ဖွယ်ရှိကြောင်းတို့ကို တင်ပြကြသည်။ မဟာသံဃိက၏ အခွဲများဖြစ်သော ဧကဗျောဟာရိကဂိုဏ်း၊ လောကုတ္တရာဝါဒဂိုဏ်း၊ ကုက္ကုဋိကဂိုဏ်းတို့ရှိ "သမယဗေဒေါပရစနစကြာ"ကျမ်းစာ၌ ဆိုထားသော အချက် ၄၈ ချက်တွင် အချက်၂၀ သည် ဗုဒ္ဓများ၊ ဗောဓိသတ်များ၏ အစွမ်းတန်ခိုးသတ္တိများကို ဖော်ပြထားသည်။ ဗုဒ္ဓဘာသာ ဒဿနလေ့လာမှုဆိုင်ရာ ပါမောက္ခ ယောင် ကျိဟွာက ယခုလိုရေးသားထားသည်။ မဟာသံဃိကဂိုဏ်းလာ ကျမ်းတစ်ခု၌ "တထာဂတတို့၏ စွမ်းအားသည် အတိုင်းအဆမဲ့၍ ဗုဒ္ဓ၏ဘဝ(သက်တမ်း) သည်လည်း အနန္တဖြစ်၏" ဟုဖော်ပြထားသည်။ ကွမ်းရှင်း ဆိုသူကလည်း ဗုဒ္ဓ၏ အဓိကအရည်အသွေးနှစ်ခုကို မဟာသံဃိကတရားများတွင် တွေ့နိုင်သည်။ ဆိုလိုသည်မှာ ဗုဒ္ဓစစ်စစ်သည် ဉာဏ်အလင်းပွင့်သောသူ၊ အနန္တတန်ခိုးရှင်ဖြစ်ကာ အဝတာပုံစံများဖြင့် သတ္တဝါတို့ကို ကျွမ်းကျင်လိမ္မာစွာဖြင့် ခြေချွတ်တော်မူသည် ဟုပြောဆိုသည်။ မဟာသံဃိကဂိုဏ်းအယူအဆတွင် လက်ရှိပွင့်ထွန်းခဲ့သည့် ဂေါတမဗုဒ္ဓသည် ဤသို့ အသွင်ပြောင်းဖန်ဆင်းထားသော ရုပ်ခန္ဓာများ (နိမ္မိတကာယ) ထဲကတစ်ဆူ ဟူ၍ယူဆကြကာ ဗုဒ္ဓစင်စစ်သည် ဓမ္မကာယ (တရားအားလုံးပေါင်းစုထားသူ) နှင့် ညီမျှသည်ဟု ဆိုကြပေသည်။ ပွင့်တော်မူခဲ့သော ဗုဒ္ဓများ ဘုရားခုနစ်ဆူ အနောက်တိုင်းပညာရှင်တို့သည် ပါဠိကျမ်းစာများကို အစောပိုင်းကျမ်းစာနှင့် နှောင်းပိုင်းကျမ်းစာဟူ၍ ခွဲခြားရာတွင် ပထမမှ စတုတ္ထနိကာယ်အထိ ကျမ်းစာအများစုကို အစောပိုင်းကျမ်းစာများအဖြစ်ယူဆကြ၍ ပဉ္စမမြောက်နိကာယ်မှ ကျမ်းအများစု (သို့) အချို့ကို နှောင်းပိုင်ဟူ၍ သတ်မှတ်ကြသည်။ ထို့ကြောင့် အစောပိုင်း နိကာယ်လေးခုတွင် ဗုဒ္ဓခုနစ်ဆူ (သတ္တတထာဂတ-Sattatathāgata)ကိုသာ ဖော်ပြထားသည်။ ထိုဗုဒ္ဓခုနစ်ဆူမှာ : ဝိပဿီဘုရား သိခီဘုရား ဝေဿဘူဘုရား ကကုသန်ဘုရား ကောဏဂုံဘုရား ကဿပဘုရား ဂေါတမဘုရား တို့ဖြစ်ကြသည်။ အထူးသဖြင့် ဤဗုဒ္ဓခုနစ်ဆူကို ဝိနည်းပိဋကတ်၊ ပါရာဇိကဏ်အပိုင်းတွင် ပါရှိပြီး သုတ္တန်ပိဋကတ်၊ ဒီဃနိကာယ်လာ သုတ်မဟာဝါ (မဟာဝဂ်)မှ မဟာပဒါနသုတ်၊ ပါထိကဝဂ်မှ အာဋာနာဋိယသုတ်၊ ခုဒ္ဒကနိကာယ်၏ ပဋိသမ္ဘိဒါမဂ်မှ "သတ္တဗောဓိသတ္တဝါရ"အပိုင်းတို့တွင် ဖော်ပြထားသည်။ ဒီဃနိကာယ်လာ စက္ကဝတ္တိသုတ်တွင် ဤဘုရားခုနစ်ဆူပြီးနောက် မေတ္တယျမြတ်စွာဘုရားပွင့်မည်ဟု ပြဆိုထားသည်။ ထေရဝါဒ၏ နောက်ဆုံးနိကာယ်ဖြစ်သော ခုဒ္ဒကနိကာယ်၏ ဗုဒ္ဓဝံသကျမ်း၌ နှစ်ကျိပ်လေးဆူသော ရှေးရှေးဗုဒ္ဓများကို ဖော်ပြထားသည်။ အထက်၌ဖော်ပြခဲ့သော ဘုရားခုနစ်ဆူအပြင် ပို၍စောသော ဘုရားနှစ်ဆယ့်တစ်ဆူကို ဖော်ပြထားခြင်းဖြစ်သည်။ အနောက်တိုင်းဖက်က ယူဆသည်မှာ ဗုဒ္ဓဝံသကျမ်းသည် ဘီစီ ၁-၂ ရာစုကြားက ပြုစုသောကျမ်းဖြစ်သည်။Horner, IB, ed. (1975). The minor anthologies of the Pali canon. Volume III: Buddhavaṁsa (Chronicle of Buddhas) and Cariyāpiṭaka (Basket of Conduct). London: Pali Text Society. . ထေရဝါဒအယူအဆ၌ ကမ္ဘာတစ်ခုတွင် အများဆုံးပွင့်ထွန်းနိုင်သော ဗုဒ္ဓအရေအတွက်မှာ ငါးပါးသည်အများဆုံးဖြစ်၍ ထိုဗုဒ္ဓငါးပါးပွင့်ထွန်းသော ကမ္ဘာကိုဘဒ္ဒကပ္ပ (ဘဒ္ဒကမ္ဘာ) ဟုအမည်တွင်ကာ ဗုဒ္ဓတစ်ဆူမျှမပွင့်သော ကမ္ဘာအမျိုးအစားလည်းရှိ၍ ထိုကမ္ဘာသည် သုညကပ္ပ (သုညကမ္ဘာ) ဖြစ်သည်။ ဗုဒ္ဓတစ်ဆူပွင့်သည့်ကမ္ဘာကို သာရကပ္ပ (သာရကမ္ဘာ)၊ နှစ်ဆူပွင့်လျှင် မဏ္ဍကပ္ပ (မဏ္ဍကမ္ဘာ)၊ သုံးဆူပွင့်ပါက ဝရကပ္ပ (ဝရကမ္ဘာ)၊ လေးဆူပွင့်ထွန်းသည်ဆိုလျှင် သာရမဏ္ဍကပ္ပ'' (သာရမဏ္ဍကမ္ဘာ) ဟူ၍ အသီးသီးခေါ်ဆိုသည်။ (ဗုဒ္ဓဝံသကျမ်း) လက်ရှိကမ္ဘာတွင် ဗုဒ္ဓလေးဆူပွင့်ထွန်းခဲ့ပြီးဖြစ်၍ လက်ရှိသာသနာမှာ ဂေါတမဗုဒ္ဓဘုရား၏ သာသနာဖြစ်ပြီး နောင်ပွင့်ရန် တစ်ဆူကျန်ရာ အရိမေတ္တေယျဗုဒ္ဓဘုရားသည် ငါးဆူမြောက်ဖြစ်မည်။ ထို့ကြောင့် ဘုရားငါးဆူပွင့်သော ဤကမ္ဘာကို ဘဒ္ဒကမ္ဘာဟု အမည်ရကာ အနက်မှာ ကောင်းမွန်တင့်တယ်သော၊ ကောင်းခြင်းမင်္ဂလာရှိသော ကမ္ဘာ ဖြစ်၏ ။ သက္ကတနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာအချို့၏ အယူအဆများ၌ ဘဒ္ဒကမ္ဘာတွင် ဗုဒ္ဓ ၁,၀၀၀ အထိ ပွင့်ထွန်းကာ ဂေါတမဗုဒ္ဓ၊ မေတ္တေယျဗုဒ္ဓတို့သည် စတုတ္ထ၊ ပဉ္စမမြောက် ဘုရားများဖြစ်ဖြစ်ကြသည်ဟု ဆိုသည်။ ကောဏဂုံ (ကောဏာဂမဏ) ဘုရားကို ယနေ့ခေတ် နီပေါနိုင်ငံ၊ နိဂလဆာဂါ (ရွာ)တွင် အာသောကမင်း၏ ၃ ရာစုနှစ်က ထွင်းခဲ့သော ကျောက်စာတွင် ဖော်ပြထားမှုရှိသည်။ ယနေ့ခေတ်တွင် ထိုနေရာ၌ ယင်းကျောက်စာကို တွေ့နိုင်သည်။ ဗြဟ္မီအက္ခရာဖြင့် ရေးသားထားကာ ကျောက်စာသည် ပြိုလဲနေ၍ တစ်စိတ်တစ်ဒေသသည် မြေအောက်၌ဖြစ်၏ ။ အာသောကမင်းသည် ဘီစီ ၂၄၉ ၌ ထိုနေရာသို့ လှည့်လည်လာကာ ထိုနေရာသို့ သူရောက်ရှိကြောင်း၊ ကောဏဂုံဘုရားကို ရည်မှန်း၍ ထူပါရုံတစ်ဆူ တည်/ချဲ့ထွင် ခြင်း၊ ကျောက်စာ ရေးထိုး စိုက်ထူခဲ့ခြင်းတို့ကို မှတ်တမ်းတင်ထားလေသည်။ တရုတ်ခရီးသွားရဟန်းတော် ရွှမ်ကျန်း၏ ဖော်ပြချက်တွင် ကောဏဂုံဘုရား၏ ဓာတ်တော်များကို နိဂလစာဂါရွာတွင် ထူပါရုံတည်၍ ဌာပနာထားသည်။ ထိုနေရာသည် ယနေ့ခေတ် နီပေါတောင်ပိုင်း၊ ကပ္ပိလဝတ် ခရိုင်တွင် တည်ရှိသည်။ "သကျမုနိ" ဟုလည်း ခေါ်ဆိုသော ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံ လုမ္ဗနီရှိ အာသောကျောက်စာတိုင်တွင် ရေးသားထားသည်။ ဗြဟ္မီအက္ခရာသုံးစွဲထား၍ မောရိယမင်းဆက် ဧကရာဇ် အာသောကမင်းသည် ဘီစီ ၃ ရာစုက ဤနေရာသို့ ရောက်ရှိလာကာ ဂေါတမဗုဒ္ဓ၏ ဖွားမြင်ရာနေရာဟု ဖော်ပြထားလေ၏ ။ နှစ်ကျိပ်ကိုးဆူသော ဘုရားများ ထေရဝါဒအလိုအရ ရေတွက်၍မရသော ကပ်ကမ္ဘာ အသင်္ချေအနန္တတို့တွင် ရေတွက်မရသော ဗုဒ္ဓအဆူဆူ ပွင့်ခဲ့ပြီးဖြစ်သည်။သို့သော် အမည်သတ်မှတ်ဖော်ပြထားသော ဗုဒ္ဓအရေအတွက်မှာ နှစ်ကျိပ်ကိုးဆူဖြစ်သည်။ ထေရဝါဒကိုးကွယ်ယုံကြည်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာတို့တွင် ဤနှစ်ကျိပ်ကိုးဆူသော ဗုဒ္ဓများကို ပူဇော်ကြ၍ ပွဲတော်ရာသီကာလများ၌ ဘုရားပွဲများကျင်းပကြသည်။ ဗုဒ္ဓဝံသ (သို့) ဗုဒ္ဓဝင်တွင် သီးသန့်အနေဖြင့် နှစ်ကျိပ်လေးဆူသော ဘုရားများနှင့် ဂေါတမဗုဒ္ဓဝင်ကို ဖော်ပြထားသည်။ ထို့ကြောင့် (၂၅) ဆူဖြစ်၍ ဒီပင်္ကရာဘုရား၏ ရှေ့တွင် ဘုရားသုံးဆူရှိကာ နှစ်ကျိပ်ရှစ်ဆူဖြစ်လာပြီး အရိမေတ္တယျဘုရားကို ထည့်သွင်းလျှင် နှစ်ကျိပါကိုးဆူဖြစ်သည်။ (ဗုဒ္ဓဝင်ကျမ်း) ထိုဗုဒ္ဓများမှ ပထမဆုံးသုံးဆူသည် တဏှင်္ကရာဘုရား၊ မေဓင်္ကရာဘုရား၊ သရဏင်္ကရာဘုရား တို့ဖြစ်ကြကာ စတုတ္ထမြောက်ဗုဒ္ဓသည် ဂေါတမဘုရားအလောင်းတော် သုမေဓာရသေ့ကို "နိယတ ဝိဝရဏ" ဗျာဒိတ်ပေးသော ဒီပင်္ကရာဘုရားဖြစ်၏။ များစွာသော ဗုဒ္ဓဘာသာဝင်များသည် ၂၉ ကိုးဆူမြောက်ပွင့်မည့် အရိမေတ္တယျဘုရားကိုလည်း မျှော်မှန်း၍ ပူဇော်ကြလေသည်။ အရိမေတ္တယျဘုရား ပွင့်ထွန်းမည့် ဗျာဒိတ်အကြောင်းအရာများကို ထေရဝါဒ၊ မဟာယာန၊ ဝဇီရာယာန စသော ဂိုဏ်များရှိ ကျမ်းစာများတွင် တွေ့ရှိနိုင်ကာ ဇမ္ဗူဒီပကျွန်း (ဇမ္ဗူဒိပ်ကျွန်း; အိန္ဒိယ) တွင် ပွင့်မည်ဟု လက်ခံထားကြသည်။ အောက်ပါဇယားတွင် (၂၉) ဆူသော ဗုဒ္ဓများ၏ အချက်အလက်အချို့ကို ဖော်ပြထား၍ ဗုဒ္ဓအများစု၏ အချက်အလက်များကို မင်းကွန်းတိပိဋကဆရာတော်ပြုစုသော မဟာဗုဒ္ဓဝင်ကျမ်းမှ ဖော်ပြထားခြင်းဖြစ်သည်။ မဟာယာန၏ ဗုဒ္ဓများ မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေရဝါဒတွင်လည်းကောင်း အခြားရှေးဦးကျသော ဗုဒ္ဓဘာသာဂိုဏ်းများတွင်လည်းကောင်း မတွေ့ရသော များပြားသည့် ဗုဒ္ဓဘုရားများကို ကိုးကွယ်ပူဇော်ကြသည်။ ထိုဘုရားများကို အခြားဘံာများ၌ သက်ရှိထင်ရှားရှိနေကြသည်ဟုလည်း ယူဆကြရာ "သန့်စင်သောဘုံ" (သို့) "ဗုဒ္ဓဘုံ" (သို့) "သုခဝတီဘုံ"ဟု ခေါ်ဆိုကြသည်။ ထိုဘုရားများသည် ကမ္ဘာမြေမှ မဟုတ်သောကြောင့်၊ တစ်နည်း ကောင်းကင်ဘုံတွင် တည်ရှိသောကြောင့် "ကောင်ကင်ဘုံဘုရားများ" ဟု သမုတ်ကြ၏ ။ အချို့သော မဟာယာန၏ အဓိကဘုရားများမှာ: အက္ခောဘ (Akshobhya) အမိတာဘ (ဘာ) (Amitābha) အမောဃသိဒ္ဓိ (Amoghasiddhi) ဘေသဇ္ဇ ဇယဂုရု (သို့) ဝေသဇျဂုရု (Bhaiṣajyaguru) ရတနသမ္ဘဝ (Ratnasambhava) ဝေရောစန (သို့) မဟာဝိရောစဏ (Vairocana) ပရဘူတရတန (Prabhūtaratna) သမန္တဘဒြ (Samantabhadra) လောကီဇဗာရာ-ရာဇ (Lokeśvararāja) တန္တရဗုဒ္ဓဘာသာ၏ ဗုဒ္ဓများ ဝဇီရာယာနဟုခေါ်တွင်သော တန္တရဗုဒ္ဓဘာသာ၌ ဝဇီရာယာနအတွင်း၌သာရှိသော ဗုဒ္ဓများအပြင် မဟာယာနဗုဒ္ဓဘာသာရှိ ဗုဒ္ဓဘုရားအချို့ကိုလည်း တွေ့ရှိရသည်။ "တထာဂတငါးပါး" ဟုခေါ်ဆိုကြသော မူလဗုဒ္ဓငါးဆူမှာ : ဝေရောစန၊ အက္ခောဘ၊ ရတနသမ္ဘဝ၊ အမိတာဘ၊ အမောဃသိဒ္ဓိ တို့ဖြစ်ကြရာ တစ်ဆူစီ၌ မတူညီသော မိဖုရား၊ အရပ်မျက်နှာ၊ ခန္ဓာအစု (သို့ အရည်အသွေး)၊ စိတ်ခံစားချက်၊ အခြေခံအခြင်းအရာ၊ အရောင်အသွေး၊ အမှတ်သညာ၊ တောင်(အမှီပြု၊ ညွှန်းဆိုရာ) တို့ အသီးသီးရှိကြသည်။ တန္တရဗုဒ္ဓဘာသာတွင် အမျိုးသမီးဗုဒ္ဓအချို့လည်း ထူးထူးခြားခြား ရှိကြရာ တိဘက်ဗုဒ္ဓဘာသာ၌ "တာရာ" (Tara) သည် အထင်ရှားဆုံး ဖြစ်၍ ပုံအဆင်းသဏ္ဌာန်၊ အရောင်အသွေးများစွာဖြင့် ဖြစ်၏ ။ တန္တရဗုဒ္ဓဘာသာများတွင် အလွန်ကြမ်းတမ်း ကြမ်းကြုတ်သော နတ်ဒေဝါများလည်း ရှိကြပြီး ဤသည်မှာ ဗုဒ္ဓများ၏ တန္တရအသွင်ပုံစံများလည်း ဖြစ်ကြပေသည်။ ၎င်းတို့သည် အလွန်ကြမ်းတမ်းသော (တိဘက်: ထရိုဝိုး၊ သင်္သကရိုက်: ခရိုဓ) ဗုဒ္ဓပုံစံများ (သို့) တစ်စိတ်တစ်ပိုင်းသာ ကြမ်းတမ်းသောဗုဒ္ဓပုံစံများ ဖြစ်နိုင်သည်။ ထို့နောက် အမျိုးသမီးဗုဒ္ဓများနှင့် လိင်ပိုင်းဆိုင်ရာ ပူးတွဲနေခြင်း (သို့) ထီးတည်းသူရဲကောင်း" ပုံစံများလည်း ဖြစ်နိုင်ခြေရှိသည်။ ဟာရုကများ (Heruka; တိုက်ရိုက်အနက်-သွေးသောက်သူ) သည် အမျိုးသားပုံစံဖြင့် ဉာဏ်အလင်းရရှိကာ သတ္တဝါများကို ကယ်တင်ရန်အလို့ငှာ ကြမ်းတမ်းသောအသွင်ကို ယူထားသည်။ ထိုဟာရုကများ၌ ယာမန်တာက (Yamantaka)၊ စကြာသမ္ဗာရာ (Cakrasamvara)၊ ဟေဝဇီရာ (Hevajra)၊ မဟာကာလ (Mahākāla) နှင့် ဝဇီရာကိလာယ (Vajrakilaya) တို့ပါဝင်လေသည်။ ဒါကီနီများ (Dakini; ကောင်းကင်သို့ကြွလှမ်းသူ) သည် ဟရုကများ၏ အမျိုးသမီးကြင်ဖော်များဖြစ်ကြကာ ရံခါတွင် ဟာရုကနှင့် တွဲ၍လည်းကောင်း တစ်ဦးတည်းအဖြစ်လည်းကောင်း ပုံဖော်တင်ဆက်ကြ၏ ။ အလွှမ်းမိုးဆုံး၊ အဖျက်အမှောက်အပြုဆုံး ဒါကီနီများတွင် ဝဇီရာယောဂိနီ (Vajrayogini)၊ ဝဇီရာဝရာဟီ (Vajravārāhī)၊ နေယိရတ်မယာ (Nairatmya)၊ ကုရုကုလာ (Kurukullā) တို့ဖြစ်လေသည်။ ဗုဒ္ဓဘာသာဒဏ္ဍာရီသည် ဟိန္ဒူဘာသာဒဏ္ဍာရီနှင့် အချို့အပိုင်းများတွင် အတူတူဖြစ်ရာ အက္ခောဘ(ဗုဒ္ဓ) သည် ဟိန္ဒူဘာသာရှိ ရှိဝ (ရှီဗား) ၏ ကြမ်းတမ်းသော ပုံပန်းသဏ္ဌာန်နှင့် ဆင်တူရိုးမှား ရှိနေပြီး ဤပုံစံဖြင့် အက္ခောဘကို ဟာရုက၊ ဟေဝဇီရာ၊ သမ္ဗာရ အမည်များဖြင့် သိရှိကြသည်။ ဂျပန်ရှိ ဗုဒ္ဓဘာသာတွင် ဤအဆင်းသဏ္ဌာန်ကို ဖူဒို (Fudō) အနေဖြင့် သိရှိကြပြန်သည်။ အိန္ဒိယနတ်တစ်ပါးဖြစ်သော ကြောက်စရာကောင်းသည့် နွားသိုးဦးခေါင်းဖြင့် ဘေရာဝ (Bhairava) ကို တန္တရဗုဒ္ဓဘာသာဝင်များက ဝဇီရာဘေရာဝ အဖြစ် မွေးစားယူထားကြသည်။ ယာမန်တက (သေမင်း; ပါဠိ-ယမ) ဟုခေါ်သော (သိမ်မွေ့သော မန်ဇုရှရီ (Manjushri) ၏ ကြမ်းတမ်းသောအသွင်) ဖြစ်သော ဝဇီရာဘာယိရာဝသည် တစ်ပိုင်းဗုဒ္ဓအဆင့်နှင့် ညီသည်။ ထို့နောက် အဓိ ဗုဒ္ဓများမှာ ဝဇီရာဓရ (Vajradhara)၊ သမ္မန္တဘာဒြ (Samantabhadra) နှင့် ဝေရောစနတို့ဖြစ်ကြပြီး ထိုမူလဗုဒ္ဓများသည် မဟာယာန၏ "ဓမ္မကာယ" သဘောတရားနှင့် ဆက်စပ်မှုရှိသည်။ အချို့သော သမိုင်း၌တည်ရှိခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ဗုဒ္ဓအဖြစ် ရှုမြင်ကြရာ အတွေးခေါ်ဆရာ နာဂါဇုန (Nagarjuna)၊ တိဘက်မှ ပဒ္မာသမ္ဘာဝ (Padmasambhava)၊ စုန်းခါးပ (Tsongkhapa) တို့ဖြစ်ကြသည်။ ဗုဒ္ဓကို အနုပညာလက်ရာများ၌ ဖော်ကျူးမှုများ ဗုဒ္ဓဘုရားများကို ပန်းချီ၊ ပန်းပုလက်ရာများဖြင့် ဖော်ကျူးတင်ဆက်ကြရာ၌ : ထိုင်တော်မူ လျောင်းတော်မူ ရပ်တော်မူ ဒုက္ကရစရိယာမူ အနေအထားများဖြင့် များသောအားဖြင့် တင်ဆက်ဖော်ပြလေ့ရှိကြသည်။ ထို့အပြင် မဟာယာနတွင် အထက်ပါလေးခုအပြင် ဟိုတေး (သို့) ဗုဒိုင် (သို့) ဤ၌အသိများသည်မှာ အန်ကုန်းကိုယ်တော် ပုံစံ (ဤရုပ်တု/ပုံသည် အလယ်ခေတ် တရုတ်ရစန်းတော်တစ်ပါးဖြစ်ဖွယ်ရှိပြီး မေတ္တယျဗုဒ္ဓနှင့် ဆက်စပ်မှုရှိသည်။ တိတိကျကျဆိုရလျှင် ဗုဒ္ဓရုပ်ပွားတော်မဟုတ်ပေ) လာအိုနိုင်ငံ၌ အတွေ့ရများသည့် ရုပ်ပွားတော်သည် မိုးကိုခေါ်နေသည့် ပုံစံဖြစ်၏ ။ အမှတ်သညာများ ဗုဒ္ဓရုပ်ပွားတော် တင်ဆက်ဖော်ပြချက်များ၌ အမှတ်အသား/လက္ခဏာများစွာ ပါဝင်သည်။ သို့သော် အရပ်ဒေသပေါ်မူတည်၍ ကွဲပြားမှုရှိကြသည်။ ဦးခေါင်းတော်ထက်တွင် မို့မောက်နေသည့် အပိုင်း (ဆံထုံး၊ မကိုဋ် ...) ရှည်လျားနားရွက်တော်ရှိခြင်း စသည်တို့အပြင် ဒေသ၊ အရပ်၊ ဂိုဏ်းကွဲမှုများအပေါ်မူတည်၍ ထုလုပ်၊ ရေးဆွဲသည့် ပုံစံသည်အမျိုးမျိုးဖြစ်နိုင်သည်။ ပါဠိကျမ်းစာများ၌ လက္ခဏာကြီး (၃၂)၊ လက္ခဏာငယ် (၈၀) ဟူ၍ ဖော်ပြထားသည်။ မုဒြာဟန်များ လက်ဟန်အနေအထားကို သင်္သကရိုက်ဖြင့် မုဒြာ၊ ပါဠိဖြင့် မုဒ္ဒါ ဟုခေါ်ဆိုသည်။ ဤရုပ်ပွားတော်များကို ထုဆစ်ရာ၌ အရပ်ဒေသပေါ်တွင် မူတည်၍ အမျိုးမျိုး ပုံဖော်ကြလေသည်။ ဝရဇိန်လက်နက်နှင့်အတူ ထုလုပ်သော မုဒြာသည် ဂျပန်၊ ကိုရီးယားတို့တွင် ခေတ်စားကြသော်လည်း အိန္ဒိယတွင်မူ တွေ့ရခဲသည်။ အကြမ်းအားဖြင့် မုဒြားန် ခြောက်မျိုးရှိကာ ၎င်းတို့မှာ သမာဓိမုဒြာ၊ ဘူမိဖဿမုဒြာ၊ ဓမ္မစကြာမုဒြာ၊ အဘယမုဒြာ၊ ဝိတက္ကမုဒြာ၊ ဝရဒမုဒြာ တို့ဖြစ်ကြသည်။ မှတ်စု ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93
ဂေါတမဗုဒ္ဓ
ဂေါတမဗုဒ္ဓ (ဘီစီ ၅၆၃/၄၈၀ ခန့်– ၄၈၃/၄၀၀ ခန့်) သိဒ္ဓတ္ထဂေါတမ သကျမုနိဗုဒ္ဓ, သို့မဟုတ် ဗုဒ္ဓ သည် ဤ ဘဒ္ဒကမ္ဘာ တွင် ပွင့်တော်မူခဲ့သော ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူတွင် နောက်ဆုံး ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။ ဗုဒ္ဓဝင် ဗျာဒိတ်ခံယူတော်မူခြင်း ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘဝ၌ အမရဝတီမည်သော မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြရာ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ "ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။" ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ "အလိုရှိသူတို့ ယူကြကုန်လော့" ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။ ကဆုန်လပြည့်နေ့တခုတွင် ရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။ ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃ စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည်" ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။ ဖွားတော်မူခြင်း ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း- ကာလ - တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ဝန်ခံတော်မူလေသည်။ ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိပ်မက်ကို မြင်မက်လေသည်။ နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အနဝတတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိပ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။ ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေဝဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ "အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ" ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် "အဂ္ဂေါဟမသ္မိ လောကဿ" ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဟု ကြုံးဝါး၏။ ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။ အမည်ပေးတော်မူခြင်း ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြပြီး မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာရာ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ "သားတော် ဆရာမြတ်ကို ရှိခိုးလော့" ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသလို မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက "မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည်" ဟု ဆို၏။ ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်ကာ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က "သားတော်သည် စကြဝတေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ "အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက "ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း" ဟုမေးသည်။ "သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်" ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို "သိဒ္ဓတ္ထ" ဟု အမည်ပေးသည်။ အဓိပ္ပာယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် "သိဒ္ဓတ္ထဂေါတမ" ဟုလည်း ခေါ်ကြသည်။ ကြင်ရာတော်ရွေးခြင်း ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို "အဆင်းသာလှ၍ ပညာမတတ်" ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် "အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့" ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်စင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသောဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။ ထီးနန်းစံတော်မူခြင်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ရမ္မ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် သုရမ္မ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် သုဘ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။ သံဝေဂယူတော်မူခြင်း ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်ဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သံဝေဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘ၀အဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် "ရာဟုဇာတော - အနှောင်အဖွဲ့ဖြစ်ပါပကော" ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။ တောထွက်တော်မူခြင်း ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝေဂရပြီးလျှင် "ယနေ့ညတွင်ပင် တောထွက်တော့အံ့" ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။ ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ဘုရားလောင်းသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ဘုရားလောင်းသည် အဆောင်တော်အတွင်းသို့ ရောက်လာသောအခါ သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် "ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့" ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွာတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။ ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ "အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်" ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ဝေးသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား" ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်တွင် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ဃဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ဃဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿစေတီ တည်ထားကိုးကွယ်လေသည်။ ဒုက္ကရစရိယာကျင့်တော်မူခြင်း ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဠာရ ရသေ့ နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရုဝေဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ရှေးဦးစွာ သေနာ မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာဝနာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံးဝ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်ဩဇာအသွင်းမခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။ မာရ်နတ်ကို အောင်တော်မူခြင်း ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉ လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား" ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။ ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင့်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။ ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် "ဘုရားမဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့" ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ်သားသည် ဗေဠုဝစောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။ ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာ ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်ဝံ့ဘဲ အဝေးကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် "ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ဝေဿန္တရာဘဝဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ" ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။ ဘုရားဖြစ်တော်မူခြင်း ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါန ကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဉ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ ဓမ္မစကြာတရားဟောတော်မူခြင်း ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။ ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာအရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။ သာသနာပြုတော်မူခြင်း ပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခု ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး ၆၀ သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ဝေနေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရုဝေဠတောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။ ပရိနိဗ္ဗာန်စံတော်မူခြင်း ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။ မှတ်တမ်းအရ ရာဇဂြိုဟ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ဝေသာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ဝေသာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေသာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ဝေသာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၎င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွာတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ဝေဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ဝေသာလီပြည်သို့ ကြွတော်မူသည်။ ဝေသာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ဝေသာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်အနီး တောင်ဘက်ရှိ ဝေဠုဝရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ဝေဠုဝရွာတွင် ၄၅ ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။ ဝေဠုဝရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ဝေဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ဝေဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စုဝေးစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။ ဝါကျွတ်သောအခါ ဗုဒ္ဓသည် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ဝေသာလီမှ ထွက်ခွာတော်မူသည်။ ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒ လှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။ ဘုရားရှင်သည် ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ဝေးသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။ ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဉ့်၏ ပထမယံ ကုန်လွန်သွားသည်။ သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစု‌ဝေးနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် "ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွဲဝေပေး လေသည်။ မှတ်စုများ ကျမ်းကိုး ၁။ ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ) ၂။ မဟာဓမ္မစကြာအရသာ (ညောင်လေးပင်မြို့တောရကျောင်းတိုက် နာယကဆရာတော် ဦးအရိယမထေရ်မြတ် (အဂ္ဂမဟာပဏ္ဍိတ) ၃။ ရုပ်စုံဗုဒ္ဓသာသနာဝင် (ဝိုင်အမ်ဘီအေ အသင်း) ၄။ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းစာအုပ် (ဓမ္မဗျူဟာသာသနမာမကအဖွဲ့) ၅။ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ (သုခ) ၆။ ထေရဝါဒနှင့်ပတ်သက်သော မှတ်ချက်များ (နန္ဒာသိန်းဇံ) ၇။ မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင်ရုပ်စုံ (မင်းယုဝေ) ၈။ ပုံတော်စုံ ဆယ်စောင်တွဲ (ခင်ချိုထွန်းစာပေ) ၉။ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒဆောင်ပုဒ်များစာအုပ် ( ပြွန်တန်ဆာမြို့ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အထိမ်းအမှတ် ) ပြင်ပလင့်ခ်များ ဗုဒ္ဓဘဝဖြစ်စဉ် ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ ဂေါတမဗုဒ္ဓ ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ ဗုဒ္ဓဘာသာ ဘုရားများ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%82%E1%80%B1%E1%80%AB%E1%80%90%E1%80%99%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93
ဇာတ်ကြီးဆယ်ဘွဲ့
ဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်ရှင်မြတ် ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက်မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝ များ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း (၅၄၇) ဇာတ်ရှိသော်လည်း အလွယ်တကူဖြစ်စေရန် (၅၅၀) ဇာတ်တော်ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ်စသဖြင့် ရှိ၍ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော (၁၀)ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြ သကဲ့သို့ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ဆိုကြသည်။ ဇာတ်ကြီးဆယ်ဘွဲ့မှာ ဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်း ဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ် သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် ‘နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်’ ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်၍ ဇာတ်ကြီး ဆယ်ဘွဲ့ကို ပါရမီရင့်စဉ်ဖြစ်ခဲ့သော ဇာတ်များအဖြစ် သတ်မှတ်ကြသည်။ ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့ သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင် ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ် ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။ ဝေါဟာရအနက် စာရေးဆရာ မင်းယုဝေက 'ဇာတက' ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြ၍ ဇာတ်သည် 'အဖြစ်' ၊ 'ဘဝ' ဟူ၍ အနက်ရသည်။ အဓိကအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ဟု ခေါ်လေ့ရှိသည်ဟု ဆိုသည်။ နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ် ဗုဒ္ဓဘာသာအလိုအရ သံသရာတလျောက် ဗောဓိဆုပန်ခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရသည်။ ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှမ်းဝေးသော ဘဝများကို ချန်လှပ်၍ မဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို (၅၅၀) ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ) မှသည် (ဝေဿန္တရာ) ဘဝများကို ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြသည်။ တေ•ဇ•သု• နေ•မ•ဘူ•စန်•နာ•ဝိ•ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။ တေမိဇာတ် ဘုရင်မလုပ်လိုပါက ဆွံအ နားပင်းဟန်ဆောင်၍နေရန် အကြံပေးခဲ့သဖြင့် တေမိမင်းသားလေး ကျင့်ကြံနေထိုင်ခဲ့ ပုံမှာ တစ်နှစ်သားအရွယ်မှစ၍ ၁၆ နှစ်သားအရွယ်ထိ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့လေသည်။ ဤဇာတ်တော်က နေက္ခမ္မပါရမီနှင့် အဓိဋ္ဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဇနကဇာတ် နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့်တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လပြုအပ်လှသည်။ သင်ချစ်ခင်၍ ငါ့ကိုဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုရကျိုး ငါရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိ တိုင်း မဆုတ်မဆိုင်းသောလုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခတ်အံ့”။ ဤဇာတ်တော်က ဝီရိယပါရမီ နှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ သုဝဏ္ဏသာမဇာတ် ဒုကူလနှင့် ပါရိကာတို့၏ သားမှာ သုဝဏ္ဏသာမ ဖြစ်ပါ၏။ အဆိပ်လူးသောမြားဖြင့် ပီလိယက္ခမင်းကြီးက သုဝဏ္ဏသာမအား ပစ်ခဲ့မိရာ မြားဆိပ်တက်နေချိန်ဖြစ်ပါ ၏။ အဆိပ်ပြေစေရန် မိဘများက သစ္စာပြုခဲ့လေသည်။ ကုသိုလ်တရား ကျင့်လေ့ရှိသူ၊ မြတ်သောအကျင့် ကျင့်လေ့ ရှိသူ၊ မှန်သောစကားကို ဆိုလေ့ရှိသူ၊ မိဘကို လုပ်ကျွေး ပြုစုလေ့ရှိသူ၊ လူကြီးမိဘတို့ကိုရိုသေသူ ဖြစ်ခြင်းကြောင့် သစ္စာစကားတည်ပြီး အဆိပ်ပြေပါစေသား။ ဤ ဇာတ်တော်က မေတ္တာပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံ ကို သိမြင်နိုင်သည်။ နေမိဇာတ် နေမိဇာတ်၏ အနှစ်သာရမှာ နေမိကိုယ်တိုင်ပြုသော ကုသိုလ်ကောင်းမှုသည်သာ မိမိကိုယ်ပိုင် ပစ္စည်းဥစ္စာဖြစ် သည်။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းခြင်းဖြင့် ကောင်းကျိုး ချမ်းသာရနိုင်သည်။ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် စိတ်ရောကိုယ်ပါ ချမ်းသာနိုင်သည်။ အလှူပေးခြင်းဖြင့် ကုသိုလ်ကောင်းမှုကို ပြုပါဟူ၍ ဖြစ်သည်။ ဤဇာတ်တော် က ဒါနပါရမီနှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင် နိုင်သည်။ မဟောသဓာဇာတ် ‘မဟောသဓာ’ ဟူသော စကားသည် မဟာနှင့် ဩသဓ နှစ်ပုဒ်တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနု ဘော်ကြီးသော၊ ဩသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်။ မဟောသဓာသည် ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်သော ပညာရှိဖြစ်သည်။ နွားခိုးမှု၊ လည်ရွဲအမှု၊ ချည်လုံးခိုးအမှု၊ သားခိုးအမှု၊ ရထားခိုးအမှု စသည်တို့ကို ကောင်းစွာ စီရင် ဆုံးဖြတ်နိုင်သည်။ ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ နွားလားဥဿဘပြဿနာ စသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းတင်ပြနိုင်သည်။ ထို့ထက်မက များလှစွာသော အံ့ချီးဖွယ် မဟောသဓာ၏ စွမ်းရည် များကို ဖတ်ရှုနိုင်ပေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင် သည်။ (စာ-၁၃၅) ဘူရိဒတ်ဇာတ် ဘူရိဒတ်နဂါးမင်းသည် ဂေါတမမြတ်စွာဘုရား၊ ဓတရဌ နဂါးမင်းသည် သုဒ္ဓေါဒနမင်းကြီး၊ သမုဒ္ဒဇာမိ မိဖုရားသည် မယ်တော်မာယာ၊ သောမဒတ္တသည် အရှင်အာနန္ဒာ၊အဇမုခိ နဂါးမသည် ဥပ္ပလဝဏ်၊ သုဒဿနသည် အရှင်သာရိ ပုတ္တရာ၊ သုဘောဂသည် အရှင်မောဂ္ဂလာန်၊ ကာဏရိဌ် သည် သုနက္ခတ်၊ နေသာဒ မုဆိုးသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်။ ဤဘူရိဒတ်ဇာတ်တော်တွင် ဂေါတမဘုရားရှင်၏ သီလပါရမီ၊ ခန္တီပါရမီ၊ အဓိဋ္ဌာန်ပါရမီ တို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ စန္ဒကုမာရဇာတ် စန္ဒကုမာရ မင်းသည် တရားနှင့်အညီ မင်းပြုသည်။ စုတေသောအခါ နတ်ပြည်သို့ လားသည်။ စန္ဒကုမာရမင်း သည် ဂေါတမဘုရားရှင် ဖြစ်တော်မူပြီး ခန္တီပါရမီဖြည့် ဆည်းခဲ့ပုံကို ဤဇာတ်တော်တွင် သိမြင်နိုင်သည်။ နာရဒဇာတ် နာရဒဇာတ်၏ အနှစ်သာရမှာ တရားမဟုတ်သည်ကို ရှောင်ကြဉ်ပါ။ တရားဟုတ်သည်ကို ကျင့်ပါ။ ထမင်း၊ အဖျော်၊ နံ့သာ၊ ပန်းမန်၊ အဝတ်ပုဆိုး၊ ထီး၊ ဖိနပ် စသည် တို့ကို အပြည့်အစုံစီရင်ပါဟု အင်္ဂတိမင်းကြီးအား နာရဒ ဗြဟ္မာကြီးက မှာကြားပုံကို အဓိကဖော်ပြသည်။ ဤဇာတ် တွင် ဂေါတမဘုရားရှင်သည် ပညာပါရမီ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဝိဓူရဇာတ် ဤဇာတ်တော်၏ အနှစ်သာရမှာ “မင်းမှုထမ်းသည် စကားကို ပြောသင့်သည်ထက် ပို၍များများမပြောရ။ မပြောဘဲ နှုတ်ဆိတ်၍လည်းမနေရ။ ပြောခွင့် ဆိုက်သော အခါ လိုရင်းကို ပြတ်သားစွာ ပြောဆိုရာ၏။ အမျက်မထွက် ရာ။ ကုန်းမတိုက်ရာ။ အကျိုးမရှိသောစကားကို မဆိုရာ။ မှန်သောစကားကိုသာ ဆိုရာ၏” ဟူသော ကျင့်အပ်သော တရားကို အစချီသော အရာရာသော ပညာများကို သုခမိန် ပီသစွာ ဟောကြားခဲ့လေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဝေဿန္တရာဇာတ် ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်နှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့် ရှောက်ရသူများကိုပါ ပေးလှူလိုက်လေသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းစွာတုန်ဟည်းလျက် ဒုတိယ အကြိမ် ငလျင်ကြီး လှုပ်လေသည်ဟု ဖော်ပြထား သော ဝေဿန္တရာ၏ ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံများကို သိမြင်နိုင်သည်။ မြန်မာဘာသာဖြင့် ရေးသားခြင်းများ ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ- စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊ ( ကျောင်းတကာ မောင်ဝ၏သား မောင်ထောက် တောင်းပန်လျှောက်ထား၍) နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊ ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊ (ဥက္ကံအရှင် သုမဏေ တောင်းပန်လျှောက်ထား၍) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊ ( ကျောင်းတကာ မောင်ဝ တောင်းပန်လျှောက်ထား၍) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊ ( စာရေးတော်ကြီး မောင်သာ တောင်းပန်လျှောက်ထား၍) ဆက်စပ်အကြောင်းအရာများ ငါးရာငါးဆယ်ဇာတ်တော်များစာရင်း ဇာတ် ဇာတက ကိုးကား ဇာတ်ကြီးဆယ်ဘွဲ့ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AC%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%86%E1%80%9A%E1%80%BA%E1%80%98%E1%80%BD%E1%80%B2%E1%80%B7
နိဗ္ဗာန်
နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ နိဗ္ဗာန် ဖြစ်လာသည်။ ငြိမ်းအေးသည်ဟု ဆိုလိုသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည်။ နိ - မရှိ၊ လွတ်မြောက်ခြင်း၊ ထွက်ခွာခြင်း။ ဝါန - တဏှာ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။ နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။ ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် သတ္တဝါတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥ​​​ပေက္ခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖက် ဖြစ်သည်။ နိဗ္ဗာန် (၂) မျိုး ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။ သဥပါဒိသေသ နိဗ္ဗာန် အနုပါဒိသေသ နိဗ္ဗာန် တို့ဖြစ်သည်။ သဥပါဒိသေသ နိဗ္ဗာန် မသေမီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း တရားအားထုတ်သောအခါ စိတ်အစဉ်တွင်းတွင် ဖြစ်ပေါ်နေသော အကြမ်းစား၊ အလတ်စား၊ အနုဿယကိလေသာများ အဆင့်ဆင့် ချုပ်ငြိမ်း၍ ဖြစ်ပေါ်လာသော အာရုံခြောက်ပါး ဖြစ်မှု/ပျက်မှုများ ချုပ်ငြိမ်းနေသော အငြိမ်ဓာတ်ချမ်းသာဖြစ်သည့် မဂ်ဖိုလ်ချမ်းသာကို ကိလေသာချုပ်ငြိမ်းသော နိဗ္ဗာန် သဥပါဒိသေသနိဗ္ဗာန် ဟုခေါ်သည်။ • ပထမမဂ်ဉာဏ်ကို ရ/သိသော၊ သိသောသူ (ဝါ) သောတာပန်သည် သောတာပတ္တိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန်ကိုရသည်။ • ဒုတိယမဂ်ဉာဏ် ရ/သိသော သကဒါဂါမ်သည် သကဒါဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။ • တတိယမဂ်ဉာဏ် ရ/သိသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။ အကျဉ်းအားဖြင့် သံသရာ၌ အဆုံးမရှိကျင်လည်ရခြင်းကိုဖြစ်စေသော ရုပ်၌ခံစားသည့်အာရုံ၊ စိတ်၌ခံစားသည့်အာရုံ တို့အပေါ်၌ နှစ်သက်စွဲလန်းတပ်မက်မှု တဏှာကိလေသာ ကုန်ခမ်းသွားခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ဆိုနိုင်သည်။ မှတ်ချက် ။ ။ တဏှာဟူသည် ယောင်္ကျား/မိန်းမ နှစ်သက်စွဲလန်းတပ်မက်မှုတစ်ခုတည်းမဟုတ် မည်သည့် သက်ရှိ/သက်မဲ့ကိုမဆို နှစ်သက်စွဲလန်းတပ်မက်မှုကိုဆိုသည်။ ရုပ်ဖြစ်‌ကြောင်း ရှိသော၊ ရုပ်ပျက်ကြောင်း ရှိသော၊ နာမ်ဖြစ်ကြောင်းရှိသော၊ နာမ်ပျက်ပြားကြောင်းရှိသော တစ်နည်းဆိုသော် ရုပ်ဘဝအသစ်၊ နာမ်ဘဝအသစ် ထပ်မံရှိသောကြောင့် ထို‌အချက်တို့နှင့် မလွတ်ကင်းရာကို "လောက" (ဖြစ်တတ်ပျက်တတ်‌သောသဘောတရားရှိခြင်း) ဟုခေါ်ဝေါ်ကြသည်။ ထိုအချက်တို့နှင့် လွတ်ကင်းရာကိုကား နိဗ္ဗာန်ဟု ခေါ်ဝေါ်ကြသည်။ သံသရာဆို‌သောဝေါဟာရသည် ရုပ်အာရုံများ၊ နာမ်အာရုံများ(စိတ်အာရုံ) ဆက်ခါဖြစ်နေသော ဖြစ်စဉ်တန်းကြီးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ ထိုအာရုံတို့ကိုမပြီးပြတ်တတ်သူသည် ဤရုပ်ခန္ဓာအဟောင်းပြီးသော် နောက်ရုပ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းဖြစ်ပေါ်လေသည်။ ဤနာမ်ခန္ဓာအဟောင်းပြီးသော် နောက်နာမ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းလည်းဖြစ်ပေါ်လေသည်။ ထိုသို့ ရုပ်နှင့်နာမ်ခန္ဓာတို့ရှိသော ဘဝတစ်ခုမှ အသစ်ဘဝတစ်ခုသို့ပြောင်းခြင်း တစ်နည်းအားဆိုသော် ရုပ်နာမ်ခန္ဓာ အသစ် အာရုံအသစ် ထပ်ကာ ထပ်ကာဖြစ်ခြင်းကိုကား ဘဝကူးခြင်းဟုခေါ်သည်။ သောတာပတ္တိမဂ်ဖိုလ်ရသူ သောတာပန်တို့သည် ဘဝကူးခြင်းရှိသေး၏။ သို့သော် ခုနှစ်ဘဝထက်ပို၍ မဖြစ်တော့ပေ။ အနုပါဒသေသ နိဗ္ဗာန် နောက်ဆုံးဘဝ ချုပ်ငြိမ်းပြီးနောက် ဘဝထပ်မံမကူးတော့ပဲ ရအပ်သောမဂ်ဖိုလ်ချမ်းသာကို ရုပ်နာမ်ချုပ်ငြိမ်းသောနိဗ္ဗာန် ပါဠိအခေါ် အနုပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။ လောကတွင် ရုပ်မဖြစ်သောဖြစ်တည်ရာဘုံဘဝရှိသည်။ နာမ်မဖြစ်သော ဖြစ်တည်ရာဘုံကားမရှိ။ ရုပ်မရှိ၊ နာမ်သာဖြစ်ရာ ထိုဘုံကား လောကတွင် လူ့ဘုံ၌မရှိ။ နတ်ဘုံ၌မရှိ။ အပါယ်ဘုံ တို့၌မရှိ။ ဗြဟ္မာဘုံတစ်ခုတည်း၌သာရှိ၏။ ထိုရုပ်မဖြစ်၊ နာမ်သာဖြစ်တည်သောသူ ဗြဟ္မာတို့သည် လောကတွင် သစ္စာလေးပါးကို သိမြင်သူ မဂ္ဂင်ရှစ်ပါးကို ပညတ်သူ ဗုဒ္ဓဘုရားရှင်တို့ပွင့်တော်မူသောအခါ၌ ရုပ်မရှိသည်ဖြစ်၍ လာရောက်ဖူးမျှော်နိုင်ခြင်း၊ ကျင့်သုံးအပ်သောတရားတို့ကို နာကြားနိုင်ခြင်းငှာ မစွမ်းကြပေ။ ကာလကြာသော် နိဗ္ဗာန်ရောက်ကြောင်းတရားကို သိ၍ နာမ်ခန္ဓာကိုချုပ်ငြိမ်းသော ဗြဟ္မာတို့သည် ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလေ၏။ နိဗ္ဗာန်ရောက်ကြောင်းကို မသိသူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရကြသေးသူများကား သက်တမ်းကုန်လတ်သော် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ တို့ ထပ်မံဖြစ်ကြလေ၏။ ရုပ်ဖြစ်တည်သော၊ နာမ်ဖြစ်တည်သောဗြဟ္မာတို့၌ကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားမည့်သူ ဗုဒ္ဓဘုရားရှင်များ ပွင့်တော်မူလတ်သော် ဗြဟ္မာသက်တမ်းရှိနေပါသေးလျှင် ဖူးမျှော်နိုင်ခြင်း၊ မဂ်တရား ဖိုလ်တရားကို နာကြားနိုင်ခြင်း စသောအခွင့်များရှိကြလေသည်။ • ရဟန္တာတို့တွင် စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ဝင်စား၍ နေနိုင်၏။ အသက်သက်တမ်းကုန်သော် ဘဝတစ်ဖန် ခန္ဓာပြန်မဖြစ်တော့သည့် အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရသည်။ နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော) တဏှာမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ နိဗ္ဗာန်။ (ပိပါသဝိနယော) ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော) ဝဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (ဝဋ္ဋုပစ္ဆေဒေါ) တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော) ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (ဝိရာဂေါ) တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိရောဓော) အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ) အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ) သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ) မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ) သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ) ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ) ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ) သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ) ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ) သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ) ဘေးမရှိသော နှောင့်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ) ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ) ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ) ဩဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ) ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ) သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ) သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ) အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ) ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော) အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော) အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော) လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော) နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။ ဆင်တူဝေါဟာရနှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ - ကံ၊စိတ်၊ဥတု၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား၊ အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ မွေး၊အို၊နာ၊သေ မရှိခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ဘဝ မရှိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည် ။ သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။ ဒုက္ခ နိရောဓ သစ္စာ၊ သုညတ၊ အမတ၊ နိဗ္ဗာန်၊ အသင်္ခတ၊ အဘူတ၊ သန္တိ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရသည်။ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ထက်မြက်၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ ​​​လောကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။ မိလိန္ဒမင်းနှင့် အရှင်နာဂသိန်တို့၏ နိဗ္ဗာန်ဆိုင်ရာ အမေးအဖြေ ထေရ် - မင်းကြီး၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။ မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။ ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိဉာဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ်သော၊အနှောက် အယှက် အပိတ်အပင် ကင်းသော၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင်၊မြင်နိုင်သည်။ မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။ ထေရ် - မင်းကြီး၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။ မင်း - ရှိသည်၊ အရှင် ။ ထေရ် - လေသည် အဆင်း၊ ပုံသဏ္ဌာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။ မင်း - လေကို ညွှန်ပြ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။ ထေရ် - သို့ဆိုလျှင် လေမရှိသလော၊ လေသည် မရှိတရားလော။ မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။ သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။ ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၎င်း၊ ပုံသဏ္ဌာန် အားဖြင့် ၎င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။ မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။ ထေရ် - မင်းကြီး၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။ မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား၊ နိဗ္ဗာန် သည် မရှိနိုင်၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။ ထေရ် - မင်းကြီး၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။ ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ၊ ဝါးနှစ်လုံးပွတ်မှ မီးဖြစ်လာ၊ ရလာသကဲ့သို့ ဖြစ်၏။ စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ် ရတနာ၊ ဆင်ရတနာ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏ ။ မင်း - လက်ခံပါပြီ ဘုရား ။ ။ ဟူ၍ဖြစ်လေသည်။ ကျမ်းကိုး ဗုဒ္ဓဘာသာ ဘာသာရေး ၃၁-ဘုံ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%97%E1%80%B9%E1%80%97%E1%80%AC%E1%80%94%E1%80%BA
ကျန်စစ်သား
အနော်ရထာမင်း(အနုရုဒ္ဓ)လွန်သော် သူ၏သားတော် စောလူးမင်း နန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက ပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသည် သူ့အားခိုးယူသည်ဟု အော်လေသဖြင့် စောလူးမင်းကို ထားခဲ့ရလေသည်။ ရန်သူ့လက်ချက်ဖြင့် စောလူးမင်းကံကုန်ချိန်မှစ၍ ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို အေဒီ ၁၀၈၄ တွင် ဆက်ခံခဲ့သည်။ အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကို အားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမှုများကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိ ရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကို လက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာ စိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော်အလောင်းစည်သူမင်းက ဆက်ခံခဲ့သည်။ ငယ်စဉ်ဘဝ ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည်မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတချို့တွင် ဖော်ပြထားသည်။ ထီးလှိုင်မင်းဟုလည်းနာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ဘဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထီးလှိုင်မင်း ဟုလည်းခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူတစ်ယောက် ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက နန်းအရာကို လုယူမည့်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမှုထမ်းစေခဲ့သည်ဟု ဆိုသည်။ မြန်မာသမိုင်းစာအုပ်တချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖော်ပြကြသည်။ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာ ကို ပုဂံဘုရင်အနော်ရထာမင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇဝင်များတွင် ဆိုကြသည်။ သို့သော် ထိုအကြောင်းအရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှ မတွေ့ရှိခဲ့ရပေ။ ထိုသို့ သံယောဇဉ်တွယ်သဖြင့် ဘုရင်က အမျက်တော်ရှရာတွင် တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ် ရှိပေသည်။ မင်းဒဏ်သင့်နေစဉ်ကာလအတွင်းတွင် သမ္ဘူလ နှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမ္မာ ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်း ဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့် သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇဝင်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသော အယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန်အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။ ထီးနန်းကိုရခြင်း အနော်ရထာမင်းထံမှ နန်းမွေကို သားတော် စောလူးမင်းက အေဒီ ၁၀၇၇ တွင် ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံ ညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာ မငြိမ်မသက် ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်း အဖမ်းခံခဲ့ရသည်ဟု ရာဇဝင်ကျမ်းများတွင် ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သားသည် သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအား ရန်သူလက်အတွင်း ထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇဝင်ကျမ်းတချို့က ဆိုသည်။ သူပုန်ထသော ငရမန်ကန်း၏ ရန်ကို ကျန်စစ်သား ဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်း ရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်း သိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့် ပတ်သက်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့် မပတ်သက်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်း အခမ်းအနားသုံး လှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့် သမီးတော်အား ပေးစားကာ ပေါက်ဖွားသော ကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသား ထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင် နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှ ရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင် ဖော်ပြထားသည်။ ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ ကျန်စစ်သားခေါ် ထီးလှိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမှုများကိုဖော်ထုတ်ခြင်း၊ မွန်သီချင်းတီးခြင်း၊ ကခြင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးဘဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်‌စေသည်။ သို့သော် အလိုက်သိ လိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကို မြင်တွေ့နိုင်လေသည်။ ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန် သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအချင်းအရာများကို မွန်ကျောက်စာများတွင်အထင်အရှားတွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်သားမင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာအားဖြင့် အောက်ပါအတိုင်းဖော်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း၊ ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့ ဟု တွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာ ဟုဆိုလိုသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့် သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်း စိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင် ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများ ဖြစ်ကြသည်။ ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက် ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ဝါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင် အထပ်ထပ် ဖော်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျှင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်း တွေ့ရှိရလေသည်။ တိုင်းသူပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်း ဖြစ်သည်။ ဘုရား၊ ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊ သံဃာတော်များကို ချီးမြှောက်ပြီး ဆွမ်း၊ ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော်တွင် သက်ဝင်ယုံကြည်‌စေခဲ့လေသည်။ ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ် အကြာတွင် နန်းတော်သစ်ကို တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ နန်းတော်ကို အေဒီ ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယခုအခါ မည်သည့်အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ် တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရဝါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်း စသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင် ဖော်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော် ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာမှာ ကျန်စစ်သားမင်း၏ဘဝကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကို ခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကို လေ့လာရန်အတွက်လည်းကောင်း များစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိ မြစေတီ ဘုရားဝင်းအတွင်း စိုက်ထူထားသောကြောင့် မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏ လေးမျက်နှာတွင် ရေးထိုးထားသည်။ မွန်မြန်မာသွေးစည်းညီညွတ်ရေး အနော်ရထာဘုရင် ကွယ်လွန်ပြီး ၎င်း၏သားတော် စောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီးနောက် မကြာမီ မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်လူမျိုးတို့၏ ပြင်းထန်ကြီးမားသည့် အုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်၍လာသည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင်သည့် မွန်တို့သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့ ချီတက်လာကြပြီးလျှင် အမျှော်အမြင် နည်းပါးသည့် စောလူးမင်းအား ဖမ်းဆီးကွပ်မျက် နိုင်ခဲ့ကြသည်။ ယင်းသို့ မွန်လူမျိုးများ၏ ပုန်ကန်ထကြွမှု ကို မြန်မာရာဇဝင်များ၌ ပြည်တော်သာကျွန်းစစ်ပွဲဟု ရေးသားဖော်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့သည် အထက်မြန်မာနိုင်ငံ အင်းဝအထိ ချီတက်တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်းနှင့်အတူ မြန်မာနိုင်ငံအား စည်းလုံးသိမ်းသွင်းရာတွင် ပါဝင်ခဲ့သည့် မြန်မာလူမျိုး အကြီးအကဲတစ်ဦးဖြစ်သူ ကျန်စစ်သားသည် အခြားမြန်မာအကြီးအကဲများနှင့်အတူ ပုဂံပြည်နှင့် အထက်မြန်မာနိုင်ငံတလွှား၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည်၊ လယ်တွင်းနယ်များနှင့် မိတ္ထီလာနယ်များတွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့်ကာ ငရမန်ကန်းအား တန်ပြန်တိုက်ခိုက်၍ နောက်ဆုံး ပုဂံအနီး မြင်းကပါစစ်ပွဲတွင် ငရမန်ကန်းတို့အား အောင်လိုက်နိုင်ပြီး စောလူးမင်း၏ ဦးခေါင်းမှ လွင့်စဉ်ကျသွားသည့် ပုဂံမင်းဆက်၏ မကိုဋ်သရဖူအား ကျန်စစ်သားသည် ပြန်လည်ထိမ်းသိမ်း လိုက်နိုင်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းအား သိမ်းပိုက်ပြီးနောက် မွန်-မြန်မာ စစ်ပွဲကြောင့် ဒုက္ခပင်လယ်ဝေလျက် မြို့ပျက်၊ ရွာပျက်၊ အိုးပျက်၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့်ကလျား ဖြစ်နေသည့် ပြည်သူပြည်သားများအတွက် အလေးထား၍ တိုင်းပြည်အား အရေးတကြီး ပြန်လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ရွှေစည်းခုံကျောက်စာ အထောက်အထားအရ။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ၊ မိတကွဲ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် ဝတ်စားတန်ဆာပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေအံ့သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့။ ဟုရေးထိုးထားသည့် ကျန်စစ်သားသည် မြန်မာလူမျိုး အကြီးအကဲတစ်ဦး အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတနိုင်ငံလုံး၏ ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့်လည်းကောင်း၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေးတော်ပုံကို လေးလေးနက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။ ကျန်စစ်သားသည် မွန်တို့အား မြန်မာတို့နှင့် တူညီမျှတသော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲများအား ပုဂံပြည်၏ အထွေထွေ ကုန်ထုတ်လုပ်ငန်း ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် အစဉ်အလာကို လည်းလေးစားမှု ပြခဲ့သည်။ မြန်မာနိုင်ငံ ကမ္ဗည်းကျောက်စာဌာနမှ စုဆောင်းရှာဖွေ စာရင်းပြုလုပ်ထားသည့် ကျန်စစ်သားနှင့် သက်ဆိုင်သည့် ရှေးဟောင်း ကျောက်စာများသည်၊ များသောအားဖြင့် မွန်စာ၊ မွန်အက္ခရာများဖြင့် ရေးထိုးထားသည်ကိုသာ တွေ့ရှိရသည်။ မွန်မြန်မာ သွေးစည်းညီညွတ်ရေးကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန်စစ်သားသည် ဆောင်ရွက် လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။ တစ်နိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်းသာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ၏ ရွှေရောင်လွှမ်းသောကာလဟု ခေါ်ဆိုရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကားခြင်း အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းတို့နှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အနော်ရထာလက်ထက်မှ စတင်ပျိုးထောင်ခဲ့သည့် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာအတတ်ဖြင့် အာနန္ဒာလှိုင်ဂူတော်ကြီးနှင့် သာသနာ့အဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက်က အစမသတ်နိုင်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ပျက်စီးလျက်ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ၊ သီဟိုဠ် နိုင်ငံများနှင့်လည်း သာသနာရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား၏ နန်းသက်အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလဟု ဆိုရလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီးငယ် အားလုံးက အသိအမှတ်ပြု ခန့်ငြားလာကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ သံအဖွဲ့ဝင်များ တရုတ်ဧကရာဇ် နန်းတော်သို့ဆိုက် ရောက်သောအခါ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံ၏ ကိုယ်စားလှယ်တော်အဖြစ် တရုတ်တို့က တခမ်းတနား တဆောင်တယောင် ဧည့်ခံဆက်ဆံခြင်း ပြုကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၌ ဖော်ပြရေးသားထားသည်။ ထေရဝါဒ သာသနာတော် စည်ပင်ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယနှင့် သီဟိုဠ်နိုင်ငံများက လေးလေးစားစားနှင့် ခန့်ခန့်ငြားငြား ဆက်ဆံကြသည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။ တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ ရွှေစည်းခုံစေတီတော်(ပုဂံ) အာနန္ဒာစေတီတော် မြန်မာနိုင်ငံတော်ကို ဦးစွာ စည်းလုံးပေးခဲ့သောမင်း၊ ပုဂံခေတ်တွင် အနော်ရထာမင်းသည် ပုဂံကျောက်ဆည် တစ်ဝိုက်အနေမှ ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော် အနေနီးပါးအထိ ကျယ်ဝန်းလာအောင် နိုင်ငံသစ်ကို တည်တော်မူခဲ့သည် မှန်သော်လည်း ထိုမင်း နတ်ရွာစံတော်မူပြီးနောက် ထိုနိုင်ငံသစ်ကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်နိုင်သူ မပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံသည် အဘယ်သို့ဖြစ်အံ့နည်း။ ကျွန်ုပ်တို့ မတွေးဝံ့အောင် ဖြစ်ရသည်။ သို့ရာတွင် နိုင်ငံသစ်ကို ရိုသေလေးစား၍ တည်တံ့ခိုင်မြဲအောင် ဆက်လက် ဆောင်ရွက်နိုင်သော မင်းတစ်ပါး ပေါ်ပေါက်ခဲ့သည်။ ထိုမင်းကား အခြားမဟုတ်။ ကျန်စစ်သားမင်းပေတည်း။ ကျန်စစ်သား။ ။ ကျန်စစ်သားမင်းအကြောင်းကို ဦးကုလား၏မဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော်ကြီး စသော ရာဇဝင်များမှသာမက၊ ယခုအခါတွင် ကမ္ပည်းကျောက်စာများမှလည်း သိခွင့်ရလာပြီ ဖြစ်သည်။ အထူးသဖြင့် ထိုမင်းနှင့် စပ်လျဉ်း၍ ရာဇဝင်များ၌ မပါရှိသေးသော အချက်အလက်များကို ထိုမင်းလက်ထက်တွင် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း၊ အချို့ အချို့သော မြန်မာဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း သိလာနိုင်ကြပြီ ဖြစ်သည်။ ဒေါက်တာဗလက်ဂဒင်သည် ကျန်စစ်သားမင်းကြီးလက်ထက် ရေးထိုးခဲ့သော မွန်ကျောက်စာများကို လေ့လာ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ကျောက်စာဝန်များ ဖြစ်ခဲ့ကြသော မစ္စတာတော်စိန်ခို၊ ပါမောက္ခ ဒူရွာဇဲနှင့် ဦးမြတို့သည်လည်း ကျန်စစ်သားမင်း အကြောင်းနှင့် စပ်လျဉ်း၍ လေ့လာချက်များ ရေးခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ရှေးခေတ်မြန်မာနိုင်ငံ သမိုင်းနှင့် အာရှအရှေ့ဖျား သမိုင်းဆိုင်ရာ ပါမောက္ခ၊ မြန်မာနိုင်ငံ သုတေသနအသင်း ရွှေတံဆိပ်ရ ဂျီ၊ အိပ်၊ လု(စ)သည်လည်း ထိုမင်းအကြောင်းနှင့် စပ်လျဉ်းသော မိမိ၏လေ့လာချက်များကို ရှေးခေတ်မြန်မာနိုင်ငံဟူသော သမိုင်းကျမ်း၌ တင်ပြခဲ့ပြီးဖြစ်သည်။ အောက်ပါ ကျန်စစ်သားမင်းအကြောင်းသည် မြန်မာရာဇဝင်များအရလည်းကောင်း၊ ဆိုခဲ့သော ကမ္ပည်းကျောက်စာသုတေသီပုဂ္ဂိုလ်တို့၏ လေ့လာချက်များ အရလည်းကောင်း ညှိနှိုင်းလေ့လာထားသော အကြောင်းအကျဉ်းမျှသာ ဖြစ်သည်။ ဘွဲ့နှင့် အမည်များ ကျန်စစ်သားမင်းအား ကျောက်စာများ၌ ဂြီတြိဘုဝနာဒိတျဓမ္မရာဇဟုလည်းကောင်း၊ ထီးလိုင်မင်းဟုလည်းကောင်း၊ ထီးလိုင်ရှင်ဟုလည်းကောင်း၊ ကလန်စစ်သားဟုလည်းကောင်း ခေါ်သည်။ ဤဘွဲ့နှင့် အမည်များကို ရာဇဝင်များ၌လည်း တွေ့နိုင်သည်။ ထီးလှိုင်ရှင်ဟု ခေါ်တွင်ခြင်းမှာ ကျန်စစ်သားသည် ပုဂံပြည်၌ မင်းမဖြစ်မီ ထီးလှိုင်(ယခု မိတ္ထီလာခရိုင်၊ ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ ရာဇဝင်များ၌လည်းကောင်း၊ လှည်းထောက် ကျောက်စာ၌လည်းကောင်း ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သားမင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဘက်မြစ်ကမ်းရှိ ပရိမ္မအရပ်၌ ဖွားမြင်တော်မူသည်။ ဖွားမြင်သောနှစ်ကို သက္ကရာဇ် ၄ဝ၂ ခုနှစ် လောက်ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကိုရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ်(ခရစ် ၁၁၁၂ ခုနှစ်လောက်) သက်တော် ၇ဝ ကျော်တွင် လွန်တော်မူသည်။ ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အစီးအပွားကို လိုလား၍ ဉာဏ်အမြော်အမြင်ကြီးသောမင်း ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော မင်းလည်း ဖြစ်သည်။ တိုင်းတစ်ပါးတို့နှင့် အချစ်အကြည် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သောမင်းလည်း ဖြစ်သည်။ ထိုမင်းသည် ထိုသို့သော ဉာဏ်အမြော်အမြင်ဖြင့်လည်းကောင်း၊ ထိုသို့သော စေတနာဖြင့်လည်းကောင်း အနော်ရထာမင်းတည်ခဲ့သော မြန်မာနိုင်ငံတော်ကို အနှစ် ၂ဝဝ မျှ ဆက်လက်တည်တံ့ ခိုင်မြဲ အောင် ၂၈ နှစ်မျှသော နန်းစံကာလအတွင်းတွင် ဆောင်ရွက်တော်မူခဲ့သည်။ ထီးနန်း ရတော်မူခြင်း ပုဂံထီးနန်းကို ကျန်စစ်သားရခြင်းမှာ ရန်သူ့လက်သို့ ပုဂံပြည်ကြီး ကျဆုံးလုနီးအခြေမှ မိမိကိုယ်တိုင် ကယ်တင်နိုင်၍ ရခြင်းဖြစ်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းကို မဆက်စံမီ ပုဂံတွင် စောလူးမင်း(မင်းလုလင်) အုပ်စိုးလျက် ရှိသည်။ စောလူးမင်းသည် အနော်ရထာမင်း လွန်တော်မူပြီးနောက် ဆက်ခံစိုးစံသောမင်း ဖြစ်သည်။ ထိုအခါက တိုင်းပြည်၏အခြေအနေမှာ ကမ္ပည်းကျောက်စာ သုတေသီတို့၏ အလိုအရ ထိုခေတ်ပုဂံပြည်နှင့် နိုင်ငံတော် အဝန်းတွင် မြန်မာလူမျိုး၊ ပျူလူမျိုး၊ မွန်လူမျိုးတို့သည် လူမျိုးစုကြီးများအဖြစ် နေထိုင်ကြ သည်ဟုလည်းကောင်း၊ ထေရဝါဒ ထွန်းကားလာပြီဟုလည်းကောင်း၊ ရှင်အရဟံ(မဟာထေရ်)သည် သာသနာတော် စီးပွားကို ဆောင်ရွက်လျက်ပင် ရှိသည်ဟုလည်းကောင်း၊ ထေရဝါဒအပြင် မဟာယာနဂိုဏ်းနှင့် တန္တြဂိုဏ်းတို့ ရှိနေသည်ဟုလည်းကောင်း၊ ဗုဒ္ဓအယူမှ တစ်ပါးဖြစ်သော ပိဿနိုး ကိုးကွယ်သောအယူ၊ နဂါးကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ ရှိနေသည်ဟုလည်းကောင်း၊ စကားနှင့် စာပေအရာတွင် မြန်မာဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာတို့ကို ရေးသားပြောဆို နေကြသည်ဟုလည်းကောင်း ယူဆနိုင်သည်။ ပုဂံပြည်၌ သထုံ မနူဟာ(မကုတ)မင်း၏ အဆက်အနွယ်တော်များသည် မြင်းကပါအရပ်၌ နေထိုင်လျက်ရှိကြသည်ဟုလည်းကောင်း၊ မွန်တို့၏ဒေသ ဥဿပဲခူးမြို့ကို အထိန်းတော် သားငရမန်ကန်းအား ပေး၍ မြို့စားအဖြစ် အုပ်ချုပ်စေသည်ဟုလည်းကောင်း ယူဆနိုင်သည်။ ထိုကဲ့သို့ လူမျိုးအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုး၊ စကားစာပေအမျိုးမျိုးရှိသော နိုင်ငံသစ်သည် အနော်ရထာမင်း လက်ထက်၌ ငြိမ်းချမ်းခဲ့ပါ၏။ သို့ရာတွင် အနော်ရထာမင်း လွန်တော်မူသောအခါ စောလူးမင်းသည် ထိုငြိမ်းချမ်းမှုကို မထိန်းမသိမ်းနိုင် ဖြစ်လာသည်။ ထိုမင်းလက်ထက်တွင် အထိန်းတော်သား ငရမန်ကန်းသည် မတော်လောဘ ထွက်၍ ဥဿာပဲခူးကို အားကိုးပြုကာ ပုန်ကန်သည်။ ကျန်စစ်သားသည် ခမည်းတော် အနော်ရထာမင်း လက်ထက်တွင် စစ်သူကြီးတစ်ဦးအဖြစ်ဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့သည်။ ခမည်းတော် သထုံသို့ ချီတော်မူရာတွင် ကြည်းကြောင်းဖြင့် ရှေ့ဖျားတပ်မပြု၍ လိုက်ပါခဲ့ဘူးသူဖြစ်သည်။ ဥဿာပဲခူးတွင် ဂျွမ်းစစ်သည်တို့ ရံလာသည်ကို တိုက်ခိုက် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ကျန်စစ်သားသည် စစ်သူကြီးအဖြစ် အမှုထမ်းစဉ်၌ပင် လက်ရုံးနှလုံးနှင့် ပြည့်စုံသူ ဖြစ်သည်။ သို့ရာတွင် အခါ တစ်ပါး၌ ခမည်းတော်အနော်ရထာမင်း မျက်တော်မူသဖြင့် လွတ်ရာ၌ ပုန်းရှောင်နေရသည်။ စောလူးမင်း နန်းတက်သောအခါ မှူးမတ်တို့က ကိုယ်တော်နှင့် မကွာကောင်းပလေဟု နားတော်လျှောက်သဖြင့် စောလူးမင်းသည် ပြည်ရေးရွာမှုကို ထောက်၍ ကျန်စစ်သားအား ပုဂံသို့ ခေါ်တော်မူလေသည်။ ထိုအခါမှစ၍ ကျန်စစ်သားသည် ပုဂံသို့ ပြန်ရောက်သည်။ ငရမန်ကန်းသည် စောလူးမင်းကို ပုန်ကန်လိုသဖြင့် ဥဿာပဲခူးမှ ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်းဖြင့် ချီ၍ ပြည်တော်သာကျွန်း (မိကျောင်းရဲအောက်ရှိ ကျွန်းတောကျွန်း)၌ တပ်ချ ရပ်သောအခါ ကျန်စစ်သားသည် ပြည်တော်သာကျွန်းသို့ တပ်ဦးချီ၍ စောလူးမင်းသည် နောက်ထပ်ပြု၍ ချီသည်။ ငရမန်ကန်းသည် ကျန်စစ်သား စစ်အရာ၌ လိမ္မာသည်ကို သိသဖြင့် ကျန်စစ်သားတပ်ကို ရှောင်၍ စောလူးမင်းတပ်ကို တိုက်သည်။ စောလူးမင်းသည် ဆင်မှ ဆင်း၍ ပြေးရသည်။ တပ်လည်း အဆီးအတားမရှိ ပျက်သည်။ ကျန်စစ်သားလည်း ပုဂံသို့ ဆုတ်လာရသည်။ ထိုအခါ ပုဂံပြည်သားတို့သည် ကျန်စစ်သားအား ထီးနန်းအပ်ကြပါ၏။ သို့ရာတွင် ကျန်စစ်သားသည် ထီးနန်းကို လက်မခံ။ ငါ့အရှင် ရှိမရှိ စူးစမ်းဦးမည်။ ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်ဟု ဆိုသည်။ ငရမန်ကန်းသည် စောလူးမင်းကို ဖမ်းမိ၍ အလုံးအရင်းနှင့် ချီလာပြီးလျှင် ပုဂံမြို့မှ တောင်ဘက် တစ်မိုင်ခန့်အကွာ မြင်းကပါအရပ်၌ တပ်ချ၍ ပုဂံကို ရံသည်။ ကျန်စစ်သားသည် စောလူးမင်းကို အရယူပါသေး၏။ သို့သော်လည်း မရ၊ ပုဂံမှ မိတ္ထီလာ ထီးလှိုင်သို့ ဆုတ်ရသည်။ စောလူးမင်းသည် ငရမန်ကန်းလက်တွင် အနိစ္စရောက်သည်။ ကျန်စစ်သားသည် မိတ္ထီလာထီးလှိုင်တွင် ဗိုလ်ဝင်ခံလျက်နေစဉ် ငရမန်ကန်းသည် အင်းဝအရပ်အထိ ချီ၍ သိမ်းသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ ချီ၍ ငရမန်ကန်းကို တိုက်သည်။ အင်းဝစစ်ပွဲ၌ ငရမန်ကန်း ရှုံး၍ မြင်းကပါသို့ ဆုတ်ရသည်။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲဖြစ်ပြန်ရာ ငရမန်ကန်းတပ်ပင် ဆုတ်ရပြန်သည်။ ထို့နောက် ငစဉ့်ကူး အရပ်တွင် ငရမန်ကန်း အသက်ဆုံး၍ သူပုန်အရေး အေးလေတော့သည်။ ဤသို့ဖြင့် ကျန်စစ်သားသည် သက္ကရာဇ် ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)၌ ပုဂံတွင် မင်းအဖြစ်ကို ခံယူ၍ ပုဂံထီးနန်းကို သိမ်းပိုက်သည်။ ငရမန်ကန်း သူပုန်အရေး ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူရေးတည်းဟူသော ဘောဂဗလကိုလည်းကောင်း၊ ကာယ ဉာဏ စာရိတ္တ ဗလတို့ကို လည်းကောင်း တိုးတက်အောင် ဆောင်ရွက်တော်မူသည်။ ငရမန်ကန်း သူပုန်ထသဖြင့် ပြည်တွင်း၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေစဉ်တွင် တိုင်းသူပြည်သားတို့သည် ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ အချို့သည် သားတကွဲ မယားတကွဲ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အချို့သည် ရန်သူတို့၏ အဖမ်းအဆီးကို ခံရ၍ အောက်ပြည် အောက်ရွာသို့ ရောက်ကြရသည်။ အချို့သည် စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ ဖြစ်ကြရသည်။ ဤအခြေကား ဆိုးလှသည်။ ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားများကို ဤအခြေဆိုးမှ ကယ်တင်၍ ပြည့်စုံလုံလောက် ပျော်ရွှင်အောင် ဆောင်ရွက်တော်မူသည်။ ကျန်စစ်သား၏ ရွှေစည်းခုံမွန်ကျောက်စာတွင် မင်းကြီး၏ အလိုဆန္ဒတော်အတိုင်း မဆိုင်းမတွ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်သူတို့သည် ပုဂံကို တိုက်ဖျက်ရန် ဆန်တက်လာ၍ အမျိုးလေးပါးကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြကြောင်း၊ ထို့နောက် လက်ရုံးမူ၍ ထိုသူတို့ကို တစ်ရပ်တစ်ကျေးသို့ ဆောင်ယူကြကြောင်း၊ မင်းကြီးသည် ထိုသူတို့ကို ပုဂံသို့ပြန်ခေါ်၍ နှစ်သိမ့်မည်ဖြစ်ကြောင်း၊ သားကွဲ မယားကွဲဖြစ်သူတို့ကို၎င်း၊ ပူပင်သောက ရောက်ကြရသူများကို၎င်း မင်းကြီးသည် မေတ္တာကရုဏာဖြစ်၍ ထိုသူတို့၏ မျက်ရည်တို့ကို သုတ်ပေးတော်မူမည် ဖြစ်ကြောင်း၊ ယာလက်တော်ဖြင့် ဆန်စပါးမှ စ၍ စားဖွယ်သောက်ဖွယ်တို့ကို ပေးအပ်ကျွေးမွေးမည်ဖြစ်ကြောင်း၊ ဝဲလက်တော်ဖြင့် အဝတ်ပုဆိုး အဆင်တန်ဆာတို့ကို ပေးအပ်ဆင်ယင်မည် ဖြစ်ကြောင်း၊ အမိသည် သားငယ်တို့ကို ရင်ခွင်၌ ပိုက်ထွေးယုယသကဲ့သို့ ထိုသူတို့ကို စောင့်ရှောက်ပြုစုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ တစ်ဖန်၊ ထိုရွှေစည်းခုံကျောက်စာ၌ပင် မင်းကြီး၏ လက်ထက်တော်တွင် မှို၊ မျှစ်၊ သစ်သီး၊ ပန်းမန်တို့ ပေါများစေရမည် ဖြစ်ကြောင်း၊ ဆန်စပါး အဝတ်ပုဆိုးတို့အတွက် အခက်ကြုံနေကြသူများသည် ရွှေငွေ ရတနာဖြင့် ဆန်းကြယ်သော အဝတ်ပုဆိုးတို့ကို ဆင်မြန်းကြရမည်ဖြစ်ကြောင်း၊ ဆင်မြင်းကျွဲနွား ကြက်ဝက်ဆိတ်တို့ ပေါများစေရမည်ဖြစ်ကြောင်း၊ လူတိုင်း လူတိုင်း ကြွယ်ဝချမ်းသာရမည်ဖြစ်ကြောင်း၊ အိုးစလောင်း ရောင်းသော အမယ်အိုများပင်လျှင် ဈေးကောင်းရ၍ ချမ်းသာရမည် ဖြစ်ကြောင်း၊ မြေယာထွန်ယက်ကြသော လယ်သမားအပေါင်းတို့တွင် ဆန်စပါး လူးဆပ်တို့သည် ကျီအပြည့် ရရှိမည်ဖြစ်ကြောင်းတို့ကိုလည်း ဆိုခဲ့သည် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ ဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။ ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌လည်းကောင်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ထို့ပြင် သက္ကရာဇ် ၄၆ဝ ပြည့်နှစ် (ခရစ် ၁ဝ၉၈ ခုနှစ်)တွင် ကျန်စစ်သားမင်းသည် သထုံမြို့သို့သွား၍ သထုံမြို့ မြောက်ဘက် မိုင် ၃ဝ ခရီး၌ရှိသော ကျိုက်တလင်စေတီ (မြသိန်းတန်ဘုရား)ကိုလည်းကောင်း၊ တောင်စွန်းအနီးရှိ မဟာဓာတ်ဘုရား (ကျိုက်တဲဘုရား)ကိုလည်းကောင်း ပြင်တော်မူသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသို့ မင်းချင်းတို့ကို စေ၍ မြတ်စွာဘုရား ပွင့်တော်မူရာဖြစ်သော ဗုဒ္ဓဂါယာ၌ မဟာဗောဓိဘုရား (ဝဇီရာသန)ကို ပြင်စေသည်။ ထိုမျှသာ မက၊ ထိုအရပ်၌ မြေဝယ်စေသည်။ ထို့နောက် ကန်တူးပြီးလျှင် လယ်မြေ တည်စေ၍ ဘုရားသို့ လှူတော်မူသည်။ ဆီမီးဝတ် မပျက်အောင်လည်းကောင်း၊ အဆို အတီး အက ဝတ်မပျက်အောင်လည်းကောင်း ဆောင်ရွက်စေတော်မူသည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းဒေသမှ စောဠိမင်းသားတစ်ပါးသည် ခြွေရံသင်းပင်းနှင့်တကွ ပုဂံသို့ ရောက်လာသည်ဟု ကြားတော်မူရာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ရွှေပေတွင် ဟင်္သာပြဒါးဖြင့်ရေး၍ မင်းသားထံသို့ ပို့တော်မူသည်။ မင်းသားနှင့် ခြွေရံသင်းပင်းတို့သည် မိမိတို့၏ အယူဝါဒကို စွန့်၍ ဗုဒ္ဓအယူဝါဒကို ယူကြသည်။ မျှတစွာ အုပ်ချုပ်တော်မူခြင်း ကျန်စစ်သားမင်းသည် ဥဿာပဲခူးစား ငရမန်ကန်းသူပုန်ကို နှိမ်နင်းနေခိုက်မှာပင် ခမည်းတော် တည်ထောင်ခဲ့သည့် နိုင်ငံသစ် တည်တံ့ခိုင်မြဲမှုအတွက် စည်းလုံးရေးသည် အဓိကဖြစ်သည်ဟူ၍ ယူဆတော်မူခဲ့ဟန် တူသည်။ မင်းကြီး၏ အုပ်ချုပ်ရေးအစီအမံ အဆောင်အရွက်တို့တွင် ထိုယူဆချက် အမူအရာများကို သိမြင်နိုင်သည်။ ထိုအမူအရာများကား အခြားမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး မျှတစွာ အုပ်ချုပ်သော အမူအရာများ ဖြစ်သည်။ ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းပိုက်သော်လည်း ၄၄၈ ခုနှစ် (ခရစ် ၁ဝ၈၆ ခုနှစ်)မှာမှ အဘိသိက်ကို ခံယူတော်မူသည်။ အဘိသိက်ခံယူ တော်မူကြောင်း၊ နန်းတော်သစ် တည်တော်မူကြောင်းတို့ကို ကမ္ပည်းကျောက်စာ (ရွှေစည်းခုံကျောက်စာ) ရေးထိုးတော် မူခဲ့သည်။ တည်တော်မူသော နန်းတော်သစ်သည် ပြာသာဒ် ငါးဆောင်ရှိသော ပဉ္စပါသာဒ ဖြစ်သည်။ ရွှေစည်းခုံ ကျောက်စာအရ ကျန်စစ်သားမင်းသည် ပုဂံမြို့ကို အခိုင်အခံ့ ပြု၍ ဝင်းကိုယ်ရံတော် ၁၀၀၀ ကျော်ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းတော်မူသည်ဟု သိရသည်။ ထို့ပြင် ဘိသိက်ပွဲအခမ်းအနားတွင် မှူးမတ်အရာရှိကြီးများဖြစ်သော သံပျင်ကြီး၊ သံပျင်ငယ်များသည်လည်းကောင်း၊ ကလန်အရာရှိများသည်လည်းကောင်း၊ ထို့နောက် ကျေးရွာအကြီးအကဲများဖြစ်သည့် သင်ကြီး၊ သင်လျင်တို့သည်လည်းကောင်း တက်ရောက်ဖူးမြော် ကြသည်ဟုလည်း သိရသည်။ ဘုရားများအား ပူဇော်လှူဒါန်းခြင်း၊ ဘိသိက်ပွဲ အခမ်းအနား၌ ပရိတ်တော် ရွတ်ဖတ်ခြင်း၊ ပိဿနိုး ပူဇော်ခြင်း၊ ဂဝံပတိ ပူဇော်ခြင်း၊ နဂါး ပူဇော်ခြင်းတို့ ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ထိုဘိသိက်ပွဲအခမ်းအနား၌ ရှင်အရဟံ ကြီးမှူးသော ရဟန်းတော်များ ပါဝင်ကြခြင်း၊ ပုဏ္ဏားများလည်း ပါဝင်ကြခြင်း၊ မြန်မာဘာသာသီဆိုခြင်း၊ မွန်ဘာသာသီဆိုခြင်း၊ ပျူဘာသာသီဆိုခြင်းတို့ ရှိသည်ဟုလည်း သိနိုင်သည်။ တစ်ဖန် ပြည်ရွှေဆံတော် ကျောက်စာအရ မင်းကြီးအကန်တော့ခံပွဲတွင် အချို့တို့သည် နတ်ဝင်သည်အဟန်ပြု၍ သီဆိုကခုန်ကြသည်ဟုလည်း သိရသည်။ အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် ကျန်စစ်သားမင်းသည် မွန်၊ မြန်မာ၊ ပျူ အမျိုးသားများကို ခန့်ထားချီးမြှင့်တော်မူကြောင်း၊ ထေရဝါဒကို နှစ်သက်ကြည်ညို၍ အထူး ချီးမြှင့်သူဖြစ်လင့်ကစား မဟာယာနဂိုဏ်း၊ တန္တြဂိုဏ်း တို့ကိုလည်း ချီးမြှင့်တော်မူကြောင်း၊ ထို့ပြင် ပိဿနိုးကိုးကွယ်သောအယူ၊ နဂါး ကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ကိုလည်း ချီးမြှင့်တော်မူကြောင်း သိသာသည်။ ကျန်စစ်သားမင်းသည် ဤနည်းများဖြင့် လူမျိုးအားလုံးကို နှစ်သိမ့်ခြင်း ဖြစ်စေ၍ အချင်းချင်း ရင်းနှီးစည်းလုံးမှုကို ပြုကာ မျှတစွာ အုပ်ချုပ်ခဲ့သည်ဟု ယူဆနိုင်၏။ ထိုသို့ မျှတစွာ အုပ်ချုပ်သည်ထက် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်မှာ မွန်မြန်မာ နှစ်ဦးနှစ်ဖက်လုံး ကျေနပ်၍ အဓွန့်ရှည်စွာ နိုင်ငံတော် စည်းလုံးခိုင်မြဲမည်ကို မျှော်ရှုကာ သမီးတော် ရွှေအိမ်သည်ကို သထုံမနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ပေးထိမ်းမြား၍ မြေးတော်ရသောအခါ မိမိ၏သားတော်ရှိပါလျက် မြေးတော် မွန်မြန်မာမင်းသားကို ထီးနန်းဆက်ခံစေခြင်း ဖြစ်နိုင်သည်ဟူသော ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ)၏ မှန်းဆချက်ဖြစ်သည်။ ပါမောက္ခသည် ရာဇကုမာရ် ကျောက်စာကိုလည်းကောင်း၊ မနူဟာ ကျောက်စာကိုလည်းကောင်း ကိုးကားပြသည်။ ရာဇကုမာရ် ကျောက်စာအရ ကျန်စစ်သားမင်း၌ ရာဇကုမာရ်မည်သော သားတော်တစ်ပါးရှိကြောင်း၊ သို့ရာတွင် ထီးနန်းကို ဆက်ခံရသူ မဟုတ်ကြောင်း သိရသည်။ တစ်ဖန် မနူဟာကျောက်စာအရ သထုံမင်း မနူဟာ၌ သုဓမ္မရာဇ်မည်သော သားတော်ရှိကြောင်း၊ အသဝတ်ဓမ္မာသည် မင်းစီးလှေတော်ကို ပုပ္ပား၌ ဝှက်ထားကြောင်း၊ ထိုသို့ဝှက်ထားသည်ကို ကျန်စစ်သားမင်း သိတော်မူသောအခါ လှေတော်ကို ပြန်အပ်ရန် မိန့်တော်မူကြောင်း၊ လှေတော်ကို ပေးအပ်သောအခါ မင်းကြီးသည် မိမိ၏သမီးတော် ရွှေအိမ်စည်ကို အသဝတ်ဓမ္မာ၏ သားတော် နာဂသမန်းနှင့် ပေးထိမ်းမြားတော်မူကြောင်း သိရသည်။ တစ်ဆယ့်ခြောက်ရာစုနှစ်အတွင်း ရေးထိုးသည်ဟု ခန့်မှန်းနိုင်သော မနူဟာကျောက်စာအဆိုကို လက်ခံနိုင်ကြလျှင် ပါမောက္ခက ဤသို့ မှန်းဆနိုင်သည်ဟု ဆိုသည်။ မင်းစီးလှေတော်ကို ပုပ္ပား၌ အသဝတ်ဓမ္မာ မင်းသားဝှက်သော ကာလသည် ပုဂံကို ငရမန်ကန်း ပုန်ကန်နေသော ကာလဆိုး ဖြစ်တန်ရာသည်။ ထိုသို့ ဝှက်သော အသဝတ်ဓမ္မာ၏ အမူအရာသည် ပုဂံတစ်ဝိုက်ရှိ မွန်တို့ကို စုရုံး၍ တစ်ထီးတစ်နန်းထူလိုသဖြင့် ပုပ္ပား၌ ဗိုလ်ဝင်ခံသော အမူအရာ ဖြစ်တန်ရာသည်။ ထိုသို့ဖြစ်လျှင် မျက်မှောက် ဆူပူသောင်းကျန်းမှုကို အလွယ်တကူ ငြိမ်းအေးစေလိုသော ဆန္ဒကြောင့်လည်းကောင်း၊ နောင်ရေးကို မြှော်တွေး၍ မွန်မြန်မာ အဓွန့်ရှည်စွာ စည်းလုံးခိုင်မြဲစေလိုသော ဆန္ဒကြောင့်လည်းကောင်း ကျန်စစ်သားမင်းသည် မိမိ၏ သမီးတော် ရွှေအိမ်စည်ကို မနူဟာမင်း၏ မြစ်တော်နာဂသမန်းနှင့် ပေးထိမ်းမြားခြင်း ဖြစ်တန်ရာသည်။ တစ်ဖန် မြန်မာရာဇဝင်များ၌ မြေးတော်ကို မင်းမြှောက်ခဲ့ပြီး ဖြစ်၍ မြေးကားအရင်း၊ သားကားအဖျား ဖြစ်ပြီဟု ကျန်စစ်သားမင်း မိန့်တော်မူကြောင်း ရေးမှတ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်ဟု မှန်းဆခဲ့ခြင်း ဖြစ်သည်။ တိုင်းတစ်ပါးနှင့် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူတော်မူခြင်း ပုဂံခေတ်တွင် မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ထိပါးခြင်းကို မခံရ။ အနှစ် ၂ဝဝ မျှ ငြိမ်းချမ်းခဲ့သည်။ ထိုသို့ ငြိမ်းချမ်းခဲ့သည်မှာ ကျန်စစ်သားမင်း၏ နိုင်ငံခြားရေးဝါဒကြောင့် ဖြစ်သည်။ ထိုဝါဒမှာ အခြားမဟုတ်၊ နိုင်ငံတကာနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံသောဝါဒ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ၍ အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ ရှိသည်။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ ပြင်ခွင့်ကို ကျန်စစ်သားမင်း ရရှိခဲ့သည်ဖြစ်ရာ ကျန်စစ်သားမင်းသည် အိန္ဒိယမင်းများနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ ဆက်ဆံသည့် အတိုင်းလည်း ပုဂံတွင် ယဉ်ကျေးမှုအဆင့်အတန်းသည် မြင့်တက်လာခဲ့သည်။ တစ်ဖန် ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၆၅ ခုနှစ် (ခရစ် ၁၁ဝ၃ ခုနှစ်)၌ တစ်ကြိမ်၊ ၄၆၈ ခုနှစ် (ခရစ် ၁၁ဝ၆ ခုနှစ်)၌ တစ်ကြိမ် တရုတ်ပြည်သို့ သံစေလွှတ်တော်မူသည်။ တရုတ်ပြည် ဆွန်းမင်းဆက် နန်းစဉ်စာတို့တွင် ၄၆၈ ခုနှစ်၌ ပုဂံပြည်မှ သံတမန်များရောက်လာကြောင်း၊ ပုဂံပြည်သည် ဘုန်းတန်ခိုး အင်အားနှင့် ပြည့်စုံသည်ဖြစ်၍ ထိုနိုင်ငံနှင့် ဆက်ဆံရာတွင် အာရပ်နိုင်ငံ၊ အာနမ်နိုင်ငံနည်းတူ တိုင်းကြီးပြည်ကြီးအဖြစ် ဆက်ဆံကြောင်း ဖော်ပြထားချက်ရှိသည်။ ကျန်စစ်သားမင်း ထိုသို့ သံစေလွှတ်ခြင်းသည် နှစ်ပြည် တစ်ပြည် အရောင်းအဝယ် ဖြစ်စေလိုသောကြောင့်သော်လည်းကောင်း၊ ခမည်းတော် အနော်ရထာမင်းလက်ထက် ဂန္ဓာလရာဇ်(နန်ချောင်)ကို တိုက်ခိုက်ခဲ့ဘူးရာ ဂန္ဓာလရာဇ်၏ ရန်ကို စိုးရိမ်သဖြင့် တရုတ်ပြည်နှင့် မဟာမိတ်ဖွဲ့ လိုသောကြောင့်သော်လည်းကောင်း ဖြစ်တန်ရာသည်ဟု ယူဆကြသည်။ ထို့ပြင် ကျန်စစ်သားမင်းသည် နောက်တစ်ကြိမ် ထိပါး လာသော ဂန္ဓာလရာဇ်မင်း၏ စစ်သည်တို့ကို တွန်းလှန်နိုင်ခြင်းသည် ပုဂံပြည်၏ လက်ရုံးအင်အားကြောင့်လည်းကောင်း၊ တရုတ်မင်းနှင့် မဟာမိတ်ဖွဲ့ခဲ့သော ကျေးဇူးကြောင့်လည်းကောင်း ဖြစ်မည်ဆိုပါကလည်း ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ပုဂံပြည်သည် တရုတ်ပြည်သို့ သံစေလွှတ် မိတ်ဖွဲ့ခဲ့သည်မှစ၍ အနှစ် ၂ဝဝ နီးပါးမျှ ငြိမ်းချမ်းခဲ့သည်မှာ အထင် အရှား ဖြစ်သတည်း။ ကိုးကား မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။ မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅) ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား ) မှန်နန်းရာဇဝင် သုံးတွဲ မြန်မာ ဘုရင်များ ပုဂံမင်းဆက်
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8
ငရမန်ကန်း
ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ (စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက်ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုသည်။ ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်။) နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏။ (စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏။ ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက "ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့" ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။) နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။ ငရမန်ကာန်း။ ။ ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့် ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံစည်ခဲ့သူ ဖြစ်သည်။ ငရမန် ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်။ အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့် အလျောက် ပဲခူးမြို့ကို စားစေသည်။ ပဲခူးမြို့သည် ထိုစဉ်က ဆိပ်ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော မြို့ကြီးဖြစ်လေသည်။ မွန်နှင့် မြန်မာတို့ ရောနှောနေထိုင် စီးပွားရှာသောမြို့လည်း ဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့် ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်။ ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ ပိုင်နိုင်စွာ မင်းလုပ်လိုဟန်တူ၏။ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန် အကြံရှိ၏။ တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန် ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း ပေါက်) ထ၍ ခတ်၏။ စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည် ကို မလန်းပေါက်ထ၍ ခတ်သည်။ ယောက်ျားဟုတ်နိုးသော် ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်။ ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့ သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့် ပုဂံသို့ ချီလာလေ၏။ ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏။ ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက် တပ်ပြုလျက် လိုက်၏။ ကျန်စစ်သား၏ စစ်အရာ၌ လိမ္မာ သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့ စီရင်သည်။ ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏။ စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန် ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်။ စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော် စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏။ စောလူးမင်းလည်း ဆင် ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်။ ကျန်စစ် သားလည်း ပုဂံသို့ ဆုတ်ရ၏။ ငရမန်ကာန်းလည်း စောလူးမင်း နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်။ ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့် ဆန်တက်လေသည်။ ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ။ ငရမန် ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏။ ယင်းသို့ ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့် မြို့သို့ ချဉ်းကပ်လေသည်။ ထိုအခါ မှူးမတ်တို့က ကျန်စစ်သား သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့် ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့ တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏။ ငရမန်ကာန်း သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့် ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း ကို တိုက်၏။ အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့် မြင်းကပါသို့ ဆုတ်ရလေသည်။ ကျန်စစ်သားလည်း ရွှေစည်းခုံ တောင်တွင် တပ်တည်၍ နေ၏။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်။ ငရမန်ကာန်း စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍ လုပ်ကြံစေ၏။ မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ အောက်တွင်မီ၍ ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏ အသံကဲ့သို့မြည်၏။ ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ လေသည်။ ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏ တပ်ပျက်လေသည်။ မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်။ ကိုးကား ပုဂံခေတ် မြန်မာနိုင်ငံ၏ သမိုင်း မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%84%E1%80%9B%E1%80%99%E1%80%94%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%B8
ကတိုးကောင်
ကတိုးကောင်သည် ဟိမဝန္တာတောင်ကုန်းမြင့် သစ်တောများတွင် ရှိသော ဒရယ် တစ်မျိုးဖြစ်၍ ယင်းကို လက်တင်ဘာသာဖြင့် မော့ချပ်မော့ချီဖာရာဟု ခေါ်သည်။ ယင်းတို့သည် သမင်မျိုးစိတ်များထက် ပိုမိုရှေးဦးကျသည်။ များသောအားဖြင့် တစ်ကောင်တည်း နေတတ်၏။ တစ်ခါတစ်ရံ ဖိုမတွဲ၍နေသည်ကိုတွေ့ရ၏။ သို့ရာတွင် အစုအအုပ်ဖွဲ့၍ကား မနေချေ။ အရွယ်ရောက်သောအကောင်မှာ အလျား၃ ပေခန့်ရို၍ ပခုံးတွင် လက်မ ၂ဝခန့်မြင့်သည်။ အရောင် အမျိုးမျိုး ရှိသော်လည်း များသောအားဖြင့် အောက်ပိုင်း ဖြူ၍၊ အပေါ်ပိုင်းသည် မီးခိုးရောင်(သို့မဟုတ်) အညိုရောင် ဖြစ်သည်။ ကတိုးကောင်သည် အသီးအရွက်စားသော သတ္တဝါများ ဖြစ်ကာ တောင်ထူထပ်၍ သစ်တောဖုံးလွှမ်းသောအရပ်များတွင် ကျက်စားသည်။ လူသားတို့နေထိုင်ရာနှင့် ဝေးသောအရပ်များတွင် ကျက်စားကြသည်။ သမင်များနည်းတူပင် အရွက်များ၊ ပန်းပွင့်များ၊ မြက်များကို စားသည်။ ရေညှိရေမှော်များကိုလည်း စား သည်။ တရုတ်ရေသမင်များနည်းတူ အဖိုနှင့်အမ နှစ်ကောင်စလုံး၌ ဦးချို မရှိချေ။ သို့သော်အဖို၏အပေါ်မေးရိုးတွင် အောက်သို့ထိုးထွက်နေသော အစွယ်များ ရှိ၍ ခုခံကာကွယ်ရာတွင် ထိုအစွယ်များကို အသုံးပြုနိုင်သည်။ အလွန် မွှေးကြိုင်သော ကတိုးဆီအတွက် ထိုသတ္တဝါတို့ကို ထောင်ချောက်ဖြင် ဖမ်းယူကြ၏။ ကတိုးဆီကို အထီးဝမ်းဗိုက် အောက်တွင်ရှိသော ဂလင်းအိတ်မှရရှိသည်။ ဂလင်းအိတ်မှာ သံပရာသီး အရွယ်ခန့်ရှိ၍ ကတိုးဆီတစ်အောင်စခန့်ပါရှိ၏။ ကတိုးနံ့သည် အလွန်စူးရှကာ တာရှည်ခံသောကြောင့် ကတိုးကို အလွန်အဖိုးတန်သော ပစ္စည်း တစ်ခု အဖြစ်ဖြင့် အရှေ့တိုင်းတွင်အသုံးပြုကြသည်။ ကတိုးကောင်သည် ရှက်ရွံ့တတ်ပြီး ညဘက် (သို့မဟုတ်) မှောင်ရီပျိုးချိန်တွင် ကျက်စားတတ်သည်။ နယ်မြေသတ်မှတ် ကျက်စားတတ်သည်။ မိတ်လိုက်ရာသီ တွင် အဖိုများသည် နယ်မြေကိုစွန့်ခွာကာ အမအတွက် အခြား အဖိုများနှင့် ယှဉ်ပြိုင်လေသည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် အစွယ်ကို အသုံးပြုသည်။ အမသည် ဇီးလွယ်ပြီး ရက် (၁၅၀) မှ (၁၈၀)အတွင်း သားတစ် ကောင်တည်း ပေါက်သည်။ မွေးကင်းစကတိုးကောင်ပေါက်ကလေး သည် အလွန်သေးငယ်သည်။ တစ်လသားအရွယ်အထိ များသောအားဖြင့် မလှုပ်မယှက်နေတတ်သည်။ ယင်းမှာ သားရဲကောင်များလက်မှ လွတ်မြောက်စေသည်။ ကတိုးကောင်မျိုးစိတ်များ ကတိုးကောင်မျိုးစိတ် (၇) မျိုး ရှိလေသည်။ အန်ဟွေးကတိုးကောင်ကို တရုတ်ပြည်တွင် တွေ့ရသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ် ဖြစ်သည်။ ကတိုးကောင်ပုကို တရုတ်ပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမြောက်ဖျားစွန်းတွင်လည်းကောင်း တွေ့ရသည်။ မျိုးစိတ်ခွဲလေးမျိုး ရှိလေသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ်ပင် ဖြစ်သည်။ အယ်လ်ပိုင်းကတိုးကောင်ကို တိဘက်ဒေသတွင်လည်းကောင်း၊ တရုတ်ပြည်အနောက်ပိုင်းတွင် လည်းကောင်း တွေ့ရသည်။ ကရှ်မီးယားကတိုးကောင်ကို အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရသည်။ ကတိုးချေကို ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။ ဟိမဝန္တာကတိုးကောင်ကို ခါးဖြူကတိုးကောင်ဟုလည်း ခေါ်သည်။ နီပေါ၊ ဘူတန်၊ အိန္ဒိယမြောက်ပိုင်းနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။ ဆိုက်ဘေးရီးယားကတိုးကောင်ကို အာရှတိုက်အရှေ့မြောက်ပိုင်း ရှိ တောင်ပေါ်တောများတွင် တွေ့ရသည်။ ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ အတွင်းမွန်ဂိုလီးယား၊ မန်ချူးရီးယားနှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် တွေ့ရသည်။ မျိုးစိတ်ခွဲတစ်မျိုးကို ဆာခါလင်ကျွန်း တွင် တွေ့ရသည်။ ကိုးကား အသုံးများသော နို့တိုက်သတ္တဝါ အမည်များ နို့တိုက်သတ္တဝါ မျိုးရင်းများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ကင်ပွန်းချဉ်ပင်
ရုက္ခဗေဒအလိုအားဖြင့် Acacia concinna ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ဖြစ်သည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှတိုက်၏အပူပိုင်းဒေသဌာနေရင်းပင်ဖြစ်သည်။ ထိုအပင်ကို ကင်ပွန်းချဉ်၊ ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာ တဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍ သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။ အစေ့များ ပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များ ရှိရာတွင် အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။ ထနောင်းစေးသည် 'အကေးရှားဆင်နီဂေါ' ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။ ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင် အသုံးဝင်သည်။ မြန်မာနိုင်ငံရှိ ကင်ပွန်းပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။ အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ပင်စည်နှင့် အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။ မန်ကျည်းရွက် လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ ပေါင်လုံးအရွယ်မျှ ရှိသည်။ နွယ်လျှင် အပင်ရှည်တတ်သည်။ အရွက်ကိုစားရသည်။ ကင်ပွန်းသီးကို မြန်မာအမျိုးသမီးများ ခေါင်းလျှော်ရာတွင် အသုံးပြုလေ့ရှိကြသည်။ ဆေးဖက် လည်းဝင်သည်။ ပုံသဏ္ဌာန် အပင် - ဆူးရှိသောချုံပင်မျိုးဖြစ်၏။ ပင်စည်ပျော့၏။ အစိမ်းရောင် အခက်များပေါ်တွင် နီမှိုင်းသော အစင်းများ ရှိပြီး သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေသည်။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄-၆ လက်မရှည်၍ ရွက်ကလေး ၄-၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂-၂၀ ရှိသည်။ ရွက်မြွှာများ ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်း ရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်း ဝိုင်း၍ အဖျားချွန်သည်။ အပွင့် - တစ်ပင်တိုင် ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းကဲ့သို့ ပွင့်သည်။ အဝါ ရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်သည်။ အသီး - အသားထူသော အသီးတောင့်ရှည်မျိုး ဖြစ်သည်။ ပြား၍ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များ ဖြစ်နေသည်။ အစေ့ အနက်ရောင်ရှိ၍ နတ်တော်လနှင့် ပြာသိုလတွင် သီးသည်။ အသုံးပြုပုံ အသီး အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။ အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် သုံးသည်။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။ အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။ စိန် နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။ အရွက် အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။ အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏။ မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည်။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ဝမ်းရပ်ခြင်းကို ပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။ တရော် ကင်ပွန်း ဒွတ္တဘောင်မင်းကြီးသည် စစ်တိုက်ပြီးပြန်လာသော အခါ ပန်ထွာဘုရင်မ၏တိုင်းပြည်တွင် တစ်ညဝင် အိပ်ခဲ့သည်။ ပန်ထွာဘုရင်မသည် မင်းကြီးဘုန်းကံနိမ့်အောင် မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့သည်။ မင်းကြီးသည် ထိုမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက် တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ကွယ်ခဲ့လေသည်။ မင်းကြီးလည်း ဘုန်းနိမ့်မှန်းသိပြီး ပြန်လာခဲ့သည်။ လမ်းရောက်တော့ မိုးရွာသည့်အတွက် တရော်ပင် အောက်မှာ မိုးဝင်ခိုခဲ့သည်။ တရော်ကင်းပွန်းက စီးကျလာသော မိုးရေသည် မင်းကြီးအပေါ်ကျပြီး ဘုန်းကျက်သရေ ရှိစေတဲ့မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့သည်။ မင်းကြီးလည်း တရော်ဟာ ဘုန်းကျက်သရေရှိစေတယ် ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏလုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့သည်။ ကင်းပွန်းသီး၏အာနိသင်က အပုပ်အစပ်နိုင်သည်။ ဘယ်လောက်ပဲ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင် အပုပ်နံ့အားလုံး ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဦးခေါင်းက အနံ့ကိုပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင်နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို တရော်က စွမ်းဆောင်ပေးပါသည်။ မြန်မာလူမျိုးများသည် အသုဘပို့ပြန်လာတဲ့အခါ၊ မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ တရော်ကင်းပွန်းကိုအသုံးပြုကြတာ ဒီနေ့အထိပါဖြစ်သည်။ ကိုးကား ဆေးဖက်ဝင် အပင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%89%E1%80%BA%E1%80%95%E1%80%84%E1%80%BA
ပုပ္ပါးတောင်
ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ်၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။ ပေါ်ထွန်းလာပုံ ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရသည် မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။ ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားတောင်ပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်သည်။ ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။ ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရသည်။ ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပါးနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။ ကျွန်ုပ်တို့ခေတ် ပညာရှင်တို့ ကွင်းဆင်းလေ့လာ နိုင်သေးလျှင် ထို့ထက် တိကျကျယ်ပြန့်သော အဖြေထွက်ပေါ်လာ နိုင်စရာ ရှိပါသေးသည်။ ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း ဖြစ်နိုင်သည်။ ရာဇဝင်လာ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ ဧရာ၀တီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။ အသံကြီးစွာ မြည်လျက် မြေငလျင်လှုပ်ခဲ့သည်။ ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။ စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။ ပုပ္ပါးတောင် မြေကထွက်လာသည်။ သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ ထိုသို့ မြေအကြီးအကျယ် လှုပ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို ပုဂံခေတ်အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် ကျောက်ခေတ်ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူးခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပါးကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။ ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပါးတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပါးတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့သည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။ ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် ပျူခေတ်က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိုင်းတွင် ပုပ္ပါးတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ (၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပါးတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊ (၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့် (၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်သည်။ ဤအချက်သုံးရပ်ကို အနည်းငယ် တိုးချဲ့ ရှင်းလင်းပြပါမည်။ ခေတ်သစ် မြန်မာသမိုင်းဆရာများ အဆိုအရ မြန်မာတို့သည် ပျူတို့နောက်မှ ဤမြေ၊ ဤရေဒေသသို့ ရောက်ရှိလာ ခဲ့ကြသူများဖြစ်ပြီး တတ္ထဒေသဟုခေါ်သော ဤအရပ်၌ပင် အရိမဒ္ဒန (ရန်မျိုးနှိမ်) မြို့ဟုခေါ်သော ပုဂံမြို့တော်ကို တည်ဆောက်၍ အုပ်ချုပ်လာခဲ့ကြသူများ ဖြစ်သည်။ ယင်းတို့သည် ပျူတို့ထံမှ ကောင်းမွေဆိုးမွေများကို ရရှိခံ စံခဲ့ကြသည်။ ထို့ကြောင့် ပုပ္ပားအကြောင်းကို ပုဂံခေတ်မတိုင်မီက စာပေအထောက်အထား မရရှိသော်လည်း ပုဂံသူ၊ ပုဂံသားတို့အနေဖြင့်မူ ယင်းတို့ အရင် နေထိုင်သွားခဲ့ကြသော ပျူတို့ထံမှ သိတန်သမျှ သိခဲ့ကြပါမည်ဟု ထင်ပါသည်။ ထိုတောင်ကို နတ်တောင်အဖြစ် စတင်ပြုလုပ်ခဲ့သည်မှာလည်း ပျူတို့ထံမှရရှိသော အမွေပင် ဖြစ်နိုင်ကောင်းပါမည်။ အကြောင်းမှာ ပျူမင်းထီး လက်ထက် မြန်မာမင်းတို့ ပုပ္ပားတောင်တက်ပွဲကို နှစ်စဉ် စတင်ကျင်းပခဲ့ကြောင်း ဆိုလာသောကြောင့် ဖြစ်သည်။ (ကုလား၊ ပ၊ ၁၄၂) မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောင်တက်ပွဲကျင်းပခဲ့သည်ကိုမူ အထင်အရှား မသိရပေ။ စင်စစ်မြင့်မြတ်သော နတ်တောင်ဟု အသိအမှတ်ပြုထားသောကြောင့်သာဟု ထင်မိပါသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်နေမှုမျိုး စောစောပိုင်းက မရှိသေးဟုလည်း တွေးဆရသည်။ ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း (အေဒီ ၃၄၄-၃၈၇) လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်သည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် ပုပ္ပါးသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ လေတော့သည်။ မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု ဆိုနိုင်သည်။ မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင် စဉ်ဆက်မပြတ် ထားရှိ ကိုးကွယ်ခဲ့ကြဟန် ရှိသည်။ အဓိပ္ပာယ်မှာ ယင်းသည် တိုင်းပြည်နိုင်ငံစောင့်နတ်၊ အိမ်စောင့်နတ် (Guardian Spirit) ဟု ယုံကြည်လာခဲ့သောကြောင့် ဖြစ်လေသည်။ မင်းမှအစ ပြည်သူတရပ်လုံး တနှစ်တကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ရကြောင်းဆိုသဖြင့်လည်း မြန်မာတို့နတ် ကိုးကွယ်မှု အမြစ်တွယ်နေပြီ ဖြစ်ကြောင်း သိသာလေတော့သည်။ ယင်းကို အနိရုဒ္ဓနှင့် ရှင်အရဟံတို့၏ ထေရဝါဒဗုဒ္ဓသာသနာတော်က ချုပ်ငြိမ်းကွယ်ပျောက်သွားအောင် မတတ်နိုင်ခဲ့ပါ။ ယနေ့တိုင် မြန်မာအိမ်တိုင်းလောက်နီးပါး၌ အိမ်တွင်းမင်းမဟာဂီရိဟူ၍ ထားရှိကိုးကွယ်နေကြဆဲ ဖြစ်သည်။ ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။ ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖို့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။ (ရာဇဝင်သစ်၊ပ၊ ၁၉၆၈၊ ၆၅) ဤတွင် ပုပ္ပားနတ်သည် ထီးနန်းစိုးစံသောမင်းကို တရားဝင်အောင် လုပ်ပေးနိုင်သူဟူ၍ ယူဆရမည်ကဲ့သို့ ဖြစ်လာတော့သည်။ ပုပ္ပားနတ် စကားမပြောသော မင်းသည် တရားမဝင် သို့မဟုတ် မင်းရိုးမဟုတ်ဟု ယူဆရမည် ဖြစ်လာသောကြောင့် နတ်နှင့် မင်းတို့သည် အပြန်အလှန်အားဖြင့် အပေးအယူလုပ်ရန် လိုအပ်လာတော့သည်။ ရာဇဝင်ဆရာတို့က မင်းရိုးကို နန်းပြန်ရစေလို၍ ဤဇာတ်လမ်းကို ထွင်ခဲ့လေသလောဟုလည်း တွေးဆဖွယ် ဖြစ်သည်။ မင်းရိုးမဟုတ်ဟု ခေတ်သစ်သမိုင်းပညာရှင်တို့ ယူဆယုံကြည်ထား သော ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းသည် မဟာဂီရိနတ်မင်းနှင့် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်း တွေ့ရှိရပြန်သဖြင့် ထိုမင်းကား မင်းရိုးဟု ဆိုလိုပြန်လေတော့သည် (ကုလား၊ပ၊၂၁၄) ။ ယင်းအသိ ကြောင့်ပင် ပုဂံမင်းတို့ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပနေကြရ ခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်တော့သည်။ ကျွဲဲ၊ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို သတ်၍ ပူဇော်ရသောကြောင့်လည်း ဤအလေ့အထသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုင် လောက်အောင် ကွဲပြားလျက်ရှိနေပြန်ပါသည်။ ပုဂံခေတ်တွင် ပုပ္ပားကို ပုဂံ၏ နိုင်ငံရေး ကျောထောက်နောက်ခံနယ်ဟူ၍လည်း ယူဆထားခဲ့ကြဟန် ရှိသည်။ အနိရုဒ္ဓမင်းမဖြစ်မီ နောင်တော် စုက္ကတေးနှင့် အာဏာယှဉ်ပြိုင်ကြရမည် ရှိသောအခါ ယင်းသည် ပုပ္ပားသို့ထွက်ခဲ့၍ လူသူအလုံးအရင်း စုခဲ့ရလေသည် (ကုလား၊ပ၊ ၁၆၅) ။ ထို့အပြင် ပုပ္ပားသည် သူရဲကောင်းတို့ထွက်ရာအရပ် ဟူ၍လည်း ဆိုနိုင်ကောင်းအံ့ထင်ပါသည်။ အနိရုဒ္ဓ၏ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပားသား ဖြစ်ကြောင်းနှင့် တွေ့ရှိရသည်။ ယင်းသည် ထွန်အရှဉ်း သုံးဆယ်ဖြင့် ထွန်ရေးမှန်အောင် ငင်နိုင်သောကြောင့် လူစွမ်းကောင်း ဖြစ်လာခဲ့ရသည် (ဦးကုလား၊ ပ၊ ၁၇၁) ။ စိုက်ပျိုးရေး အရေးပါသောခေတ်တွင် ဤမျှစွမ်းအားကြီး သောသူတဦး သူရဲကောင်းဖြစ်သည် ဆိုသည်မှာ ဖြစ်ထိုက်ပါပေသည်။ အကြောင်းမှာ တနေရာ တမျိုးမျိုးတွင် ခွန်အားပြနိုင်သူမှန်သမျှ သူရဲကောင်း ဖြစ်သောခေတ် ဖြစ်သောကြောင့်တည်း။ ငလုံးလက်ဖယ်သည် တကောင်းမှ ပန်းပဲမောင်တင့်တယ်၏ စွမ်းအားထက် လူမှုရေးအားဖြင့် အရေးပါအရာရောက်ပေသည်။ ကျောက်ခေတ်ကစ၍ ကာယဗလကို အခြေခံသော လူစွမ်းကောင်းခေတ် မကုန်ဆုံးသေးကြောင်း၊ အရေးပါဆဲ ဖြစ်ကြောင်း သာဓကပင် ဖြစ်တော့သည်။ အပြေးသန်လှ မြန်လှသော သထုံမှ ရောက်လာခဲ့သည့် ကုလားငယ် (ဗျတ္တ) သည်လည်း သူရဲကောင်းပင်။ ထို့အပြင် ရေကူးကောင်းသော ညောင်ဦးဖီး၊ ထန်းအတက်ကောင်းသော ငထွေရူး တို့သည်လည်း ထိုခေတ်၏ သူရဲကောင်းများပင် ဖြစ်ကြသတည်း။ ဗျတ္တသည် ပုပ္ပားတောင်မှ စံကားပန်းကို တနေ့ဆယ်ကြိမ် ယူငင်ဆက်ရသည်ဟု ဆိုသည် (ကုလား၊ပ၊ ၁၈ဝ) ။ ထိုဇာတ်လမ်းကို ချဲ့ထွင်စဉ်းစားသော် ပုပ္ပား၏ အရေးပါမှုသည် သမိုင်းတွင် ပိုမိုသိသာထင်ရှား လာခဲ့ပြန်သည်။ နတ်တောင်ဖြစ်လာသော ပုပ္ပားမှ (စံကား) ပန်းသည်လည်း တော်ဝင်ပန်း (ဝါ) နတ်ပန်း ဖြစ်လာခဲ့ရ တော့သည်။ ထို့ကြောင့် ရှေးက အမည်မသိစာဆိုတဦးက ပုပ္ပားမှ စံကားပန်းကို ဤသို့လျှင် စာဆိုခဲ့ဖူးလေသည်။ (၁) သိုးကလေ၊ ပုပ္ပားနတ်တောင် အခေါင်မြင့်ဖျား၊ စုံတောပြား၌ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည် ရွှေနှင့်ယိုးမှား၊ ပန်းစံကား။ (၂) သိုးကလေ၊ စံကားပွင့်နှင့် နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး မောင်ကြီးနှမ၊ ညက်လှပြာစင် မယ့်သည်ပင်သည်၊ ခရီးသား။ (၃) သိုးကလေ၊ မြိတ်လွတ်စုလည်း အငယ်တည်းက၊ ကျွမ်းဝင်ကြသည် မွေးဖတူရင်း၊ မျိုးသည်မင်းနှင့် ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည် နှလုံးမခြား၊ စောင့်တရား။ (၄) ဆွေမိမင်း၊ မျက်သုတ်နီစင် ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ တုမရှိ။ (မြန်မာစာညွန့်ပေါင်းကျမ်း၊ပ၊ ၁၅-၁၆) အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။ ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပါး၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု ယုံကြည်ရသည်။ နောက်ကျကောင်းသာ နောက်ကျမည်ဖြစ်သည်။ ထိုကဗျာ၊ လင်္ကာများသည် ပုပ္ပား၏ ရှေးက ပထဝီဝင် အနေအထားကို ပြောပြနေဘိသကဲ့သို့ ရှိနေပါသည်။ ခံစားကြည့်ပါ။ ပုပ္ပားတောင်သည် ရွှေတောင်တည့်လေ။ ရွှေတောင်ပတ်ကုံး စံကားပင်နှင့်ဖုံး တောင်လုံးရနံ့ကြိုင်စွလေ။ ပုပ္ပားတောင်တွင် နတ်ရှင်နှစ်ပါး ရွှင်စံစား ဘုံခြားဗိမာန်ပြိုင်စွလေ လှိုင်စွလေ၊ လှိုင်စွလေ။ လှိုင်စွစံကား တောင်ပုပ္ပားက စံကားပျံ့ကြိုင် ပန်းလှိုင်စွလေ။ မောင်တော်ရေထက် မယ်မုတ်ရေ ဆယ်လေးသာစွလေ။ ဗိမာန်နန်းမှာ ထီးစကာ ဖြန့်ကာအုပ်မိုး သာစွလေ (ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး။ ကဗျာလက်ရွေးစင် ခုနှစ်မပါ၊ မျက် ၈)။ ဤအချင်းငယ်သည် ပထဝီဝင်သဘောအရလည်းကောင်း၊ သမိုင်းသဘောအရလည်းကောင်း အရေးပါလေသည်။ ပုပ္ပားတောင်သည် တောဖုံးနေသောတောင် တောတောင်တို့ဖြင့် စိမ်းလန်းစိုပြေနေသောကြောင့် ရာသီဥတုကောင်းသောတောင်၊ ရေထွက်စမ်းများဖြင့် သာယာလှပသောတောင်၊ ထိုသာယာလှပသောတောင်၌ နတ်မောင်နှမတို့ စံပျော်နေကြောင်းကို ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖွဲ့ဆိုထားသည်။ မည်သည့်ခေတ်က မည်သည့်စာဆို ရေးဖွဲ့ခဲ့သည်ဟု မသိရသော်လည်း ပုပ္ပားနတ်မောင်နှမတို့ကို လူအများတို့ လေးစားယုံကြည်နေကြသည့် အသွင်နှင့် ဓလေ့စရိုက် ကိုပေါ်အောင် ဖွဲ့ဆိုထားသော အချင်းငယ်ကဗျာ ဖြစ်သည်။ နတ်နှင့် မြန်မာမင်းများတွေ့သောလ ပျူမင်းထီးလက်ထက်တော်ကစ၍ ပုဂံဘုရင်တို့ ပုပ္ပားတောင်တက်ပွဲကို ကျင်းပလာခဲ့ကြရာ ပုဂံပျက်သည့်တိုင် ဓလေ့တခုဖြစ်လာခဲ့ဟန်ရှိသည်။ သို့သော် မည်သည့်လတွင် ကျင်းပခဲ့သည်ဟု အစောပိုင်းက ဖော်ပြခြင်းမရှိ၍ မသိရချေ။ ပျူမင်းထီးလက်ထက်က ပုပ္ပားတွင် မဟာဂီရိ နတ်မောင်နှမတို့ မရှိကြသေး၍ မည်သည့်အကြောင်းဖြင့် တောင်တက်ခဲ့သည်ကိုလည်း ပြောရန်ခက်ခဲပါသည်။ သို့သော် ယုံကြည်မှု တရပ်ကိုအခြေခံနေပြီ ဖြစ်ကြောင်းကား မှန်းဆ၍ရသည်။ တနည်းလည်း ပုပ္ပားကို မြင့်သောမြတ်သော (နတ်) တောင်အဖြစ် အသိအမှတ်ပြုထားပြီ ဖြစ်ကြောင်းကား ထင်ရှားစွာ မြင်သာနေပြီဖြစ်သည်။ သေဉ်လည်ကြောင်မင်းလက်ထက် မင်းမဟာဂီရိတို့ ရောက်ရှိလာသဖြင့် ထိုအခါတွင်မှ ပုပ္ပားသည် နတ်တောင်ဟု ထင်ရှားဖြစ်ပြီဟု ဆိုနိုင်သည်။ စင်စစ် မဟာဂီရိ ဟူသည်မှာ “ကြီးမြတ်သောတောင်” ဝါ “တောင်ကြီး” ဟူ၍သာ အဓိပ္ပာယ် ထွက်ရှိသည်။ နတ်တောင် ဖြစ်လိုသောအခါမှ ဇာတ်လမ်းဆင် ဖော်ပြလာခြင်းဟု ထင်ရသည်။ မဟာဂီရိသည် ပါဠိဘာသာစကားဖြစ်၍ ပါဠိစာပေ ထွန်းကားလာပြီး နောက်ပိုင်းမှ ဤဇာတ်လမ်းများသည်လည်း ပေါ်ပေါက်လာခြင်းဖြစ်ပါမည်။ ဤတွင် ပိဋကတ်စာပေသည် အနိရုဒ္ဓ သထုံကို တိုက်ခိုက်အောင်မြင်သောအခါမှ ရရှိသည် ဆိုကြပြန်သောကြောင့် အနိရုဒ္ဓမတိုင်မီ မဟာဂီရိ ဝေါဟာရ မရှိနိုင်လောက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်သည်။ ရှေ့နောက် မညီညွတ်ကြပါ။ မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းသည် ပုဂံခေတ်နှင့် အံဝင်ခွင်ကျပင် ဖြစ်တော့သည်။ အထူးသဖြင့် ပါဠိစာပေ ထွန်းကားစဖြစ်သော အနိရုဒ္ဓနန်းစံ နောက်ပိုင်းတွင် လေးစားရိုသေထိုက်သည်မှန်သမျှ ပါဠိစကားလုံးများဖြင့် နေရာပေး ဖော်ပြလာသောကြောင့် မြန်မာတို့ ပါဠိစာပေကို များစွာလေးစား အထင်ကြီးကြောင်း သိသာထင်ရှားပေ သည်။ သို့သော် ဗုဒ္ဓသာသနာဖြင့် ယှဉ်လျက် နတ်ကိုးကွယ်မှု ဓလေ့ဟောင်းကြီးကို ဆက်လက် သယ်ဆောင်လာခဲ့ သည်မှာ မြန်မာမင်းတို့၏ နိုင်ငံရေးရည်မှန်းချက် တခုဟုပင် ဆိုရမည် ဖြစ်သည်။ မြန်မာမင်းတို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသော်လည်း နတ်ဓလေ့ဟောင်းကို မစွန့်နိုင်ခဲ့သောကြောင့် ပြည်သူတို့လည်း ယနေ့တိုင် တမျိုးသားလုံး နတ်ယုံကြည်မှုကို မစွန့်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါမည်။ စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ရိုးရာနတ်တို့မှာ မည်သို့မျှ တွဲဖက် မမိလှချေ။ ဤတွင် ပုပ္ပားတောင်အမည် ပေါ်ပေါက်လာပုံကို ဆိုရပါဦးမည်။ ပုဂံမတိုင်မီက ပုပ္ပားတောင်ကို မည်သို့ခေါ်ဆိုခဲ့ကြပါသနည်း။ ဤမေးခွန်းကို ဖြေဆိုကြည့်ရန် ကြိုးစားကြည့်သော် လည်း ကျေနပ်ဖွယ် မတွေ့ရှိရပါ။ ပုဂံခေတ် ကျောက်စာတို့တွင်ပင် ပုပ္ပားအမည်ကို မတွေ့ရှိရဘူးသေးပါ။ ဧရာဝတီကို “မြစ်ကြီး” ဟု ခေါ်ဆိုခဲ့ကြသကဲ့သို့ ပုပ္ပားတောင်ကိုလည်း “တောင်ကြီး” ဟူ၍သာ ခေါ်ဆိုခဲ့ကြမည် ထင်ပါသည်။ ပါဠိ စာပေ ပိုမိုထွန်းကားလိုက်စားလာသော ပုဂံခေတ်နှောင်း (သို့မဟုတ်) အင်းဝခေတ်လောက်တွင်မှ ရေးကြီးခွင့်ကျယ် ဒေသများကို ပါဠိစာလုံးများဖြင့် ရှေးကထက် ပိုမိုကင်ပွန်းတတ် ခေါ်ဆိုလာကြမည် မှန်းဆရသည်။ သို့ဖြင့် မြစ်ကြီးကို “ဧရာဝတီ” တောင်ကြီးကို “မဟာဂီရိ” ဟူ၍ ပါဠိဘာသာ ပြန်ဆိုခဲ့ကြဟန် ရှိသည်။ တနည်းလည်း ပန်းတို့ ပွင့်လန်းရာတောင်ဖြစ်သောကြောင့် ပါဠိလို ပုပ္ဖဂီရိ ပန်းတောင်ဟု ခေါ်လာခဲ့ကြရာမှ ပုပ္ပားတောင် ဝါ ပုပ္ပားတောင် ဖြစ်လာနိုင်သည်ဟူ၍လည်း တွေးဆရနိုင်သည်။ တောင်အမြင့်ထက်တွင် ပွင့်သောပန်းကိုလည်း နတ်ပန်းဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်ပါမည်။ ပုပ္ပားတောင်မှ စံကား (နတ်) ပန်းသည် အနိရုဒ္ဓလက်ထက်တွင် တော်ဝင်ပန်းဖြစ်လာခဲ့ပုံ သဘောကို မြန်မာရာဇဝင် ဆရာများက ဖော်ပြကြသည်။ နောက်ပိုင်း မင်းတို့လက်ထက် ပုပ္ပားတောင်မှ မဟာဂီရိနတ်ကို သွားရောက် တွေ့ဆုံကြကြောင်း၊ မဟာဂီရိနတ်နှင့် ဘုရင်တို့ စကားပြောဆိုကြကြောင်းများကိုလည်း မဟာရာဇဝင်တော်ကြီးတွင် အကြိမ်ကြိမ် တွေ့ရှိရလေသည်။ ဘုရင်များက နတ်နှင့် တွေ့ကြသည်မှာ ပြည်သူတို့က မင်းဧကရာဇ်ကို ပိုမိုခန့်ညား လေးစားလာ စေရန် ဖြစ်သည်။ ရာဇဝင်တော်ကြီးအလိုအရ မြန်မာမင်းတို့ နတ်နှင့် တွေ့ဆုံကြသောလမှာ နတ်တော်လ ဖြစ်သည်။ နတ်တော်လသည် နတ်နှင့် ဘုရင် (တော်) တို့ တွေ့ဆုံရာလကို ခေါ်ခြင်းဟု အဓိပ္ပာယ် ထွက်ရှိမည် ထင်ပေသည်။ ဆောင်းကာလဖြစ်၍ ရာသီဥတု ခြေခင်းလက်ခင်း သာသောအချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးကုလားက “နတ်တော်လရောက်လတ်သော် မင်းတကာတို့သည် ပုပ္ပားတောင်သို့ တက်မြဲဖြစ်သောကြောင့် အစဉ်တိုင်း ပုပ္ပားသို့ တက်တော်မူလေသည် (ကုလား၊ပ၊ ၂၇၉၂၈၉)” ။ ဤသို့ဖြင့် ဥဇနာမင်းကြီး ပုပ္ပားတောင်သို့ ကြွချီတော်မူလာစဉ် တောင်၏မြောက်ဘက်ရှိ ဆိတ်ထိန်း ကမ်းဖြူအရပ်မှ အမျိုးသမီးငယ်တဦးကို တော်ကောက်ယူတော်မူနိုင်ခဲ့ခြင်း ဖြစ်လေသည်(ကုလား၊ပ၊ ၂၈ဝ)။ ဤကား ပုဂံရာဇဝင်ထဲတွင် တွေ့ရှိရသော ပုပ္ပားတောင် အကြောင်းတည်း။ ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့ ရှိသည်။ သို့သော် ပုပ္ပားနှင့် သက်ဆိုင်လာသော အခါ၌မူ သာသနာ မရောက်မီကရှိခဲ့သော နတ်ယုံကြည်မှုဓလေ့သည် မင်းနှင့်တကွ ပြည်သူတို့ကြားတွင် ပြန်လည် ပေါ်ပေါက်ခဲ့ဟန် ရှိသည်။ စင်စစ်မူ မင်းတိုင်းကား ဤသို့မဟုတ်ဟု ထင်ပါသည်။ ရာဇဝင်ဆရာက ပုဂံမင်းနှင့် ပုပ္ပားနတ်တို့ကို တွဲ၍ပြခဲ့သော အရေအတွက်မှာ အနည်းငယ်မျှသာ ရှိခဲ့သည်။ ဤတွင် ကျန်စစ်သားဟု အသိများသော ထီးလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား ဖော်ပြပေးခဲ့သည်။ ပုပ္ပား စောရဟန်းနှင့်တုန်းက မင်းမျိုးမဟုတ်၍ စကားမပြောချင်ဟုဆိုသောနတ်သည် ကျန်စစ်သားမင်းနှင့်မူ စကားဆို ပြန်သောကြောင့် ယင်းကို မင်းမျိုးဟု သတ်မှတ်စေလို၍ပေလော တွေးဆဖွယ် ဖြစ်လာသည်။ မဟာဂီရိသည် ကျန်စစ်သားကို ဒုက္ခအပေါင်းမှ အကြိမ်ကြိမ်ကယ်ခဲ့သည့် နတ်ဖြစ်သည်။ ထိုဖော်ပြချက်က ကျန်စစ်သားမင်းကို ဘုန်းတန်ခိုးကြီးကြောင်း ပေါ်လွင်စေလို၍၊ သို့မဟုတ် မင်းမဟာဂီရိနတ်ကို လူတို့က ပိုမိုပူဇော် ပသလာစေလို၍ ဖြစ်မည်ထင်ပါသည်။ ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်သည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွားခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်သည်။ အချုပ်မှာ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်ရေး ကျောက်စာတို့တွင် တကြိမ်မျှ မတွေ့ရှိရဘူးသေးချေ။ မင်းမဟာဂီရိ နတ်မောင်နှမနှင့် ပတ်သက်၍လည်း ထို့အတူသာလျှင်ဖြစ်သည်။ သို့သော် ဒဏ္ဍာရီဇာတ်လမ်းတို့ကား များပြားလှသည်။ ကျောက်စာတွင်မပါ၍ မယုံကြည်ရဟု မဆိုနိုင်သော်လည်း နတ်ယုံကြည်မှုကို ပုံဖော်ရာ၌မူ ပညာသားပါလှသည်ဟု ဆိုရမည်ထင်မိပါသည်။ ပုဂံရှိ သာသနိက အဆောက်အအုံတို့က အနိရုဒ္ဓနှင့် ရှင်အရဟံ တို့၏ လုံ့လဥဿဟကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ပွင့်လင်းစည်ပင်လာခဲ့ရသည်ကို သက်သေပြနေဘိသို့ ရှိသည်။ တဖက်တွင် လည်း နတ်ကိုးကွယ်မှုကို အားပေးထားကြောင်း ပုပ္ပားတောင်က သက်သေပြလျက် ရှိနေပြန်ပါသည်။ ထို့အပြင် ပုပ္ပားသည် လောကီပညာရပ်များ ကျင့်ကြံအားထုတ်ရာဟူ၍လည်း ယုံကြည်ရသည်။ ကျန်စစ်သားက ငရမန်ကိုတိုက်ရန် ထီးလှိုင်ဘက်တွင် စည်းရုံးနေရချိန်တွင် ဆရာရှင်ပုပ္ပါးက ယတြာများစီရင်ပေးရကြောင်းလည်း တွေ့ရှိရဖူးသည် (ကုလား၊ ပ၊ ၂ဝ၉)။ ဤမျှ အရေးပါခဲ့သော ပုပ္ပားတောင်သည် ပုဂံခေတ်ကုန်သော အခါ အဓိကရဖြစ်သော အုပ်ချုပ်ရေး အသိုင်းအဝန်းနှင့်တကွ နိုင်ငံရေးဗဟိုချက်သည် အထက်အညာသို့ ရွှေ့ခဲ့ပြီဖြစ်၍ ယင်း၏အရေးပါမှု အခန်းကဏ္ဍက ကျဉ်းမြောင်းလာခဲ့တော့သည်။ စာပေတွင်လည်း အတွေ့နည်းပါး လာခဲ့ရသည်မှာ ဝန်ကြီးပဒေသရာဇာ၏ ခေတ်ကာလ တိုင်အောင်ပင်ဖြစ်ပေသည်။ ဖွဲ့စည်းတည်ရှိပုံ ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊အဆောက်အဦးများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိသည်။ သို့သော် ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်မကြီးပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းမျှသာဖြစ်သည်။ ထို့ကြောင့် ပုပ္ပါးတောင်ကို ပုပ္ပါးတောင်မကြီး(၄၉၈၁ပေ) နှင့် ပုပ္ပါးတောင်ကလပ်(၂၄၁၇ပေ)ဟူ၍ နှစ်ခုရှိသည်ကို မှတ်သားသင့်သည်။ ပထဝီဝင် ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်ငုတ်တိုတောင်၊ လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။ မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။ ကိုးကား ပြင်ပလင့်ခ်များ မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ မြန်မာနိုင်ငံရှိ တောင်များ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%95%E1%80%B9%E1%80%95%E1%80%AB%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ဦးပေါ်ဦး
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ၏ အိမ်တော်ပါ ငယ်ကျွန်ရင်းများအနက်မှ တစ်ဦးဖြစ်သည်။ ဘိုးတော်အလောင်းအလျာဖြစ်သော မောင်ဝိုင်း အိမ်နိမ့်စံဘဝကပင် ငမြတ်ထင်၊ ငစံရွေး စသောအိမ်တော်ပါ အမှုထမ်းများအနက် ပေါ်ဦးမှာ ဟာသဉာဏ်ရှိသူ ပညာရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက် များ သာ ဖြစ်သည်ဟု တင်နိုင်တိုး၏ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင် တွင် အထောက်အထားခိုင်လုံစွာ ရေးသားဖော်ပြထားလေသည်။ (ပျော်တော်ဆက် သက်တော်ရှည်အမတ်မဟုတ် ဆိုသည်မှာ အငြင်းပွားဖွယ်ကိစ္စဖြစ်သည်။ တင်နိုင်တိုး၏အမြင်ကို အမြင်အဖြစ်ဖြင့်သာယှဉ်တွဲဖော်ပြသင့်သည်။ အလွန်ခိုင်လုံသောအထောက်အထားများဖော်ထုတ်နိုင်ခဲ့ကြောင်း သေချာပါက အဆိုပါအထောက်အထားများအားလုံး ပြည့်စုံစွာ ပူးတွဲပါရှိသင့်သည်) သမိုင်းသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အမှာစာမှ အမတ်ကြီးဦးပေါ်ဦး၏ အကြောင်းနှင့်ပတ်သက်၍ ဦးအောင်က လျှောက်ထုံးစာအုပ်များ ထုတ်ဝေခဲ့ဖူးသည်။ ထို့နောက် ပိဋကတ်ဆရာမြိုင်၊ စာတော်ပြန် ဆရာသိန်း၊ ဦးကျော်ထွန်းတို့က လျှောက်ထုံးစာအုပ်များ ဆက်လက်ထုတ်ဝေခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် ဦးပေါ်ဦးအကြောင်း သက်ကြီးစကား သက်ငယ်ကြားဖြင့် ကြားဖူးနားဝရှိကြသည်။ မျက်မှောက်ခေတ်တွင်လည်း ယင်းစာအုပ်ပါ အကြောင်းအရာများကို ကိုးကားပြောဆိုနေကြဆဲ ဖြစ်သည်။ အမှန်တကယ်အားဖြင့် ဦးပေါ်ဦးသည် လျှောက်ထုံးစာအုပ်တွင် ပါသကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ထို့အတူ ဦးအောင် ဖော်ပြရေးသားထားသကဲ့သို့ ဝန်ကြီးတစ်ဦးလည်း မဟုတ်ပေ။ ဦးပေါ်ဦးသည် မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့အစည်းတွင် မြေတိုင်းအတွင်းဝန်တစ်ဦး မျှသာ ဖြစ်သည်။ တင်နိုင်တိုးက အစဉ်အဆက် မှတ်သားလာခဲ့ပြီး ဦးပေါ်ဦးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သမိုင်းသုတေသနအမြင်ဖြင့် ချေဖျက်ထားသည်။ အချို့အချက်အလက်များကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပယ်ဖျက်ထားသည်။ တင်နိုင်တိုး၏ အမှာစာမှ ဦးပေါ်ဦးသည် ပြင်ပလောကတွင် အမှန်တကယ်ရှိခဲ့သည်။ သို့သော်ငြားလည်း ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက်များသာ။ သို့သော် စာအုပ်စာတမ်းအချို့တွင် ယင်းလျှောက်ထုံးများထဲမှ သမိုင်းအချက်အလက်များအား အကိုးအကား ပြုနေကြသည်ကို တွေ့နေရသည်။ ဤစာရေးသူအနေဖြင့် နောင်တစ်ချိန်တွင် လျှောက်ထုံးထဲမှ ဦးပေါ်ဦးကို စာဖတ်သူအများက အစစ်အမှန်ဟု ယုံကြည်သွားကြမည်ကိုလည်း စိုးရိမ်မိပါသည်။ သို့ကြောင့်လည်း အမတ်ကြီးဦးပေါ်ဦး၏ ဘဝသရုပ်မှန်နှင့် သူ၏ လျှောက်ထုံးများကို သမိုင်းသုတေသနအမြင်ဖြင့် ချဉ်းကပ်ကြည့်ရှုရန် ကြိုးစားဖြစ်သည်။ (တင်နိုင်တိုး) ဦးပေါ်ဦး အတ္ထုပ္ပတ္တိ အမတ်ကြီး ဦးပေါ်ဦးသည် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်၌ ရေဦးနယ်၊ တန့်ဆည်ရွာ(ယခု-တဇယ်)တွင် အဖဦးစံခိုင် နှင့် အမိဒေါ်ပိုးဇီမှ မွေးဖွားခဲ့သည်။ ဦးပေါ်ဦး၏ မျိုးရိုးသည် သူကြီးမျိုးရိုး ဖြစ်သည်။ ဤတွင်လည်း မွေးနေ့ သက္ကရာဇ်အတိအကျ အမှန်ဖြစ်ကြောင်းကို- မောင်သုတ(ဗိုလ်မှူးဘသောင်း)၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၃.မတ်လ.၁၇၆၀)ဟု ဖော်ပြထားသည်။ သို့သော် ဒေါ်ရီရီပြုစုသော မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်အရ ယင်းနေ့မှာ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်နေသည်။ ဒေါက်တာတိုးလှ၏ ရက်ချုပ်စစ်တမ်းဆောင်းပါးတွင်မူ `တင်္ခဏုပတ္တိဉာဏ် ရှင်သန်လှသည်ဟု ကျော်ကြားခဲ့သော အမတ်ကြီး ဦးပေါ်ဦးကား ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်ဟု ပညာရှင်တို့က တညီတညွတ်တည်း ဆိုမိန့်ခဲ့ကြသည်။ ထိုအဆိုအမိန့်အရ ရက်ချုပ်ကို စစ်ဆေးကြည့်သောအခါ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ဖြစ်ရသည်မှာ လဆန်းနှင့် လဆုတ်လွဲမှား မှတ်သားမိသောကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အမတ်ကြီး၏ ရက်ချုပ်ကို ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၁၇.ဖေဖော်ဝါရီလ.၁၇၆၀)ဟု ပြင်ဆင်သတ်မှတ်မှ မှန်မည်ဖြစ်သည်။ စာဆိုတော်မောင်းထောင်ဦးကျော်လှ တစ်ကြိမ်တွင် အမတ်ကြီးဦးပေါ်ဦး၏ ဇာတိရပ်ရွာသို့ ရောက်ခဲ့လေရာ သံချိုတစ်ပုဒ်ကို အမှတ်တရ ရေးဖွဲ့ခဲ့လေသည်။ ယင်းသံချိုကို- `မွေးသက္ကရာဇ်ကယ်က၊ ဧဧက်ကယ်အံဧကာတဲ့၊ တစ်ထောင့်တစ်ရာနှစ်တစ်ခုရဲ့၊ ရတု နွေတန်ခူးတွင်မှ၊ ကြက်ဦးတွန်ရောင်ဖြူလင်းခဲ့၊ တနင်္ဂနွေရက်တွင်မှ၊ နေထွက်တွင် မြော်မြင်သွားသတဲ့၊ ထင်ရှားအောင် အထူးခေါ်သမုတ်တယ်၊ ဦးပေါ်ဦး သူ့နာမည်။´ ဟု အစပြုခဲ့ပေသည်။ သံချို၏ အလိုအရ အမတ်ကြီး ဦးပေါ်ဦး၏ မွေးသက္ကရာဇ်ကို ၁၁၂၁-ခု၊ နှောင်းတန်ခူးလ၏ တနင်္ဂနွေရက်တစ်ရက်ဟု ဆိုလိုဟန်ရှိပေသည်။ ဆရာဒဂုန် ရေးသားပြုစုသော မြန်မာ့ရိုးရာ ကောဇာဂြိုဟ်စီးဂြိုဟ်နင်း ဗေဒင်ပညာစာအုပ် (တတိယတွဲ) ဗဟုသုတအဖြစ် မှတ်သားထားရန် ဇာတာများ ကဏ္ဍတွင် အမတ်ကြီး ဦးပေါ်ဦး၏ ဇာတာကို တွေ့ရှိရသည်။ ဇာတာတွင် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ (၃.မတ်လ.၁၇၆၀) ဟူ၍ ဖော်ပြထားသည်။ ဇာတာအနေအထားအရ တပေါင်းလဆန်း မဟုတ်ဘဲ လပြည့်ဝန်းကျင်ကို ရည်ညွှန်းနေပါသည်။ ထို့ကြောင့် မွေးသက္ကရာဇ်အမှန်မှာ ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်သာ ဖြစ်သင့်ပါသည်။ ဇာတာကို လေ့လာကြည့်လျှင် တနင်္ဂနွေဂြိုဟ်သည် ကုမ်ရာသီ၌ ရပ်တည်လျက် ရှိပြီး လဂ်မှာ ပြိဿရာသီသို့ ရောက်ရှိနေပေရာ ဇာတာရှင်မှာ နေမွန်းတက်ဝန်းကျင်၌ ဖွားမြင်ကြောင်း မှန်းဆနိုင်သည်။ မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် အမတ်ကြီး ဦးပေါ်ဦးကို နေမွန်းတက်ချိန်၌ ဖွားမြင်ကြောင်း ဖော်ပြထားပုံနှင့်လည်း ကိုက်ညီမှုရှိသည်။ မျိုးရိုးဆက်နွယ် မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ဦးပေါ်ဦး၏ မိဘမျိုးမည်အကြောင်း မှတ်သားချက် မတွေ့ရပါ။ သို့သော် သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ် စာမျက်နှာ(၁၄၉)၌မူ ဦးပေါ်ဦး၏ မိဘများကို ဦးစံခိုင် နှင့် ဒေါ်ပိုးဇီတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖခင်ဘက်မှ မျိုးရိုးမှာ တန့်ဆည်ရွာသူကြီးမျိုး ဖြစ်သည်။ အမိ၏မျိုးရိုးမှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရွှေလင်းဆွဲရွာမှ ဖြစ်သည်။ ရွှေလင်းဆွဲရွာသူကြီး မိသားစုသည် သူကြီးအာဏာ အလုခံရသဖြင့် သူကြီးသစ်၏ရန်ကို ကြောက်ရွံ့ကာ ရေဦးနယ်၊ တန့်ဆည်ရွာသို့ တိမ်းရှောင်ခဲ့ကြသည်။ ယင်းမိသားစုနှင့်အတူ သူကြီးသမီး မပိုးဇီလည်း လိုက်ပါလာခဲ့၏။ မပိုးဇီ အရွယ်ရောက်လာသောအခါ တန့်ဆည်သူကြီးသား မောင်စံခိုင်နှင့် လက်ဆက်ခဲ့သည်။ မောင်စံခိုင်နှင့် မပိုးဇီမှ အမတ်ကြီးဦးပေါ်ဦး ဖြစ်လာမည့် မောင်ပေါ်ဦး ဖွားမြင်ခဲ့သည်။ သို့ဖြစ်၍ ဦးပေါ်ဦးကို တည့်ဆည်ရွာသူကြီး မျိုးရိုးဟု ဆိုနိုင်သည်။ မွေးချင်းများ ဦးပေါ်ဦးတွင် ဦးတုတ်ကြီး ဆိုသူ အစ်ကိုတစ်ဦးရှိကြောင်း သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ်က ဆိုသည်။ သို့သော် အမည်သာပါပြီး အခြားအမှတ်အသား တစ်စုံတစ်ရာမတွေ့ရပေ။ ပုဂံမင်းလက်ထက် ခရစ်နှစ်၁၈၅၁-ခုနှစ်တွင် မင်းလှသီရိသီဟသူ ရေးသားပြုစုခဲ့သည့် `စာဆိုတော်သံဃာတော်တို့စာရင်း´ ပေမူအရ ဆိုပါလျှင် ဦးပေါ်ဦး၌ ဒေါ်နီဆိုသည့် အစ်မတစ်ယောက်ရှိသေးကြောင်း သိရသည်။ ဒေါ်နီသည် တတိယကျော်အောင်စံထား ဆရာတော် လူထွက် ဦးလွန်းပေါ်နှင့် စုံဖက်ခဲ့၏၊ သို့သော် ၁၇၉၈-ခုနှစ်တွင် ဒေါ်နီ သီလရှင်ဝတ်သွားသည်။ ဦးပေါ်ဦး၏အစ်မ ဒေါ်နီနှင့်ပတ်သက်၍ တတိယကျော်အောင်စံထား ဆရာတော်၏ ထေရုပ္ပတ္တိတွင် အတော်အတန် သိရှိရသည်။ ဒေါ်နီသည် တစ်ခုလတ်အမျိုးသမီး ဖြစ်ပြီး ၁၇၉၃-ခုနှစ်တွင် ငစင်ရိုင်းရွာသူကြီး ဦးရွှေပေါ်နှင့် ဒေါ်အေးသာတို့၏သား ရဟန်းလူထွက် ဦးလွန်းပေါ်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးလွန်းပေါ်မှာ ထိုစဉ်က လွှတ်တော်စာရေး အဖြစ်အမှုထမ်းနေဆဲ ဖြစ်သည်။ သို့သော် ဦးလွန်းပေါ်သည် ဒေါ်နီနှင့် ငါးနှစ်မျှသာ ပေါင်းသင်းပြီး ၁၇၉၈-ခုနှစ်၌ ရဟန်းဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၈၃၉-ခုနှစ်တွင် ဒေါ်နီ၏ခင်ပွန်းဖြစ်ခဲ့သူ တတိယကျော်အောင်စံထား ဆရာတော် ရှင်ရဝသာမိ ပျံလွန်တော်မူသည်။ ဒေါ်နီသည် ဦးလွန်းပေါ်နှင့် သားသမီး မထွန်းကားခဲ့ပေ။ Who's who in Burma(Myanmar)စာအုပ် စာမျက်နှာ(၁၁၂)တွင် သာယာဝတီမင်းလက်ထက် ရွှေလှံဝန်ကြီး ဦးစိုသည် အမတ်ကြီးဦးပေါ်ဦးနှင့် ညီအစ်ကို တော်စပ်သူဟု မှတ်သားဖွယ် တွေ့ရှိရသည်။ သို့သော် ညီအစ်ကိုအရင်းအချာ မဟုတ်ဘဲ ဝမ်းကွဲညီအစ်ကို တော်စပ်သူသာ ဖြစ်ဟန်တူသည်။ ဦးစိုသည် အိမ်ရှေ့ရုံးစာရေးကြီး ဦးဘော်၏သား ဖြစ်သည်။ ၎င်းဦးဘော်သည် ဦးပေါ်ဦး၏ ဖခင်(သို့မဟုတ်)မိခင် နှင့် မောင်နှမတော်စပ်သူ ဖြစ်ပေလိမ့်မည်။ ငယ်ဘဝ ဦးပေါ်ဦးသည် ငယ်စဉ်က တန့်ဆည်ရွာတွင် နေထိုင်ပြီး အရွယ်ရောက်သောအခါ မိမိတို့မိသားစုအား ပစ်ပယ်ထားသော အဘိုးဖြစ်သူ တည့်ဆည်ရွာသူကြီးကို စိတ်နာသဖြင့် ရွှေဘိုသို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုပေသည်။ သူသည် ရွှေဘိုတွင် ရဟန်းဝတ်ကာ စာပေကျမ်းဂန်များ လေ့လာဆည်းပူးခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးတစ်နေရာ၌ ရဟန်းသုံးဝါ ရခဲ့ကြောင်း တွေ့ရသည်။ ထူးချွန်စွာ လေ့လာပြီးသောအခါ ဗဒုံမင်းသား(ဘိုးတော်ဘုရား)နှင့် အဆက်အသွယ်ရကာ လူထွက်၍ အိမ်တော်၌ သွားရောက်အမှုထမ်းခဲ့သည်။ ဗဒုံမင်းသားထံ အမှုထမ်းစဉ် ဗဒုံမင်းသားမှာ ရာထူးကျလျက် စစ်ကိုင်းဘက်တွင် နွမ်းပါးစွာ နေထိုင်ရချိန်ဖြစ်သည်။ မှော်ပီဆရာသိန်း၏ ပါးစပ်ရာဇဝင်စာအုပ်အရ ဗဒုံမင်းသား၏ အိမ်တော်၌ အမှုထမ်းရွက်ရသည့် မောင်ကျော်ရွေးက မန်ကျည်းရွက်နုခူးပေးရပြီး မောင်ပေါ်ဦးက ရောင်းချရကြောင်း၊ မောင်မြတ်ထင်က ဗန်းမော်ကောင်းတုန် အရောက် လှေထိုးလိုက်ကာ ဗဒုံမင်းသား မိသားစုကို ကျွေးမွေးပြုစုရကြောင်း ဆိုသည်။ ပါးစပ်ရာဇဝင်ဆိုသည့်အတိုင်း မည်မျှမှန်ကန်သည်ကို မသိရပေ။ ထိုစဉ်က ဦးပေါ်ဦးအသက်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိပါသေးသည်။ ဦးပေါ်ဦး အနေဖြင့် စစ်ကိုင်း၌ ညှိုးငယ်စွာနေရသော ဗဒုံမင်းသား၏ အိမ်တော်သို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်ကိုမူ အထောက်အထား မတွေ့ရပေ။ မင်းမှုထမ်းအစ ၁၇၈၂-ခုနှစ် ဗဒုံမင်းသား ဘုရင်ဖြစ်လာသောအခါ မဟာဇေယျသူရသင်္ခယာဘွဲ့ နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ဆိုသည်။ ဤအဆိုမှာ ကဝိသေတ္တုမဉ္ဇူသာကျမ်း လာဖြစ်သည့်အလျောက် များစွာသံသယ ဖြစ်ဖွယ်ရှိသည်။ အထောက်အထား အခိုင်အမာ သိရှိရသော ရာထူးမှာ မြေတိုင်ရာထူးသာ ဖြစ်သည်။ မြေတိုင်းမဟုတ်ပါ။ မြေတိုင်ဟူသည် မြို့ရွာအုပ်ချုပ်သူ အရာရှိဖြစ်၏။ အချို့မြို့ရွာများတွင် သူကြီးအစား မြေတိုင်ကို တွေ့ရှိရပြီး အချို့ဒေသများ၌ မြေတိုင်ကို သူကြီးလက်အောက်ခံ ရာထူးအဖြစ် တွေ့ရှိရလေသည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် စလေ၊ မက္ခရာ၊ မြစ်သား စသည့်မြို့များ၌ မြေတိုင်သူကြီးများ အုပ်ချုပ်ခဲ့ကြသည်။ ဗဒုံမင်းလက်ထက်တွင် ရှေးကရှိခဲ့ဘူးသော မြို့သူကြီးနှင့် မြေတိုင်ရာထူးနှစ်ခုကို အဆင့်တူပေါင်းစပ်ကာ တစ်ဦးတည်း ထားရှိသတ်မှတ်ခဲ့သည်။ သို့သော် ယင်းသို့ သတ်မှတ်လိုက်သည့်တိုင် မြေတိုင်ရာထူးကို မြို့ငယ်များနှင့် ကျေးရွာများ၌ တွေ့ရှိနေရဆဲဖြစ်သည်။ တစ်ခါတရံ မြို့ရွာတစ်ခုတည်း၌ပင် ပြည်စိုးနှင့် မြေတိုင်ဟူ၍ သူကြီးမျိုးရိုးနှစ်မျိုးကို တွေ့ရှိရ တတ်ပါသေးသည်။ ၁၄.မေ.၁၇၉၅-ခုနှစ်တွင် ရတနာသိင်္ဃ(ရွှေဘို)မြို့၌ ပြည်စိုးနှင့် မြေတိုင်သူကြီးမျိုးရိုးနှစ်မျိုး ရှိနေ၍ အမိန့်တော်ဖြင့် တားမြစ်ခဲ့ရသည်။ ဦးပေါ်ဦးသည် တန့်ဆည်ရွာသူကြီး အဆက်အနွယ်မှ ပေါက်ဖွားလာသူ ဖြစ်သဖြင့် မြေတိုင်ရာထူးကိုသာ ဦးစွာရရှိခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် မြေတိုင်အမတ်ဟူ၍ အမည်တွင်လာခြင်း ဖြစ်၏။ မြေတိုင်ရာထူးရရှိပြီးမှသာ အဆင့်ဆင့်ရာထူးတိုးမြှင့် ခန့်ထားခံရခြင်းဖြစ်ဖြစ်ပေလိမ့်မည်။ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၇၈၂-ခုနှစ်၊ ဘိုးတော်ဘုရားနန်းတက်စ၌ ဦးပေါ်ဦးကို မဟာဇေယျသူရသင်္ခယာဘွဲ့ဖြင့် နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ကဝိသေတ္တုမဉ္ဇူသာကျမ်းကို ကိုးကားလျက် ဖော်ပြခဲ့သည်။ ဘိုးတော်ဘုရား၏ အမိန့်တော်များကို ဒေါက်တာသန်းထွန်း၏ Royal Orders of Burma(Myanmar)တွင် လေ့လာကြည့်သောအခါ ခရစ်နှစ် ၁၈၀၀-ပြည့်နှစ် မတိုင်မီအထိ အမှုထမ်းခဲ့သော နာခံတော်များစာရင်းကို အောက်ပါအတိုင်း တွေ့ရသည်။ ကျော်စွာနော်ရထာ(၁၂.၉.၁၈၀၆ကွယ်လွန်) ဇေယနော်ရထာ ဇေယသိင်္ခသူ နေမျိုးသင်္ကြန် နန္ဒမိတ်စည်သူ သီရိနန္ဒမိတ်ကျော်ထင် သီဟနော်ရထာတို့ ဖြစ်ကြသည်။ ယင်းစာရင်းတွင် ဦးပေါ်ဦးရရှိခဲ့သည်ဆိုသော မဟာဇေယျသူရသင်္ခယာ ဘွဲ့မည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် အမတ်ကြီးဦးပေါ်ဦးသည် ယင်းဘွဲ့ဖြင့် နာခံတော်ရာထူး ရရှိခဲ့ခြင်း မရှိဟု မှတ်ယူမိပါသည်။ မြေတိုင်အတွင်းဝန် ဦးပေါ်ဦးသည် အိမ်တော်ပါအမှုထမ်းဟောင်း တစ်ဦးဖြစ်သည့်အားလျော်စွာ ဗဒုံမင်းနန်းတက်လာပြီး များမကြာမီ၌ အတွင်းဝန်ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ အတွင်းဝန်ရာထူး ရရှိလာပြီးနောက် မြေတိုင်အမတ်ဟူ၍လည်းကောင်း၊ မြေတိုင်အတွင်းဝန်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်း ခံရသည်ကို တွေ့ရှိရသည်။ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များသည် ကိုလိုနီခေတ်ကာလတွင် အရောင်းရ အတွင်ကျယ်ဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များကို အဓိကရေးသားပြုစုခဲ့ကြသူများနှင့် စာအုပ်အမည်များမှာ- ဦးအောင် - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ပထမတွဲ) ပိဋကတ်ဆရာမြိုင် - ဝန်ရှင်တော်အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး (ပထမတွဲ)၊ (ဒုတိယတွဲ) စာတော်ပြန် ဆရာသိန်း - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ဒုတိယတွဲ) ဦးကျော်ထွန်း - ကဝိစက္ခုပဿဒကျမ်း တို့ ဖြစ်သည်။ ထို့အပြင်- ဦးပေါ်ဦး၏ စကားအလင်္ကာ ရဲဘော်ကျော်ဆန်း - ရဟန်းပညာရှင်၊ လူပညာရှင်များနှင့် အမတ်ကြီး ဦးပေါ်ဦး လက်ရွေးစင်ဟာသများ မြန်မာမြေ သိန်းလွင် - ဦးပေါ်ဦး၏ စကားပညာ တို့ ဖြစ်ကြသည်။ ကိုးကား မြန်မာ မှူးမတ်များ
https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%A6%E1%80%B8
ထိုင်ဝမ်ကျွန်း၏ ပထဝီဝင်
ထိုင်ဝမ်ကျွန်းသည် အာရှတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်တွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး ဧရိယာမှာ 36,188 စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လက်ရှိတွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်းသွားသည်။ ထိုင်ဝမ် တစ်လွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်အရပ်မှ အနောက်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမြောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစမ်းနှင့် မီးသေတောင်များ ပေါများသည်။ ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ ထိုင်ဖုန်းမုန်တိုင်းဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ ၁၄ဒီဂရီစင်တီဂရိတ် လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ ၂၅၁၀ မီလီမီတာ အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်သည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။ ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုး、တိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကား(မင်နန်စကား)၊ ကော်ယွီတရုတ်စကား(ရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။ အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး လက်ရှိတွင် နာနိုနည်းပညာ၊ အလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။ အမည်ပေါ်ပေါက်လာပုံ ထိုင်ဝမ်၏အမည် ပေါက်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အဆို အမျိုးမျိုးရှိသည်။ အဆိုတမျိုးမှာ ထိုင်ဝမ်တောင်ပိုင်းဒေသမှ ရှီးလားယာ တိုင်းရင်းသား ဘာသာစကား Taian (ထိုင်အန်) သို့ Tayan (တာယန်)မှ ဆင်းသက်လာသည်ဟု ဆိုသည်။ “ရပ်ဝေးမှလာသူ” ဟု အဓိပ္ပာယ်ရသည်။ ဒတ်ချ်ကိုလိုနီခေတ်တွင် ထိုင်ဝမ်အား ဒတ်ချ်ဘာသာဖြင့် Taioan ဟုခေါ်ဆိုခဲ့ကြသည်။ ယင်းကို အစွဲပြု၍ တရုတ်စာဖြင့် 「大員」(တာ့ယွမ်)၊ 「台員」(ထိုင်ယွမ်)၊ 「大灣」(တာ့ဝမ်း) သို့「台窩灣」(ထိုင်ဝေါဝမ်း) ဟု ရေးသားကြသည်။ ယင်းအမည်နာမများသည် မူလက ယခုခေတ် ထိုင်နန်ဒေသကို ညွှန်းဆိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုင်ဝမ်တကျွန်းလုံး၏ အမည်ဖြစ်လာသည်။ ရှေးခေတ် ဂျပန်တို့က ထိုင်ဝမ်အား 高砂 (တာကဆကို့) 高砂國 (တာကစကို့ပြည်) ဟု ခေါ်ဝေါ်ကြသည်။ ထိုင်ဝမ်၏ အခြားအမည်တခုမှာ “ဖော်မိုဆာ” ဖြစ်သည်။ ၁၆ ရာစုက ပေါ်တူဂီသင်္ဘော ထိုင်ဝမ်အနီး ဖြတ်သန်းသွားခိုက် ပင်လယ်ပြင်မှ မျှော်ကြည့်ရတွင် ထိုင်ဝမ်သည် လှပသည့် ကျွန်းတကျွန်းဖြစ်ကြောင်း တွေ့ရှိကာ Ilha Formosa!ဟု ဟစ်အော်ကြသည်။ ပေါ်တူဂီ ဘာသာတွင် ဖော်မိုဆာသည် လှပသောဟု အဓိပ္ပာယ်ရပြီး အီဟာမှာ ကျွန်းကို ဆိုလိုသည်။ ၁၉၅၀ ပြည့်လွန်နှစ် မတိုင်မှီ ဥရောပ နိုင်ငံများက အဓိက အသုံးပြုသည့် အမည်ဖြစ်သည်။ သမိုင်း ၁၇ ရာစု မတိုင်မှီ ကျောက်ခေတ်ဟောင်း နှောင်းပိုင်းကာလ (ဘီစီ ၅၀၀၀၀ - ၁၀၀၀၀) ထိုင်ဝမ်ကျွန်းပေါ်တွင် လူသားများ နေထိုင်ကျက်စားလျက် ရှိပြီဖြစ်သည်။ တိကျသည့် သက်သေအထောက်အထားမှာ ကျောက်ခေတ်သစ် (ဘီစီ ၅၀၀၀) နောက်ပိုင်း သမိုင်းမတင်မှီ ယဉ်ကျေးမှုသည် ဩစထြိုနေးရှား ဘာသာစကားပြော လူမျိုးများချန်ရစ်ခဲ့ခြင်း ဆိုသည့် အချက်ဖြစ်သည်။ “သုံးပြည်ထောင်မှတ်တမ်း”တွင် သုံးပြည်ထောင်ခေတ် ဝူပြည်မှ စစ်တပ်စေလွတ်ကာ ထိုင်ဝမ်ကျွန်းပေါ်သို့ တက်ရောက်ခဲ့ဖူးကြောင်း၊ “ဆွေကျမ်း”တွင် ဆွေရန်ဧကရာဇ်က “လျိုချိုပြည်”အား စစ်ထိုးခဲ့ဖူးကြောင်း ရေးသားထားသည်။ သို့သော်လည်း ရှေးခေတ် တရုတ်ကျမ်းဂန်များတွင် ရေးမှတ်ထားသည့် ဒေသမှာ ထိုင်ဝမ်ဖြစ်ကြောင်း သက်သေမပြနိုင်ပါ။ ၁၂၈၁ ခုနှစ်တွင် မွန်ဂိုဘုရင်က ဂျပန်အား သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မုန်တိုင်းကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဂျပန်ကို တိုက်ရန် ထိုင်ဝမ်ကျွန်းတွင် ခြေကုတ်ယူကာ ဖုန်ဟူကျွန်းတွင် ပတ္တရောင်ဌာနကို ဖွင့်လှစ်ခဲ့သည်။ ထိုဌာနသည်လည်း ဖုန်ဟူကျွန်း၏ ပထမဦးဆုံးသော အုပ်ချုပ်ရေးဌာနဖြစ်သည်။ မင်မင်းဆက်ကာလတွင် ဆက်လက်အသုံးပြုခဲ့ပြီး ၁၃၈၄ ခုနှစ်တွင် ပင်လယ်ပိတ်ဆို့ရေး မူဝါဒကြောင့် ယင်းပတ္တရောင်ဌာနအား ပိတ်ခဲ့သည်။ ၁၅၆၃ ခုနှစ်တွင် ကမ်းရိုးတန်း လုံခြုံရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ၁၆၂၂ ခုနှစ် ဒတ်ချ်တို့ ဖုန်ဟူအား သိမ်းပိုက်ခဲ့သည်အထိ ဖြစ်သည်။ မလေးပေါ်လီနေးရှား လူမျိုးများသည်လည်း ၁၆ ရာစုမတိုင်မှီကတည်းက ထိုင်ဝမ်ကျွန်းပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ ယင်းထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ထိုင်ဝမ်တကျွန်းလုံးတွင် ဖြန့်ကျက်နေထိုင်ကြပြီး ၎င်းတို့၏ ဘာသာစကားမှာ ဩစထြိုနေးရှား ဘာသာစကားအနွယ်ဝင်ဖြစ်သည်။ ထိုင်ဝမ်တိုင်းရင်းသားများ၏ သွားမစုံခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အမည်နာမတွင် ဖခင်အမည်ပါ ထည့်မှည့်ခြင်း၊ အသက်အရွယ်အလိုက် မျိုးဆက်ခွဲခြားခြင်း၊ လူကြီးသူမများက အုပ်ချုပ်ခြင်း၊ ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူခြင်း၊ ဝိညာဉ်များအား ပူဇော်ခြင်း၊ ကွယ်လွန်သူအား အိမ်တွင်း၌ သင်္ဂြိုဟ်ခြင်း စသည့် အလေ့အထများသည် အင်ဒိုနီးရှားရှိ ရှေးခေတ်ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိသည်။ ၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအကြား မိဒတိုင်း (Kingdom of Middag) ပေါ်ထွန်းလာသည်။ ကျေးရွာပေါင်း ၁၅ ရွာမှ ၁၈ ရွာရှိ ပါပိုရားနှင့် ဘဘူဇာလူမျိုး၊ ပါဇိလူမျိုးနှင့် ဟွန်ယာလူမျိုး တစိတ်တပိုင်းတို့ ပူးပေါင်း ထူထောင်ထားသည့် တိုင်းပြည် ဖြစ်သည်။ ဘုံအကြီးအကဲအား Quataong ဟု ခေါ်သည်။ နယ်နမိတ်မှာ လက်ရှိ တာ့တုချောင်း ချိုင့်ဝှမ်းဒေသ တလျှောက် ဖြစ်သည်။ ယင်းတိုင်းပြည်သည် ၁၆၄၄ ခုနှစ် ဒပ်ချ်လူမျိုးများ ကျူးကျော်တိုက်ခိုက်လာပြီးနောက်တွင် ဒတ်ချ်တို့ထံ ဩဇာခံခဲ့သည်။ မင်းမင်းဆက်ကာလနှင့် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ) အုပ်စိုးသည့်ခေတ်တွင် အဖိနှိပ်ခံရ၍ ပျက်သုဉ်းလုနီး ဖြစ်ခဲ့သည်။ ချင်းမင်းဆက်ခေတ်တွင် ချင်းမင်းဆက်အား ခုခံတော်လှန်ရာတွင် အရေးမလှ၍ လူမျိုးသုဉ်းခဲ့ရသည်။ ၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ဓားပြများ ဆိုးသွမ်းကြသည်။ ပင်လယ်ဓားပြများသည် ထိုင်ဝမ်အား ပုန်းခိုရာ နေရာအဖြစ် အသုံးချခဲ့သည်။ တရုတ်ကမ်းရိုးတန်းတလျှောက် လုယက်ကြချိန် စစ်သားများနှင့် ဝင်တိုးလျှင် ဖုန်ဟူသို့ ထွက်ပြေးကြပြီး ထိုမှတဆင့် ထိုင်ဝမ်သို့ ရောက်လာကြသည်။ ၎င်းတို့သည် ဟန်တရုတ် အနည်းအကျဉ်းမှအပ ထိုင်ဝမ်တွင် အခြေချလာသူများ ဖြစ်သည်။ တချိန်တည်းတွင် ပေါ်တူဂီလူမျိုးများသည် အရှေ့အာရှနှင့် ထိုင်ဝမ်သို့ ပထမဦးဆုံး ရောက်လာသည့် ဥရောပသား စူးစမ်းရှာဖွေရေးသမားများ ဖြစ်ကြသည်။ သို့သော်လည်း ဘိန်းနှင့် တိုင်းရင်းသားများထံမှာ ရိက္ခာပစ္စည်းများ ဖလှယ်ယူခြင်းသာ ရှိပြီး ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့ခြင်းမရှိပါ။ ဒပ်ချ်နှင့် စပိန် ကိုလိုနီခေတ် ၁၆၂၄ ခုနှစ်တွင် ဖုန်ဟူကျွန်းကို သိမ်းပိုက်ထားသည့် ဒပ်ချ်နှင့် မင်မင်းဆက် အစိုးရနှင့် လက်မှတ်ရေးထိုးကား ထိုင်ဝမ်တောင်ပိုင်းဒေသတွင် စတင် အခြေစိုက်လေသည်။ ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီမှ ဒပ်ချ်လူမျိုးတို့သည် ထိုင်နန်မြို့အနီးတွင် စီးပွားရေးရာ ရုံးခန်းတစ်ခုကို ထူထောင်ခဲ့ပြီး ၁၆၂၅ ခုနှစ်တွင်မူ ထိုင်ဝမ်ရှိ ဒပ်ချ်တို့၏ နိုင်ငံရေး အချက်အချာအဖြစ် ထိုင်နန်မြို့တွင် ဇီလန်ဒီယာ ရဲတိုက် (ယနေ့အန်းဖိန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ခဲ့သည်။ ထိုစဉ်မှစကာ ဆန်စပါးနှင့် သကြားထွက်နှုန်း တိုးမြှင့်ရန်အတွက် တရုတ်ပြည် ဖူကျန့်ဒေသတလျှောက်မှ လုပ်သားများကို ငှားရမ်းကာ ထိုင်ဝမ်တွင် စိုက်ပျိုးလုပ်ကိုင်လာစေသည်။ ၁၆၂၆ မှ ၁၆၄၂ ခုနှစ်ကြား ကာလတွင် စပိန်လူမျိုးတို့သည် ထိုင်ဝမ်မြောက်ပိုင်းဒေသကို သိမ်းပိုက်ကြီးစိုးခဲ့ကြသည်။ စပိန်တို့သည် ကြီးလုံဒေသတွင် မြို့တည်ကာ စိန့်ဆာဗေဒေါမြို့ဟု အမည်ပေးခဲ့သည်။ ထို့နောက်တွင် ယနေ့ တန့်ဆွေဒေသတွင် စိန့်ဒိုမင်ဂိုမြို့ကို တည်ထောင်ခဲ့ပြန်သည်။ ဒီ့နောက်တွင် ဒပ်ချ်နှင့် စပိန်တို့သည် အရှေ့အာရှဒေသတွင် အားပြိုင်လာသည်။ ဒပ်ချ်တို့သည် ဂျပန်အစိုးရအား စပိန်တို့က တွန်းလှန်ဖို့ ကြံစီနေကြောင်း သတင်းဖြန့်သောကြောင့် ဂျပန်တို့သည် တရုတ်နှင့် ဒပ်ချပ်မှလွဲ၍ အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တံခါးပိတ်ဝါဒကို ကျင့်သုံးလာစေသည်။ ဒပ်ချ်တို့သည် ၁၆၄၂ ခုနှစ်တွင် စပိန်တို့ ကြီးစိုးနေသည့် ကြီးလုံဒေသကို ဝင်ရောက်စီးနင်းကာ စပိန်တို့ကို မောင်းထုတ် ခဲ့သည်။ ဒပ်ချ်တို့ တည်ထောင်ခဲ့သည့် ကိုလိုနီအစိုးရသည် ထိုင်ဝမ်သမိုင်းတွင် ပထမဦးဆုံးသော စနစ်ကျသည့် အုပ်ချုပ်ရေး အစိုးရဖြစ်သည်။ ဒပ်ချ်တို့ ထိုင်ဝမ်ကို သိမ်းပိုက်ရသည့် အဓိက ရည်ရွယ်ချက်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့တောင်အာရှ ဒေသများနှင့် ကုန်သွယ်ရာတွင် အချက်အချာ ဒေသအဖြစ် အသုံးချရန်ဖြစ်သည်။ ထိုစဉ်က ထိုင်ဝမ်သည် ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ၏ အာရှဒေသတွင်း ဒုတိယအရေးပါသည့် ခြေကုတ်စခန်း ဖြစ်လာသည်။ ဒပ်ချ်တို့၏ ကန့်သတ်ချုပ်ချယ်မှုကြောင့် ထိုင်ဝမ်တိုင်းရင်းသားများသည် ၁၆၃၅ နှင့် ၁၆၃၆ ခုနှစ်တို့တွင် ဒပ်ချ်တို့အား တော်လှန် တိုက်ခိုက်ခဲ့သည်။ ကျိန့်ကျိလုန်နှင့် ကောဟွိုင်ယိဦးဆောင်သည့် တရုတ်ပြည်မကြီးမှ ပြောင်းရွှေ့လာသူများသည်လည်း ဒပ်ချ်တို့ကို တော်လှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ဤသို့ တော်လှန်မှုများကို ကာကွယ်နိုင်ရန် ဒပ်ချ်တို့သည် ဖရိုဗင်ရှား ရဲတိုက် (ယခု ချစ်ခန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ပြန်သည်။ ၁၆၆၁ ခုနှစ်တွင် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ)ဦးဆောင်သည့် တပ်ဖွဲ့သည် ဇီလန်ဒီယာ ရဲတိုက်ကို ဝန်းရံတိုက်ခိုက်ခဲ့ရာ ဒပ်ချ်တို့သည် ၁၆၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် အညံ့ခံကာ ထိုင်ဝမ်မှ ထွက်ခွာသွားခဲ့ရပြီး ဒပ်ချ်အုပ်စိုးမှုလည်း တပါတည်း အဆုံးသတ်သွားလေသည်။ ကိုဆင်ဂါခေတ် ကိုဆင်ဂါခေတ်သည် ၁၆၆၂ ခုနှစ် ဒပ်ချ်တို့အား အနိုင်ရခဲ့ချိန်မှ စတင်ကာ မျိုးဆက် ၃ ဆက် ၂၃ နှစ်တာ အုပ်ချုပ်ခဲ့ပြီး ၁၆၈၃ ခုနှစ်တွင် မန်ချူး ချင်းမင်းဆက်ထံ ဩဇာခံလိုက်ချိန်တွင် အဆုံးသတ်ခဲ့သည်။ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်သုဉ်းပြီးနောက် မင်မင်းဆက်၏ သစ္စာခံဟု မိမိကိုယ်ကို ခံယူထားသည့် ကိုဆင်ကာသည် ထိုင်ဝမ်သို့ ရောက်ရှိလာကာ ထိုင်ဝမ်တောင်ပိုင်းရှိ ယခု ထိုင်နန်ဒေသတွင် တုန်းနင်တိုင်းကို ထူထောင်ခဲ့သည်။ ၁၆၆၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကိုဆင်ဂါသည် နာမကျန်းဖြစ်ကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ကျိန့်ကျင်းက အရိုက်အရာ ဆက်ခံခဲ့ကာ ၁၆၈၂ ခုနှစ်အထိ စိုးစံခဲ့သည်။ ကျိန့်ကျင်း ကွယ်လွန်ပြီးနောက် ကိုဆင်ဂါ၏မြေး ကျိန့်ခဲ့ဆွမ် အာဏာရလာကာ တရုတ်ပြည် အရှေ့တောင် ကမ်းရိုးတန်းဒေသကို ဝင်ရောက်စီးနင်းပြီး မန်ချူးကိုတော်လှန်ဖို့ ကြိုးစားခဲ့သော်လည်း အရေးမလှခဲ့ပေ။ ထိုအချိန်မှစ၍ ထိုင်ဝမ်သည် မန်ချူးအုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည်။ ချင်းမင်းဆက်ခေတ် ထိုင်ဝမ်အား ချင်းမင်းဆက် အုပ်ချုပ်သည့် ကာလမှာ ၁၆၈၃ ခုနှစ်မှ ၁၈၉၅ ခုနှစ် ကျာဝူစစ်ပွဲ (ပထမတရုတ်ဂျပန်စစ်ပွဲ)အပြီး ထိုင်ဝမ်အား ဂျပန်တို့အား စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ချိန်အထိဖြစ်ပြီး အုပ်ချုပ်သည့်ကာလ ၂၁၂ နှစ်တာ ကြာမြင့်သည်။ ၁၆၈၄ ခုနှစ် ဧပြီလတွင် ထိုင်ဝမ်အား ချင်းအင်ပါယာ၏ နယ်မြေအဖြစ် တရားဝင် ရေးဆွဲခဲ့သည်။ ၁၇ ရာစုနှစ်ဦးပိုင်းတွင် မန်ချူးအစိုးရသည် ထိုင်ဝမ်အုပ်ချုပ်ရေး အပိုင်းတွင် တက်ကြွမှု မရှိလှပေ။ ကနဦးတွင် ဒပ်ချ်နှင့် ကိုဆင်ဂါခေတ်၌ ထိုင်ဝမ်သို့သွားရောက် အခြေချသည့် ဟန်တရုတ်လူမျိုးများအား တရုတ်ပြည်သို့ အဓမ္မပြန်ခေါ်ကာ ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သူများအား တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့၍ မိသားစုဝင်များကို မခေါ်ဆောင်သွားရဟု တားမြစ်ခဲ့သည်။ သို့သော်လည်း အရှေ့တောင် ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသူများသည် အသက်စွန့်ကာ ထိုင်ဝမ်သို့ သွားရောက်ပြီး အနောက်ပိုင်းဒေသတွင် အခြေချကြသည်။ နောင်တွင် ထိုင်ဝမ်အရှေ့ပိုင်းဒေသသို့ တဖြည်းဖြည်း တိုးချဲ့လာသည်။ သို့သော်လည်း အလယ်တွင် ဗဟိုရိုးမ တောင်တန်းကြီး ကာဆီးနေသောကြောင့် အရှေ့ပိုင်းဒေသသို့ သွားရောက်သူ နည်းပါးလှသည်။ အစောပိုင်းကာလ၌ မန်ချူးအစိုးရ စေလွှတ်လာသည့် အရာရှိများ ညံ့ဖျင်းခြင်း၊ စကားမပေါက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့် ဆူပူပုန်ကန်မှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိသည်။ ၁၈ ရာစုနှစ် ချဲန်လုန်ဧကရာဇ် လက်ထက်နှောင်းပိုင်းတွင် အလုံးအရင်းလိုက် ပြောင်းရွှေ့လာမှုများ ရှိခဲ့သည်။ ရှေ့လူ နောက်လူများအကြား နယ်မြေ အဝေမတည့်ခြင်းကြောင့် သွေးထွက်သံယိုမှုများ ရှိခဲ့သည်။ မန်ချူးအရာရှိများ၏ ညံ့ဖျင်းမှုကြောင့် အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။ ဤသို့ အုပ်စုများအကြား ပဋိပက္ခများကြောင့် ကုန်သွယ်မှု၊ ယဉ်ကျေးမှု ဖလှယ်ရာတွင် ပိုမို ခဲယဉ်းစေသည်။ ၁၉ ရာစု နောက်ပိုင်းမှသာ အဘက်ဘက်မှ လူကြီးများ၏ ကြိုးပမ်းမှုကြောင့် ဆက်ဆံရေး ကောင်းမွန်လာစေသည်။ ၁၉ ရာစု ခေတ်လယ် နောက်ပိုင်းတွင် အနောက်တိုင်း အင်အားကြီး နိုင်ငံများသည် တရုတ်နှင့် ကူးသန်းရောင်းဝယ်ရေး ဖောက်ကားရန် ရေကြောင်းလမ်းမှတဆင့် ကြိုးပမ်းလာခြင်းကြောင့် ၁၈၆၀ ခုနှစ်မှစ၍ ထိုင်ဝမ်ရှိ ဆိပ်ကမ်းအချို့ကို ဖွင့်လှစ် ပေးခဲ့သည်။ ဘိန်းစစ်ပွဲအတွင်း ၁၈၄၁ ခုနှစ် စက်တင်ဘာမှစ ဗြိတိသျှ စစ်သင်္ဘောများ ထိုင်ဝမ်ကမ်းလွန် ပင်လယ်ပိုင်နက်အတွင်း ဝင်ရောက်ကာ မြောက်ပိုင်းရှိ ကြီးလုန်ဆိပ်ကမ်းနှင့် အနောက်ကမ်းရိုးတန်းရှိ ဝူချည်းဆိပ်ကမ်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာ ဖြစ်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ထိုင်ဝမ်တောင်ပိုင်းဒေသ၌ တိုင်းရင်းသားများက ဂျပန်တံငါသည်များအား သတ်ဖြတ်ခဲ့ခြင်းကြောင့် ဟိန်ချွန်းဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကို ထိုင်ဝမ်သမိုင်းတွင် မူတန်းအရေးအခင်းဟု မှတ်တမ်းတင်ထားသည်။ ဤအဖြစ်အပျက်ကြောင့်လည်း ချင်းမင်းဆက်သည် ထိုင်ဝမ်အုပ်ချုပ်ရေးအပေါ် သတိပြုလာသည်။ ၁၈၇၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်တပ်စေလွှတ်၍ ထိုင်ဝမ်၏ ကာကွယ်ရေးကို ဖြည့်တင်းပေးသည်။ ၁၈၈၄ ခုနှစ်တွင်ဖြစ်ပွားသည့် တရုတ် ပြင်သစ်စစ်ပွဲ (၁၈၈၄ ဩဂုတ် - ၁၈၈၅ ဧပြီ) တွင် ပြင်သစ်တို့က ဖုန်ဟူကျွန်းစုနှင့် ထိုင်ဝမ်မြောက်ပိုင်း ကြီးလုန်ကို တိုက်ခိုက်ခဲ့သည်။ ထိုနောက်တွင် မန်ချူးအစိုးရသည် ရေပိုင်နက် ကာကွယ်ရေးအပိုင်း၌ ထိုင်ဝမ်၏ အရေးပါပုံကို အလေးထားလာသည်။ ၁၈၈၅ ခုနှစ်တွင် ထိုင်ဝမ်အား ဖူကျန့်ပြည်နယ်၏ ခရိုင်အဆင့်မှ ပြည်နယ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ထိုင်ပေမြို့ကို ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ကာ ခေတ်မှီတိုးတက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်လာသည်။ မန်ချူးအစိုးရသည် ထိုင်ဝမ်တွင် ပထမဦးဆုံးသော ရထားလမ်း၊ ကြေးနန်းရုံးနှင့် စာတိုက်ကို တည်ဆောက်ခဲ့သည်။ ထိုင်ဝမ်နှင့် ဖူကျန့်အကြား လျှပ်စစ်ဓာတ်မီးကြိုးများ ဆက်သွယ်ပေးခဲ့သောကြောင့် ထိုစဉ်အခါက အခြေခံ အဆောက်အဦး အတိုးတက်ဆုံး ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ၁၈၉၄ ခုနှစ်မှ ၁၈၉၅ ခုနှစ်အတွင်း ပထမတရုတ်ဂျပန်စစ်ပွဲ (ကျာဝူစစ်ပွဲ) ဖြစ်ပွားရာ တရုတ်က စစ်ရှုံးခဲ့သည်။ ဂျပန်နှင့် စစ်ပြေငြိမ်းရေးအတွက် မာကွမ်းစာချုပ်ကို ချုပ်ဆိုခဲ့ပြီး စစ်လျော်ကြေးအဖြစ် ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်းတို့အား ပေးအပ်ခဲ့သည်။ ဂျပန်ခေတ် ၁၈၉၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ဂျပန်ဘုရင်ခံက ထိုင်ပေမြို့တွင် (ဂျပန်) အုပ်ချုပ်ရေး စတင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ချိန်မှစ၍ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ ဂျပန်တို့ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီးနောက် တရုတ်သမ္မတနိုင်ငံက ထိုင်ဝမ်အား ပြန်လည်သိမ်းယူခဲ့ချိန်အထိ ဂျပန်တို့သည် ထိုင်ဝမ်အား နှစ် ၅၀ နီးပါး အုပ်ချုပ်ခဲ့သည်။ ကျမ်းကိုး ထိုင်ဝမ် ထိုင်ဝမ်၏ ပထဝီဝင်
https://my.wikipedia.org/wiki/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9D%E1%80%99%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%81%8F%20%E1%80%95%E1%80%91%E1%80%9D%E1%80%AE%E1%80%9D%E1%80%84%E1%80%BA
ဗမာပြည် ကွန်မြူနစ်ပါတီ
ဗမာပြည် ကွန်မြူနစ်ပါတီသည် မြန်မာပြည် နိုင်ငံရေး နယ်ပယ်တွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေး ပါတီ ဖြစ်သည်။ အစိုးရမှ အသိအမှတ် မပြုသော မြေအောက် ပါတီဖြစ်၍ ယခုအခါ မြန်မာ-တရုတ် နယ်စပ်ကို အခြေပြု၍ ပါတီ၏ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေသည်။ အစိုးရ၊ လူထုနှင့် မြန်မာသတင်း မီဒီယာ များက ဗမာပြည် ကွန်မြူနစ်ပါတီကို ရည်ညွှန်း၍ (ဗကပ) ဟု အတိုကောက် ခေါ်ဆိုကြသည်။ ပါတီ၏ အခြေခံ အချက်အလက်များ ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို ၎င်းပါတီ၏ သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည်။ သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခြင်း ၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ဘားလမ်း(ခ) မဟာဗန္ဓုလပန်းခြံလမ်းရှိ အခန်းငယ် တစ်ခန်းတွင် အောက်ပါ ၇ ဦး တွေ့ဆုံကာ ဗမာပြည် ကွန်မြူနစ် ပါတီကို မြေအောက် ပါတီအဖြစ် စတင် တည်ထောင်ခဲ့ကြသည်။ သခင်အောင်ဆန်း သခင်ဗဟိန်း ရဲဘော်ဘတင် ခေါ် ဂိုရှယ် သခင်စိုး သခင်လှဖေ နောင်အခါ ဗိုလ်လက်ျာ ရဲဘော်ထွန်းမောင် ခေါ် ဒေါက်တာနတ် သခင်ဗိုလ် အစဉ်အဆက် ခေါင်းဆောင်များ ထို စတင် တည်ထောင်စဉ်ကာလ ၁၉၃၉ ခုနှစ်မှ ယခုအချိန်အထိ အစဉ်အဆက် ခေါင်းဆောင်များမှာ... အတွင်းရေးမှူး သခင်အောင်ဆန်း အတွင်းရေးမှူး သခင်စိုး အတွင်းရေးမှူး သခင်သိန်းဖေ ဥက္ကဋ္ဌ သခင်သန်းထွန်း ဥက္ကဋ္ဌ သခင်ဇင် ဥက္ကဋ္ဌ သခင်ဗသိန်းတင် အတွင်းရေးမှူး ရဲဘော်ကြင်မောင် လက်ရှိ အထွေထွေအတွင်းရေးမှူး ရဲဘော်ထွန်းဆက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဗမာပြည် ကွန်မြူနစ် ပါတီ သည် လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သော ပါတီကြီး တစ်ခု ဖြစ်သည်။ (၁၉၄၂-၄၅) အထိ ဖက်ဆစ် ကမ္ဘာ့ ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးအတွက် ကြိုတင် ပြင်ဆင် စည်းရုံးခဲ့သည်။ သခင်စိုးနှင့် သခင်သန်းထွန်းတို့ အင်းစိန်ထောင်တွင် ထိမ်းသိမ်းခြင်း ခံထားရစဉ် ၁၉၄၁ ခုနှစ် ဇူလိုင်လ၌ အင်းစိန် ကြေညာစာတမ်းတွင် ဖက်ဆစ်ဝါဒသည်သာ လာလတ္တံသော ကမ္ဘာစစ်ကြီး၏ အဓိက ရန်သူ ဖြစ်ကာ ထိုရန်သူအား နှိမ်နင်း နိုင်ရန် အင်္ဂလိပ်တို့မှ တည်ထောင်သည့် ဆိုဗီယက် ရုရှား ပါ ပါဝင်သင့်သော မဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်း သင့်သည်ဟု အဆိုပြုခဲ့ကြသည်။ ထို ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးကြီး ပြီးဆုံးမှသာ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲကို ပြန်လည် စတင်မည်ဟု ဆိုခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ အဆိုပါ အယူအဆသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် တို့ဗမာ အစည်းအရုံး၏ အယူအဆနှင့်မူ မကိုက်ညီခဲ့ချေ။ သခင်အောင်ဆန်းနှင့် လူငယ် တစ်စုတို့မှာ ဖက်ဆစ်ဝါဒ တိုက်ဖျက်မှု မပြီးဆုံးခင်မှာပင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန် အလို့ငှာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြရာ နောင်အခါ ရဲဘော်သုံးကျိပ် ဟု ထင်ရှားလာခဲ့သည်။ ထို့နောက် သခင်အောင်ဆန်း ဦးဆောင်၍ ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်၍ ဂျပန်တပ်မတော်နှင့် ပူးပေါင်းကာ မြန်မာပြည်ကို အင်္ဂလိပ် လက်အောက်မှ ပြန်လည် သိမ်းယူပြီးနောက် ဂျပန် အစိုးရ၏ ဩဇာခံ ရုပ်သေးအစိုးရ တစ်ရပ်ကို ဩဂုတ်လ ၁ ရက်နေ့ ၁၉၄၃ ခုနှစ်တွင် ဂျပန် တပ်မတော်မှ ဖွဲ့စည်းခဲ့သည်။ ထို ဂျပန်တပ်မတော် မြန်မာပြည်တွင်း ဝင်ရောက်လာသည်နှင့် သခင်စိုးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ တောခိုကာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့စည်းရန် လှည့်လည် စည်းရုံးနေခဲ့သည်။ အစိုးရ အဖွဲ့တွင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်နေသော သခင်သန်းထွန်း ထံမှလည်း လိုအပ်သော သတင်း အချက်အလက်များ ရရှိနေခဲ့သည်။ အခြား ကွန်မြူနစ် ခေါင်းဆောင်များ ဖြစ်ကြသော သခင်သိန်းဖေနှင့် သခင်တင်ရွှေ တို့ကလည်း ၁၉၄၂တွင် အိန္ဒိယကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ခဲ့ကြသည်။ ထို့နောက် ၁၉၄၄ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ၏ ဒေးဒရဲမြို့တွင် ပထမအကြိမ် ပါတီကွန်ဂရက်ကို သခင်စိုး ဦးဆောင်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ဗမာ့ ကာကွယ်ရေး တပ်မတော် ဘီဒီအေမှ စတင်သော တစ်ပြည်လုံး ပုန်ကန်ထကြွသည့် ဖက်ဆစ် ဂျပန် တော်လှန်ရေး ကြီးတွင် ကွန်မြူနစ် များကလည်း ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်။ မန္တလေးတိုင်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကွန်မြူနစ် ဗိုလ်မှူး တစ်ဦးဖြစ်သော ဗိုလ်မှူးဗထူးကမူ တော်လှန်ရေးကြီး မစတင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှ စတင်၍ တော်လှန်နေ ခဲ့ပြီဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်၊ ပြည်သူ့ တော်လှန်ရေး ပါတီ (နောင်အခါ ဆိုရှယ်လစ် ပါတီ) တို့ စုပေါင်း၍ ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ဖဆပလ) ကို ဂျပန် စစ်ရှုံးပြီး တစ်နှစ်အလွန် အင်္ဂလိပ် အုပ်ချုပ်ရေး ပြန်လည် စတင်နေစဉ်တွင် ဖွဲ့စည်းခဲ့ကာ အင်္ဂလိပ်လက်မှ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်အထိ စုပေါင်း တိုက်ပွဲဝင်ခဲ့ကြ လေသည်။ အလံနီနှင့် အလံဖြူ ၁၉၄၅ တွင် အမေရိကန် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အားရ်လ် ရပ်ဆဲလ် ဘရောက်ဒါက ဖက်ဆစ်ဝါဒနှင့် နယ်ချဲ့ဝါဒ ယိုယွင်း အားနည်းလာသည်နှင့် အတူ လက်နက်ကိုင် တော်လှန်ရေးသည် အဓိက လိုအပ်ချက် မဟုတ်တော့ပေဟု ဆိုသော သူ၏ ဘရောက်ဒါ ဝါဒကို ထုတ်ပြန်ခဲ့သည်။ သခင်စိုး၏ အတွင်းရေးမှူး နေရာကို ပြောင်းလဲ ခန့်အပ်ခြင်း ခံရသော သခင်သိန်းဖေက ရန်ကုန်မြို့ ဗားကရာလမ်းတွင် ၁၉၄၅ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါတီ ကွန်ဂရက် တွင် တင်သွင်းခဲ့သည့် ပို၍ ကောင်းမွန်သော တူညီသည့် နားလည်မှုနှင့် ကျယ်ပြန့်စွာ ပူးပေါင်း လုပ်ဆောင်မှု ဟူသည့် ပါတီ၏ နည်းဗျူဟာစာတမ်းအရ ပါတီသည် ဘရောက်ဒါ ဝါဒသို့ ယိမ်းယိုင်ကာ ပြန်လည်ပြင်ဆင်ရေး လမ်းကြောင်းသို့ ဦးတည်နေကြောင်း သခင်စိုးမှ စွပ်စွဲ၍ ပါတီမှထွက်ကာ အလံနီ ကွန်မြူနစ်ပါတီ (သို့) ကွန်မြူနစ် ပါတီ (ဗမာပြည်) ကို ခွဲထွက် တည်ထောင် ခဲ့သည်။ ပါတီဝင် အများစုမှာမူ သခင်သန်းထွန်းနှင့် သခင်သိန်းဖေတို့ ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ (အလံဖြူ) တွင် ကျန်ရစ်ကာ ဖဆပလနှင့် ဆက်လက် လက်တွဲခဲ့ကြသည်။ အလံဖြူဆိုသည့် အမည်မှာ အလံနီနှင့် ယှဉ်၍ သုံးစွဲခဲ့ကြသော်လည်း အလံဖြူ ဟူသော အမည်ကို ဗမာပြည် ကွန်မြူနစ် ပါတီမှ တရားဝင် လက်ခံခဲ့ခြင်း မရှိခဲ့ပါ။ နှောင်းပိုင်း အင်္ဂလိပ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ကွယ်တွင် သခင်သန်းထွန်း မှ အကြံပေးနေသည်ဟု ယူဆခဲ့ကြသည်များ ရှိပြီး ဦးနုနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော ဆိုရှယ်လစ် ပါတီနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့သည် ဖဆပလအတွင်း သဘောထား တိုက်ဆိုင်ခြင်း မရှိကြတော့ပဲ လက်ဝဲ ညီညွတ်မှု ကင်းမဲ့သွားကြသည်။ နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရေး ကာလ သခင်စိုးနှင့် သခင်ဘတင် တို့ ၁၉၄၅ စက်တင်ဘာတွင် ဘရောက်ဒါဝါဒ၏ တိုက်ခိုက်မှုကို ခံရပြီး ဖြစ်သော အိန္ဒိယ ကွန်မြူနစ် ပါတီ ကို သွားရောက် ဆက်သွယ်ပြီး အပြန်တွင် သခင်စိုးက လက်နက်ကိုင် တော်လှန်ရေး သည်သာ ရှေ့သို့ တိုးတက်အောင် လုပ်နိုင်ပေမည် ဟု စည်းရုံးခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီလည်း ဘရောက်ဒါ ဝါဒကို စွန့်ပယ်ခဲ့သည်။ ထို့နောက် သခင်အောင်ဆန်းက ကွန်မြူနစ် ပါတီနှင့် ဆိုရှယ်လစ်ပါတီအကြား လက်ဝဲ ညီညွတ်မှု ရရှိရန် ကြိုးစားခဲ့ သော်လည်း သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ကာ ဆိုရှယ်လစ်တို့က သခင်သန်းထွန်းကို ဇူလိုင်လတွင် ဖဆပလ အထွေထွေ အတွင်းရေးမှူး ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးသည်။ အဆိုပါ အဖြစ်အပျက်မှ နောက်ဆုံးတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ဖဆပလအဖွဲ့ကြီး အတွင်းမှ ထုတ်ပစ်လိုက်သည် အထိ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ထိုသို့ ထုတ်ပစ်ရခြင်းကို သခင်နု၏ ရှင်းလင်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် ဖဆပလ၏ သဘော မပါဝင်ပဲ တစ်ပါတီတည်းက လူထုအုံကြွမှုကို ပြည်သူ့အာဏာ ဂျာနယ်နှင့် အခြား နေရာများတွင် မရပ်မနား ဝါဒ ဖြန့်နေခဲ့မှုကြောင့်ဟု ဆိုသည်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်ပြင်ပတွင် သီးခြားမြေပေါ်ပါတီတခုအဖြစ် ဆက်လက်ရပ်တည်ကာ သခင်အောင်ဆန်းနှင့် ဆိုရှယ်လစ်များကို "နယ်ချဲ့ဝါဒ အောက်တွင် ဒူးထောက် ကြပြီ"ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။ ဗိုလ်ချုပ် လုပ်ကြံခံရခြင်းနှင့် ဗမာပြည် ကွန်မြူနစ် ပါတီ က သတ်မှတ်သော ရွှေရည်စိမ် လွတ်လပ်ရေး သခင်ဗသိန်းတင်နှင့် ကျောင်းသား ကွန်မြူနစ် ခေါင်းဆောင် အောင်ကြီး တို့သည် ၁၉၄၇တွင် လန်ဒန်၌ ကျင်းပသော ဗြိတိသျှ အင်ပိုင်ယာ ကွန်မြူနစ်ပါတီများ ကွန်းဖရင့်သို့ သွားရောက် တက်ရောက်ခဲ့ခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပထမဆုံး နိုင်ငံတကာ ကွန်မြူနစ်များ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ အမတ်လောင်း ၂၅ဦး ပါဝင်ခဲ့သော်လည်း ၇ဦးသာ ပါလီမန်တွင် နေရာ ရခဲ့သည်။ ၁၉ ဇူလိုင်တွင် ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရ အဖွဲ့ လုပ်ကြံခံရခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီကိုပါ တစ်နိုင်ငံလုံးနှင့် ထပ်တူ ထပ်မျှ တုန်လှုပ်ချောက်ချား စေခဲ့သည်။ သို့သော်ငြားလည်း ပါတီ အနေနှင့် ဖဆပလနှင့် မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ် လက်အောက်မှ မြန်မာပြည်ကို လွတ်မြောက်စေရန် ပူးပေါင်း လုပ်ဆောင်ရန် ကိုမူ အယုံအကြည်ကင်းမဲ့လျက် ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား လက်ဝဲ နှစ်ပါတီ ညီညွတ်ရေးကို အတတ်နိုင်ဆုံး ကြိုးစား၍ မအောင်မြင်သေးမီ နယ်ချဲ့၏ လုပ်ကြံခြင်းကို ခံလိုက်ရ လေတော့သည်။ ဦးနုက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ အင်္ဂလိပ် အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို ဗြိတိသျှ နန်းရင်းဝန် အက်တလီနှင့် လန်ဒန်တွင် တွေ့ဆုံကာ (နု-အက်တလီ စာချုပ်) ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ချုပ်ဆို၍ အဆုံးသတ် နိုင်ခဲ့သည်။ အဆိုပါ စာချုပ်ကြောင့် (ကွန်မြူနစ်များက အတုအယောင်ဟု ဆိုခဲ့ကြသည့်) လွတ်လပ်ရေး ရရှိခဲ့ သော်လည်း လက်ျာ-ဖရီးမင်း ကာကွယ်ရေး စာချုပ်အရ သုံးနှစ်တာ ဗြိတိသျှ စစ်သင်တန်း အစီအစဉ်များကို ထည့်သွင်း၍ တိုင်းပြည်အား ဗြိတိသျှ၏ စစ်မဟာမိတ်အဖြစ် ကျန်ရှိစေရန် ပြုလုပ်ထားခဲ့သည်။ အဆိုပါ အကြောင်းအရာမှာ ကွန်မြူနစ် ပါတီ၏ ဗြိတိသျှတို့ ပေးသည့် လွတ်လပ်ရေးသည် မြန်မာပြည်အား အပြည့်အဝ လွတ်လပ်ခွင့် မပေးကြောင်းနှင့် ဦးနု၏ အညံ့ခံမှု အဖြစ် တင်ပြသော သက်သေ ဖြစ်လေသည်။ ပါလီမန် ဒီမိုကရေစီခေတ် မြေပေါ် ဗမာပြည် ကွန်မြူနစ် ပါတီ ပိုလန် နိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ကျင်းပသော ပထမ ကိုမင်ဖောင်အစည်းအဝေးတွင် ဆိုဗီယက် ကိုယ်စားလှယ် အန်ဒရိုင်း ဇဒန်နော့ဗ် က သူ၏ တင်ပြချက်တွင် ကမ္ဘာနိုင်ငံများအား အပိုင်း နှစ်ပိုင်း ခွဲခြား၍ ပြောကြား သွားသည်။ အမေရိကန် ဦးဆောင်သော ဒီမိုကရေစီ ဝါဒကို ဆန့်ကျင်သည့် နယ်ချဲ့များ အုပ်စုနှင့် ဆိုဗီယက် ပြည်ထောင်စု မှ ဦးဆောင်သော ဒီမိုကရေစီဝါဒ လက်ကိုင်ထားသော နယ်ချဲ့ ဆန့်ကျင်သည့် အုပ်စု ဟူ၍ ခွဲခြား သွားသည်။ သူက ကမ္ဘာစစ်ကြီးကြောင့် နယ်ချဲ့နိုင်ငံကြီးများက အားနည်းနေသော်လည်း သူတို့၏ ကိုလိုနီ ဟောင်းများတွင် မြန်မာပြည်နှင့် အိန္ဒိယတွင် နယ်ချဲ့ ဩဇာခံ အမျိုးသား ဓနရှင်များကို အာဏာ ပေးအပ်ခြင်း ဖြင့် လည်းကောင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် လွပ်လပ်ရေး လှုပ်ရှားမှုများကို တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း ဩဇာကို ပြန်လည်ရရှိရန် ကြိုးစားနေကြပြီ ဟု သတိပေးသွားသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ အမျိုးသားနေ့တွင် ဦးနုက ဆိုရှယ်လစ် တပ်ပေါင်းစုကြီး တစ်ခု ဖွဲ့စည်းရန် ကွန်မြူနစ် ပါတီနှင့် ပြည်သူ့ရဲဘော်များ (လွပ်လပ်ရေး တိုက်ပွဲမှ ဗိုလ်ချုပ်အောင်ဆန်း သစ္စာခံ စစ်ပြန်များ) ကို အကြံပြုခဲ့သည်။ ကွန်မြူနစ် များက ဗြိတိသျှ ဓနသဟာယ နိုင်ငံ တစ်နိုင်ငံ အဖြစ် မြန်မာပြည်ကို ကျန်ရှိနေစေသည့် စာချုပ်ကို ကန့်ကွက်ရန် မဲဆွယ်ခဲ့မှုများနှင့် ဦးနု၏ ကွန်မြူနစ်များ၏ လက်နက်စုဆောင်းနေမှု အပေါ် ဝေဖန်မှုများကြောင့် အဆင်ပြေပြေ မဖွဲ့စည်း နိုင်ခဲ့ချေ။ ဒီဇင်ဘာလတွင် ထွက်ခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီမှ ဂိုရှယ်၏ စာတန်းတွင် ထိုစဉ် နိုင်ငံရေး အခြေအနေနှင့် တော်လှန်ရေး ဗျူဟာ တစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလမှ "နောက်ဆုံး အာဏာ သိမ်းယူမှု" ဆိုသည့် ဆောင်ပုဒ်ကို ပြန်လည် အသက်သွင်းကာ ထုတ်ပြန်ခဲ့သည်။ ထို့နောက် "ကျွန်အဖြစ်နှင့် ထိမ်းချုပ်ထားမည့် စာချုပ်ကို ဆွဲဆုတ်မည့် အမျိုးသား တော်လှန်ရေး"ကို တိုက်ပွဲ ခေါ်ခဲ့လေသည်။ ဗြိတိသျှများ အပါအဝင် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်း၊ မြေရှင်စနစ်ကို ဖျက်သိမ်းခြင်း၊ လက်ရှိ အစိုးရကို ပြည်သူ့အစိုးရနှင့် အစားထိုးခြင်း၊ တိုက်ပွဲဝင်နေသော ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီ မှုများကို ပြုလုပ်ခြင်းဖြင့် အင်္ဂလို-အမေရိကန် နယ်ချဲ့ အုပ်စိုးမှုကို တွန်းလှန်နိုင်ရန်၊ စသည့် အချက်များကို အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်နှင့် အခြား မြို့တော်များမှ အလုပ်သမားများနှင့် အစိုးရဝန်ထမ်းများ၏ သပိတ်မှောက်မှုများနှင့် ကျေးလက် တောရွာများကို ကာကွယ်ရန် ပြည်သူ့ရဲဘော်များပါ ပါဝင်သည့် တပ်နီတော် တစ်ခု ဖွဲ့စည်းကာ ပြောက်ကျားစစ်ကို ဆင်နွှဲမည်ဟု ကြေညာခဲ့လေသည်။ ကွန်မြူနစ် ဖမ်းပွဲကြီး ၁၉၄၈ ခုနှစ်၏ ဖေဖော်ဝါရီလတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ နောက်ခံထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်က စတင် သပိတ်မှောက်ကာ လူဦးရေ ၇၅၀၀၀ ခန့် ပါဝင်သော ချီတက် ဆန္ဒပြမှု ကြီးလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲသားများ အဖွဲ့ ဦးဆောင်၍ ပျဉ်းမနားမြို့တွင် ပေါ်ပေါက်လာခဲ့လေသည်။ ဦးနုက အထက်ပါ ဖြစ်ရပ်များကြောင့် ဗမာပြည် ကွန်မြူနစ် ခေါင်းဆောင်များကို ၂၇ မတ်လ၊ တော်လှန်ရေးနေ့တွင် ဆန္ဒပြ လှုပ်ရှားမှုကြီး လုပ်ရန် စီစဉ်သည်ဟု ဆိုကာ ဖမ်းဆီးလိုက်သည်။ သို့သော်လည်း ၂၈ရက်နေ့ မနက်ပိုင်း ဝင်ဖမ်းရာတွင် ဗားကရာလမ်းမှ ဗမာပြည် ကွန်မြူနစ်ပါတီ ရုံးချုပ်တွင် မည်သည့်ခေါင်းဆောင်မျှ ရှိမနေခဲ့ကြတော့ပါ။ ထိုကဲ့သို့ ကွန်မြူနစ် ဖမ်းပွဲကြီးကြောင့် ကွန်မြူနစ်ပါတီ၏ အခိုင်အမာ ဌာနချုပ်အား ပျဉ်းမနားသို့ ပြောင်းရွှေ့ကာ လက်နက်ကိုင် တော်လှန်ရေးကို တစ်ဖန် ပြန်လည် စတင်ခဲ့လေတော့သည်။ ထိုအချိန်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်မြေအောက်တော်လှန်ရေးပါတီဖြစ်သွားခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ပါတီ တစ်ခု ဖြစ်ခဲ့ရသည်မှာ ပါတီ သမိုင်း တစ်ခုလုံး အတွင်းတွင်မှ ထို ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ သုံးနှစ်သာ မြေပေါ်ပါတီအဖြစ် ရပ်တည်ခဲ့သည် ပြည်တွင်းစစ်ကာလ လွတ်လပ်ရေး ရပြီး ၈ လ အတွင်းမှာပင် မြန်မာပြည်သည် ပြည်တွင်းစစ်နွံအတွင်းသို့ ထပ်မံ သက်ဆင်းရ ပေတော့သည်။ သခင်စိုး၏ အလံနီ ကွန်မြူနစ်များ၊ ရခိုင် အမျိုးသားတပ်များနှင့် မူဂျာဟစ် ရခိုင်၊ မူဆလင် များက ဗမာပြည် ကွန်မြူနစ်ပါတီ မတိုင်မီကတည်းက စောစီးစွာ စတင် သူပုန်ထနေ ခဲ့ကြပြီး ဖြစ်သည်။ ပြည်သူ့ရဲဘော် များတွင်လည်း ၁၉၄၈ ခုနှစ် မေလ၌ ကြေညာခဲ့သော ဦးနု၏မူ ကို လက်ခံသူများက ရဲဘော်ဝါ အဖြစ်၊ လက်မခံနိုင်သူ ပြည်သူ့ရဲဘော် အများစုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင် ဦးဆောင်၍ ရဲဘော်ဖြူ အဖြစ် ကွဲထွက်သွားခဲ့သည်။ ဦးနုနှင့် သူ၏ အစိုးရသည် ကွန်မြူနစ် သူပုန်ထမှုကို ခုခံရန်အတွက် တိုင်းရင်းသား တပ်များကို ပြည်၊ သရက်၊ ပျဉ်းမနား တို့တွင် ဖြန့်ထားသည်။ ထိုအချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေသည့် ကရင်အမျိုးသား တစ်ဦး ဖြစ်သော ဗိုလ်ချုပ်စမစ်ဒွန်း ကို ရာထူးချ၍ ဗိုလ်ချုပ်ကြီးနေဝင်း (ရဲဘော်သုံးကျိပ်ဝင်၊ နောင်အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဋ္ဌ) အား လွှဲပြောင်း ခန့်အပ်လိုက်သောကြောင့် ကရင် အမျိုးသား ယူနီယံ (ကေအန်ယူ) ကလည်း ၎င်းတို့၏ လက်နက်ကိုင် တပ်ဖြစ်သော ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (ကေအန်ဒီအို)နှင့် ၁၉၄၉ တွင် တောခိုခဲ့ရာ အစိုးရ တပ်မတော် တိုင်းရင်းသား တပ်များမှ ကရင် ရိုင်ဖယ် တပ်များလည်း လက်နက် အပြည့်အစုံနှင့် ပူးပေါင်း တောခိုကုန်ကြရာ အစိုးရ တပ်မတော်ကို အင်မတန် အထိနာစေခဲ့သည်။ ထို့နောက် မွန်သူပုန်ထမှု ကလည်း ကရင်နှင့် ပူးပေါင်းသည်။ ပအိုဝ်းနှင့် ရှမ်းများကလည်း ခွဲထွက်ရေးနှင့် သူပုန်ထကြသည်။ ကရင် ရိုင်ဖယ် တပ်များ အပါအဝင် အခြား ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်နှင့် ဗိုလ်ရဲထွဋ်စသည့် ကွန်မြူနစ် စစ်ဗိုလ်များက ဦးဆောင်သည့် အစိုးရ တပ်မတော် ဗမာ ရိုင်ဖယ် တပ် တပ်ရင်း ၃ရင်းကလည်း ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းရန် တောခိုကုန်ကြသည်။ ကွန်မြူနစ်ပါတီ၏ ပြည်တွင်းစစ်အတွင်း လှုပ်ရှားမှု သခင်စိုး၏ အလံနီ ကွန်မြူနစ် ပါတီက ရုရှ မတ်စ်-လီနင် ဝါဒ ဗမာပြည် ကွန်မြူနစ်ပါတီသည် ထိုအချိန်တွင် ဥက္ကဋ္ဌ မော်စီတုန်း၏ တရုတ် ကွန်မြူနစ် လမ်းစဉ်ကို လက်ခံထားကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက မော်ဝါဒီများ ဦးဆောင်၍ ကျေးရွာများတွင် ပြောက်ကျား အခြေခံ စခန်းများ တည်ဆောက်ကာ ကျေးရွာများကို အခြေပြု၍ မြို့တော်များကို သိမ်းမည် ဟု ပြင်ဆင်သည်။ ကွန်မြူနစ်ပါတီက ထောက်ခံထားသော မြေပေါ် လက်ဝဲပါတီဖြစ်သည့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဖြစ်ကြသော သခင်လွင်နှင့် သခင် ချစ်မောင် တို့ ဦးဆောင်သည့် ဆင်းရဲသား ပါတီကိုလည်း ရန်ကုန် သတင်းစာ များက လျှို့ဝှက်-ကွန်မြူနစ်၊ ဆိုရှယ်လစ် အနီ စသဖြင့် အမည်တပ်ကြသည်။ ၁၉၅၆ တွင် လက်ဝဲနိုင်ငံရေး အင်အားစုများက အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်သော်လည်း ၃၅% သာ နိုင်၍ နေရာအနည်းငယ်သာ ရရှိခဲ့သည်။ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို၏ ပါတီ၏ ရပ်တည်မှုအတွက် တိုက်ခိုက်မည် ဟူသော ဆုံးဖြတ်ချက်ကို ဗဟို ကော်မတီ၏ ၁၉၄၈ ခုနှစ် ဧပြီလတွင် ဖြူးမြို့တွင် တွင် ကျင်းပသော အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ်ကို ပျဉ်းမနား-ရမည်းသင်း ဧရိယာ၊ စစ်တောင်းမြစ် အနီးရှိ တောတွင်းတွင် ဆက်တိုက် ရွှေ့ပြောင်း ခဲ့ကြသည်။ တခါတရံတွင် မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံတို့၏ အကြားတွင် ရှိခဲ့သည်။ လယ်သမားများ၏ အကြွေးများကို လျှော်ပစ်ခြင်း၊ လယ်ယာ ပြန်လည် ဝေခြမ်းရေး ပြုလုပ်ခြင်းတို့ကို သိမ်းပိုက်ထား နိုင်ခဲ့သည့် နယ်မြေများတွင် ပြုလုပ်ခဲ့သည်။ တောခိုခဲ့သည့် ၁ နှစ်အတွင်း ရွှေ့ပြောင်းနိုင်သည့် ပြောက်ကျား တပ်များနှင့် ပြည်သူ့စစ်ကို ဗဟိုပြု၍ စစ်ရေးမှူး၊ နိုင်ငံရေးမှူးများဖြင့် စုံလင် ညီမျှစွာ ဖွဲ့စည်းထားသည့် မော်ဝါဒီ လက်နက်ကိုင်တပ် တစ်ခုအဖြစ် စည်းရုံးနိုင်ခဲ့သည်။ ၁၉၅၀ စက်တင်ဘာတွင် ပြည်သူ့ တပ်မတော် (ကွန်မြူနစ် တပ်မတော်ဖြစ်သည်) ကို အစိုးရ တပ်မတော်မှ တောခိုလာသည့် လက်နက်ကိုင် တပ်များနှင့် ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည်။ ထို ပြည်သူ့ တပ်မတော်သည် လက်နက် တပ်ဆင် ထားသော လူ ၁၀၀၀ စီ ပါရှိသည့် အဓိက တပ်မကြီး လေးခုနှင့် ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းစစ် အခြေအနေ ပြည်တွင်းစစ်ကြီးတွင် ပါဝင်နေသော အဖွဲ့များကို ဖဆပလ အစိုးရ၊ ကွန်မြူနစ်နှင့်-ပြည်သူ့ ရဲဘော်များ နှင့် တိုင်းရင်းသားများ ဟူ၍ ခွဲခြားထားနိုင်သည်။ ကရင်အမျိုးသားများ ဦးဆောင်သော တပ်သည် ရန်ကုန်မြို့ အင်းစိန်အထိ သိမ်းပိုက် နိုင်ခဲ့၍ နိုင်ငံတော်၏ မြို့တော် ရန်ကုန်ကိုပါ ခြိမ်းခြောက်နိုင်ခဲ့သည်။ ၁၉၅၂ တွင် ဦးနုအစိုးရ၏ ခန့်မှန်းချက်အရ အစိုးရ တပ်မတော် တစ်ခု တည်းမှာပင် ၁၃၅၂ဦး သေဆုံး၍ ပြည်တွင်းစစ်ကြောင့် ခန့်မှန်းခြေ ၃၄၂၄ ဦး သေဆုံးသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ကွန်မြူနစ် ပါတီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၁၉၅၅ တွင် အရှိန်ကျလာကာ ဗမာပြည် ကွန်မြူနစ် ပါတီက ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး လမ်းစဉ်ကို ရှေးရှုလာခဲ့သည်။ ထို ငြိမ်းချမ်းရေး လှုပ်ရှားမှုသည် မြေပေါ်မှ ဗမာပြည် ကွန်မြူနစ် ပါတီကို ထောက်ခံသူများ၊ ကူညီသူများနှင့် သခင်သန်းထွန်း၏ ၁၉၅၆ တွင် ဖဆပလ အစိုးရကို တောင်းဆိုချက်ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ စစ်ပန်းမှုသည် မညီညွတ်သော လက်ဝဲပါတီ နှစ်ခုလုံးနှင့် ရှေးရိုးစွဲဝါဒီ များကိုပါ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီသည် ၁၉၅၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စား အစိုးရနှင့် စကားပြောရန် အခွင့်အရေးရခဲ့သည်။ ထို့နောက် ၁၉၅၆ ရွေးကောက်ပွဲ ရလဒ် အရ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု လည်း ငြိမ်းချမ်းရေး အတွက်၊ ဖဆပလနှင့် ကွန်မြူနစ် ရင်ကြားစေ့ရေးအတွက် အတော်အတန် လုပ်နိုင်ခဲ့သည်။ နိုင်ငံတကာ အခြေအနေတွင် တရုတ်ပြည်၌ မော်စီတုန်း၏ ကွန်မြူနစ်များ အနိုင်ရသည့်အခါ အမေရိကန်ကူညီ ထောက်ပံ့သည့် အတိုက်အခံ ကူမင်တန်တရုတ်တပ်များသည် နှစ်ဖက်ညှပ်၍ ပြည်မကြီးကို ပြန်လည် သိမ်းယူရန် ရည်ရွယ်ချက်ဖြင့် ယူနန်နယ်ကို ဖြတ်၍ မြန်မာပြည်၏ အရှေ့မြောက်ပိုင်း အတွင်း ခိုဝင် လာကြသည်ကြောင့် မြန်မာပြည်သည် အရှေ့တောင်အာရှ စာချုပ်အဖွဲ့ကို မဝင်ဖြစ်ခဲ့ပေ။ ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည် အာဏာရ ကွန်မြူနစ်ပါတီ ဆက်သွယ်မှု မရှိကြောင်း သေချာစေရန် ဦးနု လည်း တစ်ခေါက် သွားရောက် လည်ပတ်ကာ၊ ဒုတိယ တစ်ခေါက် ဗိုလ်ချုပ် နေဝင်း ကိုယ်တိုင် သံတမန်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်၍ တရုတ်ပြည် သွားရောက်ကာ ဥက္ကဋ္ဌမော်နှင့် သွားရောက် တွေ့ဆုံသည်။ ဒီဇင်ဘာ ၁၉၅၅ ရုရှားခေါင်းဆောင် ခရူးရှက်ဖ်က ဗမာပြည်ကို တတိယ ကမ္ဘာမှ နိုင်ငံများ ထဲတွင် တိုးတက်မှုရှိသော စံပြနိုင်ငံ တစ်ခုအဖြစ် ထောက်ခံပေးခဲ့သည်။ ဒီမိုကရေစီအတွက် လက်နက်ကိုင်ခြင်းနှင့် ဖဆပလ၏ အောင်ပွဲ ဦးနုက ကွန်မြူနစ် ပါတီ၏ ငြိမ်းချမ်းရေးကို တိုက်စစ်ဆင်မှုအဖြစ် ပြောင်းလဲကာ ဒီမိုကရေစီ အတွက် လက်နက်ကိုင်ခြင်း မူကို သူ၏ အကျိုးအမြတ် အတွက် အောင်မြင်စွာ အသုံးချ နိုင်ခဲ့သည်။ တပ်မတော်ကို အသုံးချ၍ ၁၉၅၆ တွင် ပခုက္ကူနယ်မြေ၌ အောင်သူရ စစ်ဆင်ရေး၊ ပုသိမ်တွင် အောင်တေဇ စစ်ဆင်ရေး တို့ကို အတော်အတန် အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့သည်။ ၁၉၅၈ တွင် ရခိုင် အမျိုးသား သူပုန်များ လက်နက်ချသည်။ ထို့နောက် ပအိုဝ်း၊ မွန်နှင့် ရှမ်းကွန်မြူနစ်များ လက်နက်ချသည်။ အစိုးရ ထုတ်ပြန်ကြေညာချက် အရ စစ်တွေနယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်စွဲထားသော ဗမာပြည် ကွန်မြူနစ်ပါတီမှ ၈၀၀ ခန့်အပါအဝင် စုစုပေါင်း ၅၅၀၀ ခန့် အလင်းဝင်ခဲ့သည် ဟု ကြေညာသည်။ ဖဆပလ နှစ်ပိုင်းကွဲခြင်းနှင့် အိမ်စောင့်အစိုးရ ၁၉၅၈ တွင် ဖဆပလသည် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သော သန့်ရှင်းဖဆပလ နှင့် ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော တည်မြဲဖဆပလ ဟူ၍ နှစ်ပိုင်း ကွဲထွက်သွားသည်။ ထို့နောက် တရားဝင် အတိုက်အခံ ပါတီ ဖွဲ့စည်းခွင့်ကိုပါ ခွင်ပြုခဲ့ကြရာ ပြည်သူ့ရဲဘော် ပါတီလည်း တရားဝင် ပေါ်ပေါက်လာသည်။ ဦးနုသည် ငြိမ်းချမ်းရေးဝါဒကို လက်ကိုင်စွဲ၍ လူထုထောက်ခံမှု ရရှိနေသော်လည်း တစ်ဖက်က တပ်မတော် အကြီးအကဲ များနှင့် အတူ ဗမာပြည် ကွန်မြူနစ် ပါတီ ပင်မ နိုင်ငံရေး အတွင်းသို့ ဝင်ရောက်လာမှုကို စိုးရိမ်နေကြသည်။ ထိုစိုးရိမ်မှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်း အား အိမ်စောင့် အစိုးရ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ကာ ရန်ကုန် တက္ကသိုလ်ကျောင်းသား ဆန္ဒပြမှုများနှင့် ကွန်မြူနစ် ပြဿနာကို ဖြေရှင်းစေခဲ့ရာ ကွန်မြူနစ် ထောက်ခံသူ ၄၀၀ ခန့် အဖမ်းဆီးခံခဲ့ရကာ ၁၅၃ ဦးမှာ ဘင်္ဂလား ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့ဆောင် ထိမ်းသိမ်းထားခြင်း ခံရသည်။ ဗိုလ်တထောင် သတင်းစာ၊ ကြေးမုံ သတင်းစာနှင့် ရန်ကုန်နေ့စဉ် သတင်းစာ တို့လည်း အပိတ်ခံလိုက်ရသည်။ တပ်မတော်က ကွန်မြူနစ်များသည် ဗုဒ္ဓဘာသာ၏ ရန်သူ ဟူ၍ ဓမ္မန္တရာယ်ဟု အမည်ရသည့် စာအုပ် ထုတ်ဝေ၍ ဗမာပြည် ကွန်မြူနစ် ပါတီကို စိတ်ဓာတ် စစ်ဆင်ရေးတိုက်ပွဲများလည်း မပြတ် ဆင်နွှဲခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာ ဗုဒ္ဓဝါဒနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ကို အားပေးသယောင် ဟန်ဆောင်သည့် မျက်နှာဖုံးကို ခွာချရန် ဟူသည့် ဝါဒဖြန့် ပန်းဖလက်များဖြင့် တိုက်ခိုက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ သို့သော်လည်း တပ်မတော်အတွက်မူ စိတ်ဓာတ် စစ်ဆင်ရေးများထက် ၁၉၅၈ နှင့် ၁၉၆၀ အတွင်း စစ်မြေပြင် ထိုးစစ်များက ပိုမို အောင်မြင်မှု ရစေခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ၁၉၄၉ မတ်လတွင် ဖဆပလကို ဖြုတ်ချရန် ပြည့်သူ့ ဒီမိုကရက်တစ် တပ်ဦးကို ဗမာပြည် ကွန်မြူနစ် ပါတီ၊ ပြည်သူ့ ရဲဘော်များနှင့် တော်လှန်သော ဗမာ့ တပ်မတော် (တောခို တပ်မတော်သားများ) သုံးပွင့်ဆိုင် သိမ်းပိုက်ထားသော ပြည်မြို့တွင် ဖွဲ့စည်းသည်။ သုံးပွင့်ဆိုင် မဟာမိတ် ဖွဲ့စည်းခြင်း စာချုပ်ကို သခင်သန်းထွန်း၊ သခင်စိုးနှင့် ဗိုလ်ဖိုးကွန်း တို့က မုံရွာမြို့အနီးရှိ အလောင်းတော် ကဿပရွာ တွင် လက်မှတ်ရေးထိုးသည်။ သဘောတူညီချက်တွင် နယ်မြေ ပိုင်းခြားမှုနှင့် လက်တွဲ တိုက်ပွဲဝင်ရေးသာ အဓိက ပါဝင်ခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ၁၉၅၂ ခုနှစ် နိုဝင်ဘာလတွင် သခင်ဇင်နှင့် မန်းဘဇံ တို့၏ သဘောတူညီချက် အရ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ကရင် အမျိုးသား ယူနီယံတို့ အပစ်အခတ် ရပ်စဲသည်။ သို့သော် ၁၉၅၉ ခုနှစ်၏ မေလမှ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ဖွဲ့စည်းမှ စစ်ပိုင်းဆိုင်ရာ မဟာမိတ် အဖြစ်ကို ရောက်ရှိသည်။ ထို့နောက် ကရင် အမျိုးသား ယူနီယံတွင် မန်းဘဇံ ဦးဆောင်သော မော်ဝါဒီ ကရင် အမျိုးသား ညီညွတ်ရေး ပါတီဟု ပေါ်ထွက်လာသည်။ လက်ဝဲ ကရင် အမျိုးသား များသည် ခရစ်ယာန်ဘာသာ ဦးဆောင်သော ကွန်မြူနစ် ဝါဒကို ဆန့်ကျင်သည့် ပင်မ ကရင် အမျိုးသား ယူနီယံနှင့် ကင်းကွာကာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပိုမို နီးနီးကပ်ကပ် တိုက်ပွဲဝင်ခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုတွင် မွန် ပြည်သူ့ တပ်ဦး အလင်းဝင်သွား ပြီးနောက် အသစ် ဖွဲ့စည်းသည့် နိုင်ရွှေကျင် ဦးဆောင်သောမွန်ပြည်သစ် ပါတီ၊ မတ်လ ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းသော ချင်းအမျိုးသား ဦးဆောင် ပါတီနှင့် ၁၉၅၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့ ပါဝင်သည်။ ထို တပ်ပေါင်းစုသည် ၁၉၇၆ ခုနှစ်တွင် ကရင် အမျိုးသား ယူနီယံက အမျိုးသား ဒီမိုကရက်တစ် တပ်ဦး တည်ထောင်ရန် အလို့ငှာ ခွဲထွက်သွားသည် အထိ တည်တံ့ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အာဏာရယူရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်ဖြင့် နိုင်ငံရေး ဝါဒ ကွဲပြားခြားနား မှုများကိုမူ ညှိနှိုင်း၊ ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ပေ။ တပ်မတော် အာဏာသိမ်းခြင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရမှာ ၁၉၆၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ပါတီ (ပထစ) ဟု အမည် ပြောင်းလဲထားသည့် သန့်ရှင်း ဖဆပလကို ခေါင်းဆောင်သော ဦးနုကို အာဏာပြန်အပ်သည်။ ဦးနုနှင့် ပထစ ပါတီသည် လူများစု၏ ထောက်ခံမှုကို ရရှိခဲ့သဖြင့် ပထစ အစိုးရ ဟူ၍ အာဏာရရှိသည်။ ပါလီမန် ဒီမိုကရေစီခေတ်သည် ရှမ်းစော်ဘွား တစ်ဦးဖြစ်သော လွပ်လပ်သည့် မြန်မာပြည်၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် ဦးဆောင်သည့် ဖက်ဒရယ် လှုပ်ရှားမှုကို တိုင်းပြည်အား တစ်စစီ ဖြိုခွဲရန် ကြိုးပမ်းသည်ဟု ထောက်ပြ၍ မြန်မာ့တပ်မတော်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာ သိမ်းသည်အထိ စုစုပေါင်း (၂)နှစ်သာ ကြာမြင့်ခဲ့ပေသည်။ မြေပေါ် နိုင်ငံရေးအဖွဲ့များ၏ ဆန္ဒပြမှုကြီးများလည်း နောက်က ဆက်တိုက် လိုက်ပါလာကြသည်။ ဖဆပလ ခေါင်းဆောင်များနှင့်၊ တိုင်းရင်းသား ခေါင်းဆောင်များအား ထောင်သွင်း အကျဉ်းချခြင်းလည်း ပြုလုပ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုလည်း လက်နက်နှင့် အကြမ်းဖက် ဖြိုခွဲကာ ကျောင်းသား ၁၀၀ ကျော် သေဆုံးခြင်းဖြင့် တပ်မတော်၏ ထိမ်းချုပ်မှု အောက်မှ မြန်မာပြည် သမိုင်းကို စတင်ခဲ့တော့သည်။ တော်လှန်ရေး ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲများ ၁၉၆၃ တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေး ကောင်စီအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုကို ဧပြီလ ၁ရက်နေ့မှ စတင် ကမ်းလှမ်းသည်။ ရဲဘော် သုံးကျိပ်ဝင်နှင့်၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဗဟို စစ်ရေး ကော်မတီဝင် ဖြစ်သော ဗိုလ်ရဲထွဋ်သည် ဖဆပလ မပြိုကွဲခင် ၁၉၅၈ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတည်းက ရန်ကုန်သို့ သွားရောက်ခဲ့သူ ဖြစ်သည်။ သူသည် ဗိုလ်ရဲမောင်၊ ဗိုလ်စိန်တင် တို့နှင့်အတူ ဆွေးနွေးပွဲကို လက်ခံသည်။ ကရင် အမျိုးသား ယူနီယံလည်း စောဟန်တာသာမွှေး ဦးဆောင်သော ကရင့် တော်လှန်ရေး ကောင်စီနှင့် ကွဲထွက်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပထမဆုံး လာရောက်သော အုပ်စုမှာ ဩဂုတ်လတွင် ရခိုင်ပြည်နယ်မှ လာသော သခင်စိုး၏ အလံနီ ကွန်မြူနစ် ပါတီဖြစ်သည်။ တွေ့ဆုံပွဲ ၃ ပွဲ အပြီးတွင် တော်လှန်ရေး ကောင်စီဖက်မှ ဆွေးနွေးပွဲကို ရပ်တန့်လိုက် သဖြင့် အလံနီများ ဩဂုတ် ၂၀ ရက်နေ့တွင် စစ်တွေသို့ ပြန်သွား ကြလေတော့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ် အဖွဲ့ ၃ ဖွဲ့မှာ ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် တရုတ်ပြည်မှ လေယဉ်နှင့် ဆိုက်ရောက်သည်။ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် သခင်ဗသိန်းတင် တို့ ပါဝင်သည်။ ပေကျင်းပြန် ပါတီဝင်များသည် ၁၅ နှစ်တာ သက်တမ်း၌ ပြန်လည် စည်းလုံးကာ ပါတီ၏ ဌာနချုပ် ဖြစ်သော ပေါက်ခေါင်းမြို့အနီး ပဲခူးရိုးမ၌ ကျင်းပသည့် ဗဟို ကော်မတီဝင် များ၏ သမိုင်းဝင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ကြသည်။ တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့တွင် ရဲဘော်ဌေး ဦးဆောင်သည့် အဖွဲ့က စတင် ဆွေးနွေးသည်။ ပြည်သူ့ တပ်မတော် (ကွန်မြူနစ်) အုပ်ချုပ်ရေးမှ ဗိုလ်ဇေယျသည် ဩဂုတ် ၂၈ ရက်နေ့တွင် ဆိုက်ရောက်သည်။ ဒုတိယ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို သခင်ဇင်၊ ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့က အဖွဲ့ တစ်ဖွဲ့ အနေနှင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် စုပေါင်း ဆွေးနွေးကြသည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့နှင့် ဆွေးနွေးပွဲများသည် ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား တပ်များနှင့် ဆွေးနွေးပွဲများကို လွှမ်းမိုးခဲ့သည်။ မအောင်မြင်ရခြင်း အကြောင်းအရင်း ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၁၄ရက်နေ့တွင် တော်လှန်ရေး ကောင်စီက အောက်ပါအချက် လေးချက်ကို တောင်းဆိုခဲ့ရာ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ပဲ ရပ်တန့်သွားသည်။ လက်နက်ကိုင် တပ်များအားလုံး သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။ အခွင့်မရှိပဲ သတ်မှတ်နယ်မြေမှ ထွက်ပိုင်ခွင့်မရှိ။ အဖွဲ့အစည်း၏ လုပ်ကိုင်နေသော လုပ်ငန်းစဉ်အားလုံးကို ရပ်တန့်ရမည်။ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စီးပွားရေး လုပ်ငန်းများ အားလုံးကို ရပ်တန့်ရမည်။ ဆွေးနွေးပွဲ ကာလအတွင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ဦး မှဖွဲ့စည်း၍ သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့က ထောက်ခံသော ပြည်သူ့ ငြိမ်းချမ်းရေး ကော်မတီက နိုဝင်ဘာ လဆန်းတွင် မင်းလှမှ ရန်ကုန်အထိ ချီတက်သော ခြောက်ခရိုင် ငြိမ်းချမ်းရေး ချီတက်ပွဲကြီး ဖြစ်ပေါ်အောင် စည်းရုံးနိုင်ခဲ့သည်။ ချီတက်သူများသည် အစိုးရကို ဆန့်ကျင်သော ဆောင်ပုဒ်များကို ကြွေးကျော်ခဲ့ကြသည်။ အစား အသောက်များကိုမူ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ တာဝန်ယူ ကောက်ခံပေး ခဲ့သည်။ အဆိုပါ လူဦးရေ ၂၀၀၀၀၀ ခန့် ပါဝင်သော ချီတက်သည့် လူထုများ ရန်ကုန် မြို့တော်ခန်းမသို့ ရောက်ရှိသောအခါ တရားဟောသူများက အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုကို ပွင့်ပွင့်လင်းလင်း ထောက်ခံ၍ နယ်မြေနှင့် လက်နက်များကို ရှိရင်းစွဲအတိုင်း ဆက်လက် ကိုင်စွဲထားရန် ပြောခဲ့ကြသည်။ ဤငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ လာခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့မှ ကိုယ့်စားလှယ်များက ဆွေးနွေးပွဲ အောင်မြင်မည်မဟုတ်ဟု ဆွေးနွေးပွဲ မတိုင်မည်ကတည်းက ယုံကြည်ခဲ့ကြသည်။ ရန်ကုန်မြို့တော်သို့ ရောက်ပြီး အနည်းငယ် ဆွေးနွေးပြီးသည်နှင့် ထိုဆွေးနွေးပွဲမှာ အဖြစ် ရုပ်ပြ ပြုလုပ်ခြင်းသာ ဖြစ်သည် ဟု နားလည်ခဲ့ကြသည်။ သို့သော်လည်း မိသားစုများနှင့် မိတ်ဆွေများအား ပြန်လည်တွေ့ဆုံ ဆက်သွယ်ရန် အခွင့်အရေးတော့ ရပေသည်ဟု အဆိုးထဲမှ အကောင်းကို ထုတ်ယူခဲ့ကြသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကာလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ခြင်း၊ စစ်ရေး တိုက်ခိုက်မှုများနှင့် ပူးပေါင်းထားသော ပြင်းထန်သည့် နိုင်ငံရေးအရ တိုက်ခိုက်မှုများနှင့် တပ်မတော် အစိုးရ၏ ဗမာ့နည်း ဗမာ့ဟန် ဆိုရှယ်လစ်ဝါဒ ကြေညာချက်ကို လက်ကိုင်ထားကာ ကွန်မြူနစ်ဟောင်းများ၏ အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သည်။ ထိုအခါ ဂိုရှယ်၊ ရဲဘော်ထွေး၊ ဗိုလ်ရန်အောင် တို့က လက်နက်ကိုင် တော်လှန်ရေး၏ လိုအပ်မှုကို ပြန်လည် မေးခွန်း ထုတ်လာကြသည် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် နှင့် ဗိုလ်ဇေယျ တို့က ရဲဘော်အောင်ကြီး ဦးဆောင်သော "ပေကျင်းပြန်" များ၏ အထောက်အပံ့ ရရှိ၍ ဗဟို ကော်မတီ၏ အစည်းအဝေးကို နတ္တလင်း မြို့တွင် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ၁၉၆၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။ ဆိုဗီယက်၏ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ် စတင်ခြင်း ထို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၀ တွင် ၁၁ ဦးသာ တက်ရောက်နိုင်ခဲ့သည်။ ဗမာပြည်အား တစိတ်တစ်ပိုင်း ကိုလိုနီ စနစ်ဖြင့် အုပ်စိုးခံနေရသည်ဟု သတ်မှတ်၍ ဗိုလ်ချုပ်ကြီးနေဝင်းအား လက်နက်ကိုင် တော်လှန်ရေး ဗဟိုပြုသော တော်လှန်ရေးကြီး ဆက်လုပ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်နိုင်ခဲ့ကြကာ မျိုးချစ်များနှင့် ဆင်းရဲသားများ ညီညွတ်ရေး တပ်ပေါင်းစု ကြီးကို စုပေါင်း မဟာမိတ် အဖွဲ့ကြီးအဖြစ် တည်ထောင်ခဲ့သည်။ ဆိုဗီယက်နှင့် တရုတ်သဘောထား ကွဲလွဲမှုတွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၅၅ ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေး ဝါဒကို ကျောခိုင်းကာ တရုတ်ပြည် ကွန်မြူနစ် ပါတီကို ထောက်ခံ၍ ရပ်တည်ခဲ့သည်။ ဘော်ရှီဗစ်တို့၏ တော်လှန်ရေးကြီး နှစ် ၅၀ ပြည့်တွင် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ပါတီက ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ် စံနစ် တည်ထောင်နေသော မြန်မာနိုင်ငံအား ထောက်ခံ ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ဆိုဗီယက်ကို ကျောခိုင်း၍ တရုတ်နှင့် ပူးပေါင်းခြင်း ထိုအချိန်က ဗမာပြည် တောခို လက်နက်ကိုင် တပ်များဖြစ်ကြသော ကွန်မြူနစ်များနှင့် တိုင်းရင်းသား တပ်များသည် ဝါဒရေးရာအရ မလေ့လာသည်များ ရှိသော်လည်း နည်းဗျူဟာပိုင်းတွင် တရုတ်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌမော်၏ ပြောက်ကျားစစ်ကျမ်းကို လေ့လာ တိုက်ခိုက်နေရ သူချည်းသာဖြစ်သည်။ ယခုအခါတွင်မူ နည်းဗျူဟာပိုင်းတွင် လေ့လာယုံ မကပဲ တရုတ်ပြည် ကွန်မြူနစ် ပါတီသည် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်၊ ရန်ကုန်မြို့နေ တရုတ် လူမျိုးများ၏ အသက် အိုးအိမ် စည်းစိမ် များစွာ ဆုံးရှုံးခဲ့ရသော တရုတ်-ဗမာ အရေးအခင်းတွင် တရုတ် ဆန့်ကျင်ရေးကို အစိုးရမှ ထိရောက်စွာ မတားမြစ်ခဲ့သည့် နောက်ပိုင်း အတိုက်အခံ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပို၍ နီးနီးကပ်ကပ် ပူးပေါင်းထားသော မဟာမိတ်များ ဖြစ်လာကြသည်။ မတ်စ်-လီနင် ကိုလည်း မပစ်ပယ်၊ မော်ဝါဒကိုလည်း လေ့လာ ဗမာပြည် ကွန်မြူနစ်ပါတီသည် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီကို မထောက်ခံသော်လည်း မတ်စ်-လီနင် ဝါဒကိုမူ ပစ်ပယ်ခြင်း မပြုခဲ့ပဲ မတ်စ်-လီနင် ဝါဒနှင့် မော်စီတုံး အတွေးအခေါ် ကို ပါတီ၏ အတွေးအခေါ်အဖြစ် ထားရှိကာ အနီရောင် နယ်မြေများအဖြစ် ကျေးလက်တောရွာများကို အခြေပြုကာ မြို့ပြကို သိမ်းပိုက်သော ဝါဒကို ပြန်လည် ကျင့်သုံးခဲ့ပြန်သည်။ အဆိုပါ ဝါဒကို ဖြန့်ဝေရန် နိုင်ငံရေး ပထမဆုံး နိုင်ငံရေး သင်တန်းကို ၁၉၆၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စနိုင်ခဲ့သည်။ ၁၉၆၆၊ ဩဂုတ် ၁၆ အစည်းအဝေးအရ တရုတ်ပြည် ကွန်မြူနစ်ပါတီ လမ်းစဉ်ကို လိုက်၍ တပ်နီလူငယ် များကို ဖွဲ့စည်း၍ တက္ကသိုလ်နှင့် အထက်တန်းအောင် ကျောင်းသား လူငယ်များကို ပါတီ ဌာနချုပ်တွင် ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ယဉ်ကျေးမှု တော်လှန်ရေး ၁၉၆၇ တွင် ပါတီဥက္ကဋ္ဌကြီး သခင်သန်းထွန်းသည် တရုပ်ပြည်၏ လမ်းစဉ်ကို လိုက်ကာ ဖောက်ပြန်ရေး သမားများအား ဖြုတ်ချရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးတစ်ခု ဖန်တီးခဲ့လေသည်။ ယဉ်ကျေးမှု တော်လှန်ရေးအား အများစုက ဖြုတ်၊ထုတ်၊သတ် လမ်းစဉ် ဟု ခေါ်တွင်သည်။ ဆုံးရှုံးမှုများ ၁၉၆၇ ခုနှစ်၏ ဧပရယ် ၂၇ တွင် ဂိုရှယ်နှင့် ရဲဘော်ဌေးကို ပေါလစ်ဗျူရိုမှ ထုတ်ပယ်ကာ ဂိုရှယ်ကို ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ်ပေး၍ ရဲဘော်ဌေးကိုလည်း သူ၏ သား ကိုယ်တိုင် ပါဝင်သော ရှင်းလင်းရေး အဖွဲ့နှင့် သေဒဏ် ပေးစေခဲ့သည်။ ထိုအခါ ရဲဘော်ဘခက် ကဲ့သို့ ကွန်မြူနစ် ပါတီ၏ အဆင့်မြင့် ရာထူးမှ ပါတီဝင်များမှာ သခင်သန်းထွန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ အန္တရာယ် အငွေ့အသက်ကို ရရှိလာပြီ ဖြစ်သောကြောင့် ပါတီကို စွန့်ခွာကုန်ကြသည်။ သခင်သန်းထွန်းသည် ဆက်လက်၍ ဒီဇင်ဘာ ၁၅ တွင် ပါတီအတွင်းစည်း တော်လှန်ရေး ဆုံးဖြတ်ချက်ကို ချမှတ်ကာ နိုင်ငံ တစ်ဝှန်းလုံးရှိ ပါတီဝင်များအား မိမိတို့ နယ်မြေအလိုက် ဖြုတ်၊ ထုတ်၊ သတ်များ ဆောင်ရွက်ကြရန် အမိန့်ပေးလိုက်သည်။ ဤသို့ဖြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် သည်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သားကောင် ဖြစ်သွားခဲ့လေတော့သည်။ အထက်ပါ ပါတီဝင်များကို သေဒဏ်ပေးရာ၌ တပ်နီလူငယ်များကို ဦးဆောင်၍ ရှင်းလင်းရေးကို အကောင်အထည် ဖော်ခဲ့သော ဗိုလ်ထွန်းငြိမ်းမှာလည်း ပါတီ စင်ပြိုင်ထောင်ရန် ကြိုးပမ်းမှုဖြင့် သေဒဏ်ပေးခံရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ရန်အောင်၏ တူ အောင်သိန်းနိုင်၊ လူထု ဦးလှနှင့် လူထု ဒေါ်အမာတို့၏ သား၊ လက်ရှိ ပါတီခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်း၏ အစ်ကို စိုးဝင်းတို့သည်လည်း ဗိုလ်ထွန်းငြိမ်းပြီး နောက်တစ်လတွင် ရှင်းလင်းခံလိုက်ရ လေသည်။ ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ ဂယက်ရိုက်မှု တပ်မတော်ကလည်း ပါတီအတွင်း ရှုပ်ထွေးမှု အခွင့်အရေးကို ယူ၍ ထိုးစစ်များ ဆင်ရာ ၁၉၆၈ ၏ ဧပြီလ ၁၆ ရက်နေ့တွင် ကွန်မြူနစ် ပါတီမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျသည် ပြည်-သာယာဝတီ နှစ်ခုကြားတွင် တာဝန်ထမ်းဆောင်ရင် ကျဆုံးခဲ့လေတော့သည်။ ဂိုရှယ် ကဲ့သို့ အိန္ဒိယသား ပါတီတည်ထောင် ကတည်းက ပါလာသူ တစ်ဦးဖြစ်သော ဒေါက်တာနတ် မှာလည်း ၁၉၆၈ ၌ပင် ဖြူးမြို့နားရှိ ပဲခူးရိုးမ တောထဲတွင် ကျဆုံးခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့သည်၊ ၁၉၆၃ နောက်ပိုင်းမှ တောခိုလာသည့် ကျောင်းသား ခေါင်းဆောင်များကိုပါ သေဒဏ်ပေး ခဲ့သည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီမှာ လူထု ရှေ့တွင် နာမည် ပျက်ခဲ့လေတော့သည်။ ထို့ကြောင့် အစိုးရကို လက်မခံနိုင်သည့် ကျောင်းသား လူငယ်များမှာ ဗမာပြည် ကွန်မြူနစ် ပါတီကို သွားရောက် ခိုဝင်သင့်သည့် အဖွဲ့အစည်းဟု အယုံအကြည် မရှိကြတော့ပဲ တိုင်းရင်းသား နယ်မြေများကိုသာ သွားရောက်ခဲ့ကြ သည်ကို ၈၈၈၈ အရေးအခင်းမှ တောခို ကျောင်းသားများ၏ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ကွန်မြူနစ် ပါတီ ကိုယ်၌လည်း အဆိုပါ လမ်းစဉ်ကြောင့် အမာခံ ပါတီဝင် ၁၀၀ ခန့် ဆုံးရှုံးခဲ့ရလေသည်။ သခင်သန်းထွန်း ကျဆုံးခြင်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ၏ ၂၄ ရက်နေ့တွင် တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးများကို ခုခံ ဆုတ်ခွာရင်း (နောင်အခါ တပ်မတော်သို့ အလင်းဝင်သွားသော) သူ့ ကိုယ်ရံတော် မြကြီး၏ လုပ်ကြံမှုကို ခံလိုက်ရသည်။ ထိုသို့လုပ်ကြံသူ မြကြီးသည် အစိုးရကစေလွှတ်ထားသော ထောက်လှမ်းရေးဟု ပြောဆိုမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ မြန်မာ့သမိုင်းတွင် အထူးချွန်ဆုံး နိုင်ငံရေးသမားများ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်၍ အကြီးကျယ်ဆုံး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနီးပါးမျှ နိုင်ငံရေး နယ်ပယ်တွင် လွှမ်းမိုးနိုင်ခဲ့သော သခင်သန်းထွန်းသည် လွပ်လပ်ရေး တိုက်ပွဲ အဆင့်တိုင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်း တွင် သူ၏ ပုံရိပ်များ ချန်ထားခဲ့ကာ အသက် ၅၇ နှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ စတုတ္ထမြောက် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေရင်း ကျဆုံးသွားခဲ့သည်။ အရှေ့မြောက်တိုင်း စစ်ဒေသ တရုတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တို့၏ ဆက်ဆံရေး အဆင်မပြေမှုက တရုတ် အစိုးရအား ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီ အာဏာမရခင် ကတည်းက ကွန်မြူနစ် ပါတီချင်း ကူညီရေး မူကို ပြန်လည် ဖော်ဆောင်၍ အတိအလင်း ကူညီလာစေရန် ဖန်တီးလာခဲ့သည်။ ရလဒ်အဖြစ် ကူညီရန် သဘောတူကြပြီး နောက်နှစ်တွင် ကရင့် တော်လှန်ရေးနှင့် ပူးပေါင်းခဲ့သော အစိုးရ ကချင် ရိုင်ဖယ် တပ်ရင်း ၁ ၏ ဗိုလ်မှူး နော်ဆိုင်းနှင့် သူ၏ တပ်သား ၃၀၀ သည် တရုတ်ပြည်တွင်း ခိုဝင်ခဲ့ကြသည်။ နယ်မြေချဲ့ထွင်ခြင်း ထို့နောက် ၁၉၆၈ ခုနှစ်၏ နှစ်သစ်ကူးနေ့တွင် ရှမ်းပြည်နယ်သို့ ပြန်ဝင်လာခဲ့ကာ နယ်မြေအချို့ကို သိမ်းပိုက်၍ အရှေ့မြောက် စစ်ဌာန၏ စစ်ဒေသ ၃၀၃ ဟု သတ်မှတ်လိုက်သည်။ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်မှလည်း နယ်မြေများ တိုက်ခိုက် သိမ်းပိုက်၍ စစ်ဒေသ ၄၀၄ ကိုလည်း ဆက်လက် တည်ထောင်ခဲ့ပြန်သည်။ မြောက်ဘက်တွင်မူ စစ်ဒေသ ၂၀၂ကို ရွှေလီမြစ် တလျှောက်တွင် သတ်မှတ်လိုက်သည်။ သို့သော် စစ်ဒေသ ၁၀၁ အဖြစ် တိုင်ရင်း နှင့် ဇလမ်းတို့ကို ကချင် လွတ်မြောက်ရေး အဖွဲ့ ကွဲထွက်သောအခါ ခက်ခဲစွာ သိမ်းယူ ရရှိသည်။ ထို့နောက် တောင်ဘက် နယ်စပ်အတိုင်း တောက်လျှောက် ဆက်လက် သိမ်းပိုက်ရာ ၁၉၇၀ ၏ မလတ် ၂၈ ရက်နေ့၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တော်လှန်ခြင်း နှစ်ပတ်လည် နေ့တွင် ကြူကုတ်ကို သိမ်းယူရရှိပြန်သည်။ ထို့နောက် ၀ တောင်တန်း၏ မြောက်ဘက်ခြမ်းမှ မောင်းမူ ကို မေလ ၁ ရက်နေ့တွင် ရရှိသည်။ လူထုအုံကြွမှု၏ နှစ်ပတ်လည် ၁၉၇၁၏ မတ်လတွင် ပြည်သူ့အသံ ကို တရုတ်နိုင်ငံ အတွင်းမှ စတင် ထုတ်လွှင့်နိုင်ခဲ့သည်။ စင်ပြိုင် ပေါ်ပေါက်လာသော တပ်များ ထို့နောက် အခြား စင်ပြိုင် တပ်များ အနေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထောက်ခံကူညီသော စစ်ဘုရင် လော်ဆစ်ဟန် နှင့် သူ၏ ကာကွယ်ရေး တပ်၊ ရှမ်းပြည်နယ် တပ်မတော်မှ ထောက်ခံ ကူညီသော စော်ဘွား မိသားစုမှ ဂျင်မီရန်း ခေါင်းဆောင်သော တပ်တို့ အလျှိုလျှို ပေါ်လာကြသည်။ နောက်ပိုင်းတွင် သုံးနှစ် အထိမ်းသိမ်းခံထားရ ရာမှ လွတ်မြောက် လာသော ဦးနုတို့ ၁၉၆၉ တွင် ထိုင်းနိုင်ငံ၌ တည်ထောင်သော ပါလီမန် ဒီမိုကရေစီ ပါတီမှ ပံ့ပိုးသော ပြည်ချစ် တပ်များလည်း ပေါ်ပေါက် လာကြပြန်သည်။ တိုင်းရင်းသား ပြဿနာ ဗမာပြည် ကွန်မြူနစ် ပါတီအတွက်မူ အခြား ဗမာလူမျိုးများသာ ဦးဆောင်သော ဖဆပလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ကဲ့သို့ တိုင်းရင်းသား များနှင့် ပတ်သက်၍ လူမျိုးရေး ပြဿနာများ ရှိနေခဲ့သည်။ ပါတီသည် ပါတီ၏ တော်လှန်ရေးအား အမျိုးသား ဒီမိုကရက်တစ် တော်လှန်ရေးကြီး တစ်ခုအဖြစ် မြေရှင်စနစ်၏ ဖိနှိုပ်မှု၊ နယ်ချဲ့စံနစ်နှင့် တပ်မတော် ဗျူရိုကရက်တစ်အရင်းရှင် စံနစ်တို့ကို လက်နက်ကိုင် တော်လှန်၍ ပြည်သူ့ ဒီမိုကရေစီကို ရရှိရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။ အခြား တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည်လည်း အလုပ်သမားနှင့် ဆင်းရဲသား မဟာမိတ်များနှင့် ပူးပေါင်းကာ အခြေခံလူတန်းစား ပစ္စည်းမဲ့ ခေါင်းဆောင်မှု ရှိသော ဗမာပြန် ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင်မှု အောက်တွင် ကြိုးပမ်းရမည်ဟု ယုံကြည်သည်။ တိုင်းရင်းသား တော်လှန်သူများမှာ ဖက်ဒရယ် စနစ်ကို ရှေ့တန်းမတင်သော ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းနေရခြင်းကို မေးခွန်းထုတ်လာ ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ၁၉၆၈ မှစတင်ကာ တရုတ်ပြည်ကို သွား၍ အကူအညီ အထောက်အပံ့များ တောင်းဆိုသော အခါ တရုတ် အစိုးရမှ အတင်း ဖိအားပေး၍ ကွန်မြူနစ် ပုန်ကန်မှုနှင့်သာ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။ အကူအညီ အထောက်အပံ့များသည် ဗမာပြည် ကွန်မြူနစ် ပါတီမှသာ တစ်ဆင့် ရခဲ့ကြပြီး စစ်သင်တန်းများပါ ပေးခဲ့သောအခါ အယူဝါဒပိုင်း ဆိုင်ရာတွင်လည်း လွှမ်းမိုးမှုများ ရှိလာခဲ့သည်။ နောက်ပိုင်းတွင် တိုင်းရင်းသား တပ်များထဲ၌ ကွန်မြူနစ် ထောက်ခံသော တပ်များနှင့် ကွန်မြူနစ် ဆန့်ကျင်သော တပ်များဟူ၍ ကွဲထွက်လာကြသည်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၁၉၇၃ တွင်မူ ၀ နယ်မြေမှ ပန်ဆန်း နယ်စပ်ရွာတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တည်ထောင်သည်။ လာအို နိုင်ငံနှင့် ကပ်လျက်ရှိသော နယ်မြေအား ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ၈၁၅ စစ်ဒေသဟု အမည်ပေးခဲ့သည်။ ရှမ်းပြည်နယ် တပ်မတော်၏ အင်အား ၁၀၀၀ မျှ ရှိသော ဗိုလ်ခွန်မြင့် ဦးဆောင်သည့် တပ်က လာရောက် ပူးပေါင်း၍ ကျိုင်းတုံ နယ်မြေတွင် တပ်မ ၁၇၈ ကို တည်ထောင်သည်။ တောင်ကြီး၏ မြောက်ဘက်ကို စစ်ဒေသ ၁၀၈ အဖြစ် ထိမ်းချုပ်ထားရန် စီမံကိန်းတွင်တော့ တပ်မတော်၏ ၁၉၆၉-၇၀ တိုက်စစ်များကြောင့် ရှမ်းပြည်နယ် တပ်မတော် ဗိုလ်မှူး စိုးမောင်နှင့် ပြည်သူ့ရဲဘော် အဖွဲ့ဝင် သခင်တင်ထွန်းတို့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည်။ ဖြတ်လေးဖြတ် အရှေ့မြောက်တိုင်း စစ်ဌာန၏ အခြေခံ နည်းဗျူဟာပိုင်းဆိုင်ရာ ရည်ရွယ်ချက်မှာ ပါတီ၏ ပင်မ ဌာနချုပ် ဖြစ်သည့် မြန်မာပြည် အလယ်ပိုင်းနှင့် တရုတ် နိုင်ငံနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်မည့် မြန်မာပြည် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ကချင် လွပ်လပ်ရေး အဖွဲ့မှ ပုန်ကန်သည့် အစိတ်အပိုင်းများ၊ ရှမ်းပြည်နယ် တပ်မတော်မှ ပုန်ကန်သည့် အစိတ်အပိုင်းများ နှင့် မြန်မာ့ တပ်မတော်တို့၏ ထိုးစစ်များကြောင့် ဆက်သွယ်ထားရန် ခက်ခဲလာခဲ့ပေသည်။ သို့သော် ရရှိသော အထောက်အပံ့ဖြင့် ကွန်မြူနစ် ပါတီသည်၊ တိုက်တိုင်းအောင် တပ်ရင်း ၇ရင်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ပဲခူး ရိုးမ၊ အနောက်မြောက်တိုင်း စစ်ဌာနနှင့် ရခိုင် ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ တပ်မတော်က ထိုကဲ့သို့ ကွန်မြူနစ် ပါတီ၏ လူအင်အား ဖြည့်တင်းနေမှုများနှင့် အသစ်ပေါ်လာသော အရှေ့မြောက် စစ်ဒေသကို တုံ့ပြန်ရန် မြန်မာပြည် အလယ်ပိုင်းရှိ ကွန်မြူနစ်ပါတီကို ဗဟိုပြု၍ လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ များအား အစိုးရဖက်မှ စစ်ဆင်သော စစ်ဆင်ရေးကြီး ပြုလုပ်သည်။ ရိက္ခာဖြတ်၊ အထောက်အပံ့ဖြတ်၊ သတင်း အချက်အလက် ဖြတ်တောက်ရေးနှင့် လူသစ် စုဆောင်းရေး ကို မလုပ်နိုင်အောင် ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များအား လူထု၊ ကျေးရွာများနှင့် အဆက်ဖြတ်ပစ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ အနီရောင် နယ်မြေများမှ လွတ်မြောက်သွားသော အရပ်သားများတွင်လည်း အခြားနေရာသို့ ရွှေ့ပြောင်း ထွက်ခွာခွင့်၊ ပြန်လည် တိုက်ခိုက်ခွင့် (သို့) တပ်မတော်သို့ ဝင်ရောက်ခွင့်တို့ ရှိလာကြသည်။ တပ်မတော်၏ အစီအစဉ်သစ်များ နိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းများတွင်လည်း အဖြူရောင်၊ အညိုရောင်၊ အနက်ရောင် နယ်မြေဟူ၍ လက်နက်ကိုင် အတိုက်အခံများ ထိမ်းချုပ်မှု ပမာဏနှင့် သတ်မှတ်သည်။ ထို့နောက် အခြား နယ်မြေများတွင် သတ်မှတ်နယ်မြေပြင်ပ တွင် တွေ့ရှိရသော မည်သည့် ရွာသားကို မဆို အမေးအမြန်းမရှိ ပစ်ခတ်ခွင့်ရှိသည့် လုံခြုံရေး စည်းကျပ် နယ်မြေများ အဖြစ် တပ်မတော်က သတ်မှတ်ခဲ့သည်။ ကျေးရွာများတွင် ပြည်သူ့စစ် များကို ဖွဲ့စည်းထားကာ စစ်တပ်ကိုလည်း ရွာတိုင်းတွင် စခန်း ချထားသည်။ ထို့နောက် ကွန်ယက်သဖွယ် ကင်းစင်များ တည်ဆောက်ထားကာ မပြတ် ကင်းလှည့်နေစေသည်။ တပ်မတော်၏ အထက်ပါ အစီအစဉ်များသည် ဗမာပြည် ကွန်မြူနစ် ပါတီိအပေါ် အတော်အတန် ထိရောက်မှု ရှိခဲ့သည်။ အထောက်အပံ့နှင့် တပ်သားသစ်များ ပြတ်တောက်လျက် ရှိသော လက်နက်ကိုင် အတိုက်အခံများကို တိုက်ခိုက်ရန် တပ်မတော်မှ အထူး တိုက်ခိုက်ရေး တပ်စုသစ် အနေနှင့် နယ်မြေခံ တပ်ရင်းမဟုတ်သော စစ်ဌာနချုပ်မှ တိုက်ရိုက် ခန့်ခွဲသည့် ခြေမြန်တပ်မ (သို့) အပေါ့စား ခြေလျင်တပ် များကို အသုံးပြုခဲ့သည်။ ပထမဆုံး အသုံးပြု တိုက်ခိုက်မှု အနေနှင့် ၁၉၆၆ ခုနှစ်တွင် ခြေမြန်တပ်မ ၇၇၊ ထို့နောက် ၁၉၆၇-၆၈ တွင် ၈၈နှင့် ၉၉ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ မြန်မာပြည် အလယ်ပိုင်းမှ ဆုတ်ခွာခြင်း ၁၉၆၈၏ နှစ်သစ်ကူးနေ့တွင် ဖြတ်လေးဖြတ်၏ ပထမအဆင့် တိုက်ခိုက်မှုများကို ခြေမြန်တပ်မ ၈၈ ကို ဖြန့်ကျက်ခြင်းဖြင့် စတင်သည်။ ထို ၈ နှစ်အတွင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမမှ တပ်များမှာ များပြားစွာ ကျဆုံးခဲ့ကာ တောင်များတွင် လူ နေထိုင်မှု မရှိတော့သလောက် ဖြစ်သွားခဲ့သည်။ တပ်မတော် ဖြတ်လေးဖြတ်၏ နောက်ဆုံး စစ်ဆင်ရေး ဖြစ်သော အောင်စိုးမိုး စစ်ဆင်ရေး တွင် ဗမာပြည် ကွန်မြူနစ် ပါတီကို မြန်မာပြည် အလယ်ပိုင်းမှ လုံးဝ မောင်းထုတ် နိုင်ခဲ့လေတော့သည်။ ၁၉၇၅ ခုနှစ်၏ မတ်လ ၁၅ ရက်နေ့တွင် သခင်ဇင်နှင့် သခင်ချစ် တို့မှာ ခြေမြန်တပ်မ ၇၇ ၏ ဝိုင်းရံ ပိတ်ဆို့ခြင်း ခံနေရစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ၏ တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၆၀ ခန့်ရှိကြပြီ ဖြစ်သည်။ ပြန်လည် ဖွဲ့စည်းခြင်း ခေါင်းဆောင် အသစ်အနေနှင့် ၁၉၇၅ မေလတွင် ဥက္ကဋ္ဌအဖြစ် ၁၉၄၆ ခုနှစ်ကတည်းက ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့်၊ ဒုဥက္ကဋ္ဌ ဖြစ်နေခဲ့သော တရုတ် နိုင်ငံ အခြေပြု ခေါင်းဆောင် သခင်ဗသိန်းတင် ကို ခန့်အပ်သည်။ သခင်ဖေတင့်နှင့် မော်စကိုမှ သင်တန်းပေးထားသော ခင်မောင်ကြီးတို့ကို ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်သည်။ သခင်ဗသိန်းတင်ကလည်း ပြန်လည်ပြင်ဆင်ရေး ဝါဒကို ဆန့်ကျင်သည့် လမ်းစဉ်ကိုပင် ကြေညာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ပစ္စည်းမဲ့ တိုက်ပွဲ ဖြင့် နယ်ချဲ့ တစ်ပိုင်း ဖြစ်နေသော တိုင်းပြည်ကို ဆက်လက် တိုက်ခိုက်ရဦးမည်။ သို့သော် အလုပ်သမားနှင့် အခြေခံလူတန်းစား မဟာမိတ်များနှင့် မြို့နေဓနရှင်၊ အမျိုးသား အရင်းရှင် များ၊ တိုးတက်သော ဒီမိုကရက်များနှင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော မဟာမိတ်များနှင့် လက်တွဲ တိုက်သွားမည်ဟု ကြေညာသည်။ ဗိုလ်မှူးချုပ် ကျော်ဇော ကွန်မြူနစ် ပါတီနှင့် လာရောက် ပူးပေါင်း တောခိုခြင်း ၁၉၇၆ ၏ ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ အတွက် ထူးထူးခြားခြား တစ်ပန်းသာမည့် ဝါဒဖြန့်ချိရေး စစ်ဆင်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ တပ်မတော်၏ တရုတ်ဖြူနှင့် တိုက်ပွဲ၊ ကရင် အမျိုးသား ယူနီယံနှင့် တိုက်ပွဲတို့တွင် ထိပ်တန်း စစ်ဆင်ရေးမှူးကြီး ဖြစ်ခဲ့သော ဗိုလ်မှူးချုပ် ကျော်ဇော သည် သူ၏ မိသားစုနှင့်တကွ ပန်ဆန်းမြို့သို့ ထွက်ခွာလာကာ ပြည်သူ့အသံမှ ဗိုလ်ချုပ်ကြီးနေဝင်းအား အပြင်းအထန် တိုက်ခိုက်နိုင်လိုက်သော အသံလွှင့်ချက်ကို ဗမာ့ ပြည်သူ့အသံမှ အသံ လွှင့်နိုင်ခဲ့သည်။ ဗိုလ်မှူးချုပ် ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ဗမာ့ လွပ်လပ်ရေး တပ်မတော် ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးနေဝင်းအား တပ်မတော်မှ ထုတ်ပယ်ရန် စဉ်းစားခဲ့ကြသည့် အတွင်းရေးများကို ဖွင့်ချကာ တပ်မတော် စစ်သည်များအား... သင်တို့သည် "အာဏာရူး နေသည့် ဘုရင်ဗိုလ်နေဝင်း၏ လက်ပါးစေ လူသတ်သမားများသာ ဖြစ်နေသည်"ဟု ထောက်ပြခဲ့သည်။ ပြန်လည် ထိုးစစ်ဆင်ခြင်း အရှေ့မြောက်ပိုင်း ဒေသအပြင် ဗမာပြည် ကွန်မြူနစ် ပါတီသည် အနောက် မြောက်ပိုင်း ရခိုင်ပြည်နယ် နှင့် တောင်ပိုင်း တနင်္သာရီ တိုင်းတို့တွင် ထိမ်းချုပ်ထားနိုင်မှု ရှိနေသေးသည်။ သခင်ဗသိန်းတင်သည် အဆိုပါ ကျန်ရှိနေသော တပ်များရှိသည့် အနောက်ပိုင်းကို ဦးတည်တိုက်ကာ ရှမ်းကုန်းပြင်မြင့် အနောက်ဘက်စွန်းမှ ပြောက်ကျား စခန်းများနှင့် ဆက်စပ်မိ အောင် လုပ်ရန် "၇၅၁၀ အစီအစဉ်"ကို ၁၉၇၅ တွင် ရေးဆွဲသည်။ ပထမဆုံး တိုက်ခိုက်မှုသည် သံလွင်မြစ်မှ တန်ယန်းဒေသ အထိကို ဇွန်လတွင် ခြေမြန်တပ်မ ၉၉ မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်အင်အား အတော်များများ ကျဆုံးခဲ့သည် အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အောင်မြင်ခဲ့သည်။ ၁၉၇၅ နှောင်းပိုင်းတွင် ကွန်မြူနစ် ၈၁၅ တပ်မက တပ်မတော် ၈၈ ခြေမြန်တပ်မကို မိုင်းယောင်းနယ်တွင် လာအို နယ်စပ် တစ်လျှောက်ရှိ တောင်တန်းများကို ထိန်းချုပ်နိုင်ရန် အတွက် အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ နောက်နှစ်တွင် ရှမ်း တပ်သားများနှင့် တပ်မ ၇၆၈ကို ဖွဲ့စည်း၍ အရှေ့ ရှမ်းပြည်နယ် တပ်မတော်မှ စစ်နယ်မြေ တစ်ခုတွင် စခန်းချသည်။ အခြား တပ်မတစ်ခုမှာ ရွှေလီမြစ်ကို ဖြတ်၍ ရွှေဘို မြို့ကို ချီတက်ရန် ကြိုးစားသည်။ တပ်မ ၆၈၃မှာမူ တပ်မဟောင်း ၁၀၈ ရှိခဲ့ရာ မန္တလေး၏ မြောက်ဘက်ဒေသကို ဆက်လက် ထိုးဖောက်နေသည်။ တပ်မတော် တစ်ပန်းသာလာခြင်း ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ဖြတ်လေးဖြတ် စီမံကိန်းကို အနောက်မြောက် ဒေသနှင့် ရခိုင်ပြည်နယ်သို့ ဆက်လက် တိုးချဲ့ နေသည်။ ထိုအချိန်တွင် ဗမာ့ ရိုင်ဖယ် တပ်ရင်းအရာရှိဟောင်း ဗိုလ်သက်ထွန်းက ချင်းအမျိုးသား များနှင့် ဗမာ အမျိုးသားများ ပါဝင်သော ဗမာပြည် ကွန်မြူနစ် ပါတီ၏ အနောက်မြောက်တိုင်း စစ်ဌာနကို ကွပ်ကဲသည်။ ၁၉၈၀ ၏ ဇူလိုင်လတွင် ခြေမြန်တပ်မ ၆၆မှ တောင်တန်းများကို ဝင်ရောက်ရှင်းလင်း ပြီးသည့် နောက်ပိုင်းတွင် ဗိုလ်သက်ထွန်းနှင့် သူ၏ တပ် အကျွင်းအကျန်ကို ဖမ်းဆီရရှိကာ ဖိအားပေး အလင်းဝင်စေခြင်းဖြင့် အနောက်မြောက်တိုင်း စစ်ဌာန အဆုံးသတ်သည်။ တပ်မတော်၏ ပင်မ စစ်ဆင်ရေးကြီးသည် ၁၉၇၉ ခုနှစ်၏ နိုဝင်ဘာလတွင် သံလွင် အရှေ့ပိုင်းမှ ပန်ဆန်းမြို့ကို အပေါ်စီးမှ မြင်နေရသော ၃၀ ကီလိုမီတာ အဝေးမှ တောင်ကုန်းများကို သိမ်းပိုက်ခြင်းဖြင့် စတင်သည်။ ၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှာ အဓိက စစ်ဆင်ရေး နှစ်ခုနှင့် တွေ့ကြုံရကာ တောင်ပိုင်း ၂၅၀ မိုင်ခန့် အကွာမှ မူဆယ်နှင့် မုံယောင်း တို့ကို လက်လွှတ်ရသည်။ နှစ်ဖက်စလုံးမှ အကျအဆုံး များကြသော်လည်း တိကျသော အဖြေ မပေါ်ပဲ ဆက်လက် တောင့်ခံထား ကြသည်။ တရုတ် ကွန်မြူနစ် ပါတီ၏ အထောက်အပံ့ ရပ်တန့်ရန် နီးကပ်လာခြင်း ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီမှ ၁၀ နှစ်တာ ကူညီထောက်ပံ့သည့် ကွန်မြူနစ် ပါတီခြင်း ကူညီရေး သဘောတူညီမှု ကလည်း ကုန်ဆုံးချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သံလွင်၏ အနောက်ပိုင်းရှိ စခန်းများမှာ ထောက်ပံ့ရန် အလွန် အလှမ်း ကွာဝေးလွန်းသည်သာ မက ခုခံကာကွယ်ရန်လည်း ခက်ခဲလာသည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီမှာ စိတ်ဓာတ်သာ ရှိတော့သော်လည်း စစ်ရေးတွင်မူ ဗမာ့တပ်မတော်ကို ဆက်လက် ထိုးစစ်ဆင်ရန် ခက်ခဲလာ ပေတော့သည်။ အရှေ့မြောက် စစ်ဒေသရှိ ဘိန်းဘုရင်များ ကိုးကန့်နှင့် ဝနယ်များကိုသာ အဓိက အုပ်ချုပ်နေရ သောအခါ ဗမာပြည် ကွန်မြူနစ် ပါတီ သည် အစိုးရ အဆက်ဆက်က တွေ့ကြုံလာခဲ့သော ဘိန်းဖြူ ကူးသန်းရောင်းဝယ်မှု ပြဿနာနှင့် တိုက်ရိုက် တွေ့ကြုံလာရသည်။ လော်ဆစ်ဟန်နှင့် ခွန်ဆာတို့၏ မြန်မာ့ တပ်မတော်မှ ထောက်ပံ့အားပေး တည်ထောင်သော တပ်များလည်း ဘိန်းကုန်ကူးရာတွင် ပါဝင်ကြသည်။ ၁၉၇၀ အစပိုင်းတွင် ဗမပြည် ကွန်မြူနစ် ပါတီမှ ဘိန်းပင်များကို ဖျက်ဆီးသည့် စီမံကိန်းများ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘိန်းပင်များ၏ အမြတ်မှ ၂၀% အခွန်ကောက်၍ စည်းကမ်း တင်းကြပ်မှုကို လျှော့ချကာ တရုတ်ပြည်၏ အထောက်အပံ့မရရှိ တော့သောကြောင့် လျော့နည်းလာသော ပါတီ စရိတ်ကို ကျားကန်နိုင်ရန် ကြိုးပမ်းခဲ့ကြရသည်။ နယ်မြေခံ ဘိန်းဘုရင်များကို ထိမ်းချုပ်ထားကာ ပါတီကို အားပြု ထောက်ပံ့နေရခြင်းသည် မော် ဝါဒကို လက်ကိုင်ထားသော ပါတီ တစ်ခု အနေနှင့် နိုင်ငံရေးအရ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ၁၉၈၅ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တတိယ ကွန်ဂရက်တွင်မူ ဘိန်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက်သော ဥပဒေကို မိတ်ဆက်သည်။ ပါတီဝင်များ အနေနှင့် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်ခွင့် မရှိ၊ လက်ကား ရောင်းဝယ် ဖောက်ကားသော မူးယစ်ဆေး ရောင်းဝယ်သူ ကုန်သည်များကို သေဒဏ်ပေးမည်ဟူသည့် ဥပဒေဖြစ်သည်။ ထိုဥပဒေသည် ၁၉၈၉ တွင် ပါတီကို လုံးဝ မရပ်တည်နိုင် တော့သည်အထိ ဖြစ်ခဲ့သော တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့ရသည့် အကြောင်း တစ်ချက်ပင် ဖြစ်ခဲ့သည်။ ပါတီ လမ်းစဉ်သစ်များ ၁၉၇၈၏ နိုဝင်ဘာလတွင် ပန်ဆန်း၌ ကျင်းပသော ပေါလစ်ဗျူရို အစည်းအဝေးတွင် သခင်ဗသိန်းတင်က နိုင်ငံရေး အစီခံချက် ကို တင်ပြသည်။ ထို အစီရင်ခံချက်ကို ဗဟို ကော်မတီက ၁၉၇၉ တွင် အတည်ပြုသည်။ ထို အစီရင်ခံချက်သည် ပါတီ၏ ၁၉၈၅ ပါတီ၏ တတိယ ကွန်ဂရက်တွင် ထုတ်ပြန်သည့် ပါတီ၏ ရည်မှန်းချက်များ၏ အခြေခံပင် ဖြစ်သည်။ တတိယ ကွန်ဂရက်သည် ရန်ကုန်တွင် ကျင်းပခဲ့သော ပါတီဝင် ၅၀၀၀ ခန့်သာ ရှိနေစဉ်တွင် ၁၇၀ သာ တက်ရောက်ခဲ့သော ဒုတိယ ကွန်ဂရက်နှင့် နှစ် ၄၀ ခြားသည်။ ထို အစီရင်ခံချက်မှ အချက်များမှာ... ပါတီတွင် ပေါ်ပေါက်ခဲ့သော ၁၉၅၅ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်နှင့် ၁၉၆၄ ပါတီတွင်း တော်လှန်မှု လမ်းစဉ်တို့ကို ပါတီ၏ လမ်းစဉ် အမှားများ အဖြစ် တင်ပြသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အုပ်စိုးသော မြန်မာနိုင်ငံသည် နယ်ချဲ့၊ မြေရှင် ပဒေသရာဇ် နှင့် ဗျူရိုကရက်တစ် အရင်းရှင် နိုင်ငံ အဖြစ် သတ်မှတ်လိုက်သည်။ လက်နက်ကိုင် တော်လှန်ရေး၏ အဓိက အတွေးအခေါ်ကို မတ်စ်-လီနင်-မော် ဝါဒဟု ထားရှိရင်း တရုတ်ပြည်၏ အောင်မြင်မှုကို နမူနာယူမည်။ ဆိုဗီယက်တို့၏ ဆိုရှယ်လစ် နယ်ချဲ့ဝါဒနှင့် ဗီယက်နမ်နိုင်ငံ တို့၏ ဝါဒများမှာ အမေရိကန် နယ်ချဲ့ ဝါဒကို ခုခံနိုင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ခမာရု အစိုးရ တက်လာသည့်အခါတွင် ထောက်ခံခဲ့၍ ဗီယက်နမ် အစိုးရကိုပါ စာရေး၍ ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ပြည်ကို ဗမာပြည် ကွန်မြူနစ် ပါတီနှင့် မနီးစပ်စေရန် ဦးအောင် သွားရောက်ခဲ့သကဲ့သို့ ဖနွမ်းပင်ကို ခမာရုအစိုးရ လက်ထက်တွင် ပထမဆုံး သွားရောက် လည်ပတ်ခဲ့သည့် အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ အထွေထွေ လမ်းစဉ် ပါတီ၏ အထွေထွေလမ်းစဉ်ကို နှစ်၃၀ လက်နက်ကိုင် တော်လှန်ရေး၏ အတွေ့အကြုံကို အခြေခံ၍ ဆွဲသားနိုင်ခဲ့သည်။ တယူသန် အုပ်စုခွဲဝါဒ (sectarianism)၊ လက်ဝဲ နှင့် လက်ယာ သွေဖည်ရေးဝါဒ (leftist and rightist deviationism) တို့အား သတိပေးဆန့်ကျင်သည်။ ပါတီ၏ အခြေခံမူကို ကမ္ဘာ့ အခင်းအကျင်း ပြောင်းလဲမှုနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်သည်။ ပါတီ တည်ဆောက်မှု အသစ်၊ စစ်ရေးနှင့် စိုက်ပျိုးရေးတို့ကို သင်ယူရရှိသည်။ လျာထားချက် မပြည့်မှီမှုများ ပါတီဝင် စုဆောင်းရေး အနေနှင့် အနည်းဆုံး ရွာတစ်ရွာမှ ပါတီဝင် တစ်ဦးရရှိရန် စည်းရုံးမည် ဟူသည့် ၁၉၆၄ ဆုံးဖြတ်ချက်ကို ပြည့်မီအောင် မဖြည့်ှဆည်းနိုင်ခဲ့ခြေ။ ခံစစ်လိုင်း အသစ်သည် ဗျူဟာပိုင်းဆိုင်ရာ ကာကွယ်ရေး ဖြစ်သင့်ခဲ့သော်လည်း ပါတီက အားနည်း၍ ရန်သူက အင်အား ကြီးမားနေခဲ့သည်။ ဗမာပြည်သည် ခေတ်နောက်ပြန်ဆွဲသော ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်းနိုင်ငံ ဖြစ်သောကြောင့် မညီမျှသော နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများ ရှိနေခဲ့သည်။ ထို့ကြောင့် မြေယာတော်လှန်ရေး၏ လယ်လုပ်သူ လယ်ပိုင်ရေး ဆောင်ပုဒ်သည် ပြည်သူတို့၏ စစ်ပွဲ၌ အခြေခံ ဖြစ်နေသေး၍ အနီရောင် အုပ်စိုးသည့် နယ်မြေများက မြို့များကို ဝိုင်းထားနိုင်ရန် လိုအပ်သေးသည်။ ရုရှ အောက်တိုဘာ တော်လှန်ရေးကို နမူနာယူသည့် လမ်းစဉ်ကို နမူနာ မယူတော့ပဲ "သပိတ်စုံ သူပုန်ထ" လမ်းစဉ်ကိုသာ ဖန်တီးရန်ဖြစ်သည်။ လွပ်ငြိမ်းချမ်းသာခွင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဗမာပြည်သည် ၁၉၇၉ ဟာဗားနား ဆိုဗီယက်နှင့် ဗီယက်နမ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုမှ နုတ်ထွက်ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဟွန်ဟွာသည် ရန်ကုန် မြို့တော်သို့ လာရောက် လည်ပတ်သည်။ ဗိုလ်ချုပ်နေဝင်းက ၁၉၈၀ တွင် လွပ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ကြေညာခဲ့ရာ ထိုင်းနိုင်ငံ အခြေစိုက် ပြည်သူ့ ဒီမိုကရက်တစ် ပါတီမှ ဦးနုတို့ ပြန်ဝင်လာကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီကမူ မုံယောင်းမှ တိုက်ခိုက်မှု တစ်ခုနှင့် တုံ့ပြန်သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ဖျက်ပြီးနောက်မှ စက်တင်ဘာ လတွင် ဆွေးနွေးရန် သဘောတူသည်။ ပထမဆုံး ဆွေးနွေးပွဲမှာ ဘေဂျင်းတွင် ကျင်းပသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ကချင် လက်နက်ကိုင်များနှင့် ဆွေးနွေးမှု တစ်ဝက်တွင် တရုတ်ပြည်ကို ရန်ကုန်မှ ထွက်ခွာလာခဲ့ကာ သခင်ဗသိန်းတင်နှင့် လာရောက် ဆွေးနွေးသည်။ ဒုတိယ ဆွေးနွေးပွဲတွင်မူ ကွန်မြူနစ်အတွက် သခင်ဖေတင့်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဖက်မှ ဗိုလ်မှူးအေးကိုတို့က မေလတွင် လားရှိုးမြို့၌ ဆွေးနွေးခဲ့ကြသည်။ မဖြစ်နိုင်သော တောင်းဆိုချက်များ ဗိုလ်မှူးအေးကိုဖက်မှ တောင်းဆိုမှုများမှာ... ၁။ ဗမာပြည် ကွန်မြူနစ် ပါတီကို ဖျက်သိမ်းရမည်။ ၂။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင်တပ် ဖြစ်သော ပြည်သူ့ တပ်မတော်ကို ဖျက်သိမ်းရမည်။ ၃။ ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက်ထားသော လွတ်မြှောက်ဒေသများကို လက်လွှတ်ရမည်။ ဟူ၍ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဗမာပြည်အား တစ်ပါတီစံနစ်ဖြင့်သာ ဦးဆောင်မည် ဖြစ်သဖြင့် အခြား ပါတီ အားလုံး ဖျက်သိမ်းရမည် ဟူသည့် အပိုဒ် ၁၁ ကို ထောက်ပြ ပြောဆိုခြင်း ဖြစ်လေသည်။ ထို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည်လည်း မေလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဖက်မှ အဆုံးသတ်သည်။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့်အပစ်အခတ် ရပ်စဲရေး ကာလကို မေလ ၃၁ ရက်နေ့ အထိ သတ်မှတ်၍ ဗမာပြည် ကွန်မြူနစ် ပါတီနှင့်မူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရှိခဲ့ပါ။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ဗမာပြည် ကွန်မြူနစ် ပါတီ၏ ရေဒီယိုလိုင်း ပြည်သူ့အသံ ကမူ ပြည်တွင်းစစ်ကို ရပ်စဲ၍ ပြည်တွင်း စည်းလုံး ညီညွတ်မှုနှင့် ပါတီပြိုင် စံနစ်ကို ထောက်ခံကာ ဒီမိုကရေစီကို တည်ဆောက်သည့် ဖက်ကို စတင် ထုတ်လွှင့်စ ပြုလာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ထိုအချိန်တွင် အရှေ့မြောက်ဒေသတွင် အင်အား ၁၅၀၀၀ ခန့် ရှိနေသေးသည်။ တပ်မတော်ကလည်း ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်သည့် ထိုးစစ်ကြီး နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ပြန်လည် ထိုးစစ်များ ဆင်ရာ ကျိုင်းတုံ-တန်ယန်း ဧရိယာတွင် ရာပေါင်းများစွာ ကျဆုံးသည်။ သို့သော်လည်း ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက် နိုင်ခဲ့ခြင်းတော့ မရှိပေ။ ဗမာ ပါတီများ ဖြစ်သော တပ်မတော်၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ကွန်မြူနစ် ပါတီတို့ နှစ်ဖက်လုံးသည် ၁၉၇၆ တွင် တည်ထောင်သော အမျိုးသား ဒီမိုကရက်တစ် တပ်ဦး၏ ကြီးထွားလာမှု အပေါ်တွင် ထိပ်တိုက် စိမ်ခေါ်မှုများ ဖြစ်ပေါ်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗမာလူမျိုး များကို ထုတ်ပယ်ထား၍ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ ၀၊ နှင့် လားဟူတို့ အားလုံးသည် အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖြစ် စည်းလုံး ထားကြ သောကြောင့် ဖြစ်ရာ ဗမာ ပါတီများအတွက် အန္တရာယ် ရှိလာနိုင်သောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီတို့၏ ၁၉၈၃၊ မအောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ပိုမို အင်အားကောင်းလာခြင်း ဖြစ်သည်။ ထိုအချက်သည် နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး နှင့် ၁၉၈၆ တွင် သဘောတူညီချက် တစ်ခု ဖြစ်ပေါ်ရန် တွန်းအားပေးခဲ့လေသည်။ ၈၈၈၈ အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများ မြန်မာပြည်အား တိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ၁၉၈၇ ၌ ထည့်သွင်းသည်။ ၁၉၈၈ တွင် မြန်မာပြည် စီးပွားရေး အကျပ်အတည်းနှင့် အစိုးရက ငွေစက္ကူ တရားမဝင် ကြေညာမှုများမှ စတင်၍ ၁၉၈၈ အရေးအခင်းများ စတင် ဖြစ်ပေါ်သည်။ တစ်နိုင်ငံလုံး ပါဝင်လာသော အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများမှာ ဩဂုတ်လ ၈ ရက် ၁၉၈၈ တွင် စတင်ရာ တပ်မတော်မှ ကျောင်းသားနှင့် လုပ်သား ပြည်သူ ထောင်ပေါင်း များစွာတို့ကို ပစ်ခတ် သတ်ဖြတ် နှိုမ်နင်းခဲ့ကာ အဆိုပါ ၈၈၈၈ ဆန္ဒပြပွဲများသည် နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ဝါဒဖြန့်မှုကြောင့်သာ ဖြစ်သည် ဟု စွပ်စွဲခဲ့သည်။ ပေါလစ်ဗျူရို အဖွဲ့ဝင် ရဲဘော်ထွန်း ခေါ် ရဲဘော်ကြင်မောင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏မြေအောက် လှုပ်ရှားမှု အဖွဲ့ ၄၈၂၈ ပါတီကော်မတီကို ဦးစည်းလှုပ်ရှားခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ သားမက် ရဲဘော်သက်ခိုင် ပါဝင်သော အဆိုပါအဖွဲ့သည် မြို့များအတွင်း၌ လျှို့ဝှက်စွာ လှုပ်ရှားသည်။ သို့သော် တပ်မတော် ထောက်လှမ်းရေး၏ ထောက်လှမ်း သိရှိခြင်းနှင့် ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြေအောက် ၄၈၂၈ ပါတီကော်မတီတို့၏ အခန်းကဏ္ဍကြီးကြီးမားမားပါရှိကြောင်း အစိုးရတပ်မတော်ထောက်လှမ်းရေးက စွပ်စွဲခဲ့ကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်သူတချို့က တစွန်းတစ ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း အငြင်းပွားမှုများရှိခဲ့သည်။ ပြည်သူ၏ တောင်းဆိုမှုသာ ဖြစ်သည် ဗမာပြည် ကွန်မြူနစ် ပါတီသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရန် ပါတီစုံ စံနစ်နှင့် ရွေးကောက်ပွဲ တစ်ခုကိုသာ ကြွေးကျော် တောင်းဆို လာသည်။ သို့သော်လည်း ဒီမိုကရေစီ ဝါဒကို လက်ကိုင်ထားကြသော ဦးနုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှာမူ လက်တွဲ လုပ်ကိုင်ရန် အခက်အခဲ ရှိနေခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် အလံနီ ကွန်မြူနစ် ပါတီတို့မှ ကွန်မြူနစ် ဟောင်းကြီးများနှင့် လက်ဝဲဝါဒ ထောက်ခံသူများသည် ထို ဒီမိုကရေစီ လှုပ်ရှားမှုကြီးနှင့် သပိတ် ကော်မတီများကို အားပေး ကူညီ ထောက်ခံခဲ့ကြသည်။ ရဲဘော်ကြင်မောင် ကမူ ၈၈၈၈ လှုပ်ရှားမှုကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပါ။ မပြီးဆုံးသေးသော လုပ်ငန်းစဉ်များနှင့် ဗမာပြည် ကွန်မြူနစ် ပါတီ ၁၉၄၈ မှ ၁၉၈၉ အထိ ဗမာပြည် ကွန်မြူနစ် ပါတီမှာ လက်နက်ကိုင် တော်လှန်ရေးဖြင့် ပြည်သူ့ ဒီမိုကရေစီနှင့် ဆိုရှယ်လစ် လူ့ဘောင် တစ်ခုကို ရယူနိုင်ရန်အတွက် မြောအောက် နိုင်ငံရေး ပါတီ တစ်ခုအဖြစ် တိုက်ပွဲဝင်ခဲ့သည်။ ၁၉၈၉ တွင်မူ ပါတီတွင်း သူပုန်ထမှုများကြောင့် ပါတီ အင်အား အလွန့်အလွန် လျော့နည်းသွားရာ လက်နက်ကိုင် တော်လှန်ရေးကို ဘယ်လိုမှ ဆက်လက် ပြုလုပ်ရန် မဖြစ်နိုင်တော့ပဲ ခေါင်းဆောင်များပါ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ကြရပါတော့သည်။ ပြည်သူ့အာဏာနှင့် အရေးတော်ပုံဂျာနယ်များကို မြေအောက်စာစောင်များအဖြစ် ထုတ်ဝေလျက်ရှိသည်။ ဖော်ပြနိုင်သော ပါတီဝင်များမှာ စုစုပေါင်း ၃၀၀၀ ခန့်သာ ရှိတော့သည်။ ပါတီသည် အဝင်ခက်၊ အထွက်လွယ်သော စံနစ်ဖြင့် ပါတီဝင် အသစ်များကို ဆက်လက် လက်ခံလျက် ရှိသည်။ နိုင်ငံရေး ကျွမ်းကျင်သူ အချို့၏ ခန့်မှန်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် အနာဂတ်တွင် လာလတ္တံ့သော ကြီးမားသည့် ဆန္ဒပြပွဲကြီးများတွင် နောက်ခံ ကျောရိုးကြီး တစ်ခု အဖြစ် စစ်အာဏာရှင်တို့အား ကြီးမားစွာ ခြိမ်းချောက် လာနိုင်သည့် ပါတီအဖြစ် နောက် တစ်ဖန် ပြန်ဖြစ်လာဦးမည်ဟု ခန့်မှန်းသည်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာမူ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များနှင့် အခြေခံ လူတန်းစားအတွက် တိုက်ပွဲဝင်နေဆဲသာ ဖြစ်လေသည်။ ရည်ညွှန်း ဗမာပြည် ကွန်မြူနစ် ပါတီ ဗမာပြည် ကွန်မြူနစ်ပါတီ (ပါတီ ပေါ်လစီ E-book) ရဲဘော်သုံးကျိပ် (မြဒေါင်းညို) တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် (ဗိုလ်မှူးကြီးဟောင်း တင်မောင်) တာတေစနေသား (ဦးနု) ပါတီ ပေါ်လစီ ပြည်ချစ်ဝါဒ လမ်းစဉ် ကြေညာချက် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%20%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%B0%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%90%E1%80%AE
သခင်သန်းထွန်း
သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ ဩဂုတ်လ ၁၅ ရက်တွင်တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်၏။ မောင်နှမ ၈ ယောက်အနက် ၅ယောက်မြောက်သားဖြစ်သည်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ အင်္ဂလိပ်အစိုးရ ပထမဆုံးခန့်အပ်သော ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုထံတွင် နေထိုင်ခဲ့ပြီး တောင်ကြီး အေဘီအမ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သခင်သန်းထွန်းသည်ပျဉ်းမနားမြို့ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းမှ ၁၉၃၁ ခုတွင် ဆယ်တန်း(တက္ကသိုလ် ဝင်တန်း) အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြားတတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။ ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃ရ ခုနှစ်တွင်နဂါးနီစာအုပ်အသင်းကို စည်းရုံးတည်ထောင်ခဲ့၏။ တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်းတို့နှင့်အတူ အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့ တက်ရောက်ခဲ့၏။ ထိုအချိန်တွင်မြန်မာပြည်သို့ရောက်ရှိလာသော မတ်ခ်ဝါဒစာအုပ်များကိုဖတ်ရှုကာ သခင်သန်းထွန်းသည် ကွန်မြူနစ်ဝါဒကိုစိတ်ဝင်စားခဲ့ပေသည်။ ထိုနောက် အချို့သောလူငယ်များနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့၏။ ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့သေးသည်။ ၁၉၄၂ ခုနှစ်၊ အောက်တိုဘာ ၁၁ရက်တွင် မြောင်းမြမြို့ ဦးဘိုးညှင်း ဒေါ်ဖွားစု တို့၏သမီးကြီး သူနာပြုဆရာမ ဒေါ်ခင်ကြီး( ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်အမ) နှင့် လက်ထပ်ခဲ့ပြီး သမီး ဒေါ်ခင်မမ @ ဒေါ်ခင်ခင်ထွန်း၊ သားများ ဦးထွန်းအောင်(ကွယ်လွန်)နှင့် ဦးထွန်းဝင်း ( ငယ်စဉ် အဖေနောက် တောခိုခဲ့ပြီးကွယ်လွန်) တို့မွေးဖွားခဲ့သည်။ ဦးထွန်းအောင်မှ မောင်အေးနောင်ထွန်း ခေါ်သားတစ်ယောက်ရှိပြီး သခင်သန်းထွန်း၏ တစ်ဦးတည်းသောမြေးအရင်းဖြစ်ပါတယ်။ ၁၉၄၂ - ၄၄ ခုနှစ်၊ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးတာဝန်ခံအဖြစ်လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးပြင်ဆင်မှုကော်မီတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးအဖြစ်လည်းကောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထိုနောက် ဖတပလအဖွဲ့ကြီး(နောင် ဖဆပလအဖွဲ့) ကို စတင်ဖွဲ့စည်းဦးစီးအဖွဲ့ ပါဝင်ကာ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၏။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၄၆ ခုနှစ် မေလတွင်လည်း ဖဆပလအဖွဲ့၏လအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရလေသည်။ (၁၉၄၆ ခုနှစ်အောက်တိုဘာလ ၁ဝရက်နေ့တွင်သခင်သန်းထွန်းတို့ခေါင်းဆောင်သည့် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း ခံရလေသည်။) ၁၉၄၈ ခုနှစ်၊ မတ်လတွင် သခင်သန်းထွန်းသည်အစိုးရကို တော်လှန်ပုန်ကန်ကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီးလျှင် တောခိုခဲ့၏။ ထိုနောက် မြေအောက်ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့သည်။ ၁၉၆၈ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် မြေအောက်ကွန်မြူနစ်ပါတီမှ တပ်သားတစ်ဦးဖြစ်သူ ကျုံတိတ်@ လုံတိတ်@ မြကြီးဆိုသူက အနီးကပ် လုပ်ကြံ သတ်ဖြတ်သဖြင့် သခင်သန်းထွန်းသည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အနောက်ခြမ်း၊ မြရာပင်ကြော၏အရှေ့ဘက်စောင်း၊ ကျောက်ချောင်းကမ်းပါးရှိ တောင်ကျောကလေးတွင် ကျဆုံးခဲ့၏။ သခင်သန်းထွန်းကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ကြီးနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပေသည်။ သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ၊ ဘာသာပြန်များရေးသားခဲ့သည်။ ၁၉၃၉ခုနှစ်က အရေးတော်ပုံအမည်ရှိ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ဝေခဲ့ဘူး၏။ သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ၁၉၅၅ ခုနှစ်မှာ ဂျာနယ်ကျော်မမလေး စာပေဖြန့်ချိရေးက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ စာအုပ်၊ ပထမ နှိပ်ခြင်းကနေ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ (ကွယ်လွန်) ရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်တဲ့ ‘သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။ လူငယ်လည်း ဖြစ်ရမည်။ အဝတ်အစား ခပ်စုတ်စုတ်၊ ခပ်နွမ်းနွမ်းနှင့် (ဒါမှ ပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး)။ မော်တော်ကား ခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့် ကိတ်မုန့် စန္ဒရား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်။) အကြမ်းအတမ်း လက်နက်ကိုင် ထွက်မှုကို လိုလားသူ။ ယေဘုယျ လူအများက ကွန်မြူနစ် ဆိုလျှင် ဤသို့ပဲဟု အောက်မေ့လျက် ရှိကြသည်။ ကွန်မြူနစ် ဆိုသူမှာလည်း စင်စစ် သွေးနှင့် သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင် ဖြစ်သည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက် လိင်ကို တောင့်တသော သွေးစိတ် သားစိတ်၊ မိမိသာလျင် တွင်ကျယ်ချင်သော အတ္တစိတ်၊ အခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟ စိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာ ဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ “လူသည် မိမိသာ လူတွင်ကျယ် ဖြစ်ကြောင်း ပြလိုသည်” ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ် အတူတူချည်းပဲ ဖြစ်သည်။ သို့သော်၊ သို့သော် … လူတွေထဲမှာပဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေး ယှက်လိမ်လျက် ရှိနေပေသည်။ ကျွန်တော့် အဖို့ရာကား မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်းလူ၊ အခြား သူတွေလည်း လူပင် မဟုတ်လော။ ဒါကိုပဲ မြင်သည်။ သို့ရာတွင် ကွန်မြူနစ် ဆိုသူကား တခုကို ယုံကြည် ကိုးကွယ်သူ ဖြစ်သည်။ ကွန်မြူနစ် ဝါဒကို ယုံကြည် ကိုးကွယ်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု၊ နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦး ရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ် အထိ အဖြစ်အပျက်များကို သိရှိ နားလည် ရပေမည်။ ကွန်မြူနစ် ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ် နိုင်ငံရေး ဘောဂဗေဒ ပညာ၊ ပြင်သစ်တော်လှန်ရေး နိသျပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်နှင့် ပေါင်းစပ်၍ ကွန်မြူနစ် ဝါဒ ဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့အရင် ခေတ်ကလည်း လူ့အဖြစ်အပျက်များကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေ စူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာ တရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်လေသည်။ နောက် လီနင်က မာက်စ်၏ ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့ လုပ်လိုက်၏။ ရုရှားပြည်ကြီးကို ဆိုရှယ်လစ် နိုင်ငံတော် အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျကို ကြည့်ရှု ဆင်ခြင်ပြီး ‘လီနင်ဝါဒ’ ဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ် နိုင်ငံတော် တည်တံ့ ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် ‘စတာလင်ဝါဒ’ ဟု ခေါ်စပြုပေပြီ။ ကမ္ဘာဦး သမ္မတခေတ်က အနုမြူခေတ် အထိ လူ့နေထိုင်မှု စနစ်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ၊ မှန်ကန်စွာ လေ့လာ ရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လို လုပ်လျင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆ တွေးခေါ်ကာ ယုံကြည်ချက် အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။ လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များ ဖိတ်၍ နေ့လယ် စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် ၂ ပြားမျှ ပြည့်အောင် မရှိသူနှင့် အပို ရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင် အပ်ထားသူ စသည်ဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓာတ် ပညာ ထွန်းကားနေသည့် အကျိုးကို လူတိုင်း ခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့လောက ကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ် နိသျနှင့် သွားတွေ့ကြပေသည်။ ဥပမာ - တိုင်းပြည်တွင် လူ ၁ဝဝ ရှိသည် ဆိုကြပါစို့၊ ထိုပြည်၏ တနေ့ ဝင်ငွေသည် ၁ဝဝ ကျပ် ဆိုကြပါစို့။ လူ ၁ဝ ယောက်မှာ ဓနရှင်များ ဖြစ်၍ သူ၏ အလုပ်သမား၊ လယ်သမားများကို လုပ်ခိုင်းရာမှ ၈ဝ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန်လူ ၉ဝ ၏ ဝင်ငွေမှာ ၂ဝ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏။) ဤကဲ့သို့ မညီမျှသော ၈ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁ဝဝ စလုံး အလုပ်လုပ်၍ ဝင်ငွေ ၁ဝဝ ရသည်ဆိုလျှင် တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကြိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဋ္ဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရ သကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။ တန်းတူ ညီမျှခြင်းကား မဖြစ်နိုင်ပေ၊ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြော၏။ “ဆိုရှယ်လစ် လုပ်ခြင်း ဆိုသည်မှာ မညီမညာ ရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နည်းနည်းနှိမ့်၊ ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ဖို့တင်၊ အဲဒါပါပဲ။ တပြေးတည်း ညီနေအောင် လုပ်တာ မဟုတ်ပါဘူး။” သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင်၊ ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ် လုပ်ခြင်းပင်ဖြစ်သည်။ ဆိုဗီယက်ရှိ ကွန်မြူနစ် ဆောင်ပုဒ် တခုမှာ “သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှု၊ ထိုင်မှု) ကို သူ့အား ပေးရမည်” ဟု ဖြစ်သည်။ စာချုပ်မှာ လူတိုင်း အလုပ် လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲသူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင်၊ နေနိုင်သော နေမှု၊ ထိုင်မှုကို ရရှိကြပေသည်။ ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ် ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရားများ ရှိသေး၏။ ဤ အတွေးအခေါ်များကို သိရှိ နားလည်ကာ ယုံကြည်နိုင်ရန် လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာ အခြေခံများ ရှိရပေမည်။ ဤအခြေခံ ရဖို့ တော်တော်တတ်သိ နားလည် ရပေမည်။ ထို့ကြောင့်ပင် အထက်တန်း ပညာ တတ်သူများသည် အများအားဖြင့် ကွန်မြူနစ် ဆန်ကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေး ဆရာကြီးများသည် ကွန်မြူနစ် ဆန်ကြပေ၏။ ကျွန်တော်အဖို့ရာကား ကွန်မြူနစ် ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ။ တကယ့် ပညာတတ်များကို မြင်နေ၏။ သခင် သန်းထွန်းဆိုလျှင် ပညာတတ် အဖြစ်သာ မြင်နေမိ၏။ သခင် သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဘဟိန်းက သခင် သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။ ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ် ရိပ်သာရှိ သထုံ ကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝနတို့ စုဝေး နေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင် သန်းထွန်းလည်း နေ၏။ “သခင် သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာက်စ် စာပေလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်းတယ်” ဟု ကျောင်းဆောင်သို့ ပြန်အရောက်တွင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးပဲ ဟုသာ အောက့်မေ့လိုက်၏။ တနေ့တွင် သခင် ဗဟိန်းနှင့် အတူ ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ် ဖြန့်ချိရေး ဌာနသို့ ရောက်သွားရာ သခင် သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင် သန်းထွန်းနှင့် အသိဖွဲ့ပေး၏။ “ဩ … ဩ…ခင်ဗျား အကြောင်းလဲ သခင် ဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ …” ဟု သခင် သန်းထွန်း က ပြုံးကာ ပြောလေသည်။ သူသည် မန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရ ပေမည်။ အသားက ဝါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏။ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။ အစက ထင်ထားသကဲ့သို့ အာပေါင် အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ် တော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။ နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ် ကျောင်းမှ ထွက်ကြောင်း။ သူသည် ၁ဝ တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ တဦး ဖြစ်ခဲ့၏။ ထိုစဉ် အခါက သူသည် ရန်ကုန် အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာ လုပ်လျက် ရှိလေသည်။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါး တစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်း တစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီး ဖြစ်စဉ်က သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ ယခု ဆိုရှယ်လစ် ဝန်ကြီး ကိုကျော်ငြိမ်းက “အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါပဲ” ဟု ချီးကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က၊ ဒို့ဗမာ အစည်းအရုံး မှ ကိုယ်စားလှယ် အဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက် အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင် အောင်ဆန်း၊ ကိုဘဟိန်း၊ သခင် သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများက သခင် အောင်ဆန်း၊ သခင် သန်းထွန်း တို့ကို မကြာခဏ ဖိတ်၍ စကား ပြောစေသည်ဟု သိရ၏။ သခင် သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။ ဂျပန်ခေတ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် လယ်ယာ စိုက်ပျိုးရေးကို လေ့လာ နားလည်ပြီး ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။ သခင်စိုး၏ “ဆိုရှယ်လစ် ဝါဒ” ကျမ်းစာအုပ်၏ အမှာကို သခင် သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပာယ် ပေါ်၏။ သတင်းစာ ဆန်၏။ ဖတ်သူ စွဲပြီး အနက် ပေါ်လွယ်၏။ အဖြတ် အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာ ဆရာ လုပ်လျှင် သတင်းစာ ဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။ သူသည် နဂါးနီ စာအုပ် အသင်းကို တည်ထောင်သူ တဦး ဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက်စ်ဝါဒ၊ ကွန်မြူနစ် ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍ ခံ့ညားသော စာကြီး ပေကြီး၊ ပိဋကတ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင် သန်းထွန်းကား ဆိုရှယ်လစ် ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပာယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။ ယခုခေတ် ကွန်မြူနစ် ဝါဒကို လေ့လာသူတိုင်း သခင် စိုး၊ သခင် သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။ ခက်သည်မှာ အတုအယောင်များက နိုင်နိုင် နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုး တွင်ကျယ်သဖြင့် လမ်းဦး စွန့်၍ တီထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။ သခင် စိုး၊ သခင် သန်းထွန်းတို့ စွန့်ကာ စလိုက်သော ကွန်မြူနစ် လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။ ကွန်မြူနစ် နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင် စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပာယ် ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။ တက္ကသိုလ် သမဂ္ဂ အမှုဆောင် အခန်းတွင် သခင် သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေနွေးလေ့ ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေး အပေါ်ဖုံး၊ မန္တလေး လုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။ ကိုဘဟိန်း အယ်ဒီတာချုပ် လုပ်သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံ ‘မျိုးညွှန့်’ မဂ္ဂဇင်း (၁၉၃၈) တွင် သခင် သန်းထွန်း၏ အရင်းရှင် ဆန့်ကျင်ရေး ဆောင်းပါးများကို ဖတ်မိ၏။ သူသည် ကိုလိုနီ တော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဝင်စား လာကြလေပြီ။ သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ ဓနရှင်လောက စာအုပ် အမှာတွင် သူသည် ကိုဘဟိန်း အကြောင်းပါ ရောဖက်ကာ ရေးထားရာ အတော်ဖတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။ အိုးဝေ မဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာ ဖြစ်စဉ်က သခင် သန်းထွန်း၊ သခင်စိုးတို့ ထံမှ ဆောင်းပါးများ တောင်းဖူး၏။ သခင် စိုး၏ ‘လွတ်လပ်ရေး တိုက်ပွဲ’ မှာ မထုတ်မီ ပြည်ထဲရေး ဌာနက ဆင်ဆာ လုပ်ရာတွင် ပါသွား၏။ သခင် သန်းထွန်း၏ ‘နိုင်ငံရေး လက်တွေ့ လုပ်လိုသူများအဖို့ စကားလက်ဆောင်’ ကား ပုံနှိပ်ဖြစ်၏။ ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင် လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင် နိုင်ငံရေးသမားများကို ပြောင်လှောင်၍ ထားသည်။ သရော်ချက် ပါ၏။ ဖတ်ရင်း ရယ်မောမိသည်။ ထိုဆောင်းပါး အိုးဝေ မဂ္ဂဇင်းတွင် ပါလာသော အခါ သခင် သန်းထွန်းမှာ နဂါးနီ စာအုပ်အသင်း လူကြီး။ ဒို့ဗမာ အစည်းအရုံးအမှုဆောင် အဖြစ်တွင် ထောင်ထဲ ရောက်နေပေပြီ။ နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့် တွေ့သောအခါ အိုးဝေမဂ္ဂဇင်း အကြောင်း စကားစပ် မိရာ …. “အဲဒီ ဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်” ဟု ကျွန်တော့်အား ပြောသည်။ “ကျွန်တော်လည်း အဲဒီတုန်းက မထည့်ဘူးလို့ နေသေးတာ။ သခင် သန်းထွန်း ဆောင်းပါး ဖတ်ပြီး သခင်တွေဟာ ဒီလိုပဲ နိုင်ငံရေးသမား လုပ်နေတာလို့ ထင်မှာ စိုးလို့ပဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာပဲ” ဟု ကျွန်တော်က ပြော၏။ သခင် သန်းထွန်းကား ပြုံးနေပေသည်။ သခင် သန်းထွန်းသည် တက္ကသိုလ် ကျောင်းသားများကို နိုင်ငံရေးဘက် ပါအောင်၊ နယ်ချဲ့ ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉ ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏ အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင် အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင် သန်းထွန်းနှင့် ဂိုရှယ် (ထိုအခါက ဘောဂဗေဒ ဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။ သခင် သန်းထွန်းတို့သည် ၁၉၃၉ ခုလောက် ကတည်းက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖွဲ့စည်း နေကြသည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ် ကျမ်းစာအုပ်များကို ပေးဖတ်စေပြီး ကွန်မြူနစ်ဘက် ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပို၍ ချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။ လျှို့ဝှက်၍ ထုတ်သော အရေးတော်ပုံ အမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဖတ်လိုက်ရလေ၏။ ထို ‘အရေးတော်ပုံ’ ကား ပဌမဆုံးသော ကွန်မြူနစ် ဂျာနယ် ဖြစ်ပေ၏။ ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်း အဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင် တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်ထို ရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မြွတ်ကြားနေ၏။ ခရမ်းပွင့်များ တွဲလွဲ ခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေး နှစ်လက် ဆင်ထား၏။ အိမ်ရှေ့ မျက်နှာစာရှိ မြက်ခင်းကား အနီ အဝါ အဖြူ စသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။ ဂျပန်ခေတ်က ထိုနေရာ တဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင်(ယခု သံအမတ်)၊ ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင် ကိုယ်တော်မှိုင်း စသူတို့သည် ဤ ပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။ ထို အမြောက်နှင့် အိမ်တွင် ပထမ ဗိုလ်ချုပ် အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသော အခါ သခင် သန်းထွန်း လာနေ၏။ သခင် သန်းထွန်းမှာ ထိုအခါက လူပျို ဖြစ်လေသည်။ ယခင်က အင်္ဂလိပ် အထက်တန်း အရာရှိကြီးများ နေသော တိုက်ဖြစ်၍ ခမ်းနား ထည်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ် ပန်းခက်တို့ဖြင့် ယှက်လိန်သော ဆိုဖာများသည် အဝါနု နံရံနှင့် အသွေးခြင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင် စားပွဲသည် တူရကီ ကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြူတင်းမှ အစိမ်းပုပ်ရောင် ဇာခန်းဆီးသည် အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်း ရွက်ညိုတို့ကို မှုန်ရေးရေး မြင်ရအောင် ကာရင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက် ရှိ၏။ သခင် သန်းမြိုင် သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းထောင့်တွင် ရှိပေသည်။ အပေါ်မှ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။ ဤ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး သခင် သန်းထွန်းသည် မာ့က်စ်၏ ‘အရင်း’ စာအုပ်ကို ဖတ်နေ၏။ သခင်တင်သည် ညနေဆိုလျှင် ရောက်လာကာ စန္ဒရားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပီကလာ တီးကြည့်တတ်၏။ တီးရင်း အသံပျောက်နေသဖြင့် “လုပ်ပါဦးဗျ … တီးစမ်းပါအုန်း” ဟု ဆိုကာ ကျွန်တော့်ဘက်သို့ လှည့်၍ ပြောတတ်၏။ သခင်လင်းကား ဆိုဖာပေါ်တွင် ကိုယ်တခြမ်း မြှုပ်ကာ ရယ်စရာ ပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ ဗိုလ်ချုပ် အောင်ဆန်းကား ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။ သခင် သန်းထွန်းသည် မာ့က်စ် စာအုပ်ကို ချလိုက်ပြီး “လုပ်ပါဦးဗျ၊ သီချင်း တပုဒ်လောက် … သက်ဝေ ဆိုတာလေ …” ဟု ပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် “သက်ဝေ” သီချင်းကို အလွန် နှစ်သက်၏။ ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒရားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင် သန်းမြိုင်သည် ဘေးမှရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။ လှသထက် လှမယ်ဆိုယင် ၊ ဆေးဘက်ဝင်ပါသလားလို့ ၊ မောင့်အသဲတွေ မောင့်အသွေးတွေ ၊ မောင့်နှလုံးတွေ ၊ အသုံးပြုပါလေ……. သခင်တင်သည် ဂီတသံဝယ် ငေးမော နေလေပြီ။ ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင် သန်းထွန်းနှင့် စကားပြောကြပြီး မကြာမီ ကားနှင့်အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။ ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူ နေရာ လူစုံတတ်သော သခင် သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ် နေတတ်၏။ ဤ စိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှာပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုံ့ဆော် စာတန်းများကို ရေးကြသည်။ ဤ ဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ် တယောက်သည် ‘ပုန်ကန် ထကြွလော့’ ဟူသော စာတမ်းများကို လွယ်အိတ်နှင့် ထည့်ကာ အိမ်ရှေ့ လမ်းပေါ်တွင် လမ်းသလားနေသော ဂျပန် စစ်သားကလေး တဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။ ဤအခန်းဆောင်တွင် အတူဆုံကြ၊ တွေ့ကြ၊ ရယ်စရာ မောစရာ ပြောခဲ့ကြသော သူများသည် ဖဆပလ ကို ဖွဲ့စည်းကာ တော်လှန်ရေး ပြုခဲ့ကြသည်။ ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင် အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။ ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစည်းနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလ အလံကို နှဲ့နေကြပေပြီ။ သူတို့ အားလုံးသည် လူပင် ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ်မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည် အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန့်ရှင်း ဖြူစင်ခြင်းတို့ဖြင့် ရောပြွမ်းကာ နေပေမည်။ သခင် သန်းထွန်းသည်လည်း သည်လူအများအလယ်မှ လူပင် ဖြစ်လေသည်။ ဂျပန်ခေတ်က ကျွန်တော်၏ ငါးရှဥ့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင် သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာဝတ်၏။ သခင် သန်းထွန်းသည် ထိုငါးရှဉ့်သွေး ဂျာကင်အင်္ကျီကို အတော် နှစ်သက်၏။ ချမ်းသည့် အခါတိုင်း ငါးရှဉ့်သွေး အင်္ကျီကို ဝတ်ကာ နေတတ်၏။ သူနှင့် အတူနေကြသော သခင် တင်ထွန်း၊ သခင် လှကွန်းတို့ကား သခင် သန်းထွန်း ရုံးမှအပြန် ကားဆိုက်လျှင် ဆိုက်ခြင်း အဝမှ ကြိုကာ ငါးရှဉ့်သွေး ဂျာကင်ကို ဆီးပေးပြီး … “သခင် သန်းထွန်း ဒီဟာလေး ဝတ်ထားပါ” ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။ ဒိုင်အိုကျောင်းရှိ ပြည်သူ့ ဆေးရုံ အပေါ်ထပ် အခန်းတွင် သခင် သန်းထွန်းသည် မကျန်းမာသဖြင့် ဆေးဝါး မှီဝဲ နေသည်။ နေ့လယ်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် ဆုံလှ၏။ ဆရာမ ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမ ဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။ “သောက်ပါအုံး” ကျွန်တော်က “ဟာ … ဒုက္ခရှာလို့” ဟု ဆိုကာ အားနာဟန် ပြုနေ၏။ “သခင် သန်းထွန်း ဧည့်သည်ဆိုရင် ကော်ဖီနဲ့ ဧည့်ခံတယ်” ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင် သန်းထွန်းကမူ ရှက်နေ၏။ နောက် တလခန့် ကြာသောအခါ သခင် သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝ ဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။ ဂျပန် တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ ဖဆပလ၏ သတင်းများကိုသာ နားထောင် နေရသည်။ ကွန်မြူနစ် ပါတီမှ ပြည်သူ့အာဏာ ဂျာနယ်ကို ဖတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့ သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင် သန်းထွန်း အမည်ကို နိုင်ငံခြား သတင်းစာများတွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေ အတွင်းရေးမှူး ဖြစ်လေ၏။ သူ ဖဆပလမှ ထွက်သောအခါ သူ့နေရာတွင် တွဲဖက်အတွင်းရေးမှူး ကိုကျော်ငြိမ်း ရောက်လာ၏။ တာရာ မဂ္ဂဇင်း ထွက်ခါစက သခင် သန်းထွန်းထံ ဆောင်းပါး တောင်းဖူး၏။ သို့သော် သူလည်း မရေးဖြစ်။ ကျွန်တော်လည်း မရောက်တော့။ နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ် တရားပွဲတွင် တူတံဇင် အလံနီကို နောက်ကျောခံလျက် ဓာတ်စက်ရှေ့တွင် တရားဟောနေသော သခင် သန်းထွန်းကို ပရိသတ် အလယ်မှ မြင်လိုက်ရ၏။ သခင် သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ ပြီးနောက် … တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးကာနီးတွင် သွေးကြွ လာစေသည်။ ဒါပဲ သိလိုက်သည်။ သူသည် ၃ နာရီမျှ မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆန်ဆန် စကားကြီး၊ စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်း နားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့ အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကား နှင့်တကွ ပြော၏။ လူအများသည် စိုက်ကာ နားထောင် နေကြ၏။ ဂျစ်ကားနှင့် အထက်တန်း အရာရှိဟု ထင်ရသောသူ တဦးက “တယ်တော်တဲ့လူပဲ။ အချက်အလက်တွေ ချည်းပဲ … ကျုပ် အစက လက်သီးလက်မောင်း တန်းပြီး ကြိမ်းမယ်၊ မောင်းမယ် ထင်နေတာ” ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။ ဓာတ်ခွက်မှ သခင် သန်းထွန်း၏ အသံသည် ညိုမှောင် မှိုင်းမြသော ညဥ့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။ ယခု ပြည်တွင်းစစ် ပြဿနာကိုကား ကျွန်တော် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာပဲပြောကြ၊ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါပဲ။ ကျွန်တော့် အဖို့ရာကား တော်သူတွေ နေရာကောင်းတွင် ရောက်နေစေချင်၏။ လက်တွဲ၍ တော်လှန်ရေး လုပ်လာသူတွေ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများ ဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းအကြပ် ပေးတာလည်း မကြိုက်။ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲ နေစေချင်၏။ တကယ့် အမြုတေများ ပါဝင်သော အမျိုးသား တပ်ပေါင်းချုပ် ပြည်သူ့ အစိုးရကို လိုချင်၏။။ ကိုးကားချက်။ ဒဂုန်တာရာ၊ ၁၉၄၈ ဇွန်လ'' ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များ မြန်မာ့နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%81%E1%80%84%E1%80%BA%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
ဒီမိုကရေစီ
ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်သည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများအားလုံးက ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေညာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၎င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၎င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်၊ စကားလုံးရင်းမြစ် ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည် နောက်ခံသမိုင်းအစ သမိုင်းကြောင်းအရ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှာ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်သည်။ ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူ နိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။ အေသင်တွင် ကျင့်သုံးသောစနစ် အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများ ဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက် တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀ ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀ဝ၀ ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ တိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။ စပါတာတွင် ကျင့်သုံးသောစနစ် စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင် ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆၀ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီ လည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃၀ အထက်ယောက်ျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဋ္ဌာန်းခြင်း၊ တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင် ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီ ဟုလည်း ခေါ်ဆိုနိုင်သည်။ အိန္ဒိယခေါ် မဇ္ဈိမဒေသတွင် ကျင့်သုံးသောစနစ် ဘီစီ (၆၀၀) ဝန်းကျင်ခန့်တွင် အိန္ဒိယဒေသတွင် သံဃစနစ်နှင့် ဂဏစနစ်ကျင့်သုံးသည့် လွတ်လပ်သော သမ္မတနိုင်ငံများကဲ့သို့သော ရှေးဦးဒီမိုကရေစီအဖွဲ့အစည်းများ ရှိခဲ့ကြောင်းနှင့် လေးရာစုအထိ တည်တန့်ခဲ့ကြောင်း ဆိုကြသည်။ ဂရိ သမိုင်းပညာရှင် ဒိုင်ယာဒေါရပ်စ်က အလက်ဇန်ဒါး(ဘုရင်) ခေတ်ပြီး နှစ်(၂၀၀) ခန့်တွင် အိန္ဒိယတွင် လွတ်လပ်သော ဒီမိုကရေစီ တိုင်းပြည်အချို့ရှိခဲ့သည်ဟု ရေးသားခဲ့သည်။ သို့သော် တိကျသည့် အသေးစိတ်အချက်များကိုကား ဖော်ပြခဲ့ခြင်းမရှိပေ။ လိစ္ဆဝီမျိုးနွယ်တွင် အခြေခံအားဖြင့် (၇,၀၇၇) မင်းများဖြင့် အစိုးရအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်း ရှိကာ ထိုသူများမှာ အရေးပါသော မိသားစုများ၏ ခေါင်းဆောင်များဖြစ်ကြသည်။ အခြားတစ်ဖက်တွင်လည်း ဂေါတမဗုဒ္ဓလက်ထက်ဝန်းကျင်ခန့်၌ သကျ၊ ကောလိယ၊ မာလနှင် လိစ္ဆဝီ မျိုးနွယ်တို့သည် ဆင်းရဲ၊ ချမ်းသာ လူတန်းစားများအတွက် ညီလာခံ (လွှတ်တော်) တစ်ရပ်ကို ဖွင့်လှစ်ထားရှိပေးခဲ့သည်။ အစောပိုင်း သမ္မတစနစ်ကျင့်သုံးနိုင်ငံများ (ဂဏသံဃစနစ်) တွင် မာလတိုင်း၏ ကုသိနာဂါရ (သို့) ကုသိနာရုံမြို့မှ မာလမင်းများ၊ ဝဇ္ဇီတိုင်း လိစ္ဆဝီမင်းတို့၏ ဝေသာလီမြို့ များသည် ဘီစီခြောက်ရာအစောပိုင်းမှ အေဒီလေးရာစုအထိ တည်ရှိခဲ့သည်။ ထိုမျိုးနွယ်စုများတွင် အထင်ရှားဆုံးမှာ ဝိဇ္ဇီတိုင်း၏ လိစ္ဆဝီမင်းများ ဖြစ်သည်။ ပညာရှင်များစွာက ဤဖော်ပြပါ အစိုးရစနစ်များကို အကောင်းဆုံး မည်သို့ဖော်ပြရမည်နည်း ဆိုသည့် ကိစ္စအပေါ် အယူအဆကွဲပြားကြသည်။ အချို့က လွှတ်တော်(ညီလာခံ) ရှိနေခြင်းကို အလေးထားကြပြီး ဒီမိုကရေစီဟူ၍ ဖော်ပြကြသည်။ အချို့မှာမူ အထက်တန်းလွှာများ (မိသားစု) ၏ အုပ်စိုးမှုနှင့် လွှတ်တော်(ညီလာခံ) ကို ဖြစ်နိုင်သမျှထိန်းချုပ်ထားခြင်း (တစ်စုတစ်ဖွဲ (သို့) အထက်တန်းလွှာ မိသားစု ကသာ အာဏာရှိခြင်း) ဟု အရေးပေးဖော်ပြကြသည်။ လွှတ်တော်သည် ထင်ရှားသော အာဏာရှိသော်လည်း အခက်အခဲအချို့မှာ ထိုလွှတ်တော်၏ ဖွဲ့စည်းပုံ၊ ပါဝင်ဆောင်ရွက်ခြင်း၊ အာဏာရရှိမှုသည် လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်ခြင်းရှိ မရှိကိုကား သက်သေထင်ရှားမဲ့နေခြင်းပင်ဖြစ်သည်။ ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကို ကိုယ်စားပြုသည်ဟု ဆိုသည်။ လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၎င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၎င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၎င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ ဒီမိုကရေစီစံနှုန်းများ (၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည် ဒီမိုကရေစီစနစ်ဆိုသည်မှာ အများပိုင်ဆိုင်ရေးစနစ် ဖြစ်သည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများအား ကိုယ်စားပြု ဆောင်ရွက် ရန်အတွက် နိုင်ငံသားတိုင်း ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် သက်ဆိုင်ရာနိုင်ငံအလိုက်တွင် ဒီမိုကရေစီပုံစံဖြင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှု များကို ပြုလုပ်ကြရမည်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏ လုပ်ဆောင်ချက် များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊မရှိ ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ အကျိုးရှိစေမည့် အသံ (Voice of citizen) VOC ကိုနားထောင်ပြီး နိုင်ငံသားများအား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။ (၂) သာတူညီမျှ ရှိစေရမည် လူတိုင်းတွင် အနည်းနှင့်အများဆိုသလို အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်းပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေခံကြရမည် ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကိုမငဲ့ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင်လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည် ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည် သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ သည်းခံစိတ်သည် ယောနိသောမနသိကာရ ကျင့်စဉ်ဖြစ်သည်။ နိုင်ငံအရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကြယ်ပွင့် ဘက်တော်သားတိုင်းတွင် ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများမွေးမြူပြီး နိုင်ငံတော်အတွက် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ (၄) တာဝန်ယူမှု ရှိရမည် လူတစ်ဦးချင်းစီတွင် မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများအားပြီးမြောက်အောင်မြင်စေရန်၊ ရလဒ်များကောင်းမွန်အောင် လုပ်ဆောင်ကြရမည် စသည်တို့ကို သိရှိပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် တာဝန်ယူမှုများ ထားရှိရမည်ဖြစ်သည်။ တာဝန်ယူဆောင်ရွက်တတ်မှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေနိုင်မည် ဖြစ်သည်။ တာဝန်ယူဆောင်ရွက်နိုင်မှုရှိလေလေ အများယုံကြည်နိုင်မှု ပိုမိုရရှိနိုင်လေ ဖြစ်သည်။ (၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများတို့တွင် လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုလုပ်သူများနှင့် ဝန်ထမ်းများအကြား ထင်သာမြင်သာရှိစွာ ရိုးသားပွင့်လင်းမှု အပြန်အလှန်ရှိစေကြရမည်ဖြစ်သည်။ ထိုနည်းတူစွာ နိုင်ငံတိုင်းတွင်လည်း အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများနှင့် နိုင်ငံသားကိုယ်စားပြု အုပ်ချုပ်စီမံ ခန့်ခွဲကြရသူများအကြားတွင် ပွင့်လင်းမြင်သာမှု ထင်သာမြင်သာရှိစေမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး နိုင်ငံသားများနှင့် အစိုးရအကြားတွင် ယုံကြည်မှု မြဲမြံခိုင်မာစေမည် ဖြစ်သည်။ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည် ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကို လေးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြသည်။ ထိုကဲ့သို့သော ရွေးချယ်မှုမျိုးတွင် ပြည်သူလူထု၏ သဘောထား ဆန္ဒများအတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး တင်မြှောက်နိုင်ရမည်။ သတ်မှတ်ချိန်ကာလအတွင်း ဖွဲ့စည်းပုံအတိုင်း နေရာယူစေကာ အုပ်ချုပ်ပြီး သတ်မှတ်ချိန်ကုန်ဆုံးသွားသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကျင်းပကာ ပြည်သူလူထုမှ ကြိုက်နှစ်သက်သော ကိုယ်စားလှယ်အား ထပ်မံရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ (၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည် နိုင်ငံများတွင် စီးပွားရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရများသည် ထိန်းချုပ်မှုများပြုလုပ်သည့်အခါတွင် မလိုလားအပ်သော ကုန်ဈေးနှုန်းများတက်လာခြင်း၊ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြစ်ပေါ်နိုင်သည့် အတွက် ဒီမိုကရေစီနှင့် တွဲဖက်ပြီး ဖော်ဆောင်ရမည့် စီးပွားရေးစနစ်သည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ပင်ဖြစ်သည်။ လွတ်လပ်သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီကို ယှဉ်တွဲကျင့်သုံး နိုင်မှသာလျှင် နိုင်ငံတော်၏ စီးပွားရေး အဘက်ဘက်မှ တိုးတက်လာစေနိုင်မည်ဖြစ်သည်။ (၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည် အာဏာအသုံးချမှုလွဲမှားလျှင် ခြစားမှုများ၊ မတော်မတရားမှုများဖြစ်လာနိုင်တတ်သည်။ ဒီမိုကရေစီ စနစ်တွင် အောက်လွှတ်တော်၊ အထက်လွှတ်တော်များ၏ သဘောထားအတိုင်းသာ လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လူတစ်ဦး တစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုး မရှိသဖြင့် မတရားမှုများပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် လွှတ်တော်အဆင့်ဆင့်မှ ထိန်းချုပ်ရမည်ဖြစ်သည်။ ထိန်းချုပ်နိုင်စေရမည်ဖြစ်သည်။ (၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည် ဒီမိုကရေစီစနစ်တွင် မွေးရာပါ လူ့အခွင့်အရေးများ ပါရှိထားပြီးဖြစ်၍ ဒီမိုကရေစီ အစိုးရများသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းပေးရမည်ဖြစ်သည်။ ဒီမိုကရေစီ မကျင့်သုံးသော နိုင်ငံများတွင် သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၊ အုပ်ချုပ်သူ လူတန်းစားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်သည်။ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည် ဒီမိုကရေစီစနစ်နှင့် နိုင်ငံတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ ရွေးချယ်တင်မြှောက်သောပွဲများတွင် မဲဆန္ဒရှင် နိုင်ငံသားများ၏ယုံကြည်မှုပျက်ပြားစေနိုင်သော မဲလိမ်လည်မှု၊ မဲခိုးမှုစသည့် မသမာမှုများ မရှိရအောင် ကြီးကြပ်လုပ်ဆောင်ကြရမည်ဖြစ်သည်။ (၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည် လူသားတိုင်းတွင် မွေးရာပါ လူ့အခွင့်အရေးများ ပါလာပြီးဖြစ်သည်။ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့် အစရှိသည့် လူ့အခွင့်အရေးများအား ထိန်းသိမ်းကြရမည် ဖြစ်သည်။ (၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည် ဒီမိုကရေစီဆိုသည်မှာ ပြိုင်ဆိုင်မှုများရှိပါမှ တိုးတက်မှုများ ရှိနိုင်မည်ဖြစ်သည့်အလျောက် ရွေးကောက်ပွဲများတွင် ပါတီစုံ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိစေရမည်ဖြစ်သည်။ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် စည်းကမ်းလိုက်နာဘေးကင်းကွာဆိုသည့်အတိုင်း ဥပဒေက မည်သို့ပင်ဖြစ်စေကာမူ လုပ်ချင်သလို လုပ်မည်ဆိုလျှင် ဥပဒေကို မလေးစားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင်သာမက မည်သည့်စနစ်ပင်ဖြစ်စေ ဥပဒေကို လူတိုင်းလေးစား လိုက်နာကြရမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။ ဒီမိုကရေစီစနစ်အမျိုးအစားများ လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) နိုင်ငံလုံးဆိုင်ရာ အစိုးရသူများအတွက် သတ်မှတ်ထားသော စနစ်ဖြစ်သည်။ လူထုမှ မိမိနှစ်သက်သော ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခြင်းဖြစ်သည်။ ပုံမှန်၊ အဓိပ္ပာယ်ရှိစွာ၊ လွတ်လပ်၍ တရားမျှတစွာ ရွေချယ်နိုင်သော လွတ်လပ်သော ရွေးကောက်ပွဲများ လိုအပ်သည်။ အရည်အသွေးမြင့် ဒီမိုကရေစီတွင် အများစု နိုင်ဟုဆိုသော Majority Rule ကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ Minority Right လူနည်းစု၏ အခွင့်အရေးကိုလဲ ထိန်းသိမ်းပေးသော စနစ်တစ်ခု ဖြစ်ရမည်။ ဆက်စပ်ဖတ်ရှုရန် ဒီမိုကရေစီနည်းကျဖြစ်စေခြင်း ဒီမိုကရေစီသမိုင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကိုးကား ဒီမိုကရေစီ ဂရိ တီထွင်မှုများ ရွေးကောက်ပွဲများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%B1%E1%80%85%E1%80%AE
ငွေစက္ကူ
ငွေစက္ကူဆိုသည်မှာ ဘဏ် သို့မဟုတ် အခြားလိုင်စင်ရ အာဏာပိုင်အဖွဲ့မှ ထုတ်ဝေထားသော စက္ကူဖြင့် ရိုက်နှိပ်ထားသော ငွေကြေးဖြစ်ကာ ကိုင်ဆောင်သူမှ ပြန်လည်တောင်းခံသည့် အခါ ညီမျှသော ပမာဏကို ပြန်လည် ပေးအပ်ရသည်။ မူလပထမက ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ငွေစက္ကူကို ရွှေဒင်္ဂါး သို့မဟုတ် ငွေဒင်္ဂါးများ အစားထုတ်ပေးခဲ့ပြီး ကိုင်ဆောင်သူမှ ဘဏ်သို့ ပြန်လည်ယူဆောင်လာသည့် အခါတွင် ဘဏ်မှ ဒင်္ဂါးဖြင့် ပြန်လည် လဲလှယ်ပေးရသည်။ စီပွားရေးပညာ ငွေကြေး
https://my.wikipedia.org/wiki/%E1%80%84%E1%80%BD%E1%80%B1%E1%80%85%E1%80%80%E1%80%B9%E1%80%80%E1%80%B0
အစိုးရ
အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။ အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည့် အချက်များ အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ အုပ်ချုပ်ခံ ပြည်သူရှိခြင်း သံတမန် ဆက်သွယ်မှုရှိခြင်း ပြည်သူတို့က ရွေးကောက် တင်မြှောက်ထားခြင်း နှင့် အမိန့်ပေးနိုင်သည့် အာဏာရှိခြင်းတို့ ဖြစ်သည်။ အစိုးရ နှစ်မျိုး တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ခံ အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ကိုင်အစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။ အာဏာ လက်ကိုင် အစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြသည်။ အာဏာ လက်ခံအစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြသည်။ အစိုးရ၏ တာဝန် အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖော်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။ အစိုးရအဖွဲ့ အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ်‎ တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။ အစိုးရဟူသောအသုံးအနှုန်း၏အဓိပ္ပယ်ဖွင့်ဆိုချက် လူမှုရေးသိပ္ပံ တွင် အစိုးရ ဟူသည့် အသုံးအနှုန်းမှာ ပေးထားသော အချိန်ကာလတစ်ခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံ တစ်ခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ် အရ ဖွဲ့စည်းထားသော သီးသန့် လူအသင်းအဖွဲ့ တစ်ခုနှင့် ထိုသူတို့မှ ဖွဲ့စည်းတည်ဆောက်ထားသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြုမူပုံများကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အစိုးရဟူသည် နိုင်ငံတော်၏ စွမ်းအားများကို အသုံးချနိုင်သည့် နည်းလမ်းများ ဖြစ်သည်။ စဉ်ဆက်မပြတ် ဆက်ခံလာသော အစိုးရ အမျိုးမျိုးတို့မှ ပြည်ထောင်စု နိုင်ငံတော်တို့ ၏ တာဝန်များအား ထမ်းဆောင်လာကြသည်။ ဆက်ခံလာသော အစိုးရတစ်ခုအား နိုင်ငံရေးဆုံးဖြတ်ချက်ချရန် သီးသန့် အထူးဆောင်ရွက်သော၊ အထူးအခွင့်အရေးခံ ပုဂ္ဂိုလ်များအား လူထုတစ်ရပ်လုံးမှ ရာထူးအခြေအနေ၊ အဖွဲ့အစည်းများဖြင့် ခွဲခြား၍ ဖွဲ့စည်းထားရှိသည်။ ထိုသူတို့၏ လုပ်ငန်းဆောင်တာတို့မှာ တည်ရှိသော ဥပဒေတို့ အား အာဏာတည်စေရန်၊ ဥပဒေသစ်တို့ကို ပြဋ္ဌာန်းရန် နှင့် အကြမ်းဖက်မှုများ အပေါ်တွင် တစ်ဦးတည်းချုပ်ကိုင်မှုဖြင့် ပဋိပက္ခ များကို ကြားဝင်စေ့စပ်ပေးရန် ဖြစ်သည်။ အချို ့ သော လူ့အဖွဲ့အစည်းများတွင် ထိုအုပ်စုမှာ ကိုယ်ပိုင်ရပ်တည်သူ သို့မဟုတ် အမွေဆက်ခံသူများ ဖြစ်ကြသည်။ အခြား လူ့အဖွဲ့အစည်းများတွင် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများ တွင် နိုင်ငံရေးအခန်းကဏ္ဍ ရှိသေးသော်လည်း ထိုရာထူးများကို အမှန်တကယ်ဆောင်ရွက်ထမ်းဆောင်သော လူများမှာ မကြာခဏ ပြောင်းလဲလေ့ရှိသည်။ အစိုးရနှင့်နိုင်ငံတော် အနောက်နိုင်ငံ လူ့အဖွဲ့အစည်း အများစုတွင် အစိုးရ နှင့် နိုင်ငံတော်အကြားတွင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ရှိလှသည်။ ပြည်သူလူထုမှ လက်မခံသော ထိုအစိုးရ (ဥပမာဖြင့်ဆိုရလျှင် တာဝန်ထမ်းဆောင်ဆဲတွင် ပြန်လည် ရွေးချယ်မှုမရှိခြင်း) အနေနှင့် နိုင်ငံတော်ကိုယ်တိုင်၏ လက်မခံမှုကို ကိုယ်စားပြုခြင်းမရှိပေ (ဆိုလိုသည်မှာ ယင်းသည် အစိုးရ၏ သီးသန့် မူဘောင်ပုံသဏ္ဍန်ပင် ဖြစ်သည်)။ သို့သော်လည်း အချို့သော အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရတို့တွင် အစိုးရစနစ် နှင့် နိုင်ငံတော်အကြားတွင် ရှင်းလင်းစွာ ခွဲခြားထားခြင်းမရှိပေ။ စင်စစ်အားဖြင့် ထိုစနစ်မျိုးရှိ ခေါင်းဆောင်များသည် အစိုးရပုံစံနှင့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး သူတို့တစ်ကိုယ်ကောင်း အကျိုးအမြတ်အတွက် တစ်ပေါင်းတည်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိနှင့် အစိုးရစနစ် နှင့် နိုင်ငံတော်အကြား မကွဲပြားစေရန် မှုန်ဝါးဝါးထားကြသည်။ အိုင်ဘင် ခါဒန်၏ဖွင့်ဆိုချက် ၁၄ ရာစု အာရပ် ပညာရှင် Ibn Khaldun (အိုင်ဘင် ခါဒန်) ကအစိုးရဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် "မတရားမှုများကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်မှုပြုသော အဖွဲ့အစည်း" ဟုဖွင့်ဆိုခဲ့သည်။ ဗြိတိန် အတွေးအခေါ် နှင့် မနုဿဗေဒ ပညာရှင် Ernest Gellner (အာနပ် ဂဲနာ) က Ibn Khaldun (အိုင်ဘင် ခါဒန်) ၏ ဖွင့်ဆိုချက်မှာ နိုင်ငံရေးသီအိုရီ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ခဲ့သည်။ Ibn Khaldun (အိုင်ဘင် ခါဒန်) အတွက်မူအစိုးရဟူသည်ထိန်းချုပ်မှုများပြုရာတွင် အနည်းဆုံးမလုပ်မဖြစ်ပြုရမည့် အရာမျိုးကိုသာ လိုအပ်သောအဆိုးတစ်ခုအနေဖြင့် ပြုသင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းမှာ လူသားအချင်းချင်း ချုပ်ချယ်မှုပင် ဖြစ်သည်။ အခြားဖတ်ရန် အစိုးရစနစ်များစာရင်း ကိုးကား အုပ်ချုပ်ရေး အုပ်ချုပ်ရေး ပုံစံများ ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B
လာအိုနိုင်ငံ
လာအိုနိုင်ငံ သို့မဟုတ် လာဝ်နိုင်ငံ၊(, ; , Lāo ) တရားဝင် အမည်အားဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သည် ဆိုရှယ်လစ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အလယ်တွင် တည်ရှိသော လာအိုနိုင်ငံသည် အနောက်မြောက်ဘက်တွင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ နှင့် အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဗီယင်ကျန်းမြို့ ဖြစ်သည်။ ယနေ့ခေတ် လာအိုနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသတို့ကို ၁၄ရာစုမှ ၁၈ ရာစု အထိ အရှေ့တောင်အာရှတွင် အကြီးဆုံးတိုင်းပြည် အဖြစ် တည်ရှိခဲ့သော လင်းဇင်းပြည် သို့ ပြန်လည် ခြေရာကောက်နိုင်သည်။အရှေ့တောင်အာရှ အတွင်း ပထဝီအနေအထားအရ အလယ်ဗဟိုတွင် ကျရောက်သဖြင့် တိုင်းပြည်သည် ကုန်းတွင်း ကုန်သွယ်ရေး၏ ဗဟိုဌာန ဖြစ်ခဲ့ပြီး စီးပွားရေး အရအပြင် ယဉ်ကျေးမှု အရပါ ကြွယ်ဝခဲ့သည်။ ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လင်းဇင်းပြည် သည် လွမ်ပရာဘွမ် ၊ ဗီယန်ကျင်း နှင့် ချမ်ပါဆက် တိုင်းပြည် ၃ ခု အဖြစ် ပြိုကွဲခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် ထိုနယ်မြေ ၃ ခုသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနယ်မြေ ဖြစ်လာခဲ့ပြီး ယခု လာအိုဟု သိကြသော တိုင်းပြည်အဖြစ် ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျပန်တို့၏ ကျူးကျော်မှု ပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် ခဏတာမျှ လွတ်လပ်ရေး ရခဲ့သော်လည်း ပြင်သစ်တို့က ကိုလိုနီ အဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။ လာအိုနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ဆီဆာဗန် ဗောင်း၏ လက်အောက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ် စတင်ခဲ့ပြီး ကွန်မြူနစ်တို့မှ ဆိုဗီယက်ပြည်ထောင်စု၏ အထောက်အပံ့ အဖြင့် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ အထောက်အပံ့ပေးထားထားသော စစ်အစိုးရဖြစ်လာသည့် ဘုရင် ကို တိုက်ခိုက်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဗီယက်နမ် စစ်ပွဲ ပြီးဆုံးပြီးနောက် ဒိုဝိုပါဘူညာ ကွန်မြူနစ် ပသက် လာအို အဖွဲ့ အာဏာရရှိလာခဲ့ပြီး ပြည်တွင်းစစ် ပြီးဆုံးခဲ့သည်။ လာအိုသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် အချိန် အထိ စစ်ရေး နှင့် စီးပွားရေး အထောက်အပံ့များ ဆိုဗီယက်မှ ရယူခဲ့သည်။ လာအိုနိုင်ငံသည် အာရှပစိဖိတ် ကုန်သွယ်ရေးသဘောတူညီချက် အဖွဲ့၊ အာဆီယံ၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ လာဖရန်ကိုဖုန်းနီအဖွဲ့ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ လာအိုသည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အပြည့်အဝ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ လာအိုနိုင်ငံသည် တစ်ပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ် သမ္မတနိုင်ငံဖြစ်ပြီး မာ့စ်ခ်ဝါဒ နှင့် လီနင်ဝါဒကို ကျင့်သုံးကာ လာအိုပြည်သူ့တော်လှန်ရေးပါတီက အုပ်ချုပ်ပြီး ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အမြဲဆိုသလိုပင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာရှိသည်ဟု မှတ်ချက်ပြုကြပြီး ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူတို့၏ လွတ်လပ်မှုကို ကန့်သတ်ခြင်း နှင့် လူမျိုးစုငယ်များကို ဖိနှိပ်အုပ်ချုပ်ခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံရေးအရနှင့် ယဉ်ကျေးမှုအရ ကြီးစိုးသော လာအိုလူမျိုးတို့သည် လူဦးရေ၏ ၅၃.၂% မျှရှိပြီး အများအားဖြင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည်။ မွန်-ခမာလူမျိုးစုများ၊ မုန်းလူမျိုးများ နှင့် အခြားသော ဒေသခံ တောင်ပေါ်တိုင်းရင်းသားများသည် တောင်ခြေနှင့် တောင်တန်းများပေါ်တွင် နေထိုင်ကြသည်။ လာအို၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ မြစ်များမှ လျှပ်စစ်ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သို့ ရောင်းချခြင်း ပေါ်တွင် အခြေခံပြီး ကုန်းတွင်း ဆက်သွယ်ရေးနိုင်ငံ ဖြစ်လာစေရန်လည်း စတင်လုပ်ဆောင်နေကြောင်း လာအိုနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဆက်သွယ်ထားသော မီးရထားလမ်း ၄ ခု ဆောက်လုပ်နေခြင်းက သက်သေပြနေသည်။ လာအိုနိုင်ငံအား အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ့ဘဏ်မှ ရည်ညွှန်းလေ့ရှိပြီး နှစ်စဉ် ဂျီဒီပီ တိုးတက်နှုန်းမှု ၂၀၀၉ ခုနှစ်မှစ၍ ပျမ်းမျှ ၇.၄% မျှ ရှိသည်။ အမည်ရင်းမြစ် အင်္ဂလိပ်အမည် "လာအို" ကို ပြင်သစ်တို့က ပေးခဲ့ပြီး ၎င်းတို့သည် ၁၈၉၃ ခုနှစ်တွင် လာအိုပြည် ၃ ခုကို စုပေါင်း၍ ပြင်သစ်အင်ဒိုချိုင်းနား အောက်သို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ အမည်ကို နိုင်ငံအတွင်း အဓိကအကျဆုံး နှင့် အထင်ရှားဆုံး လူမျိုးဖြစ်သော လာအိုလူမျိုးများ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကားတွင် 's' အသံကို မဖျောက်ပဲ အသံထွက်တွင် ထည့်သွင်းရွတ်ဆိုကြသည်။လာအိုဘာသာစကားတွင် နိုင်ငံ၏ အမည်ကို မွမ်လာအို သို့မဟုတ် ပသက် လာအို ဟု ခေါ်ကြပြီး နှစ်ခုစလုံးမှာ လာအိုနိုင်ငံဟု အဓိပ္ပာယ်ရသည်။ သမိုင်း သမိုင်းမတင်မီခေတ် နှင့် အစောပိုင်း သမိုင်း ရှေးဟောင်းလူ၏ ဦးခေါင်းကို ၂၀၀၉ ခုနှစ်တွင် လာအိုနိုင်ငံမြောက်ပိုင်း အန်းနမိုက်တောင်တန်းရှိ တမ်ပါလင်းလှိုဏ်ဂူတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဦးခေါင်းခွံသည် အနည်းဆုံး နှစ်ပေါင်း ၄၆,၀၀၀ မျှ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် အရှေ့တောင်အာရှတွင် ယနေ့အထိ ရှေးအကျဆုံး ရှာဖွေတွေ့ရှိသော ယနေ့ခေတ်လူတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သည်။ လာအိုနိုင်ငံမြောက်ပိုင်းတွင် ပလေစတိုဆင်းခေတ် နှောင်းပိုင်းမှ နေရာများတွင် ကျောက်လက်နက်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဟိုဘင်ယဉ်ကျေးမှု အမျိုးအစားများလည်း ပါဝင်သည်။ ရှေးဟောင်းသုတေသန တွေ့ရှိချက်များမှ သက်သေပြနေသည်မှာ ဘီစီ ၄ ထောင်စုကပင် စိုက်ပျိုးမွေးမြူရေး လူ့အဖွဲ့အစည်းများ ဖွံဖြိုးတိုးတက်ခဲ့ကြောင်း ဖြစ်သည်။ မြှုပ်နှံရာတွင် အသုံးပြုသော ခရားအိုးများနှင့် ဂူသင်္ချိုင်းများကို တွေ့ရှိပြီး ဘီစီ ၁၅၀၀ ခန့်က ကြေးထည်များနှင့် ဘီစီ ၇၀၀ ခန့်က သံထည်ကိရိယာများကြောင့် ရှုပ်ထွေးသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ စာရေးသားမှု မပေါ်ပေါက်မီခေတ်က တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှုလောကများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သည့် လက္ခဏာများကို တွေ့ရသည်။ ဘာသာရပ်ဆိုင်ရာနှင့် သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများအရ တိုင်း ဘာသာ ပြောကြားသော လူမျိုးများသည် တရုတ်နိုင်ငံ ကွမ်းရှိးမှ အနောက်တောင်ပိုင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ၈ ရာစု နှင့် ၁၀ ရာစု အတွင်း ပြောင်းရွှေ့ခဲ့သည်ဟု သိရှိနိုင်သည်။ လင်းဇင်းခေတ် (၁၃၅၃-၁၈၉၃) လာအိုနိုင်ငံ၏သမိုင်းသည် လင်းဇင်း(ဆင်တစ်သန်း)ဘုရင့်နိုင်ငံမှ အစပြုခဲ့ပြီး ၁၄ရာစုနှစ်တွင် လာအိုမင်းသားတစ်ဦးဖြစ်သော ဖငွန် က တည်ထောင်ခဲ့ပြီး သူနှင့်သူ၏ မိသားစုအား သူ၏ဖခင်က ခမာအင်ပိုင်ယာမှ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။ ဖငွန်သည် ခမာစစ်သည် တစ်သောင်းဖြင့် မဲခေါင်မြစ်ဝှမ်းရှိ လာအိုနယ်များစွာကို အောင်မြင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဗီယင်ကျန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဖငွန်သည် ခွန်ဘိုလွန် မှ စတင်ခဲ့သော လာအိုမင်းမျိုးများမှ ဆင်းသက်လာသူတစ်ဦးတစ်ဖြစ်သည်။ သူသည် ထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာကာ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ဖငွန်ကို သူ၏မှူးမတ်များက သည်းမခံနိုင်သဖြင့် ယနေ့ခေတ် ထိုင်းနိုင်ငံ နန်ပြည်နယ်သို့ ၁၃၇၃တွင် နှင်ထုတ်ခဲ့ပြီးနောက် ထိုဒေသတွင်ပင် ကွယ်လွန်ခဲ့သည်။ ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် က ဆမ်ဆင်ထိုင်း ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ဆမ်ဆင်ထိုင်းလက်ထက်တွင် လင်းဇင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် ဆမ်ဆင်ထိုင်း ကွယ်လွန်ပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်မက်ဖြစ်ပွားသော ပြည်ထောင်ငယ်များ အဖြစ် ရာစုနှစ် ၁ ခုကြာမျှ တည်ရှိနေခဲ့သည်။ မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂၀တွင် နန်းတက်လာသော ဖိုတီဆာရပ် ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မြို့မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့ကာ လာအိုနိုင်ငံ၏ ပြယုဂ်ဖြစ်လာမည့် ဖာ့သက်လွမ် ကို တည်ဆောက်ရန် အမိန့်ပေး စေခိုင်းခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားသို့ စစ်ချီရာမှ အပြန်လမ်း တောင်တန်းပေါ်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် လင်းဇင်းပြည်သည် နှစ် ၇၀မျှ မတည်မငြိမ် ဖြစ်ခဲ့ပြီး မြန်မာတို့ ကျူးကျော်ခြင်း ခံခဲ့ရသည့် အပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သည်။ ၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ လက်ထက်တွင် လင်းဇင်းပြည်သည် နယ်မြေ ချဲ့ထွင်နိုင်ခဲ့ပြီး သူအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ သူသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။ ၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတပ်တို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ ဩဇာခံတိုင်းပြည် ဖြစ်ခဲ့သည်။ ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်း၏ ရုပ်သေးဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို ပြန်လည်ထုတ်ဖော်ရန် အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ဗီယက်နမ်တို့၏ ဖိအားပေးမှုကြောင့် ၁၈၂၆ တွင် ထိုင်းတို့ကို ပုန်ကန်ခြားနားခဲ့သည်။ ပုန်ကန်မှု မအောင်မြင်ပဲ ဗီယင်ကျန်းအား ဝင်ရောက်ဖျက်စီးခြင်း ခံရသည်။ အနုဗောင်အား ဘန်ကောက်သို့ အကျဉ်းသား အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘန်ကောက်တွင်ပင် ကွယ်လွန်ခဲ့သည်။ ၁၈၇၆ လာအိုရှိ ထိုင်းတို့၏ စစ်ရေးလှုပ်ရှားမှုကို ဗြိတိသျှတစ်ဦးမှ လေ့လာသူနေရာမှ ဖော်ပြခဲ့ရာတွင် "ကျွန်အကြီးအကျယ်ရှာဖွေ ဖမ်းဆီးခြင်း အဖြစ် ပြောင်းလဲသွားသည်" ဟု ဖော်ပြခဲ့သည်။ ပြင်သစ် လာအို (၁၈၉၃-၁၉၅၃) ၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက်တပ်တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် ကို ကယ်တင်ခဲ့ပြီး လွမ်ပရာဘွမ်အား ပြင်သစ်အင်ဒိုချိုင်းနား၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ထည့်သွင်းခဲ့သည်။ မကြာမီမှာပင် ချမ်ပါဆက်ပြည်နှင့် ဗီယင်ကျန်းနယ်မြေတို့ကိုပါ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် ထည့်သွင်းခဲ့သည်။ လွမ်ပရာဘွမ် ဘုရင် ဆီ‌ဆာဗန်ဗောင်သည် ပြန်လည်စုစည်းထားသော လာအိုနိုင်ငံ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့ပြီး ဗီယင်ကျန်းသည် မြို့တော် တဖန်ပြန်လည် ဖြစ်လာခဲ့သည်။ လာအိုသည် ပြင်သစ်တို့အတွက် မည်သည့်အခါမျှ အရေးပါသော နေရာ မဖြစ်ခဲ့ပေ။ ထိုင်းနိုင်ငံနှင့် စီးပွားရေး အရ အရေးပါသော အန်နန်းနယ်နှင့် တုံကင်းနယ်တို့ကြားတွင် ကြားခံနယ်မျှသာ ဖြစ်ခဲ့သည်။ လာအိုနိုင်ငံသည် ခဲမဖြူ၊ ရာဘာနှင့် ကော်ဖီတို့တွက်ရှိသော်လည်း ပြင်သစ်အင်ဒိုချိုင်းနားမှ ပို့ကုန်၏ ၁ ရာခိုင်နှုန်းထက် မပိုခဲ့ပေ။ ၁၉၄၀ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား ၆၀၀ ခန့်မျှ လာအိုတွင် နေထိုင်ကြသည်။ ပြင်သစ်တို့၏ အုပ်ချုပ်မှုအောက်တွင် ဗီယက်နမ်တို့အား လာအိုသို့ ပြောင်းရွှေ့ရန် တိုက်တွန်းကြပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ ပြင်သစ်ကိုလိုနီပြုသူများအတွက် အင်ဒိုချိုင်းနားတစ်ခုလုံးစာ ကျယ်ပြန့်သော ကိုလိုနီနယ်မြေ ကွက်ကွက်ကလေးအတွင်း အလုပ်သမား မလုံလောက်မှုကို ဖြေရှင်းရန် ဓမ္မဓိဌာန်ကျသော အဖြေ အဖြစ် ရှုမြင်ကြသည်။ ၁၉၄၃ ခုနှစ်သို့ ရောက်သော အခါ ဗီယက်နမ် ဦးရေမှာ ၄၀,၀၀၀ ခန့်မျှ အထိရှိလာပြီး လာအိုရှိ မြို့ကြီးများတွင် အဓိက ဖြစ်လာကာ ကိုယ်ပိုင်ခေါင်းဆောင် ရွေးချယ်နိုင်ခွင့်ကို ခံစားရရှိသည် အထိ ဖြစ်လာသည်။ ရလဒ်အနေဖြင့် ဗီယင်ကျန်း လူဦးရေ၏ ၅၃% ၊ သာခက်မြို့ လူဦးရေ၏ ၈၅% နှင့် ပါ့ခ်စီမြို့ လူဦးရေ၏ ၆၂% မှာ ဗီယက်နမ် လူမျိုးများ ဖြစ်လာခဲ့ကာ ခြွင်းချက်အနေနှင့် လွမ်ပရာဘွမ်မြို့ တစ်မြို့တည်းသာ လာအိုလူမျိုးများ အများဆုံး လူဦးရေ အဖြစ် ရှိနေခဲ့သည်။ ၁၉၄၅ ခုနှစ်အထိပင် ပြင်သစ်တို့သည် အဓိကဒေသ သုံးခုဖြစ်သော ဗီယင်ကျန်းလွင်ပြင်၊ ဆာဗန်နာခက်ဒေသ နှင့် ဘိုလာဗန်ကုန်းမြေမြင့် သို့ ဗီယက်နမ် လူမျိုးအများအပြားကို ပိုမိုရွှေ့ပြောင်းရန်အတွက် အစီအစဉ်ကြီးတစ်ခုကို ချမှတ်ခဲ့ပြီး ဂျပန်တို့၏ အင်ဒိုချိုင်းနားအား ကျူးကျော်မှုကြောင့်သာ အစီအစဉ် ပြောင်းသွားခဲ့ရသည်။ မာတင် စတူးဝပ်ဖောက်၏ အဆိုအရ ထိုသို့ မဟုတ်ပါက လာအိုတို့ အနေနှင့် သူတို့တိုင်းပြည်အား ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗိုင်ချီပြင်သစ်၊ ထိုင်း၊ ဂျပန် နှင့် လွတ်လပ်သောပြင်သစ် တို့က လာအိုနိုင်ငံအား သိမ်းပိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၉ ရက်တွင် မျိုးချစ်အဖွဲ့က လာအိုနိုင်ငံအား တဖန် လွတ်လပ်ရေး ရပြီဟု ကြေညာခဲ့ကာ လွမ်ပရာဘွမ်အား မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၄၅ ခုနှစ် ဧပြီလ ၇ ရက်တွင် ဂျပန် တပ်မ ၂ ခုမှ မြို့တော်အား ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ဂျပန်တို့က လွမ်ပရာဘွမ်၏ ဘုရင်ဖြစ်သော ဆီဆာဗန်ဗောင်အား ဖိအားပေး၍ လာအိုနိုင်ငံ လွတ်လပ်ရေးကို ကြေညာစေခဲ့သော်လည်း ဧပြီလ ၈ ရက်တွင် သူက လာအိုသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ မဟုတ်တော့ကြောင်းသာ ကြေညာခဲ့သည်။ ထို့နောက် ဘုရင်သည် ကင်းဒါဗောင်မင်းသား အား မဟာမိတ်တပ်တို့ထံသို့ ကိုယ်စားလှယ်အဖြစ် လျှို့ဝှက်စေလွှတ်ခဲ့ပြီး ဆီဆာဗန် မင်းသားအား ဂျပန်တို့ထံသို့ ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ ဂျပန်တို့ လက်နက်ချပြီးနောက် အချို့သော လာအို မျိုးချစ်ပုဂ္ဂိုလ်များ (ဖတ်စာရတ်မင်းသား အပါအဝင်) သည် လာအို၏ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော်လည်း ၁၉၄၆ ခုနှစ် အစောပိုင်းတွင် ပြင်သစ်တပ်များက နိုင်ငံတွင်း ပြန်လည်ကျူးကျော်ခဲ့ပြီး လာအိုတို့အား အကန့်အသတ်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးခဲ့သည်။ ပထမ အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီမှာ ပါသတ်လာအို လွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပါသတ်လာအိုသည် ပြင်သစ်ကိုလိုနီတပ်တို့အား ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲကို ဗီယက်နမ်လွတ်မြောက်ရေးအဖွဲ့ဖြစ်သော ဗီယက်မင်းတို့၏ အကူအညီဖြင့် စတင်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ပြင်သစ်တို့ အနေနှင့် လာအိုအား ပြင်သစ်ပြည်ထောင်စုအတွင်း "တွဲဖက်တိုင်းပြည်" အနေနှင့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးခဲ့ရသည်။ ပြင်သစ်တို့သည် အမည်ခံအားဖြင့် အုပ်ချုပ်သူ အဖြစ်ရှိနေသည်မှာ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လာအိုတို့ အနေနှင့် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အပြည့်အဝ လွတ်လပ်ရေး ရသည့်အချိန်အထိ ဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ်နှင့် ကွန်မြူနစ်အုပ်ချုပ်ခြင်း (၁၉၅၃-ယခု) ပထမ အင်ဒိုချိုင်းနား စစ်ပွဲသည် ပြင်သစ်အင်ဒိုချိုင်းနား တခွင်တွင် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ပြင်သစ်တို့ ရှုံးနိမ့်ခဲ့ကာ လာအိုနှင့် ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၅၄ ခုနှစ် ဂျီနီဗာကွန်ဖရင့်တွင် လက်မှတ်ရေးထိုးခဲ့ရသည်။ ၁၉၆၀ ခုနှစ်တွင် လာအိုပြည်တွင် ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် တော်ဝင်လာအိုတပ်မတော် နှင့် မြောက်ဗီယက်နမ်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ ကျောထောက်နောက်ခံ ပေးထားသော ပါသတ်လာအိုပြောက်ကျား တို့ စစ်ဖြစ်ပွားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗန်နာ ဖိုမာ မင်းသားမှ ဒုတိယ အမျိုးသားညီညွတ်ရေး ယာယီအစိုးရကို ဖွဲ့စည်းခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ အခြေအနေသည် တစ်စထက်တစ်စ ပို၍ ယိုယွင်းလာကာ တော်ဝင်လာအိုအစိုးရ နှင့် ပါသတ်လာအိုတို့ အကြား ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ပါသတ်လာအိုတို့အား စစ်ရေးအားဖြင့် ပြည်သူ့ဗီယက်နမ်တပ်မတော် (ပီအေဗီအင်န်) နှင့် ဗီယက်ကောင်းတို့မှ ကျောထောက်နောက်ခံပေးခဲ့သည်။ မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်နှင့် စစ်ပွဲတွင်း ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုရန် လာအို၏ နယ်မြေအစိတ်အပိုင်းများကို ကျူးကျော်ကာ သိမ်းပိုက်ခဲ့သဖြင့် လာအိုသည် ဗီယက်နမ်စစ်ပွဲ၏ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့သည်။ တုံ့ပြန်သည့် အနေနှင့် အမေရိကန်တို့သည် ပီအေဗီအင်န်တို့၏ တပ်စွဲထားသော နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လာအိုနိုင်ငံတွင်း ပုံမှန်နှင့် ပုံမှန်မဟုတ်သော ကွန်မြူနစ်ဆန့်ကျင်ရေးတပ်များကို ထောက်ပံ့ခဲ့ကာ ဗီယက်နမ်သမ္မတနိုင်ငံ စစ်တပ်၏ လာအိုသို့ ကျူးကျော်မှုအား ထောက်ပံ့ပေးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ပီအေဗီအင်န် တို့မှ ပါသတ်လာအို တို့ တော်ဝင်လာအိုတပ်မတော်ကို တိုက်ခိုက်မှုကို ကူညီသည့် အနေနှင့် တပ်ရင်းပေါင်းများစွာနှင့် တိုက်ခိုက်မှုကို စတင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် တော်ဝင်လာအိုတပ်မတော် အနေနှင့် တပ်အများအပြားကို ဆွဲထုတ်ခဲ့ရပြီး စစ်ပွဲအား အမေရိကန် နှင့် ထိုင်းတို့မှ ကျောထောက်နောက်ခံပေးထားသော ဗိုလ်ချုပ်ကြီး ဗန်ပေါင်း ဦးဆောင်သော မုံလူမျိုးတပ်များ၏ "လျှို့ဝှက်စစ်တပ်" ဖြင့်သာ ချန်ထားခဲ့ရသည်။ လာအိုပြည်ဗဟိုအစိုးရ ပြိုလဲသွားမည့် အရေးမှ ကာကွယ်ရန် နှင့် တောင်ဗီယက်နမ်တွင် ရှိသော အမေရိကန်တပ်များအား တိုက်ခိုက်နိုင်မည့် ဟိုချီမင်းလမ်းကြောင်းအား အသုံးမပြုနိုင်စေရန်အတွက် အမေရိကန်တို့သည် ပီအေဗီအင်န်နှင့် ပါသတ်လာအို တပ်များအား လေကြောင်းမှ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန်တို့သည် လာအိုနိုင်ငံပေါ်သို့ ဗုံးတန်ချိန် ၂ သန်းခန့် ကြဲချခဲ့သဖြင့် ဒုတိယကမ္ဘာစစ်တစ်ခုလုံး အမေရိကန်တို့က ဥရောပနှင့် အာရှပေါ်တွင် ကြဲချခဲ့သည့် စုစုပေါင်း ဗုံးတန်ချိန် ၂.၁ သန်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုရင် လာအိုသည် သမိုင်းတလျှောက်တွင် သူ၏ လူဦးရေနှင့် နှိုင်းယှဉ်ပါက ဗုံးအကြီးအကျယ် ကြဲချခံရဆုံး နိုင်ငံ ဖြစ်လာစေခဲ့သည်။ နယူးယောက်တိုင်းမ် သတင်းစာမှ ဖော်ပြသည်မှာ ထိုသို့ကြဲချခြင်းသည် "လာအိုရှိ လူတစ်ဦး တစ်ယောက်စီအတွက် ၁ တန်စာမျှဗုံး" ဖြစ်သည် ဟု မှတ်ချက်ပေးခဲ့သည်။ ဗုံးအလုံးရေ သန်း ၈၀ ကျော်သည် မပေါက်ကွဲနိုင်ခဲ့ပဲ နိုင်ငံအနှံ့ပြားတွင် နေရာအနှံ့အပြား ရှိနေဆဲ ဖြစ်ကာ ကျယ်ပြန့်လှသော မြေများအား စိုက်ပျိုးရန် မဖြစ်နိုင်သော အခြေအနေ ဖြစ်ပေါ်စေပြီး နှစ်စစ်နှစ်တိုင်း လာအိုပြည်သူ ၅၀ ခန့်ကို သေဆုံးစေခြင်း သို့မဟုတ် ခြေပြတ်လက်ပြတ် ဖြစ်စေခြင်းတို့ ဖြစ်ခဲ့သည်။ စစ်ပွဲအတွင်း ပဒေသာမိုင်းတို့၏ အကြီးအကျယ် ထိခိုက်စေမှုကို ခံခဲ့ရသောကြောင့် လာအိုနိုင်ငံသည် ပဒေသာလက်နက်များအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များမှ ပဒေသာမိုင်းကို တားမြစ်ရန် အချက်ကို အပြင်းအထန် ထောက်ခံသည့် နိုင်ငံ ဖြစ်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် နိုဝင်ဘာလတွင် နိုင်ငံကိုယ်စားပြုများကို ဖိတ်ခေါ်၍ ညီလာခံကို ပထမဆုံး အကြိမ် ကျင်းပခဲသည်။ ၁၉၇၅ ခုနှစ်တွင် ပါသတ်လာအိုတို့သည် ဘုရင်ကိုသစ္စာခံသော အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၉၇၅ ဒီဇင်ဘာ ၂ ရက်တွင် ဆာဗန် ဗတ်သာနာ ဘုရင်ကို ဖိအားပေး၍ နန်းစွန့်စေခဲ့သည်။ သူသည် ပြန်လည်ပညာပေးစခန်းတွင် မသင်္ကာစရာ ကောင်းသော အခြေအနေတစ်ခုဖြင့် သေဆုံးခဲ့သည်။ ပြည်တွင်းစစ်အတွင်းတွင် လာအိုပြည်သူ ၂၀,၀၀၀ မှ ၆၀,၀၀၀ ကြား သေဆုံးခဲ့သည်။ ဘုရင်ကိုသစ္စာခံသူတို့သည် အမေရိကန်ပြည်ထောင်စုတွင် ပြည်ပရောက် အစိုးရတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နိုင်ငံကို ထိန်းချုပ်နိုင်ပြီးနောက် ကေဆုန် ဖုန်ဗီဟိန်း ဦးဆောင်သော ပါသတ်လာအို အစိုးရသည် နိုင်ငံအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဖြစ် နာမည် ပြောင်းလဲခဲ့ပြီး ဗီယက်နမ် စစ်တပ်များကို လာအိုနိုင်ငံအတွင်း အခြေချခွင့်နှင့် နိုင်ငံကို အုပ်ချုပ်ရာတွင် ကူညီရန်အတွက် ဗီယက်နမ် အကြံပေးများ ထားရှိခွင့်တို့အတွက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်ကြောင့် လာအိုနှင့် ဗီယက်နမ်တို့၏ နီးကပ်မှုကို တရားဝင် ဖြစ်စေခဲ့ပြီး ထိုစာချုပ်သည် လာအိုတို့၏ နိုင်ငံခြားရေးမူဝါဒများအတွက် လမ်းညွှန်ချက်ပေးသည်သာမက ဗီယက်နမ်တို့အား လာအိုတို့၏ နိုင်ငံရေးနှင့် စီးပွားရေးဘဝတို့အတွင် အဆင့်ဆင့်တို့၌ ဝင်ရောက်ပတ်သက်ခွင့်အတွက် အခြေခံ ဖြစ်စေခဲ့သည်။ ၁၉၇၉ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက် လာအိုတို့အား ဗီယက်နမ်တို့မှ တောင်းဆိုခဲ့သဖြင့် တရုတ်၊ အမေရိကန်ပြည်ထောင်စု နှင့် အခြားနိုင်ငံတို့နှင့် ကုန်သွယ်ရေးပြတ်တောက်ကာ သင်းကွဲဖြစ်ရန်အတွက် လမ်းစ ဖြစ်စေခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် လာအိုနိုင်ငံ၌ ဗီယက်နမ် တပ်သားပေါင်း ၅၀,၀၀၀ ကျော် တပ်စွဲထားခဲ့ပြီး ဗီယက်နမ် အရပ်သား အရာရှိ ၆,၀၀၀ အထိ ရှိကာ ဗီယန်ကျင်းရှိ ဝန်ကြီးဌာနများတွင် တိုက်ရိုက်တွဲဖက်တာဝန်ပေးထားသော အရာရှိ ၁,၀၀၀ ပါဝင်သည်။ မုန်သူပုန်တို့နှင့် ပဋိပက္ခမှာ အဓိကဒေသများတွင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဗီယင်ကျန်းပြည်နယ် အနီးရှိ ဆေဆာဗောင်း ကန့်သတ် စစ်ဇုံနှင့် ဇိုင်ဆမ်ဗောင်း ကန့်သတ်စစ်ဇုံ တို့အပြင် ရှန်ခိုအန်းပြည်နယ်တို့ ပါဝင်သည်။ ၁၉၇၅ မှ ၁၉၉၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံမှ လာအိုဒုက္ခသည် ၂၅၀,၀၀၀ ကို ပြန်လည်နေရာချထားပေးခဲ့ပြီး မုန်လူမျိုး ၁၃၀,၀၀၀ အပါအဝင်ဖြစ်သည်။ ပထဝီဝင် လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ မြောက်လတ္တီကျု ၁၄° နှင့် ၂၃° အကြား (၁၄° ၏ တောင်ပိုင်းတွင် နယ်မြေအနည်းငယ်မျှပါဝင်သည်။) အရှေ့လောင်ဂျီကျု ၁၀၀° နှင့် ၁၀၈° အကြားတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားမှာ သစ်တောထူထပ်ပြီး ကြမ်းတမ်းမြင့်မားသော တောင်ကုန်းများရှိကာ အမြင့်ဆုံး နေရာမှာ ဖိုဘီယာတောင် ဖြစ်၍ မြင့်သည်။ မဲခေါင်မြစ်သည် နိုင်ငံ၏ အနောက်ဘက်တွင် ထိုင်းနိုင်ငံ နှင့် နယ်နိမိတ်အဖြစ် နေရာအတော်များများတွင် တည်ရှိနေပြီး အရှေ့ဘက်တွင် အန်နာမိုက်တောင်တန်းသည် ဗီယက်နမ်နှင့် နယ်ခြားအဖြစ် တည်ရှိကာ လွမ်ပရာဘွမ်တောင်တန်းသည် ထိုင်းကုန်းမြေမြင့်နှင့် အနောက်မြောက်နယ်စပ် အဖြစ် တည်ရှိသည်။ မြောက်ဘက်တွင် ရှန်ခိုအန်းကုန်းမြေမြင့် နှင့် တောင်ပိုင်းတွင် ဘိုလာဗန်ကုန်းမြေမြင့် ဟူ၍ ကုန်းမြေမြင့် ၂ ခု ရှိသည်။ လာအိုနိုင်ငံကို ပထဝီဝင်အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။ လာအိုသည် ၂၀၁၉ ခုနှစ် သစ်တောမြင်ကွင်းရှင်းလင်းမှုညွှန်းကိန်းအရ ပျမ်းမျှအမှတ်အနေနှင့် ၅.၅၉/၁၀ ရရှိပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၉၈ ရှိသည်။ ၁၉၉၃ ခုနှစ်တွင် လာအိုအစိုးရမှ နိုင်ငံ၏ မြေဧရိယာ ၂၁% ကို တောရိုင်းတိရစ္ဆာန် စားကျက်မြေ ထိန်းသိမ်းရေးအတွက် ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ လာအိုနိုင်ငံသည် "ရွှေတြိဂံ" ဟု ခေါ်ဆိုကြသော ဘိန်းစိုက်ပျိုးရာ ဒေသအတွင်း နိုင်ငံ ၄ ခုမှ တစ်ခု အပါအဝင် ဖြစ်သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး အချက်အလက်စာအုပ်ဖြစ်သည့် "အရှေ့တောင်အာရှရှိ ဘိန်းစိုက်ပျိုးမှု" စာအုပ်တွင် ဘိန်းစိုက်ပျိုးသည့် ဧရိယာမှာ ဖြစ်သဖြင့် ၂၀၀၆ ခုနှစ် {{convert|၁၈|km2|sqmi}မှ ကျဆင်းသွားခဲ့သည်။ ရာသီဥတု လာအိုနိုင်ငံ၏ ရာသီဥတုမှာ အများအားဖြင့် အပူပိုင်း ဆာဗားနား ရာသီဥတုမျိုး ဖြစ်ပြီး မုတ်သုံ ပုံစံ လွှမ်းမိုးမှု ရှိသည်။ မေလမှ အောက်တိုဘာလ အထိ မိုးရာသီ ဖြစ်ပြီး နောက်ပိုင်းတွင် နိုဝင်ဘာလမှ ဧပြီလ အထိသည် ခြောက်သွေ့သော ရာသီဥတု ဖြစ်သည်။ ရိုးရာအရ သုံးရာသီ (မိုးရာသီ၊ ဆောင်းရာသီ၊ နွေရာသီ) ရှိသည်ဟု သတ်မှတ်ကြပြီး ခြောက်သွေ့သော ရာသီဥတု အဖြစ် ရာသီဥတုပညာ အရ သတ်မှတ်ထားသော အချိန် အပိုင်းအခြား၏ နောက်ဆုံး ၂ လမှာ အစောပိုင်း ၄ လ ထက် သိသာစွာ ပူပြင်းလေ့ ရှိသည်။ အုပ်ချုပ်ရေးဒေသများ လာအိုနိုင်ငံကို ပြည်နယ် (province or qwang) ၁၇ခု၊ ဗီယင်ကျန်းမြို့တော်ပါဝင်သော ပရီဖက်ချာ တစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ် အသစ်ဖြစ်သော ဆိုင်စောင်ဘွန် ပြည်နယ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် တည်ထောင်ခဲ့သည်။ ပြည်နယ်များကို ခရိုင်များ အဖြစ် ထပ်မံ ခွဲခြားပြီး ခရိုင်များကို ရွာများ အဖြစ်ထပ်မံ ခွဲခြားသည်။ မြို့ပြ ကျေးရွာမှ မြို့ ဖြစ်သည်။ အစိုးရ နှင့် နိုင်ငံရေး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို အတိအလင်း ထောက်ခံသောနိုင်ငံ ဖြစ်သည်။ တစ်ခုတည်းသော တရားဝင် နိုင်ငံရေးပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဖြစ်သည်။ လာအိုသည် တစ်ပါတီနိုင်ငံ ဖြစ်သဖြင့် အထွေထွေအတွင်းရေးမှူး (ပါတီခေါင်းဆောင်) သည် နိုင်ငံနှင့် အစိုးရ အပေါ်တွင် အဆုံးစွန်ဆုံး အာဏာနှင့် အုပ်ချုပ်ပိုင်ခွင့် ယူထားပြီး ထိပ်တန်းခေါင်းဆောင် အဖြစ် ဆောင်ရွက်သည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ သမ္မတ သောင်လွန်း ဆီဆိုလစ် ဖြစ်သည်။ သူသည် လာအိုပြည်သူ့တော်လှန်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သဖြင့် သူ့အား လာအိုနိုင်ငံ၏ အလိုအလျောက် ခေါင်းဆောင်အဖြစ် ၂၀၂၁ ဇန်နဝါရီလမှ စတင် သတ်မှတ်ပြီး ဖြစ်သည်။ အစိုးရ၏ ပေါ်လစီများကို အာဏာအရှိဆုံး အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ပေါလစ်ဗျူရို နှင့် အဖွဲ့ဝင် ၆၁ ဦးပါဝင်သော လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီမှ ဆုံးဖြတ်သည်။ လာအိုနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သစ်ဘာသာဖြင့် ရေးထားပြီး ၁၉၄၇ခုနှစ် မေလ ၁၁ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ပြင်သစ်ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်တစ်ခု အဖြစ်ကြေညာခဲ့သည်။ ၁၉၅၇ ခုနှစ် မေလ ၁၁ ရက်တွင် ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်သစ်ပြည်ထောင်စု အား ရည်ညွှန်းချက်ကို ဖြုတ်ပစ်ခဲ့သော်လည်း ယခင် ကိုလိုနီအုပ်ချုပ်သူနှင့် ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာ အရ ဆက်ဆံမှုများမှာ နီးကပ်စွာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ၁၉၅၇ ဥပဒေကို ၁၉၇၅ ဒီဇင်ဘာတွင် ကွန်မြူနစ် ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ကြေညာသောအခါတွင် ရုပ်သိမ်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ၁၉၉၁ တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။ နိုင်ငံခြားဆက်ဆံရေး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ပါသတ်လာအိုတို့ အာဏာရယူပြီးနောက် လာအိုနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးမှာ အနောက်တိုင်းနိုင်ငံများနှင့် တင်းမာမှုကို ပြသပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရသည် ဆိုဗီယက်ဘက် ယိမ်းသောနိုင်ငံများနှင့် အတူ ရပ်တည်ကာ ဆိုဗီယက်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နိုင်ငံခြား အကူအညီများနှင့် ပတ်သက်၍ ဆိုဗီယက်တို့အပေါ်တွင် အလွန်အမင်း မှီခိုနေခဲ့သည်။ လာအိုသည် ဗီယက်နမ်နှင့်လည်း အထူး ဆက်ဆံရေးရှိပြီး ၁၉၇၇ ခုနှစ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့သဖြင့် တရုတ်နှင့် တင်းမာမှု ဖြစ်ခဲ့သည်။ လာအိုသည် ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တရုတ်၊ တူရကီ၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန် နှင့် ဆွီဒင်တို့ဖြင့် တိုးတက်ပြီး ချဲ့ထွင်သော ဆက်ဆံရေးကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတကာတွင် သင်းကွဲဖြစ်နေခြင်းကို ကျော်လွန်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် ကွန်ဂရက်မှ အတည်ပြုသော ဥပဒေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ခဲ့သည်။ လာအိုသည် အာဆီယံသို့ ၁၉၉၇ ဇူလိုင်လတွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၆တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ပထမဆုံး အကြိမ် တက်ရောက်ခဲ့သည်။ စစ်ရေး ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ဖြစ်သော ဒေါင်ချေး ဖီချစ် သည် အခြားသော အဆင့်မြင့် အရာရှိကြီးများနှင့် အတူ လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်။ အရာရှိများသည် ယခင် တော်ဝင်လာအိုအစိုးရ တပ်များလက်အောက်မှ ဂျားလွင်ပြင် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားကို ပါဝင်တက်ရောက်ရန် သွားရောက်ကြခြင်း ဖြစ်သည်။ လူ ၂၀ ဦး လိုက်ပါစီးနင်းလာသော ရုရှားထုတ် အန်တိုနော့ဗ် အေအင်န် ၇၄-၃၀၀ လေယာဉ်မှာ ရှန်ခိုအန်းပြည်နယ် အတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။ မုံလူမျိုး ပဋိပက္ခ လာအိုပြည်တွင်းစစ်ဖြစ်ပွားခဲ့စဉ်က မုံလူမျိုးအချို့သည် စီအိုင်အေ၏ ကျောထောက်နောက်ခံဖြင့် လာအိုဘုရင့်တပ်မတော်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ပါသက်လာအိုများ ၁၉၇၅ ခုနှစ်တွင် အာဏာရပြီးနောက်တွင် မုံလူမျိုးပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁၉၇၇တွင် ကွန်မြူနစ်သတင်းစာမှတဆင့် အမေရိကန်အားကိုးများအား အမြစ်ပါမကျန် တိုက်ထုတ်ပစ်မည်ဟု ကြွေးကြော်ခဲ့သည်။ မုံလူမျိုး ၂ဝဝ,၀၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အများစုမှာ အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ အခြေချနေထိုင်ကြသည်။ အခြားသော မုံလူမျိုးစု သူပုန်များသည် နှစ်ပေါင်းများစွာကြာသည်အထိ ရှန်ခိုအန်းပြည်နယ်ရှိ တောတောင်များထဲတွင် ပုန်းအောင်းတိုက်ခိုက်နေဆဲ ဖြစ်ပြီး လက်ကျန်အချို့မှာ ၂၀၀၃ ခုနှစ်တွင် တောထဲမှ ထွက်လာခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အမေရိကန် အစိုးရ၏ အကူအညီဖြင့် အသေးစိတ်လုပ်ဆောင်မည့်လုပ်ငန်းစဉ် ကိုရေးဆွဲ၍ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ အင်ဒိုချိုင်းနား ဒုက္ခသည်များ အလုံးအရင်းဖြင့် လက်ခံမည့် အစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်အရ ဒုက္ခသည်အဖြစ် သတ်မှတ်ချက်ကို စစ်ဆေးရေးလုပ်ငန်းစဉ်ဖြင့် အကဲဖြတ်သည်။ ခိုလှုံခွင့် ရရှိသူအဖြစ် သတ်မှတ်ခြင်း ခံရသူမှာ ပြန်လည်နေရာချထားရန် အခွင့်အလမ်း ရရှိပြီး အခြားသော ဒုက္ခသည်များကို အသက်အန္တရာယ်လုံခြုံရန် အာမခံ၍ ပြန်ပို့ပေးသည်။ ယူအင်န်အိတ်ချ်စီအာရ် နှင့် ထိုင်းအစိုးရတို့နှင့် ဆွေးနွေးပြီးနောက် လာအိုတို့သည် ထိုင်းတွင် နေထိုင်သော ဒုက္ခသည် ၆၀,၀၀၀ ကို ပြန်လည် လက်ခံရန် သဘောတူခဲ့ပြီး မုံလူမျိုး ထောင်ပေါင်းများစွာလည်း ပါဝင်သည်။ သို့သော်လည်း လာအိုဒုက္ခသည် အနည်းငယ်သာ မိမိတို့ သဘောဆန္ဒဖြင့် အိမ်ပြန်လိုကြသည်။ ထိုင်းအစိုးရမှ ကျန်ရှိနေသော ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် လုပ်ဆောင်သော အခါတွင် ဒုက္ခသည်များကို ပြန်လည်အခြေချရန် ဖိအား များလာခဲ့သည်။ အချို့သော မုံလူမျိုးများ ယူအင်န်အိတ်ချ်စီအာရ်မှ ဖွံဖြိုးရေး အထောက်အကူများဖြင့် လာအိုသို့ မိမိတို့သဘောဆန္ဒဖြင့် ပြန်သွားကြပြီးနောက် အတင်းအကြပ် နေရပ်ပြန်ခိုင်းခြင်းများ ပြန်လည်ကြားသိလာခဲ့ရသည်။ လာအိုသို့ ပြန်သွားသော မုံလူမျိုးများထဲမှ အချို့မှ ထိုင်းသို့ အလျှင်အမြန် ထွက်ပြေး လွတ်မြောက်လာကြပြီး ခွဲခြားဆက်ဆံခံရခြင်းနှင့် လာအိုအာဏာပိုင်တို့၏ လက်တွင် ရက်စက်စွာ ဆက်ဆံခံရခြင်းတို့ကို ပြန်လည်ပြောပြကြသည်။ ၁၉၉၃ ခုနှစ်တွင် ယခင်က မုံ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အကြီးဆုံး မုံ ဒုက္ခသည်စခန်း၏ ခေါင်းဆောင်ဖြစ်သော ဗူးမိုင် အား ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ နေရပ်ပြန်လည်စေလွှတ်ခြင်း အစီအစဉ် အောင်မြင်ကြောင်း ပြသရန် အတွက် လာအိုသို့ ပြန်သွားရန် တာဝန်ပေးခြင်းခံရပြီးနောက် ဗီယန်ကျင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ အမေရိကန် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သူ့အား လာအို လုံခြုံရေးတပ်များမှ ဖမ်းဆီးသွားပြီး နောက်တစ်ဖန် ပြန်မတွေ့ရတော့ပေ။ ဗူးမိုင်၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် လာအိုသို့ မုံလူမျိုးများ နေရပ်ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ အငြင်းအခုံများ အလွန်ပင် ရေချိန်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ကာ အမေရိကန်တွင် ကွန်ဆာဗေးတစ်များနှင့် အချို့သော လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၃ ခုနှစ်တွင် နေရှင်နယ်ရီဗြူး မဂ္ဂဇင်းတွင် ပါရှိသော ယခင် ဟယ်ရီတေ့ချ်ဖောင်ဒေးရှင်း၏ နိုင်ငံခြားရေးရာ ပေါ်လစီကျွမ်းကျင်သူနှင့် ရီပတ်ဘလစ်ကင် အိမ်ဖြူတော် အကူ ဖြစ်ခဲ့သူ မိုက်ကယ်ဂျွန်၏ ဆောင်းပါးတွင် ကလင်တန် အစိုးရ၏ မုံ နေရပ်ပြန်လည်ပို့ဆောင်ရေး ပေါ်လစီကို သစ္စာဖောက်မှု အဖြစ် တံဆိပ်ကပ်ပြီး မုံလူမျိုးများအား "အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်ရင်း သွေးမြေကျသူများ" ဟု ဖော်ပြခဲ့သည်။ ထိုပြဿနာနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများ အလျှင်အမြန်ပင် အရှိန်တက်လာခဲ့ပြီး ရီပတ်ဘလစ်ကင် ဦးဆောင်သော အမေရိကန် ဆီးနိတ်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးမှ ထိုင်းနိုင်ငံအခြေစိုက် မုံလူမျိုးများကို အမေရိကန်ပြည်ထောင်စုတွင် အလျှင်အမြန် နေရာချထားပေးရန် ဘဏ္ဍာငွေကို ချပေးခဲ့သည်။ ကလင်တန်ကမူ ထိုဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ဖျက်မည်ဟု တုံ့ပြန်ခဲ့သည်။ နေရပ်ပြန်ပို့မည့် အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင် ကွန်ဂရက်လွှတ်တော် အမတ်တို့သည် လာအိုတို့၏ အစိုးရအနေနှင့် မုံလူမျိုးတို့၏ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်း မဟုတ်ဆိုသည့် ကလင်တန်အစိုးရ၏ ရပ်တည်မှုကို စိမ်ခေါ်ခဲ့ကြသည်။ အမေရိကန် ကိုယ်စားလှယ် စတိဗ်ဂန်းဒါဆင် က ဥပမာ အနေနှင့် မုံတို့ စုဝေးရာတွင် ပြောကြားခဲ့သည်မှာ "ကျွန်တော့် အနေနဲ့ ကျွန်တော်တို့အစိုးရကို ဆန့်ကျင်ပြီး ခင်ဗျားတို့ အမှန်အတိုင်း မပြောဘူး ဆိုတာ ပြောနေရတာကို ပျော်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားနဲ့ တရားမျှတမှုကို ခုခံကာကွယ်ဖို့ လိုအပ်တယ် ဆိုရင်တော့ လုပ်ရမှာပဲ။" ဟူ၍ ဖြစ်သည်။ ရီပတ်ဘလစ်ကင် တို့အနေနှင့် မုံလူမျိုးတို့ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲချက်များကို ကွန်ဂရက်ကြားနာမှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး မုံလူမျိုးတို့ကို နေရပ်သို့ပြန်ပို့သည်ကို သူတို့အနေနှင့် ဆန့်ကျင်ရာတွင် ထောက်ခံမှုများ ပိုမိုရရှိစေရန် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။ အချို့သော ဖိအားပေး၍ နေရပ်ပြန်ပို့သည့် စွပ်စွဲချက်များမှာ ငြင်းပယ်ခဲ့သော်လည်း မုံလူမျိုး ထောင်ပေါင်းများစွာသည် လာအိုသည် ပြန်ရန် ငြင်းဆန်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းရန် နောက်ဆုံးရက်သို့ ချဉ်းကပ်လာသည့် အခါတွင် ပိုမိုမြင့်တက်လာသော နိုင်ငံရေးဆိုင်ရာ ဖိအားအောက်တွင် အမေရိကန်ပြည်ထောင်စု အနေနှင့် စစ်ဆေးမှုလုပ်ငန်းစဉ် အသစ်ကို အောင်မြင်သော မုံ ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် သဘောတူညီခဲ့ရသည်။ ဒုက္ခသည်စခန်း ပိတ်သိမ်းချိန်တွင် ပြန်လည်နေရာချထားခြင်း မပြုရသေးသော မုံလူမျိုး ၅,၀၀၀ ခန့်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခု ဖြစ်သော ဝပ်သမ်ခရာဘောက် တွင် ခိုလှုံခွင့် တောင်းခံခဲ့ပြီး ထိုနေရာတွင် မုံလူမျိုး ဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိနှင့်နေပြီး ဖြစ်သည်။ ထိုင်းအစိုးရမှ ထိုဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ကြိုးစားသော်လည်း ဝပ်သမ်ခရာဘောက်ရှိ မုံလူမျိုးများမှ ထွက်ခွာရန် ငြင်းဆန်ကြပြီး လာအိုအစိုးရမှလည်း သူတို့အား တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုတွင် ပါဝင်သည် ဆိုသော အချက်နှင့် လာအိုမှ လူများမဟုတ်ဟူသော အကြောင်းပြချက်များဖြင့် ပြန်လည်လက်ခံရန် ငြင်းဆန်ခဲ့သည်။ သူတို့အား အင်အားသုံး၍ ဖယ်ရှားမည်ဆိုသော ထိုင်းအစိုးရ၏ ခြိမ်းခြောက်မှု အပြီးတွင် မုံတို့၏ သိသာသော အောင်ပွဲအနေနှင့် အမေရိကန်ပြည်ထောင်စုမှ ဒုက္ခသည် ၁၅,၀၀၀ ကို လက်ခံရန် သဘောတူညီခဲ့သည်။ ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးအချို့မှာ သူတို့အား အမေရိကန်အစိုးရမှ ပြန်လည်အခြေချရန် လက်မခံပါက လာအိုသို့ အတင်းအကြပ် ပြန်ပို့မည်ကို ကြောက်ရွံ့ကြသဖြင့် ဒုက္ခသည် စခန်းမှ ထွက်ပြေးပြီး ၁၉ရာစုမှစ၍ မုံလူမျိုးများ သိသာသော ပမာဏရှိနေသော ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် သွားရောက်နေထိုင်ကြသည်။ . ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးများသည် လာအို၏ တောနက်များအတွင်းမှ ထိုင်းနိုင်ငံ ဖက်ချာဘွန် ပြည်နယ်တွင်ရှိသော ယာယီ ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့ကြသည်။ လာအိုအစိုးရ အနေနှင့် မုံလူမျိုးတို့အား ဖိနှိပ်အုပ်ချုပ်သည်ဆိုသော အစောပိုင်းအဆိုကို ထပ်မံထောက်ခံမှု ပြသည့်အနေနှင့် ရုပ်ရှင်ရိုက်ကူးသူ ရဘက်ကာ ဆမ်းမားမှ သူ၏ မှတ်တမ်းရုပ်ရှင်ဖြစ်သော "တိရစ္ဆာန်ကဲ့သို့ အမဲလိုက်ခံရသူများ" တွင် ကိုယ်တိုင်ကြုံတွေ့သူများမှ ပြောပြချက်များကို မှတ်တမ်းတင်ခဲ့ပြီး ဒုက္ခသည်တို့၏ ပြောဆိုချက်များ အကျဉ်းချုပ်ပါဝင်သော အသေးစိတ် အစီရင်ခံစာကို ကုလသမဂ္ဂသို့ ၂၀၀၆ ခုနှစ် မေလတွင် တင်သွင်းခဲ့သည်။ ဥရောပသမဂ္ဂ ၊ ယူအင်န်အိတ်ချ်စီအာရ် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထိုအချိန်မှစ၍ အတင်းအကြပ် နေရပ်ပြန်စေမှုအား ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောဆိုသည်မှာ မုံလူမျိုးတို့အား ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပြန်လည်အခြေချပေးရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အချိန်၌ ၎င်းတို့အနေနှင့် နောင်ခိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော မုံဒုက္ခသည်များကို ပြန်ပို့ခြင်းအား ရပ်တန့်ထားမည် ဟူ၍ ဖြစ်သည်။ မုံဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထားမည့် အစီအစဉ်မှာ သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်၏ မျိုးချစ်ဥပဒေနှင့် အိုင်ဒီအစစ်အမှန် ဥပဒေတို့ကြောင့် ရပ်တန့်နေခဲ့ရပြီး ထိုဥပဒေများကြောင့် လျှို့ဝှက်စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုဘေးမှ ရပ်တည်၍ တိုက်ခိုက်ခဲ့သော မုံစစ်မှုထမ်းဟောင်းများ အား လက်နက်ကိုင်တိုက်ပွဲများအတွင်း သမိုင်းကြောင်းအရ ပါဝင်မှုကြောင့် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ လူ့အခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုသည် လာအိုနိုင်ငံအတွက် သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ရာကိစ္စတစ်ခု ဖြစ်သည်။ အီကော်နောမစ် မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် ဒီမိုကရေစီ ညွှန်းကိန်းတွင် လာအိုနိုင်ငံအား "အာဏာရှင် အစိုးရ" ဟု သတ်မှတ်ထားပြီး လေ့လာမှုတွင် ပါဝင်သည့် အာဆီယံ ကိုးနိုင်ငံတွင် အနိမ့်ဆုံးအဆင့် အဖြစ်သတ်မှတ်ဖော်ပြထားသည်။ ထင်ရှားသော အရပ်ဖက်လူ့အဖွဲ့အစည်းများမှ အကြံပေးများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ နိုင်ငံရေးနှင့် ဘာသာရေး ဆန့်ကျင်လှုပ်ရှားသူများ နှင့် မုံဒုက္ခသည်များသည် လာအို စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လက်တွင် ပျောက်ဆုံးသွားခဲ့ခြင်းများ ရှိသည်။ အတိအလင်းပြဋ္ဌာန်းပြီး တကယ်မဟုတ်သည်မှာ ၁၉၉၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော လာအို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၎င်းကို ပြင်ဆင်သော ၂၀၀၃ ဥပဒေတို့တွင် လူ့အခွင့်အရေးအတွက် အဓိက ကာကွယ်ထားမှုများ ပါဝင်သည်။ ဥပမာအားဖြင့် ပုဒ်မ ၈ တွင် လာအိုသည် လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်ပြီး လူမျိုးစုများအကြား တန်းတူညီမျှမှုကို အာမခံချက်ပေးသည် ဟု ထင်ရှားစွာ ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျားမ ညီမျှမှု၊ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းစာ လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့အတွက် ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ တွင် လာအိုနိုင်ငံသည် နိုင်ငံတကာ ပြည်သူ့ဆိုင်ရာ နှင့် နိုင်ငံရေး အခွင့်အရေးများ သဘောတူညီချက် တရားဝင်သဘောတူခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးပြီး ကိုးနှစ်အကြာတွင် ဖြစ်သည်။ လာအို အစိုးရနှင့် နိုင်ငံတကာ လှူဒါန်းသူများ၏ ဖော်ပြထားသော ပေါ်လစီ ရည်ရွယ်ချက်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်မည့် စီးပွားရေးဖွံ့ဖြိုးမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နှင့် ဆင်းရဲမွဲတေမှုကို လျော့ချရန်တို့အပေါ် ဆက်လက်၍ အာရုံစိုက် ဦးတည်ချက်ထားဆဲ ဖြစ်သည်။ သို့သော်လည်း လာအိုအစိုးရသည် သူတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှင့် တရားဥပဒေစိုးမိုးမှုကို ကိုယ်တိုင်ချိုးဖောက်လေ့ ရှိပြီး တရားရေးဝန်ထမ်းများနှင့် တရားသူကြီးများမှ အုပ်ချုပ်သူ ကွန်မြူနစ်ပါတီမှ ခန့်အပ်ထားခြင်း ဖြစ်သည်။ သီးခြားရပ်တည်ပြီး အကျိုးအမြတ်အတွက် အလုပ်လုပ်ခြင်း မဟုတ်သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ဖြစ်သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ စသည့် အဖွဲ့များ၊ ပြည်သူ့ရေးရာ အခွင့်အရေးအတွက် ကာကွယ်ရပ်တည်သူများ တို့နှင့် အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တို့၏ အဆိုအရ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့် လက်လွတ်စပါယ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပျောက်ကွယ်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အကျဉ်းထောင်အတွင်း မတရားမှုများ ပြုလုပ်ခြင်း နှင့် အခြားသော ချိုးဖောက်မှုများမှာ ဆက်လက်ရှိနေဆဲ ပြဿနာများ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လာအိုအစိုးရ၏ လူ့အခွင့်အရေးစံနှုန်းအပေါ် လိုက်နာကျင့်သုံးမှု မှတ်တမ်း နှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး လုပ်ငန်းစဉ် နှင့် ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း နှစ်ခုစလုံးသည် လူ့အခွင့်အရေးအပေါ် မကောင်းသော သက်ရောက်ရိုက်ခတ်မှု ရှိသည်ဟု သူတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအဖွဲ့အစည်းမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အကျဉ်းထောင်အတွင်း ဆိုးရွားသော အခြေအနေများ၊ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ခြင်း၊ ဒုက္ခသည်နှင့် ခိုလှုံခွင့် လျှောက်ထားသူများကို ဆက်ဆံခြင်း နှင့် သေဒဏ်ပေးမှုတို့ အပေါ်တွင်လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလတွင် လူငယ် အယောက် ၃၀ သည် လာအိုနိုင်ငံတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ငြိမ်းချမ်းစွာ ပြောင်းလဲရန် တောင်းဆိုသော ပိုစတာများ ကိုင်ဆောင်ပြသရန် ကြိုးစားသည့်အတွက် အထိန်းသိမ်းခံ ခဲ့ရသည်။ သူတို့ထဲမှ လူငယ် ၅ ယောက်မှာ အဖမ်းခံခဲ့ရပြီး နောက်ဆက်တွဲ အနေနှင့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ သူတို့အား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ပြန်လည် လွှတ်ပေးရမည် ဖြစ်သော်လည်း သူတို့ ဘယ်ရောက်နေသည်ကို မည်သူမျှ မသိပေ။ နောက်ပိုင်း သတင်းများသည် ထိုအချက်နှင့် ဆန့်ကျင်နေပြီး သူတို့အား ထောင်ဒဏ် အနှစ် ၂၀ အပြစ်ပေးခဲ့သည် ဟု ဆိုသည်။ ၂၀၁၇ ဖေဖော်ဝါရီ နှောင်းပိုင်းတွင် သူတို့ထဲမှ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး ၁၇ နှစ်ကျော် ကြာမြင့်ခဲ့သည်။ အမေရိကန် အခြေစိုက် အစိုးရမဟုတ်သော ပြည်သူ့ရေးရာ မူဝါဒ သုတေသန အဖွဲ့ဖြစ်သည့် ပြည်သူ့ရေးရာ မူဝါဒ ခွဲခြမ်းစိတ်ဖြာရေး ဌာန ၏ အဆိုအရ လာအိုနှင့် ဗီယက်နမ် စစ်တပ်များသည် ၂၀၁၁ ခုနှစ်၌ ရှန်ခိုအန်းပြည်နယ်တွင် ခရစ်ယာန် မုံလူမျိုး အမျိုးသမီးများကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဟု ဆိုပြီး အခြားသော ခရစ်ယာန်၊ လွတ်လပ်သော ဗုဒ္ဓဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်မှု ယုံကြည်သူတို့မှာလည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံကြရသည်ဟု ဆိုသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော ဗန်ပေါ့ဇပ်၊ ကယ်ရီ နှင့်ကေ ဒိန်း နှင့် အခြားသူများတို့မှလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ခြင်း တို့အပြင် နိုင်ငံခြား အကျဉ်းသားများကို ဗီယင်ကျန်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဖုန်သောင်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်များတွင် ချုပ်နှောင်ခြင်း စသည်တို့နှင့် ပတ်သက်၍ စိုးရိမ်မကင်းမှုများကို ထုတ်ဖော်ခဲ့ကြသည်။ ခန့်မှန်းချက်များအရ လူပေါင်း ၃၀၀,၀၀၀ ခန့်သည် အစိုးရ၏ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲတွင် မုံလူမျိုး ၁၀၀,၀၀၀ ပါဝင်ပြီး မုံလူဦးရေ စုစုပေါင်း၏ ၃၀% မျှ ဖြစ်ကာ ၉၀% မျှသော လာအိုရှိ ပညာရှင်၊ အထူးပြုကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိများ ဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၃၀,၀၀၀ သေဆုံးခဲ့ရသည်။ လာအိုသည် လိင်ကုန်ကူးခံရသူများ မြစ်ဖျားခံရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူမျိုးစု အမျိုးမျိုးမှ အမျိုးသမီးနှင့် မိန်းကလေးများ ဖြစ်ကြသော လာအိုနိုင်ငံသားများသည် လာအိုတွင် လိင်ကုန်ကူးခြင်း၏ သားကောင် ဖြစ်ခဲ့ကြရသည်။ စီးပွားရေး လာအိုနိုင်ငံ၏ စီးပွားရေးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုတို့ အပေါ်တွင် မှီခိုနေပြီး အထူးသဖြင့် မြောက်ဘက်တွင် ရှိသော တရုတ်နိုင်ငံနှင့် ဖြစ်သည်။ ပါ့ခ်ဆီမြို့သည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကြောင့် တိုးတက်မှုကို ခံစားနေရသည်။ ၂၀၀၉ ခုနှစ်၌ လာအိုအစိုးရသည် တရားဝင်အားဖြင့် ကွန်မြူနစ် အစိုးရ ဖြစ်နေဆဲပင် ဖြစ်သော်လည်း အမေရိကန်ရှိ အိုဘားမားအစိုးရမှ လာအိုသည် မာ့ခ်စ် ဝါဒနှင့် လီနင်ဝါဒ ကျင့်သုံးသောနိုင်ငံ မဟုတ်တော့သဖြင့် လာအိုကုမ္ပဏီများ အနေနှင့် အမေရိကန် ထုတ်ကုန်သွင်းကုန်ဘဏ်မှ ငွေကြေးအထောက်အပံ့ ရယူခြင်းအား တားမြစ်ထားသည်ကို ပယ်ဖျက်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် လာအိုစီးပွားရေး၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လာအို စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန၏ ၁၉၈၉-၂၀၁၄ အစီရင်ခံစာအရ ၁၉၈၉ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၅.၃၉၅ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၄.၄၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသူ) နှင့် ဗီယက်နမ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၃.၁၀၈ ရင်းနှီးမြှုပ်နှံသူ) တို့မှာ ဒုတိယနှင့် တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။ နိုင်ငံ၏ စီးပွားရေးသည် နိုင်ငံတကာ ငွေကြေးအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ရရှိခဲ့ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ ရေအားလျှပ်စစ် နှင့် သတ္တုတွင်းလုပ်ငန်း (အထူးသဖြင့် ကြေးနီနှင့် ရွှေ) တို့အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ တစ်ဝက်မျှ ရှိနေသေးပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၀% ကို ဖန်တီးပေးထားသည်။ နိုင်ငံ၏ မြေ ၄% မျှသာ စိုက်ပျိုးနိုင်သော မြေဖြစ်ပြီး ၀.၃% သာလျှင် အမြဲတမ်း စိုက်ပျိုးနိုင်သော မြေ ဖြစ်သဖြင့် မဟာမဲခေါင်ဒေသခွဲ အတွင်း ရာခိုင်နှုန်းအားဖြင့် အနည်းဆုံး ဖြစ်သည်။ ဆည်မြောင်းရေသွယ်ထားသော စိုက်ပျိုးဧရိယာမှာ စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂၈% မျှသာရှိပြီး စိုက်ပျိုးမွေးမြူရေးမြေ အားလုံးအတွက် ဆိုပါက ၂၀၁၂ ခုနှစ်တွင် ၁၂% မျှသာ ရှိသည်။ စိုက်ပျိုးမွေးမြူရေးတွင် ဆန်စပါးသည် အဓိက ဖြစ်ပြီး ၈၀% မျှသော စိုက်ပျိုးနိုင်သောမြေများအား စပါးစိုက်ပျိုးရန် အသုံးပြုကြသည်။ ခန့်မှန်းခြေအားဖြင့် ၇၇% မျှသော လာအိုလယ်သမား မိသားစုများမှာ ဝမ်းစာဖူလုံသည့် စပါး ရှိကြသည်။ လာအိုသည် မဟာမဲခေါင်ဒေသခွဲတွင် ဆန်စပါးအမျိုးအစား အများဆုံး ရှိသည့်နိုင်ငံ ဖြစ်သည်။ လာအိုအစိုးရသည် ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် လာအိုတွင်တွေ့ရသော ထောင်ပေါင်းများစွာသော ဆန်စပါးမျိုးများ၏ မျိုးစေ့ဥပမာကို စုဆောင်းရန် ကြိုးစားလျက် ရှိသည်။ လာအိုနိုင်ငံသည် သတ္တုတွင်းထွက် ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားမှ တင်သွင်းရသည်။ သတ္တုလုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်ပြီး အစိုးရအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ များပြားလှစွာသော ကျောက်မီးသွေး၊ ရွှေ၊ ဘောက်ဆိုက်၊ ခဲမဖြူ၊ ကြေးနီနှင့် အခြားသော အဖိုးတန်သတ္တုများကို တူးဖော်နိုင်ရန် မျှော်လင့်လျက် ရှိသည်။ ထိုကဏ္ဍသည် လာအိုနိုင်ငံ၏ စီးပွားရေးအခြေအနေပေါ်တွင် အထင်ရှားဆုံး အထောက်အကူပေးနေသည်။ ရွှေ၊ကြေးနီ၊ ဇင့်၊ ခဲနှင့် အခြားသတ္တုများကို နေရာ ၅၄၀ ကျော်မျှ ရှာဖွေတွေ့ရှိစမ်းသပ်၍ တူးဖော်ထုတ်လုပ်လျက် ရှိသည်။ ထိုမျှသာမက နိုင်ငံအတွင်း ရေအရင်းအမြစ်ပေါများ၍ တောင်ကုန်းထူထပ်သော မြေမျက်နှာပြင် အနေအထားအရ ရေအားလျှပ်စစ် စွမ်းအင် ပမာဏအများအပြားကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်သည်။ ဖြစ်တန်စွမ်းရှိသော ပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈,၀၀၀ မဂ္ဂါဝပ် ဖြစ်ပြီး ၈,၀၀၀ မဂ္ဂါဝပ်ခန့်ကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်း ဈေးချိုသော ရေအားလျှပ်စစ် ရရှိနိုင်သော်လည်း လာအိုနိုင်ငံအနေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေးကို ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေး အတွက် ဆက်လက်မှီခိုနေဆဲပင် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံသည် လူထုဖွံ့ဖြိုးရေးညွှန်းကိန်းတွင် အဆင့် ၁၃၉ မျှ ရှိသဖြင့် အလယ်အလတ်ဖွံ့ဖြိုးမှုကို ပြသနေသည်။ ကမ္ဘာ့ ဆာလောင်မှုညွှန်းကိန်း (၂၀၁၈) အရ လာအိုသည် အဆိုးဆုံး ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရသည့် နိုင်ငံ ၅၂ နိုင်ငံတွင် အဆင့် ၃၆ မျှ ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ်လာရောက်ခဲ့ပြီး သူ၏ တွေ့ရှိချက်အရ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် နိုင်ငံ၏ အထက်မှ အောက်သို့သွားသော ပုံစံသည် "အမြဲလိုပင် အလုပ်မဖြစ်ဘဲ၊ ဆင်းရဲခြင်းသို့ ဦးတည်နေကာ ဆင်းရဲသားတို့၏ အခွင့်အရေးကို ဦးတည် ခြိမ်းခြောက်နေသည်။" ဟု ဆိုခဲ့သည်။ နိုင်ငံ၏ လူသိများ အထင်ရှားဆုံးထုတ်ကုန်မှာ ဘီယာလာအို ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့ရောင်းချခဲ့သည်။ ၎င်းအား လာအိုဘီယာချက်ကုမ္ပဏီ မှ ထုတ်လုပ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အလျှင်အမြန် တိုးတက်လျက် ရှိပြီး ၁၉၉၀ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည်ပေါင်း ၈၀,၀၀၀ မျှ ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၁.၈၇၆သန်း အထိ တိုးတက်လာခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ခရီးသည်ဦးရေ ၁.၅၈၅၇ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်အကိုင် ၁၁ ခုတိုင်းတွင် တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ဖြစ်သည်။ နိုင်ငံတကာခရီးသွားများထံမှ ပို့ကုန်အတွက်ရငွေ နှင့် ခရီးသွားလုပ်ငန်း လက်ဆောင်ပစ္စည်းများမှ ရရှိငွေသည် ၂၀၁၀ ခုနှစ်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၆% သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၇၀.၃ သန်း ရရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၄.၂ သန်း (စုစုပေါင်း၏ ၁၂.၅%) အထိ တိုးတက်လာမည် ဖြစ်သည်။ ဥရောပ ကုန်သွယ်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကောင်စီက ၂၀၁၃ ခုနှစ်တွင် လာအိုနိုင်ငံအား ဗိသုကာပညာနှင့် သမိုင်းအတွက် "ကမ္ဘာပေါ်တွင် အကောင်းဆုံး ခရီးသွား နေရာ" အဖြစ် ဆုချီးမြှင့်ခဲ့သည်။ လွမ်ပရာဘွမ်မြို့နှင့် ဗတ်ဖိုးတိုသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ ဒေသများ ဖြစ်သည်။ အဓိက ပွဲတော်များတွင် ဧပြီလ ၁၃ မှ ၁၅ ခန့်တွင် ဆင်နွှဲသော လာအိုနှစ်သစ်ကူးပွဲ ရေသဘင်ပွဲ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် တူသော်လည်း ပိုမိုပျော့ပြောင်းသည်။ လာအို၏ အမျိုးသား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့၊ ၎င်းနှင့် ပတ်သက်သော အစိုးရ အေဂျင်စီများနှင့် ပုဂ္ဂလိက ကဏ္ဍတို့သည် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အမျိုးသား ဂေဟခရီးသွားလုပ်ငန်း မဟာဗျူဟာနှင့် လုပ်ဆောင်ရန် အစီအစဉ်များအတွင်း မျှော်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြသည်။ ၎င်းတို့တွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုက်ခတ်မှုများကို လျှော့ချခြင်း၊ လူမျိုးစုများ နှင့် ဇီဝမျိုးကွဲများ၏ အရေးပါမှုကို ပိုမိုသိရှိနိုင်ရန် ကြိုးပမ်းခြင်း၊ လာအို၏ ထိန်းသိမ်းထားသော နယ်မြေကွန်ယက် နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်နေရာတို့ကို ထိန်းသိမ်းရန်၊ အစဉ်တဆက် ထိန်းသိမ်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် ငွေကြေး အရင်းအမြစ်ကို ပံ့ပိုးပေးခြင်း၊ ကမ္ဘာလှည့်ခရီးသွားဇုန် သတ်မှတ်ရန် လိုအပ်ခြင်းကို အာရုံစိုက် လုပ်ဆောင်ခြင်း၊ ဇီဝခရီးသွားလုပ်ငန်း နေရာအဖြစ် ဖော်ဆောင်မည့် နေရာများအတွက် စီမံခန့်ခွဲမှု အစီအစဉ်များ လိုအပ်ခြင်း တို့ ပါဝင်သည်။ အခြေခံအဆောက်အအုံ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီယင်ကျန်းမြို့ရှိ ဝပ်တေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လွမ်ပရာဘွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ ဖြစ်ပြီး ပါ့ခ်စီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုင်ငံတကာ လေကြောင်းခရီးစဉ် အနည်းငယ် ရှိသည်။ နိုင်ငံတော် လေကြောင်းလိုင်းမှာ လာအိုလေကြောင်းလိုင်း ဖြစ်သည်။ နိုင်ငံအတွင်းသို့ ပျံသန်းသော အခြားလေကြောင်းလိုင်းများမှာ ဘန်ကောက်လေကြောင်းလိုင်း၊ ဗီယက်နမ် လေကြောင်းလိုင်း၊ အဲယားအေးရှား၊ ထိုင်း လေကြောင်းလိုင်း၊ တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းတို့ ဖြစ်သည်။ လာအိုနိုင်ငံ၏ အစိတ်အပိုင်းအတော်များများတွင် လုံလောက်သော အခြေခံ အဆောက်အအုံ မရှိပေ။ လာအိုနိုင်ငံ၏ မီးရထားလမ်းများတွင် ဗီယင်ကျန်းမှ ထိုင်းနိုင်ငံသို့ ထိုင်း-လာအို ချစ်ကြည်ရေးတံတားပေါ် မှ ဖြတ်သန်းသွားသော ရထားလမ်း အတိုလေး ရှိပြီး ချမ်ပါဆတ်ပြည်နယ် တွင် ပြင်သစ်တို့ တည်ဆောက်ခဲ့ပြီး ဒုံဒတ် နှင့် ဒုံခွန်တို့သို့ ဆက်သွယ်ထားသော လမ်းကျဉ်း ကုန်သယ် ရထားလမ်းဖြစ်သော ဒုံဒတ်-ဒုံခွန်ရထားလမ်း ရှိသည်။ သို့သော်လည်း ၁၉၄၀ ခုနှစ်များကတည်းက အသုံးမပြုတော့ပေ။ ၁၉၂၀ ခုနှစ်များနှောင်းပိုင်းတွင် ခမ်မိုးနီးပြည်နယ် သားခက်မှ ဗီယက်နမ်နိုင်ငံ တန်အပ်ဘူတာတို့ကို မူဂျားလှိုဏ်ခေါင်းကို ဖြတ်၍ ဆက်သွယ်မည့် သားခက်-တန်အပ် ရထားလမ်းကို စတင်တည်ဆောက်ခဲ့သသည်။ သို့သော်လည်း ၁၉၃၀ ခုနှစ်များတွင် အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကြေညာခဲ့သည်မှာ ၄၁၄ ကီလိုမီတာမျှ ရှည်လျားပြီး တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့မှ လာအိုမြို့တော် ဗီယင်ကျန်းမြို့သို့ ဆက်သွယ်မည့် အမြန်ရထားလိုင်းကို ဆောက်လုပ်ရန် ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလတွင် ၉၀% မျှ ပြီးစီးပြီ ဖြစ်ကာ ရထားလမ်းများ နေရာချထားပြီး ဖြစ်၍ ၂၀၂၂ ခုနှစ်ထဲတွင် စတင်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းရသည်။ မြို့ပြဒေသများကို ဆက်သွယ်ထားသော အဓိကလမ်းများ အထူးသဖြင့် အဝေးပြေး လမ်းမ ၁၃ အား လတ်တလောနှစ်များတွင် သိသာစွာ အဆင့်မြှင့်တင်ခဲ့သည်။ သို့သော်လည်း အဓိကလမ်းမများမှ ဝေးကွာသော ကျေးရွာများကို ခင်းမထားသော လမ်းများဖြင့်သာ ရောက်ရှိနိုင်ပြီး ထိုလမ်းများကို တစ်နှစ်ပတ်လုံး အသုံးမပြုနိုင်ပေ။ ပြည်တွင်းနှင့် ပြည်ပသို့ တယ်လီဖုန်းဆက်သွယ်ရေးမှာ အကန့်အသတ်ရှိသည်။ သို့သော်လည်း မိုဘိုင်းဖုန်းများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ အိမ်ထောင်စု ၉၃ ရာခိုင်နှုန်းတွင် တယ်လီဖုန်းရှိပြီး ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်း ဖြစ်သည်။ လျှပ်စစ်သည် လူဦးရေ ၉၃% အတွက် ရရှိနိုင်သည်။ ဆောင်သဲရူး ဟု ခေါ်သော နောက်ပွင့် ပစ်ကပ် ဘတ်စ်ကားများကို ခရီးဝေးသွားရန်နှင့် မြို့တွင်းသွားလာရန် နိုင်ငံအတွင်း အသုံးပြုကြသည်။ ရေပေးဝေရေး ၂၀၁၄ ခုနှစ်တွင် ရရှိသော ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ လာအိုနိုင်ငံသည် ယူနီဆက်/ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပေါင်းစပ် စောင့်ကြည့်အစီအစဉ်နှင့် ပတ်သက်၍ ရေနှင့် မိလ္လာနှင့် ပတ်သက်သော ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်ကို ပြည့်မှီသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်အထိ လာအိုပြည်သူများတွင် ၁.၉ သန်းတို့သည် တိုးတက်လာသော ရေပေးဝေရေး စနစ်ကို သုံးစွဲခွင့် မရရှိပဲ ရှိသကဲ့သို့ ၂.၄ သန်းသော ပြည်သူတို့သည် တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲခွင့် မရရှိကြပေ။ လာအိုနိုင်ငံသည် အထူးသဖြင့် မိလ္လာစနစ်နှင့် ပတ်သက်၍ သုံးစွဲနိုင်ခွင့် တိုးတက်လာမှုသည် မှတ်တမ်းတင်စရာ အခြေအနေ ဖြစ်သည်။ လာအို၏ များသောအားဖြင့် ကျေးလက်နေထိုင်သော ပြည်သူတို့သည် မိလ္လာစနစ်အတွက် ရင်းနှီးမြှုပ်နှံ သုံးစွဲရသည်မှာ ခက်ခဲသည်။ ၁၉၉၀ ခုနှစ်တွင် ကျေးလက်နေပြည်သူတို့၏ ၈% မျှသာ တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲနိုင်သည်။ သုံးစွဲမှုသည် ၁၉၉၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသို့ တိုးတက်လာပြီး ၂၀၀၈ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းတွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁,၂၃၂,၉၀၀ ဦးတို့သည် ကျေးလက်ဒေသတွင် တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲနိုင်လာကြသည်။ လာအို၏ တိုးတက်လာမှုသည် အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သတိပြုစရာ ဖြစ်သည်။ လာအိုအာဏာပိုင်တို့သည် လတ်တလောတွင် ဆန်းသစ်တီထွင်ထားသော စည်းမျဉ်းစည်းကမ်း မူဘောင်ကို အကောင်အထည်ဖော်ခဲ့ပြီး လုပ်ငန်းသေးများနှင့် အစိုးရ-ပုဂ္ဂလိက ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံပိုင် ရေလုပ်ငန်းများ၏ သမာရိုးကျ စည်းမျဉ်းစည်းကမ်းများနှင့် အပြိုင် ဖြစ်သည်။ လူဦးရေနှင့် ပျံ့နှံ့နေထိုင်မှု "လာအိုရှန်" ဆိုသော အသုံးအနှုန်းမှာ လာအိုဘာသာစကား၊ လာအိုလူမျိုး၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရည်ညွှန်းသည် မဟုတ်ပေ။ ၎င်းသည် နိုင်ငံရေး အသုံးအနှုန်း တစ်ခု ဖြစ်ပြီး လာအိုနိုင်ငံ အတွင်းရှိ လာအိုလူမျိုးမဟုတ်သော လူမျိုးစု အဖွဲ့များလည်း ပါဝင်ပြီး ၎င်းတို့ကိုလည်း "လာအိုရှန်" ဟု သတ်မှတ်ကာ နိုင်ငံရေးအရ နိုင်ငံသား ဖြစ်ခြင်းကြောင့် ဖြစ်သည်။ လာအိုသည် အာရှတိုက် အတွင်း နိုင်ငံအားလုံးတွင် အသက်အငယ်ဆုံးသော ပြည်သူလူထု ရှိပြီး ပျမ်းမျှအသက်မှာ ၂၁.၆ နှစ် ဖြစ်သည်။ လာအိုနိုင်ငံ၏ လူဦးရေမှာ ၂၀၂၀ ခုနှစ်တွင် ၇.၄၅ သန်း ရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံအနှံ့တွင် မညီမမျှ ပြန့်ကြဲလျက် ရှိသည်။ လူအများစုမှာ မဲခေါင်မြစ် နှင့် ၎င်း၏ မြစ်လက်တက်များ၏ တောင်ကြားများတွင် နေထိုင်ကြသည်။ ဗီယင်ကျန်း ပရီဖက်ချာ၊ မြို့တော်နှင့် အကြီးဆုံးမြို့တွင် ၂၀၂၀ ခုနှစ်၌ လူဦးရေ ၆၈၃,၀၀၀ ခန့် ရှိသည်။ လူမျိုးများ လာအိုရှိ ပြည်သူများကို ၎င်းတို့နေထိုင်ရာ အမြင့်ပေ ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြကာ (မြေနိမ့်ပိုင်း၊ အလယ်ပိုင်းနှင့် ကုန်းမြင့်ပိုင်း) ထိုသို့ခွဲခြားခြင်းသည် လူမျိုးခွဲခြားခြင်းနှင့်လည်း ဆက်စပ်လျက် ရှိသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်မှာ လာအိုလူမျိုး များဖြစ်ပြီး မြေနိမ့်ပိုင်းတွင် အဓိက နေထိုင်ကြသူများ ဖြစ်ကာ လာအိုနိုင်ငံတွင် နိုင်ငံရေးနှင့် ယဉ်ကျေးမှုအရ ကြီးစိုးသော လူမျိုးများ ဖြစ်သည်။ လာအိုသည် တိုင်း ဘာသာစကား အစုအဝေးတွင် ပါဝင်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံမှ အေဒီ ပထမ ထောင်စုနှစ်တွင် တောင်ဘက်သို့ စတင် ရွှေ့ပြောင်းလာကြသောသူများ ဖြစ်သည်။ ၁၀ ရာခိုင်နှုန်းမှာ အခြားသော မြေနိမ့်ပိုင်း လူမျိုးစုများဖြစ်ပြီး ၎င်းတို့အား လာအိုလူမျိုးတို့နှင့် ပေါင်းစပ်ကာ လာအိုလုံ (မြေနိမ့်ပိုင်းလူများ) ဟု ခေါ်သည်။ အလယ်ပိုင်းနှင့် တောင်ပိုင်းတောင်တန်းများတွင် မွန်-ခမာ စကားပြောသော လာအိုသီယမ် ဟု ခေါ်သည့် ကုန်းလျှောအလယ်ပိုင်း လာအိုရှန်များ များပြားစွာ ရှိသည်။ လာအိုလုံတို့က သူတို့အား ခမူး၊ ခါမူး (ကမ်မူး) သို့မဟုတ် ခ ဟု သုံးနှုန်းလေ့ ရှိကြပြီး အော်စထရို-အာရှ ဘာသစကားနှင့် ဆက်နွယ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး စကားလုံးကို မနှစ်မြို့ကြပဲ ကျွန် ဟု အဓိပ္ပာယ် ထွက်သောကြောင့် ဖြစ်သည်။ သူတို့သည် လာအိုနိုင်ငံမြောက်ပိုင်းရှိ ရှေးဦးနေထိုင်သူများ ဖြစ်သည်။ အချို့သော ဗီယက်နမ်လူမျိုးများ၊ လာအိုတရုတ်များ နှင့် ထိုင်းလူမျိုးများ လူနည်းစု ရှိပြီး အထူးသဖြင့် မြို့များတွင် နေထိုင်ကြသော်လည်း လွတ်လပ်ရေး ရပြီးနောက် ၁၉၄၀ ခုနှစ်များ နှောင်းပိုင်းတွင် ၎င်းတို့သည် လာအိုနိုင်ငံကို စွန့်ခွာပြီး အများစုမှာ ဗီယက်နမ်၊ ဟောင်ကောင် သို့မဟုတ် ပြင်သစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ လာအိုသီယမ်တို့သည် လူဦးရေ၏ ၃၀% ခန့်မျှ ရှိသည်။ တောင်ကုန်းနေ လူမျိုးများ ဖြစ်ပြီး လာအိုရှိ လူနည်းစု ယဉ်ကျေးမှု ဖြစ်သော မုံလူမျိုးများ၊ ယောင်(မြန်) လူမျိုးများ၊ မုံ-မြန် လူမျိုးများ၊ ဒေါင်လူမျိုးများ၊ ရှမ်းလူမျိုးများ နှင့် အချို့သော တိဘက်-မြန်မာ စကားပြောသော လူမျိုးများသည် လာအိုနိုင်ငံရှိ သီးခြားဖြစ်သော ဒေသများတွင် နှစ်ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့ကြသည်။ လာအိုနိုင်ငံမြောက်ပိုင်းတွင် တောင်ကုန်းနှင့် တောင်တန်းနေ လူမျိုးများ ဖြစ်ပြီး ဘာသာစကားနှင့် ယဉ်ကျေးမှု ရောနှောပြီး အမွေဆက်ခံထားသော လူမျိုးစုများကိုလည်း တွေ့ရကာ ၎င်းတို့တွင် လွာ လူမျိုး၊ ခမူးလူမျိုးတို့ ပါဝင်ပြီး ၎င်းတို့သည် လာအိုရှိ ဒေသရင်း လူမျိုးများ ဖြစ်သည်။ ၎င်းတို့အား စုပေါင်း၍ လာအိုဆန် သို့မဟုတ် ကုန်းမြင့်လာအိုရှန်များ ဟု ခေါ်သည်။ လာအိုရှန်တို့သည် လူဦးရေ၏ ၁၀% ခန့်မျှ ရှိသည်။ ဘာသာစကားများ ရုံးသုံးဘာသာစကားနှင့် အများသုံး ဘာသာစကားမှာ လာအိုဘာသာစကား ဖြစ်ပြီး တိုင်း-ကဒိုင်း ဘာသာစကား မိသားစုဝင် ဘာသာစကား ဖြစ်သည်။ သို့သော်လည်း လူဦးရေ၏ တစ်ဝက်စွန်းရုံမျှသာ လာအိုဘာသာစကားကို ပြောဆိုအသုံးပြုကြသည်။ ကျန်ရှိသောသူများ အထူးသဖြင့် ကျေးလက်ဒေသများတွင် လူမျိုးစု ဘာသာစကားများကို အသုံးပြုကြသည်။ လာအိုအက္ခရာသည် ၁၃ ရာစု နှင့် ၁၄ရာစု ကြားတွင် ပေါ်ပေါက်ခဲ့ပြီး ရှေးဟောင်း ခမာစာအရေးအသားမှ ဆင်းသက်လာကာ ထိုင်းစာအရေးအသားနှင့် အလွန် ဆင်တူသည်။ အော်စထရိုအာရှ ဘာသာစကားမိသားစုဖြစ်သော ခမူးဘာသာစကား နှင့် မုံ-မြန်ဘာသာစကား မိသားစုဖြစ်သော မုံဘာသာစကားတို့ကို လူနည်းစု လူမျိုးစုများမှ အသုံးပြုကြပြီး အထူးသဖြင့် အလယ်ပိုင်းနှင့် ကုန်းမြင့်ပိုင်းဒေသတို့တွင် ဖြစ်သည်။ မွေးကင်းစကတည်းက နားမကြားသူများ မွေးဖွားနှုန်း မြင့်မားသော နေရာများတွင် လာအိုလက်ဟန်ခြေဟန် ဘာသာစကားကို အသုံးပြုကြသည်။ ပြင်သစ်ဘာသာစကားကို အစိုးရနှင့် ကုန်သွယ်ရေး တို့တွင် မကြာခဏ အသုံးပြုလေ့ ရှိကြသည်။ လာအိုသည် ပြင်သစ်စကားပြော နိုင်ငံများ အသင်းဖြစ်သော လာ ဖရန်ကိုဖုန်းနီ ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အဖွဲ့၏ ခန့်မှန်းချက်အရ လာအိုနိုင်ငံတွင် ပြင်သစ်စကားပြောသူ ၁၇၃,၈၀၀ ဦး (၂၀၁၀ ခန့်မှန်းမှု) ခန့်မျှ ရှိမည်ဟု ခန့်မှန်းရသည်။ အာဆီယံ၏ ဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာစကားကို လတ်တလောနှစ်များတွင် သင်ကြားမှု များပြားလာခဲ့သည်။ ကိုးကွယ်ယုံကြည်မှု ၂၀၁၀ ခုနှစ်တွင် လာအိုနိုင်ငံသား ၆၆ ရာခိုင်နှုန်းမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် များ ဖြစ်ပြီး ခရစ်ယာန် ၁.၅ ရာခိုင်နှုန်း၊ မွတ်စလင် ၀.၁ ရာခိုင်နှုန်း၊ ဂျူးဘာသာ ကိုးကွယ်သူ ၀.၁ ရာခိုင်နှုန်းနှင့် အခြားသော ၃၂.၃ ရာခိုင်နှုန်းမှာ အခြားဘာသာဝင်များ သို့မဟုတ် ရိုးရာနတ်ကိုးကွယ်သူများ (အများစုမှာ ဖီသာသနာ ခေါ် ထိုင်းရိုးရာနတ်ကိုးကွယ်မှု)ဖြစ်ကြသည်။ ဗုဒ္ဓဘာသာသည် လာအိုနိုင်ငံရှိ အရေးပါသော လူမှုရေးဆိုင်ရာအားတစ်ခု ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာသည် နိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ဖီသာသနာ နှင့် အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ၍ အတူရှိနေခဲ့သည်။ ကျန်းမာရေး ၂၀၁၇ ခုနှစ်တွင် အမျိုးသားတို့၏ မွေးစတွင် တွက်ချက်သော လူ့သက်တမ်းမှာ ၆၂.၆ နှစ်ဖြစ်ပြီး အမျိုးသမီးများအတွက် လူ့သက်တမ်းမှာ ၆၆.၇ နှစ် ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကျန်းမာသော သူတစ်ဦး၏ လူ့သက်တမ်းမှာ ၅၄ နှစ် ဖြစ်သည်။ အစိုးရ၏ ကျန်းမာရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၄ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အမေရိကန် ၁၈ ဒေါ်လာ (ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း ထည့်တွက်ပြီး) ဖြစ်သည်။ ပညာရေး ၂၀၁၇ ခုနှစ်တွင် လူကြီးများ စာတတ်မြောက်မှုနှုန်းမှာ အမျိုးသမီးများအတွက် ၆၂.၉% ဖြစ်ပြီး အမျိုးသားများအတွက် ၇၈.၁% ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် မူလတန်း ကျောင်းအပ်မှုနှုန်း စုစုပေါင်းမှာ ၈၄% ဖြစ်သည်။ လာအိုအမျိုးသားတက္ကသိုလ်သည် လာအိုနိုင်ငံ၏ ပြည်သူပိုင် တက္ကသိုလ်ဖြစ်သည်။ ဝင်ငွေနည်းပါးသော နိုင်ငံဖြစ်သဖြင့် ပညာတတ် အများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် လာအိုနိုင်ငံသည် ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ခန့်မှန်းခြေအားဖြင့် ပညာတတ် လာအိုနိုင်ငံသား ၃၇% သည် နိုင်ငံပြင်ပတွင် နေထိုင်ကြသည်။ လာအိုနိုင်ငံသည် ၂၀၂၀ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်းကိန်းတွင် အဆင့် ၁၁၃ ရှိသည်။ ယဉ်ကျေးမှု ထေရဝါဒ ဗုဒ္ဓဘာသာသည် လာအိုယဉ်ကျေးမှုတွင် ကြီးစွာသော လွှမ်းမိုးမှု ရှိသည်။ ထိုသက်သေများကို နိုင်ငံတဝှမ်းလုံးတွင် တွေ့ရပြီး ဘာသာစကား၊ ဘုရားပုထိုးများ ၊ အနုပညာ နှင့် စာပေတို့ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ လာအိုယဉ်ကျေးမှု၏ အစိတ်အပိုင်း အများအပြားသည် ဗုဒ္ဓဘာသာ မတိုင်ခင်က ပေါ်ထွန်းခဲ့သည်များ ရှိသည်။ လာအို ဂီတအား အမျိုးသား တူရိယာ ဖြစ်သော ခန်း တူရိယာက လွှမ်းမိုးထားပြီး ၎င်းမှာ လေမှုတ်တူရိယာဖြစ်ကာ သမိုင်းမတင်မီ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ခန်းအား မော်လမ် ဟု ခေါ်သော အဆိုတော်ဖြင့် တွဲဖက်ဖျော်ဖြေပြီး ကျေးလက်ရိုးရာဂီတ၏ ထင်ရှားသော စတိုင်လ် ဖြစ်သည်။ ကောက်ညှင်းသည် အဓိကစားစရာ ဖြစ်ပြီး လာအိုလူမျိုးတို့အတွက် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါမှု ရှိသည်။ ကောက်ညှင်းအား သာမန်ဆန်ထက် ပို၍ နှစ်သက်ကြပြီး ကောက်ညှင်းစိုက်ပျိုးခြင်းသည် လာအိုနိုင်ငံတွင် စတင်သည်ဟု ယူဆကြသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ လူမျိုးစုအများကြားနှင့် ကွဲပြားခြားနားသော ပတ်ဝန်းကျင်တို့ကြားတွင် များပြားလှစွာသော ရိုးရာနှင့် ရိုးရာလုပ်ထုံးများ ရှိကြသည်။ ဥပမာအားဖြင့် လွမ်ပရာဘွမ်ရှိ ခမ်မူး လယ်သမားများသည် ခေါင်ခမ် ဆန်အမျိုးအစားကို လယ်တောအိမ်၏ အနီးတွင် ကွယ်လွန်ပြီးသော မိဘများအား သတိရခြင်း အနေနှင့် အနည်းငယ် စိုက်ပျိုးလေ့ ရှိပြီး စပါးခင်း၏ အစပ်တွင် စိုက်ပျိုးသည် ဆိုပါက မိဘများ အသက်ရှင်ဆဲဟု အဓိပ္ပာယ်ရသည်။ ဆင်း ဝတ်စုံသည် လာအိုအမျိုးသမီးတို့ နေ့စဉ် ဝတ်ဆင်သော ရိုးရာအဝတ်အစား ဖြစ်သည်။ ၎င်းသည် လက်ဖြင့် ယက်လုပ်သော ပိုးထည်ထမီ ဖြစ်ပြီး အမျိုးသမီးတို့၏ ဝတ်ဆင်ပုံကိုလိုက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။ ရုပ်ရှင် ၁၉၇၅ ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံကို စတင်တည်ထောင်သည့် အချိန်မှစ၍ လာအိုနိုင်ငံတွင် ထုတ်လုပ်သော ရုပ်ရှင် အနည်းငယ်မျှသာ ရှိသည်။ ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ပထမဆုံး ရိုက်ကူးထုတ်လုပ်သော ဇာတ်ကားရှည် ရုပ်ရှင်မှာ "ဂျားလွင်ပြင်မှ သေနတ်သံများ" ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ဆွမ်ချစ် ဖိုလ်စီနာ က ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း ဆင်ဆာဘုတ်အဖွဲ့မှ ထုတ်ဝေ ဖြန့်ဖြူးခြင်းကို တားမြစ်ခဲ့သည်။ ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ဇာတ်လမ်းရှည်မှာ ၂၀၀၈ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော "ဆဘိုင်းဒီး လွမ် ပရာဘွမ်" ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော ဇာတ်လမ်းရုပ်ရှင် "သွေးလမ်းမ" မှာ လာအိုတွင် လာအိုအစိုးရ၏ အကူအညီဖြင့် ရိုက်ကူးထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် သတင်းနှင့် မှတ်တမ်း အမ်မီဆု ချီးမြှင့်ခြင်း ခံရသည်။ ဩစတြေးလျ ရုပ်ရှင်ရိုက်ကူးသူ ကင်မ် မော်ဒေါင့်၏ ပထမဆုံး ရုပ်ရှင်အား လာအိုတွင် ရိုက်ကူးပြီး မိခင်ဘာသာစကား ပြောကြားသော လာအိုသရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည်။ ဇာတ်လမ်း၏ အမည်မှာ "ရော့ကက်" ဖြစ်ပြီး မဲလ်ဘုန်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ၂၀၁၃ ခုနှစ်၌ စတင်ပြသကာ ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဆု ၃ ခု ရရှိခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ရိုက်ကူးပြီး လာအိုအား အသားပေးရိုက်ကူးသော ရုပ်ရှင်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ လာအိုနယူးဝေ့ဗ်စီနီမာ ကုမ္ပဏီ၏ အန်နီဆေး ကရိုလာ ရိုက်ကူးပြီး အုဇ်အာရှ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော "မိုးကုတ်စက်ဝိုင်း၌" ရုပ်ရှင် နှင့် လာအို အာ့တ်မီဒီယာ ကုမ္ပဏီ၏ မက်တီဒေါင် ရိုက်ကူးပြီး ၂၀၁၃ ခုနှစ် ဖန်တက်စတစ်ဖတ်ဇ် ပွဲတော်တွင် ပြသခဲ့သော "ချန်သာလီ" တို့ဖြစ်ကြသည်။ ၂၀၁၇ စက်တင်ဘာလတွင် မက်တီဒေါင်၏ ဒုတိယ ရုပ်ရှင်ဖြစ်သော "အချစ်ရဆုံးသော ညီအစ်မ" ရုပ်ရှင်အား ၉၀ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲ (အော်စကာပွဲ) သို့ အကောင်းဆုံးနိုင်ငံခြားဘာသာစကား ရုပ်ရှင် အဖြစ် ရွေးချယ်မှုအတွက် စဉ်းစားနိုင်ရန် တင်သွင်းခဲ့သဖြင့် နိုင်ငံ၏ ပထမဆုံး အော်စကာဆုသို့ တင်သွင်းခြင်းအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံ၌ ရုပ်ရှင်ပြသရန် သီးသန့်ရည်ရွယ် လုပ်ငန်းလည်ပတ်နေသော ရုပ်ရှင်ရုံ ၃ ခု ရှိသည်။ ပွဲတော်များ လာအိုနိုင်ငံတွင် အများပြည်သူ ရုံးပိတ်ရက်၊ ပွဲတော်နှင့် အခမ်းအနား အချို့ ရှိသည်။ မုံနှစ်သစ်ကူးပွဲ (နိုပီဂျောင်) ဘန်ဖာဝက် မာဂါ ပူဂျာ တရုတ်နှစ်သစ်ကူး ဘွန်ခွန်ခေါင်း ဘွန်ပီမိုင်း ဗီဆာခါ ပူဂျာ ပီမိုင်း/ ဆုံခရမ် (လာအိုနှစ်သစ်ကူးပွဲ) ခေါင် ဖန်ဆာ ဟော ခေါင် ပါဒပ်ဒင် အော့ခ် ဖန်ဆာ ဘန်နမ်း လာအို အမျိုးသားနေ့ (ဒီဇင်ဘာ ၂) မီဒီယာ နိုင်ငံခြား ဘာသာဖြင့် ထုတ်ဝေသော သတင်းစာနှစ်စောင်ဖြစ်သော နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ "ဗီယင်ကျန်းတိုင်းမ်" သတင်းစာ နှင့် အပတ်စဉ်ထုတ် ပြင်သစ်ဘာသာ "လီ ရီနိုဗေတီယာ" အပါအဝင် သတင်းစာ အားလုံးကို အစိုးရမှ ထုတ်ဝေသည်။ ထို့ပြင် နိုင်ငံ၏ တရားဝင်သတင်းဌာန ဖြစ်သော ခေါင်ဆန်ပါသတ်လာအို သည် သူတို၏ နာမည်ပေးထားသော သတင်းစာများကို အင်္ဂလိပ်ဘာသာ ပြင်သစ်ဘာသာတို့ဖြင့် ထုတ်ဝေကြသည်။ လာအိုနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ ၉ စောင်၊ မဂ္ဂဇင်း ၉၀ ခု၊ ရေဒီယိုစတေရှင် ၄၃ ခု၊ တီဗွီစတေရှင် ၃၂ ခု တို့ နိုင်ငံတစ်ဝန်းတွင် လည်ပတ်လျက် ရှိသည်။ ၂၀၁၁ခုနှစ် အထိ ဗီယက်နမ်၏ "နမ်ဒန်" ('ပြည်သူ') နှင့် စင်ဟွာသတင်းဌာနတို့သည် လာအိုတွင် ရုံးဖွင့်ခွင့်ရှိသော နိုင်ငံခြားသတင်းဌာနများ ဖြစ်ပြီး နှစ်ခုစလုံးသည် ဗီယင်ကျန်းတွင် ၂၀၁၁ ခုနှစ်၌ သတင်းဗြူရိုကို စတင်ဖွင့်လှစ်ခဲ့သည်။ လာအိုအစိုးရသည် ၎င်းတို့၏ လုပ်ဆောင်မှုများကို ဝေဖန်ခြင်းအား ဟန့်တားနိုင်ရန် မီဒီယာ ထုတ်လွှင့်မှုဟူသမျှကို ထိန်းချုပ်ထားသည်။ လာအိုအစိုးရအား ဝေဖန်သော လာအိုနိုင်ငံသားများသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်း၊ တရားမစွဲဘဲ ဖမ်းဆီးခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရခြင်း များ ရှိသည်။ အိမ်ထောင်ဖက် အများအပြားရှိခြင်း အိမ်ထောင်ဖက် အများအပြားရှိခြင်းသည် လာအိုနိုင်ငံ၌ ရာဇဝတ်မှု ဖြစ်သော်လည်း ပြစ်ဒဏ်မှာ အသေးအမွှားမျှသာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မိသားစု စည်းမျဉ်းတို့မှ အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းအား တရားဝင် သတ်မှတ်ခြင်းမှ တားမြစ်ထားပြီး တစ်လင်တစ်မယားစနစ်မှာ နိုင်ငံအတွင်း အိမ်ထောင်ပြုခြင်း၏ အဓိကပုံစံ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော်လည်း အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းမှာ မုံလူမျိုးများကြားတွင် ထုံးတမ်းစဉ်လာ အဖြစ် ရှိနေဆဲ ဖြစ်သည်။ ၂၀၁၇ ခုနှစ်စာရင်း အရ အမျိုးသမီးများ၏ ၃.၅% နှင့် အမျိုးသားများ၏ ၂.၁% တို့တွင် အိမ်ထောင်ဖက် တစ်ဦးထပ်ပို၍ ရှိသော အိမ်ထောင်များတွင် ပါဝင်ပတ်သက်နေကြသည်။ အားကစား အမျိုးသားအားကစားမှာ ကိုယ်ခံပညာတစ်ခုဖြစ်သော မြွေလာအို ဖြစ်ပြီး ထိုင်းတို့၏ မြွေထိုင်း၊ မြန်မာ့လက်ဝှေ့ နှင့် ကမ္ဘောဒီးယားတို့၏ ပရာဒယ် ဆီရေး တို့နှင့် ဆင်တူသော ကစ်ဘောက်ဆင် တစ်မျိုး ဖြစ်သည်။ ဘောလုံးကစားခြင်းသည် လာအိုတွင် ရေပန်းစား လူကြိုက်အများဆုံး အားကစားနည်း ဖြစ်သည်။ လာအိုလိဂ်သည် နိုင်ငံအတွင်း ဘောလုံးကလပ်များ၏ ထိပ်ဆုံး ပရော်ဖက်ရှင်နယ် လိဂ် ကစားပွဲ ဖြစ်သည်။ လိဂ်ကစားပွဲစတင်သည့် အချိန်မှစ၍ လာအိုအာမီ အက်ဖ် စီ အသင်းသည် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဖလား ၈ ကြိမ် ရရှိကာ ချန်ပီယံဆု အများဆုံး ရရှိခြင်း ဖြစ်သည်။ လာအိုနိုင်ငံတွင် အဖွဲ့လိုက် အားကစားများနှင့် ပတ်သက်၍ အခြား ရိုးရာ မရှိပေ။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံသည် ဆီးဂိမ်းသို့ ပထမဦးဆုံး အကြိမ် အဖြစ် အသင်းတစ်သင်း စေလွှတ်ခဲ့သည်။ လာအို အမျိုးသား ဘတ်စကက်ဘော အသင်းသည် ၂၀၁၇ ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းကိုသာ အနိုင်ရကာ ပြိုင်ပွဲတွင် အဆင့် ၈ ရရှိခဲ့သည်။ ဆက်စပ်ကြည့်ရှုရန် ကိုးကား ပြင်ပလင့်ခ်များ နိုင်ငံ လာအိုနိုင်ငံ အာဆီယံအသင်းဝင်နိုင်ငံများ အရှေ့တောင်အာရှရှိ နိုင်ငံများ အာရှတိုက်ရှိ နိုင်ငံများ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကုန်းတွင်းပိတ်နိုင်ငံများ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
ဗြိတိသျှပြတိုက်
ဗြိတိသျှပြတိုက်သည် လန်ဒန်မြို့တွင် တည်ရှိပြီး လူ့သမိုင်းနှင့် ယဉ်ကျေးမှု ပြတိုက်တခု ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ စုဆောင်းသိမ်းဆည်းထားသည့် မှတ်တမ်းများ၊ ရုပ်ပုံများ အပါအဝင် ရှေးဟောင်း အနုပညာလက်ရာ ပစ္စည်းအရေအတွက်ပေါင်း ၇ သန်းခန့်ရှိပြီး သမိုင်းဦးခေတ်မှ မျက်မှောက်ခေတ်ကာလအထိ ဖြစ်ပျက်ခဲ့သည့် လူ့ယဉ်ကျေးမှု သမိုင်းအကြောင်းကို ကျယ်ကျယ်ပျံ့ပျံ့ မှော်ကွန်းတင် ပြသထားသည့် ကမ္ဘာ့အကြီးမားဆုံး စာရင်းဝင် ပြတိုက်တခုလည်းဖြစ်သည်။ ဗြိတိသျှပြတိုက်ကို ဆာဘွဲ့ရ သမားတော်ကြီး ဟန်းစ်စလုံး (Sir Hans Sloane) စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများဖြင့် အခြေခံ၍ ၁၇၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၇၅၉ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် လက်ရှိပြတိုက် အဆောက်အဦးတည်ရှိရာ ဘလွန်းစ်ဘာရီရှိ မွန်တေဂူဂေဟာတွင် ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၅၀ အတွင်း တိုးချဲ့ဆောက်လုပ်မှုကြောင့် ဌာနခွဲများစွာ ရှိလာရသည်။ ၁၈၈၇ ခုနှစ်တွင် ပထမဦးဆုံး တောင်ဘက်ကန်ဆင်တန်ရှိ သဘာ၀သမိုင်းပြတိုက်အား တိုးချဲ့ခဲ့သည်။ ဗြိတိသျှပြတိုက်၏ စာဖတ်ခန်းကို ၁၉၉၇ ခုနှစ်တွင် လက်ရှိဗြိတိသျှစာကြည့်တိုက်ဖြင့် အစားထိုးပြီးချိန်တွင် ဗြိတိသျှပြတိုက်သည် ရှေးဟောင်းပစ္စည်းများနှင့် စာကြည့်တိုက်အား အဆောက်အဦးတခုတည်းတွင် ထားရှိသည့် ပြတိုက်တခု ဖြစ်လာသည်။ ဗြိတိသျှပြတိုက်သည် အစိုးရမဟုတ်သည့် ပြည်သူပိုင်ဌာနဖြစ်ပြီး လက်ရှိတွင် ဗြိတိန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ယူ ပံ့ပိုးထားသည်။ ဗြိတိန်ရှိ အခြားအမျိုးသားပြတိုက်များနှင့် အနုပညာပြခန်းများကဲ့သို့ ဗြိတိသျှပြတိုက်သို့ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည်။ သို့သော်လည်း အထူးပြပွဲတချို့အတွက် ဝင်ကြေးပေးရန်လိုသည်။ ၂၀၀၁ ခုနှစ်မှစ၍ ပြတိုက်၏ ညွှန်ကြားရေးမှူးမှာ မစ္စတာ နေးလ် မဂ္ဂရက်ဂါ (Neil MacGregor) ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီအထိ ဖွင့်လှစ်ထားသည်။ ပြခန်းများ Building Floor Plans Museum Galleries ရှေးဟောင်းအီဂျစ်နှင့် ဆူဒန် ရှေးဟောင်း အရှေ့တိုင်း(အနီး) ဂရိနှင့် ရောမခေတ် ပြပွဲများ ပျောက်ဆုံးနေသော အင်ပါယာပြပွဲ (၂၀၀၅ အောက်တိုဘာ - ၂၀၀၆ ဇန္နဝါရီ) ကိုးကား ပြင်ပလင့်ခ်များ တရားဝင်ဝက်ဘ်ဆိုဒ် 360° panoramas and images from 14 rooms in the British Museum The British Museum from The Survey of London British Museum elevation အင်္ဂလန်နိုင်ငံရှိ ပြတိုက်များ လန်ဒန်မြို့
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%AD%E1%80%90%E1%80%AD%E1%80%9E%E1%80%BB%E1%80%BE%E1%80%95%E1%80%BC%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA
ရွှေတိုင်ညွန့်
“ရွှေတိုင်ညွန့်က စာကိုစီ တေးသီချင်းနဲ့ ဘေးကင်းကြတော့မည်” စသည်ဖြင့် စာဆိုတော် ရွှေတိုင်ညွန့်သည် သူစပ်သော သီချင်း အတော်များများတွင် သူ့နာမည် ထည့်၍ စပ်လေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က ထင်ရှားသော သီချင်းခပ်များများသည် စာဆိုတော် ရွှေတိုင်ညွန့်၏ လက်ရာများ ဖြစ်သည်။ ဆရာရွှေတိုင်ညွန့်​ရေးစပ်ခဲ့​သော နဂါးနီသီချင်း(ခင်​မောင်ရင်သီဆို)မှာ ယ​နေ့တိုင် နိုင်ငံတစ်ဝန်း ​​​​ကျော်ကြားလျက်ရှိ​သည်။တပ်မ​တော်အင်အားသီချင်းမှာလည်း ဆရာ၏လက်ရာပင်ဖြစ်သည်။ ငယ်ဘဝ ရွှေတိုင်ညွန့်ကို အဖ နိုင်ငံကျော် လူရွှင်တော် အနုပညာရှင်ကြီး ဦးကျင်ခဲ၊ အမိ ဒေါ်အေးမျှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် တန်ခူးလတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက် ရှိသည့်အနက် ရွှေတိုင်ညွန့်သည် သားငယ်ဖြစ်၍ အစ်ကိုဖြစ်သူ မောင်အုန်းလှိုင်မှာ နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင်ဖြစ်သည်။ ရွှေတိုင်ညွန့်၏ အမည်ရင်းမှာ ကိုအုန်းဆိုင် ဖြစ်သည်။ ကိုအုန်းဆိုင်သည် ဘမျိုးဘိုးတူ၊ ဝါသနာကလည်း ထုံသူဖြစ်သည့် အလျောက် ပတ္တလား၊ တရော၊ ဘင်ဂျို၊ မင်ဒလင်၊ ဆိုင်းဝိုင်း၊ စန္ဒရားစသည့် တူရိယာမျိုးစုံတို့ကို နိုင်နိုင်နင်းနင်း တီးတတ်သည့် အပြင်၊ သီချင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆိုတတ်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မြန်မာမှု ကဗျာစုကို လေ့လာရန် ဝါသနာရှိသော ကိုအုန်းဆိုင်သည် ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုဖြင့် သူကိုယ်တိုင်ပင် အငြိမ့် ဇာတ်ပွဲများ အတွက် သီချင်းများစပ်၊ သူကိုယ်တိုင် ဝင်၍ မောင်းတီး၊ တယောထိုး၊ ပတ္တလားခေါက်ယင်း ဇာတ်သဘင် လောကထဲသို့ ပဌမဆုံး ခြေစုံပစ် ဝင်ခဲ့သည်။ သီချင်းများ စ၍စပ်ဆိုကာစ ဝစန ဆရာဆိုင်ဟူသည့် နာမည်နှင့် စပ်ခဲ့လေသည်။ အငြိမ့်များအတွက် သီချင်းများ စပ်ဆို ရေးသားပေးခဲ့ရုံမက အငြိမ့်မင်းသမီးများကိုလည်း သီဆိုနည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့လေသည်။ အငြိမ့်မင်းသမီး ယူနီဘာစီတီမြသန်းကြည်၊ ဝိဇ္ဇာမယ်၊ လေဘာတီ မမြရင်တို့သည် ကိုအုန်းဆိုင်၏ သီချင်းများဖြင့် နာမည်ကျော်ခဲ့သူများ ဖြစ်ကြသည်။ ရွှေတိုင်ညွန့်သည် အတန်းပညာ (၄) တန်းသာ အောင်မြင်ခဲ့သည် ဆိုသော်လည်း သူရေးသော သီချင်းစာသားများကို လေ့လာကြည့်လျင် သူသည် ဗမာစာ၊ ပါဠိ၊ ရာဇဝင်၊ နိပါတ်တော်များကို အင်မတန် နှံ့စပ် ကျွမ်းကျင်သူ တစ်ဦးဆိုသည်မှာ ထင်ရှားပါသည်။ အထူးသဖြင့် ရှေးမြန်မာဇာတ်သဘင်ဟန် ပါသော စာများ၊ နဘေ ထပ်များကို သူ့သီချင်းများမှာ လှိုင်လှိုင်ကြီး တွေ့နိုင်သည်။ ဖခင် ဦးကျင်ခဲထံက အမွေဆက်ခံပြီး သူ့ဂီတနှင့် ပေါင်း စပ်လိုက်ခြင်း ဖြစ်သည်။ သူ့သီချင်းများက အကြောင်းအရာအနေနှင့်လည်း အလွန်ခံ့ငြားပြီး အသံနေ အသံထားမှာလည်း ဗမာဆန် ပြေပြစ်လှပါသည်။ သူ့ရုပ်သွင် ရွှေတိုင်ညွန့်သည် လူပုံ ခပ်ပျပ်ပျပ်၊ အသားညိုညိုနှင့် ဗမာဆန်ဆန် နှစ်လိုဘွယ် မျက်နှာကျနှင့်ပါ။ တိုက်ပုံ အကျအနဝတ်၍ ဆံပင်ကို ပိနေအောင် ဖီးထားပြီး အသားညိုညိုမှာ ပေါင်ဒါ ဖုံဖုံ လိမ်းထားတတ်သည်။ ရှုးဖိနပ်ကိုလည်း ပြောင်နေအောင် တိုက်ပြီး စီးလေ့ရှိသည်ဟု ကြားသိရဘူး၏။ ရွှေတိုင်ညွန့်ဟာ အလွန် စိတ်ရင်းကောင်းသူ စိတ်ရှည်သူ ဆရာတစ်ဦးဖြစ်သည်။ စွယ်စုံတော်သည့် ဂီတပါရမီရှင် genius တစ်ဦးဖြစ်သည်။ ဂျပန်ခေတ်တွင် ဆင်းဆင်းရဲရဲနှင့် သေသွားတာကို သူ အလွန် စိတ်မကောင်း ဖြစ်မိတယ်ဟု အဆိုတော်ကြီး ဘိလပ်ပြန်သန်း က သူ့စာမှာ ဖော်ပြထားသည်။ လေဘာတီမမြရင် အငြိမ့်တွင် နောက်ဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် မောင်အုန်းဆိုင်သည် အဆိုတော် မကြည်အောင်အတွက် သီချင်းများ ရေးစပ်ပေးရာမှ ထိုခေတ်က ထိပ်တန်း ဖြစ်ခဲ့သော ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီကို ပဌမဆုံးဝင်ရောက် သီချင်းရေးလာခဲ့သည်။ ဗမရည်ဝပြီး အမြော်အမြင်ရှိတဲ့ ကိုလံဘီယာက မန်နေဂျာ မစ္စတာ ကိသ် က ရွှေတိုင်ညွန့်ကို ကုမ္ပဏီ၏ ပင်တိုင် စာရေးဆရာ ခန့်လိုက်သည်။ မကြည်အောင်ကပဲ ရွှေတိုင်ညွန့်ဆိုသော နာမည်ပြောင်းပေးပြီး ထိုနာမည်နှင့် တရှိန်ထိုး ကျော်ကြားလာခဲ့သည်။ “နေရာတကာ ရောက်ပါတယ်၊ ပေတရာမှာ လျှောက်ခါလည်” အစ ရှိသော မန္တလာမြင့်သီဆိုသည့် လယ်သမားသီချင်းဖြင့် ပွဲဦးထွက် သူ၏သီချင်းကို ဓာတ်ပြားသွင်းခဲ့ရာ လူကြိုက်များခဲ့သည်။ ထိုသီချင်းမှစ၍ ရွှေတိုင်ညွန့် ဟူသော အမည်ဖြင့် ရေးသားခဲ့သည်။ `လယ်သမား'သီချင်းကို လူကြိုက် များသလောက် စပ်ဆိုရေးသားသူ ရွှေတိုင်ညွှန့်ကိုလည်း လူသိများခဲ့လေသည်။ ကိုလံဘီယာမှာပဲ မကြည်အောင်၊ မအေးမိ၊ စိန်ပါတီ၊ ဥဩဘသောင်၊ မန္တလာမြင့်၊ ဂီတ စိမ်းမောင်၊ ဘိလပ်ပြန် သန်း အစရှိသော နာမည်ကြီး အဆိုတော်များအတွက် ဓာတ်ပြား သီချင်းပေါင်း များစွာ ရေးပေးခဲ့သည်။ ထိုသီချင်းများသည် ယနေ့ထက်တိုင် မြန်မာ ပြည်သူများ၏ အသည်းစွဲ ခေတ်ဟောင်းတေးများအဖြစ် တည်တံနေခဲ့ပေသည်။ ရွှေတိုင်ညွန့် ရေးသား စပ်ဆိုခဲ့သော သီချင်းများမှာ များလှသည်။ စပ်ဆိုခဲ့သည့် သီချင်းများမှာ မြန်မာနိုင်ငံ၏ ကျက်သရေမင်္ဂလာနှင့် သဘာဝပစ္စည်း ပြည့်စုံပုံ အကြောင်း၊ သဘာဝရှုခင်း လှပပုံအကြောင်း၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ နောင်လာနောင်သားတို့ မှတ်သားဖွယ်ရာ အကြောင်းများ အထူးသဖြင့် ပါဝင်သည်။ ရွှေတိုင်ညွန့်၏ သီချင်းများအနက် သူ၏ လက်စွမ်းပြ ဟု ဆိုရမည့် သီချင်းများမှာ ဝိစိတြာနှင့် မိဘမေတ္တာတို့ ဖြစ်သည်။ ထိုသီချင်း နှစ်ပုဒ်စလုံးပင် မည်သည့် ခေတ်တွင်မှ မရိုးဘဲ၊ လူကြီးရော ကလေးပါ လက်ခံနိုင်သည့် သီချင်းများဖြစ်လေသည်။ မြန်မာနိုင်ငံ၏ သဘာဝပစ္စည်း ကြွယ်ဝချမ်းသာပုံ၊ အေးချမ်းသာယာမည့် နိမိတ်လက္ခာဏာ ရှိပုံတို့ကိုလည်း ဆရာရွှေတိုင်ညွန့်သည် အိုးဝေဝေနှင့် သီတာရတနာ သီချင်းများဖြင့် စပ်ဆိုထားလေသည်။ တောကျေးလက် သဘာဝ လှပပုံသရုပ်ပေါ် အောင်လည်း သူ၏ ဇာတိနွယ်နှင့် စုံတောမြိုင် သီချင်းများ၌ စပ်ဆိုထားသည်။ အမျိုးသားစိတ်ဓာတ် နို်းကြားရန် တိုင်းပြည်ကိုချစ်ရန် လှုံ့ဆော်သည့် နေရာ၌ ဆရာရွှေတိုင်ညွန့်၏ သခင်မျိုးဟေ့ တို့ဗမာ၊ နဂါးနီ၊ အိုလံပစ်သွားမဲ့မောင် စသော သီချင်းများသည် ထိပ်တန်းက လိုက်လေသည်။ ရွှေတိုင်ညွန့်သည် ရာဇဝင်နိပါတ်လာ အကြောင်းရပ်များကို သီချင်းစပ်ရာ၌ ပို၍ သန်သည် ဟု ဆိုသည်။ သူ၏ ဗောဓိပင်နှင့် ရွှေပလ္လင်၊ ဓာတ်တော်ဝေခန်း၊ စွယ်တော်ခိုးခန်း၊ ဓမ္မစကြာ၊ မိဂဒါဂုန်၊ တေ-ဇ-သု-နေ-မ၊ နေရဉ္ဇရာ၊ ကောသလအိပ်မက်၊ မာတင်္ဂ၊ မင်းကုသ၊ မိဖုရားမစော၊ ပါတော်မူစသော သီချင်းများသည် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ ထုတ်နုတ်ချက် သီချင်းများ ဖြစ်သည်။ “သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်၊ သေရည်ကို သောက်ယင် အပါယ်ငရဲကျမည်၊ ရေကြည်ကို နှောက်ယင် အနယ်ကလဲ ထမည်” ဆိုသော ရှေးစကားပုံကို တေးသွား ဖြစ်အောင် ရွှေတိုင်ညွန့်သည် သူ၏ ဦးနု စကားပုံသီချင်းတွင် စပ်ဆိုထားလေသည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးကာလတွင် မြန်မာလူထုသည် လူမျိုးခြား အုပ်ချုပ်မှု နှောင်ကြိုးအတွင်းမှ ရုန်းထွက်လိုသောစိတ် ပြင်းထန်နေချိန် ဖြစ်သည်။ ထိုကြောင့် အချို့က မျိုးခြား အစိုးရကို တွန်းလှန်ရန် တောင့်တကြသည်။ အချို့ကမူ စကြာမင်းပေါ် နိုးနိုး၊ ဘိုးဘိုးအောင်မတော့ မယောင်ယောင်နှင့် သိုက်တဘောင်စနည်းတို့ကို ရွတ်၍ တမ်းတနေကြလေသည်။ ယင်းသို့သော ခေတ်တွင် ရွှေတိုင်ညွန့်သည် ခေတ်နှင့် လိုက်အောင် လူတို့အား မြှော်လင့်ချက်ပေး၍ အားတက်စေမည့်သီချင်းများကို စပ်ခဲ့သည်၊ ဘိုးဘိုးအောင်၊ စကြာတိုက်၊ သိကြားသာသနာ စသော သီချင်းများသည် ရွှေတိုင်ညွန့်၏ တပေါင်၊ စနည်းဆိုင်ရာ နာမည်ကျော်သီချင်းများ ဖြစ်သည်။ ဘိုးဘိုးအောင်နှင့် စကြာသိုက် သီချင်း ဓာတ်ပြားများကို ဗြိတိသျှအစိုးရတို့က ထုတ်မရောင်းရန်ပင် ပဌမ ပိတ်ပင်ခြင်း ခံရသည်။ ဂျပန်ခေတ်ကလည်း ရွှေတိုင်ညွန့်သည် သူ့ခေတ်နှင့်သူ လိုက်အောင် အာဏာရှင် သီချင်းကို စပ်ဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် ရာဇဝင်၊ နိပါတ်၊ သိုက်၊ တပေါင်ဆိုင်ရာ သီချင်းများ၌သာ သန်သည် မဟုတ်၊ အချစ်နှင့် စပ်လျဉ်းသော သီချင်းများကိုလည်း ပိုင်နိုင်သူ ဖြစ်သည်။ “ခခွေးယပင့် စသတ် ချစ်တော့ အနှစ်သာရလို့ ဆိုမလေ” ဟူသည့် အချစ်ဒီပနီသီချင်းသည် ရွှေတိုင်ညွန့်စပ်ဆိုသည့် ပြောင်မြောက်လှသော အချစ်သီချင်း ဖြစ်၏။ ရွှေတိုင်ညွန့်သည် သီချင်းများကို ရေးစပ်ရာ၌ မြန်မာအသံနှင့်သာ မဟုတ်၊ အနောက်တိုင်း သီချင်းသံနှင့်လည်း တော်တော်များများ စပ်ဆိုနိုင်ခဲ့သည်။ ‘ရှေးရေစက်’၊ ‘လှေကလေး’၊ ‘ဟေဝန်နန်း’၊ ‘မိန်းမမြတ်’ စသော သီချင်းများကို အနောက်တိုင်း သီချင်းသံဖြင့် စပ်ဆိုထားသည်။ ရွှေတိုင်ညွန့်၏ နာမည်ကျော် သီချင်းများ ဖြစ်ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ဓာတ်ပြားသီချင်း အများဆုံး စပ်ဆိုခဲ့ရာ တစ်ဦးဖြစ်သူ ရွှေတိုင်ညွန့်သည် မြန်မာ သက္ကရာဇ် ၁၃ဝ၆ ခုနှစ် မိုးရာသီ ကုန်ခါနီးခန့်တွင် နာမကျန်းဖြစ်လာသဖြင့် ဆေးရုံသို့ တက်ရောက်ကုသသော်လည်း နာလှန်မထူတော့ဘဲ ၁၃၁၆ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်ရှိ နေအိမ်၌ပင် ကွယ်လွန်လေသည်။ မကွယ်လွန်မီ ဆေးရုံတက်နေစဉ် အစာကောင်းစွာ မဝင်သော အချိန်၌ပင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာ့တပ်မတော် အရာရှိကြီးများ၏ တောင်းပန်ချက်အရ “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့အပ်ပေသည်” အစချီသော တပ်မတော်အင်အား သီချင်းကို စပ်ဆိုပေးခဲ့ရလေသည်။ ဤသီချင်းကား ရွှေတိုင်ညွန့်၏ နောက်ဆုံး လက်ရာ ဖြစ်လေသည်။ ၁၃ဝ၆ ခုနှစ် တန်းခူးလဆန်း ၁၅ ရက် (၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်) နေ့တွင် ဖက်ဆစ်ဂျပန်အား တော်လှန်ရန် မြန်မာ့တပ်မတော်ကြီး ချီတက်သွားစဉ်က ရွှေတိုင်ညွန့်၏ တပ်မတော်သီချင်းနှင့်ပင် အောင်နိမိတ်ဖြင့် အောင်သံကြွေးခဲ့လေသည်။ ရွှေတိုင်ညွန့် မကွယ်လွန်မီ သုံးလခန့်တွင် ထိုအချိန်က စစ်အတွင်းအစိုးရ နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်က ရွှေတိုင်ညွန့်အား `စာဆိုတော်ဘွဲ့´ ချီးမြှင့်ခဲ့လေသည်။ ရွှေတိုင်ညွန့်သည် တစ်နှစ်လျှင် သီချင်းအပုဒ်ပေါင်း ၈ဝ ကျော် ရေးသား စပ်ဆိုခဲ့သည်ဟု ဆိုသည်။ သီချင်းစပ် အလွန်မြန်သူ အဖြစ်လည်း ကျော်ကြားသည်။ အကြောင်းကိစ္စပေါ်တိုင်း ဦးအုံးခင်၊ ဦးနု (ထိုအချိန်က နဂါးနီစာအုပ် အသင်းလူကြီးများ)၊ တပ်မတော် အရာရှိများ စသည်တို့သည် ရွှေတိုင်ညွန့်ထံ ချဉ်းကပ်၍ သူနှင့် အလွန်ရင်းနှီးသူ စောင်းဦးဘသန်းက တီးကာ သီချင်းကို အကောင်အထည် ဖော်ပေးလေ့ရှိသည်။ ရွှေတိုင်ညွန့် ရေးစပ်သော သီချင်းများကို အဆိုကျော် မကြည်အောင်၊ မဧမိ၊ စိန်ပါတီ၊ နဂရာမယ်မြင့်၊ ဗိလပ်ပြန်သန်း၊ ဥဩဘသောင်၊ ဂီတာစိမ်းမောင်တို့ များသောအားဖြင့် သီဆို၍ ယင်းတို့အနက် မကြည်အောင်က အများဆုံး သီဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် မှီငြမ်းပြု စပ်ဆိုရာ၌ ထူးချွန်သူဖြစ်သည်သာမက တေးသွား အဟောင်းကို မှီး၍ စကားသစ်တွင် ထည့်ရေးရာ၌လည်းကောင်း၊ စကားအဟောင်းကို တေးသွားသစ်တွင် သွင်းရာ၌လည်းကောင်း ထူးချွန်သူ ဖြစ်လေသည်။ ရွှေတိုင်ညွန့်၏ လက်ရာအမြောက်ဆုံး တေးများမှာ ဘာသာရေးနှင့် ဆိုင်သော တေးများပင် ဖြစ်သည်။ ရွှေတိုင်ညွန့်၏ နောက် ထူးခြားမူ တစ်ခုက သူ့သီချင်းတိုင်းလိုလိုတွင် သူ့နာမည်ကို ထည့်စပ်လေ့ ရှိခြင်း ဖြစ်သည်။ သီချင်းထဲတွင် နာမည် ထည့်လေ့ရှိသည့် သီချင်းရေးဆရာတွေထဲတွင် ရွှေတိုင်ညွန့်နှင့် နန်းတော်ရှေ့ ဆရာတင် တို့က အထင်ရှားဆုံး ဖြစ်သည်။ ရွှေတိုင်ညွန့်သည် မြန်မာမှုပြုသည့် တေးများတွင် အင်မတန်ကျွမ်းကျင်စွာ ပြုထား၍ မူလ အနောက်တိုင်းဟန် ပျောက်ပြီး ကော်ပီ သီချင်းမှန်းတောင် မသိရပါ။ ဘဝနိဂုံး ၁၉၄၁-ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်မီး ကူးလာသောအခါ ဆရာ ရွှေတိုင်ညွန့်သည် မြောင်းမြသို့ ပြောင်းရွေ့နေထိုင်သည်။ ဂျပန်ခေတ် တစ်လျှောက်တွင် တစတစ ကျန်းမာရေး ချို့ယွင်းလာကာ ၁၉၄၅-ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အသက်(၃၆)နှစ် အရွယ်တွင် အဆုပ်ရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ရွှေတိုင်ညွန့် ကွယ်လွန်သောအခါ ဇနီး ဒေါ်သောင်းစိန်၊ ဒေါ်တင်စိန်နှင့် သားအဆိုကျော် သီချင်းရေးဆရာ မောင်မျိုးဆက်၊ သမီး မမြရင်၊ သား မောင်တိုင်းကျော်(လူရွှင်တော်)၊ သမီး ခင်မျိုးနွယ်(အဆိုကျော်ထား)တို့ ကျန်ခဲ့သည်။ ရွှေတိုင်ညွန့်သည် အပေးအကမ်း ရက်ရောသူ တစ်ဦး ဖြစ်သည်။ မိမိတွင်ရှိသမျှ ပေးချင်စိတ် ပေါက်လျှင် အကုန်ပေး၊ အကုန်ကျွေး တတ်သူဖြစ်သည်။ ငယ်စဉ်မှစ၍ ကွယ်လွန်သည့်တိုင် ဂီတ အနုပညာဖြင့်ပင် အမြတ်တနိုး အသက်မွေး ဝမ်းကျောင်းသွားသူ ဖြစ်လေသည်။ ရေးသီခဲ့သော သီချင်းများ (၁)ဘာသာရေး တေးများ ဗောဓိပင်နှင့် ရွှေပလ္လင် (မကြည်အောင်)၊ နီးအောင်ပင် လှမ်း (မကြည်အောင်)၊ မိဘမေတ္တာ(မကြည်အောင်)၊ ဝိစိတြ (မကြည်အောင်)၊ သင်္ကန်းဂုဏ်ရည်(မကြည်အောင်)၊ စိတြဂီဝါ(မကြည်အောင်)၊ အင်္ဂုလိမာလ(မကြည်အောင်)၊ တေဇသုနေမ (မကြည်အောင်)၊ သာသနာ့အမွေခံ (မကြည်အောင်)၊ ပဉ္စင်းအမ(မကြည်အောင်)၊ ကထိန်သင်္ကန်း(စိန်ပါတီ)၊ ရောင်တော်ဖွင့်(စိန်ပါတီ)၊ မင်္ဂလာ တစ်ဆယ့်နှစ်ပါး(စိန်ပါတီ)၊ သုမေဓာ ရှင်ရသေ့(စိန်ပါတီ)၊ ကောသလ အိပ်မက်(စိန်ပါတီ)၊ သုဝဏ္ဏသာမ(စိန်ပါတီ)၊ ပဒုမ ဒေဝီ(စိန်ပါတီ)၊ မဟာဒုက်(ဥဩဘသောင်)၊ အန္တရာယ်ကင်း(ဂီတာစိမ်းမောင်) ဘာသာတရား (မန္တလာမြင့်) ဗိမ္မသာရ (မန္တလာမြင့်) ဝေဿန္တရာ (မန္တလာမြင့်) (၂)ရာဇဝင်နဲ့ ဇာတိမာန်တေးများ တပင်ရွှေထီး(မကြည်အောင်)၊ သုံးရောင်ချယ်(မကြည်အောင်)၊ ဗမာ့သွေး (မကြည်အောင်)၊ ပါတော်မူ(စိန်ပါတီ)၊ ဇာတိမာန်(ဥဩဘသောင်)၊ မိဖုရားစော(ဘိလပ်ပြန်သန်း) (၃)သဘာဝ ရာသီ တောတောင်ဘွဲ့တေးများ သပြေခက်နဲ့ ရေပက်(မကြည်အောင်)၊ သဲငွေသောင်(မအေးမိ)၊ မြညှင်းလေပြေ (မအေးမိ)၊ ဟေဝန်နန်း (ဘိလပ်ပြန်သန်း)၊ လှေကလေး(ဘိလပ်ပြန်သန်း)၊ မိုးဒေဝါ (ဘိလပ်ပြန်သန်း)၊ မြကြာယံ (ဘိလပ်ပြန်သန်း)၊ မြဝတ်မှုန် (ဘိလပ်ပြန်သန်း)၊ ဆောင်းကတ္တီပါ (ဘိလပ်ပြန်သန်း)၊ လာသတဲ့ည (ဘိလပ်ပြန်သန်း)၊ တောဓလေ့ (ဘိလပ်ပြန်သန်း)၊ ငှက်မောင်နှံ (ဘိလပ်ပြန်သန်း)၊ လယ်တောသူ (စိန်ပါတီ) အညာသားစုံတွဲ (ဥဩဘသောင်နှင့်မန္တလာမြင့်) (၄) မေတ္တာဘွဲ့၊ မယ်ဘွဲ့ တေးများ မေတ္တာအရင်းခံ (မအေးမိ)၊ မောင့်အချစ်တော် (မအေးမိ)၊ ယောဆရာကြီး (မအေးမိ)၊ လယ်သမား (မန္တလာမြင့်) တော်ဝင်သူ (ဥဩဘသောင်)၊ အချစ်ဒီပနီ(မောင်ဘချစ်)၊ မောင့်သက်လှယ် (ဂီတာစိမ်းမောင်)၊ စံပယ်တင်မှဲ့ (စိန်ပါတီ)၊ အပျိုကြီး စိတ်ကူး (စိန်ပါတီ)၊ မချစ်ဘဲ မနေနိုင် (မကြည်အောင်)၊ စွဲတဲ့မေတ္တာ (ဘိလပ်ပြန်သန်း)၊ ချစ်ရောင်ခြည် (ဘိလပ်ပြန်သန်း) ဘောလည်သံဆန်း (မန္တလာမြင့်) အပျော်ဆုံးနေ့ (မန္တလာမြင့်) ကိန္နရီ မောင်နှံ (မန္တလာမြင့်) (၅) အနောက်တိုင်းဟန် ခေတ်ပေါ်တေးများ ဘိလပ်ပြန်သန်း သီချင်းများ မှီငြမ်း ကိုးကား ရွှေတိုင်ညွန့် - နန်းညွန်ဆွေ စစ်ကြိုခေတ် အနုပညာရှင်များ - ကိုသန်းလှိုင် ခေတ်ဟောင်း သီချင်းပေါင်းချုပ် - ကိုသန်းလှိုင် မြန်မာ့ ဂီတ ရေးစီကြောင်း - စန္ဒရားလှထွတ် ပြည်သူချစ်သော အနုပညာသည်များ - လူထုဒေါ်အမာ ဘိလပ်ပြန်သန်း ပြောပြချက်များ မြန်မာ တေးရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%8A%E1%80%BD%E1%80%94%E1%80%B7%E1%80%BA
ပါဏာတိပါတ
ပါဏာတိပါတ အင်္ဂါ ၅-ပါး သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။ (၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) ပါဏသညိတ- သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊ (၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ- လုံ့လဥပခြင်း၊ (၅) မရဏ- ထိုလုံ့လကြောင့် သေခြင်း။ ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ — (၁) ဥဒိဿ ပယောဂ-သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊ (၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊ (၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊ (၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊ (၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား၊ လှံ၊ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊ (၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း၊ ဆေးဝါး အစီအရင်ထားခြင်းç စသည့် အရာမျိုး၊ (၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်ပြုခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။ ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။ (၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ (၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊ (၃) နုံနှေးလေးဖင့်ခြင်း၊ (၄) ခြေ၊ လက်၊ ဖဝါး မညီခြင်း၊ (၅) မလှပ မတင့်တယ်ခြင်း၊ (၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊ (၇) အသားအရေ ကြမ်းတမ်းခြင်း၊ (၈) ကြောက်ရွံ့တတ်ခြင်း၊ (၉) ခွန်အားဗလ မရှိခြင်း၊ (၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊ (၁၁) ချစ်ခင်သူ မရှိခြင်း၊ (၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊ (၁၃) ထိတ်လန့်တတ်ခြင်း၊ (၁၄) လက်နက်၊ အဆိပ်ဘေး သင့်တတ်ခြင်း၊ (၁၅) သူများ ပယောဂကြောင့် သေရခြင်း၊ (၁၆) တွေဝေမိုက်မဲခြင်း၊ (၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊ (၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊ (၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊ (၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊ (၂၁) ဘေးရန် များခြင်း၊ (၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊ (၂၃) အသက်တိုခြင်း။ သူတစ်ပါးအသက်ကို သတ်ဖြတ်သောသူသည် သေလွန်သောအခါ အပါယ်လေးဘုံသို့ ကျရောက်ပြီး ဒုက္ခများ ခံစားရသည်။ ထို့ပြင် ရှေးကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ကာ လူ့ဘဝကို ရရှိခဲ့ပါကလည်း အောက်ပါဆိုးကျိုးများကို ခံစားရနိုင်သည်။ (၁) အသက်တိုခြင်း၊ (၂) အနာရောဂါများကာ ကျန်းမာမှုအားနည်းခြင်း၊ (၃) အားအင်မရှိခြင်း၊ (၄) ကြောက်ရွံ့တတ်ခြင်း၊ (၅) စိုးရိမ်ပူပန်စိတ်များခြင်း၊ (၆) သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း၊ (၇) သူတစ်ပါးသတ်၍ သော်လည်းကောင်း၊ မိမိကိုယ်တိုင် ပြန်၍ သတ်၍သော်လည်းကောင်း သေရခြင်း၊ (၈) ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ (၉) ခန္ဓာကိုယ် ပြေပြစ်မှု မရှိခြင်း၊ (၁၀) မိမိချစ်ခင်နှစ်သက်သော သူများနှင့် ကွေကွင်းရခြင်း။ စောင့်ထိန်းရကျိုး ပါဏာတိပါတကံ မကျူးလွန်အောင် စောင့်ထိန်းသော သူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုး (၁၀) မျိုးတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ချမ်းသာသုခတို့ကို ခံစားရသည်။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%8F%E1%80%AC%E1%80%90%E1%80%AD%E1%80%95%E1%80%AB%E1%80%90
ပါတိမောက်
ပါတိမောက် ဆိုသည်မှာ ဂေါတမဘုရားက ရဟန်းတို့အား ဆုံးမညွှန်ကြားသောအရာများကို ဆိုလိုသည်။ လမ်းညွှန်သော ဩဝါဒပါတိမောက်နှင့် ကန့်သတ်သော အာဏာပါတိမောက်ဟူ၍ ၂ မျိုး ရှိသည်။ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%90%E1%80%AD%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
ပါပဂြိုလ်
ပါပဂြိုဟ် ၄-လုံး ဆိုးသွမ်း ယုတ်မာသော ဂြိုဟ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုဟ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် 'ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏' ဟုဆိုထားလေပြီ။ (၁) တနင်္ဂနွေဂြိုဟ်၊ (၂) အင်္ဂါဂြိုဟ်၊ (၃) စနေဂြိုဟ်၊ (၄) ရာဟုဂြိုဟ်။ ကိုးကား ဗေဒင်
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%95%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA
ပါရာဇိက
ပါရာဇိကအဓိပ္ပာယ် (၃) မျိုး ၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) - သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။ ၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) - ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။ ၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) - လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။ ထို (၃)မျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိက ခေါ်သည်။ ပါရာဇိက (၂၄) ပါး မေထုနပါရာဇိက, အဒိန္နာဒါနပါရာဇိက, မနုဿဝိဂ္ဂဟပါရာဇိက, ဥတ္တရိမနုဿဓမ္မပါရာဇိကအားဖြင့် ဘိက္ခု၌လာသော ပါရာဇိက ၄-ပါး၊ ဘိက္ခုနီ၌ ထိုလေးပါးနှင့် တကွ ဥဗ္ဗဇာဏုမဏ္ဍလိကာပါရာဇိက, ဝဇ္ဇပဋိစ္ဆာဒိကာပါရာဇိက, ဥက္ခိတ္တာနုဝတ္တိကာ ပါရာဇိက, အဋ္ဌဝတ္ထုကာပါရာဇိကဟု အသာဓာရဏပါရာဇိက ၄-ပါး-ပေါင်း (၈) ပါး။ ပဏ္ဍက, ထေယျသံဝါသက, တိတ္ထိယပက္ကန္တက, တိရစ္ဆာနဂတ, မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတက, လောဟိတုပ္ပါဒက, သံဃဘေဒက, ဘိက္ခုနီဒူသက, ဥဘတောဗျဉ္ဇနကအားဖြင့် ရဟန်းမခံရန် တားမြစ်ထားသော ပါရာဇိက ၁၁-ပါး။ လူ့အသွင်အပြင်ကို နှစ်သက်၍ လူဝတ်လဲသော ဘိက္ခုနီ ပါရာဇိက ၁-ပါး၊ လမ္ဗီ, မုဒုပိဋ္ဌိက, သူတပါးအင်္ဂါဇာတ်ကို စုပ်သူ, သူတပါး အင်္ဂါဇာတ်ပေါ် ရှေးရှု့ထိုင် သူအားဖြင့် အနုလောမ ပါရာဇိက ၄-ပါး၊ ပေါင်း ပါရာဇိက ၂၄-ပါးရှိသည်။ ရဟန်းပါရာဇိက (၄) ပါး ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ်တွင် တစ်ခုခု၌ ကိုယ်တိုင် မေထုန်မှီဝဲသောရဟန်း, မိမိမဂ်တို့၌ သူတပါးတို့မေထုန်မှီဝဲသည်ကို သာယာနှစ်သက်သော ရဟန်းသည် မေထုနသိက္ခာပုဒ်ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ အနည်းဆုံး တမတ်, တမတ် ထိုက်တန်သော ဥစ္စာကို ၂၅-ပါးသော ခိုးနည်းတို့တွင်တစ်ခုခုဖြင့် ခိုးသော ရဟန်းသည် အဒိန္နာဒါနသိက္ခာပုဒ်ကို ကျူး လွန်သဖြင့် ပါရာဇိကကျ၏။ လူကို ကိုယ် နှုတ် စသည်ဖြင့် လုံးလပြု၍ သေစေသော ရဟန်းသည် မနုဿဝိဂ္ဂဟသိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိကကျ၏။ ဈာန်, သမာပတ်, မဂ်, ဖိုလ်တရားကို မရပါပဲလျက် ရ၏ ဟု ပလွှားဝါကြွားပြောဆိုသော ရဟန်းသည် ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ ဘိက္ခုနီ ပါရာဇိက (၈)ပါး ရဟန်းမတို့၌လည်း ထို့အတူတည်း။ ကာယသံသဂ္ဂ ရာဂစိတ်ရှိသောယောက်ျားက ကာယသံသဂ္ဂ ရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအောက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အထက်အရပ်တို့၌ လက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြင့် ကိုင်တွယ်သုံးသပ်ခြင်းကို သာယာနှစ်သက်သောရဟန်းမသည် ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။ အခြားတပါးသော ဘိက္ခုနီမ၏ ပါရာဇိကအာပတ်ကို သိလျက် ဖုံးကွယ်သော ရဟန်းမသည် ဝဇ္ဇပဋိစ္ဆာဒိကာ ပါရာဇိက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ ညီညွတ်သောသံဃာသည် နှင်ထုတ်အပ်သော ဥက္ခိတ္တကရဟန်း၏အယူကို အတုလိုက်ကျင့်သဖြင့် သမနုဘာသနကံ ပြု၍ ဆိုဆုံးမအပ်ပါသော်လည်း အယူကို မစွန့်လွှတ်သော ရဟန်းမသည် ဥက္ခိတ္တာနုဝတ္တိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။ ကာယသံသဂ္ဂရာဂစိတ်ရှိသော ယောက်ျားက ကာယသံသဂ္ဂရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအထက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အောက်အရပ်၌ ကိုင်တွယ် သုံးသပ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်ဝတ်အပေါ်ရုံ၌ ကိုင်တွယ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်လက်နှီးနှောမှု (ကာယသံသဂ္ဂ)ကို ပြုခြင်းငှါ ယောက်ျား၏ နှစ်တောင်ထွာ အတွင်း၌ ရပ်ခြင်း, စကားပြောဆိုခြင်း, ချိန်းချက်ရာအရပ်သို့ သွားခြင်း, ယောက်ျား၏လာခြင်းကို သာယာနှစ်သက်ခြင်း, ဖုံးကွယ်ရာအရပ်သို့ ဝင်ခြင်း, နှစ်တောင့်ထွာအတွင်း၌ တည်၍ ကိုယ်ကို ယောက်ျားအနီးသို့ ဆောင်ခြင်း၊ ဤ ဝတ္ထု ရှစ်မျိုးလုံးကို ပြည့်အောင် ပြုကျင့်သော ရဟန်းမသည် အဋ္ဌဝတ္ထုက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိက ကျ၏။ ဦးခေါင်း ပြတ်ပြီးသောသူသည် ကိုယ်နှင့် ဦးခေါင်းကို တဖန်ပြန်ဆက်၍ အသက်မရှင် သကဲ့သို့, အညှာမှကြွေကျသော သစ်ရွက်ရော်သည် နောက်ထပ်တဖန် ပြန်၍ စိမ်းရှင် မလာသကဲ့သို့ နှစ်ခြမ်းကွဲသော ကျောက်ဖျာကြီးသည် တဖန်စပ်သော်လည်း ပကတိ အတိုင်း မဖြစ်သကဲ့သို့ လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တဖန် ပြန်၍ အခက် အရွက်တို့ဖြင့် မစည်ပင်သကဲ့သို့ ပါရာဇိကကျသော ရဟန်း ရဟန်းမသည် သာသနာတော်မှဆုံး ရှုံး၏။ နောက် တဖန် ရဟန်းအဖြစ် မရတော့။ လူဝတ်လဲ ဘိက္ခုနီ လူထွက်လိုသည်ဖြစ်၍ သင်္ကန်းကိုဖြစ်စေ, လူတို့အဝတ်တန်ဆာကိုဖြစ်စေ, လူတို့ ဝတ်ဆင်ပုံအတိုင်း ဝတ်ဆင်သော ရဟန်းမသည် ပါရာဇိကကျ၏။ ရဟန်းမခံရန် တားမြစ်ထားသော ပါရာဇိက ၁၁-ပါး ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်းတို့သည် ရှင်ရဟန်းပြုပေးခြင်း၏ တည်ရာ အကြောင်း ဝတ္ထု မဟုတ်သောကြောင့် လည်းကောင်း, “န ဘိက္ခဝေ ပဏ္ဍုကော ပဗ္ဗာဇေတဗ္ဗော-စသည်ဖြင့် ရှင်ရဟန်းပြု၍ မပေးရ” ဟု တားမြစ်ထားသောကြောင့်လည်းကောင်း ရှင်, ရဟန်းပြုခွင့် မရကြ။ ထေယျသံဝါသက စသော ရှစ်ယောက်, ရဟန်းအသွင်ကိုခိုးသူ, တိတ္ထိဘောင်သို့ ပြောင်းသူတို့သည် ရဟန်းပြု ခွင့်မရသဖြင့် ပါရာဇိကကျသော ရဟန်းနှင့် တူ၏။ အနုလောမ ပါရာဇိက ၄-ပါး အင်္ဂါဇာတ်ရှည်သူသည် “လမ္ဗီ”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်သို့သွင်းသော် ပါရာဇိက ကျ၏။ နူးညံ့ပျော့ပြောင်းသော ခါးရှိသူသည် “မုဒုပိဋ္ဌိက”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါ ဇာတ်ကို မိမိ၏ခံတွင်းဖြင့် စုပ်သော် ပါရာဇိက ကျ၏။ သူတပါး အင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုတ်သူ, သူတပါး၏ အင်္ဂါဇာတ်ပေါ်၌ဖိထိုင် သူတို့လည်း ပါရာဇိကကျသည်။ အနုလောမ ပါရာဇိကကျသူတို့ မည်ကုန်၏။ ကိုးကား ဗုဒ္ဓဘာသာ ရဟန်းဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9B%E1%80%AC%E1%80%87%E1%80%AD%E1%80%80
ပါလီကွေး
ပါလီကွေး ၄၅။ ။ ၎င်း ဝေါဟာရ သင်္ချာကို မှော်ပညာကျမ်းတို့၌ "ဥုံ ဘုရားဟူက မောက္ကလူ ၂၄၊ တရားဟူက ပါလီကွေး ၄၅၊ သံဃာဟူက သံချပ်ဝတ် ၃၇" စသည်ဖြင့် မိမိကိုယ်ကို အကွယ်အကာယူရာ၌ အသုံးချနည်းများအတွက် တွေ့ဘူး၏။ မှတ်ချက်။ ။ ဘုရင့်နောင် စသော စစ်သူကြီးတို့ ဆောင်းသည့်ဦးထုပ်ကို မောက္ကလူ ခေါ်၏၊ ၎င်းင်း မောက္ကလူ သဖွယ် လုံခြုံသော ၂၄-ပစ္စည်းနှင့် ကိုယ်၌စည်းချသည်ကို " မောက္ကလူ ၂၄" ဟုဆိုသည်၊ ထိုအတူ ၄၅-ဝါ ကာလပတ်လုံး ဟောတော်မူ သော တရားတော်များနှင့် ပါလီကွေး သဖွယ် ကိုယ်၌ ဆင်မြန်း ကာရံသည်ကို "ပါလီကွေး ၄၅" ဟုဆိုသည်၊ ထို့အတူ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် သံချပ်ဝတ်သဖွယ် ကိုယ်၌ ဝတ်ဆင်ထားမှုကိုပင် "သံချပ်ဝတ် ၃၇" ဟုသိလေ။ မြန်မာဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9C%E1%80%AE%E1%80%80%E1%80%BD%E1%80%B1%E1%80%B8
ပိသုဏဝါစာ
ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။ (၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊ (၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊ (၃) ဝါယမ- လုံ့လပြုခြင်း၊ ရန်တိုက်ခြင်း၊ (၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။ ပိသုဏဝါစာ ကံ၏ မကောင်းကျိုး (၇)ပါး ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။ (၁) အပါယ်လေးပါးသို့ လားရခြင်း၊ (၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊ (၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊ (၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊ (၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊ (၆) လူများ၏ အမုန်းကိုခံရခြင်း၊ (၇) စိတ်ညစ်ညူးစိုးရိမ်ရခြင်း။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%9E%E1%80%AF%E1%80%8F%E1%80%9D%E1%80%AB%E1%80%85%E1%80%AC
ပီတိ
ပီတိအပြား မျိုး ၅-ပါး ကိုယ်စိတ် နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး တိုးပွား ရွှင်လန်းစေတတ်သော သဘော လက္ခဏာ ၅-ပါး။ (၁) ခုဒ္ဒကာ ပီတိ-ကြက်သီးမွေးညှင်း ထရုံမျှ နှစ်သက် ရွှင်ပျခြင်းမျိုး၊ (၂) ခဏိကာ ပီတိ- လျှပ်စစ်ပြက်သကဲ့သို့ ခဏခြင်းဖြစ်၍ ခဏခြင်းပျက်သော နှစ်သက်ခြင်းမျိုး၊ (၃) ဩက္ကန္တိက ပီတိ- ဒီလှိုင်းကြီးများ အိဖုံးလွှမ်းမိုးသွားသကဲ့သို့ ကိုယ်လုံး၌ လွှမ်းဖုံး သက်ရောက်လာသော ပီတိမျိုး၊ (၄) ဥဗ္ဗေဂါ ပီတိ- နှစ်သက်ခြင်းအဟုန်ဖြင့် မိမိကိုယ်ကို အထက်သို့ ကြွတက် လွင့်မြောက် သွားစေနိုင်သော ပီတိမျိုး၊ (၅) ဖရဏာ ပီတိ- တကိုယ်လုံးကို ဖိမ့် ဆိမ့် အိမ့်သွားအောင် တစိမ့်စိမ့်ကြာမြင့်စွာ ပြန့်နှံ့၍ တည်နေသော ပီတိမျိုး။ ရည်ညွှန်း ပဋိသမ္ဘိဒါမဂ် ။ ပါ။၄၀။ဋ္ဌ။ ပ-အုပ် ၁၆၉။ နှစ်သက်စေတတ် ပွားစေတတ်သော တရားသည် ပီတိမည်၏၊ နှစ်သက်ခြင်း, အာရုံကိုအသင့်အားဖြင့်ယူခြင်းလက္ခဏာ ရှိ၏၊ ကိုယ်စိတ်ကိုပွားစေခြင်း, မွန်မြတ် သောစိတ္တဇရုပ်တို့ဖြင့်ကိုယ်ကာယကို နှံစေခြင်းကိစ္စရှိ၏၊ တက်ကြွသော ကိုယ်စိတ် ဖြစ်ကြောင်းတရားဟူ၍ ဉာဏ်၌ထင်လာ၏၊ ထိုပီတိသည်- (၁) မွှေးညှင်းထရုံသာပြု တတ်သော ခုဒ္ဒကာပီတိ၊ (၂) လျှပ်စစ်ပြက် သကဲ့သို့ အကြိမ်ကြိမ်များစွာဖြစ်သော ခဏိ ကာပီတိ၊ (၃) ကမ်းပေါ်သို့ တက်လာ၍ ပျက်ပျက်သွားသော ပင်လယ်လှိုင်းတံပိုးကဲ့သို့ ကိုယ်သို့တက်ရောက်၍ ပျက်သွားသော ဩက္ကန္တိကာပီတိ၊ (၄) ကိုယ်ကို ပေါ့ပါးကြွတက်စေနိုင်လောက်အောင် အားကောင်းသော ဥဗ္ဗေဂါပီတိ၊ (၅) လေပြည့်သောပူစီပေါင်းကဲ့သို့ တကိုယ်လုံးပျံ့နှံနေ သောဖရဏာပီတိ-ဟု ငါးမျိုးရှိသည်။ ထို ပီတိငါးမျိုး ဖြစ်လတ် ရင့်လတ်သော် ကိုယ်စိတ်ငြိမ်းအေးခြင်းဟူသော ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့ ဖြစ်လာသည်။ ပီတိ၏သားကား ပဿဒ္ဓိ၊ ပဿဒ္ဓိ၏သားကား သုခဖြစ်သည်။ အဘိ၊ဋ္ဌ၊၁။၁၅၈။ ဝိပဿနုပက္ကိလေသ (၁၀)ပါး၌လာသော ပီတိ အရ ဝိပဿနာစိတ်နှင့်တကွဖြစ်သော ပီတိငါးပါးကိုယူရသည်။ ဝိဘာဝိနီ။၂၇၁။
https://my.wikipedia.org/wiki/%E1%80%95%E1%80%AE%E1%80%90%E1%80%AD
ဗုံ
ဗုံ ၃၁-လုံးတို့ အမည်များ သတ္တဝါတို့ နေရာဘုံ ၃၁-ကို အကြောင်းပြုကာ ဆိုင်းဝိုင်း၌ ဗုံ ၃၁-လုံးကို ပြုလုပ်စီမံကြောင်းနှင့် မှတ်သားမိဘူး၏၊ ဤ၌ လေတူရိယာ၏ သံမှန် ၂၁-ပေါက်ကို မူလအခြေခံထား၍ ဆိုင်းဝိုင်း၌ ဗုံ ၂၁-လုံး သွင်းစီကာ ဝိုင်းအပြင်၌ ၁၀-လုံးထားလျက် ပေါင်း ၃၁-လုံးဟု မှတ်ရာသည်၊ ၎င်းတို့အမည်များမှာ- (၁) တပေါက်ကဲမှ (၇) ၇-ပေါက်ကဲ အထိ ၇-လုံး၊ (၈) တေးလုံး၊ (၉) တျောလုံး၊ (၁၀) ဒူးလုံး၊ (၁၁) ဒုန်းလုံး၊ ၎င်း ၄-လုံးကို ပကတိ ၄-လုံးခေါ်၏၊ ဤ ၄-လုံးကိုပင် ဗယ်ညာအားဖြင့် (၁၂) ဗယ်တေး၊ (၁၃) ညာတေး၊ (၁၄) ဗယ်တျော၊ (၁၅) ညာတျော၊ (၁၆) ဗယ်ဒူး၊ (၁၇) ညာဒူး၊ (၁၈) ဗယ်ဒုန်း၊ (၁၉) ညာဒုန်းအားဖြင့် ၈-လုံး ပြထားပြီးနောက် (၂၀) အံထပ် သံမှန်၊ (၂၁) မြင်းစိုင်း၊ ၎င်း ၂၁-လုံးကို ဆိုင်းဝိုင်း၌ သွင်း၍တီးစဉ်၊ ဝေဘန်ဉာဏ် ကျယ်လာပြန်ကာ ဘုံ ၃၁-နှင့် အသံတူပြုပြီး ၆-လုံးပတ်, စည်တို, စခွန့်, ပတ်မကြီး, ပတ်တော, ဤ ဆယ်လုံးကို ထွင်ပြန်၍ ပေါင်း ဗုံ ၃၁-လုံး ဖြစ်လာသည် ဟူ၏။ တူရိယာ
https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%B6
ပုဏ္ဏမီနက္ခတ်
ဤ၌ အင်္ဂုတ္တိုရ် အဋ္ဌကထာလာ ၁၃-ပါး သရုပ်ကိုသာရည်၍ ၁၃-လုံးဟု ပြသည်၊ အခြား ရာဇမတ္တဏ်ကျမ်းလာ နက္ခတ်စု စသည်လည်း များစွာ ရှိသေး၏၊ ပြည့်ဖြိုးဝန်းစက်သော လပြည့်နေ့ညဉ့် လမင်းနှင့်ယှဉ်သော နက္ခတ်ကို ခေါ်သည်။ (၁) စိတြနက္ခတ်- တန်ခူးလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်၊ (၂) ဝိသာခါနက္ခတ်- ကဆုန်လပြည့်နေ့ညဉ့် ၎င်း၊ (၃) (၄) ဇေဋ္ဌနက္ခတ်- မူလနက္ခတ် ၂-လုံး-နယုန်လပြည့်နေ့ညဉ့် ၎င်း၊ (၅) ဥတ္တရာသဠ် နက္ခတ်- ဝါဆိုလပြည့်နေ့ညဉ့် ၎င်း၊ (၆) သရဝဏ် နက္ခတ်- ဝါခေါင်လပြည့်နေ့ညဉ့် ၎င်း၊ (၇) ဘဒြနကနက္ခတ်- တော်သလင်းလပြည့်နေ့ညဉ့် ၎င်း၊ (၈) အဿဝဏီနက္ခတ်- သီတင်းကျွတ်လပြည့်နေ့ညဉ့် ၎င်း၊ (၉) ကြတ္တိကာနက္ခတ်- တန်ဆောင်မုန်းလပြည့်နေ့ညဉ့် ၎င်း၊ (၁၀) မိဂသီနက္ခတ်- နတ္တော်လပြည့်နေ့ညဉ့် ၎င်း၊ (၁၁) ဖုသျှနက္ခတ်- ပြာသိုလပြည့်နေ့ညဉ့် ၎င်း၊ (၁၂) မာဃနက္ခတ်-တပို့တွဲလပြည့်နေ့ညဉ့် ၎င်း၊ (၁၃) ဖဂ္ဂုနီနက္ခတ်-တပေါင်းလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်။ ကိုးကား မြန်မာ့ရိုးရာ နက္ခတ်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%8F%E1%80%B9%E1%80%8F%E1%80%99%E1%80%AE%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%90%E1%80%BA
ပုထုဇဉ်
ပုထုဇဉ် ၂-မျိုး အကန်းနှင့် အကောင်း ခြားနားမှု။ (၁) ကလျာဏပုထုဇန်-ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုသိ၍ ကောင်းသော ပုထုဇန် တမျိုး၊ (၂) အန္ဓ ပုထုဇန်- ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုမသိမူ၍ အကန်းနှင့်တူသော ပုထုဇန်ဟု ၂-မျိုးမှတ်ရာသည်။ နိဒါနဝဂ္ဂ သံယုတ်။ဋ္ဌ။၉၀-၌ အကျယ်ရှု။ ပုထုဇန် ၄-ယောက် အရိယာမှ သီးခြားဖြစ်သူ, ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက် ဟူလို။ (၁) ဒုဂ္ဂတိအဟိတ် ပုထုဇန်- အပါယ် ၄-ဘုံသားများ၊ (၂) သုဂတိအဟိတ် ပုထုဇန်- လူ့ဘုံ၌ ငကန်း, ငဆွန့်, ငအ, ငထိုင်းများ၊ (၃) ဒွိဟိတ် ပုထုဇန်- ကာမသုဂတိ ၇-ဘုံသားများ၊ (၄) တိဟိတ် ပုထုဇန်- အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။ ပုထုဇန် ဝေါဟာရမျိုး ၄-ပါး။ ။ သံဂီတိသုတ်၌ ပါရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%91%E1%80%AF%E1%80%87%E1%80%89%E1%80%BA
ပုဏ္ဏား
လူတို့တွင် အမျိုးလေးပါး ရှိသည့်အနက် ပုဏ္ဏားသည် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကမ္ဘာဦး အစက လူတစ်မျိုးတည်း ရှိရာမှ ဥက္ကဋ္ဌဇာတိ အမြတ်မျိုးနှင့် ဟိနဇာတိ အယုတ်မျိုးဟူ၍ နှစ်မျိုး ကွဲလာ၏။ ထိုနှစ်မျိုးမှ တဖန် ခတ္တိယဂေါတ္တ ခေါ် မင်းမျိုး ၊ ဗြဟ္မဏ ဂေါတ္တ ခေါ် ပုဏ္ဏားမျိုး ၊ ဝေဿဂေါတ္တခေါ် ကုန်သွယ် လယ်လုပ်မျိုး နှင့် ဒလိဒ္ဒဂေါတ္တ ခေါ် သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါး ကွဲလာပြန်သည်။ ထိုအမျိ်ုးလေးပါးတို့တွင် ပုဏ္ဏားမျိုးသည် မကောင်းမှုကို မပြုပဲ တောတွင်နေထိုင်ပြီး မြတ်သောအကျင့်ကို ကျင့်ကာ ဆွမ်းခံဝတ်ဖြင့် အသက်မွေး၍ ဈာန် ကို ဖြစ်စေသူ ၊ အကယ်၍ ဈာန်မရနိုင်လျှင် မြို့ရွာအနီး၌ နေ၍ ဗေဒင်သင်ကြား သားမယားမယူပဲ နေသူတို့က စတင် ပေါက်ဖွားလာသည်ဟု ဆိုကြသည်။ ရခိုင်ရာဇဝင်၌မူ ဆေး ၊ မန္တာန် ၊ ယတြာ ဗေဒင်တို့ကို မသင်ပဲ ဗြဟ္မစရိယ အကျင့်မြဲလျက် မင်းများထံ ဘိသိက်ဆက်ရသူဟု အဆိုရှိလေသည်။ သက္ကတကျမ်းများတွင်မူ ဗြဟ္မာမင်း၏ ခံတွင်းလေးမျိုးမှ လူများ ပေါက်ဖွားရာ၌ ပုဏ္ဏားသည် ခံတွင်းအဖြူမှ ပေါက်ဖွားသူဟု ယူဆကြလေသည်။ ပုဏ္ဏားကို အမျိုးမျိုး ခွဲကြလေသည်။ သာသနာတော် ကျမ်းများ၌ ပုဏ္ဏား ဆယ်မျိုးကွဲ၍ သက္ကတ ကျမ်းများ၌ ပုဏ္ဏား လေးမျိုး ကွဲလေသည်။ သက္ကတကျမ်းများအရ မင်းမှီစိုးကပ်ခြင်း မပြု ၊ ကုန်စည်မသွယ် ၊ လယ်ယာမလုပ် ၊ အစေအပါးမခံ ၊ အလှူခံခြင်း ဟောပြောခြင်းဖြင့်သာ အသက်မွေးသော ဗြဟ္မဏ ပုဏ္ဏားမျိုး ၊ မင်းမှီစိုးကပ် သူရဲသူခက် အလုပ်ဖြင့် အသက်မွေးသော ခေတြပုဏ္ဏားမျိုး ၊ လယ်ယာ လုပ်ဆောင်ခြင်း ၊ ကုန်သွယ်ခြင်းဖြင့် အသက်မွေးသော ဗိသျှပုဏ္ဏားမျိုး နှင့် အစေအပါးခံ၍ အသက်မွေးသော သုဒြပုဏ္ဏားမျိုး ဟူ၍ လေးမျိုး ခွဲထားလေသည်။ ပုဏ္ဏားမျိုး ၄-ပါး ဒေါနသုတ် နိပါတ်တော်လာ၊ ၎င်းတို့၏ အနက်အဓိပ္ပာယ်ကို အောက်ပါ "မာဃဒေဝလင်္ကာသစ်" စကားဖြင့် ထင်ရှားစေအံ့၊ (၂-၉ ပိုဒ်)၊ "ထိုမှတသွန်၊ ကြာမြင့်လွန်၍၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလအခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင်တခု၊ ကျမ်းစာပြု၍၊ သုတိတပေါ၊ ယောနိ တောသား၊ တယောအင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာမခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင်မြတ်လှ၊ (၁) ဗြာဟ္မဏရိုး၊ ရဲကိုးရဲကား၊ ရဲခွန်အားနှင့်၊ ခစားမင်းထံ၊ မင်းကြံမင်းတု၊ မင်းမှုကိစ္စ၊ ရွက်ဆောင်ကြသား၊ (၂) ခတြရိုး၊ ရောင်းမျိုးဝယ်မှု၊ ယာလယ်စုနှင့်၊ လုပ်ဥပကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊ (၃) ဗိသျှအရိုး၊ နွမ်းညှိုးဝမ်းစာ၊ ဆင်းရဲစွာနှင့်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊ (၄) သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှပွား၍၊ ထင်ရှားလူဝယ်၊ ဆင်စလွယ်နှင့်၊ စင်ကြယ်ကျင့်ဝတ် သိက္ခာတည်း။" (၂၇၁ ပိုဒ်၌) "အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်" ဟုမိန့်ဆိုထားလေသည်။ ပုဏ္ဏားမျိုး ၉-ပါး ၎င်း သရုပ် အဓိပ္ပာယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။ (၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊ (၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊ (၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊ (၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊ (၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊ (၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊ (၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊ (၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊ (၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။ နိမိတ်ဖတ် ပုဏ္ဏားတော် ၈-ယောက် အလောင်းတော်မင်းသား ဖွားမြင်ရာ၌ လက္ခဏာတော်နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက် ရှိသည်။ ရာမပုဏ္ဏား၊ ဓဇ၊ လက္ခဏ၊ မန္တိ၊ ကောဏ္ဍည၊ ဘောဇ၊ သုယာမ၊ သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။ ကိုးကား ဘာသာရေး ယဉ်ကျေးမှု
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%8F%E1%80%B9%E1%80%8F%E1%80%AC%E1%80%B8
ပုဒ်
ပုဒ် ၃-ပါး စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။ (၁) ဧကက္ခရပုဒ်- အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊ (၂) အနေကက္ခရပုဒ်-အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊ (၃) အနေက ပဒပုဒ်- ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊ ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။ မြန်မာစာ သဒ္ဒါ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%92%E1%80%BA
ပံ့သကူ
ပံ့သကူ (အသံထွက်: /ပန့်သှဂူ/ ) ကို ပါဠိဝေါဟာရဖြင့် ပံသုကူလ ဟုခေါ်ဆိုကာ စွန့်ပစ်ထားသည့် သင်္ဃန်း ဟူ၍ အနက်ရရှိသည်။ ပါဠိစကားလုံး ပံသုကူလ သည် "မြေမှုန့် အပုံအစု'' အဖြစ်လည်းကောင်း "ပံသုကူ(ပံ့သကူ) သင်္ဃန်း" အဖြစ်လည်းကောင်း အဓိပ္ပာယ်ရရှိသည်။ ပံ့သကူပစ်ခြင်းဟု ဆိုရာ၌ ငွေ၊ သင်္ကန်း၊ အဝတ်စသည်ကို ထိုက်သူယူစေရန်၊ အမှိုက်ပုံလမ်းဘေးတို့၌ စွန့်ပစ်ထားသည် ဟုဆိုလိုပေသည်။ ပုံမှန်အားဖြင့် ပံ့သကူပစ်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ည၌ ပြုလုပ်ကြသည်။ ပံ့သကူအဝတ်မျိုး ဆယ်ပါး ရဟန်းတော်များ ပံ့သကူကောက်ယူအပ်သော ပံ့သကူအဝတ်မျိုး ဆယ်ပါးရှိသည်။ သောသာနိကံ- သုသာန်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး၊ ဥန္ဒူရခါယိတံ- ကြွက်ကိုက်၍ စွန့်ပစ်ထားသော ၎င်း၊ ဥပစိက ခါယိတံ-ခြစား၍ စွန့်ပစ်ထားသော ၎င်း၊ အဂ္ဂိ ဒဎ္ဍုံ- မီးလောင်, မီးပေါက်၍ စွန့်ပစ်ထားသော ၎င်း၊ ဂေါ ခါယိတံ- နွားခဲစား၍ စွန့်ပစ်ထားသော ၎င်း၊ အဇိကာ ခါယိတံ- ဆိတ် ခဲစား၍ စွန့်ပစ်ထားသော ၎င်း၊ အဘိသေကိယံ- အဘိသိက်ပွဲ၌ စွန့်ပစ်ထားသော ၎င်း၊ ထူပ စီဝရံ- စေတီပုထိုး၌ လှူထားသော ၎င်း၊ ပါပဏိကံ- အိမ်ဈေးအနီး၌ စွန့်ပစ်ထားသော ၎င်း၊ ဘတ ပဋိယာတံ- သုသာန် လိုက်ပို့သူတို့ ပြန်လာသောအခါ အမင်္ဂလာဟုစွန့်ပစ်လိုက်သော အဝတ်ပုဆိုး။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%B6%E1%80%B7%E1%80%9E%E1%80%80%E1%80%B0
စိန်
ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိန်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။ ထူးခြားသည့် တောက်ပလင်းလက်မှု စိန်ကိုကြည့်လျှင် စိန်၏ ပင်ကိုအလင်းရောင်ဖြင့် တဖိတ်ဖိတ်တောက်ပနေသည်ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထိုအလင်းရောင်သည် စိန်၏ ပင်ကိုအလင်းရောင် မဟုတ်ပေ။ အလင်းရောင်သည် ရေ၊ ဖန်ထည်ပစ္စည်း စသည်တို့တွင် ဖြတ်သန်းသွားသောအခါ မူလလမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင်သွားတတ်သည်။ အလင်းရောင်သည် စိန်ကိုဖြတ်သွားသောအခါတွင်မူ ပိုမိုယိမ်းယိုင်သွားလေ့ရှိသည်။ ထို့ကြောင့် အကွက်ဖော်ထားသော စိန်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့်အခါ အလင်းရောင်သည် အပြင်ဘက်သို့ တစ်မဟုတ်ချင်း ထွက်မသွားဘဲ အတွင်းသို့ ရိုက်ဟပ်သွားသည်။ တစ်ဖန် ထိုအလင်းရောင်သည် စိန်၏အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင်သွားပြီး နောက်ဆုံးမှသာ အပြင်သို့ ထွက်သွားသည်။ စိန်ကို အလင်းရောင်အောက်တွင် ထုတ်ထားသောအခါ စိန်အတွင်း၌ အလင်းရောင်ခိုအောင်းလေ့ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင်ကပင်လျှင် စိန်ကို အရောင်တဖိတ်ဖိတ် တောက်ပစေသည်။ ထိုသို့ အရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသော စိန်သည် ဓာတ်သဘော အလိုအားဖြင့် ကာဗွန် (Carbon) မျှသာ ဖြစ်သည်။ ရှေးပေ၀သဏီအချိန်က ကမ္ဘာမြေအတွင်း၌ရှိသည့် ကာဗွန်သည် အပူရှိန်ကြီးမားခြင်းကြောင့် အရည်ဘဝတွင် တည်နေခဲ့၏။ ထိုသို့ တည်ရှိနေစဉ် အထက်မှ အလွန်ကြီးမားသော ဖိအားသက်ရောက်လာမှုကြောင့် မည်းနေသော ကာဗွန်ဘဝမှ အဖိုးတန်သော စိန်ဘဝသို့ ပြောင်းလာခဲ့သည်။ လူတို့လက်လှမ်းမီရာသို့ စိန် ရောက်ရှိလာပုံ သိပ္ပံပညာရှင်တို့က စိန်သည် ကမ္ဘာ့မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့်နက်သော မြေလွှာများအကြား၌ စတင်ပေါ်ခဲ့၍သာ ထိုအရပ်ရှိ ပြင်းထန်သော ဖိအားနှင့် အပူရှိန်တို့ကြောင့် ထိုမျှ မာကျောနေရခြင်းဖြစ်သည်ဟု ကောက်ချက်ချကြသည်။ သို့သော် နက်ရှိုင်းလှစွာသော အရပ်၌ မွေးဖွားခဲ့သော စိန်တို့သည် လူတို့လက်လှမ်းမီသော အနက်သို့ မည်သို့မည်ပုံ တက်ရောက်လာကြသည်ကို အစပထမ နားမလည်ခဲ့ကြချေ။ မကြာသေးမီကမှ အမေရိကန် သိပ္ပံပညာရှင်တစ်ဦး၏ သုတေသနပြုချက်အရ စိန်တို့ မြေလွှာအပေါ်ပိုင်းသို့ တက်လာပုံကို ခန့်မှန်းခဲ့ကြသည်။ သူ၏အလိုအရ စိန်တို့သည် အစိတ်စိတ် ကွဲအက်နေသော ကမ္ဘာ့မြေလွှာများ၏ လှုပ်ရှားမှုကြောင့် ကမ္ဘာ့အတွင်းပိုင်းရှိ ရေ၊ ဓာတ်ငွေ့များနှင့် အတူရောကာ မြေလွှာများအကြားမှ တဖြည်းဖြည်း တက်လာခဲ့ကြသည်။ ပြင်းထန်သော ဖိအားဖြင့် အဖိခံနေခဲ့ကြရသော ရေပူနှင့် ဓာတ်ငွေ့တို့သည် အပေါ်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ အဖိခံနေရမှု တဖြည်းဖြည်း လျော့နည်းလာသောအခါ အပူလွန်ရေဘဝမှ ရေငွေ့ဘဝသို့ ပြောင်းလဲလာခဲ့ကြသည်။ နောက်ဆုံး မြေပြင်ပေါ်သို့ အရောက်တွင် ရေပူပန်းကြီးများပမာ ပန်းထွက်ကြရာ မြေပြင်၌ တွင်းကြီးဖြစ်၍ ကျန်ခဲ့သည်။ လေထဲသို့ ပန်းထွက်နေသော စိန်ပါဝင်သည့် မြေသားကျောက်သားတို့သည် ရေပန်းပြီး အရှိန်သေသွားသောအခါ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြန်ကျ၍ တွင်းကြီးသည်လည်း မြေစာများဖြင့် ပြန်ပိတ်မိသွား၏။ ဤနည်းဖြင့် စိန်သည် လူတို့လက်လှမ်းမီသော အရပ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ဟု ယူဆကြလေသည်။ စိန်နှင့်အတူ ယှဉ်တွဲ တွေ့ရှိရသော ကျောက်တုံးတို့သည် အခြားကျောက်တုံးတို့ကဲ့သို့ မဟုတ်ဘဲ လုံးဝန်းညီညာနေရခြင်းမှာ ကမ္ဘာ့အတွင်းပိုင်းမှ ပန်းထွက်လာစဉ်က တွင်း၏ ဘေးပတ်လည် မြေသားများနှင့် အခါခါ ပွတ်တိုက်မိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ အချို့စိန်တုံးများတွင် အဏုကြည့် မှန်ဘီလူးဖြင့်သာ မြင်နိုင်သော ရေမှုန်များ၊ မီသိန်းဓာတ်ငွေ့၊ အီသိုင်းအယ်လ်ကိုဟော စသည့် ဓာတ်ငွေ့များ ရော၍ ပါနေတတ်သည်ကို ကြည့်ခြင်းအားဖြင့် ယင်းဓာတ်ငွေ့များသည့် စိန်ဖြစ်ပေါ်ရာ ကမ္ဘာ့အတွင်းပိုင်း မိုင် ၈၀ မှ ၁၂၅ မိုင် အနက်ခန့်၌ ရှိသည်ဟု ယုံကြည်ရလေသည်။ စိန်ထွက်ရှိသော နိုင်ငံများ စိန်ကို မည်သည့်နှစ်က စတင်တွေ့ရှိသည်ဟု တိတိကျကျ မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စတင်တွေ့ရှိ သုံးစွဲခဲ့သော နေရာမှာ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါအရပ်၌ဖြစ်ပြီး အချိန်မှာ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့်ကဟု ယူဆရပေသည်။ ၁၈ ရာစု၌ အိန္ဒိယပြည်မှ စိန်တွင်းကြီးများ ကုန်ခမ်းခဲ့ပြီးနောက် စိန်ကို ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည်။ သို့သော် ထိုတွင်းများမှာလည်း မကြာမီ ကုန်ခမ်းသွားခဲ့၏။ ယခုအခါ ကမ္ဘာပေါ်တွင် ရလျက်ရှိသော စိန်တို့အနက် ရာခိုင်နှုန်း(၉၀)မှာ အာဖရိကတိုက် တောင်ပိုင်းမှ ဖြစ်သည်။ ထိုဒေသတွင် စိန်တွင်းများ တွေ့ရှိပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များရှိလေသည်။ ၁၈၆၇-ခုနှစ်ခန့်က ဩရိန်း(Orange)မြစ်တစ်နေရာရှိ ဗိုးဝါး လူမျိုး ကလေးတစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး၍ ကျောက်ချဉ်နှင့် သဏ္ဌာာန်တူသည့် ကျောက်တစ်လုံးကို တွေ့ရှိကြ၏။ ထိုကျောက်မှာ အခြားကျောက်စရစ်များထက် ကြီး၍ အရောင်လည်းတောက်ပသောကြောင့် ထိုကလေးတစ်စုသည် ထိုကျောက်ကို မိမိတို့မိခင်ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူက အိမ်နီးနားချင်းဖြစ်သူ ဗန်နီကပ်ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည်တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။ ၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။ ဤသတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူတို့သည် စိန်ဖြင့် စီးပွားရှာရန် စိတ်ဝင်စားလာကြပြီးလျှင် အာဖရိကတိုက်သို့ လာရောက်၍ စိန်တွင်းများကို ရှာဖွေကြ၏။ ထိုအချိန်မှစ၍ တောင်အာဖရိက စိန်တွင်းများသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။ စိန် အသုံးဝင်မှု လူတို့သည် စိန်ကို ကျောက်မျက်ရတနာအဖြစ် အသုံးပြုကြသည်သာမက အလွန်မာကျောသောကြောင့် စက်မှုလုပ်ငန်းများတွင်ပါ အသုံးပြုလာကြသည်။ စိန်ကို ဖန်၊ မှန်၊ ကြွေထည်များကို ဖြတ်တောက်ရာတွင်လည်းကောင်း၊ သွားပေါက်ဖာရာတွင် အသုံးပြုသည့် စက်များတွင်လည်းကောင်း၊ နာရီအတွင်းရှိ ဘယ်ရင်များတွင်လည်းကောင်း၊ ရေနံတွင်းများ တူးသည့်အခါ လွန်များအဖြစ်လည်းကောင်း၊ အရောင်တင်ရာတွင်လည်ကောင်း အသုံးပြုကြသည်။ ထို့ပြင် စိန်ကို အခြားသော နေရာအများအပြား၌လည်း အကျိုးရှိစွာ အသုံးချနေသည်။ သောကြာဂြိုဟ် (Venus) ကို စူးစမ်းရာ၌ ကမ္ဘာပေါ်တွင်ထက် အဆတစ်ရာများသော ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှရှိသော အပူဒဏ်ကို ခံနိုင်ရန်အတွက် အာကာသယာဉ်၏ ပြတင်းပေါက်ကို စိန်ဖြင့် ပြုလုပ်ခဲ့ရသည်။ ခွဲစိတ်ကိရိယာများကို စိန်ဖြင့်ပြုလုပ်ပါက အသားမျှင်များအား လိုသည်ထက် ပို၍ မပေါက်ပြဲစေခြင်း၊ နှုတ်ခမ်းသားများမှာ ဖွာလန်ကြဲမနေဘဲ တိတိရိရိ ရှိခြင်းတို့ကြောင့် မျက်လုံးအတွင်း တိမ်ကိုခွဲရာတွင် စိန်ထိပ်ဖူးတပ် ခွဲစိတ်ကိရိယာများကို သုံးကြသည်။ စိန်၏ အခြား သတ္တိထူးတစ်မျိုးမှာ အပူဓာတ်တို့ကို ကောင်းစွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြယ်များ၏ အပူချိန်ကို တိုင်းတာရာ၌ စိန်ကို အသုံးချရသည်။ စိန်ပြတင်းပေါက် တပ်ထားသော နက္ခတ်ကြည့်မှန်ပြောင်းကို လေယာဉ်ဖြင့် သယ်ဆောင်ပြီး အမြင့်ပိုင်းသို့ ရောက်သောအခါ ကြယ်အလင်းရောင်ကို မှန်ပြောင်းအတွင်းရှိ စိန်ပြတင်းပေါက်ကို ဖြတ်သန်းစေရမည်။ ကြယ်အလင်းရောင်၏ အပူဓာတ်မှာ အလွန်တရာမှ အားလျော့လှသော်လည်း ယင်းအပူဓာတ်ကိုပင် စိန်က စုပ်ယူကာ အပူချိန်တိုင်းတာရေး ကိရိယာသို့ ပို့လွှတ်ပေးခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။ ထို့ပြင် လေယာဉ်ပြေးလမ်းများ ချောမွတ်နေပါက လေယာဉ်ဘီးချော် ပျက်စီးနိုင်သဖြင့် လမ်းတစ်လျှောက် မြောင်းငယ်များဖော်ပေးသော ကိရိယာများ၌ မာကျောသော သတ္တိပိုင်ရှင် စိန်ကို မသုံးလျှင်မဖြစ်ချေ။ အရည်အသွေးကိုတိုင်းတာပုံ စိန်၏အရည်အသွေးကို အင်္ဂလိပ်အက္ခရာ ဖြစ်သော စီ(C)လေးလုံးဖြင့် မှတ်သားကြသည်။ ၎င်းတို့မှာ အရောင်(Colour) ကာရတ်ချိန်(Carat weight) သန့်စင်မှု(Clarity) သွေးကွက်(Cut) တို့ဖြစ်ကြသည်။ အရောင် စိန်၏ အရည်အသွေးကို တိုင်းတာသည့်စံနှုန်းများအနက် အချက်တစ်ချက်ဖြစ်သည့်အရောင်ကိုဦးစွာရှင်းလိုသည်။ စိန်၏အရောင်ကို အင်္ဂလိပ် အင်္က္ခရာများဖြင့် သတ်မှတ်ကြပြီး အင်္က္ခရာ ဒီ(D) မှ ဇတ်(Z) အထိဖြစ်သည်။ အဆင့် ဒီ(D)ဖြစ်သည့် အရောင်မှာ အရောင်မဲ့ဖြစ်ပြီး အဆင့် ဇတ်(Z) မှာအဝါဖြစ်ကာ အလှဝတ်ထက် ဖန်စီဝတ်အဖြစ်သာ သုံးစွဲတတ်ကြသည်။ အရောင်ပါဝင်ရခြင်းမှာ စတင်ဖွဲ့စည်းဖြစ်တည်စဉ်ကတည်းက ကာဗွန်ဒြပ်စင်တွင် အခြားသောဒြပ်များ ရောနှောပါဝင် လာခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင်ဒြပ်စင် အနည်းငယ်ပါဝင်ခဲ့လျှင် အဝါရောင်သန်းပြီး၊ ဘိုရွန်ဒြပ်စင်ပါဝင်လျှင် အပြာရောင်သန်းသွားသည်။ ထိုကဲ့သို့ ဒြပ်စင်များသာမကပဲ အခြား ကျောက်အစိုင်အခဲလိုက် ပါအောင်း ဝင်ဧည့်ကျောက် အဖြစ်ပါဝင်သည်ကို လဲရှားပါးစွာ တွေ့ရတတ်သေးသည်။ အထူးသဖြင့် စိန်အတွင်းတွင် ပါဝင်လေ့ရှိသည့် အစိုင်အခဲမှာ ကျောက်မျက်တန်း မဝင်သော်လည်း အတန်အသင့်လူကြိုက်များသည့် ဇာဂွန် (Zircon) ဖြစ်တတ်သည်။ ကာရတ်ချိန် စိန်၏တန်ဖိုးကို သတ်မှတ်ပေးသည့်အခြားအချက်မှာ အလေးစီးချိန်ပင်ဖြစ်သည်။ မြန်မာ့ဈေးကွက်တွင် ၄ လုံးစီး၊ ၈လုံးစီး အစရှိသဖြင့် နားရည်၀ကြသည်။ အမှန်တွင် ကမ္ဘာသုံးသော စိန်၏အလေးယူနစ်မှာ ကာရတ်(Carat) (1 Carat = 0.2 g; 0.007055 oz) ဖြစ်သည်။ ကာရတ်ချိန်များသည်နှင့်အမျှ ဈေးနှုံးမှာလည်း စပွားမြင့်တက်သွားလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ကာရတ်အလေးရှိသည့်စိန်တစ်ပွင့်၏ တန်ဖိုးမှာ ဒေါ်လာ တစ်ထောင်ဖြစ်လျှင် ၎င်းနှင့် အရည်အသွေးတူသည့် အလေးချိန် နှစ်ကာရတ်စိန်၏တန်ဖိုးမှာ ဒေါ်လာ သုံးထောင်ကျော်သွားသည်။ သန့်စင်မှု သန့်စင်မှုမှာလည်း စိန်၏ဈေးနှုန်းကို သတ်မှတ်သည့်အချက်တွင်အပါအဝင်ဖြစ်သည်။ အတွင်းနှင့်အပြင် မျက်နှာပြင်များပါ အပြစ်အနာကင်းပြီး အရည်အသွေး အကောင်းဆုံး စိန်မှာ ရှားပါးလှသည် ဖြစ်ရာတန်ဖိုးထားသည်မှာ မဆန်းပေ။ စိန်၏အတွင်းတွင် အောင်းဝင်သည့် လေပူပေါင်းလေးများ၊ အပ်ဖျားတစ်ထောက်စာအနာလေးများ၊ အမျှင်တန်းလေးများအစရှိသည့် အချက်များ အပါအဝင် မျက်နှာပြင်များပေါ်တွင်လည်း မလိုလားအပ်သည့် အနာအစာ၊ ခြစ်ရာများအစရှိသည်တို့ကို အသေးစိတ်ရှာဖွေပြီးမှသာ သင့်တော်သည့်တန်ဖိုးကို သတ်မှတ်ကြခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် အသုံးပြုသည့် စမ်းသပ်ကိရိယာမှာ ၁၀ဆချဲ့ လက်ကိုင်အိတ်ဆောင်မှန်ဘီလူး (10xLens)(Loap) ဖြစ်သည်။ အကယ်၍ အဆိုပါ အိတ်ဆောင်မှန်ဘီလူးငယ်ဖြင့် စစ်ဆေးကာ အပြစ်အနာကင်းလျှင် ထိုစိန်ကို အပြစ်အနာကင်းသောစိန် (Loapclean သို့မဟုတ် 10xclean) ဟုသတ်မှတ်သည်။ ဓာတ်ခွဲစမ်းသတ်ခန်းများတွင်မူ ထိုအဆင့်မျှမကပဲ အနုစိတ်မှန်ဘီလူး (Microscope) ဖြင့်အသေးစိတ် စစ်ဆေးပါသည်။ သွေးကွက် သွေးကွက်မှာလည်းအလွန်အရေးပါသည့် အချက်ဖြစ်သည်။ အရောင်တောက်ပသည့်စိန်အတွက် အတောက်ပဆုံးသော အလင်းပြန်မှုမျိုးကိုရရှိပြီးဆွဲဆောင်အားကောင်းနိုင်ရန် သွေးကွက်က ထိန်းချုပ်ပုံဖော်ပေးသည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသွေးကွက်မှာ ဘယ်လ်ဂျီယံသွေးကွက် ခေါ် ဘယ်လီရီးယမ့်သွေးကွက်(Brilliant cut)ဖြစ်သည်။ ထိုသွေးကွက်အပြင်ရရှိသည့်စိန်အရိုင်းတုံး၏ အရွယ်နှင့် ပုံသဏ္ထန်အနေအထား၊ ဖောက်သည်၏အကြိုက်တို့ကိုလိုက်၍သွေးဖြတ်ကြပါသေးသည်။ တွေ့ရှိရတတ်သည့် သွေးကွက်ပုံများမှာ မျက်ရည်စက်ပုံ(pear shape)၊ လှေပုံ(သို့မဟုတ်)ကျစုသီးပုံ(Boat / marquise shape cut)၊ မင်းသမီးပုံ(စတုရန်းကွက်ပေါ်အခြေခံသည့်ပုံ)(Princess cut)၊ ဘဲဥပုံ(Oval shape)၊ အသဲပုံ(Heart shape) အစရှိသည်တို့ဖြစ်ကြသည်။ ကိုးကား စိန် ပုံဆောင်ခဲများ ဖောက်ထွင်းမြင် ပစ္စည်းများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA
ဝါရီရူးမင်း
မဂဒူးမင်းဆက် (သို့) ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူးမင်း (၁၂၅၃–၁၃၀၇) (မြန်မာသက္ကရာဇ် ၆၁၄–၆၆၈)သည် မင်းမျိုးမင်းနွယ် မဟုတ်ပဲ ဆင်းရဲသားဘဝမှ ကြံရည်၊ ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ် မင်းအဖြစ်သို့ ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိသည်။ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ဘဝအစ သက္ကရာဇ် ၆၁၄ နှောင်း တန်ခူးလဆုတ် ၄ ရက်တွင် (၂၀ မတ် ၁၂၅၃) ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်⁠ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက် စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်းတွင် အထမ်းသမားတစ်ဦး နာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်ဖြစ်သူ မဂဒူးထမ်းရသည်။ တောင်ထိပ်တစ်ခုသို့ ရောက်လျှင် အခါမဟုတ် မိုးများအုံ့ဆိုင်းပြီး မဂဒူး ထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။ မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့အရပ်တွင် အရောင်အလျံတောက်ပသည့် နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြာသာဒ်၏ အရောင်ကြောင့် အနောက်ဘက်တွင်လည်း နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြန်သည်။ ထိုအခါ မဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင်မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင်ပို့ပေါ်တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။ ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ ဉာဏ်စွမ်းကို အသိအမှတ်ပြု၍ အရှေ့ဘက်တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဘက်ရှိ ဘုန်းကြီးသည့် မင်း၏အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။ သို့ဖြင့် မဂဒူးသည် အရှေ့ဘက်ရှိ အကြီးဆုံး သတ္တဝါဆိုသည့်အတိုင်း သောက္ကတဲမင်း၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကတဲမင်း ဗြရောင်လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ်ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်းအပြင်ကို စောင့်ကျပ်ရသည့် ဝင်းမှူးဖြစ်လာတော့သည်။ ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးလှသောကြောင့် "စောဍိဍံရည်" ဟူသောဘွဲ့ကိုလည်းပေးသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။ ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။ မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက်သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် "မေနှင်းသွယ်တာ”(မေဏင်သောဲဍာ) နှင့် ငြိစွန်းရည်ငံ မိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှတစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာ ရတနာများနှင့်တကွ ဆင်ထက်တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀⁠၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ ပြန်ပြေးလေသည်။ နောက် တကော့ဝန်းသို့ ရောက်လျှင် မြို့တည်လျက် မင်းပြုနေသည်။ မုတ္တမကိုသိမ်းယူခြင်း မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထားသည့် အလိမ်မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်းထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ်မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရွန်အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမ သို့ပြောင်းရွေ့သိမ်းပိုက်၍မင်းပြုလေသည်။ မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့်၊ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။ သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော်မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူး ဟုသာ ခေါ်ကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ်သူနှင့် ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာသို့ ရောက်လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်းထဲသို့တွန်းချကာ ကြဌာန်းတိုင် ထူကြသည်။ မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး ၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှ သေသည်။ ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း ၈ ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ အနောက်ဘက်သို့သွားကာ လွန်မည်ဟု နိမိတ်ဖတ်ကြသည်။ မုတ္တမ နှင့် မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့်သတင်းကိုကြားလျှင် နောက်လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ်များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော်အမျက်ပြင်းစွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့်အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဘက် မုတ္တမ တစ်လွှားတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။ ပဲခူးအားသိမ်းပိုက်ခြင်း ထိုစဉ်ကပဲခူးမှာပုဂံလက်အောက်ခံသာရှိနေသေးသည်။ သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင်အခွန်ကောက်အရာရှိဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုးပမ်းတော့သည်။ ထိုအခါ ပုဂံမင်း(တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲအောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ်တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန်ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီးရုပ်ကို မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။ စေတသူကြီးလည်း ယုံမှတ်ကာ ၎င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာ တို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။ ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူ ကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ်သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူ နန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲမွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြုချိန်နှင့်တစ်ချိန်တည်းတွင်ဖြစ်သည်။ သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြုကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။ မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်းရန် စေလွှတ်လေသည်။ တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူးအား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့စစ်ကူရန်ချီတက်လေသည်။ ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန် တပ်ကိုသာမက ဟင်္သာတ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ်အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင်အင်းလျားသို့ရောက်သော် အကောက်ကြံလိုသော တရဖျားက မဂဒူးအား အောင်ပွဲကြီးခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီးစီစဉ်မည့်အကြောင်း၊မဂဒူးအား မြို့ပြင်တွင်စခန်းချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။ နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီး မဂဒူးတပ်ချသည့်နေရာသို့တိုက်ရန်ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိသ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။ သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမ မှအနောက်ဘက် ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိသည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များတောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။ သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။ တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစားစေသည်။ ဆင်ဖြူတော်ရောက်ခြင်း များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်းသည့်အိပ်မက်ကိုမက်မြင်သည်။ ထိုအိပ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္ကတဲတွင် မနေလို၊နေပါက မင်းကြီးအတွက် ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမ သို့ခေါ်ဆောင်လာစေသည်။ သို့ဖြင့် ဆင်ဖြူရှင်အဖြစ်သို့ရောက်လေသည်။ မဂဒူးမင်းဘဝဇာတ်သိမ်း ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုးသည် ငါတို့အဖ (တရဖျား) ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင်နှစ်ယောက် ဓားဖြင့်ဝိုင်းထိုးရာ မဂဒူးမင်း နတ်ရွာစံလေသည်။ မဂဒူးလွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။ ကိုးကား မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE%E1%80%9B%E1%80%B0%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ခွန်လော
ခွန်လောမင်း(၁၃၀၇-၁၃၁၁) သည် မဂဒူးမင်း၏ ညီဖြစ်သည်။ နောင်တော် မဂဒူး နတ်ရွာစံသော် မုတ္တမနန်းကို စိုးစံသည်။ သောက္ကတဲမင်း ဗြရောင်ထံ သံစေလွတ်ပြီး မိမိနန်းတက်သည်ကိုလျှောက်တင်စေပြီး ဘွဲ့အမည်ပေးသနားရန်တောင်းခံသည်။ သောက္ကတဲမင်းလည်း မိမိသားမက်၏ ညီဖြစ်သည့်အတွက်ချီးမြှောက်သောအားဖြင့် “စောရမ်းပရကွတ်” ဟူသောဘွဲ့ကိုပေးသည်။ စစ်တောင်း နှင့် ဒုန်ဝန်းမြို့သစ်များကိုတည်ပြီး ညီရံမောလမွန်ကိုစားစေသည်။ အရည်အချင်းမရှိ၊ဉာဏ်ပညာဖြင့်မပြည့်စုံသည့်အတွက် တိုင်းပြည်ကိုကောင်းစွာမအုပ်ချုပ်နိုင်ပေ။ နိုင်ငံနယ်စပ်များဖြစ်သည့် ဒုန်ဝန်းကို ဇင်းမယ်ရှမ်းတို့က လာရောက်တိုက်ခိုက်သည့်အတွက်ညီရံမောလမွန်ကျသည်။ ပြည်ရွာလည်းမအေးမချမ်းဖြစ်ရလေသည်။ ထို့ကြောင့် ညီမဖြစ်သူ နှင်းဥရိုင် နှင့်ယောက်ဖဖြစ်သူ သမိန်မြောင်းမြ တို့ကအကြံဖြင့် မော်လမြိုင်ဖက်တွင် ထူးခြားသည့် ဆင်တော်ပေါ်ကြောင်း၊အစွယ်သုံးချောင်းပါပြီး တစ်ချောင်းမှာ ဦးကင်းမှ ထွက်ကြောင်း မှူးမတ်တို့ကို လျှောက်တင်စေသည်။ ဉာဏ်နည်းသည့် ခွန်လောလည်း စဉ်းစားဆင်ခြင်ခြင်းအလျဉ်းမရှိ ယုံမှတ်ကာ ဆင်ရံထွက်လေသည်။ ခွန်လော နန်းမှခွာသည်နှင့် သမိန်မြောင်းမြ ကမြို့ကိုသိမ်းလေသည်။ ခွန်လောလည်း ထိုသတင်းကို ကြားလျှင် မပြန်ဝံ့။ တောတွင်း၌သာပုန်းကာနေရသည်။ မကြာမှီတွင် သမိန်မြောင်းမြက တပ်များဖြင့် ထွက်တိုက်သဖြင့် ခွန်လောလွန်လေသည်။ ခွန်လောလွန်လျှင် သမိန်မြောင်းမြ နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က အသက်အရွယ်ကြီးရင့်ပြီဟုအကြောင်းပြတားမြစ်ကာ သားဖြစ်သူ စောသင်မောင်(ခေါ်)စောအော အားမုတ္တမထီးနန်းအား စိုးစံစေသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC
စောသင်မောင်
ခွန်လောအား ယောက်ဖဖြစ်သူ သမိန်မြောင်းမြသတ်ဖြတ်ပြီးနောက် ကိုယ်တိုင်နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က တားမြစ်သဖြင့် သားဖြစ်သူ စောအောအားနန်းတင်လေသည်။ သောက္ကတဲမင်း ဗြရီထံသံစေကာ မင်းပြောင်းမင်းလွဲဖြစ်ကြောင်း လျှောက်တင်ပြီး ဘွဲ့အမည်တောင်းခံလေသည်။ သောက္ကတဲမင်းလည်း အဆွေအမျိုးမကင်းသည်ကိုထောက်၍ စောသင်မောင် (၁၃၁၁-၁၃၂၃) ဟူသောဘွဲ့ပေးသည့်အပြင် သမီးတော် မေနှင်းထပီ ကိုလည်းပေးသနားသည်။ သို့ဖြင့် စောသင်မောင်နန်းတက်သည်အထိ သောက္ကတဲနှင့်မုတ္တမ ဆက်ဆံရေးမှာ မဟာမိတ်ချစ်ကြည်ရေး ခိုင်မြဲနေဆဲပင်ဖြစ်သည်။ သားဖြစ်သူ စောသင်မောင်အုပ်ချုပ်သည်ဆိုသော်လည်း ဖခင်ဖြစ်သူ သမိန်မြောင်းမြဦးဆောင်ကာ ပြည်ရေးရပ်ရာများကိုစီမံသဖြင့် တိုင်းပြည်အရေးမှာတောင့်တင်း၏။ ထားဝယ်နှင့် တနင်္သာရီမြို့များကိုတိုက်ခိုက်အနိုင်ယူသည်။ ထို့ပြင်အနောက်ဘက်ရှိ မြောင်းမြ၊ပုသိမ်၊ဒဂုံ၊ဒလ မြို့များကိုလည်းသိမ်းယူသည်။ သားတော် စောအဲကံကောင်း နှင့် သမီးတော် တစ်ပါးကိုမြင်သည်။ မြေးနှစ်ဦးရပြီးလျှင် သမိန်မြောင်းမြနှင့် နှင်းဥရိုင်တို့လည်း အသီးသီးကွယ်လွန်သည်။ နန်းသက်ရှစ်နှစ်အတွင်း အပြင်ရန်စစ်မရှိသဖြင့် ငြိမ်းချမ်းမှုရရှိခဲ့သည့်အပြင် နိုင်ငံကိုလည်း မွန်ဒေသအားလုံးနီးပါး သိမ်းယူချဲ့ထွင်နိုင်ခဲ့သည်။ စောသင်မောင် လွန်လျှင် ညီဖြစ်သူ စောဇိတ် မင်းပြုသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
စောဇိတ်
စောဇိတ်သည် လေးဆက်မြောက်မဂဒူးမင်းအဖြစ် နောင်တော် စောသင်မောင်ထံမှ ထီးနန်းဆက်ခံသည်။ နန်းတက်လျှင် ဦးရီးတော်ခွန်လော၏သမီးဖြစ်သူကို မိဖုရားမြှောက်ကာ စန္ဒာမင်းလှဘွဲ့ပေးသည်။ မရီးဖြစ်သူ မေနှင်းထပီကိုလည်း မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွင် ဆက်လက်ကာမိဖုရားမြှောက်သည်။ နန်းတက်ပြီးလျှင် တူတော်သူ စောအဲကံကောင်း အားထားဝယ်နှင့် တနင်္သာရီတို့ကိုတိုက်စေသည်။ နိုင်ပြီးပြန်လာသော်လည်း မှူးမတ်တို့က ကုန်းတိုက်သည်ကို ယုံကာ အမျက်ရှသဖြင့် ပဲခူးတွင် သံခြေချင်းခတ်ကာ ထားသည်။ သားတော်တစ်ပါးနှင့် သမီးတော် တစ်ပါး ဖွားမြင်ရာ ဗညားဦး၊မဟာဒေဝီ ဟုအမည်ပေးသည်။ နောင် သားတော်တစ်ပါးထပ်ရသော် မင်းလင်္ကာဟု ခေါ်စေသည်။ ဗြတ်ရှမ်းသား ၅၀၀ ကကျွန်ခံလာရာ အချီတော်ဇိတ်ပွန်ကို အုပ်ချုပ်စေသည်။ ဇိတ်ပွန်လည်း မိမိတွင် ရှမ်း ၅၀၀ ရှိသဖြင့်မသင့်သောအကြံကိုကြံလေသည်။ မိမိအိမ် ဥယျာဉ်အတွင်း အိမ်သစ်ဆောက်ကာ အိမ်ကို ကျုံးဖြင့်ပတ်ထားစေသည်။ နောက် စောဇိတ်အား အိမ်သစ်တက်မင်္ဂလာကျင်းပဟန်ပြုပြီး ဖိတ်ကြားသည်။ စောဇိတ်ရောက်လျှင် လက်အောက်ရှိ ရှမ်း ၅၀၀ ဖြင့် ဖမ်းကာသတ်သဖြင့် စောဇိတ်လွန်ပြီး ဇိတ်ပွန် မင်းပြုသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%87%E1%80%AD%E1%80%90%E1%80%BA
ဇိတ်ပွန်
ဇိတ်ပွန်သည် စောဇိတ်အား သတ်ဖြတ်ကာ မုတ္တမနန်းကို သိမ်းပိုက်သည်။ သို့သော် မင်းမျိုးမင်းနွယ်မဟုတ်ပဲ တစ်ပါးမင်းဖြစ်သည့်အတွက် အများကမကြည်ဖြူပေ။ ၇ ရက်အရောက်တွင် မိဖုရားစန္ဒာမင်းလှက ဦးဆောင်ကာ မှူးမတ်၊ဗိုလ်ပါများနှင့် နန်းတွင်းသို့အခစားဝင်ဟန်ပြုပြီး ဇိတ်ပွန်ကိုသတ်ဖြတ်နန်းချကြသည်။ နောက် ပဲခူးတွင် သံခြေချင်းဖြင့်ထားသည့် စောအဲကံကောင်းကို ခေါ်ကာ မုတ္တမနန်းကိုအပ်သည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%87%E1%80%AD%E1%80%90%E1%80%BA%E1%80%95%E1%80%BD%E1%80%94%E1%80%BA
ဗညားအဲလော
ဗညားအဲလောသည် မုတ္တမသို့မင်းပြုရန် ခေါ်ဆောင်ခြင်းခံရလျှင် မိဖုရားစန္ဒာမင်းလှ၏ငြူစူတတ်သည့် သဘောကိုသိသဖြင့် ကိုယ်လုပ်မောင်းမများကို ပဲခူးတွင်သာချန်ထားခဲ့ပြီး သားတော်အဲလောင်ကိုသာခေါ်လာသည်။ မုတ္တမနန်းတွင် စန္ဒာမင်းလှကိုပင် မိဖုရားမြောက်ကာ မင်းပြုသည်။ နန်းတက်ပြီးမကြာမှီတွင် သောက္ကတဲမင်းက မိမိအမျိုးဖြစ်သည့် စောအဲကံကောင်းအား သတ်ဖြတ်သည်သတင်းကို ကြားသိရသဖြင့်မုတ္တမကိုတိုက်ရန်ချီတက်လာသည်။ မုတ္တမသို့ချီတက်လာရာ လမ်းတစ်လျှောက်ရှိ မွန်ကျေးရွာ၊မြို့ ရှိသမျှကို ဖျက်ဆီးလာခဲ့သည်။ မုတ္တမသားတို့လည်း ရှမ်းစစ်ကိုကြောက်လှသဖြင့် ကြံရာမရဖြစ်နေစဉ် ဗညားအဲလောအားဆင်ဖြူတော် စစ်အောင်နိုင်ရေးအတွက် မိမိတာဝန်ယူကြောင်း အိပ်မက်ပေးသည်။ ဗညားအဲလောလည်း မိမိဆင်ဖြူတော်အိပ်မက်ပေးသည့်အတိုင်း စစ်တိုက်ရာ ရှမ်းတို့တပ်ပျက်ပြီး မုတ္တမသာမက အခြားမွန်ဒေသများပါ စစ်ဘေးမှ ဝေးလေသည်။ သို့ဖြင့် ဗညားအဲလောသည် မုတ္တမထီးနန်းကို ဆက်လက်စိုးစံပြီး သောက္ကတဲ နှင့် မုတ္တမ နှစ်ပြည်ထောင်မဟာမိတ်လည်း ပျက်စီးတော့သည်။ ဗညားအဲလော အသက်ကြီးလာသော် အရွယ်ရောက်လာပြီဖြစ်သည့် သားတော် အဲလောင် နှင့်တူဖြစ်သူ ဗညားဦး တို့ကိုကြည့်ကာ"ငါ့သား အဲလောင်နှင့် ငါ့တူဗညားဦးတို့မှာ အရည်တူဖြစ်သည် ဟုဆိုသည်။ ငါမရှိလျှင် သင်းတို့နှစ်ဦးအနက် မည်သူမင်းဖြစ်မည်ကို ငါစမ်းသပ်ရမည်။"ဟုစဉ်းစားကာ နာမကျန်းဖြစ်ဟန်ပြုပြီး မည်သူကိုမျှ အခစားအဝင်မခံပဲနေလေသည်။ ထိုသတင်းကိုကြားလျှင် အဲလောင်လည်း ဗညားဦးကိုသတ်ရန် နောက်လိုက်ကျွန်များနှင့် ဗညားဦးစံအိမ်သို့လာ၏။ ဗညားဦးလည်း ကြိုသိနှင့်သဖြင့် မိမိကျွန်များဖြင့် ထွက်တိုက်၏။ ထိုအခါ ဗညားအဲလောက စစ်သည်ဗိုလ်ပါများဖြင့်လာကာ "ဟယ်..ဟယ်..နင်တို့နှစ်ယောက်၊ငါရှိနေပါလျှက်နှင့် မည်သို့ပြုနေကြသနည်း။"ဟုဆိုရာ အဲလောင်နှင့် ဗညားဦး တို့နှစ်ဦးပြေးလေသည်။ သို့သော် မကြာမှီပင် အဲလောင် ကျောက်ပေါက်ကာ သေသဖြင့် ဗညားဦးသာ ကျန်တော့သည်။ ဗညားအဲလော လွန်လျှင် ဗညားဦးလွယ်ကူစွာဖြင့် မုတ္တမနန်းကို ရတော့သည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%A1%E1%80%B2%E1%80%9C%E1%80%B1%E1%80%AC
စောအဲကံကောင်း
စောအဲကံကောင်းသည် မုတ္တမနန်းကို မမျှော်လင့်ပဲရရှိပြီး မင်းဖြစ်လျှင် အဒေါ်ဖြစ်သူ စန္ဒာမင်းလှအား မိဖုရား အဖြစ်ဆက်လက်ထားသည်။ အစတွင် စန္ဒာမင်းလှကို ကျေးဇူးရှိဖူးသည်ဟု အောက်မေ့ကာ အလေးအမြတ်ထားပြီး ဆက်ဆံသည်။ သို့သော် အချိန်ကြာသည်နှင့်အမျှ အခြားသောမောင်းမမိဿံများနှင့်သာ ပျော်ပါးနေသဖြင့် စန္ဒာမင်းလှ မကျေမနပ်ဖြစ်လေသည်။ ထို့ကြောင့် စောအဲကံကောင်းအား အဆိပ်ခတ်လုပ်ကြံသဖြင့် စောအဲကံကောင်း နန်းသက် ၄၉တွင် လွန်ရလေသည်။ စောအဲကံကောင်းလွန်လျှင် ပဲခူးစား ဗညားအဲလောကို မုတ္တမသို့ခေါ်ပြီး နန်းတင်သည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%A1%E1%80%B2%E1%80%80%E1%80%B6%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ဗညားဓမ္မရာဇာ
ရာဇာဓိရာဇ်လွန်လျှင် သားတော်ကြီးဖြစ်သည့် ဗညားဓမ္မရာဇာက ဟံသာ၀တီနန်းကို စိုးစံသည်။ သို့သော် ညီတော်များဖြစ်သည့် ဗညားရံ၊ ဗညားကျန်း တို့ ပုန်ကန်သည့်အတွက် ပဲခူးနှင့် ဒဂုံ၊ သန်လျှင်မြို့များ အကြားညီညွတ်မှုမရပဲ အင်း၀ဘုရင်သီဟသူ၏ တိုက်ခိုက်ခြင်းကိုပါခံခဲ့ရသည်။ ထိုသို့သီဟသူ ဒဂုံကိုလာရောက် ဝိုင်းရံသဖြင့် ဗညားရံလည်း မိမိနှမဖြစ်သူ ရှင်စောပု ကိုဆက်သပြီး စစ်ပြေငြိမ်းရန် စကားဆိုရသည်။ သီဟသူပြန်လည်ဆုတ်ခွာအပြီး ဗညားဓမ္မရာဇာ နန်းသက် ၃ နှစ်အရောက်တွင် ညီတော်နှစ်ပါးနန်းချသည့်အတွက် ဗညားဓမ္မရာဇာ လွန်သည်။ ၎င်းနောက် ညီတော် ဗညားရံနန်းတက်သည်။ ထူးခြားသည်မှာ မြန်မာမူတွင် ဗညားဓမ္မရာဇာသည် မင်းသားဗညားပုသိမ်ဟုဆိုသည်။ သို့သော် မွန်မူတွင် ဗညားကျန်းသာ ဗညားဓမ္မရာဇာဖြစ်သည်ဟု အခိုင်အမာဆိုသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%93%E1%80%99%E1%80%B9%E1%80%99%E1%80%9B%E1%80%AC%E1%80%87%E1%80%AC
ပထမဗညားရံ
နောင်တော် ဗညားဓမ္မရာဇာ အားအနိုင်ယူပြီးလျှင် ဗညားရံ ကမဂဒူးမင်းဆက်၏ ၁၁ ဆက်မင်းအဖြစ် ဟံသာ၀တီနန်းကို စိုးစံသည်။ မြန်မာ့သမိုင်းတွင် နုတ်ရေးဖြင့် စစ်ပွဲများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သူအဖြစ် အလွန်ကြော်ကြားသည်။ ၎င်းလက်ဆက်တွင် အင်း၀မှ ကလေးတောင်ညိုမင်း၊ မိုးညှင်းသတိုးအစရှိသည့် အင်း၀မင်းများနှင့် စစ်ဆက်ခင်းခဲ့သည်။နန်းသက် ၁၉ နှစ်တွင် နတ်ရွာစံသည်။နတ်ရွာစံလျှင် တူတော်သူ ဗညားဗရူး(ရှင်စောပု၏သားတော်)ထီးနန်းဆက်ခံသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%99%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%9B%E1%80%B6
ဗညားဗရူး
ဗညားဗရူး(ဗညားဖရူးဟုလည်းမူကွဲရှိ)သည် မဂဒူး မင်းဆက်၏ ၁၂ ဆက်မြောက်မင်းအဖြစ် နန်းတက်သည်။ မိခင်ဖြစ်သူ ရှင်စောပုထက်စောကာ မင်းဖြစ်ခဲ့သူဖြစ်သည်။ရွှေတိဂုံ စေတီတော် ကိုပြုပြင်ပြီး ရွှေချကာပူဇော်သည်။ နန်းသက် ၃ နှစ်တွင်ပင် ဦးရီးတော်သူ ဗညားကျန်းထော ကအဆိပ်ခတ်လုပ်ကြံသဖြင့် နတ်ရွာစံသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%97%E1%80%9B%E1%80%B0%E1%80%B8
ဗညားကျန်းထော
ဗညားဗရူးအားသတ်ဖြတ်နန်းချပြီး ဗညားကျန်းထောနန်းတက်သည်။ ဗညားဓမ္မရာဇာ ၏ သားတော်ဖြစ်သည်ဟုဆိုသည်။ နန်းသက်၅နှစ် တွင် ဝမ်းကွဲညီနောင်ဖြစ်သူ လိပ်မွတ်ထောကလုပ်ကြံသဖြင့် ကံကုန်သည်။ ၎င်းနောက်တွင် လိပ်မွတ်ထော ဟံသာ၀တီ နန်းကိုသိမ်းပိုက်စိုးစံသည်။၎င်းလက်ထက်တွင် ရွှေတိဂုံ စေတီတော်ကို ဉာဏ်တော်တိုးမြှင့်ပူဇော်ရာ ဉာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။ အချို့သောမူများတွင် ဗညားကျန်းထောမှာ အင်း၀တွင် သွားရောက်ခိုလှုံနေပြီးမှ ဗညားဗရူးလွန်သဖြင့် အင်း၀ဘုရင် နရပတိကလာရောက် နန်းတင်ပေးခဲ့သည်ဟုဆိုသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%8A%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%B1%E1%80%AC
လိပ်မွတ်ထော
ဗညားကျန်းထော အားလုပ်ကြံပြီးလျှင် ဗညားရံ ၏သားဖြစ်သူ လိပ်မွတ်ထော နန်းတက်သည်။လိပ်မွတ်ထော၏မိခင်သည် အင်းဝမင်းသမီးဖြစ်သောကြောင့် လိပ်မွတ်ထောသည် အင်းဝဘက်သို့ ယိမ်းသောဘုရင်ဖြစ်သည်ဆိုကာ မင်းကျင့်တရားနှင့်မညီဟူသော စွပ်စွဲချက်ဖြင့် ၇ လအကြာတွင် မူးမတ်များက လုပ်ကြံနန်းချပြီး အင်း၀မှ ပြန်လည်ရောက်ရှိလာသည့် ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့်ဟံသာ၀တီနန်းကို စိုးစံရန် တင်မြောက်ကြသည်။ မဂဒူး မင်းဆက် မွန်လူမျိုးများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%99%E1%80%BD%E1%80%90%E1%80%BA%E1%80%91%E1%80%B1%E1%80%AC
လွှတ်တော်
လွှတ်တော်ဆိုသည်မှာ တိုင်းပြည်တစ်ခု အတွက် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာနေရာဌာန ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရမြဲဖြစ်သည်။ နောက်ခံ သမိုင်းကြောင်း သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစ မှာ ဒီမိုကရေစီ စနစ်နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံ့ ရေးရာများကို ဆွေးနွေး အဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလအစက တည်နေရာ အတည်တကျ မရှိဘဲ မြို့တွင်း ဈေးထိပ်ရှိ မြေကွပ်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ (ဖိုရမ်) ဆိုသည့် အသုံးအနှုံးမှာ ဂရိဘာသာ အားဖြင့် မြေကွပ်လပ် ဖြစ်သည်။ နောင်တွင် ခေတ်သစ် ကမ္ဘာ၌ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။ လွှတ်တော်ကို အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဟုခေါ်ပါသည်။ ဖွဲ့စည်းပုံ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ၊ သမ္မတစနစ်ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတော်များများတွင် လွှတ်တော် နှစ်ရပ် ထားရှိကြသည်။ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အောက်လွှတ်တော် ဟုခေါ်ကာ နယ်မြေဒေသ၊ ပြည်နယ်အလိုက် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အထက်လွှတ်တော် ဟုခေါ်ကြသည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုံးများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဋ္ဌာန်းသည့် အမည်မဟုတ်ပဲ လူအများ နားလည်စေရန် အလွယ်တကူ ခေါ်သည့် အသုံးအနှုံးများသာဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး "အောက်လွှတ်တော်"ကို "ဟောက်စ် အော့ဖ် ရီပရီဆန်းတတစ်" (House of Representatives) (သို့မဟုတ်) "ဟောက်စ်" ဟုခေါ်ကြကာ လွှတ်တော် နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အောက်လွှတ်တော်ကို "ပြည်သူ့လွှတ်တော်" ဟုလည်းကောင်း၊ အထက်လွှတ်တော်ကို "အမျိုးသားလွှတ်တော်" ဟုလည်းကောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်းကို "ပြည်ထောင်စု လွှတ်တော်"ဟု သတ်မှတ်သည်။ သို့သော် လူဦးရေ နည်းပါးပြီး နယ်မြေဧရိယာ ကျဉ်းမြောင်းသည့် နိုင်ငံများနှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် နိုင်ငံများတွင်မူ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၈၈ မတိုင်မှီ မ.ဆ.လ ပါတီမှ အုပ်ချုပ်စဉ် ကာလက ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။ အာဏာခွဲဝေမှု လွှတ်တော် နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်း မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းနှင့် အများ ကွဲပြားသဖြင့် ပုံသေပြော၍မရနိုင်ပေ။ ထိုသို့ဖြစ်ရသည်မှာ သက်ဆိုင်ရာနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အာဏာ ခွဲဝေ ပေးထားခြင်းကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံအများစုတွင်မူ ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် ပိုများခြင်း တို့ကြောင့် အောက်လွှတ်တော်မှာ အာဏာ ပိုကြီးလေ့ရှိသည်။ ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်သည် ဝန်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်အထိ အာဏာရှိသည်ကိုတွေ့ရသည်။ လုပ်ငန်းတာဝန်များ လွှတ်တော်များ၏ လုပ်ငန်းတာဝန်များမှာ ယေဘုယျအားဖြင့် ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး သတ်ဆိုင်ရာ ကော်မတီ အလိုက် ထိန်းသိမ်းရေး၊ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း (ဥပမာအားဖြင့် လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီ၊ ကာကွယ်ရေး ကော်မတီ၊ စီးပွားရေး ကော်မတီ)၊ အစိုးရ ဝန်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ အားနည်းချက်နှင့် အဂတိလိုက်စားမှုများကို စစ်ဆေး ဖော်ထုတ် တားဆီးခြင်းတို့တွင် တူညီမှုရှိကြသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ဝန်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ဝန်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ပယ်ချခြင်းတို့ကို ပြုလုပ်ပေးရသည်။ သက်တမ်း လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်ပေါ်တွင် သတ်မှတ်ခြင်းမျိုး မဟုတ်ပဲ လွှတ်တော်အမတ်များ၏ သက်တမ်းသာ ဖြစ်သည် ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပို၍ရှိတတ်သည်။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် အကြိမ် အရေအတွက် အကန့်အသက်မရှိ ပြည်သူတို့ လက်ခံ ယုံကြည် နေသ၍ ရွေးကောက်ခံနိုင်သည်။ လွှတ်တော် ဖျက်သိမ်းခြင်း လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ် ကတင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ ကြိမ်တိုင်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ်များနှင့် မသင့်မြတ်သော အခြေအနေ ရောက်လာလျှင် သမ္မတ (သို့) ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် အခွင့်အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် အသစ် ပြန်လည် ဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲများကို ကျင်းပရသည်။ နိုင်ငံအချို့မှ ထင်ရှားသည့် လွှတ်တော်အမည်များ အမေရိကန်ပြည်ထောင်စု-ကွန်ဂရတ် ရုရှား-ဒူးမား ဂျပန်-ဒိုင်းယက် အင်္ဂလန်၊ ဂရိတ်ဗြိတိန်၊ ယူနိုက်တက်ကင်းဒမ်း-ပါလီမန် တို့ဖြစ်ကြသည်။ လွှတ်တော်အစ ပုဂံက နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ ဘကြီးတော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခတို့၏ ထီးနန်းစိုးစံစဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှု၊ လုပ်ကြံသတ်ဖြတ်မှုများကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နရပတိစည်သူမင်း မကွယ်လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။ နရပတိစည်သူတွင် သားတော်(၅)ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာများကို တစ်ဦးတည်း သိမ်းပိုက်ခြင်းမပြုဘဲ နောင်တော်ကြီး(၄)ဦး နှင့် ခွဲဝေ၍ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။ ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာကို ဘုရင်တစ်ဦးတည်းကသာလျှင် အုပ်ချုပ်သည်ကို ဖျက်သိမ်း၍ ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာ ခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခသည် ပုဂံထီးနန်းကိုသာလျှင် ဆက်ခံရသော်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အာဏာများမှာမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင်သာရှိသည်။ နရပတိစည်သူမင်း၏ အစီအစဉ်မှာ အမျှော်အမြင်နှင့် အလွန်ပြည့်စုံသည်။ ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည်အထိ မြန်မာရာဇဝင် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်းကြသည်ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ဝန်ကြီး(၄)ပါးခန့်၍ အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှအစပြု၍ အုပ်မြစ်ချခဲ့သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ လွတ်တော်အုပ်ချုပ်ရေး ရာဇဝင်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သောအခါများတွင် ဘုရင်၏ တန်ခိုးအာဏာကိုပင် ထိန်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှမက ဘုရင်ကို ရွေးချယ်နိုင်သည်အထိ လွှတ်တော်အာဏာရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံလွှတ်တော် အင်အားနည်းပါးချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေးသဖွယ် ဖြစ်လာခဲ့သည်။ အသေးစိတ် သိလိုလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စာအုပ်၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ် များကို ဖတ်ရှုလေ့လာ နိုင်သည်။ ဥပဒေပြုစာရင်း လွှတ်တော်က ဥပဒေပြုခွင့်ရှိသည့် ဥပဒေပြုစာရင်းပါ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်း (ပုဒ်မ၉၆ကို ရည်ညွှန်းသည်) တွင် ဖော်ပြထားသည်။ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကဏ္ဍ နိုင်ငံခြားရေး ကဏ္ဍ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ စီးပွားရေးကဏ္ဍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ စက်မှုလက်မှုကဏ္ဍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးကဏ္ဍ လူမှုရေးကဏ္ဍ စီမံခန့်ခွဲရေးကဏ္ဍ တရားစီရင်ရေးကဏ္ဍ တို့ကို ခွဲခြားဖော်ပြထားသည်။ လွှတ်တော်ဟူသော ဝေါဟာရသည် မြန်မာဘာသာ ဝေါဟာရဖြစ်၍ ရှင်ဘုရင်အမိန့်အာဏာတော် အတိုင်း လိုက်နာဆောင်ရွက်ရသော ဌာနကိုဆိုလိုသည်။ မြန်မာဘုရင် များလက်ထက်က လွှတ်တော်သည် နန်းတော်မှတစ်ပါး တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးနှင့်အကြီးဆုံးဌာနဖြစ်၍ လွှတ်တော်က ဆောင်ရွက်ရ၊ ဆင့်ဆိုရသော အရေးကိစ္စများမှာလည်း လွန်စွာ ကျယ်ဝန်းများပြားသည်။ လွှတ်တော်သည် သာသနာတော်ရေး နှင့် တိုင်းရေးပြည်ရေးရှိသမျှကို အုပ်ချုပ်ဆင့်ဆိုဆောင်ရွက်ရ သည်။ လွှတ်တော်ဟူသော ဝေါဟာရတွင် 'လွှတ်'ဆိုသော စကား သည် ဩဇာအာဏာလွှတ်ခြင်း၊ အမိန့်တော်၊ အမှာတော် လွှတ်ခြင်း၊ အခွင့်လွှတ်ခြင်း၊ ကိုယ်တိုင်ပိုင်နက်မှ လက်လွှတ် ခြင်း၊ ပြတ်ကင်းခြင်း၊ လှူခြင်း၊ ပေးခြင်းနှင့်သက်ဆိုင်သည်။ လွှတ်ဟူသောဌာနတွင် ဆင်းရဲသားပြည်သူတို့က မင်းဧကရာဇ် ထံ အခွန်အတုတ် လွှတ်မြဲ၊ ဆက်သမြဲဖြစ်သည်။ ထိုအခွန် အတုတ်များကို ကသောင်းမြောင်းတိုက်တော် (လွှတ်တော် ငွေတိုက်)၌ ထားရသည်။ သို့ဖြစ်၍ ဆင်းရဲသားပြည်သူ တို့ အခွန်အတုတ်လွှတ်ရာ၊ ဆက်သရာဌာနကို လွှတ်ဟူ၍ ခေါ်ဝေါ်သမုတ်သည်ဟုလည်း ဆိုသည်။ 'တော်'ဟူသော ဝေါဟာရသည် မြန်မာစကားဖြစ်၍ အရှင် ခေါ်ခြင်း၊ ဘုရားခေါ်ခြင်းများနှင့်ဆိုင်သည်။ ရှင်ဘုရင်နှင့် စပ် ဆိုင်သော အမှတ်အသားများမှာ 'တော်ကြီး'ဟူ၍ ရေးသားထိုး မှတ်လေ့ရှိသည်။ ထို့ကြောင့် 'နန်းတော်၊ ဥယျာဉ်တော်'ဟု ဆိုလျှင် ရှင်ဘုရင်နှင့်ဆိုင်ကြောင်းကို ပြသည်။ ရွှေဘုံနိဒါန်းကျမ်းတွင် ပုဂံ ပျူစောထီးမင်းလက်ထက်ကစ၍ လွှတ်တော်ပေါ်ကြောင်းနှင့် လွှတ်တော်ဟုခေါ်ကြောင်းများ ဖော် ပြပါရှိသည်။ ထိုကျမ်းအဆိုမှာ မဇ္ဈိမဒေသမှ ပုဂံသို့ရောက်လာ သော မင်းမျိုးလေးယောက်ကို ဘွဲ့ထီးအစီးအနင်း၊ မင်းခမ်း မင်းနား ပေးကမ်းချီးမြှင့်အရေးလွှဲအပ်လျှင် အဆောက်အဦသို့ အမတ်လေးယောက်တက်ရောက်၍ ပြည်ထဲရေးလေးမျက်နှာကို စီရင်စေရန် အခွင့်လွှတ်သောကြောင့် ထိုအဆောက်အဦကို လွှတ် ဟူ၍ခေါ်သည်။ ထို့ပြင် ပုဂံမင်းဆက် နရပတိစည်သူမင်းသည် ထီးနန်းကို သားတော်ကြီးလေးပါးသို့ မပေးအပ်ပဲ၊ မင်းပရိယာယ်ဖြင့် သားတော်ငယ် ဇေယျသိင်္ခမင်းသားကို ပေးအပ်ခဲ့သည်။ သို့ ရာတွင် တိုင်းရေးပြည်ရေးကို လေးပါးသောနောင်တော်တို့ နှင့် တိုင်ပင်ဆွေးနွေးပြီးလျှင် စီရင်ဆုံးဖြတ်ရမည်ဟု နတ်ရွာစံ ခါနီးဆဲဆဲ၌ မှာထားခဲ့သည်။ ဇေယျသိင်္ခမင်းသားသည် ထီးလို မင်းလိုမင်း ဘွဲ့ကိုခံ၍ ထီးနန်းဆက်ခံပြီးနောက် ခမည်းတော် မှာထားခဲ့သည့်အတိုင်း နောင်တော် မင်းသားလေးပါးအိမ်သို့ တစ်အိမ်စီ တစ်အိမ်စီ လှည့်လည်သွားရောက်ဝတ်ပြုရခြင်း၊ ဆွေးနွေးတိုင်ပင် စီရင်ဆုံးဖြတ်ရခြင်းကိုပြုလုပ်ရသည်။ ရှင်ဘုရင် ဖြစ်သူညီတော်သည် နောင်တော်များထံ လာရဖန်များသည့်အခါ နောင်တော်များက အားနာညှာတာပြီးလျှင် နန်းရင်ပြင်၌ အဆောက်အဦးကြီး တစ်ခုကို ဆောက်စေ၏ နောင်တော်လေးပါးတို့ ထိုအဆောက်အဦးကြီးသို့ သွားရောက်စုံညီသောအခါ ညီတော်ရှင်ဘုရင်လာ၍ ခစားဝတ်ပြုခြင်း၊ တိုင်းရေးပြည်ရေးများကို ဆွေးနွေးဆုံးဖြတ်ခြင်းပြုရန် ညီတော်ကို ခွင့်လွှတ်၍၊ ညီတော် ထီးလိုမင်းလိုမင်းကလည်း နောင်တော်တို့သည် ညီတော်ကိုယ်စား ပြည်ထဲရေးများကို ခန့်ထားစီရင်ဆုံးဖြတ်ပါတော့ဟု အရေးပေးသဖြင့် ခွင့်လွှတ်ပြန်သည်။ ထိုကဲ့သို့ အပြန်အလှန် ခွင့်လွှတ်သောအဆောက်အဦ နေရာကို 'လွှတ်'ဟုခေါ်သည် ဟူ၍လည်း ရာဇဝင်ကျမ်းများနှင့် ရွှေဘုံနိဒါန်းတွင်ဆိုသည်။ လွှတ်တော်အဆောက်အဦမှာ နှစ်ဆောင်တွဲဖြစ်သည်။ အနောက်ဘက်အဆောင်သည် သုံးထပ်လည်ပေါ်ဆောင်ဖြစ်၍ ဇေတဝန်ဆောင်ဟုခေါ်သည်။ ထိုဇေတဝန်ဆောင်သို့ ရှင်ဘုရင် လွှတ်တော်မြဲဖြစ်သောကြောင့် ရာဇပလ္လင်သည်လည်း မြေနန်းရာဇပလ္လင်ကဲ့သို့ပင် ယမနေသားဖြင့်လုပ်သော ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ဖြစ်သည်။ လွှတ်တော်ဇေတဝန်ဆောင်တွင် အကာမာရဘင်များ၊ တိုင်များ အပြောက်အမွမ်းများကို ရွှေပိန်းချရသည်။ လွှတ်တော်အရှေ့ဆောင်သည် နှစ်ထပ်လည်ပေါ်ဆောင်ဖြစ်၍ ဝန်ကြီးများနေသော ကွန်းစင်တိုင်ကြီး လေးလုံးကိုသာ ရွှေပိန်းချရသည်။ ထိုတိုင်ကြီးလေးလုံးမှတစ်ပါး သည်မသည်ရံစသော တိုင်များနှင့် အပြောက်အမွမ်းကို အနီတစ်စုရွှေနှစ်စုခြယ်လှယ်ရသည်။ လွှတ်တော်ကွန်းစင်အခန်းကြီးများအတွင်းသို့ မင်းသားများနှင့် ဝန်ကြီးများမှတစ်ပါး မည်သူမျှဝင်ခွင့်မရ။ အခြားလွှတ်တော်အရာရှိများအတွက် နေရာသီးခြားစီရှိကြသည်။ ထိုနေရာများတွင် ကွမ်းသွေးပေါက် တစ်ပေါက်စီ ဖောက်ထားသည်။ ဝန်ကြီးတို့ ဆေးတံသောက်ရှူသည့်အခါ လွှတ်အောက်ကနေ၍ ကွမ်းသွေးပေါက်တွင်းမှ အဆောင်ကိုင်တို့က ဆေးတံဝန်ထောက်လေးနေရာမှ ဝန်ကြီးမင်းများနေရသော ကွန်းစင်ပြင်ဖက်နားတွင် ကွမ်းသွေးပေါက်လေးပေါက် ဖောက်ထားသည်။ နားခံ၊ စာရေးတော်ကြီး၊ အမှာတော်ရေး၊ အသုံးစာရေး၊ အဝေးရောက် စသောအရာရှိများမှာလည်း ကွမ်းသွေးပေါက်လေးပေါက်စီ ရှိကြသည်။ ကွမ်းသွေးပေါက်ရသူများသာ ကွမ်းသွေးပေါက်အတွင်းဝင်ပြီးလျှင် ထိုင်ခွင့်ရသည်။ လွှတ်တော်အရာရှိများမှတစ်ပါး အခြားအရာရှိ၊ အဝေးအရာရှိတို့သည် ကွမ်းသွေးပေါက်အတွင်းဝင်ပြီးလျှင် ကွန်းစင်တိုင်ကိုမှီ၍ ထိုင်ခွင့်မရကြချေ။ သို့ရာတွင် နားခံတော်များသည် အမိန့်တော်ပြန်ရန်အတွက် ကွန်းစင်တိုင်တွင်းသို့ ခေတ္တဝင်၍ ရာဇပလ္လင်ရှေ့၌ အမိန့်တော်ပြန်ခွင့်ရသည်။ လွှတ်တော်ပေါ်တွင် ညဉ့်အိပ်သည်မှတစ်ပါး နေ့အခါ၌ မည်သည့် အရာရှိမျှ ဖျာ၊ သင်ဖြူးခင်း၍ ထိုင်ခွင့်မရ။ ထို့ပြင်မည်သူမျှ လွှတ်တော်ပေါ်သို့ အင်္ကျီမပါ၊ ခေါင်းပေါင်းဖြူမပါပဲ မတက်ရ။ လွှတ်တက်ဆဲအခါ၌လည်း မည်သူမျှ မြောက်လှေကားမှ မတက်ရ။ အမိန့်တော်ခန့်ဗိုလ်များမှတစ်ပါး အခြားမည်သူမျှ ခါးတောင်းကျိုက်၍ လွှတ်တော်ပေါ်သို့မတက်ရ။ လွှတ်တော်ပေါ်သို့ ဖိနပ်များကိုလည်း မတင်ရချေ။ လွှတ်တော်တည်ရာဌာနသည် နန်းတော်နယ်မြေတွင်သစ်တပ် အုတ်မြို့ရိုးကာထားသော နန်းတော်အတွင်း မြေနန်းတော်ရှေ့ တံခါးနီ၏ လကျာ်ဖက်ဖြစ်သော တောင်မျက်နှာ၌ တည်ရှိသည်။ တံငါနီပြင်ဖက်ကလည်း လွှတ်တော်ပေါ်သို့တက်ရန် လှေကား ရှိသည်။ လွှတ်တော်ဆိုင်ရာအရာရှိတို့သည် သီတင်းနေ့များမှတစ်ပါး အခြားနေ့များတွင် တစ်နေ့နှစ်ကြိမ် လွှတ်တော်သို့ တက်ရောက် ရမြဲဖြစ်သည်။ နံနက် တစ်ချက်မတီးမီ (စက်နာရီ၉နာရီ) လွှတ်တော် မြောက်နှရောင်မှာစု၍ (တရားရာဇဝတ်မှုမှတစ်ပါး) လျှောက်လွှာအသေးအဖွဲများကို လက်ခံသည်။ မြောက်နှရောင် ဆိုသည်မှာ လွှတ်တော်နှစ်ဆောင်အနက်အရှေ့ဆောင် မြောက် မျက်နှာကထိပ်ဝကို ဆိုလိုသည်။ နံနက်တစ်ချက်တီးလျှင် နန်းတော်သို့ဝင်၍ ရှင်ဘုရင်ရှေ့တော်မှာ အရာရှိအစုံအညီ ညီလာခံကြသည်။ နံနက်ညီလာခံသည် မွန်းမတည့်မီ ပြီးစီးလေ့ရှိသည်။ နံနက်ညီလာခံတွင် ရှင်ဘုရင်ရှေ့တော်သို့ ဝင်ရောက်ကြသည့်အခါ လက်နက်များကို လျှို့ဝှက်ယူဆောင်လာမည်စိုးရိမ်၍ အထူးခွင့်ပြုထားသူများမှတစ်ပါး မည်မျှလောက်ပင်ချမ်းလှသော်လည်း မည်သည့်အရာရှိမျှ စောင်၊ သက္ကလတ်၊ ညဉ့်ရုံခြုံတည် စသည်များ ခြုံရုံခစားခွင့်မရှိချေ။ နေ့နှစ်ချက်တီး (စက်နာရီ၁၂နာရီ) အချိန်တွင်လွှတ်တက် ကြပြန်သည်။ ထိုအခါ တရားရာဇဝတ်ဖက်ဆိုင်ရာလျှောက်လွှာများကို လက်ခံသည့်အပြင် အမှုများကိုလည်း စစ်ဆေးဆုံးဖြတ်သည်။ ညနေသုံးချက်တီး (စက်နာရီ၃နာရီ) အချိန်တွင် လွှတ်ဆင်းမြဲဆင်းသည်။ သို့ရာတွင် ဆုံးဖြတ်ရန် အဆုံးမသတ်သေးသော အမှုများကို အခြားနေရာသို့ရွေ့ပြောင်း၍ ဆက်လက်ဆောင်ရွက်ရသည်။ ရှင်ဘုရင်များသည် လွှတ်တော်သို့တက်၍ တရားဆုံးဖြတ်ရမြဲဖြစ်သည်။ ရှင်ဘုရင် လွှတ်တော်သို့မတက်သည့်အခါ အိမ်ရှေ့မင်းရှိလျှင် အိမ်ရှေ့မင်းကတက်ရသည်။ အိမ်ရှေ့မင်း မရှိလျှင် ရှင်ဘုရင်၏ညီတော်ကြီး၊ သားတော်ကြီးများက လွှတ်တက်စီရင်ရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားကြီးများ မရှိမသာလျှင် ဝန်ကြီးများတက်၍ စီရင်ရသည်။ လွှတ်တော်ကဆုံးဖြတ်ရသော အမှုများသည် အပိုင်းအခြားတန်ဖိုးမရှိ။ သို့ရာတွင် ငွေ ၅ဝဝဝိ(ငါးထောင်)တန်ထက်ပိုလျှင် ရှင်ဘုရင်ထံ အယူခံဝင်နိုင်သည်။ ရှင်ဘုရင်က ဆုံးဖြတ်ရသော အမှုများမှာ အပိုင်းအခြားတန်ဖိုးလည်းမရှိ၊ အယူခံခွင့်လည်းမရှိချေ။ အခြားရုံးများက စီရင်သော အမှုများသည် ငွေ ၅ဝဝဝိ (ငါးထောင်)တန်ထက် ပိုလျှင် လွှတ်တော်မှာ အယူခံဝင်နိုင်သည်။ ရှင်ဘုရင် လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရွှေဘဝါးတော်မြတ်အောက် ရှိခိုးသံတော်ဦး တင်ပါသည် ဘုရား ဆိုသော စကားကို အစအဆုံးမှာ ရေးသား ထည့်သွင်းရသည်။ အိမ်ရှေ့မင်းဖြစ်စေ၊ မင်းသားများ ဖြစ်စေ လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ဆိုသောစကားကို အစအဆုံးရေးသားထည့်သွင်းရသည်။ မင်းသားများ လွှတ်တက်သည့်အခါ မင်းသားများစားသော မြို့၏အမည်ကို အစွဲပြု၍ ရေးသားထည့်သွင်းရသည်။ ပုံစံအားဖြင့် မင်းသားသုံးပါးလွှတ်တက်သည့်အခါ ဟံသာဝတီမင်း ပြည်မင်း၊ တောင်ငူမင်းတို အမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု ထည့်သွင်းရေးသားရသည်။ မင်းသားတစ်ပါးတည်း လွှတ်တက်ရသည့်အခါဖြစ်လျှင် မည်သည့် မင်းအမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု ရေးသားရသည်။ ဝန်ကြီးများလွှတ်တက်သည့်အခါ ဝန်လေးပါး ရှိလျှင် ဝန်လေးပါးဘွဲ့အမည်ကို ရေးသား၍ ကြားရောက်သည်၊ ကြားလိုက်သည်၊ မှာလိုက်သည် အစရှိသဖြင့် ကြားစာ မှာစာ နှင့်သင့်လျော်အောင် ရေးသားထည့်သွင်းရသည်။ သို့ရာတွင် လွှတ်တော်ကဆင့်ဆိုသော စာချွန်များမှာ မည်သည့်အခါမဆို ဝန်မင်းများစာဟူ၍သာ စာလုံးကြီးကြီးနှင့် ဆင့်စာအောက်ခြေနားက ရေးသားထည့်သွင်းမြဲဖြစ်သည်။ လွှတ်တော်တံဆိပ်ကိုလည်းရိုက်နှိပ်လိုက်ရသည်။ လွှတ်တော်ဌာနတွင် ပါဝင်သော လွှတ်တော်အရာရှိတို့သည် နံနက်ညီလာခံအချိန်နှင့် နေ့လွှတ်တော်အချိန်များ၌ အင်္ကျီလက်ကျယ်၊ ရွှေစလွယ်ဆင်ရသည်။ အင်္ကျီလက်ကျယ်မှာ ပုံတစ်မျိုးတည်းကို ဝတ်ရသော်လည်း စလွယ်မှာ ရာထူးအဆင့် အတန်းအနိမ့်အမြင့်အလိုက် အောက်ဆုံးသုံးသွယ်မှ အမြင့်ဆုံး တဆယ့်ရှစ်သွယ်အထိ ဆင်ယင်ရသည်။ ထို့ပြင်ဝန်ကြီးများနှင့် ဝန်ထောက်များ သွားလာသည့်အခါ လက်ရတောင်ခေါ်သော အမှုထမ်းနှစ်ယောက်သည် ထိုအရာရှိများ ရှေ့ကအတောင် ၃ဝ (၄၅​ပေ)ကွာလောက်က မောက်တိုဆောင်းကာ ဝဲယာကြိမ်ကို ထောင်လျက် ကိုင်ဆောင်ရသည့်အပြင် ပုဆိုးခါးတောင်းကျိုက်၍ လိုက်ပါရသည်။ အင်္ကျီဖြူထိုင်မသိမ်းဝတ်ရသည် မောက်တိုကို တည့်တည့်ဆောင်းရသည်။ ထိုလက်ရတောင် အမှုထမ်းနှစ်ယောက်ကို လွှတ်တော်ရှေ့လိုက်ဟူ၍လည်း ခေါ်သည်။ ဝန်ကြီးများမှတစ်ပါး လွှတ်နှင့်ဆိုင်သော အရာရှိများသည် ဝဲယာ အလှည့်ခွဲလျက် တစ်ရက်ခြားတစ်ခါ လွှတ်မှာ လာရောက်အိပ်ကြရသည်။ မြေမြို့ရိုးအတွင်း မီးလောင်သည့်အခါ အိပ်ဖန်အလှည့်ကျမဟုတ်သော လွှတ်ဆိုင်ရာအရာရှိများသည် လွှတ်တော်သို့လာရောက်၍ စာရင်းချမှတ်ရသည်။ လွှတ်တက်ရန်ဖြစ်စေ၊ ရှင်ဘုရင်ရှေ့တော်သို့ဝင်ရန် ဖြစ်စေ နန်းတော်အတွင်းသို့ လာရောက်သည့်အခါ မင်းသားများမှတစ်ပါး အခြားအရာရှိ မည်သူမျှ ထီးဆောင်းခြင်း၊ သက်ရှိ သက်မဲ့ယာဉ် စီးခြင်း မပြုရ။ သို့ရာတွင် နန်းတော်လှေကားများနှင့် လွှတ်တော်လှေကားများသို့ ထိအောင်ရာထူးအလျောက် ခမောကများကိုဆောင်း၍ ဝင်ခွင့်ရသည်။ လွှတ်တော်တွင် ပါဝင်မြဲဖြစ်သော အရာရှိများမှာ ဝန်ကြီး ၄၊ မြင်းစုကြီးဝန် ၁၊ အသည်ဝန် ၁၊ မြေတိုင်အမတ် ၁၊ မြေတိုင် အမတ်ရာထူးကို စာရေးတော်ကြီးရာထူနှင့်တွဲဖက်ခန့်ထားလေ့ရှိသည်။ ဝန်ထောက် ၄၊ နားခံတော် ၄၊ စာရေးတော်ကြီး ၄၊ မြင်းစာရေးကြီး ၂၊ အမိန့်တော်ရေး ၄၊ အမှာတော်ရေး ၄၊ အသုံးစာရေး ၄၊ အဝေးရောက် ၄၊ မြန်မာသံခံ ၄၊ ရှံးသံခံ ၄၊ ယွန်းသံခံ ၄၊ ကသည်းစာပြန် ၂၊ တရုတ်စာပြန် ၁၊ အသည် စာရေး ၄၊ အမိန့်တော်ရ ၄၊ သစ္စာတော်ရေး ၁၊ ပြော့နေရာချ သွေးသောက်ကြီး ၁၊ လွှတ်စောင့်သွေးသောက်ကြီး ၁၊ လက်နက်တိုက်ဝန် ၁၊ ၎င်းတိုက်စိုး ၂၊ ကသောင်းမြောင်းတိုက်စိုး ၁၊ ၎င်းတိုက်စာရေး ၁၊ ခန့်ထားလေ့ရှိသည်။ သို့ရာတွင်ရှင်ဘုရင်များသဘောအတိုင်းပို၍ ခန့် ထားကြသည့်အခါလည်း ရှိသည်။ ထိုအရာရှိများတွင် မြင်းစုကြီးဝန်၊ ဝန်ထောက်တို့သာ ပြန်တမ်း ကြီးခံခွင့်ရသည်။ ပြန်တမ်းကြီးဆိုသည်မှာ တာဝန်ခံရသော ဝတ္တရားကိုပြဆိုသော အစီအစဉ်မာတိကာပင်ဖြစ်သည်။ လွှတ်စေလေးတန်းနှင့် လက်ရသုံးတန်းဟူသော လွှတ်တော်နှင့် ဆိုင်သည့် လက်အောက်အမှုထမ်းများကိုလည်းခန့်ထားမြဲဖြစ်သည်။ သာမညအမှုနှင့် လွှတ်တော်က ဆင့်ခေါ်ရန်၊ သာမညအမှုနှင့် လွှတ်တော်ချုပ်ထားရန် အလုပ်ဝတ်တရားများမှာ လွှတ်စေလေးတန်းက ဆင့်ခေါ် ချုပ်ထားရသည်။ လွှတ်စေလေးတန်း ဆိုသည်မှာ (၁) တည်တော၊ (၂) မြို့သစ်၊ (၃) ခင်ဦး၊ (၄) စည်ပုတ္တရာတန်း ဟူ၍ လေးမျိုးလေးဌာန ခွဲခြားထားသည်။ လွှတ်စေလေးတန်းကခေါ်ရန်မဟုတ်ပဲ၊ အကြပ်အတည်းခေါ်ရန် အမှုထမ်းများမှာ လက်ရသုံးတန်း အမှုထမ်းများက ဖမ်းဆီးချည်နှောင်ခေါ်ရသည်။ ထိုလက်ရသုံးတန်းအမှုထမ်းများသည် လူကိုအဆုံးစီရင်ရန်ရှိသည့်အခါ၌လည်းပါဝင်ရသည်။ ရာဇဌာနီအတွင်း၌ လွှတ်တော်အမိန့်မှတစ်ပါး အခြားရုံးများအမိန့်နှင့် ချည်နှောင်ခွင့်မရချေ။ တရားမရုံးက ချည်နှောင်တောင်းခံလိုလျှင် လွှတ်တော်သို့ အစီရင်ခံစာ တင်ပို့ရသည်။ လွှတ်တော်ဌာနကဆောင်ရွက်ရမြဲ အစဉ်အလာထုံးစံမှာ သာသနာတော်ရေးနှင့် တိုင်ရေးပြည်ရေး ရှိသမျှကို အုပ်ချုပ်ဆင့်ဆိုရသော ဌာနကြီးဖြစ်၍ ရှေးအခါက ဝေပုံဌာနအပိုင်းအခြားမှာ ကိုးဌာနသာရှိသည်။ ဘကြီးတော်ဘုရားလက်ထက်စ၍ နိုင်ငံခြားဌာန တစ်ဌာတိုးရသောကြောင့်ဆယ်ဌာနဖြစ်လာသည်။ ထိုဆယ်ဌာနတို့မှာ - (၁) အရာအထူးခန့်ထားခြင်း၊ နုတ်ပယ်ခြင်း၊ ၎င်းပြင်အရာအထူးအသစ်ခန့်ခြင်း၊ တိုးတက်ခြင်း ပေါ်လာသည့်အခါ သစ္စာတော်ပေးရတိုက်ရခြင်းများနှင့် စပ်လျဉ်းသမျှအမှု (၂) ဥပဒေစကားချပ်များမှာ မှတ်စာရေးသားခြင်း၊ ပြင်ဆင်ခြင်းနှင့်စပ်လျဉ်းသမျှအမှု။ (၃) ကျောက်စာ စာဟောင်းစာတမ်း၊ ပိဋကတ်၊ ရာဇဝင်၊ ဗေဒင်၊ ဝတ္ထုကံဘေးမဲ့ပေး၊ အရပ်ရပ်စာမေးပွဲ စာပြန်ပွဲ၊ အလှူအတန်း ပေးကမ်းထောက်ပံ့ခြင်းစသော သာသနာပညာများနှင့် စပ်လျဉ်းသမျှအမှု။ (၄) ကြည်းကြောင်း ရေကြောင်း အနီးအဝေး အစောင့်အရှောက်စသောစစ်ဖက်နှင့် စပ်လျဉ်းသမျှအမှု။ (၅) မျက်နှာညီမှု၊ လူလုမှု၊ ကြေးတွက်မှု၊ ရိုးရာလုမှု၊ စစ်တမ်း သွင်း စသောတရားရာဇဝင်နှင့် စပ်လျဉ်းသမျှအမှု။ (၆) ကင်းခွန်၊ သစ်တောခွန်၊ တွင်းထွက်ခွန်၊ ရွှေခွန်၊ ငွေခွန်၊ သစ်စေးခွန်၊ ဈေးခွန်၊ ကူးတို့ခွန် စသော အကောက်အခွန်နှင့် စပ်လျဉ်းသမျှအမှု။ (၇) မြေခွန်၊ ရေခွန်၊ ဥယျာဉ်ခွန် စသော လယ်ယာဌာနနှင့် စပ်လျဉ်းသမျှအမှု။ (၈) မြို့လုပ်၊ ကျုံးတာ၊ နန်းတော်အိမ်တော်၊ ကျောင်းဘုရား၊ ဆယ့်နှစ်ရာသီစသော အလုပ်အဆောင်နှင့် စပ်လျဉ်းသမျှအမှု။ ဆယ့်နှစ်ရာသီဆိုရာ၌ နေ့စဉ်လစဉ်နှစ်စဉ် လုပ်ဆောင်မြဲ အခမ်း အနားများနှင့် သေမှုရှင်ခမ်းစသော အကြောင်းများလည်း ပါဝင်သည်။ ထိုကဲ့သို့လုပ်ဆောင်ရန် အခမ်းအနားစာတမ်း များကို လွှတ်တော်က ရေးသားတင်သွင်းရသည်။ ဤကဲ့သို့ ရေးသွင်းသောစာတမ်းကို လွှတ်တော်သွင်းစာမှာတမ်းဟု ခေါ်သည်။ (၉) ခြေလျင်၊ လှေလျင်၊ မြင်းလျင်စသော စာပေးစာယူနှင့် စပ်လျဉ်းသမျှအမှု။ ကြေးနန်းအလုပ်မှာ ၁၂၃၆ခု (၁၈၇၄ခု) နှစ်လောက်စ၍ ပေါ်လာရာကြေးနန်းဝန်၊ ကြေးနန်းစာရေး၊ ကြေးနန်းအုပ်ဟူ၍ သီးခြားထားသည်။ သို့ရာတွင် ကြေးနန်းဌာနသည် စာပေးစာယူဌာနတွင် ပါဝင်သည်။ (၁ဝ) နိုင်ငံခြားနှင့်စပ်သောအမှုများ။ ဤဌာနသည်လည်း ရှေးအခါကမရှိ။ ၁၁၁၉ခု (၁၁၂၇ခု)နှစ်လောက်ကစ၍ ပေါ်ပေါက်လာပြီးလျှင် ဝန်ကြီးတစ်ဦးဦးက နိုင်ငံခြားဌာနကိုကြည့်ရှုရသည်။ ကိုးကား ဒီမိုကရေစီ နိုင်ငံရေး အုပ်ချုပ်ရေး လွှတ်တော်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
ပါလီမန် ဒီမိုကရေစီ စနစ်
ပါလီမန်ဒီမိုကရေစီစနစ် ဆိုသည်မှာ ဒီမိုကရေစီ စနစ်၏ အုပ်ချုပ်ရေး ပုံစံကွဲ (မူကွဲ) တစ်မျိုးဖြစ်သည်။ တိုင်းပြည် အတော်များများတွင် ကျင့်သုံးကြပြီး တည်ငြိမ်မှုရှိသည့် အုပ်ချုပ်ရေးအဖြစ် သတ်မှတ်လက်ခံကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဆိုသည်မှာ လွှတ်တော် ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် နိုင်ငံကို လွှတ်တော်မှတဆင့် တာဝန်ယူအုပ်ချုပ်သည့် စနစ်ဟု အကြမ်းအားဖြင့် ပြောနိုင်သည်။ တချိန်က မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ဖူးပြီး ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ် တာဝန်ယူခဲ့သည့် ဦးနု မှာ အလွန်ဩဇာကြီးသည့် နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် မှ အာဏာသိမ်းယူပြီး ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ သမိုင်းကြောင်း မူလအဦးဆုံး ကျင့်သုံးသည့်နိုင်ငံမှာ ဂရိတ်ဗြိတိန် (အင်္ဂလန်)(ယူနိုက်တက် ကင်းဒမ်း) ဖြစ်သည်။ ခေတ်သစ် ဒီမိုကရေစီစနစ်နှင့်အတူ ပေါ်ထွန်းလာသည့် အုပ်ချုပ်ရေးစနစ်လည်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံအားဖြင့် လွှတ်တော် နှစ်ရပ်ရှိပြီး လွှတ်တော်အမတ် များမှာ ပြည်သူ တို့က တိုက်ရိုက် ရွေးကောက်သည့်နည်း ဖြင့်ရွေးကောက်ကြသည်။ သို့သော် ချွင်းချက်အားဖြင့် အချို့နိုင်ငံများတွင် ကန့်သတ်လွှတ်တော်အမတ် အရေအတွက်ကို ဥပဒေကြောင်းဖြင့် သတ်မှတ်သည့် အခါလည်းရှိသည်။ ဥပမာအားဖြင့် ဂရိတ်ဗြိတိန် (အင်္ဂလန်)နိုင်ငံတွင် အထက်လွတ်တော်၏ လွှတ်တော်အမတ် အချို့ကို နိုင်ငံ၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သည့် ဘုရင် (သို့) ဘုရင်မ မှ တိုက်ရိုက်ခန့်ထားခွင့်ရှိသည်။ ထိုသို့သော အမတ်များမှာ မြို့စား၊ နယ်စားဘွဲ့ ထူးဂုဏ်ထူး (ဥပမာ Lord,Sir) ရှိသူများ၊သူကောင်းမျိုးနွယ်များ ဖြစ်ကြသည်။ ကျန်လွှတ်တော်အမတ်များကိုမူ ပြည်သူတို့ကတိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ ဝန်ကြီးချုပ်ဖြစ်သူမှာ တိုင်းပြည်၏ အချုပ်အခြာအာဏာတွင်အုပ်ချုပ်ရေး အာဏာကို လက်ကိုင် ကျင့်သုံးရပြီး အစိုးရအဖွဲ့၏ အကြီးအကဲ အဖြစ်တာဝန်ယူရသည်။ အချို့ နိုင်ငံများတွင် အုပ်ချုပ်ရေးအာဏာ ကိုသာမက တရားစီရင်ရေးအာဏာ ကိုပါ သွယ်ဝိုက်သောအားဖြင့် ကိုင်တွယ်ကြသည်။ တရားစီရင်ရေးတွင် အကြီးဆုံး အခွင့်ရှိသူဖြစ်သည့် တရားသူကြီးချုပ်ကို ဝန်ကြီးချုပ်က စိတ်ကြိုက်ခန့်ထားခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခွင့်ပေးခြင်းဖြင့် ဩဇာလွှမ်းမိုးသောအားဖြင့် သွယ်ဝိုက်ကိုင်တွယ် ခြင်းဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင် ဝန်ကြီးချုပ်ဖြစ်သူ၏ ပါတီမှအမတ်ဦးရေက အများစုဖြစ်သည့်အတွက် ဥပဒေပြုရေး အာဏာကိုလည်း သွယ်ဝိုက်အားဖြင့် ရယူထားနိုင်သည်။ တိုင်းပြည် အကြီးအကဲအဖြစ် ဘုရင် (သို့) ဘုရင်မ (သို့) လွှတ်တော်မှ ရွေးကောက်တင်မြှောက်သည့် သမ္မတ စသည်တို့ထဲမှ တမျိုးမျိုးကို ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားပြီး တိုင်းပြည်အုပ်ချုပ်ရန် အာဏာကိုင်စွဲရခြင်း (သို့) အာဏာအပ်နှင်းခြင်း မရှိချေ။ ဥပမာအားဖြင့် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် ဂရိတ်ဗြိတိန်၊ ထိုင်း၊ ဂျပန် နိုင်ငံတို့တွင် ဘုရင် (သို့) ဘုရင်မ နှင့် ၎င်းတို့၏ တော်ဝင်မိသားစုမှာ တိုင်းပြည်အာဏာကို ကိုင်တွယ်ကျင့်သုံးရခြင်း မရှိဘဲ သက်ဆိုင်ရာ အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုသာ ဦးဆောင်ကျင်းပခြင်း၊ ပါဝင်ဆင်နွဲခြင်းတို့ကိုသာပြုလေ့ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် မရှိသည့် အိန္ဒိယတွင်မူ သမ္မတ တဦးကို လွှတ်တော်မှ သက်တမ်းကာလ တခုအတွက်ရွေးကောက်တင်မြှောက်ပြီး ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားသည်။ သို့သော် အမည်ခံ သမ္မတမျှသာဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အထက်တွင်ဖော်ပြထားသည့် ဘုရင်(သို့)ဘုရင်မ များ၏တာဝန်များနှင့် မကွာခြားလှပေ။ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က ဝန်ကြီးချုပ် ဦးနု မှာတိုင်းပြည်၏ အာဏာကို စွဲကိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ များကို လွှတ်တော်မှသာ ဂုဏ်ထူးဆောင်အဖြစ် ရွှေးချယ်ခန့်အပ်ခဲ့သည်။ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် မှာမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သည်။ ထို့အပြင် ကနေဒါ၊ ဩစတျေးလျ အစရှိသည့် နိုင်ငံများတွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော်လည်း နိုင်ငံ့အကြီးအကဲအဖြစ် ဗြိတိန်မှ ဘုရင်(သို့)ဘုရင်မ ကိုလက်ခံပြီး ထိုဘုရင် (သို့) ဘုရင်မ မှသက်ဆိုင်ရာ နိုင်ငံများအတွက် ဘုရင်ခံများကို သတ်မှတ်ခန့် အပ်ပေးသည်ကိုလည်း လက်ခံကြသည်။ တနည်းအားဖြင့် ထိုနိုင်ငံများသည် ဗြိတိန် လက်အောက်ခံနိုင်ငံ ဖြစ်ကြောင်းကို ကျေနပ်စွာ လက်ခံသည်ဟုလည်း ဆိုနိုင်သည်။ ဝန်ကြီးချုပ်ရာထူးအတွက်လိုအပ်ချက်နှင့် ရာထူးသက်တမ်း ဝန်ကြီးချုပ်ရာထူး အတွက် သတ်မှတ်ပုံမှာ အတန်ပင် လွယ်ကူရှင်းလင်းသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးပါတီများမှ လွှတ်တော်အတွင်း အနိုင်ရရေးအတွက် လွှတ်တော်အမတ် လောင်း(ကိုယ်စားလှယ်လောင်း)များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ လွှတ်တော်တွင် အမတ်နေရာ အများဆုံးရသည့် ပါတီ၏ ခေါင်းဆောင်မှာ ဝန်ကြီးချုပ်ရာထူးကို အလိုအလျှောက်ရခြင်းဖြစ်သည်။ လွှတ်တော်တွင် ပါတီတစ်ခုတည်းက ကြီးစိုးနိုင်ခြင်းမရှိလျှင် ပါတီများ ပေါင်းစည်းကာ ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး ၎င်းတို့အထဲမှ အင်အားအကြီးဆုံး ပါတီ၏ ခေါင်းဆောင်မှ ဝန်ကြီးချုပ်ရာထူးကို ရယူသည်။ ထိုသို့ အလိုအလျှောက် ရာထူးရယူခြင်းမဟုတ်ပဲ လွှတ်တော်တွင်းတွင်ရွေးကောက်ပွဲကျင်းပကာ ရွေးကောက်သည့်တိုင် ထိုပါတီခေါင်းဆောင်မှာ လွှတ်တော်အတွင်း မိမိ၏ပါတီမှ အမတ်အများစုဖြစ်ပြီးဖြစ်သည့်အတွက် အနိုင်ရမြဲဖြစ်သည်။ တခါတရံတွင်မူ ထိုပါတီခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ်ရာထူးကိုလက်ခံရန် အခက်အခဲရှိလျှင်သော်လည်းကောင်း၊ ဝန်ကြီးချုပ်ရာထူးကို လက်ခံရန်ဆန္ဒမရှိလျှင်သော်လည်းကောင်း ပါတီတွင်းမှ အရည်အချင်းရှိပြီးလက်ခံနိုင်သည့်သူတဦးဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်နိုင်သည်။ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အာဏာရပါတီဖြစ်သည့် ကွန်ဂရက်ပါတီမှခေါင်းဆောင်ဖြစ်သူ ဆိုနီယာဂန္ဒီက ရာထူးလက်ခံလိုခြင်းမရှိ၍ ပါတီတွင်းမှ မန်မိုဟန်ဆင်န်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့သည်။ သို့သော် အရေးကြီးသည့် အထက်ပါ အချက်မှလွဲလျှင် ဝန်ကြီးချုပ်ရာထူးအတွက် အခြားကန့်သတ်ချက်အချို့မှာ နိုင်ငံအလိုက် အနည်းနှင့်အများ ကွဲပြားလေ့ရှိပါသေးသည်။ ဝန်ကြီးချုပ်၏ ရာထူးသက်တမ်းမှာ ယေဘူယျအားဖြင့် တစ်ကြိမ်ကို ၄နှစ်၊ ၅နှစ် မှ ရနှစ်အထိ သတ်မှတ်လေ့ရှိပြီး အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ တာဝန်ယူနိုင်သည်။ ဝန်ကြီးချုပ်၏အခွင့်အာဏာ ဝန်ကြီးချုပ်သည် နိုင်ငံအုပ်ချုပ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဝန်ကြီးများ ခန့်အပ်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးတွင် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဋ္ဌာန်းသတ်မှတ်ရသည်။ သို့သော် ထိုဥပဒေသည် လွှတ်တော်တွင် အတည်ပြုချက်တောင်းခံရပြီး လွှတ်တော်မှ မဲခွဲဆုံးဖြတ်ကာ ကန့်ကွက်ခံရလျှင် ပျက်ပြယ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။ ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချခြင်း ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချရန် (သို့) ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲရန်အတွက် လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။ အဓိကအားဖြင့် တိုင်းပြည်၏ အရေးကိစ္စများကို ပြီးပြည့်စုံအောင် ဖြေရှင်းမပေးနိုင်ခြင်း၊ ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ နိုင်ငံရေးအရ အကျပ်အတည်းများကို ရှောင်လွှဲမရနိုင်တော့ခြင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း အစရှိသည်တို့အတွက် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် အယုံအကြည်မရှိ အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။ နောက်ယောင်ခံအစိုးရအဖွဲ့ တိုင်းပြည်အချို့တွင် အာဏာရပါတီ၏ အစိုးရလက်ထက်တွင် ၎င်းတို့၏ အမှားအယွင်းများနှင့် အားနည်းချက်များကို လေ့လာစောင့်ကြည့်ရန်၊ ဖော်ထုတ်ဝေဖန်ရန် အတွက် ပြိုင်ဖက် အတိုက်အခံပါတီများက နောက်ယောင်ခံ အစိုးရအဖွဲ့ ကိုဖွဲ့စည်းတတ်ကြသည်။ ဥပမာအားဖြင့် လက်ရှိဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် လေဘာပါတီ ခေါင်းဆောင်ဖြစ်ပြီး ယခင် ကွန်ဆာဗေးတစ်ပါတီ အစိုးရလက်ထက်တွင် လေဘာပါတီမှ ဖွဲ့စည်းသည့် နောက်ယောင်ခံ အစိုးရတွင် ဘဏ္ဏာရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ဖူးသည်။ ထိုသို့ ဖွဲ့စည်းခြင်းဖြင့် တိုင်းပြည်အုပ်ချုပ်သည့် အာဏာရပါတီ အနေဖြင့် ကျင့်ဝတ်ကောင်းရန်၊ လမ်းစဉ်မှန်ကန်မှုရှိရန်၊ မလျှော်ကန်သည့် အမှုမျိုးမလုပ်နိုင်ရန် ထိန်းကွပ်ပြီးသကဲ့သို့ ဖြစ်ပြီးသွားသည်။ သို့သော် ရင့်ကျက်မှုနည်း သည့်၊ ရန်လိုတတ်သည့်၊ ဆင်ခြင်တုံတရား နည်းသည့် အတိုက်အခံတို့နှင့် တွေ့လျှင် အစိုးရအနေဖြင့် အခက်အခဲတွေ့နိုင်သည့် အတွက် အစိုးရ၊ အတိုက်အခံ နှစ်ဖက်လုံးမှ မျှတပြီး ရင့်ကျက်ရန်၊ တိုင်းပြည်အကျိုးကို ဦးစားပေးရန်လိုသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခံယူချက် အားနည်းကာ ရင့်ကျက်မှု နည်းသည့်အတွက် မကြာခဏ စစ်တပ်မှ အာဏာသိမ်းခြင်း၊ ဝန်ကြီးချုပ် အပြောင်းအလဲများခြင်း၊ မကြာခဏ ဆူပူဆန္ဒပြခြင်းတို့ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။ ထင်ရှားသောပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများ ကမ္ဘာပေါ်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံ အများအပြားရှိသည့်အနက် ထင်ရှားသိသာသည့် နိုင်ငံအချို့မှာအောက်ပါတို့ဖြစ်သည်။ ဂျပန်(စည်းမျဉ်းခံဘုရင်စနစ်) ထိုင်း(စည်းမျဉ်းခံဘုရင်စနစ်) ဘူတန်(စည်းမျဉ်းခံဘုရင်စနစ်) ဂရိတ်ဗြိတိန်(စည်းမျဉ်းခံဘုရင်စနစ်) အိန္ဒိယ(ဂုဏ်ထူးဆောင်သမ္မတစနစ်) စင်္ကာပူ(ဂုဏ်ထူးဆောင်သမ္မတစနစ်) မလေးရှား(စည်းမျဉ်းခံဘုရင်စနစ်၊ပြည်နယ်ကိုးခုမှ စော်ဘွားများကိုဘုရင်အဖြစ်အလှည့်ကျတင်မြှောက်သည်။) ကမ္ဘောဒီးယား(စည်းမျဉ်းခံဘုရင်စနစ်) အစ္စရေး(ဂုဏ်ထူးဆောင်သမ္မတစနစ်) အီတလီ(ဂုဏ်ထူးဆောင်သမ္မတစနစ်) ဆွီဒင်(စည်းမျဉ်းခံဘုရင်စနစ်) ရှန် (ဂုဏ်ထူးဆောင် သမ္မတစနစ်) ဒီမိုကရေစီ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%9C%E1%80%AE%E1%80%99%E1%80%94%E1%80%BA%20%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%B1%E1%80%85%E1%80%AE%20%E1%80%85%E1%80%94%E1%80%85%E1%80%BA
သမ္မတစနစ်
သမ္မတ စနစ်မှာ တိုင်းပြည်တော်တော်များများတွင်ကျင့်သုံးနေပြီး ဒီမိုကရေစီ စနစ်သာမက အာဏာရှင်စနစ်၊တစ်ပါတီစနစ် (အီဂျစ်၊ဆီးရီးယား၊မြောက်ကိုရီးယား၊တရုတ်၊ဗီယက်နမ်)အစရှိသည့် နိုင်ငံများတွင်ပါကျင့်သုံးကြသည်။ သို့သော် ယခုဖော်ပြမည့် စနစ်မှာ ဒီမိုကရေစီ စနစ်ပေါ်တွင်အခြေခံသည့် သမ္မတစနစ်သာဖြစ်သည်။ နောက်ခံသမိုင်းကြောင်း သမိုင်းမှတ်တမ်းများအရ ခေတ်သစ်ကမ္ဘာတွင် သမ္မတစနစ်ကျင့်သုံးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အဦးဆုံးဖြစ်သည်။ ဗြိတိန်တို့၏ ကိုလိုနီပြုထားသည်ကိုတွန်းလှန်ပြီး ပြည်နယ် ၁၃ ခုဖြင့် ပြည်ထောင်စုဖွဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ သမ္မတစနစ်ဖြင့်အုပ်ချုပ်ရန် သဘောတူကြသည်။ ဂျော့ချ် ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံအားဖြင့် သမ္မတစနစ်၏ အုပ်ချုပ်ရေး အာဏာအပိုင်းတွင် ဖွဲ့စည်းပုံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သမ္မတမှ နိုင်ငံ၏ တာဝန်ကို အလုံးစုံတာဝန်ယူကာ ပြည်တွင်းပြည်ပ အရေးနှစ်ရပ်လုံးကို စီမံခန့်ခွဲသည်။ (ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။) ဒုတိယတစ်မျိုးမှာ သမ္မတက ပြည်ပရေးရာ၊ ကာကွယ်ရေးနှင့် အရေးပါသည့် ဝန်ကြီးဌာနများကို ကိုင်တွယ်ပြီး ပြည်တွင်းရေးရာ (လုံခြုံရေး၊ ပညာရေးနှင့် စီးပွားရေး အစရှိသည်)တို့တွင် ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်ပြီး ဦးဆောင်စေသည့်ပုံစံဖြစ်သည်။ သို့သော် ထိုဝန်ကြီးချုပ်မှာ ပါလီမန် ဒီမိုကရေစီ စနစ်၏ ဝန်ကြီးချုပ်များကဲ့သို့မဟုတ်ပဲ သမ္မတက အချိန်မရွေး ပြန်လည်ထုတ်ပယ်နိုင်သည်။ (ဥပမာအားဖြင့် ရုရှား၊ ပြင်သစ်၊ ထိုင်ဝမ်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။) ထို့အပြင်နိုင်ငံရေးအရ မိမိနှင့် မဟာမိတ်ပါတီမှ ခေါင်းဆောင်ကို အာဏာခွဲဝေပေးရန်အတွက်လည်း ဝန်ကြီးချုပ်ရာထူး ခန့်လေ့ရှိပြန်သည်။ (ဥပမာအားဖြင့်ယူကရိန်း) ထိုသို့ဝန်ကြီးချုပ်များခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်းဖြစ်သည်။ သမ္မတကို ရွေးကောက်တင်မြောက်ရာတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်စနစ်ကိုသာ အများဆုံး ကျင့်သုံးကြပြီး၊ ရံဖန်ရံခါ လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြောက်သည်လည်းရှိသည်။ ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြောက်ပုံမှာ လွယ်ကူရှင်းလင်းသည်။ လွှတ်တော်မှတစ်ဆင့် ရွေးကောက်ခြင်းသည် ပြည်တွင်းတည်ငြိမ်မှုရစေရန်အတွက်၊ ပြည်သူတို့ နိုင်ငံရေးတွင် မရင့်ကျက်သည့်အတွက် ဟူ၍အကြောင်းပြချက်များဖြင့် ပြည်သူတို့ကို နိုင်ငံရေးနယ်ပယ်မှဝေးကွာစေရန် ရည်ရွယ်ချက်ဖြင့်လည်း ပြုလုပ်ကြသည်။ (ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဖြစ်ပေါ်လာမည့် အနာဂတ် မြန်မာနိုင်ငံ) သမ္မတစနစ်တွင် အများအားဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူသည့် သမ္မတသည် ကျန်ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာများနှင့် သက်ဆိုင်ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတများသည် ဥပဒေပြုရေးအာဏာဖြစ်သည့် လွှတ်တော်သို့ ဖိတ်ခေါ်ခြင်းမရှိလျှင် သွားရောက်ခွင့်မရှိပေ။ ထို့ပြင် သမ္မတများသည် နိုင်ငံတော်တရားသူကြီးချုပ်ကို ခန့်ထားပိုင်ခွင့်သာရှိပြီး ရာထူးမှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် မရှိသည့်အတွက် တရားစီရင်ရေးအာဏာကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။ သို့သော် အချို့နိုင်ငံများ၌ သမ္မတတွင် တရားသူကြီးချုပ်များအား အကျိုးအကြောင်းပြကာ ပြန်လည်ဖြုတ်ချ ခွင့်ရှိကြသည်။ သမ္မတဖြစ်ရန်လိုအပ်ချက်များနှင့် ရာထူးသက်တမ်း သမ္မတတစ်ဦးဖြစ်ရန်အတွက် နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံနှုန်းများ ကွာခြားတတ်သည်။ သို့သော် နိုင်ငံသားဖြစ်ရမည်၊ ပါတီဝင်ဖြစ်ရမည် ဟူသည့်အချက်များမှာ ဥပဒေအဖြစ် အတိအလင်းပြဋ္ဌာန်းထားခြင်း မရှိသည့်တိုင် အများက နားလည်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် အမျိုးသားရေးဝါဒကို အသားပေးသည့်နိုင်ငံများတွင် သမ္မတ တစ်ဦးအတွက် သတ်မှတ်ချက် များလေ့ရှိပြီး ပွင့်လင်း လွတ်လပ်မှုကို အသားပေးသည့် နိုင်ငံများတွင်မူ သတ်မှတ်ချက် နည်းပါးတတ်သည်။ သမ္မတရာထူးသက်တမ်းမှာ နိုင်ငံအလိုက်ကွဲပြားတတ်သည်။ အများအားဖြင့် တစ်ကြိမ်လျှင် ၄ နှစ်နှုန်းဖြင့် နှစ်ကြိမ်အထိ ထမ်းဆောင် နိုင်သည်။ သို့သော် အာဏာရှင်စနစ်ကိုကြောက်ရွံပြီး တစ်ဦးတစ်ယောက်မှ အာဏာကိုရေရှည်ကိုင်တွယ်ကာ ဩဇာထူထောင်မည့် အဖြစ်ကိုရှောင်လွှဲရန်အတွက် ၄ နှစ်ထက်ပိုသောသက်တမ်း တစ်ကြိမ်ကိုသာထမ်းဆောင်ရန်သတ်မှတ်သည်လည်း ရှိတတ်သည်။ (ဥပမာအားဖြင့် တောင်ကိုးရီးယား သမ္မတများသည် ၅နှစ်သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည်။) သမ္မတ၏အခွင့်အာဏာ သမ္မတတစ်ဦးအနေဖြင့် လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေကို လက်မှတ်ထိုးကာ အတည်ပြုပေးရသည်။ သို့သော် အချိန်အကန့်အသတ် တစ်ခုအတွင်း အတည်မပြုပေးသည့်တိုင် ထိုဥပဒေအား လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းနိုင်သည်။ သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဋ္ဌာန်းနိုင်သည်။ သို့သော် ထိုသို့ပြဋ္ဌာန်းသည့် ဥပဒေသည် လွှတ်တော်၏ အတည်ပြုခြင်းကို ရယူရန်လိုအပ်ပြီး လွှတ်တော်မှ အတည်မပြုလျှင် ပျက်ပြယ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။ သမ္မတအားပြန်လည်ဖြုတ်ချခြင်း သမ္မတတစ်ဦးအား ပြန်လည်ဖြုတ်ချရန်မှာမူ ဖြစ်ခဲလှပါသည်။ အကြောင်းမှာ ပါလီမန် ဒီမိုကရေစီစနစ်ကဲ့သို့ မဟုတ်ပဲ အုပ်ချုပ်ရေး အကြီးအကဲ (သမ္မတ) သည် လွှတ်တော်နှင့် ပိုင်းခြားထားသည့်အတွက်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးသက်တမ်းပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် အာမခံပြဋ္ဌာန်းပေးထားသည်ကြောင့်လည်းကောင်း ဖြစ်လေ့ ရှိကြသည်။ သို့သော် အကျင့်စာရိတ္တပျက်ယွင်းသည့်အတွက် သက်သေအထောက်အထား ခိုင်လုံလျှင် လွှတ်တော်အတွင်း တရားစွဲဆိုမှုပြုနိုင်ရန် မဲခွဲဆုံးဖြတ်ပြီး တရားစွဲဆိုနိုင်သည်။ တရားစွဲဆိုခြင်းခံရပြီး အပြစ်ရှိကြောင်းထင်ရှားလျှင် တရားရုံး၏ အဆုံးအဖြတ်အတိုင်း ရာထူးမှ နုတ်ထွက်ရသည်။ ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ အမေရိကန်ပြည်ထောင်စု (သမ္မတ အာဏာပိုင်စနစ်) ပြင်သစ် (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) ရုရှား (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) အင်ဒိုနီးရှား (သမ္မတ အာဏာပိုင်စနစ်) ဖိလစ်ပိုင် (သမ္မတ အာဏာပိုင်စနစ်) တောင်ကိုရီးယား (သမ္မတ အာဏာပိုင်စနစ်) တောင်အာဖရိက (သမ္မတ အာဏာပိုင်စနစ်) ယူကရိန်း (သမ္မတ၊ ဝန်ကြီးချုပ် အာဏာခွဲဝေစနစ်) တို့ဖြစ်ကြသည်။ အထူးသတိပြုရန် အချက်တစ်ချက်မှာ အချို့နိုင်ငံများ၏ တရားဝင်အမည်များတွင် "သမ္မတ"ဟူသည့်စကားလုံးကို သုံးစွဲထားသည့်တိုင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သည် မဟုတ်ချေ။ ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် စင်္ကာပူ (စင်္ကာပူသမ္မတနိုင်ငံ)၊ အိန္ဒိယ (အိန္ဒိယသမ္မတနိုင်ငံ)တို့ ရှိတတ်သည်။ ထို့ပြင် အာဏာရှင်နှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် အချို့နိုင်ငံများတွင်လည်း ထိုကဲ့သို့ သမ္မတ ဆိုသည့်အသုံးအနှုံးမျိုးကို သုံးစွဲတတ်သည်။ ကိုးကား နိုင်ငံရေး စနစ်များ အုပ်ချုပ်ရေး ပုံစံများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%85%E1%80%94%E1%80%85%E1%80%BA
အချုပ်အခြာအာဏာ
အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက်၎င်း လိုအပ်သည့်အာဏာမျိုးဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိတို့တိုင်းပြည်နှင့်လူမျိုး အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော တိုင်းပြည်တစ်ပြည်၏ အဓိက ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာ အာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။ အုပ်ချုပ်ရေးအာဏာ အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ် အုပ်ချုပ်သည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတ များက အုပ်ချုပ်ရေး အကြီးအကဲအဖြစ်နှင့် ၎င်းအုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးသည်။ ဥပဒေပြုရေးအာဏာ ဥပဒေပြုရေးအာဏာ ကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိပဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ ထို လွှတ်တော်၏ တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့် ဥပဒေများကို အချိန်အခါ နှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြုမဲပေးခြင်းစနစ် ကို ကျင့်သုံးသည်။ တရားစီရင်ရေးအာဏာ တရားစီရင်ရေးအာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ် အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာ ကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှု နှင့် သက်ဆိုင်ရာ ဥပဒေသ များကိုကျေညက်စွာ နားလည်မှု တို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ရွေးကောက်ခြင်းဖြင့် ခန့်အပ်မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ၊ ဝန်ကြီးချုပ်) ကရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ရှိကြသည်။ အချုပ်အခြာအာဏာ နိုင်ငံရေး
https://my.wikipedia.org/wiki/%E1%80%A1%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC
မွတ်စလင်မ်
ကမ္ဘာ၏ ၅ပုံ ၂ပုံမျှသော သူများသည် အစ္စလာမ် သာသနာဝင် မွတ်စလင်(မ်) များဖြစ်ကြပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီး နှင့် ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးမှုအဖုံဖုံတို့မှလူများပါဝင်ကြသည်။ ဖိလစ်ပိုင်တောင်ဘက်ပိုင်းမှသည် နိုင်ဂျီးရီးယား ထိတိုင်အောင်ပင်ရှိ၏။ ထိုသူတို့အားလုံးသည် တူညီသော အစ္စလာမ်သာသနာအားဖြင့် တူညီသော ယုံကြည်ချက် ခံယူချက်များ ရှိကြ၏။ အာရပ်တိုင်းပြည်များတွင် ၁၈% သော မွတ်စလင်(မ်) များရှိပြီး အင်ဒိုနီးရှားသည် ကမ္ဘာတွင် မွတ်စလင်(မ်) အများဆုံးသော နိုင်ငံဖြစ်သည်။ အာရှ နှင့် အာဖရိက တွင် မွတ်စလင်(မ်) အတော်များများနေထိုင်ကြသည်။ ရုရှား၊ တရုတ်၊ အမေရိကန် တောင်နှင့် မြောက်ပိုင်း၊ ဥရောပတို့တွင် မွတ်စလင်(မ်) လူနည်းစုနေထိုင်ကြသည်။ အစ္စလမ်ဘာသာတွင် ဆွန္နီမွတ်စလင်(မ်)(Sunni) နှင့် ရှီအာမွတ်စလင်(မ်)(Shia ) ဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့ကြသည်။ သို့သော် မတူညီသည့် အချက်မှာတမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး ခြင်းပင် အစပြုခဲ့သည်။ ဆွန္နီမွတ်စလင်(မ်) တမန်တော်မြတ် (ဆွ) မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား မွတ်စလင်(မ်)များ ရွေးချယ်ရာမှ အဘူဘကရ် စွဒ္ဒိက် (တမန်တော်မြတ်၏တပည့်သာဝကကြီးဖြစ်သလို၊ အစောဆုံးမွတ်စလင်(မ်)ဖြစ်လာသူများထဲမှတစ်ဦး) ကို ခေါင်းဆောင်အဖြစ်တင်မြောက်ခဲ့ကြသည်။ ထိုသို့ အဘူဘကရ်စွဒ္ဒိက် နှင့် သူ့အားဆက်ခံခဲ့ကြသည့် အခြားခေါင်းဆောင်၃ဦး အုမရ်သခင်၊အွစ်မာန်သခင်၊အလီသခင် (အစ္စလမ်ဘာသာတွင် မှန်ကန်သည့်ခေါင်းဆောင်ကြီး ၄ ဦးဟူ၍ရှိသည်) အား လက်ခံသူ နောက်လိုက်များကို ဆွန္နီမွတ်စလင်(မ်) ဟုခေါ်ပြီး ကမ္ဘာ့မွတ်စလင်(မ်)အရေအတွက်၏ ၉၅ရာခိုင်နှုန်းရှိသည်။ ရှီအာမွတ်စလင်(မ်) သို့ရာတွင် အဘူဘကရ် ၏ ဆက်ခံမှုအား မထောက်ခံသည့် အလီအိုင်ဘင်အဘီတာလိဘ်(Ali-ibn-Abi-Talib) ဦးဆောင်သည့် အုပ်စုကိုမူ ရှီအာဟုခေါ်ကြသည်။ အလီသည် ခေါင်းဆောင်ကြီး ၄ ဦးတွင် စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ ဆွန္နီမွတ်စလင်(မ်) များအတွက် အဘူဘကရ် သည် တမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီအာမွတ်စလင်(မ်) များအတွက်တော့ အလီသည် တမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။၎င်းတို့သည်အလီကိုတမန်တော်အဖြစ်တင်မြောက်ချင်ကြသူများဖြစ်ကြသည်။ ဆွန္နီမွတ်စလင်(မ်) နှင့် ရှီအာမွတ်စလင်(မ်) တို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော ဟဒီးဆ် ခေါ်အစဉ်အလာနှင့် ကုရ်အာန် အား ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ ရှီအာမွတ်စလင်(မ်) တို့သည် ကုရ်အာန်ကျမ်းကို ထပ်တိုးထားကြသည်။ အရေအတွက်အရလည်း ဆွန္နီမွတ်စလင်(မ်) များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီအာမွတ်စလင်(မ်) များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။ အာရပ်မွတ်စလင်တို့၏ အမျိုးသားရေးနှင့် နယ်ပယ်ချဲ့ထွင်မှုများ မိုဟာမက်ကိုဘာသာရေးသာမက နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဘက်မှ ဆက်ဆန်းနစ်(Sassanids)တို့၏ ပါရှန်းအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဘက်မှ အရှေ့ရောမအင်ပါယာ(ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ကိန်းဂဏန်း၊လူဦးရေ အရနှိုင်းယှဉ်လျှင် အာရပ်နှင့် ထိုအင်ပါယာကြီးနှစ်ခုကြားတွင် အလွန့်အလွန်ကွာခြားသည်ဟုဆိုရမည်ဖြစ်သော်လည်း ဘာသာရေးယုံကြည်ချက်ဖြင့် နှိုးဆွထားသည့် အာရပ်တို့အတွက်မူ ထိုကွာခြားမှုတို့ကို မမှုတော့ပေ။ မိုဟာမက်နောက်ဆက်ခံသည့် အဘူဗကရ်နှင့် အုမရ်အိဗနေအယ်လ်ခတ်တဗ် (Umar ibn al-khattab)တို့လက်ထက်များတွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အလွန်သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ဖြစ်သည်။ အချိန်တိုအတွင်း မက်ဆိုပိုတေးမီးယား(Metsopoyamia)၊ ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသများကို သိမ်းသွင်းပြီး အယူဝါဒသစ်ကို ပြန့်ပွားရန် အားထုတ်ကြသည်။ ၆၄၂တွင် အီဂျစ်ကို ဘိုင်ဇန်တိုင်းအင်ပါယာ လက်မှဖဲ့ယူပြီး အရှေ့ဘက်မှ ပါရှားတပ်များကို ဒီစီယားစစ်ပွဲ(၆၃၇) နှင့် နေဟာဗင်စစ်ပွဲ(၆၄၂)များတွင် အပြီးသတ် အောင်နိုင်သည်။ဂျီဘရော်တာရေလက်ကြားကိုဖြတ်ကာ ဥရောပကုန်းမြေရှိ စပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ ဥရောပရှိ မူလခရစ်ယာန်နိုင်ငံများအားလုံး မူဆလင်တို့၏ သိမ်းသွင်းမှုခံရတော့မည့် အနေအထားသို့ ခြိမ်းခြောက်လာသည့်တိုင် ပြင်းထန်လှပေသည်။ သို့သော် ရ၃၂ ခု၊ ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး(Tours) စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ စပိန်အနေဖြင့် နောင်အနှစ် ရ၀၀ကျော်ရုန်းကန်ပြီးမှသာ မွတ်စလင်တို့လက်အောက်မှ လွတ်ထွက်ပြီး ခရစ်ယာန်နိုင်ငံအဖြစ် ပီပီပြင်ပြင်ပြန်လည်ရပ်တည်နိုင်သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းဒေသများလည်း ဆက်တိုက်ပင် အာရပ်တို့လက်အောက်မှလွတ်မြောက်သည် ဟုဆိုနိုင်သော်လည်း အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာ နှစ်မျိုးလုံးကိုပင် ဆက်လက်ပြီး လက်ခံကျင့်သုံးမြဲ၊ကျင့်သုံးဆဲပင်ဖြစ်သည်။ ရည်ညွှန်းကိုးကား Neatorama Wikipedia ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း မူရင်းရေးသားသူ - ဘိုးစိန် ရည်ညွှန်းကိုးကား - Neatorama, Wikipedia ဘာသာရေး အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%90%E1%80%BA%E1%80%85%E1%80%9C%E1%80%84%E1%80%BA%E1%80%99%E1%80%BA
ရှီအာမွတ်စလင်(မ်)
ရှီယာ မူဆလင် (Shia) သည် အစ္စလာမ် ဘာသာခွဲများတွင် ဆွန်နီ မူဆလင် ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်သည်။ ရှီယာ မူဆလင်သည် မူဆလင်တွင် အရေအတွက် အားဖြင့်နည်းသော်လည်း အီရန်၊ အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် အီရတ် တို့တွင် အဓိက ဘာသာ ဖြစ်ပြီး၊ လက်ဘနွန် နှင့် ကူဝိတ် တို့တွင်လည်း အများအပြား ရှိသည်။ ပရောဖက်မိုဟာမက် မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား ရွေးချယ်ရန် မဒီနာ(Medina)မြို့တွင် နောက်လိုက်များ စည်းဝေးတိုင်ပင်ကြရာမှ Abu-Bakr (မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သူ) ကို တင်မြောက်လိုက်ကြသည်။ ထိုအဖွဲ့ကို ဆွန်နီဟုခေါ်သည်။ သို့ရာတွင် Abu-Bakr ၏ ဆက်ခံမှုအား မထောက်ခံသည့်အုပ်စုတစ်စုလည်း ရှိနေပြန်သေးသည်။ ခေါင်းဆောင်အမည်မှာ Ali-ibn-Abi Talib ဖြစ်ပြီး မိုဟာမက်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သလို သားမက်လည်း တော်စပ်သူဖြစ်သည်။ မိုဟာမက်သည် Ghadir-Khum တွင် တရားဟောကြားစဉ်က အလီ အိုင်ဘင် အဘီ တာလိဘ်(Ali-ibn-Abi-Talib) အား "mawla" (အင်္ဂလိပ်ဘာသာဖြင့်Master) တစ်ဦးအဖြစ် ပြောဆိုသုံးနှုန်းသွားခဲ့ဖူးခြင်းကြောင့် သူသာဆက်ခံသင့်သည်ဟု ဆိုသည်။ အလီနှင့် သူ့အားထောက်ခံသူနောက်လိုက်များအား Shiat-Ali (အလီ၏နောက်လိုက်) the Following -of-Ali) ဟုခေါ်ကြပြီး ယနေ့အချိန်တွင်တော့ ရှီယာ ဟုသာသိကြတော့သည်။ ထို့အပြင် အလီသည် နောက်ဆုံးတွင် ခေါင်းဆောင်ကြီး ၄ ဦး၏ စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ ဆွန်နီ များအတွက် Abu-Bakr သည် မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီယာများအတွက်တော့ အလီမှာ မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။ ဆွန်နီ နှင့် ရှီယာတို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကိုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော hadiths ခေါ်အစဉ်အလာနှင့် ကိုရ်အာန်အား ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ အရေအတွက်အရလည်း ဆွန်နီ များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီယာ များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။ ရှီယာမူဆလင် အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AE%E1%80%A1%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%BA%E1%80%85%E1%80%9C%E1%80%84%E1%80%BA%28%E1%80%99%E1%80%BA%29
ဆွန္နီမွတ်စလင်(မ်)
ဆွန်နီမွတ်စလင် (အင်္ဂလိပ်: Sunni) များသည် ကမ္ဘာ့မွတ်စလင်လူဦးရေ၏ 85-90% ခန့်ပါဝင်သော အစ္စလာမ်သာသနာ၏ အကြီးဆုံးဌာနခွဲဖြစ်သည်။  "ဆွန်နီ" ဟူသော စကားလုံးသည် အာရဗီစကားလုံး "ဆူနဟ်" မှ ဆင်းသက်လာပြီး "ရိုးရာ" ဟု အဓိပ္ပါယ်ရသည်။  ဆွန်နီမွတ်စလင်များသည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးစ်တော် (နဗီတမန်တော် မုဟမ္မဒ်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များ) သည် အစ္စလာမ့်ဥပဒေနှင့် လမ်းညွှန်မှု၏ အဓိကအရင်းအမြစ်နှစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။  ၎င်းတို့သည် အစောပိုင်း မူဆလင်အသိုက်အဝန်း (ijma) နှင့် တူညီသော (qiyas) တို့၏ သဘောဆန္ဒကို လိုက်နာကြပြီး ပြဿနာအသစ်များအတွက် တရားဝင် စီရင်ထုံးများကို ရယူကြသည်။ ဆွန်နီမွတ်စလင်များသည် အစ္စလာမ်၏ မဏ္ဍိုင်ကြီးငါးရပ်ကို ယုံကြည်ကြသည်။ Shahadah - အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်ဘုရားမျှမရှိဟု ယုံကြည်ခြင်း နှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏တမန် တော်ဖြစ်သည် ။ Salat- မက္ကာရှိ ကဘကို တစ်နေ့ငါးကြိမ် ဆုတောင်းပါ။ ရမ်ဇာန်လ၏ ဥပုသ်လတွင် မိုးလင်းမှ နေဝင်ရီတရော ဥပုသ်။ Zakat: ဆင်းရဲနွမ်းပါးသူများကို အလှူဒါနပြုခြင်း။ ဟဂ်ျ- ရုပ်ပိုင်းဆိုင်ရာနှင့် ငွေကြေးတတ်နိုင်သူများအတွက် တစ်သက်တွင် အနည်းဆုံး တစ်ကြိမ် မက္ကာသို့ ဘုရားဖူးသွားပါ။ ဆွန်နီ မွတ်စ်လင်မ် များ သည်လည်း ယုံကြည်ခြင်း ပုဒ်မ ခြောက်ခု ကို ယုံကြည် သည် ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ဘုရားကို ယုံကြည်ပါ။ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။ အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေ၊ ယေရှုနှင့် မုဟမ္မဒ် အပါအဝင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွ)အား ယုံကြည်ပါ။ တိုရာ၊ သမ္မာကျမ်းစာနှင့် ကုရ်အာန်ကျမ်းများအပါအဝင် အလ္လာဟ်အရှင်မြတ်၏ ထင်ရှားပေါ်လွင်သော စာအုပ်များကို ယုံကြည်ပါ။ တရားစီရင်ရာနေ့၌ ယုံကြည်ခြင်း။ ကြိုတင်ယုံကြည်မှု။ ဆွန်နီမွတ်စလင်များကို တွေးခေါ်မှုဆိုင်ရာ အဓိကကျောင်းလေးခု သို့မဟုတ် mazhabs ဟူ၍ ခွဲခြားထားသည်။ ဟာနဖီ- Imam Abu Hanifah (CE 699-767) မှ တည်ထောင်ခဲ့သော အကြီးဆုံးသော တွေးခေါ်မှုကျောင်း။ မာလီကီ- Imam Malik ibn Anas (711-795 CE) မှ တည်ထောင်ခဲ့သော ဒုတိယအကြီးဆုံး တွေးခေါ်မှုကျောင်း။ Shafi'i - Imam Muhammad Ibn Idris ash-Shafi'i (767-820 CE) မှ တည်ထောင်ခဲ့သော တတိယအကြီးဆုံး တွေးခေါ်မှုကျောင်း။ ဟန်ဘာလီ- Imam Ahmad Ibn Hanbal (780-855 CE) မှ တည်ထောင်ခဲ့သော စတုတ္ထအကြီးဆုံး တွေးခေါ်မှုကျောင်း။ တွေးခေါ်မှုကျောင်းတစ်ခုစီတွင် ကုရ်အာန်နှင့် ဟဒီးစ်တော်၏ တရားစီရင်ထုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ သီးသန့်ရှိကြသည်။  သို့သော် တွေးခေါ်မှုဆိုင်ရာ စာသင်ကျောင်း လေးခုစလုံးသည် အစ္စလာမ်၏ အခြေခံမူများကို သဘောတူကြသည်။ ဆွန်နီမွတ်စလင်များသည် သိပ္ပံ၊ သင်္ချာ၊ ဆေးပညာ၊ ဒဿနိကဗေဒနှင့် အနုပညာအပါအဝင် နယ်ပယ်များစွာတွင် ကမ္ဘာကို သိသာထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။  ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုများကဲ့သို့သော လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများစွာ၏ ရှေ့တန်းမှလည်း ပါဝင်ခဲ့သည်။ ဆွန်နီမွတ်ဆလင်များသည် အလွှာပေါင်းစုံမှ ကွဲပြားသော လူမျိုးစုများဖြစ်သည်။  ၎င်းတို့သည် ၎င်းတို့၏ တူညီသော ယုံကြည်ချက်များနှင့် အစ္စလာမ်၏ သွန်သင်ချက်များကို လိုက်နာရန် ကတိကဝတ်များဖြင့် စည်းလုံးကြသည်။ ကိုးကား အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%86%E1%80%BD%E1%80%94%E1%80%B9%E1%80%94%E1%80%AE%E1%80%99%E1%80%BD%E1%80%90%E1%80%BA%E1%80%85%E1%80%9C%E1%80%84%E1%80%BA%28%E1%80%99%E1%80%BA%29
မိုဟာမက်
တမန်တော်မိုဟာမတ် (မုဟမ္မဒ်-Muhammad) သည် အစ္စလာမ်ဘာသာကို အလ္လာရှင်မြတ် (ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။ မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထားမတွေ့ရပေ။ သို့သော် အေဒီ ၅၇၀ ဝန်းကျင်၊နေရာအားဖြင့် ယနေ့ ဆော်ဒီအာရေဗျနိုင်ငံ၊မက္ကာမြို့(Macca)အနီးဖြစ်မည်ဟု ခန့်မှန်းကြသည်။ မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းခဲ့ရသည်။ ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။ သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မက္ကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘဝတိုးတက်လာခဲ့သည်။ ပင်ကိုကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ ယုံကြည်ခြင်းကို ခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစ္စည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဂျူးနှင့်ခရစ်ယာန် ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၎င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန် အားထုတ်တော့သည်။ တစ်ကိုယ်တည်း ဧကစာရီအကျင့် ကျင့်သုံးရာမှ အလ္လာရှင်မြတ်၏ ချစ်မြတ်နိုးမှုကို ခံရသဖြင့်တမန်တော် ဂါဘရီရယ်မှတဆင့် သူ့အားတမန်တော် အဖြစ်သတ်မှတ်ခြင်းခံရကာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့လည်းခေါ်ဆောင်ကာ ဖူးမြော်ခွင့်ကိုရသည်ဟုဆိုသည်။ ထိုသို့သော် ချီးမြှောက်မှုကို ရရှိပြီးနောက် မိုဟာမက်သည် မိမိနှင့် ဆက်ဆံရသူအနည်းအကျင်းကို စတင်ဟောပြောပို့ချရာမှ အစ္စလာမ်သာသနာစတင်လာခဲ့သည်။၆၁၃တွင် ၎င်း၏ ဟောပြောမှုတို့ကို ယုံကြည်သဖြင့် နောက်လိုက်အင်အားတိုးပွားလာပြီး မက္ကာစော်ဘွား၏ မျက်စိစူးမှုကိုပါ တစ်ပါတည်းခံရတော့သည်။ ထို့ကြောင့် ၆၂၂တွင် မိုဟာမက်အနေဖြင့် မက္ကာတွင်ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အလျှောက် မက္ကာမြို့၏ မြောက်ဘက်မိုင် ၂၀၀ရှိ မဒီနာမြို့(Medina) သို့ရှောင်တိမ်းပြီး ဘုရားသခင်၏ အဆုံးအမကို လူအပေါင်းအား ဆက်လက် ဟောပြောသည်။ ထိုသို့တိမ်းရှောင်ရသည်ကို ဟေဂိရ(Hegira) ဟုခေါ်ပြီး တမန်တော်ဘဝကျင့်စဉ်တွင် အတက်တစ်ကွေ့ဖြစ်သည်ဟုသတ်မှတ်သည်။ အမှန်လည်း အောင်မြင်မှုကြီးကြီးရသည်။ မဒီနာစော်ဘွား၏ ဆရာကဲ့သို့ပင် အာဏာရလာပြီး လူအများကို ဦးဆောင်နိုင်သည့်အတွက် မကာကို ၆၃၀ခုနှစ်တွင်အနိုင်ရကာ အောင်နိုင်သူဖြစ်လာခဲ့သည်။ ထိုအချိန်မှစပြီး နောင်တစ်နှစ်ခွဲကြာ သူမကွယ်လွန်မှီအထိကို အာရပ်အမျိုးနွယ်စုလေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အယူသစ်ကို ကူးပြောင်းယုံကြည်လာသည့် အတွက် ကွယ်လွန်ချိန် ၆၁၃ တွင်အာရေဘီးယားကျွန်းဆွယ်တောင်ဘက်ပိုင်းတစ်ခုလုံးကို ကောင်းစွာဩဇာလွမ်းမိုးထားခဲ့သည်။ မိုဟာမက်ကို တမန်တော်ဟုဆိုပြီးဘာသာရေးအရသာ အထွတ်အမြတ်ထားနိုင်သည်မဟုတ်ပေ။ နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဘက်မှ ဆက်စနစ်(Sassanids)တို့၏ ပါရှအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဘက်မှ အရှေ့ရောမအင်ပါယာ(ခေါ်) ဘိုင်ဇန်တိုင်း အင်ပါယာ (Byzantine Empire) တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ထို့နောက်တွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အရှေ့ဘက်တွင် အိန္ဒိယအနောက်မြောက်ပိုင်း၊နောက်တွင် အာဖရိကမြောက်ပိုင်းဒေသ အကုန် သာမက ဥရောပကုန်းမြေရှိစပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ သို့သော် ၇၃၂ ခု၊ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ လူမှုရေး၊ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အာရပ်ယဉ်ကျေးမှုကို အားကောင်းမောင်းသန် ပြန့်ပွားရန်အတွက် လမ်းဖွင့်ပေးခဲ့သည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း အာဖရိက မြောက်ပိုင်းမှသည် အရှေ့ဘက် အိန္ဒိယ အနောက်မြောက်ဘက်တိုင် အာရပ်ယဉ်ကျေးမှုကို ရှင်သန်စေရန် ကိုရမ်ကျမ်းက ဆောင်ရွက်ပေးခဲ့သည်။ မည်သည့် လူမျိုးဖြစ်စေ အာရဗီ ဘာသာဖြင့်သာ ရွတ်ဖတ်ပူဇော်ရမြဲဖြစ်သဖြင့် အာရဗီဘာသာမှာ အားအလွန်ကောင်းလာသည်။ အချုပ်ဆိုရလျှင် သာမန်လူတန်းစား အညတရဘဝမှသည် ဘာသာရေး၊နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှုတို့တွင် ခေါင်းဆောင်မှုပေးနိုင်သူအဖြစ် မိုဟာမက်ကို သတ်မှတ်ချီးမွမ်းနိုင်သည်။ မို့ဟမ္မဒ် သခင်သည် အလ္လာဟ် အရှင်မြတ်၏ တမန်တော်ဖြစ်သည်။ ယခင်နှစ်ပေါင်း ၁၃ဝဝ ကျော်က၊ ကမ္ဘာသူကမ္ဘာသား အားလုံးတို့ကို ကရုဏာတရား ပွားများ၍ နှစ်ဘဝ၏သုခချမ်းသာ အဖြာဖြာကို ရစိမ့်သောငှာ အလ္လာဟ် အရှင်မြတ်သည် တမန်တော်အပေါင်းတို့၏ အချုပ်ဖြစ်သော ကမ္ဘာ့ ကရုဏာရှင် တမန်တော်မြတ် မို့ဟမ္မဒ်သခင်ကို နောက်ဆုံး တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ ကမ္ဘာ တည်ရှိသမျှ ကာလပတ်လုံး တွေ့ကြုံရမည့် ပြဿနာအရပ်ရပ် ကို တိကျပြတ်သားစွာ ဖြေရှင်းပေးနိုင်ရန် အလို့ငှာ ကျမ်းဂန် အပေါင်းတို၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်း (ကိုရန်ကျမ်း) မြတ်ကိုလည်း တမန်တော် မို့ဟမ္မဒ် ထံသို့ ထုတ်ပြန် ပို့ချတော်မူခဲ့လေသည်။ မို့ဟမ္မဒ်သခင် မို့ဟမ္မဒ်သခင်သည် ခရစ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ရဗီအုလ်အောင်ဝါလ်လ ၉ ရက် တနင်္လာနေ့တွင် အာရေဗျ ပြည်၊ မက္ကာမြို့၌ ဖွားမြင်ခဲ့သည်။ ခမည်းတော်မှာ အဗ်ဒုလ္လာဟ် ဖြစ်၍၊ မယ်တော်မှာ အာမေ့နဟ်ဖြစ်သည်။ ဘိုးတော်မှာ အဗ် ဒုလ်မွတ်တွလစ်ဗ် ဖြစ်သည်။ မို့ဟမ္မဒ်သခင်သည် အရာရေဗျပြည်တွင် အမြင့်မြတ်ဆုံးသော ကို့ရိုက်ရှိ အမျိုးအနွယ်မှ ဆင်းသက်လာသည်။ ခမည်းတော်သည် မို့ဟမ္မဒ်သခင် မဖွားမြင်မီကပင် ကွယ်လွန်ခဲ့၍၊ တမန်တော်မြတ် ၆ နှစ်အရွယ်တွင် မယ်တော်လည်း ကွယ်လွန်ခဲ့ပြန်သဖြင့် ပထမ ဘိုးတော်၊ ထိုနောက် ဘကြီးတော် အဗူတွာလစ်ဗ်တို့၏ ထိန်းသိမ်း စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့ရလေသည်။ မို့ဟမ္မဒ်သည် ငယ်ရွယ်စဉ်ကပင် ကူးသန်း ရောင်းဝယ်လေ့ ရှိခဲ့သည်။ ကူးသန်းရောင်းဝယ်ရာတွင် မို့ဟမ္မဒ်သခင်၏ဆက်ဆံမှု ပြေပြစ်ကောင်းမွန်ပုံ၊ သန့်ရှင်းပုံ၊ မှန်ကန်၍ သစ္စာသမာဓိရှိပုံ၊ တရားမျှတ မြင့်မြတ်ပုံတို့သည် အဘက်ဘက်တွင် ကျော်ကြား ပျံ့နှံ့ခဲ့၏။ ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ မို့ဟမ္မဒ်သခင်နှင့် ဆက်ဆံခဲ့ဘူးသူတိုင်းသည် မို့ဟမ္မဒ်သခင်အား မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ မို့ဟမ္မဒ်သခင်သည် ၂၅ နှစ် အရွယ်တွင် ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားခဲ့သည်။ ခဒီဂျဟ်သခင်မသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်၍ မို့ဟမ္မဒ်သခင်၏ ဦးရီး၏ သမီးလည်းဖြစ်၏။ ထို့ပြင် ခဒီဂျဟ်သခင်မသည် မုဆိုးမဖြစ်၍ မို့ဟမ္မဒ်သခင်နှင့် ထိမ်းမြားသည့်အချိန်တွင် အသက် ၄ဝ ရှိနေလေပြီ။ ခဒီဂျဟ်သခင်မသည် မို့ဟမ္မဒ်သခင်အား အသက်ထက်ဆုံး ဇနီးကောင်းပီပီ အေးအတူ ပူအမျှ ကူညီအားပေးခဲ့လေသည်။ မို့ဟမ္မဒ်သခင်သည် တမန်တော်ဂုဏ်ထူးဖြင့် ခြီးမြှင့်တော်မူခြင်း မခံရမီကပင် မဲမှောင်နေသာ ညဉ့်တွင် ထွက်ပေါ်လျက်ရှိသော ကြယ်ပမာ၊ မသူတော်တို့အလယ်တွင် သူမတူသော သူတော်စင် ဖြစ်ခဲ့၏။ ကလေးဘဝတွင် လည်းကောင်း၊ ပျိုရွယ်သည့် ဘဝတွင် လည်းကောင်း ယှဉ်တွဲ ကိုးကွယ်မှုနှင့် အမိုက်ခေတ်၏ ဓလေ့ထုံးစံများကို လုံးဝ ရှောင်ကြဉ်ခဲ့သည်။ မို့ဟမ္မဒ်သခင်သည် တမန်တော် ဂုဏ်ထူးဖြင့် ခြီးမြှင့်တော်မူခြင်းခံရဖို့ အချိန်နီးကပ်လာ သည်နှင့်အမျှ တစ်ကိုယ်တည်းထီး နေလာခဲ့၏။ အစစ အရာရာတွေးတော ဆင်ခြင်သုံးသပ်ခဲ့၍ မက္ကမြို့အနီးရှိ 'ဟိရာ' လိုဏ်ဂူတွင် သွားရောက်၍ တရားအားထုတ်ခဲ့၏။ မှန်ကန်သော အိပ်မက်များကို စတင်မြင်မက်လာခဲ့လေသည်။ တစ်နေ့သော် မို့ဟမ္မဒ်သခင်သည် ဟိရာလိုဏ်ဂူတွင် Meditation တရားရှုမှတ်ခြင်း တရားအားထုတ်နေစဉ် ကောင်းကင်တမန် ဂျစ်ဗ်ရီလ် ကြွရောက်လာပြီးလျှင် ဦးစွာပထမ ကုရ်အာန်ကျမ်းလာ အောက်ပါ မုက္ခပါဌ်တော်ကို ထုတ်ပြန်ပို့ချတော်မူလေသည်။ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အသျှင်၏ နာမံတော်ဖြင့်အစပြု၍ (ကုရ်အာန်) ရွတ်ဖတ် သရဇ္ဈာယ်ပါလေ၊ ထိုအသျှင်သည် (ကမ္ဘာ့အဝှန်းကို) ဖန်ဆင်းတော်မူ၏။ ထိုအသျှင်သည် လူသားကို သွေးခဲ တစ်ခုဖြင့် ဖန်ဆင်းတော်မူ၏။ အသင်သည်(ကုရ်အာန်) ရွတ်ဖက်သရဇ္ဈာယ်ပါလေ၊ အသင့်အား မွေးမြူတော်မူသော အသျှင်သည် အလွန်တရာ နူးညံ့သိမ်မွေ့ရက်ရောတော်မူသော အသျှင် ဖြစ်တော်မူ၏။ ထိုအသျှင်သည် (လူသားကို)'(ကလမ်)' မင်းတံဖြင့် (အသိပညာကို) သင်ကြားပေးတော်မူ၏။ ထိုအသျှင် သည် လူသားအား ထို (လူသား) မသိသော အရာများကို သင်ကြားပေးတော်မူ၏။ကုရ်အာန်(၉၆၊ ၁ - ၅) ထိုနေ့မှာ ခရစ် ၆၁ဝ ပြည့်နှစ်၊ ရမ္မဇာန်လ ၁၇ ရက်နေ့ ဖြစ်သည်။ ထိုအချိန်တွင် တမန်တော်မြတ်၏ သက်တော်မှာ ၄ဝ ရှိလေပြီ။ တမန်တော်မြတ်သည် ဦးစွာ၌ အစ္စလာမ်သာသနာကို မိမိ မိတ်ဆွေရင်းချာတို့ကိုသာ လျှို့ဝှက်စွာ ဟောကြားခဲ့ရသည်။ မိမိနှင့်တကွ အနည်းငယ်မျှသော နောက်လိုက် ငယ်သားတစ်စုတို့သည် ဆွလာတ် ဝတ်ပြုမှုကိုပင် လျှို့ဝှက်စွာ ဆောက်တည်ခဲ့ကြရလေသည်။ တမန်တော်မြတ်၏ဟောကြားချက်အရ အစ္စလာမ် သာသနာကို အမျိုးသမီးများအနက် ခဒီဂျဟ်သခင်မ၊ အမျိုးသားတို့အနက်သာဝကြီး အဗူဗတ်က်ရ်သခင်၊ သူငယ်များ အနက် သာဝကကြီး အလီသခင်နှင့် ကျွန်များအနက် သာဝက ကြီး ဇိုက်ဒ် သခင်စသည်တို့သည် ဦးစွာပထမ သက်ဝင် ယုံကြည်လာခဲ့ကြလေသည်။ အစ္စလာမ် သာသနာထွန်းကားစအချိန်တွင် မွတ်စလင် ဦးရေမှာ အနည်းငယ်မျှသာ ရှိခဲ့၏။ ထိုနောက်တွင် တဖြည်း ဖြည်းများလာခဲ့ပေသည်။ အစ္စလာမ်သာသနာကို သက်ဝင်ယုံ ကြည်ရာတွင် လူတန်းစား အသီးအသီး ပါဝင်ခဲ့၍ ဆင်းရဲသား များသည် အများဆုံး ပါဝင်ခဲ့ပေသည်။ တမန်တော်မြတ်သည် ၃ နှစ်တိုင်တိုင် အစ္စလာမ် တရားကို အထူး လျှို့ဝှက်စွာဖြင့် ဟောကြားရန် အမိန့်ကျ ရောက်လာသည့်အခါ ကို့ရိုက်ရှ်မျိုးနွယ်ဝင်တို့အား ဖိတ်ကြား၍ 'စွဖာ' တောင်ထိပ်မှ ဦးစွာပထမ အစ္စလာမ်တရားကို ပွင့်လင်းစွာ ဟောကြားခဲ့သည်။ ထိုနေ့မှစ၍ အရဗ်မိစ္ဆာဝါဒီ တို့လည်း တမန်တော်မြတ်နှင့် တစ်ကွ မွတ်စလင်မ်တို့အား ဆန့်ကျင်လာခဲ့ကြပေသည်။ အစ္စလာမ် သာသနာ ထွန်းကားခါစ အချိန်တွင် မွတ်စလင်မ် ဖြစ်ရသည်မှာ မလွယ်ကူလှပေ။ အမျိုးမျိုး အဖုံဖုံနှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ကြရလေသည်။ မွတ်စလင်မ် တို့သည် မက္ကာမြို့တွင် နေထိုင်၍ အစ္စလာမ်၏ ကျင့်စဉ် ကျင့်ရပ်များကို လွတ်လပ်စွာမကျင့် သုံးနိုင်ခဲ့ကြပေ။ ကို့ရိုက်ရှ်မျိုးနွယ်ဝင်များ၏ နှိပ်စက်ညှဉ်းပန်းမှုများသည် တစ်နေ့တစ်ခြား များပြားလာခဲ့၏။ နောက်ဆုံးတွင် တမန် တော်မြတ်၏ ညွှန်ကြားချက်အရ တမန်တော်ဖြစ်ပြီး ပဉ္စမနှစ်တွင် အချို့ မွတ်စလင်မ်များသည် မိမိတို့ အမိ တိုင်းပြည်ကိုပင် စွန့်၍ အီသီအိုးပီးယားနိုင်ငံသို့ ရွှေ့ပြောင်း သွားခဲ့ကြရလေသည်။ ရန်သူများသည် မည်မျှ အနှောက်အယှက် ပေးခဲ့ကြ သော်လည်း အစ္စလာမ် သာသနာသည် တစ်နေ့တစ်ခြား ကျယ်ပြန့်တိုးပွားလာခဲ့၏။ ဤသည့် အခြင်းအရာကို တွေ့မြင်ရသောအခါ ကိုရိုက်ရှ် မျိုးနွယ်ဝင်များသည် တမန်တော်မြတ်နှင့်တကွ တမန်တော်မြတ်၏ ဆွေမျိုး သားချင်းများကို တစ်နေရာတစ်ဌာနတွင် ဝိုင်းဝန်း၍ လုံးဝချေမှုန်းရန် ကြံစည်ခဲ့သည်။ ထိုအကြံအစည်ကို ထမြောက်အောင်မြင်စေရန် အတွက် မည်သူ တစ်ဦး တစ်ယောက်မျှ (တမန်တော်မြတ်၏ ဆွေမျိုးဖြစ်သော) ဟာရှင်မ်မျိုးနွယ်နှင့် သားသမီးချင်း ဆက်ဆံခြင်း မပြုရ၊ အရောင်းအဝယ်လည်း မပြုရ၊ မတွေ့ဆုံ မဆက်ဆံရ။ မည်သူ တစ်ဦးတစ်ယောက်မျှ ဟာရှင်မ်၏ မျိုးနွယ်မျာကိုစားဖွယ် သောက်ဖွယ် ပစ္စည်း တစ်စုံတစ်ရာ မပေးရ၊ (တမန်တော်မြတ်) မို့ဟမ္မဒ် သခင်းအား သတ်ဖြတ်ရန် မိမိတို့ လက်သို့ မအပ် သမျှ ကာလပတ်လုံး အတည်ဖြစ်စေရမည်ဟု စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြသည်။ ဤစာချုပ်ကို ကအ်ဗဟ် ကျောင်းတော် တွင် ချိတ်ဆွဲထားခဲ့ကြလေသည်။ တမန်တော်မြတ်နှင့်တစ်ကွ ဟာရှင်မ်၏မျိုးနွယ်အားလုံး တို့သည် ၃ နှစ်တိုင်တိုင် ယင်းသည့်ဝိုင်းပယ်မှုကြောင့် ဒုက္ခ အမျိုးမျိုးခံစားခဲ့ကြရသည်။ ထိုအချိန်တွင် အလ္လာဟ် အရှင် မြတ်သည် ဘေးကင်းသောဌာနဖြစ်သည့် မဒီနာမြို့သို့ မွတ်စလင်မ်တို့အား ရွှေ့ပြောင်းနေထိုင်ရန် အမိန့်တော် ပေးတော်မူခဲ့ရာ၊ မွတ်စလင် အများပင် မက္ကာမြို့တော်မှ မဒီနာမြို့သို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။ သို့သော် တမန်တော်မြတ်မှာ အလ္လာဟ် အရှင်မြတ်ထံမှ ရွှေ့ပြောင်းခွင့် အမိန့်တော် မရသေးချေ။ နဗဝီ နှစ် ၁၃ နှစ် အစတွင် တမန်တော်မြတ် သည် ကို့ရိုက်ရှိ မျိုးနွယ်အုပ်စုနှင့်တစ်ကွ အခြားမျိုးနွယ်အုပ်စု များက မိမိအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားသည့်ညဉ့်၌ ဟစ်ဂျ်ရတ် ပြုရန် အမိန့်တော်ရရှိပြီးဖြစ်သည့် အတိုင်း သာဝကကြီးအဗူဗတ်က်ရ်နှင့် အတူ အခက်အခဲပေါင်း မြောက် မြားစွာတို့ကို ကျော်လွန်ကာ မဒီနာမြို့သို့ ရွှေ့ပြောင်းသွားတော်မူ လေသည်။ မဒီနာမြို့နှင့် ၃ မိုင်အကွာရှိ ကို့ဗာ အရပ်သို့ နဗဝီနှစ် ၁၃ ခု၊ ရဗီအုလ် အောင်ဝါလ်လ ၈ ရက်၊ ခရစ် ၆၂၂ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ရောက်ရှိကာ၊ ထိုအရပ် တွင် ၁၄ ရက် ရပ်နားပြီးလျှင် မဒီနာမြို့သို့ ကြွသွားတော်မူလေ သည်။ တမန်တော်မြတ်ကို မဒီနာမြို့နှင့် ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်တို့သည် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ တမန်တော်မြတ်သည် မဒီနာမြို့တွင် အတည်တကျ နေထိုင်ပြီး နောက် ဦးစွာပထမ ပလီဝတ်ကျောင်းကို တည်ဆောက်ခဲ့၏။ ထိုပလီဝတ်ကျောင်းမှာ အပြင်အဆင်မပါ၊ နံရံမှာ အုတ်စိမ်းများ ဖြင့် ပြုလုပ်ထား၍ အမိုးမှာ စွန်ပလွံရွက်၊ တိုင်များမှာ စွန်ပလွံတိုင်ဖြစ်သည်။ ထိုနောက် တမန်တော်မြတ်သည် မက္ကာမြို့တော်မှ ရွှေ့ပြောင်းလာကြသော မို့ဟာဂျေ့ရီန် မွတ်စလင်မ်များနှင့် မဒီနာမြို့ခံ အန်ဆွာရ် များ၏ စပ်ကြားတွင် မို့ဝါခါတ် ညီနောင် ဖွဲ့ပေးခဲ့လေသည်။ ကိုရိုက်ရှ် မျိုးနွယ်ဝင်များသည် တမန်တော်မြတ်နှင့် တစ်ကွ မွတ်စလင်မ်တို့ကို စိတ်ရှိသမျှ ဆန့်ကျင်ခဲ့ကြရသော် လည်း တင်းတိမ်ရောင့်ရဲခြင်း မရှိကြသေးပေ။ မဒီနာမြို့ကို တိုက်ခိုက်၍ အစ္စလာမ်ကို လုံးဝပပျောက်သွားသည်အထိ တိုက်ဖျက်ရန် ကြိုးစားခဲ့ကြပြန်သည်။ မွတ်စလင်မ်တို့နှင့် မက္ကာမြို့သား ကာဖိရ် (မိစ္ဆာဒိဋ္ဌိ) များ စပ်ကြားတွင် စစ်ပွဲများ ဖြစ်ပွားခဲ့၏။ ဟစ်ဂျ်ရီသက္ကရာဇ် ၂ ခုနှစ်တွင် ဗဒ်ရ်စစ်ပွဲ ဖြစ်ပွားသည်။ ဟစ်ဂျ်ရီ သက္ကရာဇ် ၃ ခုနှစ်တွင် အိုဟွဒ်စစ်ပွဲ၊ ဟစ်ဂျ်ရီသက္ကရာဇ် ၅ ခုနှစ်တွင် ခန္ဒာက်စစ်ပွဲဖြစ်ပွားခဲ့၏။ ယင်းစစ်ပွဲများ ဖြစ်ပွားရာ ဌာန များကို ထောက်ရှုခြင်းဖြင့် ကာဖိရ်များက မွတ်စလင်မ်တို့ နေထိုင်ရာဒေသသို့ လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်မှာ ထင်ရှားသည်။ တမန်တော်မြတ်သည် ဟစ်ဂျ်ရီ သက္ကရာဇ် ၈ ခုနှစ်တွင် မက္ကာမြို့တော်ကို ပြန်လည်အောင်နိုင်ခဲ့ပေသည် တမန်တော်မြတ်သည် မိမိနှင့်တစ်ကွ မိမိ၏ နောက်လိုက်တို့အား အမျိုးမျိုးအဖုံဖုံ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြသော မက္ကာမြို့သားတို့အား ပြန်လည်အေင်နိုင်သည့်အခါ ရန်သူအားလုံးကို လက်စားချေခြင်း မပြုဘဲ၊ သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ခဲ့လေသည်။ ဟစ်ချ်ရီ သက္ကရာဇ် ၁ဝ ခုနှစ်၊ ဇုလ်ဟစ်ဂျ်ဂျယ်လ ၁ဝ ရက်၊ ခရစ် ၆၃၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တမန်တော် မို့ဟမ္မဒ် သခင်သည် ရောက်ရှိနေလေသည်။ ထိုမြို့တွင် ရောက်ရှိနေသော ၁၄ဝ ဝဝဝ ခန့် လူထုကြီးအား တမန်တော်မြတ်သည် ကုလားအုဋ်ကို စီး၍ အလွန်လေးနက် မှတ်သားဖွယ်ကောင်းသော မိန့်ခွန်းများကို မြွက်ကြား တော်မူခဲ့လေသည်။ တမန်တော်မြတ်၏ နောက်ဆုံးမိန့်ခွန်း အို၊ လူအပေါင်းတို့ ကျွန်ုပ်အားနားစွင့်ပါလေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ပြီးနောက် အသင်တို့နှင့် ဆုံမည်၊ မဆုံမည်ကို ကျွန်ုပ်မသိပေ။ သို့ဖြစ်၍ ကျွန်ုပ်ပြောသည်ကို အသေအချာနားထောင်ပြီးနောက် ယနေ့ ဤနေရာတွင် မရှိသူများအား လက်ဆင့်ကမ်း ပြောကြားပါလေ။ အို၊ လူအပေါင်းတို့ သင်တို့သည် ဤလ၊ ဤနေ့၊ ဤမြို့(မက္ကာဟ်)ကို အထွတ်အမြတ်ထားသကဲ့သို့ မွတ်စလင်မ် တစ်ဦးတစ်ယောက်၏ အသက်အိုးအိမ်စည်းစိမ်ကို အထွတ်အမြတ်ထားပါလေ။ အသင်တို့အား အပ်နှံထားသော ပစ္စည်းများကို ပိုင်ရှင်များအား မဆုတ်မဆိုင်း ပြန်လည်ပေးအပ်ပါလေ။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်လေနှင့်၊ သို့ဆိုလျှင် မည်သူကမျှ သင်တို့အား နှိပ်စက်မည် မဟုတ်ချေ။ အသင်တို့၏ အပြုအမူများကို မှတ်သားလျက် ရှိသော အရှင်မြတ်နှင့် ဆုံဆည်းရမည်ကို အမှတ်ရပါလေ။ အလ္လာဟ်အရှင်မြတ်သည် အတိုးယူခြင်းကို တားမြတ်ထားပြီဖြစ်၍ ယနေ့မှစ၍ တင်ရှိသော အကြွေးအပေါင်းတို့သည် ပ လပ်ပြီးဖြစ်သည်။ အရင်းများမှာမူ ကျန်ရှိဆဲဖြစ်မည်ဖြစ်သည်။ အဆင့်အတန်းခွဲခြားမှုကို မပြုလေနှင့်၊ အပြုလည်းမခံလေနှင့်။... သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရှိုင်တွာန်မိဆ္ဆာကောင်အား သတိပြုပါလေ။ ၎င်းသည် ကြီးမားသော အမှုကိစ္စများတွင် မျှော်လင့်ချက်ကင်းမဲ့သွားပြီဖြစ်၍ သေးဖွဲသော အမှုကိစ္စများကိုလည်း သတိထားပါလေ။ အို၊ လူအပေါင်းတို့ အသင်တို့၏ ဇနီးမယားတို့သည် အသင်တို့အပေါ်၌ ဝတ္တရားများရှိသကဲ့သို့ အသင်တို့သည်လည်း အသင်တို့၏ ဇနီးမယားတို့အပေါ်၌ ဝတ္တရားရှိသည်။ အလ္လာဟ်အသျှင်မြတ်သည် ဇနီးမယားတို့ကို သင်တို့အား အပ်နှံမှုအဖြစ်ထားသည်ကို မမေ့လေနှင့်။ ၎င်းတို့သည် အသင်တို့အပေါ်၌ တာဝန်ကျေနေသမျှ ကာလပတ်လုံး သင်တို့သည် ၎င်းတို့အား ကြင်နာစွာဖြင့် ကျွေးမွေးဆင်ယင်ရန် တာဝန်ရှိသည်။….. အို၊ လူအပေါင်းတို့ အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်လေကုန်။ တစ်နေ့ ငါးကြိမ် ဆွလားတ် ဝတ်ပြုကြလေကုန်။ တစ်နှစ်တွင် တစ်လ ရမဇာန်လ၌ ဥပုသ်သီလစောင့်ထိန်းကြလေကုန်။ (ပိုင်ဆိုင်မှု၏ လေးဆယ်ပုံတစ်ပုံကို) ဇကားသ်အဖြစ် အလှုဒါနပြုကြလေကုန်။ တတ်နိုင်သူများသည် (တစ်သက်တွင် တစ်ကြိမ်) ဟဂျ်(မက္ကာဟ်သို့ဘုရားဖူးခရီး) ပြုကြလေကုန်။ လူသားထုတစ်ရပ်လုံးသည် ဖခင်ကြီးအာဒမ်နှင့် မိခင်ကြီးဟောင်ဝါ (ဧဝ)တို့မှ ဆင်းသက်လာသူများဖြစ်၍ အာရဗ်သည် အာရဗ်မဟုတ်သူထက် မသာမြတ်သကဲ့သို့ အာရဗ်မဟုတ်သူသည်လည်း အာရဗ်ထက် မသာမြတ်ပေ။ ထိုနည်းတူစွာ လူဖြူသည် လူမည်းထက် မသာမြတ်သကဲ့သို့ လူမည်းသည်လည်း လူဖြူထက်မသာမြတ်ပေ။ အသာမြတ်ဆုံးသူမှာ အသျှင်မြတ်ကို ရိုကျိုး၍ ကောင်းမှုပွားသူသာလျှင်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ်တစ်ဦးအတွက် ညီအစ်ကိုသာလျှင်ဖြစ်သည်ကို ကောင်းစွာ မှတ်သားပါလေ။….. တစ်နေ့ အလ္လာဟ်အသျှင်မြတ်ရှေ့တော်မှောက်၌ စာရင်းအင်းအစစ်ခံရမည်ဖြစ်၍ ငါကိုယ်တော် မရှိတော့သည့်နောက် လမ်းမှန်တရားမှ မကွေကွင်းကြလေနှင့်။ အို၊ လူအပေါင်းတို့ ငါကိုယ်တော်ပြီးနောက် မည်သည့်တမန်တော် တစ်ဦးတစ်ယောက်မျှလာမည် မဟုတ်၍ မည်သည့် ယုံကြည်မှုအသစ်မျှ အသျှင့်ထံတော်မှ လာရန် မရှိချေ။ သို ့ဖြစ်ရာ ငါကိုယ်တော်၏ စကားများကို ကောင်းစွာမှတ်ယူ၍ တစ်ဆင့်ပြန်ပြောကြားကြလေကုန်။ ငါကိုယ်တော်သည် အသင်တို့အား ကုရ်အာန်နှင့် ငါကိုယ်တော်၏ စံနမူနာကို ချန်ရစ်ခဲ့မည်။ အသင်တို့သည် ဤသည်တို့ကို လိုက်နာလျှင် လမ်းမှားသို့ ရောက်ကြမည်မဟုတ်ချေ။ ငါကိုယ်တော်အား နားထောင်နေသူတို့သည် အခြားသူတို့အား၊ အခြားသူတို့သည်လည်း အခြားအခြားသူတို့အား ဆင့်ပြန်ကြရမည်။ အိုအလ္လာဟ်အသျှင်မြတ်၊ ကျွန်ုပ်သည် အသျှင်၏ အမှာတော်များကို လူတို့အား ပို့ချခဲ့သည်ကို အသျှင်ကိုယ်တိုင် သက်သေဖြစ်ပါလေ။ တမန်တော်မြတ်သည် တိုတောင်းလှသော ၂၃ နှစ် ကာလအတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်း မိုက်မဲ အယူလွဲလျက် ရှိကြသော အာရပ်တမျိုးသားလုံးအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်နိုင်ခဲ့သည်။ လူရိုင်းတို့အား ယဉ်ကျေးစေခဲ့သည်။ မှားယွင်းနေသူတို့အား အမှန်တရားကိုပြသခဲ့သည်။ တမန်တော်မြတ်သည် မိမိထံသို့ ကျရောက်လာသော ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော် များကို လင်းပြခဲ့သည်။ လက်တွေ့ ကျင့်သုံးပြသခဲ့သည်။ မိမိသက်တမ်းအတွင်းမှာပင် ကုရ်အာန်ကျမ်းကို စံနနစ်တက် ရေးမှတ်စေခဲ့သည်။ အာဂုံဆောင်စေခဲ့သည်။ ယင်းသည် ကုရ်အာန်ကျမ်းသည် ယနေ့ထက်တိုင် ကမ္ဘာ့မွတ်စလင်မ်တို့၏ လက်တွင်မူရင်းအတိုင်းတည်ရှိနေသည်မှာအထင်အရှားပင် ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်တွင် ကဏ္ဍပေါင်း ၁၁၄ ရှိသည်။ ယင်းကဏ္ဍများတွင် မွတ်စလင်မ်တို့ အများဆုံး ရွတ်ဖတ် သရဇ္ဈာယ်သော ပထမကဏ္ဍ၏ အလိုသဘောမှာ အောက်ပါ အတိုင်းဖြစ်သည်။ ချီးမွမ်းထောမနာခြင်း ဟူဟူသမျှတို့သည် စကြဝဠာအပေါင်းတို့ကို စတင်ဖန်ဆင်း ပြုစုပျိုးထောင် ပြည့်စုံစေတော်မူသောအလ္လာဟ်အသျှင် မြတ် အဖို့သာတည်း။ ထိုအသျှင်မြတ်သည် အလွန်သနားတော်မူသော အသျှင် အထူးသနားတော်မူသောအသျှင်။ ကျိုးပြစ် စီရင်မည့်နေ့ကို စိုးပိုင်တော်မူသော အသျှင်ဖြစ်တော်မူသည်။ ကျွန်တော်မျိုးတို့သည် ကိုယ်တော်အရှင်မြတ်အားသာလျှင် ခယရိုကျိုးရှိခိုးဆည်းကပ်ကြသည်။ ကျွန်တော်မျိုးတို့သည် ကိုယ်တော်အသျှင်မြတ်ထံတော်မှသာလျှင် ကူအညီရလိုကြသည်။ ကိုယ်တော် အသျှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဖြောင့်မတ် မှန်ကန်သော တရားလမ်းစဉ်ကို ညွှန်ပြတော်မူပါ။ အကြင်သူမွန်သူမြတ်တို့၏ တရားလမ်းစဉ်ကို ညွှန်ပြတော်မူပါ။ ယင်းတို့အား အသျှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့သည်။ ထိုသူမွန်သူမြတ်တို့သည် အမျက်တော် စူးရှခြင်း ခံရသူများလည်း မဟုတ်ကြပါ။ လမ်းမှားသူများလည်း မဟုတ်ကြပါ။ တမန်တော်မြတ်သည် ၂၃ နှစ်အတွင်း အစ္စလာမ်ကို လက်တွေ့ ကျင့်သုံးပြ၍၊ စံပြအဖြစ် မွတ်စလင်မ် အုပ်စုကြီးကို မွေးထုတ်ပြီးနောက် ဟစ်ဂျ်ရီ သက္ကရာဇ် ၁၁ ခုနှစ်၊ ရဗီအွလ်အောင်ဝါလ်လ ၁၂ ရက်နေ့၊ ခရစ် ၆၃၂ ခုနှစ် မေလတွင် အလ္လာဟ် အရှင်မြတ်၏၊ အမိန့်တော်ကို ခံယူ သွားတော်မူခဲ့လေသည်။ ဆက်လက် ဖတ်ရှုရန် အစ္စလာမ်ဘာသာ တမန်တော်မြတ်၏ နောက်ဆုံးမိန့်ခွန်း ၇၈၆ ၏ အဓိပ္ပာယ် ရည်ညွှန်းကိုးကား နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%9F%E1%80%AC%E1%80%99%E1%80%80%E1%80%BA
စိန့်ဩဂတ်စတင်း
ဘဝအကျဉ်း ရောမအင်ပါယာ ပြိုပျက်ချိန်မှာ ပေါ်ထွန်းလာသည့် အကြီးကျယ်ဆုံးသော ထာ၀ရဘုရားဝါဒီ အဖြစ် ကျော်ကြားသည့် ရှင်ဩဂတ်စတင်း (St. Augustine) ကို ခရစ်နှစ် ၃၅၄၊ အယ်လ်ဂျီးရီးယားနိုင်ငံရှိ အဓိကဆိပ်ကမ်းမြို့ကြီး ဟစ်ပို နှင့် ၄၅မိုင်ကွာဝေးသည့် တာဂါစတေး (ယခု အင်နာဗာ) တွင်ဖွားမြင်သည်။ အယူခြားရှိသူ ဖခင်နှင့် ခရစ်ယာန်ဘာသာကိုင်းရှိုင်းသူ မိခင်မှ ပေါက်ဖွားသူဖြစ်ပြီး ငယ်စဉ်က နှစ်ခြင်းမခံခဲ့ရပေ။ အရွယ်ရောက်လာသည်နှင့်အမျှ ဉာဏ်စွမ်းထက်ကြောင်းပေါ်လွင်လာပြီး ၁၆နှစ်အရောက်တွင် ပညာဆည်းပူးရန် ကာသေ့ခ်ျ သို့သွားရောက်ခဲ့သည်။ ထိုနေရာတွင် အမျိုးသမီးတစ်ဦး နှင့်တိတ်တဆိတ်ပေါင်းဖက်ပြီး အသိအမှတ်မပြုသည့် သားတစ်ဦးရခဲ့သည်ဟု ဆိုသည်။ အသက်၁၉နှစ်ရောက်သော် ဒဿနိကဗေဒ ကိုလိုက်စားရန်ဆုံးဖြတ်ပြီးနောက် ခရစ်နှစ် ၂၄၀ ခန့်တွင် တမန်တော်မနိ၏ မနိရှေအစ်ဇမ်ဝါဒကို နှစ်သက်ပြီး မနိဂိုဏ်းဝင်ဖြစ်လာသည်။ ငယ်ရွယ်သူ ဩဂတ်စတင်းအတွက် မနိဂိုဏ်းဝင်အဖြစ် ၉နှစ်ကြာနေထိုင်ပြီးနောက် ယုံကြည်မှုလျော့ရဲလာခဲ့သည်။ အသက် ၂၉နှစ်တွင် အီတလီသို့ပြောင်းရွေ့ပြီး ရောမမှ တစ်ဆင့် မီလန်ရောက်လျှင် နှုတ်မှုပညာပါမောက္ခ ဖြစ်လာသည်။ ထိုဒေသတွင် ၃ရာစုခန့်က ပလိုတိနပ် စတင်ဟောပြောသည့် ပလေတိုနစ်ဝါဒသစ်(Neo-platonism)နှင့် ကျွမ်းဝင်သွားပြန်သည်။ များမကြာမှီအချိန်အတွင်း မီလန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ရှင်အမ်းဘရို့စ်၏ တရားများကို နာကြားရရာမှ ခရစ်ယာန်ဘာသာ၏ နက်နဲသည့် သဘောများကို စိတ်ဝင်စားလာပြီး အသက် ၃⁠၃နှစ်တွင် ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ ခရစ်နှစ် ၃၈၇တွင် နှစ်ခြင်းခံပြီး မွေးရပ်မြေ တာဂါစတေး သို့ပြန်သည်။၃၉၁တွင် ဟစ်ပိုဂိုဏ်းအုပ်၏လက်ထောက်အဖြစ် တာဝန်ယူပြီး ၅နှစ်အကြာ ဂိုဏ်းအုပ်ကွယ်လွန်သော် ရာထူးတိုး၍ ဟစ်ပိုဂိုဏ်းအုပ်ဖြစ်လာကာ ကွယ်လွန်ချိန်အထိ ထမ်းဆောင်သွားခဲ့သည်။ အတွေးအခေါ် နှင့် ကျမ်းစာများ ဟစ်ပိုမြို့သည် ကြီးကျယ်သည့် မြို့ကြီးမဟုတ်သော်လည်း ဩဂတ်စတင်းကြောင့် အသိများလာပြီး ဩဂတ်စတင်းမှာလည်း အလွန်ကောင်းသည့် ဘာသာရေးဆိုင်ရာ ဒဿနများကြောင့် ခရစ်ယာန်ကျောင်းတော်၏ အရေးပါသည့် ခေါင်းဆောင်ပိုင်းနေရာ သို့ရောက်လာတော့သည်။ ကျန်းမာရေးမကောင်းသည့်အတွက် လက်ရေးတိုစာရေးတစ်ဦးခန့်ထားပြီး နှုတ်ဖြင့် ကျမ်းစာအများအပြားပြုစုသွားခဲ့သည်။ ကျမ်းစာပေါင်း ၅၀⁠၀ခန့် ယနေ့တိုင်ကျန်ရစ်ပြီး ကျန်ဘာသာရေးဆရာများ၊ ဘုန်းတော်ကြီးများနှင့် အပြန်အလှန်ပေးပို့ဆွေးနွေးသည့် စာပေါင်း ၂၀ဝကျော် ကျန်ရစ်သည်။ အဓိကကျမ်းစာနှစ်ဆောင်မှာ ဘုရားသခင်မြို့တော် နှင့် ကိုယ်တိုင်ဖြောင့်ဆိုဝန်ခံချက် တို့ဖြစ်သည်။ အသက်လေးဆယ်တွင်ရေးသည့် ကိုယ်တိုင်ဖြောင့်ဆိုဝန်ခံချက်မှာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပြီး အလွန့်အလွန်ကျော်ကြားသည်။ ရှင်ဩဂတ်စတင်း၏ ကျမ်းစာများတွင် ပါဝင်သည့် အဓိကအကြောင်းအချက်များမှာ ဘာသာခြားများနှင့် ဒဿနပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုံ ချေဖျက်ချက်များဖြစ်လေ့ရှိသည်။ ထို့ပြင် လူတိုင်းတွင် အာဒမ်ထံမှ အပြစ်မျိုးစေ့ရှိပြီးဖြစ်ကြောင်း နှင့် ထိုအပြစ်တို့မှ လွတ်ခြင်းမှာ ဘုရားသခင်သာတတ်စွမ်းနိုင်သည့် အဖြစ်ကိုချဲ့ထွင်ရှင်းပြပြန်သည်။ ထို့ကြောင့် သူ၏စာပေအရေးအသားများမှာ ခရစ်ယာန်ကျောင်းတော် အခြေခိုင်ရေးကို များစွာအထောက်အကူပေးသည်ဟု ဆိုနိုင်သည်။ ထိုမှမက သာမန်လူဖြစ်စေ၊အမှူးအမတ်ဖြစ်စေ၊မင်းဧကရာဇ်ဖြစ်စေ ပုပ်ရဟန်းမင်းနှင့် ကျောင်းတော်လောက် အရေးမပါဟု တင်ပြသေးသည်။ ထိုတင်ပြချက်ကို အကြောင်းပြုပြီး နောင်ဥရောပတွင် ကျောင်းတော် နှင့် ပဒေသရာဇ်အာဏာပိုင်များ၏ အားပြိုင်မှုများ ၊ရန်စစ်များကို နှစ်ပေါင်း ၂၀၀ ခန့်အတွင်း အကြိမ်ကြိမ်ပင်တွေ့ရသည်။ အသက်ရှင်နေစဉ်အတွင်းမှာပင် ရောမအင်ပါယာကို မြောက်ပိုင်းမှ အလာရစ်ဦးဆောင်သည့် ဗီစီဂို့စ်များက ဖျက်ဆီးလိုက်ကြသဖြင့် ဘာသာခြားနှင့် ကြွင်းကျန်သည့် ရှေးရောမမှ ဘုရားအများအပြားကိုးကွယ်သည့် ဝါဒီများက ခရစ်ယာန်ဘာသာကို ကဲ့ရဲ့ပြောဆိုကြခြင်းကို ပယ်ချလိုသဖြင့် ရှင်ဩဂတ်စတင်း၏ ဘုရားသခင်မြို့တော် ကျမ်းပါအချက်အလက်များကို ကိုးကားကြရသည်။ ထိုကျမ်းတွင် သမိုင်း၏ဒဿနများကို ကောင်းစွာဖော်ပြထားပြီး နောင်တစ်ချိန်တွင် ဥရောပ၏ တိုးတက်မှုများကိုပါ လမ်းကြောင်းခင်းပေးသကဲ့သို့ ရှိသည်ဟုဆိုသည်။ သူ၏အတွေးအခေါ်များကို ရိုမန်ကတ်သလစ်ဒနဿပညာရှင်ဖြစ်သည့် စိန့်သောမက်စ် အကွိုင်နက်စ် သာမက မာတင်လူသာ နှင့် ဂျွန်ကယ်လ်ဗင် အစရှိသည့် ပရိုတက်စတင့်ရှေ့ဆောင်တို့ကပါ နှစ်သက်လက်ခံကြသည်။ ဘဝနိဂုံး အသက် ၇၆နှစ်အရွယ် စိန့်ဩဂတ်စတင်းသည် ခရစ်နှစ်၄၃၀၊ ဟစ်ပိုတွင် ပင် ကွယ်လွန်သည်။ ဗန်ဒယ်လူမျိုးများက ဟစ်ပိုကို လအတန်ကြာဝန်းရံပြီး မြို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စိန့်ဩဂတ်စတင်း၏ စာကြည့်တိုက်မှာ အကောင်းပကတိ ကျန်ရစ်ခဲ့သည်။ ရည်ညွှန်းကိုးကား ခရစ်ယာန် သူတော်စင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%A9%E1%80%82%E1%80%90%E1%80%BA%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%B8
သမ္မာကျမ်းစာ
သမ္မာကျမ်း သည် ခရစ်ယာန်ဘာသာ ဝင်များ၏ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော်မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကက်သလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။ မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေပညတ်တရား ၅ကျမ်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ မောရှေ၏ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျေရုဆလင်မြို့ကို ဘေဘီလုံသားများ ဖျက်ဆီးပြီးနောက် ပရောဖက် နေဟမိ နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့အချိန် ဘီစီ ၄၃၂ အချိန်ခန့်တွင် ဓမ္မဟောင်းကျမ်းစာ နောက်ဆုံးကျမ်းကို ရေးသားခဲ့သည်။ နှစ်ပေါင်း ၄၀⁠၀ ကျော် မည်သူမျှ ကျမ်းမရေးခဲ့ဘဲ ခရစ်တော်ယေရှုကို ဖွားမြင်သည့် ဘီစီ ၆ - ၅ ခန့်တွင် ဓမ္မသစ်ကျမ်းအတွက် ရေးသားရန်ဖြစ်လာခဲ့သည်။ ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့သည့် အေဒီ ၃၀ နောက်ပိုင်းတွင် ဓမ္မသစ်ကျမ်းစာများကို တမန်တော်များက ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလု၏ သက်သာလောနိ ပထမ စာစောင်ကျမ်းသည် ဓမ္မသစ် ပဌမဆုံးကျမ်းဖြစ်နိုင်သည်ဟုဆိုကြသည်။ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော် ရှင်ယောဟန် သေဆုံးသည့် အေဒီ ၉၅ခန့်တွင် ရေးသားသည်ဟု ဆိုသည်။ ဥရောပအနောက်ခြမ်းခရစ်ယာန်ဘာသာ တွင် ဂိုဏ်းပေါင်းများစွာရှိသည့်အနက် အဓိကအားဖြင့် မူလပထမ ခရစ်ယာန်များဟုခေါ်ဆိုသည့် ရိုမင်ကက်သလစ် (Roman Catholic) များနှင့် မာတင်လူသာနောက်ပိုင်းတွင် ပုပ်ရဟန်းမင်း ကိုတော်လှန်ပြီး ဖြစ်ပေါ်လာသော ပရိုတက်စတင့် ဟူ၍ နှစ်မျိုးရှိသည်။ အရှေ့ဥရောပမှာ အောက်သိုဒေါ့ ခရစ်ယာန်များလည်း အစဦးခရစ်ယာန်များဖြစ်သည်။ အရှေ့ဥရောပရှိ ပုပ်ရဟန်းမင်းကို အသိအမှတ်ပြုသော အရှေ့ဥရောပကက်သလစ်များလည်းရှိသည်။ သို့သော် အဓိကအားဖြင့် ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ၂ မျိုးတို့တွင် ပုပ်ရဟန်းမင်းကို ဦးသျှောင်ထားသော ရိုမန်ကက်သလစ်များနှင့် အောက်သိုဒေါ့ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ကျမ်းပို (apocrypha) များပါရှိသည်။ သမ္မာကျမ်းစာကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီး အေဒိုနီယံယုဒသန် က ဂရိ(ဟေလသ)နှင့် ဟီးဘရူးဘာသာ(ဟေဗြဲ) တို့မှ မြန်မာဘာသာသို့ပြန်ဆိုခဲ့သည်။ ၎င်းသမ္မာကျမ်းစာသည် ယနေ့တိုင် အသုံးပြုနေသော တစ်ခုတည်းသော သမ္မာကျမ်းစာ ဖြစ်နေသည်။ သိမ်းငှက် တည်းဖြတ်မှုဟူသော ကျမ်းစာမူသစ်တစ်မျိုးကို ပြန်လည် တည်းဖြတ်ခဲ့သော်လည်း ခရစ်ယာန်အများက ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ ခေတ်သုံးမြန်မာစာ ဟူ၍ မူသစ်တစ်ခု ပြုစုထုတ်ဝေထားသော်လည်း အသုံးပြုမှုတွင်ကျယ်ခြင်း မရှိပါ။ သမ္မာကျမ်းသည်စင်စစ်အားဖြင့် စာတစ်အုပ်တည်းမဟုတ်၊ အုပ်တွဲပေါင်း ၆၆ အုပ်တွင်တစ်ပေါင်းတည်းပြုစုထားသော ဗဟုသုတပေါင်းစုံသည့်ကျမ်းစာ တစ်ခုဟု ဆိုလောက်သည်။ ခရစ်ယာန်အယူဝါဒရောက်ရှိသွားသောနိုင်ငံမှန်သမျှ၌သမ္မာကျမ်းကို တိုင်းရင်းဘာသာဖြင့် ဘာသာပြန်ပြီးရှိ၏။ သမ္မာကျမ်းသည် ကမ္ဘာ့စာပေလောက၌ ဘာသာအမျိုးအစုံဆုံးဖြင့် ပြန်ဆိုခြင်းခံခဲ့ရသော ကျမ်းဖြစ်သည်ဟုဆိုရပေမည်။ သမ္မာကျမ်းတစ်ခုလုံးကို ဘာသာပေါင်း ၁ဝ၈ မျိုးဖြင့် ပြန်ဆိုထား၍ တစ်စိတ်တစ်ဒေသကိုမူ ဘာသာပေါင်း ၅ဝဝ ကျော်ဖြင့်ပြန် ဆိုထားလေသည်။ ၁၃၈၂ ခုနှစ်ကဂျွန်ဝစ်ကလစ်ဆိုသူသည် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးပြန်ဆိုခဲ့လေသည်။ သူ့နောက်မှ အထပ်ထပ်ပြင်ဆင်ပြန် ဆိုကြသည်မှာလည်း အများအပြားပင် ဖြစ်သည်။ နောက်ဆုံး ၁၉ ရာစုနှစ်လောက်ကစတင်၍သမ္မာကျမ်း၌ပါရှိသော ကဗျာလင်္ကာများကိုအနေ အထားမပျက်အောင် စီစဉ်ပုံနှိပ်ကြသည်။ ဓမ္မဟောင်းကျမ်း ဓမ္မဟောင်းကျမ်းမှာ ရှေးကရဟူဒီများရေးသားခဲ့သည့် ကျမ်းစာများကိုတစ်စုတည်း တွဲထားခြင်းပင် ဖြစ်သည်။ ယခုသုံးနေကြသောဓမ္မဟောင်းကျမ်းမှာ အချို့သောကျမ်းများကိုပယ်၍ စုပေါင်းထားခြင်းဖြစ်၏။ ထိုပယ်ထားသောကျမ်း ၁၄ တွဲကို 'အပိုကရိုင်းဖား' ဟုခေါ်သည်။ အဓိပ္ပာယ်မှာကွယ်ဝှက်ထားသော ကျမ်းများဟုဆိုလိုသည်။ ဗရင်ဂျီဂိုဏ်းဝင်များက ထိုပယ်ထားသောကျမ်းများကို သုံးမြဲသုံးသော်လည်း၊ ပရိုတက်စတန့်ဂိုဏ်းဝင်တို့ကမသုံးတော့ချေ။ ဓမ္မဟောင်းကျမ်းကို စာပေတစ်ခုအဖြစ်နှင့်သုံးသပ်ကြည့်ပါက ဟီဗြူးစာပေ၏အရသာကို သိရပေလိမ့်မည်။ ဓမ္မဟောင်းကျမ်းတွင်ပါသောဓမ္မသီချင်းများသည် တရားစာများအဖြစ်ထက်ကဗျာအဖြစ်ပို၍ ကောင်းမွန်သည်ကိုတွေ့ရလေသည်။ ဓမ္မဟောင်းကျမ်းတွင် ကဗျာလင်္ကာများသာမက၊ စကားပြေနှင့်ပြဇာတ်သဘောများပါ ပါရှိသေးသည်။ စကားပြေများတွင် ရုသဝတ္ထုသည်ရိုးရိုးနှင့်ပြေပြစ်လှပသောပုံဝတ္ထုကလေးဖြစ်၍ စာပေတွင်အ ကောင်းဆုံး တစ်ခုဟုအသိအမှတ်ပြုကြရသည်။ ဓမ္မဟောင်း ကျမ်းကိုယခုခေတ်စာပေသမားများက အမျိုးမျိုးဝေဖန်ကြလေသည်။ အတွေးအခေါ်သာမဟုတ်၊ စာအရေး အားလည်းအလွန်ကောင်းလှသဖြင့် ထိုကျမ်းကို တစ်ဦးတည်းပြုစုသည်မဟုတ်၊ ပညာရှင်များစုပေါင်းပြုစုခြင်းဖြစ်ရမည်ဟုပင် ယူဆကြသည်။ ယခုအခါထိုကျမ်းကို ဋီကာ၊ အဋ္ဌကထာစသည်ဖြင့်အမျိုးမျိုး ဖွင့်ထားကြသည်။ ဓမ္မဟောင်းကျမ်းတွင် အပိုကရိုင်းဖားခေါ်ကွယ်ဝှက်ထားသောကျမ်းတို့မှာ အယူဝါဒဆိုင်ရာဘက်၌ အရေးမကြီးသကဲ့သို့ ချန်ထားခဲ့သော်လည်း စာပေအဖြစ်ဖြင့်ကားတန်ဖိုးရှိပေသည်။ ထိုကျမ်းများသည်ခံ့ညားသလောက် စာပေအရေးအသားမှာရိုးသား၍ အဓိပ္ပာယ်ပြည့်ဝလှ၏။ ထိုကျမ်း များသည် စာပေဂုဏ်မြောက်လောက်အောင်အရေးအသားကောင်းရုံသာမက ဗဟုသုတအဆီအနှစ်နှင့်လည်း ပြည့်စုံလှသည်။ ဓမ္မဟောင်းကျမ်းကိုခရစ်မပေါ်မီ ၂ဝဝဝ ပြည့်နှစ်တွင်ဂရိဘာသာသို့ပြန်ဆိုခဲ့လေသည်။ တစ်ဖန် လက်တင်ဘာသာသို့ပြန်ခဲ့ပြီးနောက် ခရစ်ယန်အယူဝါဒ၌ သက်ဝင်သည့် တိုင်းပြည်တိုင်းကမိမိတို့၏တိုင်းရင်းဘာသာအသီးသီးသို့ ပြန်ဆိုကြလေသည်။ ဓမ္မဟောင်းကျမ်းတွင် ပါလက်စတိုင်ပြည်သားတို့ကိုးကွယ်ရန် တစ်ဆူတည်းသောဘုရားရှာဖွေကြံဆကြသည့်အဖြစ်အပျက်များပါဝင်သည်။ ဓမ္မသစ်ကျမ်း ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရေးမစ်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။ မြန်မာဘာသာသို့ ပြန်ဆိုခြင်း ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏သမ္မာကျမ်းကိုဒေါက်တာ အေဒိုနီယံယုဒသန်သည်ဟေဗြဲ၊ ဟေလာသဘာသာမှ မြန်မာဘာသာဖြင့် အနက် ပြန်ခဲ့လေသည်။ ယုဒသန်ပြန်ဆိုခဲ့သောဓမ္မသစ်ကျမ်းကို ၁၈၃၂ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မော်လမြိုင်မြို့သာသနာပုံနှိပ်တိုက်၌ ပထမဆုံးအကြိမ်ရိုက်နှိပ်ခဲ့၏။ ယုဒသန်သည် ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပုံနှိပ်ပြီးစီး လေသည်။ ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရမိုက်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု(ယေဇူး)၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။ မြန်မာပြည်ရှိ ရိုမန်ကက်သလစ်အသင်းတော်သည်လည်း ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏လမ်းညွှန်ချက်ဖြင့် ကက်သလစ်မြန်မာကျမ်းစာတော်မြတ်ဘာသာပြန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့မှ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ဓမ္မသစ်ကျမ်း (၂၇)စောင်၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း(သုတ္တံကျမ်း) နှင့် ဓမ္မဟောင်းတွဲဖက်ကျမ်းများ (Deuterocanonical Books) ပါဝင်သည့် သမ္မာကျမ်းစာ စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းသမ္မာကျမ်းစာ စာအုပ်တွင် ပါဝင်သော လူပုဂ္ဂိုလ်များ၊ မြို့များ၏ အခေါ်အဝေါ်များမှာ ဆရာယုဒသန်ထုတ်ဝေသော သမ္မာကျမ်းစာ၏ အမည်နာမများနှင့် ကွဲလွဲမှုများစွာရှိပေသည်။ အကြောင်းမှာ ၎င်းသမ္မာကျမ်းစာ စာအုပ်ကို ဟီဘရူး၊ ဂရိ၊ လက်တင်းနှင့် အင်္ဂလိပ်(RSV) ဘာသာစကားတို့ကို အဓိကထား ဘာသာပြန်ဆိုထားသောကြောင့်ဖြစ်သည်။ ယင်းသမ္မာကျမ်းစာစာအုပ်ကို မြန်မာပြည်ကက်သလစ်အသင်းတော်တွင် လက်ရှိအသုံးပြုလျက်ရှိသည်။ ခရစ်ယာန်များယနေ့တိုင်လက်ဝယ်ကိုင်ဆောင်ဖတ်ရှုနေတဲ့သမ္မာကျမ်းစာအုပ်သမိုင်း အကြောင်းအဆင့် ဆင့် ခရစ်ယာန်များလက်ဝယ်ကိုင်ဆောင်ဖတ်ရှုနေတဲ့သမ္မာ ကျမ်းစာအုပ်ကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်၊ ဗျာဒိတ်တော်ကို စာသားနဲ့ရေးသားထားတဲ့ ဘုရားရှင်တော်မြတ်ရဲ့ နှုတ်တော်မှ ထွက် ပေါ်လာတဲ့စကားတော်ပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ဆိုတာဘာလဲ? ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဆိုတာပထဦးဆုံးလူသား အာဒါန်မှစ၍ သခင်ယေဇူးခရစ်တော်၏ တမန်တော်ကြီးများ ဖြစ်ကြတဲ့ တစ်ကျိပ်နှစ်ပါးသော တပည့်ကြီးသံဃာတော်တို့အနက် နောက်ဆုံးသောတပည့်သာဝကကြီးဖြစ်တဲ့တမန်တော်ရှင်ယောဟန် ပျံလွန်တော်မူသည့်နေ့တိုင်အောင် လူသတ္တဝါခပ်သိမ်းတို့အား ထာ၀ရ အရှင်ဘုရားသခင်ကိုယ်တော်တိုင် ပွင့်ပွင့်လင်းလင်းဖွင့်ဟ မိန့်ကြား၊ မိန့်မြွက်ထုတ်ဖော်တော်မူခဲ့သောတရားတော်ကိုခေါ်တယ်။ ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဟာ လူတိုင်းဆီသို့(၂)နည်း ရောက်လာ ပါတယ်။ ပထမနည်းကတော့ ဘုရားသခင်၏ အလင်းကျေးဇူး တော်ညွှန်ပြခြင်းအရ ရေးသားထားသော သမ္မာကျမ်းစာတော်မြတ် အားဖြင့်၊ ဒုတိယနည်းကတော့ တမန်တော်အရှင်သူမြတ်များ လက် ထက်မှစ၍ အမိကက်သလစ်အသင်းတော်ကြီးမှ အစဉ်အဆက် သင်ကြားခဲ့သောတရားတော်အားဖြင့် လူတိုင်းဆီကို ရောက်လာပါ တယ်။ ခရစ်ယာန်များလက်ဝယ် ရောက်ရှိနေတဲ့ သမ္မာကျမ်းစာ အုပ်သည် အမိကက်သလစ်အသင်းတော်ကြီးရဲ့ အစဉ်အဆက် နှုတ်တိုက်သင်ကြားခဲ့သော တရားတော်အားဖြင့် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်များကိုရေးထားတဲ့ သမ္မာကျမ်းစာအုပ်ဖြစ်ကြောင်း သင်ကြားပေးခဲ့လို့ ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်သမ္မာကျမ်းစာ အဖြစ်ခရစ်ယာန်များက ယုံ ကြည်လက်ခံနေခြင်းဖြစ်တယ်။ သမ္မာကျမ်းစာဆိုတာဘာလဲ? သမ္မာကျမ်းစာဆိုတာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်အားဖြင့် ညွန်ပြ၊ နှိုးဆော်တော်မူသမျှကို ပေထက်အက္ခရာတင်၍ ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို သမ္မာကျမ်းစာလို့ခေါ်တယ်။ သမ္မာကျမ်းစာကိုပြုစုသူအဓိကပုဂ္ဂိုလ်မှာ ဘုရားသခင်ပင် ဖြစ်တော်မူ တယ်။ ၎င်းကျမ်းစာတော်ကိုရေးတဲ့ ပုဂ္ဂိုလ်ဟာ လွတ်လပ်ခြင်းနဲ့ ကျိုးကြောင်းဆင်ခြင်တုံဉာဏ် ကိုလွတ်လပ်စွာအသုံးပြုနိုင်တဲ့ ဘုရားသခင်ရဲ့အသုံးတော်ခံများသာဖြစ်ကြတယ်။ သမ္မာကျမ်းစာများ ဟာ စိတ်ချယုံကြည်ရတဲ့ သမိုင်းဝင်မှတ်တမ်းရေးထားချက်များ လည်းဖြစ်ပါတယ်။ သမ္မာကျမ်းစာအုပ်ထဲမှာပါဝင်နေတဲ့ သမ္မာ ကျမ်းစာစောင်များကို မြန်မာတို့ပေပုရ ပိုက်၊ ကြည်းပုရပိုက်၊ ရွှေပုရ ပိုက် စသဖြင့် ပေရွက်များ၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများ အပေါ် တွင် ရေးသား ပြီးလိပ်ထားတဲ့အတွက် ကျမ်းစာလိပ်များလို့ ခေါ်တွင် ခဲ့ပါတယ်။ ယခုမျက်ခေတ်စာအုပ်များကဲ့သို့မရှိခဲ့သေးပါ။ ယခု လက်ရှိ ခရစ်ယာန်တို့ရဲ့ သမ္မာကျမ်းစာအုပ်ထဲမှာပါရှိနေတဲ့ ပထမဦး ဆုံးရေးသားခဲ့တဲ့ ကမ္ဘာဦးကျမ်းနဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံး မှာပါရှိနေတဲ့ နောက်ဆုံးရေးသားခဲ့တဲ့ဗျာဒိတ်ကျမ်းတို့ဟာ နှစ်ပေါင်း (၁၅၀၀) လောက်ကွာခြားခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်းရေးသား ခဲ့တဲ့ ကျမ်းစာလိပ်များကိုစုပေါင်းပြီး စာအုပ်တစ်အုပ်အဖြစ်စုစည်း ချုပ်လုပ်ထားတဲ့အတွက် စာကြည့်တိုက်ကလေးဟုခေါ်တယ်။ Bible ဆိုတဲ့ ဝေါဟာရရဲ့ အနက္ကေတာ့ စာအုပ်များလို့ အဓိပ္ပာယ်ရပါတယ်။ အသင်းတော်ရဲ့ရှေးဦးအစပိုင်းမှာ ကျမ်းမှန် များရေးသားခဲ့ကြသလို ချဲ့ထွင်၊ မြောက်ပင့်ရေးထားခြင်းများ၊ ဖတ်ကောင်းအောင် ရေးသား ချက်များ၊ ကျမ်းမျိုးစုံပေါ်ထွက်လာခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ် တော်ဘုရားရဲ့ လမ်းညွန်လှုံ့ဆော်မှု၊ အလင်းကျေးဇူး တော်အားဖြင့် အမိအသင်းတော်ကြီးက သံဃာယနာတင်အစည်းအဝေး ပွဲများ အကြိမ်ကြိမ်ပြုလုပ်ကာ မိမိရဲ့ဘာသာဝင်သားသမီး ခရစ်ယာန်များ အတွက် မိမိရဲ့နှုတ်တိုက်သင်ကြားလာခဲ့တဲ့ ဗျာဒိတ်တော်အားဖြင့် ကျမ်းတု၊ ကျမ်းမှားအများအပြားထဲမှ ကျမ်းမှန်များကိုရွေးထုတ် စုစည်းကာ ပေးအပ်တော်မူခဲ့ပါတယ်။ အစောပိုင်းကာလများမှာ ခရစ်ယာန်များဟာ ညှင်းပန်းနှိပ်စက်၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းခံနေရချိန်ဖြစ်နေလို့ မူရင်းကျမ်းစာလိပ်များကို စုစည်းဖို့ အခက်အခဲနဲ့ကြုံခဲ့ရပါတယ်။ ခရစ်သက္ကရာဇ် အေဒီ(၃၁၃) ခုနှစ်ရောက်မှ ကွန်စတန်တင်ဘုရင်လက်ထက် ရောမအင်ပါယာ တစ်ခုလုံး ဘာသာရေးလွတ်လပ်စွာကိုးကွယ်ခွင့်ရချိန်ရောက်မှ သာသနာတောင်ရဲ့ အရေးကြီးတဲ့လုပ်ငန်းများကိုစတင်ဆောင်ရွက် လာ နိုင်ပါတော့တယ်။ သမ္မာကျမ်းစာနဲ့ ပတ်သက်တဲ့သမိုင်းကို ဆက်လက်ဖော်ပြရမယ် ဆိုရင် ခရစ်သက္ကရာဇ် အေဒီ(၃၉၃) ခုနှစ် မှာ အာဖရိတိုက် ဟစ္ပို (Hipo) မြို့မှာ ပထမဦးဆုံးသမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ သံဃာယနာ တင် အစည်းအဝေးပွဲအတွင်း သန်းရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အလင်းကျေးဇူးတော်အားဖြင့် ရေးသားထားတဲ့ကျမ်း စာလိပ်များကို ကျမ်းအတုများထဲမှ စိစစ်ရွေးထုတ်နိုင်ခဲ့ပြီး တရားဝင်ကျမ်းများအဖြစ် ခွဲခြား သတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။ အမိကက်သလစ်သာသနာ တော်ကြီးအနေဖြင့် တစ်ကမ္ဘာလုံးသုံးနေတဲ့ လက်ရှိကျမ်းစာအုပ် အဖြစ်သို့ခွဲခြားသတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ(၃၉၃) ခုနှစ်မှာပဲ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ်မြောက် သံဃာယနာ တင် အစည်းအဝေးပွဲကြီးကို အာဖရိကတိုက်မြောက်ပိုင်း ကာသေ့ချ် (Carthage) မြို့မှာပြုလုပ်တော်မူခဲ့ပြန်ပါတယ်။ အဲဒီဒုတိယမြောက် သံဃာယနာတင် အစည်းအဝေးကြီးအထဲမှာပဲ ပထမမြောက် သံဃာ ယနာတင် အစည်းအဝးပွဲက ရွေးထုတ်ခဲ့သော ကျမ်းစာနဲ့ ပတ်သက် နေတဲ့ အချက်အလက်များ အားလုံးကို ပြန်လည်စစ်ဆေးခဲ့ပြီး မှန်ကန် ကြောင်း တရားဝင်ကျမ်းအစစ်များဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ (၄၀၅) ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် အင်နိုဆင့် (Pope Innocent I) အရှင်သူမြတ်မှ ထပ်မံစစ်ဆေးပြီး အတည်ပြုခဲ့ပြန်ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ (၄၁၉) ခုနှစ် တွင် ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဗော့နိုဖေစ် (Pope Boniface I) အရှင်သူတော်မြတ်ကလည်း ထပ်မံစစ်ဆေးပြီး တရား ဝင်သမ္မာကျမ်းစာအစစ်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြန်ပါတယ်။ အဲဒီအချိန်ထိ သမ္မာကျမ်းစာတော်မြတ်ကို အခန်းကြီး၊ အခန်းငယ် မခွဲခြားရသေးတာကြောင့် သမ္မာကျမ်းစာတော်မြတ်ကို လေ့လာ ဖတ်ရှုဖို့ အခက်အခဲတွေ့ ကြုံခဲ့ရပါတယ်။ အမိအသင်းတော်ကြီးရဲ့ သံဃာယနာတင် အစည်းဝေးပွဲများနဲ့ စစ်ဆေးရွေးချယ်စုစည်းပေးလိုက်တဲ့ သမ္မာကျမ်းစာအုပ်ကို ခရစ် သက္ကရာဇ် (၁၂၁၄) ခုနှစ်က အင်္ဂလိပ်ရသေ့ရဟန်းတစ်ပါးဖြစ်တဲ့ စတီးဗင်းလဲန်တွန်း (Stephen Langton) အရှင်သူမြတ်မှ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းများကို အခန်းကြီးခွဲပေးခဲ့ပါတယ်။ အရှင်မြတ်ဟာ ပဲရစ်မြို့တက္ကသိုလ်မှာ ပါမောက္ခဖြစ်ခဲ့ပြီးနောက် ကန္တာဘာရီ ဂိုဏ်း ချုပ်ဆရာတော်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရပါတယ်။ သက္ကရာဇ် (၁၅၂၈) ခုနှစ်မှာ အိတလီလူမျိုး၊ ဒိုမီနီကန်ရဟန်း တစ်ပါး ဖြစ်တဲ့ ဆန်တေပါညီးနို (Sante Pagnino) အရှင်သူမြတ်က ဓမ္မ ဟောင်း ကျမ်းတစ်ခုလုံးကို အခန်းငယ်များခွဲပေးခဲ့ပါတယ်။ သက္ကရာဇ်(၁၅၅၁)ခုနှစ်မှာတော့ပြင်သစ်လူမျိုးရောဘတ်စတီအန် နေ (Robert Stienne) ဆိုသူက ဓမ္မသစ်ကျမ်းတစ်ခုလုံးကို အခန်း ငယ်များခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးကို အခန်းကြီး၊ အခန်း ငယ်များ ခွဲခြားပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ သမ္မာကျမ်းစာကို လေ့ လာရန် အရမ်းလွယ်ကူလာပါတော့တယ်။ ခရစ်ယာန်များရဲ့ သမ္မာကျမ်းစာအုပ်ထဲမှာ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကိုမခံယူခင် ခရစ်တော်ဘုရားရှင် သည် မည်သို့မည်ပုံ ကြွလာတော်မူမည်စသည်ဖြင့် ခရစ်တော်ဘုရား ရှင်အကြောင်း ကြိုတင်မြွက်ဟ ဖော်ပြတော်မူခဲ့တဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ကို ဓမ္မဟောင်းကျမ်းများဟု ခေါ်ပါတယ်။ ဓမ္မဟောင်း ကျမ်း (၄၆) စောင်ရှိပါတယ်။ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို ခံယူတော်မူပြီးနောက် ခရစ် တော်ရဲ့ သက်တော်စဉ် လူတွေကို ကယ်တင်တဲ့ခရစ်တာ်ရဲ့ ကယ်တင် ခြင်းသမိုင်း ခရစ်တော်ရဲ့ တရားဒေသနာတော်များ တမန်တော်များရဲ့ ဆုံးမဩဝါဒတရားတော်များဟူ၍ ဓမ္မသစ်ကျမ်း (၂၇)စောင်ဟူ၍ ပါရှိ နေပါတယ်။ ဓမ္မဟောင်းကျမ်း (၄၆) စောင်နဲ့ ဓမ္မသစ်ကျမ်း (၂၇) စောင် တို့ပေါင်းစပ်ထားတဲ့ ကျမ်း (၇၃)ကျမ်းပေါင်းချုပ်ကို ခရစ်ယာန်များရဲ့ သမ္မာကျမ်းစာအုပ်လို့ ခေါ်ပါတယ်။ သမ္မာကျမ်းစာအုပ်ထဲမှာ ပါဝင်နေ တဲ့ ဒီကျမ်း (၇၃) ကျမ်းဟာ၊ နှစ်ပေါင်း (၁၅၀၀) အတွင်း တစ်ခေတ် ပြီးတစ်ခေတ် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်များကို ရေးမှတ်ထုတ်ထား တဲ့ကျမ်းစာအုပ်များ ဖြစ်ပါတယ်။ အဲဒီကျမ်းများကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ နှိုးဆော်မှု အောက်၌ ပေထက်အက္ခရာတင် ရေးသားခဲ့တဲ့ ကျမ်းရေးပုဂ္ဂိုလ်များ ကတော့ လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြစ်နေပါတယ်။ ဥပမာပေးဖော်ပြရမယ်ဆိုရင် အီဂျစ်ဘုရင်ရဲ့ တပ်သားတစ်ဦး အီဂျစ် ဘုရင်ရဲ့ နန်းတွင်းပညာရေးကို သင်ယူတတ်မြောက်လာခဲ့တဲ့ ကျမ်း ရေးပုဂ္ဂိုလ်ကတော့ မိုးဇယ်ဖြစ်ပါတယ်။ သိုးကျောင်းသားဘဝမှ ကြီး ပြင်းလာခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ဒါဝိတ်မင်းကြီးဖြစ်ပါတယ်။ ပညာရှိသုခမိန် ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက်ဟေရှာယပဲဖြစ် ပါတယ်။ ယုဒရဟန်းအကြီးအကဲဖြစ်တဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက်ယေဇကျေလပဲ ဖြစ်ပါတယ်။ နွားကျောင်းသားဘဝမှ ကျမ်း ရေးပုဂ္ဂိုလ်ကတော့ ပရောဖက်အာမုတ် ဖြစ်ပါတယ်။ ဆေးသမား တော်ဘဝမှ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ရှင်လုကာဖြစ်ပါတယ်။ အများတကာ ရွံ့မုန်းခြင်းခံရတဲ့ အနှိမ်ခံဘဝမှ တမန်တော်ဘဝအဖြစ် ရွေး ကောက်ခြင်းခံခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ရှင်မဿဲလို့ခေါ်တဲ့ (ရှင်မာတေဦး)ပဲဖြစ်ပါတယ်။ တံငါသည်ဘဝမှ တမန်တော်အကြီး ဥက္ကဋ္ဌအဖြစ်ရွေးကောက်ခြင်းခံခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ တမန်တော်ရှင်ပေတရူးပဲ ဖြစ်ပါတယ်။ ဖာရီရှဲလည်းဖြစ်၊ ပညာကလည်းရှိတဲ့ ခရစ်ယာန်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လိုက်လံသတ် ဖြတ်ခဲ့ပြီး ဘုရားတန်ခိုးတော်နဲ့ ခရစ်ယာန်ဖြစ်လာခဲ့တဲ့ ကျမ်းရေး ပုဂ္ဂိုလ်ကတော့ တမန်တော်ရှင်ပေါလူးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူးဘာသာဝင်များနဲ့ ရှေးဦး ခရစ်ယာန်များဟာ အယူဝါဒယုံကြည်မှုဆိုင်ရာများကို အငြင်းအခုံ ဖြစ်ကြတဲ့အခါမှာ၊ ရှေးဦးခရစ်ယာန်များက အဓိကထား ထောက်ပြခဲ့ သောကျမ်းများကို ပြန်၍မချေပနိုင်သောကြောင့် ခရစ်သက္ကရာဇ် အေဒီ (၉၀) တွင် - ဂျဲမီးနီးယား (Jaminia) မြို့မှာ ဂျူးလူမျိုးများ စည်းဝေး၍ ဒီကျမ်းများဟာ နိုင်ငံခြားတိုင်းတစ်ပါး၌ ဖြစ်ခဲ့သောကျမ်း များဖြစ်သည်ဟုဆိုကာ အဓိကျမ်းကြီး (၇) ကျမ်းနဲ့ ဒါနီအဲလ် ဟောစာ တမ်းနဲ့ အက်စတာဝတ္တုကျမ်းများရဲ့ အချို့သော ကျမ်းပိုဒ်တို့ကို ဟေဗြဲကျမ်းထဲမှ တရားဝင် ပယ်လိုက်ကြပါတော့တယ်။ ဒါကြောင့် ဟေဗြဲကျမ်းထဲမှ ဓမ္မဟောင်းကျမ်း (၃၉) ကျမ်း သာကျန်တော့တယ်။ ခရစ်သက္ကရာဇ် (၉၀) ခုနှစ်ကတည်းကစပြီး၊ ဂရိဘာသာစကားနဲ့ ရေးသားထားတဲ့ ဓမ္မဟောင်းကျမ်းပေါင်း (၄၆) ကျမ်းရှိနေခဲ့ပေမယ့် ဟေဗြဲဘာသာရပ်စကားနဲ့၊ တစ်နည်းပြောရရင်၊ ပါလက်စတိုင်းမှာ ရှိနေတဲ့ ဂျူးစကားပြော၊ ဂျူးဘာသာဝင်တွေအတွက်၊ ဟေဗြဲဘာသာ စကားနဲ့ရေးသားထားတဲ့ ဓမ္မဟောင်းကျမ်းမှာတော့ (၃၉) ကျမ်းသာ လက်ခံကြတော့တဲ့အတွက် အဓိကကျမ်းကြီး (၇) ကျမ်း၊ ဒါနီအဲလ် ဟောစာတမ်းနဲ့ အက်စတာဝတ္တုကျမ်းများရဲ့ အချို့သောကျမ်းပိုဒ် တချို့ကို ရှေးဦးခရစ်ယာန်များနဲ့ ဘာသာရေးငြင်းခုံရာတွင် ရှုံးနိမ် မှုကြောင့်၊ ဟေဗြဲကျမ်းမှ ပယ်ချပစ်လိုက်ကြတော့တယ်။ ဂျူးလူမျိုး တွေဟာ နှစ်ပေါင်း (၄၀၀) မျှလောက် လက်ခံယုံကြည်ခဲ့ကြပြီး၊ ပယ်ထုတ်လိုက်တဲ့ ကျမ်းမှာ- (၁) တိုဘိဝတ္တု (The Book of Tobit or Tobias) (၂) ဂျူဒစ်ဝတ္တု (The Book of Judith) (၃) ပညာပါရမီကျမ်း (The Wisdom of Solomon) (၄) နီတိဒေသနာကျမ်း (Ecclesiasticus, or Sirach) (၅) ဘာရုဟောစာတမ်း (The Book of Baruch) (၆) မက္ခာဘေဦးသမိုင်း ပထမတြဲ (The First of Maccabees) (၇) မက္ခာဘေဦးသမိုင်း ဒုတိယတြဲ (The Second Book of Maccabees) စတဲ့ကျမ်းကြီး (၇) ကျမ်းများနဲ့ အချို့သောကျမ်းပိုဒ်များ ဖြစ်ကြတဲ့ ဒံယေလအနာဂတ္တိကျမ်းနဲ့ ဧဿတာဝတ္တုကျမ်းပိုဒ်များပဲ ဖြစ်ကြပါတယ်။ အဲဒီချိန်ကစပြီး ခရစ်ယာန်များအတွက် မူရင်းကျမ်းစာမှာ၊ ဂရိဘာသာစကားဖြင့်ရေးသားထားတဲ့ septuagintကျမ်းစာအုပ်ပဲဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်း (၂၇)စောင်လုံးမှာလည်း၊ ဓမ္မသစ်ကျမ်းရေးပုဂ္ဂိုလ်များက ဂရိဘာသာစကားဖြင့် ရေးသားတော် မူခဲ့ကြပါတယ်။ ခရစ်သက္ကရာဇ် (၃၈၂) ခုနှစ်၊ ရာ စုအားဖြင့် (၄) ရာစု တွင်၊ ရဟန္တာသူတော်မြတ် စိန်ဂျေရုမ်းအရှင်မြတ်မှ၊ ဂရိဘာသာ စကားမှ လက်တင်း ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့တဲ့ ဗားလ်ဂိတ် (Vulgate) သမ္မာကျမ်းစာတော်မြတ်တွင်၊ ဂျူးလူမျိုးများ ပယ်ခဲ့တဲ့ ကျမ်းများကို ခရစ်ယာန်တိုင်းသိဖို့အတွက်၊ အပိုင်းလိုက်သီးသန့် ဘာသာပြန်ဆိုပြီး ဖော်ပြထားတာတွေ့နိုင်ပါတယ်။ ခရစ်သက္ကရာဇ် (၁၅၂၄) ခုနှစ် နောက်ပိုင်း၊ အမိကက်သလစ်အသင်းတော်ကြီးမှ မာတင်လူသာရဲ့ ပရိုတက်စတန်ခရစ်ယာန်အသင်းခွဲ ထြက္ဩားတဲ့ အခါ ကျမ်းဂရိတ်မူရင်း ဆဲပ်တွာဂျင်ကျမ်းစာအုပ်ကို ပယ်ပြီးဟေဗြဲ ကျမ်းစာအုပ်ကိုပဲအခြေပြုလိုက်တဲ့အတွက်ပရိုတက်စတန်ခရစ်ယာန် သမ္မာကျမ်းစာအုပ်ထဲမှာဓမ္မဟောင်းကျမ်း(၃၉)စောင်သာကျန်ပါတော့ တယ်။ မာတင်လူသာဘက်လိုက်များမှာ၊ဓမ္မဟောင်းကျမ်းစာအချို့ကို ပယ်ရုံမက ဓမ္မသစ်ကျမ်းအချို့ကိုလည်းပယ်ခဲ့ကြပြန်ပါတယ်။ လူသာ ရဲ့ ပရိုတက်စတန်အသင်းကပယ်လိုက်တဲ့ဓမ္မသစ်ကျမ်းအချို့ကတော့ (၁) ရှင်ယာကုပ်ဩဝါဒစာ၊ (၂) ဟေဗြဲဩဝါဒစာ၊ (၃) ရှင်ယုဒဩဝါဒစာ၊ (၄) ဗျာဒိတ်ကျမ်းများ ပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အခြားသော ပရိုတက်စတန်ခရစ်ယာန်ဂိုဏ်းခွဲများက ဓမ္မသစ်ကျမ်း (၂၇) စောင်လုံး ကိုလက်ခံခဲ့ကြလို့၊ လူသာရဲ့ ပရိုတက်စတန်ခရစ်ယာန်အသင်းဂိုဏ်း က ၎င်းတို့ပယ်ခဲ့တဲ့ ဓမ္မသစ်ကျမ်းများကို ပြန်လည်လက်ခံလာခဲ့တော့ တယ်။ ဓမ္မဟောင်းကျမ်းကိုတော့ ဟေဗြဲဘာသာဂျူးကျမ်းကိုပဲ လက် ခံလိုက်တဲ့အတွက် (၃၉) စောင်သာ ယနေ့ထိတိုင်လက်ခံကြပါတော့ တယ်။ ထိုပါလက်စတိုင်းက ဂျူးများနဲ့၊ ပရိုတက်စတန်ခရစ်ယာန် ဂိုဏ်းကွဲများက ဓမ္မဟောင်းကျမ်းမှ (၇) ကျမ်းပယ်လိုက်ခြင်းကို အမိ ကက်သလစ်အသင်းတော်ကြီးက မိမိရဲ့ဘာသာဝင်သားသမီးများ သံသယမကင်းမဖြစ်စေရန်အတွက် ခရစ်သက္ကရာဇ် (၁၅၄၆)ခုနှစ်တွင် တြင်းမြို့ သံဃာယနာတင်အစည်းအဝေးပွဲကြီးကို ပြုလုပ်ပြီး ထိုကျမ်း များသည် အမိကက်သလစ်အသင်းတော်ကြီးအတွက် တရားဝင်၍ သန့်ရှင်းသော သမ္မာကျမ်းစာများဖြစ်ကြောင်း အခြားသောကျမ်းများ နှင့် တန်းတူညီတူ လက်ခံရိုသေကြရမည်ဖြစ်ကြောင်း တရားဝင် အတိအလင်း ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။ ခရစ်သက္ကရာဇ် (၁၄၅၆) ခုနှစ်တွင် Maing မိန်းဇ်မြို့မှာလက်တင်းဘာသာစကားနဲ့ ပထမဦးဆုံးပုံနှိပ်ထား သော သမ္မာကျမ်းစာအုပ်အဖြစ် ပထမဦးဆုံးစာအုပ်တစ်အုပ် အဖြစ် သမ္မာကျမ်းစာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီပထမဦးဆုံး စာအုပ်အဖြစ်၊ ပထမဦးဆုံးပုံနှိပ် သမ္မာကျမ်းစာအဖြစ် စာပုံနှိပ်တီထွင် ခဲ့တဲ့ John Gutenler ဂျွန်ဂူတင်ဘတ်ရဲ့ ပုံနှိပ်စက်ဖြင့် ရိုက်နှိပ်ထုတ်ဝေ ခဲ့ပါတယ်။ ဂျွန်ဂူတင်ဘတ်ဟာ၊ ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ ပါတယ်။ ခရစ်သက္ကရာဇ် (၄၀၀) မှ (၁၄၄၀) ခုနှစ်များ အတွင်း၌၊ သမ္မာကျမ်းစာလိပ်များကို ကက်သလစ်ရသေ့ရဟန်းများက သားရေ ချပ်များအပေါ် ကူးယူရေးသားခဲ့ကြရပြီး လက်ဆင့်ကမ်းဖြန့်ဝေခဲ့ရပါ တယ်။ ထိုမူရင်းကျမ်းစာလိပ်များကို အမိအသင်းတော်ကြီးက ထိန်း သိမ်းထားလျက် ရှိပါတယ်။ ခရစ်သက္ကရာဇ် (၁၄၅၆ )ခုနှစ်မှ (၁၅၂၀)ခုနှစ်များအတွင်း သမ္မာ ကျမ်းစာကို လက်တင်ဘာသာစကားဖြင့် အကြိမ်ပေါင်း (၁၀၀)၊ ဂျာမန် ဘာသာစကားဖြင့် အကြိမ်ပေါင်း (၂၇) ကြိမ်၊ အီတလီဘာသာစကား ဖြင့် အကြိမ်ပေါင်း (၂၅) ကြိမ်၊ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ထို့အပြင် ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ၊ အခြားအခြားသော ဘာသာစကားများဖြင့် လည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပရိုတက်စတန်ခရစ်ယာန်ဂိုဏ်းဂဏ္ဍများပေါ်ပေါက်မလာမှီ၊အမိအသင်းတော်ကြီးကသမ္မာကျမ်းစာအုပ်ကို အကြိမ်ပေါင်း (၆၂၆) ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ခရစ် သက္ကရာဇ်(၁၅၂၂)ခုနှစ် ပရိုတက်စတန်တို့ ပထမဦးဆုံးရိုက်နှိပ်ထုတ် ဝေသော သမ္မာကျမ်းစာအုပ်မှာ၊ ဂျာမာန်ဘာသာစကားဖြင့် မာတင် လူသာက ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေခဲ့သော ဓမ္မသစ်ကျမ်းစာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း၌ အမိအသင်းတော်ကြီးနှင့်တကွ ပရိုတက် စတန် ခရစ်ယာန်ဂိုဏ်းကွဲများ၊ ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီးနှင့် ကျမ်းစာထုတ်ဝေရေး အသင်းအဖွဲ့များရဲ့ လက်တွဲကြိုးစား၊ ကြိုးပမ်း မှုကြောင့် အထူးသဖြင့် (၂၀) ရာစုနဲ့ (၂၁) ရာစုများမှာ သိပ္ပံပညာ တိုးတက်လာမှုကြောင့်၊ ဘာသာစကားမျိုးစုံဖြင့်၊ အကြိမ်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေလျှက် အထပ်ထပ်အကြိမ်ကြိမ် ရှုထောင့်သစ်၊ အမြင်သစ်၊ မျက်မှောက်ခေတ်သုံး စကားလုံးများဖြင့် ဘာသာပြန်ဆိုခြင်းများပြုလုပ်နေကြောင်း သိရှိနိုင်ပါတယ်။ သမ္မာကျမ်းစာတော်မြတ်နဲ့ ပတ်သက် ပြီး အသင်းတော်ရဲ့ သွန်သင်ချက်ကိုအတိုချုပ် ဖော်ပြရမယ်ဆိုရင် (၁) သမ္မာကျမ်းစာအုပ်ထဲတွင် ပါဝင်နေသော သန့်ရှင်းမြင့်မြတ်သော ကျမ်းများသည် ခရစ်တော်ဘုရားရှင်အကြောင်းကို တူညီစွာညွှန်ပြ မြွက်ဟဖော်ပြနေကြပြီး ခရစ်တော်ဘုရားရှင်၌ အဆုံးသတ်နေကြ တယ်။ (၂) သမ္မာကျမ်းစာအုပ်ထဲ၌ ပါဝင်နေသောကျမ်းများဟာ ဘုရားသခင် ရဲ့ အလင်းကျေးဇူးတော် အောက်၌ ရေးသားခြင်းခံရပြီး၊ ဘုရားသခင်ရဲ့ စကားတော်၊ ဗျာဒိတ်တော်များနှင့်ပြည့်နေသော ဘုရားသခင်၏နှုတ် ကပါတ်တော်ဖြစ်ပါတယ်။ (၃) သမ္မာကျမ်းစာရေးတဲ့ မူရင်းပုဂ္ဂိုလ်ဟာ ဘုရားရှင်ဖြစ်ပြီး၊ လူသား ကျမ်းရေးပုဂ္ဂိုလ်ဟာ သခင်ဘုရားရဲ့ အလင်းကျေးဇူးတော်အောက်၌ အထူးအသုံးတော်ခံရ၍၊ လူသားအားလုံး ကယ်တင်ခြင်းခံစားရဘို့ အတွက် အမှားအယွင်းကင်းစင်လျှက် သမ္မာတရားတော်ကို ရေးသား တော်မူပါတယ်။ (၄) သမ္မာကျမ်းစာတော်မြတ်ကို အနက်အဓိပ္ပာယ်ဖော်ပြရာမှာ၊ လူသားများကို ကယ်တင်ခြင်းချမ်းသာ ရစေချင်လွန်းသော၊ မိမိရဲ့ အလိုတော်မြတ်ကို ဖော်ပြနေကြောင်း၊ ဘုရားရဲ့မေတ္တာတော် ဆန္ဒကို အာရုံစူးစိုက်အနက်ဖွင့်ဖို့ လိုအပ်ပါတယ်။ (၅) အမိအသင်းတော်ကြီးဟာ မိမိရရှိထားတဲ့ ဓမ္မဟောင်းကျမ်း (၄၆) ကျမ်းနဲ့ ဓမ္မသစ်ကျမ်းတို့ကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်အဖြစ် ရိုသေလေးမြတ်ခြင်းပြုရပါတယ်။ (၆) သမ္မာကျမ်းစာများထဲမှာ၊ ခရစ်ဝင်ကျမ်း၊ ဧဝံဂေလိကျမ်း လေးစောင်ကို ဗဟိုပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ခရစ်တော်ဘုရား ရှင်ဟာ ကျမ်းအားလုံးရဲ့ ဗဟိုအချက်အချာဖြစ်နေလို့ပါပဲ။ (၇) ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းဟာ ဘုရားသခင်ရဲ့ တစ်ခုတည်း သော အကြံအစည်တော်ဖြစ်တဲ့ ကယ်တင်တော်မူခြင်းဆိုတဲ့ အလို တော်၌ တစ်လုံးတစ်ဝတည်းအဖြစ် ပေါင်းစပ်နေတဲ့ ဗျာဒိတ်တော် ဖြစ်ပါတယ်။ (၈) အမိအသင်းတော်ကြီးက ကိုယ်တော်ရှင်ရဲ့ ခန္ဓာတော်ဖြစ်တဲ့ ကိုယ်တော်မြတ်ကို ကြည်ညိုလေးမြတ်သလို၊ သမ္မာကျမ်းစာတော်မြတ်ကိုလည်း ထိုကဲ့သို့ ကြည်ညိုလေးမြတ်လျက်ရှိပါတယ်။ ကက်သလစ်ကျမ်းစာ (၇၂)စောင် “ဘာရု ပရောဖက်ကျမ်း” (Baruch) သည် ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် မပါဝင်ဘဲ ကက်သလစ်ကျမ်းစာတော်မြတ်တွင်သာ ပါဝင်သော ဓမ္မဟောင်းကျမ်း (၇)စောင်ထဲမှ တစ်စောင်ဖြစ်သည်။ ထိုကျမ်းများကို ကက်သလစ်တို့က “ဓမ္မဟောင်းတွဲဖက်ကျမ်း”များ Deuterocanonical ဟုခေါ်ကြသည်။ ပရိုတတ်တစတင့် တို့ကမူ “အာပိုခရိပါ” Apocryphalဟုခေါ်ကြသည်။ (မြန်မာနိုင်ငံတွင် “အပယ်ခံကျမ်း”ဟု အသုံးရှိခဲဖူးသည်။) ထိုဓမဟောင်းကျမ်း (၇)စောင်တွင် ပါဝင်သော ကျမ်းများမှာ တိုဘိဝတု (Tobit)၊ ဂျူဒစ်ဝတု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မကာဘေးဦးသမိုင်း (ပထမတွဲနှင့် ဒုတိယတွဲ) (1 and 2 Maccabees) ဉာဏ်ပညာကျမ်း (Wisdom, or wisdom of Solomon)၊ နိတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ဖြစ်ကြသည်။ ထိုဓမ္မဟောင်းတွဲဖက်ကျမ်းများသည် ဘီစီ (၃)ရာစုခန့်က ဂရိဘာသာသို့ ပြန်ဆိုထားသော ဓမ္မဟောင်းကျမ်း (Septuagint)တွင် ပါဝင်ကြသည်။ အဆိုပါ ဓမ္မဟောင်းကျမ်းသည် တမန်တော်ကြီးများနှင့် ၎င်းတို့ နောက်ပိုင်း မျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်းဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမ္မဟောင်းကျမ်းများထဲမှ အစောဆုံးလက်ရေးမူများဖြစ်သည့် Codex Sinaiticus (fourth century) နှင့် Codex Alexandrinus (c.450) တို့သည် အထက်ဖော်ပြပါ ဓမ္မဟောင်းများကို အခြားသော ကျမ်းများနှင့် အတူ ထည့်သွင်းထားကြသည်။ ခရစ်နှစ် ၃၄၉ ခုနှစ်တွင် ဟိပိုမြို့တွင် ပြုလုပ်သော ခရစ်ယာန်သာသနာ့စည်းဝေးကြီးနှင့် ၃၉ရခုနှစ် နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ချ်မြို့တွင် ပြုလုပ်သော စည်းဝေးပွဲ ကြီးတို့က ထိုကျမ်း (၇)စောင်ကို အခြားသော ကျမ်း(၆၆)စောင်နှင့် အတူ ကျမ်းစာတော်မြတ်တွင် ထည့်သွင်းအတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမာလုံးဆိုင်ရာ အသင်းတော် (Universal Church) ကလည်း လက်ခံခဲ့သည်။ (၁၆) ရာစုတွင် ထရင့်မြို့တွင် ကျင်းပခဲ့သော ခရစ်ယာန် သာသနာ့စည်းဝေးပွဲကြီးကလည်းထိုကျမ်းများကို အတည်ပြုပေးခဲ့သည်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် ပရိုတက်စတင့်တို့က အဆိုပါကျမ်းများကို ၎င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထားသနည်း။ အမှန်တကယ်တွင် ဩဇာတိကမရှိသော ပရိုတက်စတင့်ပြုပြင်ရေးဝါဒီ မာတင်လူသာ (Martin Luther) က ၎င်းတို့ကို ပယ်ဖက်ခဲ့ခြင်းဖြစ်သည်။ သူသည် ခရစ်ယာန်ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များရှိပါက ထိုကျမ်းချက်များပါဝင်သော ကျမ်းများ၏ အရေးပါမှု့ကို ငြင်းဆိုလေ့ရှိသည်။ ဓမ္မဟောင်းတွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသော ကျမ်းပိုဒ်များပါဝင်ကြသည့်အပြင် ငရဲငယ် (Purgatory)တည်ရှိကြောင်းကိုလည်း သွန်သင်ထားသည် (၂ မကာ ၁၂း၃၉-၄၆)။ မာတင်လုသာသည် ထိုရှေးဟောင်းသွန်သင်ချက်နှင့် အသင်းတော်၏ ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့်ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။ ဓမ္မဟောင်းတွဲဖက်ကျမ်းများတွင် ပါဝင်သော ကျမ်းများသည် အခြားသော ဓမ္မဟောင်းကျမ်းများနှင့် ရေးသာသည့် ပုံစံဆင်တူသည်။ ဉာဏ်ပညာကျမ်းနှင့် နိတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် အတော်ပင်တူသည်။ တိုဘိဝတုသည် ယောဘဝတုကဲ့သို့ပင်ဖြစ်သည်။ ဂျုဒစ်ဝတုသည်လည်း အက်စတာဝတုနှင့် အလားသဏ္ဌာန်တူသည် (ဟေဗြေဦး အမျိုးသမီးသူရဲကောင်းနှစ်ဦးသည် မိမိတို့၏ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများဖြစ်သည်) မကာဘေးဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမ္မရာဇဝင် ဒုတိယစောင် - တတိယစောင်၊ ရာဇဝင်ချုပ် ပထမစောင် ဒုတိယစောင်တို့ကဲသို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသော ကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ဂျေရေမိယ (Jeremiah) ပရောဖက်ကျမ်းနှင့် အလားသဏ္ဌာန်တူသည်။ ဓမ္မသစ်ကျမ်းသည်လည်း ဓမဟောင်းတွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက်အတော်များများတွင် ထပ်တူနီးပါးပြန်ပြောင်းပြောဆိုထားသည်။ ဥပမာ- ဗျာဒိတ်တော်ကျမ်း ၁း၄ နှင့် ၈း၃-၄ တို့သည် တိုဘိဝတု ၁၂း၅၁ ကို ကိုးကားထားဟန်ရှိသည်။ ကော်ရန့်သုဩဝါဒစာ ပထမစောင် ၁၅း၂၉ သည် မကာဩဝါဒစာ ၁၁း၃၅ သည် မကာဘေးဦးသမိုင်း ဒုတိယတွဲ ရး၂၉ ကို ပြန်လည်ထင်ဟပ်ပြနေလေသည်။ အမည်နာမ ကွဲပြားချက် လက်ရှိ မြန်မာပြည်၏ ပရိုတက်စတင့်အသင်းတော်များ အသုံးများသော ဆရာယုဒသန် မြန်မာပြန်ဆိုသော သမ္မာကျမ်းစာနှင့် မြန်မာပြည် ကက်သလစ်အသင်းတော်၏ လက်ရှိအသုံးပြုလျက်ရှိသော သမ္မာကျမ်းစာ သည် အရေးအသားပိုင်းသာမက အမည်နာမများပါကွဲပြားခြားနားသည်။ သို့သော် အချို့မှာ တူညီမှုရှိသည်။ အသုံးအနှုန်းကွဲပြားမှုကို အောက်တွင် ဥပမာအချို့ပြသထားသည်။ JVB - CMB ယေရှု - ယေဇူး မဿဲ - မာတေးဦး မောရှေ - မိုးဇယ် ကောရိန္တု - ကော်ရိန့်သု ကောလောသဲ - ကော်လောဆေ သက်သာလောနိတ် - သက်ဆာလောနိက တိမောသေ - တီမောသီဦး ဖိလေမုန် - ဖိလေမွန် ဟေဗြဲ - ဟေဗြေဦး ဂလာတိ - ဂါလားဆီယာ ဖိလိပ္ပိ - ဖိလိပိ ဧဖက် - ဧဖက်ဆု ယုဒ - ဂျုဒ မာရိ - မာရိယာ မာဂဓလမာရိ - မာရိယာမာဒလေးနာ ရှိမုန်ပေတရု - စီမွန်ပေတရု ယေရုဇလင် - ဂျေရုဇလင် ယောသပ် - ဂျိုးဇက်/ဇူဇယ် ကျမ်းရင်းများ ဓမ္မသစ်ကျမ်း( ၂၇ ကျမ်း) ရှင်မဿဲခရစ်ဝင် Matthew ရှင်မာကုခရစ်ဝင် Mark ရှင်လုကာခရစ်ဝင် Luke ရှင်ယောဟန်ခရစ်ဝင် John တမန်တော်ဝတ္ထု Acts ရောမဩဝါဒစာ Romans ကောရိန္သုဩဝါဒစာ ၁ Corinthians 1 ကောရိန္သုဩဝါဒစာ ၂ Corinthians 2 ဂလာတိဩဝါဒစာ Galatians ဧဖက်ဩဝါဒစာ Ephesians ဖိလိပ္ပိဩဝါဒစာ Philippians ကောလောသဲဩဝါဒစာ Colossians သက်သာလောနိတ် ဩဝါဒစာ ပဌမစောင် Thessalonians 1 သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင် Thessalonians 2 တိမောသေ ဩဝါဒစာ ပဌမစောင် Timothy 1 တိမောသေ ဩဝါဒစာ ဒုတိယစောင် Timothy 2 တိတုဩဝါဒစာ Titus ဖိလေမုန် Philemon ဟေဗြဲဩဝါဒစာ Hebrews ရှင်ယာကုပ်ဩဝါဒစာ James ရှင်ပေတရု ဩဝါဒစာ ပဌမစောင် Peter 1 ရှင်ပေတရု ဩဝါဒစာ ဒုတိယစောင် Peter 2 ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် John 1 ရှင်ယောဟန် ဩဝါဒစာ ဒုတိယစောင် John 2 ရှင်ယောဟန် ဩဝါဒစာ တတိယစောင် John 3 ရှင်ယုဒဩဝါဒစာ Jude ဗျာဒိတ်ကျမ်း Revelation ဆက်စပ်ဖတ်ရှုရန် ပညတ်တော်ဆယ်ပါး မာတင်လူသာ ဓမ္မသစ်ကျမ်း ဓမ္မဟောင်းကျမ်း မြန်မာခရစ်ယာန်အသင်းတော်များ မြန်မာနိုင်ငံကျမ်းစာအသင်း တမ်းပလိတ်:ဓမ္မသစ်ကျမ်းရှိ လူများ အခြားကြည့်ရန် Burmese Bible Myanmar Bible Myanmar Newer Version BIble MP3.အသံထွက်ကျမ်းစာ မြန်မာ-English သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မြန်မာ လက်သင်္ကေတပြဘာသာစကား ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှတ်စု ကိုးကား သမ္မာကျမ်းစာ ခရစ်ယာန်စာပေ ခရစ်ယာန်ဘာသာ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%AC%E1%80%80%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%AC
ဂျွန်ကယ်လ်ဗင်
ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယာန်အယူဝါဒ အရေးတော်ပုံခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူးများတွင် ဂျွန်ကယ်လ်ဗင်လည်း အပါအဝင်ဖြစ်သည်။ ဂျွန်ကယ်လ်ဗင်သည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပစ်ကာဒီနယ် နွာယွန်မြို့၌ဖွားမြင်သည်။ ပထမတွင် သူ၏ဖခင်က သူ့အားခရစ်ယာန်ဘုန်းကြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပါရီမြို့ တွင် ပညာသင်ကြားပေးခဲ့ပြီးလျှင်၊ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ရာ အသက် ၁၂ နှစ်အရွယ် ၁၅၂၁ ခုနှစ်တွင် ကယ်လဗင်သည် နွာယွန်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ၌ သင်းအုပ်အဖြစ် ခန့်ထားခြင်းခံရ၏။ ထိုနောက် ၂ နှစ်ခန့်ကြာလျှင် ပါရီမြို့သို့ သွားရောက်၍ မတ်ရှကောလိပ်ကျောင်းတွင် ပြင်ပကျောင်းသားအဖြစ် တက်ရောက်ပညာသင်ကြားခဲ့လေသည်။ ၁၅၂၇ ခုနှစ်တွင် သူ၏ ဇာတိဖြစ်သော နွာယွန်မြို့ရှိ အယူဝါဒဆိုင်ရာ အာဏာပိုင်တို့ကခေါ်၍ သင်းထောက်ဆရာအဖြစ် ခန့်အပ်လိုက်လေသည်။ ၁၅၂၈ ခုနှစ်တွင် သူ၏ဖခင်ကတိုက်တွန်းသဖြင့် အော်လီယန်းမြို့သို့သွားရောက်၍ ဥပဒေပညာကိုလေ့လာသင်ကြားခဲ့၏။ နောက်တစ်နှစ်တွင် ဗူးရှံမြို့သို့ပြောင်း၍ ပညာသင်ကြားပြန် သည်။ ဤကဲ့သို့ကယ်လ်ဗင် ပညာသင်ကြားနေချိန်၌ ဥရောပတိုက်တစ်ခုလုံးတွင် ခရစ်ယန်အယူဝါဒ ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးဝေဖန်နေကြသည်။ ဂျာမနီနိုင်ငံတွင် မာတင်လူသာ သည် ဗရင်ဂျီဂိုဏ်း၏ မသန့်ရှင်းမစင်ကြယ်မှုများကို အတိအလင်း ထုတ်ဖော်ကြေညာ၍၊ ခရစ်ယန်အယူဝါဒ ပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော်အားပေးလျက်ရှိ၏။ သူ၏ဟောပြောရေးသားချက်များသည် ဂျာမနီနိုင်ငံအတွင်း၌ သာမက ဥရောပတိုက်တစ်တိုက်လုံးရှိ နိုင်ငံအနှံ့အပြားသို့ ဂယက်ရိုက်သွားခဲ့သည်။ မာတင်လူသာ၏အယူအဆများကို ကယ်လဗင်နှင့် အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမား လူငယ်များက လက်ခံယုံကြည်၍ လေ့လာလိုက်စားခဲ့ကြသည်။ ကယ်လ်ဗင်သည် ခရစ်ယာန်အယူဝါဒအရေးတော်ပုံကို တရားလမ်းမှန်ကန်သည်ဟု ယုံကြည်သည့်အတိုင်း အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမားတို့၏ အယူအဆများကို လက်ခံပြီးလျှင် ဗရင်ဂျီဂိုဏ်းမှခွဲထွက်ပြီးနောက်၊ မဆုတ်မနစ်သော လုံ့လနှင့် အယူဝါဒပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့ရာ များစွာထိရောက်အောင်မြင်ခဲ့သည်။ သို့သော် ထိုသို့အယူဝါဒပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သဖြင့် ဗရင်ဂျီဂိုဏ်းသားများကြီးစိုးသည့် ပါရီမြို့တော်တွင် ကယ်လ်ဗင်သည် ဆက်လက်၍မနေနိုင်တော့ဘဲ ပါရီမြို့တော်မှ အန်ဂူလမ်းမြို့သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရ၏။ ထိုအတောအတွင်း 'ခရစ်ယာန်အယူဝါဒ၏ဥပဒေသများ'ခေါ် စာအုပ်ကို အန်ဂူလမ်းမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်းမှရေးသားခဲ့၏။ ၁၅၃၆-ခု ဇူလိုင်လအတွင်း၌ ကယ်လ်ဗင်သည် အဖော်( ၂)ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အင်း (ခေါ်) ထမင်းဆိုင်တစ်ခုတွင် ဝင်ရောက်တည်းခိုခဲ့၏။ ထိုသူ ၃ ဦးမှာ ပြင်သစ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်၍ မည်သူနှင့်မျှ တွေ့ဆုံရန် စိတ်မကူးနိုင်ကြပေ။ သို့ရာတွင် ဂျီနီဗာမြို့ရှိ အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမား တရားဟောဆရာ ဂီယုမ်းဖားရဲ သည် ကယ်လဗင်တို့ လူစုဆိုက်ရောက်လာကြောင်းသိရလျှင် ကယ်လဗင်တို့ဆီသို့ သွားရောက်ကာ ကယ်လဗင်အား ဂျီနီဗာမြို့တွင် အယူဝါဒ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ရန်တောင်းပန်လေသည်။ ဂျီနီဗာမြို့မှာ အယူဝါဒ အရေးတော်ပုံကို လုံးဝလက်ခံသောမြို့ဖြစ်သောကြောင့် ကယ်လ်ဗင်လည်း ဖားရဲ၏တောင်းပန်ချက်ကို လက်ခံလေသည်။ အမှန်သော်ကား ကယ်လဗင်သည် ဂျီနီဗာမြို့တွင်နေရန် မူလက စိတ်မကူးခဲ့သော်လည်း သူသည်လပေါင်းအနည်းငယ်က လွဲ၍ ကွယ်လွန်သည်အထိ ထိုမြို့၌ပင် နေထိုင်ခဲ့၏။ မကြာမီ ကယ်လဗင်နှင့်ဖားရဲတို့သည် ဂျီနီးဗားမြို့ အုပ်ချုပ်ရေးကို ကြိုးကိုင်နိုင်ခဲ့သဖြင့် ရဟန်းအုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်ရန်ကြိုးပမ်းခဲ့ရာ အတော်အတန် အောင်မြင် ခဲ့၏။ ထိုအုပ်ချုပ်ရေးစနစ်အရ အယူဝါဒဆိုင်ရာခေါင်းဆောင် ကြီးများသည် အာဏာပိုင်များဖြစ်လာကြ၍၊ ပြည်သူလူထုအား အယူဝါဒစည်းမျဉ်းများနှင့်အညီ နေထိုင်ကျင့်ကြံစေရန် အမိန့် များ ထုတ်ဆင့်လေသည်။ ရွှေငွေရတနာ အလှအပဝတ်ဆင်မှု များကိုလည်း ပိတ်ပင်သည်။ သူတို့၏စနစ်နှင့် ဆောင်ရွက်ချက် များမှာ အတော်အတန်အောင်မြင်ခဲ့သော်လည်း၊ ၁၅၃၇-ခုနှစ် တွင် ရဟန်းအစိုးရကို ပုန်ကန်တော်လှန်မှုပေါ်ပေါက်ခဲ့သဖြင့်၊ ကယ်လဗင်နှင့် ဖားရဲတို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဖားရဲမူကား ပြန်မပေါ်လာတော့ချေ။ ကယ်လဗင်မှာ စထရပ် ဇဗူးမြို့တွင် ခေတ္တတိမ်းရှောင်နေယင်း၊ ထိုမြို့သူတစ်ဦးနှင့် အိမ်ထောင်ပြုပြီးလျှင် သူ၏ဘာသာရေးအယူအဆများကို ပိုမို တိကျမှန်ကန်စေရန် လေ့လာအားထုတ်ခဲ့သည်။ ထိုနောက်များ မကြာမီ ဂျီနီဗာမြို့မှ ကယ်လဗင်ကို ပြန်လည်ပင့်ခေါ်ခဲ့လေ သည်။ ထိုစဉ်က ဂျီနီဗာမြို့သည် ကယ်လဗင်၏ မြို့တော်ဟု တွင် လျက် အယူဝါဒပြုပြင်ပြောင်းလဲရေး ဌာနချုပ်သဖွယ် ဖြစ်နေ ခဲ့ပေသည်။ သူသည် ဆက်လက်၍ ရဟန်းအုပ်ချုပ်ရေး စနစ် အတိုင်း အုပ်ချုပ်ခဲ့သည်။ ၁၅၅၃ ခုနှစ်တွင် အယူဝါဒလွတ်လပ် မှုကို လိုလားသော ဂျီနီးဗာမြို့သူမြို့သားများသည် ကယ်လဗင် ၏ဝါဒများကို သဘောမကျသော ဆာဗီးတပ်ဆိုသူ တရားဟော ဆရာတစ်ဦးအား မီးရှို့သတ်ဖြတ်ပစ်လိုက်ကြ၏။ ထိုကိစ္စသည် ကယ်လဗင်၏ အုပ်ချုပ်မှုလုပ်ငန်းတွင် အမည်းစက် ထင်စေ ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ပေါ့ပေါ့ဆဆ နေထိုင်သွားလိုသူတို့ အဖို့မှာ ကယ်လဗင်၏အုပ်ချုပ်ပုံကို နှစ်သက်နိုင်စရာ မရှိပေ။ တနင်္ဂနွေနေ့များ၌ ဘုရားရှိခိုးကျောင်း မတက်သူများကို ကြီးလေးစွာ အပြစ်ပေးခြင်း၊ လူအများအား ဘာသာရေး အယူအဆတစ်ခုတည်းကိုသာ လိုက်နာစေခြင်း စသည်တို့မှာ တင်းကျပ်လှပေသည်။ ဤသို့ သူ၏စနစ်နှင့် စည်းကမ်း များမှာ အလွန်ပြင်းထန်၍ အာဏာရှင်ဆန်နေသော်လည်း ကယ်လဗင်ကိုယ်တိုင်မှာမူ ညှာတာထောက်ထားတတ်သောစိတ်၊ သနားကြင်နာတတ်သော သဘောထားနှင့် ရန်သူပင်ဖြစ်စေကာ သည်းခံတတ်သော နှလုံးရှိသူဖြစ်၍ သစ္စာမြဲမြံသူလည်း ဖြစ်၏။ အယူဝါဒ လွတ်လပ်မှုအတွက် ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်ရာတွင်၊ ကယ်လဗင်သည် အမှန်တရားကိုသာရှာဖွေသူ ဖြစ်သောကြောင့် မည်သည့်အယူအဆမျိုးကိုမဆို သဘောတရားတစ်ခုအဖြစ် လက်ခံစဉ်းစားခဲ့၏။ အယူဝါဒရေးရာတွင်သာ ဤသို့ အမြင် ကျယ် ခဲ့သည်မဟုတ်ဘဲ၊ တိုင်းရေး ပြည်ရေးတွင်လည်း ဆန်းသစ်သောအမြင်များ ရှိခဲ့လေသည်။ ဂျီနီဗာမြို့တော်၏အုပ်ချုပ်ရေးကို သူ၏လက်သို့ ဝကွက်၍ အပ်နှင်းကြသောအခါ၊ မြို့တွင်းရှိအညစ်အကြေးများကို သန့်ရှင်း စေခြင်း၊ လူအများကိုစုခေါ်စည်းဝေး၍ ဥပဒေစည်းမျဉ်းများကို ပြုပြင်ပေးခြင်း စသည်တို့ကိုဆောင်ရွက်၏။ အထည်အလိပ်များ ရောင်းဝယ်ခြင်းဖြင့် ဂျီနီဗာမြို့ကြီး၏ စီးပွားရေးကို ဖွံ့ဖြိုးစေ ခဲ့သည်။ သူ့အဖို့မှာမူကား သူ့တစ်အိမ်ထောင်စား လောက်ရုံ မျှသော လစာကိုသာယူ၍ စာအုပ်များကို စီရင်ရေးသားနေခဲ့ ပေသည်။ ကယ်လဗင်၏အယူဝါဒဆိုင်ရာ သဘောတရားများသည် နောင်အခါ ပရက်ဇဗီတီးရီးယန်းဂိုဏ်းဟု တွင်သောခရစ်ယန် ဂိုဏ်းခွဲ၏ အခြေခံသဘောတရားများ ဖြစ်လာလေသည်။ ထို့ပြင် ယင်းအယူဝါဒသဘောတရားများသည် ဆွစ်ဇာလန်နိုင်ငံတွင် စတင်အမြစ်တွယ်ခဲ့ပြီးနောက်၊ ပြင်သစ်နိုင်ငံသို့ ၎င်း၊ ဟော်လန်၊ စကော့တလန်နှင့် အင်္ဂလန်တိုင်းပြည်များသို့ ၎င်း၊ တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။ ကယ်လဗင်သည် စင်စစ်ခက်ထန်သောစိတ်ဓာတ်ရှိသူ တစ်ယောက်ဖြစ်သော်လည်း၊ ဖြောင့်မတ်၍သတ္တိရှိ၏။ မိတ်ဆွေ သင်္ဂဟများအပေါ် မြဲမြံစွာခင်မင်တတ်၍၊ သူမှန်သည်ထင်လျှင် ထင်သည့်အတိုင်း ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ထုတ်ဖော် ပြောဆို တတ်၏။ အလုပ်ကိုလည်း စိတ်ရောကိုယ်ပါ မနားမနေ လုပ်ကိုင်တတ်သဖြင့် ကျန်းမာရေး ချွတ်ယွင်းခဲ့ရာမှ၊ ၁၅၆၄ ခုနှစ် အသက် ၅၅ နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ သူ၏ရုပ်အလောင်းကို ရိုးရိုးပင်မြှုပ်နှံလိုက်သောကြောင့် ယခုအခါ သင်္ချိုင်းရာကိုပင် မတွေ့နိုင်တော့ပေ။ ပရိုတက်စတင့်၏ ဒဿနရှေ့ဆောင် ဂျွန်ကယ်လ်ဗင်ကို ဘာသာရေးတွင်သာမက၊အုပ်ချုပ်ရေး၊နိုင်ငံရေး နှင့် လူမှုရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်လျှင်လည်း အလွန် လူသိများသည်။ သူ၏ ဒဿနများမှာ နှစ်ပေါင်း၄၀၀ နီးပါးမျှ ဥရောပတိုက်ရှိ လူသန်းပေါင်းများစွာ အပေါ်တွင် လွှမ်းမိုးနိုင်ခဲ့သည်။ ဂျွန်ကယ်လ်ဗင်ကို ပြင်သစ်နိုင်ငံ နိုယွန်းမြို့တွင် ၁၅၀၉က ဖွားမြင်သည်။ ငယ်စဉ်ကတည်းက ကောင်းစွာပညာသင်ကြားရပြီး ပါရီရှိ မွန်တေဂူကောလိပ်နှင့် ဩလင်းတက္ကသိုလ် တို့တွင် ဥပဒေပညာကို ဆည်းပူးလေ့လာခဲ့သည်။ ထိုနောက် ဘောဂတ်တွင် ဥပဒေပညာကို ဆက်လက် သင်ယူပြန်သည်။ ကယ်လ်ဗင် အသက်ကိုးနှစ်အရွယ်တွင် ဂျာမနီရှိ မာတင်လူသာက ကန့်ကွက်ချက် ၉၅ချက်ကို ရေးသားချိတ်ဆွဲခဲ့ချိန်လည်း ဖြစ်သည်။(ထိုမှ အစပြုပြီး ပရီုတက်စတင့် တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။)သို့ဖြင့် ငယ်ရွယ်စဉ်က ရိုမန်ကတ်သလစ်အဖြစ်နေခဲ့ရာမှ ပရိုတက်စတင့်ဂိုဏ်းဝင် တစ်ဦးဖြစ်လာခဲ့သည်။ ထိုနောက် ဖမ်းဆီးနှိပ်ကွပ်သည့် ဘေးမှလွတ်ရန် ပါရီမှပြေးခဲ့ပြီး အတန်ကြာအောင် ခရီးလှည့်လည်နေခဲ့သည်။ ထိုနောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံ၊ ဗရက်ဆဲလ်မြို့ တွင်လျှို့ဝှက်နေထိုင်ပြီး ထာ၀ရဘုရားဝါဒကို အပြင်းအထန်လေ့လာဆည်းပူးသည်။၁၅၃၉ ခုနှစ်၊ အသက် ၂ရနှစ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး ကျမ်းဖြစ်သည့် ခရစ်ယာန်ဘာသာ ယုံကြည်မှု လေ့လာပုံအမျိုးမျိုး ကိုထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် ပရိုတက်စတင့် တို့အတွက် ကိုးကွယ်ဆည်းကပ်မှု ပုံစံများကို စနစ်တကျပုံသွင်း ရေးသားပြုစုပေးခဲ့သဖြင့် လူသိများထင်ရှားလာခဲ့တော့သည်။ ထိုအချိန်တွင် ပရိုတက်စတင့်တို့မှာ အလျင်အမြန်အားကောင်းလာပြီဖြစ်သဖြင့် ဂျွန်ကယ်လ်ဗင်လည်း ဂျီနီဗာမြို့သို့ ပြောင်းရွေ့လာပြီး အများ၏ ယုံကြည်မှုခေါင်းဆောင်ဖြစ်လာတော့သည်။ အချိန်တိုအတွင်း အယူပြင်းထန်သူ ဂျွန်ကယ်လ်ဗင် နှင့် ဂျီနီဗာသားတို့မှာ မသင့်မတင့်ဖြစ်လာကာ သူ့အားနှင်ထုတ်လိုက်ကြသည်။ သို့သော် ၁၅၄၁ တွင်ပြန်လည် တောင်းပန်ပင့်ဖိတ်ပြန်သဖြင့် ဂျီနီဗာသို့ပြန်လာပြီး ကွယ်လွန်ချိန် ၁၅၆၄အထိ ခေါင်းဆောင်အဖြစ်နေထိုင်သွားခဲ့သည်။ ဖွဲ့စည်းပုံ သဘောတရားအရ ဂျွန်ကယ်လ်ဗင်မှာ ဂျီနီဗာ၏ အာဏာပိုင်မဟုတ်ပေ။ အာဏာကို အုပ်ချုပ်ရေးကောင်စီမှ ကောင်စီဝင် ၂၅ဦးကချုပ်ကိုင်ထားခြင်းဖြစ်ပြီး မြို့တော်သားများက ကိစ္စအဝဝတွင် လွတ်လပ်စွာ မဲပေးခွင့်ရှိကြသည်။ နှင်ထုတ်ခံခဲ့ရစဉ်က ကောင်စီဝင်များနှင့် မပြေလည်သောကြောင့်လည်းဖြစ်သည်။ သို့သော် ၁၅၅၅ နောက်ပိုင်းမှစတင်ကာ ဂျီနီဗာ၏ အာဏာရှင်သဖွယ် နေထိုင်အုပ်ချုပ်သွားခဲ့သည်။ မူဝါဒနှင့် စွမ်းဆောင်ချက်များ ကယ်လ်ဗင် ဦးဆောင်သည့် ဂျီနီဗာသည် အချိန်တိုအတွင်း ပရိုတက်စတင့်တို့၏ ဦးဆောင်အရပ်ဖြစ်လာပြီး အချိန်အတန်ကြာ ပရိုတက်စတင့်တို့၏ ရောမဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အခြားအရပ်တို့တွင် ပရိုတက်စတင့် ပြန့်ပွားထွန်းကားရေးကို ကူညီသည်။ ပြန်လည်ခေါ်ယူခြင်းခံရပြီးနောက် ကျောင်းတေဨ်ဆိုင်ရာ ပြုပြင်ရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည်။ အခြားတိုင်းပြည်များတွင်ပါဆောင်ရွက်ရန် အားပေးတိုက်တွန်းကူညီသည်။ ဘာသာရေးဆိုင်ရာပြုပြင်ရေး ကျမ်းများကို ရေးသားဟောပြောပို့ချသည်။ သူ့လက်ထက်တွင် ဂျီနီဗာသည် ဘာသာရေးဆိုင်ရာနှင့် အကျင့်စာရိတ္တပိုင်းတို့တွင် သန့်ရှင်းရမည်ဟု အကြီးအကျယ် အော်မြည်ရာ အရပ်လည်းဖြစ်လာသည်။ သို့ဖြင့် တင်းကျပ်လွန်းသည့် ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးစေသည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း နှင့် မျိုးဆက်ပွားရန်အတွက်မဟုတ်ပဲ လိင်မှုကိစ္စပြုခြင်းတို့ကို တားမြစ်သည်သာမက လောင်းကစားခြင်း၊ အရက်သေစာ သုံးဆောင်ခြင်း၊ ကပွဲခုန်ပွဲကျင်းပခြင်း၊ ဂီတတီးမှုတ်ခြင်းတို့ကိုလည်း ပိတ်ပင်သည်။ အထက်ပါအမှုတို့ကို ကျူးလွန်ပါက ပြစ်ဒဏ်ကြီးကြီးပေးလေ့ရှိသည်။ ကျောင်းတော်က ပြဋ္ဌာန်းထားသည့် အချိန်တိုင်း ပုံမှန်လာရောက် ဝတ်ပြုရပြီး တရားရှည်လျားစွာဟောကြားသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်လာသည်။ ထူးခြားမှု တစ်ရပ်အနေဖြင့် အလုပ်ကြိုးစားခြင်းကို နှစ်ခြိုက်အားပေးပြီး သူ့လက်ထက်တွင် ဂျီနီဗာတက္ကသိုလ် ကို တည်ထောင်သည်။ သို့သော် ဘာသာရေး နှင့် ပတ်သက်လျှင် အယူသီးပြီး သီးခံတတ်သူမဟုတ်ပေ။ မိစ္ဆာဒိဋ္ဌိ၊ စုန်းတတ်သူ ဟု စွပ်စွဲကာ ကားစင်တင်မီးရှို့သတ်ဖြတ်ခဲ့သူ မနည်းခဲ့ပေ။ ထိုအထဲတွင် သုံးပါးတစ်ဆူဝါဒကို သံသယရှိသည်ဟု ပြောမိခဲ့သည့် နာမည်ကျော် စပိန်သမားတော် မိုက်ကယ်လ်ဆာဗေးတစ် တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ (၁၅၅၃) ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း ကိုးကား နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%80%E1%80%9A%E1%80%BA%E1%80%9C%E1%80%BA%E1%80%97%E1%80%84%E1%80%BA
စိန့်ပေါလ်
စိန့်ပေါလ် (St.Paul)၊ ရှင်ပေါလု သည် ယေရှုခရစ် နှင့်ခေတ်ပြိုင်ပင် မွေးဖွားသည်။ သို့သော် ယေရှုခရစ်ထက် အသက်ငယ်သည် ဟုခန့်မှန်းသည်။ အချို့က ဆောလ် (Saul) ဟုလည်းခေါ်ကြသည်။ ခရစ်ယာန်ဘာသာတွင် ကျမ်းပြုအကျော်အမော်တစ်ဦးအဖြစ် အများကအသိအမှတ်ပြုသည်။ တမန်တော်အဖြစ်နှင့်လည်း ကျော်ကြားသည်။ ပေါလ်ကို ယနေ့ တူရကီနိုင်ငံဖြစ်လာမည့် စီလီစီယာ(Cilicia)တွင် အေဒီ ၄ ခုနှစ်ခန့်ကဖွားမြင်သည်။ရောမလူမျိုး အမည်ခံ ဂျူးလူမျိုးဖြစ်သည်။ ငယ်စဉ်ကပင် ဟီးဘရူးစာပေကို သင်ကြားတတ်မြောက်ခဲ့ပြီး နာမည်ကျော် ဂျူးပညာရှိကြီး ဂါမာလီရယ်(Gamaliel)ထံတွင် တပည့်ခံရန် ဂျေရုဆလင်မြို့သို့သွားရောက်နေထိုင်ခဲ့ဖူးသည်။ ယေရှုခရစ် ကားစင်အတင်ခံရပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အယူဝါဒသစ်ကို နှိပ်ကွပ်မှုများတွင် နှိပ်ကွပ်သူများဖက်မှ ရပ်တည်အားပေးခဲ့သည်။ တနည်းဆိုရလျှင် ခရစ်ယာန်တို့ကို မိစ္ဆာအဖြစ် သတ်မှတ်သူအများထဲတွင် ပါဝင်သူဖြစ်သည်။ သို့သော် ဒမာစကပ်မြို့(Damascus) သို့သွားရာ လမ်းတွင် ယေရှုခရစ်၏ လာရောက်စကားပြောကာ ရွေးချယ်သည်ဟုဆိုသည်။ ထိုအချိန်မှစကာ အယူသစ်ကိုကန့်ကွက်သူတစ်ဦးသည် ထိုအယူသစ်အား အကြီးဆုံး အကျိုးပြုသူဖြစ်လာခဲ့သည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်လာပြီး ကွယ်လွန်ချိန်ထိတိုင် မနေမနား ဟောပြောရေးသားမှုတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ သက်ဆုံးတိုင် ခရစ်တော်ကဲ့သို့ ကျင့်ကြံနေထိုင်သွားပြီး နောက်လိုက်အင်အားများစွာရခဲ့သည်။ ဂျူးလူမျိုးများ နှင့်ပတ်သတ်လျှင် ၎င်း၏ဟောပြောမှုများမှာ မထိရောက်ဟု ဆိုသော်လည်း အခြားသောလူမျိုးများအပေါ်တွင် များစွာ ဩဇာညောင်းသဖြင့် သူ့ကို ဂျူးမဟုတ်သောလူမျိုးအပေါင်းတို့၏တမန်တော် ဟုပင်တင်စားခေါ်ဝေါ်ကြသည်။ ရောမအင်ပါယာ အရှေ့ပိုင်းသို့ ခရီးဝေး သာသနာပြုခြင်းကို သုံးကြိမ်ပြုပြီး နောက်ဆုံးအကြိမ်ဂျေရူစလမ်မြို့ သို့ပြန်အရောက်တွင် ဖမ်းဆီးခံရသည်။ရောမသို့ တရားရင်ဆိုင်ရန် ပို့ဆောင်ခံရပြီး နောက်ဆက်တွဲကို တိကျသေချာစွာမသိရပေ။ ၆၄ ခုနှစ်၊ရောမအနီးအပါးတွင် ကွပ်မျက်ခံရသည်ဟုသာ အကြမ်းဖျင်းပြောနိုင်တော့သည်။ သာသနာပြုရာတွင် အမှန်ပင် ကိုယ်ကျိုးစွန့်အနှစ်နာခံသူဖြစ်သည်။ နောက်ဆုံး အသက်ပါစွန့်သည်။ ဓမ္မသစ်ကျမ်းတွင် အများဆုံးပါဝင်ရေးသားသူဖြစ်သည်။ အဓိကရေးသားသူလည်းဖြစ်သည်။ ဓမ္မသစ် ၂၇ ခန်းတွင် ပေါလ်ရေးသည်မှာ ၁၄ ခန်းထက်မနည်းဟု ဆိုသည်။ သို့သော် ဘာသာရေးနှင့် သမိုင်းသုသေတီတို့ ငြင်းခုံဆဲဖြစ်သည်။ မည်သို့ဆိုစေ ဓမ္မသစ်ကျမ်း ပေါ်ပေါက်ရေးကို ဦးဆောင်ရေးသားသူအဖြစ် ကျေးဇူးတင်ရှိကြသည်။ တနည်းဆိုရလျှင် ယေရှုခရစ်လက်ထက်က နှုတ်ဖြင့် မြွတ်ကြားခဲ့သည့် အဆုံးအမတို့ကို ပေါလ်လက်ထက်ရောက်မှ စာပေအက္ခရာတင်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များက စိန့်ပေါလ်(သူတော်စင်ပေါလု၊ရှင်ပေါလု)ဆိုသည့် ခေါ်ဝေါ်ကိုးကွယ်ကြခြင်းဖြစ်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း ခရစ်ယာန် သူတော်စင်များ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%9C%E1%80%BA
ကားလ် မာ့ခ်
ကားလ်မာ့ခ် (Karl Marx) (၁၈၁၈-၁၈၈၃) သည် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို လက်တွေ့ကျကျ ဖော်ထုတ်သူအဖြစ် ကျော်ကြားပါသည်။ ကားလ်မာ့ခ် ဖခင်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ကားလ်မာ့ခ်ကိုယ်တိုင်ကလည်း အသက် ၁၇ နှစ်တွင် ဘွန်းတက္ကသိုလ်တွင် ဥပဒေ ပညာကို ဆည်းပူးခဲ့သည်။ နောက်ဘာလင်တတ္ကသိုလ်၊ နောက်ဆုံး ဂျီနီဗာ တက္ကသိုလ်သို့ရောက်ကာ ဒဿနိကဗေဒ အဓိကဖြင့် ပါရဂူဘွဲ့ရသည်။ နောက် ဂျာနယ်လစ်တစ်ဦးဖြစ်လာပြီး ကိုလုံးရှိ သတင်းစာတစ်စောင်တွင် အတန်ကြာ အယ်ဒီတာအဖြစ် အလုပ်လုပ်ခဲ့သေးသည်။ သို့သော် သူ၏တင်းမာသည် နိုင်ငံရေးမူဝါဒများ ကြောင့်အခက်အခဲများရှိလာကာ ပါရီမြို့သို့ပြောင်းရွှေ့နေထိုင်သည်။ ထိုအချိန်မှစကာ သူ၏နောက်ဆုံးချိန်အထိ အကောင်းဆုံး တွဲဖက်ဖြစ်သည့် ဖရက်ဒရစ်အိန်ဂျယ်လ် နှင့်စတင်ဆုံစည်းရင်းနှီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးမှာ ကိုယ်ပိုင်နာမည်ဖြင့် ကျမ်းများကိုရေးခဲ့ကြသော်လည်း အတွေးအခေါ်၊ မူဝါဒ များတွင် တစ်ထပ်တည်းနီးပါး တူညီသဖြင့် နှစ်ဦးပေါင်းရေးသည်နှင့် ခြားနားမှုမရှိကြပေ။ သို့သော် များသောအားဖြင့် ကားလ်မာ့ခ်ကဦးဆောင်လေ့ရှိသည်။ မကြာမှီ ပြင်သစ်မှ ပြည်နှင်ဒဏ်ပေးသဖြင့် ဘရပ်ဆဲလ် သို့ရွှေ့ပြန်သည်။ ဘရပ်ဆဲလ်တွင်ရှိနေစဉ် ၁၈၄၇တွင် အရေးပါသည့် ကျမ်းဖြစ်သည့် ဒဿနိကဗေဒ၏ ပျော့ချက် အမည်ရကျမ်းကို ထုတ်ဝေသည်။ နောက်တစ်နှစ်တွင် အိန်ဂျယ်လ်နှင့် ပူးတွဲရေးသားကာ ကမ္ဘာကျော်သည့် ကွန်မြူနစ်ကြေညာစာတမ်းကို ထုတ်ဝေပြန်သည်။ နောက် ကိုလုံးသို့ ပြန်ရောက်လာပြီး လပိုင်းအကြာမှာပင် ပြည်နှင်ဒဏ်ပေးခံရပြန်သည်။ သို့ဖြင့် မာ့ခ် လန်ဒန်သို့လာရောက်အခြေချကာ သေသည်အထိ နေသွားခဲ့သည်။ လန်ဒန်တွင် ရှိနေချိန်များတွင် အရေးပါသည့် သုတေသနလုပ်ငန်းများကို အဆက်မပျက်လုပ်သည်။ ဝမ်းစာမရှာသဖြင့် မိသားစုကို အိန်ဂျယ်လ်က ရက်ရောစွာထောက်ပံ့ထားသည်။ အရေးပါအရာရောက်ဆုံးဖြစ်သည့် အရင်းကျမ်း ပထမတွဲကို ၁၈၆၇ တွင်ထုတ်ဝေသည်။ ကျန်ဒုတိယတွဲနှင့် တတိယတွဲများမပြီးမှီ ၁၈၈၃ တွင်ကွယ်လွန်သဖြင့် အိန်ဂျယ်လ်က ဆက်လက်ရေးသားပြီး တည်းဖြတ်ထုတ်ဝေပေးသည်။ မာ့ခ်ရေးသားခဲ့သမျှသည် ကွန်မြူနစ်စနစ်၏ အခြေခံများပင်ဖြစ်သည်။ နောင်တွင်ပေါ်ပေါက်လာသည့် ဆိုရှယ်လစ်များကလည်း မာ့ခ်၏ကျမ်းများကို မှီငြမ်းပြုကြပြန်သည်။ မာ့ခ်ကွယ်လွန်စတွင် မည်သည့်နိုင်ငံမှ ၎င်း၏ဝါဒကို စမ်းသပ်ခြင်းမရှိကြပေ။ သို့သော် နှစ်များမကြာမှီအချိန်တွင်း ဆိုဗီယက်ရုရှားနှင့် တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ ကွန်မြူနစ် နှင့် ဆိုရှယ်လစ် နိုင်ငံများဖြစ်လာကြသဖြင့် အလွန်ဩဇာကြီးမားသည် ဟုဆိုနိုင်သည်။ သို့သော် သူ၏ဩဇာမှာ ကြာရှည်မခံပေ။ ဆိုဗီယက် ပြည်ထောင်စုကြီးမှာ နှစ်ဆယ့်တစ်ရာစု သို့မကူးနိုင်သကဲ့သို့ ကွန်မြူနစ်ဝါဒမှာလည်း လက်တဆုပ်စာ နိုင်ငံများတွင်သာ ရှင်သန်နိုင်တော့သဖြင့် အကြီးအကျယ် ရှုံးနှိမ့်ပြီ ဟုဆိုရတော့မည်ဖြစ်သည်။ ကိုးကား ဂျာမန် နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AC%E1%80%B8%E1%80%9C%E1%80%BA%20%E1%80%99%E1%80%AC%E1%80%B7%E1%80%81%E1%80%BA
ကွန်ဖြူးရှပ်
တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (孔夫子 သို့ 孔子၊ Confucius) (ဘီစီ ၅⁠၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ရှန်တုန်ပြည်နယ် (山東 Shandong) ရှိ လူ (魯 Lu) နိုင်ငံငယ်လေးတွင် ဘီစီ-၅⁠၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက် လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက် အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လူအစိုးရက ရာထူးကြီးပေးကာ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင် နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ (အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။ ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ (Koung Fu Zi) ဟု အနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်၀သူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပာယ်ရသည်။ ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေး အသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြ ဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြသည်။ ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များ⁠များစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံ မင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲတွင် ဖြေဆိုရန် ပြဋ္ဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄ အုပ်၊ ၅ ကျမ်း (四書五經) ခေါ်သည့် (စာအုပ်အားဖြင့် ၄ အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊ လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။ သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂⁠၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန် (漢 Han) မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။ နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်း (毛澤東) ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး (文化大革命)ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။ အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊ ၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ကွန်ဖူးဇီး တရုတ်ပညာရှိသုခမိန်ကြီး ကွန်ဖူးဇီးသည် ယခုရှန်တွန် ကျွန်းဆွယ်တွင် အပါအဝင်ဖြစ်သော လူးနယ်၌ ခရစ်မပေါ်မီ ဖြစ်သော ဘီစီ ၅⁠၅ဝ ခုနှစ်တွင် ဖွားမြင်၍၊ သူ၏ဖခင်မှာ ခရိုင် တစ်ခုကို အုပ်ချုပ်သော လူကြီးဖြစ်၏။ ကွန်ဖူးစီး၏ မျိုးရိုး အမည်မှာ ကွန်ဖြစ်၍ ဖူးဇီးကား ပညာရှိကြီး၊ သို့မဟုတ် ဆရာ ကြီးဟု အနက်ရ၏။ (ဆရာကြီးကွန် အဓိပ္ပာယ်ရသော သူ၏ အမည်ကို၊ လက်တင်စာဖြင့် ရေးရာတွင် ကွန်ဖြူးရှပ်ဟု ဖြစ်လာသည်။) ကွန် ၃ နှစ်သားအရွယ်တွင် သူ၏ဖခင်ကွယ်လွန်၍၊ ကျန်ရစ်သူတို့မှာ နေရေးထိုင်ရေး ကျပ်တည်းခဲ့၏။ ကွန်သည် ၅ နှစ်သားခန့်ကပင် အခြားသောကလေးများနှင့် မတူဘဲ ဉာဏ်ပညာ ထက်မြက်သူဖြစ်ခဲ့သည်။ ၁၉ နှစ်သားအရွယ်တွင် အိမ်ထောင်ပြုရာ သား ၁ ယောက် သမီး ၂ ယောက် ထွန်းကားခဲ့လေသည်။ အသက် ၂၂ နှစ်အရွယ်တွင် ပညာအမြော်အမြင်နှင့် ပြည့်စုံ သောကွန်သည် ကျောင်းတစ်ကျောင်း တည်ထောင်၍ လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများကို သင်ကြား လေသည်။ သူ၏တပည့် များထံမှ နည်းများမဟူ ဉာဏ်ပူဇော်ခများကို လက်ခံ၍ သင်ကြားပေးသော်လည်း စိတ်ပါဝင်စားခြင်းမရှိသည့် တပည့်များကိုကား လက်မခံချေ။ သူ၏တပည့်များတွင် လူးနယ်မှ ထိပ်သီးလူကုံထံများ ပါဝင် လေသည်။ အသက် ၃၄ နှစ်အရွယ်တွင် ဆရာကြီး ကွန်သည် နန်းစိုက်ရာမြို့တော်သို့ သွားရောက်ပြီးလျှင် ရှေးဟောင်း စာပေ ပိဋကတ်နှင့် သုခုမပညာရပ်များကို ရှာဖွေဆည်းပူးပြန်သည်။ အပြန်တွင် တိုင်းပြည်ဆူပူ၍ အုပ်ချုပ်သူမြို့စားလည်း ဆီနယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်နှင့် ကြုံလေသည်။ မိမိတို့အပေါ် တွင် အုပ်ချုပ်သူကို တိုက်ခိုက်နှင်ထုတ်သူများအား ကွန်ဖူးဇီး သည် မတွေ့လိုသဖြင့် နေရပ်သို့မပြန်တော့ဘဲ၊ မြို့စားပြေးရာ သို့ လိုက်သွားခဲ့၏။ သူ၏တပည့်များစွာလည်း သူနှင့်အတူ လိုက်ပါသွားကြသည်။ လမ်းခရီးတွင် မိန်းမတစ်ယောက်သည် သင်းချိုင်းရာ တစ်ခု၏အနီး၌ ငိုကြွေးလျက်ရှိသည်ကို တွေ့ရ၍ ပညာရှိကြီးက ရပ်တန့်ပြီးလျှင် အကျိုးအကြောင်းကို မေးမြန်း၏။ ငိုကြွေး လျက် ရှိသော မိန်းမက 'ဤနေရာ၌ ကျွန်မ၏ ယောက္ခမ သည်လည်းကောင်း၊ လင်သည်လည်းကောင်း၊ သားငယ်သည်လည်းကောင်း၊ ကျားရဲဘေးဖြင့် သေဆုံးသွားသောကြောင့် ငိုကြွေးနေပါသည်'ဟု ပြန်ပြောသော အခါ၊ ပညာရှိကြီးက 'သို့ဖြစ်လျှင် ချစ်သမီး အဘယ်ကြောင့် ဤမျှ ကျားရဲရှိသောအရပ်ကို မခွာသနည်း'ဟု မေး၏။ မယ် ဒုက္ခလည်း 'အရှင်၊ ကျွန်မသည် ဤနေရာ၌ နှိပ်စက်သော အစိုးရမရှိသောကြောင့် နေပါသည်'ဟု ဖြေလေသည်။ ထိုအခါ ပညာရှိကြီးသည် သူ၏တပည့်များ အား 'ချစ်သားတို့၊ ဆင်ခြင် ကြလော့၊ နှိပ်စက်သော အစိုးရသည် ကျားထက်ဆိုး၍ ကျား ထက်ပင် ပိုမို ကြောက်လန့်ကြကုန်သည်'ဟု ဩဝါဒစကား မိန့်ကြားခဲ့ဘူး၏။ ထို့နောက်မကြာမီ ကွန်ဖူးဇီးလည်း ဇာတိဖြစ်သော လူးနယ်သို့ ပြန်လာပြီးနောက်၊ ၁၅ နှစ်ခန့် စာပေ လေ့လာ လိုက်စားယင်း သူ၏တပည့်များကို ဆုံးမဩဝါဒပေးခဲ့၏။ အသက် ၅၂ နှစ်အရွယ်တွင် ချွန်တူးမြို့တွင် တရားသူကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ သို့သော် များမကြာမီ ယခင်က ထွက်ပြေးရသော မြို့စား၏ ညီဖြစ်သူ မြို့စားက ပြန်ခေါ်၍ ကြီးမြင့်သော ရာထူးတစ်ခုတွင် ခန့်ထားလေသည်။ ထို့နောက် ကွန်ဖူးဇီးအား ရာဇဝတ်ဌာနဆိုင်ရာ ဝန်ကြီးအဖြစ်ခန့်ထားသော အခါ သူ၏စီမံအုပ်ချုပ်ပုံ ကောင်းမွန်လှသောကြောင့် ရာဇဝတ် မှုခင်းများ ဖြစ်ပွားခြင်းမရှိဘဲ လိမ်လည်မှု၊ ဆိုးသွမ်းမိုက်မဲမှုများ လည်း ပပျောက်လေသည်။ ယင်းသို့ စွမ်းဆောင်နိုင်မှုကြောင့် ကွန်ဖူးဇီးသည် လူအများ ၏ ကြည်ညိုလေးစားခြင်း ခံယူရသည်နှင့်အမျှ၊ အိမ်နီးချင်းဖြစ် သော နယ်များမှ မြို့စားများကမူ ကွန်ဖူးဇီးသည် တစ်နေ့နေ့ တွင် သူတို့၏လူများအပေါ်ဝယ် ဩဇာလွှမ်းမိုးလာမည်ဟု စိုးရိမ်ကြသည်။ လူးနယ်နှင့် အလွန်နီးကပ်သည့် နယ်တစ်နယ်မှ မြို့စားသည် အခြားမြို့စားများထက် ပိုမိုစိုးရိမ်သဖြင့် အတီး အမှုတ် အကအခန်းတွင် ကျွမ်းကျင်သော မိန်းမချောကလေးများ ကို လူးနယ်အုပ်ချုပ်သူ မြို့စားထံသို့ စေလွှတ်၍ မြို့စားကို ကွန်ဖူးဇီးအား ပစ်ပယ်စေရန် ဖြားယောင်းစေသည်။ ထိုသူ၏ အကြံအစည် ထမြောက်အောင်မြင်သောကြောင့် ကွန်ဖူးဇီးလည်း လူးနယ်မှ ထွက်ခွာသွားရ ရှာလေသည်။ ထို့နောက် မြို့စားလည်း မေ့လျော့နေသဖြင့် ကွန်ဖူးဇီးအား ပြန်မခေါ်တော့ချေ။ ဆရာကြီးလည်း ၁၃ နှစ်မျှ ကာလပတ်လုံး တရုတ်နိုင်ငံ အနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ပြီးမှ လူးနယ် သို့ ပြန်လာခဲ့လေသည်။ သို့ရာတွင် မည်သည့်ရာထူးကိုမျှ လက်မခံတော့ချေ။ ဆရာကြီးကွန်ဖူးဇီး၏ တပည့်ပေါင်း ၃ဝ⁠ဝဝ ကျော်ရှိသည့် အနက် ၇ဝ၊ ၈ဝ ခန့်မှာ သူ၏တပည့်ရင်း စာတတ်ပုဂ္ဂိုလ်ကြီး များ ဖြစ်ကြ၍ ထူးချွန်သူများ ဖြစ်လေသည်။ ထိုတပည့်ရင်း များသည် သူအနီး၌ နေ့ညမပြတ် ရိုသေစွာဆည်းကပ်လျက် ဆရာကြီးပြုမူပြောဆို သွန်သင်သမျှကို တစ်စမကျန် နာယူ မှတ်သားကြလေသည်။ ထိုပုဂ္ဂိုလ်များမှတစ်ဆင့် ပညာရှိကြီး၏ အကြောင်းကို ကျွန်ုပ်တို့ သိကြရပေသည်။ ကွန်ဖူးဇီး၏ ဩဝါဒများမှာ လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးဖြစ်၍ သာသနာရေးဆိုင်ရာ ဟောပြောချက်များ မဟုတ်ပေ။ အသက်ရှင်နေစဉ်တွင် မည်သို့နေထိုင်ပြုမူမှ ကောင်းသောနေခြင်း ဖြစ်မည်ကို ဆောင်ပုဒ်ကလေးများဖြင့် သွန်သင်ခဲ့၏။ သူ၏ဩဝါဒများစွာတို့တွင် 'သင့်အား သူတစ်ပါးက ပြုမူလျှင် သင်နှစ်သက်မည်မဟုတ်သည့် အပြု အမူမျိုးကို တစ်ပါးသူတို့အား မည်သည့်အခါမျှ မပြုမူလေနှင့် ဟူသော စကားမှာ ဆရာကြီး၏ လက်သုံးစကားတစ်ရပ် ဖြစ်လေသည်။ သူမကွယ်လွန်မီ သူ၏သားနှင့် တပည့်ရင်းပညာတတ် ပုဂ္ဂိုလ် ၂ ဦး ကွယ်လွန်ခဲ့လေရာ၊ ဆရာကြီးမှာ များစွာ နှမြော တသမိလေသည်။ အသက် ၇၃ နှစ်အရွယ်သို့ ရောက်၍ သူ ကွယ်လွန်ရမည်ကို သိသောအခါ တစ်ခုသောနံနက်စောစောတွင် လမ်းလျှောက်ယင်း 'တောင်ကြီးသည် ပြိုရမည်။ သံတိုင်သည် လည်း ကျိုးရမည်။ ပညာရှိသည်လည်း သစ်ပင်များကဲ့သို့ ညှိုးနွမ်းပျက်စီးရချေမည်တကား။'ဟု သံဝေဂစကား ကျူးရင့် သည်ကို သူ၏တပည့်ရင်းတစ်ယောက်က မှတ်သားထားခဲ့ လေသည်။ ကွန်ဖူးဇီးသည် ဘီစီ ၄၇၈ ခုတွင် ကွယ်လွန်အနိစ္စ ရောက် လေသည်။ သူ၏ရုပ်အလောင်းကို ချူးဖူးမြို့တွင် ကောင်းစွာ မြှုပ်နှံသင်္ဂြိုဟ်ကြလေသည်။ သူသည် သာမန်လူသား တရား ဟော ဆရာကြီးမျှသာ ဖြစ်သော်လည်း ပညာဗဟုသုတ ပြည့်ဝ လှသော သူတော်ကောင်းပညာရှိကြီးတစ်ဦး ဖြစ်သောကြောင့် သန်းပေါင်းများစွာသော အရှေ့တိုင်းရင်းသားတို့က ဘုရား တစ်ဆူ ဂူတစ်လုံးအမှတ်ပြု၍ ဆည်းကပ်ကိုးကွယ်ကြသည်။ တရုတ်လူမျိုးများသည် နှစ်စဉ် ချူးဖူးမြို့ရှိ သူ၏သင်းချိုင်းဂူသို့ သွားရောက်၍ အရိုအသေပြုကြသည်။ အသက်ရှင်စဉ်ကထက် ကွယ်လွန်သောအခါမှ၊ ကွန်ဖူးဇီး၏ ဩဝါဒများကို လိုက်နာ ကျင့်သုံးသူ ဦးရေ များပြားလာသည်။ ယခုအခါ တရုတ်နိုင်ငံရှိ မြို့ကြီးတိုင်းတွင် ကွန်ဖူးဇီးအား ရည်စူး၍ ဆောက်လုပ်ထား သော ဘုရားကျောင်း အနည်းဆုံးတစ်ဆောင်စီ ရှိလေသည်။ ရည်ညွှန်းကိုးကား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒဿနိကဗေဒ အတွေးအခေါ်ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%80%B8%E1%80%9B%E1%80%BE%E1%80%95%E1%80%BA
ဂျူးလိယက်ဆီဇာ
ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာ (; /ဂိုင်ယု(စ်) ယူလီယု(စ်) ကိုင်ဇာ/ ) သည် ရောမသမ္မတနိုင်ငံ ပျက်သုန်းခြင်း၊ ရောမဧကရာဇ်နိုင်ငံတော် ပေါ်ပေါက်လာခြင်း ဖြစ်စဉ်များ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော ရောမစစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ မျိုးရိုး အမည်နှင့် ကိုယ်ပိုင် အမည်တို့ ပေါင်းစပ်ထားသော ဂျူးလိယက် ဆီဇာ ဟူသည့် အမည်ဖြင့် ပို၍လူသိများသည်။ ဂျူးလိယက် ဆီဇာသည် သူ၏အမည်ကို ဂျာမန် ဘာသာတွင် "Kaiser" အဖြစ်လည်းကောင်း၊ ဆလပ်ဗ်ဘာသာတွင် "Tsar" အဖြစ်လည်းကောင်း၊ အစ္စလာမ်ကမ္ဘာမှ ဘာသာစကားများတွင် "Qaysar" ဟူ၍လည်းကောင်း ဧကရာဇ်များ အဆင့်အမြင့်ဆုံးအုပ်ချုပ်သူများကို ရည်ညွှန်းသည့် စကားလုံးအဖြစ် အသုံးပြုရ‌‌လောက်အောင်ပင် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသူ ဖြစ်သည်။ ထို့အပြင် သမိုင်းပညာရှင်အများအပြားကလည်း ဂျူးလိယက် ဆီဇာကို ထက်မြက်သော စစ်ဗိုလ်ချုပ်အဖြစ်လည်း လက်ခံထားကြ၏။ ဆီဇာသည်ကား စစ်ရေးနှင့်နိုင်ငံရေးတွင်သာကျွမ်းကျင်သည်မဟုတ် စာပေဖက်တွင်လည်း ထူးချွန်သူဖြစ်သည်။ ဂေါလ် (Gaul) နယ်ကို သိမ်းသွင်းစဉ် တိုက်ခိုက်နေရင်း မအားလပ်သည့်ကြားမှ လက်တင်ဘာသာဖြင့် သူရေးသားခဲ့သော မှတ်တမ်းများ (ဥပမာ : Commentāriī dē Bellō Gallicō) သည်လည်း ရိုးရှင်းပြတ်သားသောကြောင့် လက်တင်ဘာသာကို လေ့လာသင်ယူလိုသူတိုင်း လက်စွဲအဖြစ် ယ​နေ့တိုင် လေ့လာနေကြရလေသည်။ သို့သော်လည်း ရောမသမ္မတနိုင်ငံတော် ပျက်စီးခြင်းတွင် အဓိကကျသူ ဖြစ်သောကြောင့် အာဏာရှင်၊ ဒီမိုကရေစီ၏ရန်သူ စသည်ဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည်။ ဂျူးလိယက် ဆီဇာသည် အထင်ကရ ရောမနိုင်ငံရေးသမား စစ်ဗိုလ်ချုပ်အတိုင်ပင်ခံအဖြစ် စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။ မရိုင်းယပ်စ် (Gaius Marius) နှင့် ဆာလာ(Sulla) တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကို သာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။ ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နာမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ (Pompei)၊ လူချမ်းသာ ကရက်ဆပ်စ်(Crassus) တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့ (First Triumvirate) ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။ ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စတင်၏။ ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ် (Roman Senate) ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတစ်ဦးတည်း ချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅ တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် ဩဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ ငယ်ဘဝနှင့်ရောမနိုင်ငံရေးအခြေအနေ ဂျူးလိယက်ဆီဇာကို ဘီစီ ၁၀၀ခုနှစ်တွင် ရောမသူကောင်းမျိုးမိသားစုမှ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက ပညာကိုကောင်းစွာသင်ယူရသူဖြစ်ပြီး နိုင်ငံရေးတွင်လည်းပါဝင်ခဲ့သူဖြစ်သည်။ ထိုအချိန်က ရောမမှာ ဒုတိယပျူးနစ်စစ်ပွဲတွင် ကာသေ့ခ်ျကိုအောင်နိုင်၍ ကြွယ်ဝချမ်းသာလာသော်လည်း မြို့ငယ်လေးကိုသာအုပ်ချုပ်ဖူးသည့် အတွေ့အကြုံသာရှိသော ဆီးနိတ်၏ စီမံခန့်ခွဲမှုအမှားများကြောင့် လူတန်းစားကွာဟမှုကြီးလာကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေချိန်ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှု၊ကွန်ဆာအရွေး‌ခံရခြင်းနှင့်သုံးပွင့်ဆိုင်အဖွဲ့ ဆာလာကွယ်လွန်ပြီးနောက် ဘီစီ ၇၈ ခုနှစ်တွင် ဆီဇာ သည် ရောမသို့ပြန်လာခဲ့၏။ ထိုအချိန်မှစ၍ ပြည်သူတို့၏ အကျိုးကို ရှေးရှုလျက် ပြည်သူ့ ဝန်ထမ်းလုပ်ငန်းများကို အား ကြိုးမာန် တက်ဆောင်ရွက်ခဲ့လေသည်။ ဘီစီ ၆၆ ခုနှစ်တွင် ပြည်သူ့ကျမ်းမာရေးကစားခုန်စားပွဲများ၌ ကြီးကြပ်သူ ဖြစ်လာ သောအခါ၊ ခန်းနားထည်ဝါသော ကစားပွဲများ ဖြစ်မြောက်စေ ရန် ကိုယ်တိုင်ကြွေးတင်ခံ၍ပင် စီမံလုပ်ကိုင်ခဲ့၏။ ထိုအတွက် ကြောင့် ဆီဇာသည် အများ၏ ခင်မင်လေးစားမှုကို ရရှိခဲ့လေ သည်။ ဂျူးလယပ် ဆီဇာသည် ရောမနိုင်ငံတော်အုပ်ချုပ်ရေး၌ ချွတ်ယွင်းနေပုံကို သိမြင်ထား၏။ ရောမ နိုင်ငံတော်ကြီးမပျက် စီးစေရန် တစ်ဦးတစ်ယောက်၏ လက်ထဲတွင် အချုပ်အချာ အာဏာရှိသည့် အုပ်ချုပ်ရေးမျိုး လိုအပ်သည်ဟု ယုံကြည် ထား၏။ ထိုအခြေအနေကို သူသည်ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆထားလေသည်။ ဆီဇာသည် သူ၏ ရည်မှန်းချက်ထမြောက်အောင်မြင်ရေး အတွက် လူချစ်လူခင်ပေါသော စစ်ဗိုလ်ချုပ်ကြီး ပွန်ပီ၊ ငွေ ကြေးတောင့်တင်းသောသဌေး ကရက်ဆပ်တို့နှင့် မိတ်ဖွဲ့ပူး ပေါင်း၍ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်လေသည်။ ထိုသို့ ဆောင်ရွက်သဖြင့် ဘီစီ ၅၉ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရ၏။ ဘီစီ၆ဝ ပြည့်နှစ်တွင် ပွန်ပီ၊ ကရက်ဆပ်တို့နှင့်အတူ ပထမသုံးပွင့်ဆိုင်အဖွဲ့ဟူ၍ဖွဲ့ကာ ရောမ နိုင်ငံကို အုပ်ချုပ်လေသည်။ ဂေါလ်ဒေသကိုသိမ်းသွင်းခြင်းနှင့် စစ်ရေးစွမ်းဆောင်ရည် ဆီဇာသည် ပြင်သစ် နိုင်ငံဟုခေါ်သော ဂေါလနယ်ကို တာဝန်ခံအုပ်ချုပ်ရ၏။ ထိုအခါဆီဇာသည် သူ၏ ရည်မှန်းချက်အကောင်အထည် ပေါ်ရေးအတွက် ဆောင်ရွက်ရန် အခွင့်ကောင်းရလာတော့၏။ ဂေါလနယ်တွင် ၉ နှစ်ကျော်ခန့်နေ၍၊ အနောက်ဘက်ဒေသ များကို ရောမလက်အောက်သို့ တိုက်ခိုက်သိမ်းသွင်းခဲ့၏။ ဤသို့ဖြင့် ထိုစဉ်က လူအကြည်ညိုများသော ပွန်ပီကဲ့သို့ပင် မိမိလည်း စစ်သားကောင်းပီသကြောင်းကို အစွမ်းပြနိုင်ခဲ့လေ သည်။ ဆီဇာသည် ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးတို့အား တိုက် ခိုက်နှိမ်နင်းခဲ့၏။ ဗြိတိန်နိုင်ငံကိုလည်း ဘီစီ ၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ဘီစီ ၅၄ ခုနှစ်တွင်တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ်မျှ ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ဆီဇာသည် ခေါင်းဆောင်မှုနှင့် စည်းရုံးမှုဘက်တွင် သာမက၊ စစ်ရေးစစ်မှုဖက်၌လည်း ထူးချွန် သည်ကို ထင်ရှားစေခဲ့သည်။ စစ်တိုက်ရာတွင် အေးအတူပူအမျှ သဘောထား၍ သာမန်စစ်သားတို့နှင့်အတူ ပြုမူလုပ်ကိုင်တတ် ခြင်းကြောင့် စစ်သည်တော်တို့၏ ချစ်ကြောက်ရိုသေမှုကို ခံယူ ခဲ့ရလေသည်။ သုံးပွင့်ဆိုင်အဖွဲ့ပျက်စီးခြင်းနှင့် ပွန်ပီနှင့်စစ်ဖြစ်ခြင်း ထိုသို့ အနောက်နိုင်ငံများတွင် စစ်ပွဲများကို အောင်နိုင်ကာ တန်ခိုးကြီးလာသောအခါ၊ ဆီဇာကို ရောမမြို့ရှိ ပွန်ပီသည် မနာ လိုစိတ်ဖြစ်ပေါ်လာတော့၏။ ထိုအတွင်း သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ ကရက်ဆပ်ကွယ်လွန်သွား၏။ ဤသုံးပွင့်ဆိုင်အဖွဲ့ပျက် သွား လေရာ၊ ပွန်ပီသည် ဆီဇာကို နှိမ်နင်းရန် အခွင့်ကောင်းယူ၍၊ ဘီစီ ၄၉ ခုနှစ်တွင် ဆီနိတ်အဖွဲ့အား ဆွဲဆောင်ပြီးလျှင် ဆီဇာ ၏ စစ်တပ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်စေလေသည်။ သို့သော် ဆီဇာသည်ရရှိပြီးသော တန်ခိုးအာဏာကို လက် မလွှတ်တော့ဘဲ၊ ၅ဝဝဝ တပ်ကိုဦးစီး၍ ဂေါလနယ်နှင့် ရောမ နိုင်ငံ၏နယ်ခြားဖြစ်သော ရူးဗီကွန်မြစ်ကိုဖြတ် ကျော်ကာ ရောမ မြို့သိုရှေးရှု ချီတက်လေသည်။ ဆီဇာ၏ စစ်တပ်နှင့် ပွန်ပီ၏ စစ်သည်များ တိုက်ခိုက်ကြရာ၌ ပွန်ပီ၏ စစ်သည်များရှုံးနိမ့်၍ ပွန်ပီသည် ဂရိနိုင်ငံသို့ ထွက်ပြေးရလေသည်။ ဆီဇာကလည်း ပွန်ပီဆုတ်ပြေးရာသို့ လိုက်၍ တိုက်ခိုက်လေရာ၊ ဘီစီ ၄၈ ခုနှစ်တွင်၊ ဖားဆေးတပ်တိုက်ပွဲ၌ ပွန်ပီမလှန်နိုင်အောင်နိုင်လိုက် လေသည်။ ထိုစစ်မြေပြင်မှ တစ်ဖန် ပွန်ပီသည် အီဂျစ်သို့ ထွက်ပြေးပြန်တော့၏။ ဆီဇာသည် ပွန်ပီထွက်ပြေးသော အီဂျစ် သို့ဆက်၍ လိုက်ပြန်သည်။ သို့သော် ဆီဇာအီဂျစ်သို့မရောက်မီ ပွန်ပီမှာ လုပ်ကြံခြင်းခံရလေ၏။ ကလီယိုပါထရာနှင့်တွေ့ဆုံခြင်းနှင့် ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ခြင်း ထိုသို့ ရန်သူအားနှိမ်နင်းရန် လိုက်လံတိုက်ခိုက်ရာမှ ဆီဇာသည် အီဂျစ်ဘုရင်မ၊ ကလီယိုပါးထရားနှင့် တွေ့လေ သည်။ ကယ်လီယိုပါးထရားသည် ဆီဇာအား သူ၏ ရူပါရုံနှင့် ဖြားယောင်း၍၊ အီဂျစ်ပြည်၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် သို့ ရောက်အောင် သူ၏ ရန်သူအပေါင်းတို့အား တိုက်ခိုက်ရှင်း လင်းစေရာ၊ ဆီဇာကလည်း ထိုဘုရင်မ၏အလိုကျ ဆောင်ရွက် ပေးလေသည်။ ကယ်လီယိုပါးထရားနှင့် သားတစ်ယောက်ရရှိ ပြီးမှ၊ ဆီဇာသည် ရောမသို့ပြန်ခဲ့၏။ အီဂျစ်ဘုရင်မ ကယ်လီယိုပါးထရားကိုလည်း ရောမသို့ခေါ်ဆောင်ခဲ့လေသည်။ အီဂျစ်တွင်အောင်ပွဲများရရှိ ပြီးနောက် ဆီဇာသည် အာဖရိကနှင့် အာရှမိုင်းနားဖက်သို့ စစ်ဦးလှည့်၍ ရန်သူတို့အား နှိမ်နင်းခဲ့သေး၏။ စစ်ပွဲများတွင် ရှုံးသည်ဟူ၍မရှိ၊ နိုင်သည်ချည်းသာဖြစ်သောကြောင့် ဆီဇာသည် အာရှမိုင်းနားမှ ရောမမြို့တော်၌ရှိသော ဆီနိတ်အဖွဲ့သို့ 'ကျွန်ုပ် ရောက်ခဲ့ရာအရပ်၊ မြင်တွေ့ခဲ့ရာအရပ်တို့၌ အောင်မြင်ခဲ့သည် ချည်းသာရှိ၏'ဟူသော အဓိပ္ပာယ်ရှိသည့် စကားသုံးလုံး ရေး သားပို့ခဲ့ရာ၊ ထိုစကားများမှာ ဥဒါန်းတွင်ရစ်ခဲ့သည်။ ဘီစီ ၄၆ ခုနှစ်တွင် ဆီဇာသည် အရှေ့ဘက်နိုင်ငံများမှ ရောမသို့ပြန်ခဲ့၏။ သို့ရာတွင် အေးဆေးစွာ မနေရသေးဘဲ၊ စပိန်ဖက်သို့ချီတက်ရ ပြန်သည်။ ပွန်ပီ၏သား ၂ ဦးသည် စစ်သည်အင်အားစုဆောင်း ၍ စပိန်တွင် ပုန်ကန်ထကြွကြ၏။ ဆီဇာသည် သူပုန်တို့အား မန်ဒါစစ်ပွဲတွင် နှိမ်နင်းလိုက်ပြီးနောက် တိုင်ပြည်ငြိမ်ဝပ်မှုကို အရယူခဲ့လေသည်။ ရောမသို့ပြန်ရောက်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်း ဆီဇာသည် ရောမမြို့တော်သို့ ဘီစီ ၄၅ ခုနှစ်တွင် ပြန် လည်ရောက်ရှိ၏။ ကျယ်ပြန့်သော ရောမနိုင်ငံတော်ကြီးသည် ဆီဇာ၏ လက်သို့ရောက်ခဲ့လေပြီ၊ အောင်ပွဲခံ ဆီဇာအား တိုင်းသူပြည်သားများသည် သောင်းသောင်းဖြဖြ ကြိုဆိုကြ၏။ ဆီနိတ်လူကြီးများသည် ဆီဇာအား များစွာချီးကျူး၍ တစ်သက် ပန် အာဏာရှင်ဘွဲ့ကို အပ်နှင်းကြ၏။ ဆီဇာ၏ ရုပ်ပုံတံဆိပ် ကိုရောမဒင်္ဂါးများပေါ်တွင် ခတ်နှိပ်သုံးစွဲကြ၏။ ပြည်သူ့စည်း ဝေးပွဲတစ်ရပ်တွင် ပြည်သူ့ကိုယ်စားလှယ် မတ်အန်တိုနီသည် ဆီဇာအား သရဖူကိုပင်ဆက်သခဲ့၏။ သို့ရာတွင် ဆီဇာသည် လက်မခံခဲ့ချေ။ ဆီဇာသည် မိမိလက်ဝယ်ရရှိလာသော တန်ခိုးအာဏာများ ကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချ၍ ပြုပြင်မှုများကို စတင်ဆောင်ရွက်လေသည်။ ချွတ်ယွင်းချက်တို့နှင့် ပြည့်နှက်နေ သော ပြက္ခဒိန်ကို စနစ်တကျ ပြင်ဆင်စေခဲ့၏။ ဤီတလီနိုင်ငံ အနှံ့အပြား၌ ဒေသန္တရအုပ်ချုပ်ရေး ထွန်းကားလာစေရန် စီစဉ် ခဲ့၏။ မရိုးသားသော ဘုရင်ခံများကိုပယ်၍ တည်ကြည်သူများ ကို ခန့်အပ်အစားသွင်းခဲ့၏။ ပွန်ပီ၏ ဖက်သား ဖြစ်စေကာမူ၊ အရည်အချင်းပြည့်စုံက နိုင်ငံဝန်ထမ်းရာထူးများတွင် လုပ်ကိုင် ခွင့်ပြု၏။ ရောမဆင်းရဲသားများအား ကားသေ့နှင့်ကော်ရင့်ပြည် တို့သို့ သွားရောက်နေထိုင်၍ နယ်သစ်ဖွင့်စေရန် အားပေးခဲ့၏။ လယ်ယာစိုက်ပျိုးရေးတိုးတက်စေရန် စီမံခဲ့၏။ သို့သော် ထိုသို့ သော တိုင်းပြည်ပြုလုပ်ငန်းများကို ဆီဇာသည် ခြောက်လခန့် မျှသာ ဆောင်ရွက်နိုင်ခဲ့လေသည်။ လုပ်ကြံခံရခြင်း သရဖူကိုဆင်မြန်း၍ ဘုရင်အဖြစ်ခံယူရန် ဆီဇာငြင်းပယ် ခဲ့သည်မှာမှန်၏။ သို့ရာတွင် အချုပ်အချာအာဏာကို သူတစ်ဦး တည်းလက်၌သာ ထားရှိသဖြင့် ဆီနိတ်အဖွဲ့မှာ အုပ်ချုပ်ရေး ဖက်တွင် အရေးမပါတော့ဘဲ၊ အကြံပေးအဖွဲ့ဘဝသို့ လျှောကျ ခဲ့ရလေသည်။ ထိုအတွက်ကြောင့် သူ၏မိတ်ဆွေများကပင် ဆီဇာသည် အသက်ဦးဆံပိုင်ဘုရင်သဖွယ် အုပ်စိုးသွားတော့မည် ဟု အယူရှိလာကြသည်။ ထိုကြောင့် ဆီဇာအား လုပ်ကြံရန် စိုင်းပြင်းကြတော့သည် ဘီစီ ၄၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ တွင် ဆီနိတ်လွှတ်တော်အစည်းအဝေးရှိ၍ လွှတ်တော်ခန်းမကြီး၌ ဆီဇာထိုင်လိုက်သည်နှင့် မရှေးမနှောင်းပင် လုပ်ကြံမည့်လူတစ်စု သည် ဆီဇာအားဝိုင်း၍ ဓားနှင့်ထိုးရန်ဟန်ပြင်ကြ၏။ ဆီဇာ သည် ခုခံရန်ပြင်သည်တွင် လုပ်ကြံမည့်လူစု၌ မိမိနှင့်ရင်းနှီးသူ ဗရူးတပ် ပါဝင်သည်ကို မြင်သောအခါ 'အော်၊ ဗရူးတပ်၊ သင် ကပင်ကြံရာပါဖြစ်နေပါတကား'ဟု မြည်တမ်းလျက် အားလျှော့ လိုက်လေသည်။ ဆီဇာသည် ဓား ချက်ပေါင်း ၂ဝ ကျော်မျှ အထိုးခံရပြီးနောက်၊ ရန်သူဟောင်း ပွန်ပီ၏ ကျောက်ရုပ်ခြေရင်းတွင် အသက်ပျောက်သွားရလေသည်။ ကွယ်လွန်ပြီးနောက်ပိုင်းဖြစ်ရပ်များ ဆီဇာသေလွန်သဖြင့် တစ်ပိုင်းတစ်စကျန်ရစ်ခဲ့သော ပြုပြင် ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြည် သူ့စာကြည့်တိုက်များ တည်ထောင်ခြင်း၊ ပွန်တိုင်ညွန်ပျောင်း ဒေသကို ခန်းခြောက်စေရန် ရေထုတ်မြောင်း တူဖော်ခြင်း၊ အော့စတီးယားဆိပ်ကမ်းကို တိုးချဲ့ခြင်း၊ သန်းကောင်စာရင်း ကောက်ယူခြင်း စသည်တို့ပင်ဖြစ်၏။ ဆီဇာ၏ ရန်သူများကား အသက်ဦးဆံပိုင် ဘုရင့်အုပ်ချုပ်ရေး စနစ်ကို တွန်းလှန်၍၊ သမ္မတနိုင်ငံထူထောင်ရန် ရည်မှန်းပြု လုပ်ခဲ့ကြသော်လည်း၊ နောင် ၁၇ နှစ်ကြာသောအခါ ဆီဇာ၏ အဆက်အနွယ်များသည် ရောမနိုင်ငံကို အသက်ဦးဆံပိုင်ဘုရင့် စနစ်ဖြင့်သာလျှင် အုပ်စိုးသွားကြလေသည်။ အရည်အသွေးနှင့်အမွေအနှစ် ဆီဇာသည်ကား စစ်ရေးနှင့် အုပ်ချုပ်ရေးဖက်တို့တွင်သာ ကျွမ်းကျင်သည်မဟုတ်၊ စာပေဖက်တွင်လည်း ထင်ရှားခဲ့ပေသည်။ တိုက်ယင်း ခိုက်ယင်းမအားလပ်ဖြစ်လျက်နှင့်ပင် လက်တင်ဘာသာဖြင့် မိမိတိုက်ခိုက်ခဲ့သော စစ်ပွဲများအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ သူ၏ရေးသားပုံမှာ ရိုးရိုးနှင့်ပြတ်သား ရှင်းလင်းလှသောကြောင့်လက်တင်စာပေလိုက်စားသူတိုင်း ယနေ့တိုင် လေ့လာနေကြရလေသည်။ဤသို့ အဘက်ဘက်တွင့် ပြည့်စုံထူးချွန်သူ ဆီဇာမှာ မနာလိုသူများလက်ချက်ဖြင့် ကျဆုံးရလေရာ၊ ရောမနိုင်ငံတော်ကြီးသည် အဖိုးတန်သားကောင်းတစ်ယောက် ဆုံးရှုံးရလေတော့၏။ Version2 ဂျူးလိယက်ဆီဇာ(Julius Caesar)(ဘီစီ၁၀၀-၄၄)သည်ရောမခေတ် စစ်ဗိုလ်ချုပ်အာဏာရှင်ဖြစ်သည်။ သမိုင်းတွင် အလွန်တော်သည့် စစ်ဗိုလ်ချုပ်၊နိုင်ငံရေးသမား၊မိန့်ခွန်းပြောသူ၊စာရေးဆရာ အစရှိသဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ အခြားမကောင်းသည့်ဖက်တွင်လည်း ကာမကျူးလွန်းသူ(အီဂျစ်ဘုရင်မ ကလီယို ပတ်ထရာ နှင့်အချစ်ဇာတ်လမ်းမှာ ကျော်ကြားသည်။)၊ရက်စက်သူ၊အာဏာမက်သူ အဖြစ်လည်း ကဲ့ရဲ့ခြင်းခံရသည်။ ဂျူးလိယက်ဆီဇာကို ဘီစီ၁၀၀ ကဖွားမြင်သည်ဟုသာ ခန့်မှန်းကြသည်။ ရောမသူကောင်းမျိုးမှဆင်းသက်ပေါက်ဖွားလာပြီး ငယ်စဉ်ကပင် ပညာကောင်းစွာ သင်ကြားခွင့်ရခဲ့ကာ အရွယ်ရောက်လျှင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သူမမွေးဖွားခင် ရာစုနှစ်တစ်ခုမျှအတွင်း ရောမသည် ကာသေ့ချ်တို့ကို ဒုတိယပူနစ်စစ် တိုက်ပွဲတွင်အနိုင်ရသဖြင့် အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ကြသည်။ သို့ဖြင့် ရောမသည် အလွန်ကြွယ်၀လာသည် မှန်သော်လည်း စစ်ဒဏ်ကြောင့် လူမှုရေးနှင့် စီးပွားရေးတို့တွင် အကြီးအကျယ်ပျက်စီးခဲ့ရသည်။ ထို့ပြင် မူလကတည်းက သမ္မတစနစ်ကျင့်သုံးနေသည့် ရောမ၏ဆီးနိတ်(လွှတ်တော်)မှာ မြို့ငယ်လေးမှ သာမန်ပြည်သူများဖြင့်ဖွဲ့စည်းထားသည့်အတွက် အင်ပါယာကြီးတစ်ခုကို နိုင်နှင်းအောင် အုပ်ချုပ်စီမံနိုင်ခြင်းမရှိသဖြင့် မြေထဲပင်လယ်ဒေသရှိအင်ပါယာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုများ၏ ဒဏ်နှင့် စစ်ဘက်မှထင်သလိုပြုမူခြင်း၊ ဆိုးသွမ်းလုယက်ခြင်းတို့ ကိုခံစားနေရသည်။ စစ်ဘက် နှင့် အရပ်ဘက်မှ ဩဇာရှိသူများအချင်းချင်း အာဏာလုပွွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ဘီစီ၈၇ တွင် မရိုင်းယက်စ်၏တပ်များကလည်းကောင်း၊ ဘီစီ၈၂တွင် ဆာလာ၏ တပ်များကလည်းကောင်း ရောမမြို့တော်သို့ဝင်ရောက်လာကြပြီး အသီးသီး စိတ်ထင်တိုင်းလုယက်ဖျက်စီးကြသည့် အတွက် ပြည်သူတို့ကများစွာ ထိပ်လန့်တုန်လှုပ်ကြရရှာသည်။ သို့သော် သမ္မတစနစ်၏ အားနည်းချက်ကြောင့်ဟု မထင်ပဲ ယခင်ကအတိုင်း အလွန်ကောင်းသည့် အုပ်ချုပ်ရေးစနစ်ဟုသာ ထင်မြင်နေကြပြီး ဆက်လက်ကျင့်သုံးရန် ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ သို့သော် အခြေအနေအရ ထိုအုပ်ချုပ်ရေးစနစ်မှာ ဆက်လက်ကျင့်သုံးရန် မဖြစ်နိုင်တော့မှန်း ဂျူးလိယက်ဆီဇာ အပါအဝင် အမြော်အမြင်ရှိသူ၊ အရေးပါသည့် နိုင်ငံရေးသမားတို့က နားလည်သဘောပေါက်ကြသည်။ ဘီစီ ၅၈၊ အသက် ၄၂နှစ်အရွယ်တွင် ရောမ၏ လက်အောက်ခံနယ်သုံးခုဖြစ်သည့် စစ်ဆယ်ပိုင်ဂေါလ်(ယနေ့ အီတလီမြောက်ပိုင်း)၊အီလီရိကမ် မှ ပင်လယ်နက်အထိကျယ်ဝန်းသည့် ဒေသ နှင့် နာဗွန်နို့စ်ဂေါလ် တို့တွင် ဘုရင်ခံအဖြစ် ခန့်အပ်ခံရသည်။ သို့ဖြင့် သူ့လက်အောက်တွင် တပ်မကြီး ၄ခု၊စစ်သည်အင်အား နှစ်သိန်း နီးပါးမျှရှိနေကာ ဩဇာကြီးသည့် အဖြစ်ကိုရပြီဟု ဆိုနိုင်သည်။ ဘီစီ၅၁-မှ ၅၈အတွင်း ထိုတပ်များကို ဦးဆောင်ကာ ဥရောပတဝှမ်းရှိဂေါလ် အနွယ်ဝင်များကိုတိုက်ခိုက်ပြီး နယ်ပယ်များကိုသိမ်းယူသည်။ အကြမ်းအားဖြင့် သိမ်းပိုက်ရရှိသည့်နယ်မြေများမှာ ယနေ့ ပြင်သစ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊ဂျာမနီ နှင့်ဟော်လန် တို့ဖြစ်သည်။ သူသိမ်းပိုက်ရာဒေသများတွင် ရောမစာပေ၊ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ကို သွပ်သွင်းပေးသည်။ (ထို့ကြောင့် ယနေ့ ဥရောပ နေရာအတော်များများ၊ အထူးအဖြင့် ဂေါလ်မှတိုက်ရိုက်ဆင်းသက်သည့် ပြင်သစ်တို့သုံးစွဲနေသည့် စာပေမှာ လက်တင်စာမှ ဆင်းသက်လာခြင်း ဖြစ်သည်။) ဗြိတိန်ကျွန်းပေါ်သို့ နှစ်ကြိမ်တိုင်တိုင် တက်ရောက်တိုက်ခိုက်သော်လည်း ကာလကြာရှည် ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ။ ထိုသို့ စစ်ပွဲအများအပြားကိုအောင်နိုင်သဖြင့် ဆီဇာသည် ရောမသားတို့၏ သူရဲကောင်းဖြစ်လာပြီး နိုင်ငံရေးအရပါ အလွန်လူကြိုက်များလာပြီဖြစ်တော့သည်။ တစ်ဖက်တွင်လည်း ပြိုင်ဖက်နိုင်ငံရေးသမားတို့ အတွက် မျက်စိစပါးမွေးစူးစရာလည်း ဖြစ်လာကာ နောက်ဆုံး ဆီဇာစစ်မှုထမ်းသက်ကုန်ပြီဖြစ်သည့် ဘီစီ ၄၉တွင် တပ်များကို ချန်ထားရစ်ခဲ့ပြီး ရောမသို့ သာမန်အရပ်သားပြည်သူအနေဖြင့် ပြန်လာရန် ဆင့်ခေါ်ခြင်းခံရသည်။ ထို့သို့ အာဏာလက်လွတ်ပြန်လျှင် ဖိစီးနှိပ်ကွပ်ခံရခြင်းမှ တစ်ပါးမရှိသည်ကိုသိသဖြင့် ဆီဇာသည် ဆီးနိတ်ကို ပြောင်ပြောင်တင်းတင်းအာခံကာနေသည်။၁၀-၁၁၊ဇန်နဝါရီ၊ဘီစီ ၄၉တွင် မိမိတပ်များဖြင့် အီတလီမြောက်ပိုင်းရှိ ရူဗီကွန်မြစ်အား ဖြတ်ကျော်ကာ ရောမသို့ဦးတည်ချီတက်လာတော့သည်။ သို့ဖြင့် ဂျူးလိယက်ဆီဇာ၏ တပ်များနှင့် ဆီးနိတ်ကိုသစ္စာခံသည့် ပြည်တွင်းတပ်များ လေးနှစ်ကြာ အကြီးအကျယ်စစ်ဖြစ်ခဲ့သည်။ ရ၊မတ်၊ဘီစီ ၄၅ စပိန်၊မွန်ဒါ တွင်တိုက်သည့် နောက်ဆုံးစစ်ပွဲအပြီးတွင် ဆီဇာသည်ရောမသို့ အောင်နိုင်သူအဖြစ် ပြန်လာနိုင်ပြီဖြစ်သည်။ ရောမပြန်ရောက်ပြီးနောက် ရာသက်ပန်အာဏာရှင်အဖြစ်တင်မြှောက်ခြင်းခံရသည်။ ဘုရင်အဖြစ် နန်းတင်ကြသော်လည်း လက်မခံခဲ့ပေ။ အာဏာရပြီးချိန်မှစကာ နိုင်ငံတဝှမ်း ပြုပြင်ရေးများကို တက်တက်ကြွကြွပင်ဆောင်ရွက်သည်။ စစ်ပြန်ရဲဘော်များကို နေရာချထားပေးသည်။ ရောမမြို့ကြီးတွင် ဆင်းရဲသားများ အတည်တကျဖြစ်ရေးကို ဆောင်ရွက်ပေးသည်။ ယခင်က အနည်းငယ်မျှသာ သတ်မှတ်ထားသည့် ရောမမြို့သား အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ပြင်ဆင်ပေးသည်။ အီတလီတဝှမ်းမှ မြို့များရှိ စည်ပင်သာယာရေးအဖွဲ့များကို တူညီသည့် စနစ်များချပေးပြီးဆောင်ရွက်စေသည်။ ရောမဥပဒေကို စာဖြင့်ချရေးပြီး စနစ်တကျရှိစေရန် ကြိုးပမ်းခဲ့သည်။ သို့သော် အာဏာလက်ကိုင်ရပြီး တစ်နှစ်ပင်မရှိသေးသည့် ၁၅၊မတ်၊ ဘီစီ ၄၄ တွင်ကျင်းပသည့် ပွဲတော်နေ့ လွှတ်တော်အစည်းအေ၀းတွင် ဆန့်ကျင်လိုသူတို့က လုပ်ကြံသဖြင့် ဆီဇာတစ်ယောက် ကွယ်လွန်ရသည်။ သမ္မတစနစ်ကို ပြန်လည်အသက်သွင်းလိုသူများက လုပ်ကြံကြသည်ဟု ဆိုသည်။ သူသေလွန်ပြီးနောက် သူ့မွေးစားသားလည်းဖြစ်၊ မြေးလည်းတော်စပ်သည့် ဩဂတ်စတက်ဆီဇာက စုစည်းတည်ထောင်သဖြင့် ရောမအင်ပါယာကြီးဖြစ်ပေါ်လာသည်။ ရည်ညွှန်းကိုးကား ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘုရင်များ‎
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%B0%E1%80%B8%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%86%E1%80%AE%E1%80%87%E1%80%AC
ဩဂတ်စတက်ဆီဇာ
ရောမ အင်ပါယာ တည်ထောင်သူ ဩဂတ်စတက် ဆီဇာ () (ဘီစီ ၆၃ - အေဒီ ၁၄)ကို သမိုင်းတွင် ဘက်စုံတော်သည့် ပညာရှင် အဖြစ် တွေ့ရမည် ဖြစ်သည်။ သူအစပျိုးလိုက်သည့် ရောမအင်ပါယာသည် နှစ်၂၀၀ ခန့်ကာလအတွင်း အင်အားကြီးခြင်း၊ ကြွယ်၀ခြင်း၊ တန်ခိုးကျော်ဇောခြင်း၊ ငြိမ်းချမ်းစည်ပင်ခြင်း အစရှိသည့် အကျိုးများကိုရရှိခဲ့သည်။ ငယ်စဉ်ဘဝ အမည်ရင်းမှာ ဂီယာ့စ် အော်တေးဗီယာ့စ် (Gaius Octavius) ဖြစ်ပြီး အများက အော်တေးဗီးယန်း (Octavian) ဟု အခေါ်များသည့် ဩဂတ်စတက်ဆီဇာကို မိဘများသာမက အဖိုးဖြစ်သူကပါ သားအဖြစ်မွေးစားပြီး လူလားမြောက်ချိန်ထိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပညာရပ်များကို ထိုအဖိုးက ကောင်းစွာသင်ကြားပေးခဲ့သည်။ အဖိုးမှာ အခြားသူမဟုတ်။ နာမည်ကြီး ဂျူးလိယက်ဆီဇာ (Julius Caesar) (ဘီစီ ၁၀၀-၄၄) ဖြစ်သည်။ ဘီစီ ၄၄ တွင် ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီး ရောမနိုင်ငံရေးနယ်ပယ်တွင် အဆက်မပြတ် အာဏာလုပွဲများ ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်ဟု ဆိုရလောက်အောင်ပင် စစ်ပွဲများဖြစ်ခဲ့သည်။ အာဏာရရန် စွမ်းဆောင်ခြင်း ဆီဇာကွယ်လွန်လေသော် အော့တေး ဗီးယပ်သည် ရောမမြို့သို့ပြန်လာ၍ ဂီယာ့စ် ဂျူးလီယပ် ဆီဇာ အော်တေးဗီးယန်းဟူသော အမည်ကို ခံယူလေသည်။ ဆီဇာ ကွယ်လွန်ပြီးနောက် ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေး လျက်ရှိသည်။ ဆီဇာ၏လက်ရုံးဖြစ်သော မတ်အန်တိုနီကလည်း ရောမမြို့ကို အုပ်ချုပ်လျက်ရှိသည်။ ဆီဇာကိုလုပ်ကြံသတ်ဖြတ်ခဲ့ ကြသော သမ္မတဂိုဏ်းသားတို့လည်း ရောမနိုင်ငံ အရှေ့ပိုင်းတွင် မင်းမူလျက်ရှိကြသည်။ အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် ဂျူးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် ဦးလေး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး ဂျူးလိယက်ဆီဇာ၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ မက်ခ် အန်တိုနီ (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် ရောမ၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဘက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။ ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ ကလီယို ပက်ထရာ၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။ အုပ်ချုပ်သူဘဝ နှင့် ကွယ်လွန်ခြင်း ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးနောက်တွင် ဖြစ်ပွားသည့် အာဏာလုပွဲများကြောင့် ပြည်သူတို့အနေဖြင့် သမ္မတစနစ်ကို အယုံအကြည်ကင်းကာ မိမိတို့၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်မည့် မင်းကောင်းမင်းမြတ်ကို မျှော်လင့်နေကြချိန်ဖြစ်သည်။ ထိုအချက်ကို ကောင်းစွာနားလည်သည့် အောတေဗီယံသည် အာဏာရသည်နှင့် စစ်ပွဲကာလများတွင် ရက်စက်စွာ တိုက်ခိုက်တတ်သည့် ပုံမှ အလွန်ပင် ကြင်နာသနားတတ်သူအဖြစ် ပြောင်းလဲလာပြီး လူအများအကျိုးကို ထမ်းရွက်တော့သည်။ ရှေးဦးစွာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ပေးမည်ဟုဆိုကာ ရာထူးအားလုံးမှ နုတ်ထွက်ပေးပြီး လွှတ်တော် (ဆီးနိတ်) အဖွဲ့ဝင်များကို စိတ်ကျေနပ်စေရန် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် လွှတ်တော်က ဩဂတ်စတက်ဆီဇာ (အဓိပ္ပာယ်မှာ ထိပ်ဆုံးက ပြည်သူ - Princeps) ဟူသောဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သည်။ အမှန်တကယ်တွင် ရောမရှိတပ်များကိုသာ လက်လွတ်ပြီး စပိန်၊ ဂေါလ် (ယနေ့ပြင်သစ်) နှင့် ဆီးရီးယားနယ်များမှ တပ်များကိုမူ လက်အောက်တွင် ဆက်လက်ထားရှိနေသေးသည်။ ကတိအတိုင်း သမ္မတနိုင်ငံ ထူထောင်ပေးသော်လည်း အမည်ခံမျှသာဖြစ်သည်။ အမှန်အစစ် အာဏာရှင်မှာ ဩဂတ်စတက်ဆီဇာ သာဖြစ်သည်။ အကြောင်းမှာ လွှတ်တော်ကို ကောင်းစွာ အရေးပေးဆက်ဆံသဖြင့် ၎င်း၏စိတ်ဆန္ဒရှိသလောက်ကို အတားအဆီးမဲ့ပင် ထောက်ခံပေးခဲ့ကြသောကြောင့်ဖြစ်သည်။ အေဒီ ၁၄ သူကွယ်လွန်ချိန်တွင်မူ သမ္မတစနစ်မှ ဘုရင်စနစ်သို့ ပြန်လည်ကူးပြောင်းပြီး ဖြစ်သဖြင့် မွေးစားသား (မယားပါသား) ဖြစ်သူက ဧကရာဇ်အဖြစ်နှင့် အတားအဆီးမရှိ ငြိမ်းချမ်းစွာပင် နန်းတက်နိုင်ခဲ့သည်။ စွမ်းဆောင်ချက်များ သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။ အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။ အုပ်စိုးချိန် နှစ် ၄၀ သာမက၊ သူကွယ်လွန်ပြီးနောက်တွင်ပင် သူ၏ဩဇာမှာ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည်။ သက်ရှိထင်ရှား ရှိစဉ်တွင် စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနှင့် ဘောလ်ကန်ဒေသများကို သိမ်းပိုက်ခဲ့ပြီး၊ မြောက်ဘက်နယ်နိမိတ်ကိုလည်း ရိုင်း-ဒန်းနျု (Rhine-Daunbe) မျဉ်းအတိုင်း ထားရှိနိုင်ခဲ့သည်။ နောင်နှစ် ၂၀၀ ခန့်အထိ ထိုနယ်နိမိတ်မျဉ်းအတိုင်း တည်တံ့ခဲ့သည်။ ထိုအချက်များအပြင် ဩဂတ်စတက်ဆီဇာသည် အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းစနစ်ကို ကောင်းစွာပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အခွန်ကောက်ခံပုံ၊ ဘဏ္ဍာရေးစနစ်နှင့် စစ်တပ်တို့ကို ပြန်လည်ပြင်ဆင်ပြီး အမြဲတမ်းရေတပ်ကို ဖွဲ့စည်းသည်။ ပရေတိုရီယမ် ဂါတ် (Praetorium Guard) အမည်ရှိ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ထိုတပ်ဖွဲ့မှာ နောင်တွင် ရောမဧကရာဇ်နေရာကိုပင် အပြောင်းအလဲလုပ်နိုင်သည်အထိ အရေးပါလာခဲ့သည်။ သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ ကိုယ်တိုင်ကလည်း ရောမရှေးဓလေ့ထုံးစံများကို လိုက်နာပြီး လပ်ထက်ခြင်း၊ သားသမီးပွားများခြင်းကို ဥပဒေပြုကာ ကောင်းစွာအားပေးခဲ့သည်။ အာဏာရချိန် ဘီစီ ၃၀ ဝန်းကျင်မှစကာ ရောမသည် အေးချမ်းသာယာလာသဖြင့် စီးပွားရေးတွင် အလွန်ဖွံဖြိုးလာသည်။ အကျိုးဆက်အဖြစ် အနုပညာရပ်များပါ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ရောမ၏အနုပညာရွှေခေတ်ဟုပင် တင်စားခေါ်ကြသည်။ ထိုခေတ်တွင် အကျော်ကြားဆုံးသော ကဗျာဆရာများဖြစ်သည့် ဗားဂျေး (Virgil) နှင့် ဟောရေ့စ် (Horace)၊ လီဗီ (Livy) တို့ ပေါ်ပေါက်လာသည်။ အိုဗိဒ် (Ovid) ကိုမူ ဩဂတ်စတက်ဆီဇာနှင့် မသင့်မြတ်သောကြောင့် ပြည်နှင်ဒဏ်ပေးခဲ့သည်။   ထို့ကြောင့် နောင်အခါ၌ စာပေထွန်းကားသောခေတ်ကို ဩဂတ်စတက် ခေတ် ဟူ၍ ခေါ်စမှတ်ပြုကြလေသည်။ ဩဂတ်စတက် ဘုရင်သည် စာပေဖွံ့ဖြိုးတိုးတက်ရေးကို ချီးမြှောက်အားပေးခဲ့သည်သာမက၊ ရောမမြို့တော်ကိုလည်း ခမ်းနားတင့်တယ်အောင် မွမ်းမံပြင်ဆင်ခဲ့လေသည်။ ထို့ကြောင့် ဩဂတ်စတက် သည် အုတ်ဖြင့်တည်ဆောက်ခဲ့သော မြို့ကို ကျောက်ဖြင့် မွမ်းမံပေးခဲ့သည် ဟုဆိုကြသည်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ် ခဲ့သည်။ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ခဲ့ ပေသည်။ ဩဂတ်စတက်ဘုရင် လက် ထက်တွင် ပါလက်စတိုင်းပြည်၌ ခရစ်တော်ယေရှုဖွားမြင်ခဲ့လေသည်။ မိသားစုဘဝ သားယောက်ျားမထွန်းကားပေ။ တူတစ်ယောက်နှင့် မြေးနှစ်ယောက်တို့က သူ့အလျင် ကွယ်လွန်ကြသဖြင့် အမွေဆက်ခံရန် မယားပါသားဖြစ်သူ တီဗာရီယက်စ် (Tiberius) ကို မွေးစားခဲ့ရသည်။ သို့သော် ၎င်းတို့နောက်ဆက်ခံသည့် မင်းများတွင် မင်းဆိုးမင်းညစ်များ ပါဝင်လာသဖြင့် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့သော်လည်း ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးထိ မပြိုကွဲသည့်အတွက် ဩဂတ်စတက်ဆီဇာ၏ ကျေးဇူးကြီးသည်ဟုဆိုနိုင်သည်။ အချုပ်ဆိုရလျှင် ဩဂတ်စတက်ဆီဇာကို မဟာအလက်ဇန္ဒား၊ ဂျင်ဂစ်ခန်၊ နပိုလီယန်နှင့် ဂျော့ချ် ဝါရှင်တန် အစရှိသည့် တိုင်းပြည်ထူထောင်သူ၊ နယ်ပယ်သိမ်းသွင်းရေးသမား၊ စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြသော်လည်း အားလုံးထက် ဩဂတ်စတက်ဆီဇာ၏ ဩဇာနှင့် အကျိုးပြုမှုက ပိုရှည်ကြာသည်၊ ပိုကြီးကျယ် ခမ်းနားသည်ဟု ဆိုနိုင်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀ - ဒေါက်တာသန်းထွန်း မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅) နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%A9%E1%80%82%E1%80%90%E1%80%BA%E1%80%85%E1%80%90%E1%80%80%E1%80%BA%E1%80%86%E1%80%AE%E1%80%87%E1%80%AC
မဟာအလက်ဇန္ဒား
မက်စီဒို မှအလက်ဇန္ဒား ၃(၂၀/၂၁ ဇူလိုင် ၃၅၆-၁၀/၁၁ ဇွန် ၃၂၃ ဘီစီ) မဟာအလက်ဇန္ဒားအဖြစ် ထင်ရှားခဲ့သည်။ အလက်ဇန္ဒါးဆိုသည်မှာ ဂရိ ဘာသာဖြင့် Ἀλέξανδρος ὁ Μέγας, alexo ကာကွယ်ခြင်း၊ ကူညီခြင်း ဟုတွင်ပြီး aner မှာ လူ ကို ဆိုလိုသည်။ ထို့ကြောင့် ကာကွယ် စောင့်ရှောက် နိုင်စွမ်းသူ ဟု ဖွင့်ဆိုနိုင်ပေမည်။ ၎င်းသည် ရှေးဂရိနိုင်ငံ မြောက်ပိုင်း မက်စီဒိုးနီးယားမှ ဘုရင် တစ်ပါး ဖြစ်သည်။ ဘီစီ ၃၅၆ တွင် Pella (မက်စီဒိုးနီးယား အလယ်ပိုင်း)တွင် ဖွားမြင်ခဲ့ပြီး အရစ္စတိုတယ် ထံတွင် အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ အသက် (၃၀) တွင် အကြီးမားဆုံး အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်း၏ အင်ပါယာ သည် Ionian Sea မှ Himalayas ထိကျယ်ပြန့်ခဲ့သည်။ ၎င်းလက်ထက်တိုက်ခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် စစ်သမိုင်း တွင် အအောင်မြင်ဆုံးသော စစ်ခေါင်းဆောင်အဖြစ် အတူမရှိ ထင်ရှားသူဖြစ်သည်။၎င်း၏ အင် ပါယာသည် မျက်မှောက်ခေတ်တွင် ဂရိ မှ ပါကစ္စတန် ထိ ကျယ်ပြန့် ပေသည်။ ဘီစီ ၃၃၆ တွင် အလက်ဇန္ဒား၏ဖခင်ဖြစ်သူ မက်စီဒိုးနီးယား ဘုရင် ဖိလစ် ၂ လုပ်ကြံခံရပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ဖိလစ်သေဆုံးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၎င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူး ကျော်သိမ်းပိုက်ပြီးနောက် Asia Minor အား အုပ်ချုပ်သည့် အချိန်မှစရျ် ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ, Gaugamela တိုက်ပွဲတို့ဖြင့် Persia တို့၏ ဩဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် Persia ဘုရင် Darius III ကိုအောင်နိုင်ကာ Persia အင်ပါ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်ဝန်းသည်။ (အင်္ဂလိပ်ဘာသာဖြင့်-)သည် ဖခမည်းတော် မက်စီဒိုးနီးယားဘုရင် ဖိလစ်နှင့် မယ်တော် အိုလံပီယာမှ ဖွားမြင်သည့်သား ဖြစ်သည်။ မွေးဖွားပြီးနောက်တွင် ဖခမည်းတော်ဖိလစ်မှာ မက်စီဒိုးနီးယားမှ မြောက်ဘက်နယ် အနည်းငယ်နှင့် တောင်ဘက် ဂရိနိုင်ငံများကို သိမ်းယူပြီးဖြစ်သည်။ ငယ်စဉ်ကပင် ထက်မြက်သည့်အလျှောက် အသက် ၁၃ နှစ်တွင် ဆရာဖြစ်သူ အရစ္စတိုတယ်၏ သွန်သင်ပြသမှုများကို ခံယူပြီး အသက် ၂၀ တွင် ဖိလစ်လုပ်ကြံခံရသဖြင့် ဂရိတို့၏ဘုရင် ဖြစ်လာတော့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်စီဒိုးနီးယား၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အကြံဖြင့် ပုန်ကန်ကြသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒားသည် အဆိုပါ တွန်းလှန်မှုများကို ရက်စက်စွာ နှိမ်နှင်းပြခြင်းဖြင့် ငြိမ်ဝပ်စေခဲ့သည်။ နယ်ပယ်ချဲ့ထွင်ခြင်း ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှန်းအင်ပါယာကို ထိုးစစ်ဆင်သည်။ ထိုစဉ်က အာရှမှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှန်းအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဘက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။ ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက "ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။"ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း "ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။" ဟုပြန်လည်ချေပခဲ့သည်။ အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် ဂေါဂါမီလာတိုက်ပွဲ၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဘက်ခြမ်းကို သိမ်းယူသည်။ နောက်ဆုံး အချိန်ကာလများ တစ်နှစ်နီးပါးမျှ ပါရှားတွင်အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ပြီး အိန္ဒိယမြောက်ပိုင်းသို့ ချီတက်သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးဝါးလှသည့် အိန္ဒိယတောတောင်နှင့် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မိမိတပ်သားများက အိမ်ပြန်ရန် ဆန္ဒပြင်းပြသည်ကြောင့် လည်းကောင်း ဂရိသို့လှည့်ပြန်ရသည်။ ထိုမတိုင်မှီက အာရှမှ ပါရှန်းများသည် မိမိတို့ ဂရိများထင်သကဲ့သို့ အရိုင်းအစိုင်းများ မဟုတ်ကြောင်း၊ ပါရှန်းတို့တွင်လည်း ထူးချွန်သည့် အရည်အသွေးများ ကိုယ်စီရှိကြောင်း နားလည်ပြီး မိမိ၏ ဂရိ-မက်စီဒုံ စစ်သည်များကို ပါရှန်းသူများနှင့် လက်ထပ်စေသည်။ မိမိကိုယ်တိုင်လည်း ဒရိုင်းယပ်စ်၏ သမီးတော်နှင့် လက်ထပ်သည်။ ထိုသို့ ဂရိ-မက်စီဒုံ-ပါရှန်း ဗဟုယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ကာ မိမိကအုပ်စိုးရန် ကြံရွယ်ခဲ့သည်။ ဘီစီ ၃၂၃ ဇွန်လဦးကာလ ၊ နောက်တစ်ကြိမ် အိန္ဒိယသို့ ချီတက်ရန် စစ်ပြင်စဲ ဘေဘီလုံမြို့တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ၁၀ ရက်အကြာတွင် အသက် ၃၂ နှစ်သာရှိသေးသည့် စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား နတ်ရွာစံလေသည်။ ၎င်းနတ်ရွာစံသည်နှင့် ၎င်း၏အင်ပါယာမှာလည်း ပြိုကွဲလေသည်။ အကြောင်းမှာ မည်သူ့အား နန်းဆက်ခံရန် မိန့်မှာဖူးသည် မရှိသဖြင့် ၎င်း၏ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်း ခွဲယူသွားကြခြင်းကြောင့် ဖြစ်သည်။ ထိုနယ်မြေလုပွဲတွင် မိခင်၊ မိဖုရားများနှင့် သားသမီးများမှာ ဓားစာခံအဖြစ် အသတ်ခံရကြရှာသည်။ အရည်အချင်းများ မဟာအလက်ဇန္ဒားသည် အသက် ၂၀ နန်းတက်ပြီး အသက် ၃၂ နတ်ရွာစံသည်ထိ တိုက်သမျှစစ် ရှုံးဖူးသည်မရှိချေ။ ထိုသို့ဖြစ်ရသည်မှာ- ဖခမည်းတော်ဖိလစ်ဘုရင် အမွေပေးခဲ့သည့် စစ်တပ်မှာ အလွန်အရည်အသွေး၊ တိုက်ခိုက်နိုင်စွမ်း ကောင်းလွန်းသည်။ ခြေလျင်တပ်က လှံတံရှည်များကို အားပြုကာ စနစ်တကျ တိုက်ခိုက်တတ်ပြီး နောက်မှ မြင်းတပ်ကလည်း သေနင်္ဂဗျူဟာကို အကောင်းဆုံး ပုံဖော်နိုင်သည်။ မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုစိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၎င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။) နောက်တစ်ကြောင်းမှာ ခေတ်အဆက်ဆက်တွင် သူသာအတော်ဆုံး စစ်ဗိုလ်ချုပ်၊ စစ်ဘုရင်ဟု ဆိုရလောက်အောင်ပင် ထူးချွန်လှသည့် စစ်ခေါင်းဆောင်ဖြစ်သည်။ မိမိထက် အင်အား အလွန်သာလွန်သည့် ပါရှန်းတပ်များကို အင်အားနည်းနည်းဖြင့် ဆက်ကာဆက်ကာ အောင်နိုင်သည်ကို ကြည့်လျှင် အလက်ဇန္ဒား၏ စစ်ရေးသေနင်္ဂ နည်းဗျူဟာတွင် တစ်ဖက်ကမ်းခတ် ပိုင်နိုင်ပုံကို သိနိုင်သည်။ သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၎င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဘက်လှည့်ပြီး အာဖရိကနှင့် မြေထဲပင်လယ် ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။ သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၎င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ ဥရောပအပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်သည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း ဘီစီ ၃၅၆ မွေးဖွားသူများ ဘီစီ ၃၂၃ ကွယ်လွန်သူများ နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%E1%80%87%E1%80%94%E1%80%B9%E1%80%92%E1%80%AC%E1%80%B8
နပိုလီယန်
နပိုလီယန် ဘိုနာပတ် (၊ ၊ ၊ ) ( ၁၇၆၉ - ၁၈၂၁) သည် ဥရောပ သမိုင်းကို ပြောင်းလဲစေနိုင်ခဲ့သည့် ပြင်သစ် ဘုရင် ဖြစ်သည်။ ၁၇၆၉ ဩဂုတ် (၁၅) တွင် မွေးဖွားခဲ့၍ ၁၈၂၁ မေ(၅) တွင် သေဆုံးခဲ့သည်။ ပြင်သစ်တော်လှန်ရေးတွင် ဗိုလ်ချုပ် တစ်ဦး ဖြစ်ခဲ့ပြီး ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ် ဖြစ်ခဲ့သည်။ ငယ်ဘဝ ကော်စီကာ ကျွန်းတွင် မိခင်မုဆိုးမမှမွေးဖွားခဲ့ပြီး မမွေးဖွားမှီ ၁၅လ အလိုတွင်မှ ကော်စီကာကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က အခြားသော ကော်စီကာ မျိုးချစ်များနည်းတူ ပြင်သစ်တို့ကို တော်လှန်ရန် ဆန္ဒရှိခဲ့ဖူးသည်ဟုဆိုသည်။ သို့သော် အသက် ၁၆ နှစ် အရွယ်တွင် ပြင်သစ်ဗိုလ်သင်တန်းတက်ရောက် ပြီးနောက်တွင် ပြင်သစ် အမြောက်တပ်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ပြင်သစ်မြေကို အင်္ဂလိပ်တို့လက်မှ ပြန်လည်တိုက်ယူသည့် နာမည်ကျော် ၁၇၈၃ တိုးလုံတိုက်ပွဲတွင် ၎င်း၏အမြောက်တပ်ကို ဦးဆောင်ပြီး အသက်ငယ်ငယ်နှင့် ကောင်းစွာအစွမ်းပြနိုင်၍ ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခန့်ထားခံရပြီးနောက် နာမည်ရလာခဲ့သည်။ တိုက်ပွဲများ ၁၇၉၆ အီတလီကိုသိမ်းပိုက်ရန်ချီတက်သည့် တပ်ကိုအုပ်ချုပ်ရန် အသက် ၂၇အရွယ်နပိုလီယန်က ဦးဆောင်ရသည်။ ထိုအချိန်မှစကာ နောင်ဥရောပတွင်တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာတွဲဖက်မိခြင်းဖြစ်သည်။ အီတလီတိုက်ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဦးဆောင်သဖြင့် ပို၍နာမည်ကျော်ကြားလာသည်။ အီတလီမှပြန်လာပြီးနောက် ၁၇၉၈တွင် အီဂျစ်နိုင်ငံကိုတိုက်ခိုက်ရန် ချီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်နိုင်ငြား အကျိုးမရှိသည့်အပြင် များစွာသော စစ်သည်တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်၏ရာသီဥတု၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ရန် အစရှိသည်တို့ကြောင့် အကျအဆုံးများခဲ့ရသည်။ အခြေအနေမဟန်သည့် နပိုလီယန်လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စင်းတည်းဖြင့် ပြင်သစ်သို့ပြန်လာရသည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျှူရှုပြီး အီတလီမှအောင်မြင်မှုတို့ကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်သဖြင့် နိုင်ငံရေးလောကတွင်ပါ နေရာရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများအပြီးတွင် နိုင်ငံ့ဦးဆောင်ဒါရိုက်တာ တစ်ဦးဖြစ်လာတော့သည်။ မကြာမှီတွင် ပြိုင်ဖက်များကို ဖယ်ရှားပြီး အသက် ၃၀ အရွယ်တွင် ဦးဆောင်ဒါရိုက်တာဖြစ်လာသည်။ ပြင်သစ်တော်လှန်ရေးတွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းပေးထားနိုင်သည့် အတွက် နပိုလီယန်ကို အာဏာရှင်ဟု မမြင်နိုင်ပဲ သူရဲကောင်းအဖြစ်သာ ဆက်လက်ကိုးစားခဲ့ကြသည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။ ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။ ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။ ဧကရာဇ် နပိုလီယန် ၁၈၀၄တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ်ကြေညာကာ ညီအစ်ကိုများကို ဥရောပ ၃ နိုင်ငံတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ တော်လှန်ရေး၏အနှစ်အရသာများကို မထိခိုက်ဟု အများက ထင်မြင်ယုံကြည်သဖြင့် သမ္မတနိုင်ငံထူထောင်လိုသူများက အရေးတယူ မကန့်ကွက်ဝံ့ကြပေ။ ပြည်တွင်းတွင် ဆန့်ကျင်သူမရှိသော်လည်း ပြည်ပတွင်မူ သိမ်းပိုက်နယ်မြေများမှာ ငြိမ်သက်လှသည်မရှိပေ။ အမြဲပင် ပုန်ကန်ရန်ကြိုးပမ်းနေကြသည်။ ၁၈၀၂တွင် အင်္ဂလန်နှင့် အေမီယန်စာချုပ် ချုပ်ဆိုကာ စစ်ပြေငြိမ်းသည်။ တစ်နှစ်သာ ခံပြီးအင်္ဂလန်နှင့် မဟာမိတ်များက ပြင်သစ်ကို စစ်ကြေညာကြပြန်သည်။ ကြည်းတပ်တွင် အစဉ်အလာအတိုင်း နပိုလီယန်၏ ပြင်သစ်တပ်များ ချိမ့်ချိမ့်သည်း အောင်ပွဲခံသော်လည်း ပင်လယ်တွင် ရေတပ်အင်အား တောင့်တင်းသည့် အင်္ဂလန်တို့အား ၁၈၀၅ ထရော်လဖာတိုက်ပွဲတွင် အကြီးအကျယ်ရှုံးရသည်။ နောက်ခြောက်ပတ်တွင် ဩစတီးယား နှင့်ရုရှားနှစ်နိုင်ငံ တပ်ပေါင်းစုကို ဩစတာလစ်တွင် နိုင်သော်လည်း အကျိုးမထူးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် အင်္ဂလန်တို့ ဗိုလ်စွဲပြီးဖြစ်သဖြင့် ပြင်သစ်တို့မှာ များစွာနစ်နာရလေသည်။ ၁၈၀၈တွင် အိုဗေရီယန်ကျွန်းသို့ မလိုအပ်ပဲပြင်သစ်တပ်များကို ပို့ပြီးတပ်စွဲထားစေခြင်းဖြင့် အမှားတစ်ရပ်ကို ကျူးလွန်လိုက်သေးသည်။ ထို့ပြင် အရေးပါသည့် သမိုင်းဖြစ်ရပ်တစ်ခုမှာ အမေရိကရှိ ပြင်သစ်ပိုင် လူဝီစီယားနားပြည်နယ်ကို အမေရိကန်ပြည်ထောင်စုထံ ရောင်းချပစ်ခဲ့သည်။ အရှုံးများ အကြီးဆုံးသော ပြင်သစ်တို့၏ ဆုံးရှုံးမှုနှင့် နပိုလီယန်၏ အမှားမှာ ရုရှားနိုင်ငံသို့ချီတက်ခြင်းဖြစ်သည်။ ၁၈၀၇တွင် ရုရှားဇာဘုရင်နှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ၁၈၁၂တွင် ရုရှားကိုတိုက်သည်။ ရုရှားတပ်များက နပိုလီယန်တပ်ကို ရင်ဆိုင်တိုက်သည်မရှိပဲ ရှောင်ရှားသွားကြသည်။ ထို့ကြောင့် ပြင်သစ်တပ်များမှာ မော်စကိုမြို့ထိ အခက်အခဲကြီးကြီးမားမား တစ်စုံတစ်ရာမတွေ့ပဲ ချီတက်သွားနိုင်ခဲ့သည်။ သို့သော် မော်စကိုမှာ ရုရှားတို့မီးတိုက်ကာ ချန်ခဲ့သဖြင့် အကြီးအကျယ် ဒုက္ခရောက်တော့သည်။ မော်စကိုတွင် တပ်ချကာ ရုရှားမှစစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်ကို ငါးပတ်တိတိ စောင့်သော်လည်း အကျိုးမထူးတော့သဖြင့် တပ်ခေါက်ပြန်ရန် ဆုံးဖြတ်သည်။ သို့သော် အချိန်နှောင်းလေပြီ။ ရုရှားတပ်များ၊ ရုရှားဆောင်းတွင်း၊ ရိက္ခာမလုံလောက်သည့် ဒဏ်များကို မရှုမလှခံစားရကာ ပြင်သစ်ပြန်အရောက်တွင် စစ်သည် ၁၀ရာခိုင်နှုန်းသာ ကျန်တော့သည်။ ဩစတြီးယား၊ ပရပ်ရှား အစရှိသည့် သိမ်းပိုက်ခံများအနေဖြင့်လည်း ယခုအချိန်သည် ပြင်သစ်တို့ကို တော်လှန်ရန် အချိန်ကောင်းဖြစ်ကြောင်း နားလည်သည့်အလျှောက် တော်လှန်ကြသည်။ ထိုသို့ဖြင့် နှစ်ဖက် ရင်ဆိုင်တိုက်သည့် လိုက်ပဇ်တွင် ပြင်သစ်တပ်များ ထပ်မံအရေးနှိမ့်သဖြင့် အင်အားနည်းကြောင်း သိသာစွာ ပေါ်လွင်သည်။ တစ်နှစ်အကြာတွင် ရာထူးမှ နုတ်ထွက်ကာ အီတလီအနီးရှိ အယ်လာဗ်ကျွန်းသို့ အကျယ်ချုပ်ဖြင့် အပို့ခံရသည်။ ထိုကျွန်းမှ ၁၈၁၅တွင် ထွက်ပြေးလာကာ ပြင်သစ်ပြန်ရောက်သော် ပြည်သူတို့က ဝမ်းပမ်းတသာကြိုဆိုပြီး အာဏာပြန်အပ်ကြသည်။ အာဏာရသည့်နှင့် အခြားဥရောပနိုင်ငံများကို စစ်ကြေညာသည်။ အာဏာရပြီး ရက်တစ်ရာတွင် တိုက်ခိုက်ကြသည့် ဝါးတာလူးတိုက်ပွဲတွင် ရှုံးသဖြင့် ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စိန့်ဟယ်လင်နာ ကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ စိန့်ဟယ်လင်နာကျွန်းတွင်ပင် အကျဉ်းသားအဖြစ် နေထိုင်သွားခဲ့ရပြီး ကင်ဆာရောဂါဖြင့် ၁၈၂၁ တွင် ကွယ်လွန်ရှာသည်။ သေဆုံးခြင်းအကြောင်း အစာအိမ်ကင်ဆာဖြင့် သေဆုံးသည်ဟု နပိုလီယန်၏ ဆရာဝန်၏ ခွဲစိတ်စစ်ဆေးမှုမှတ်တမ်းတွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် အာဆင်းနစ်အဆိပ်ဖြင့် အသတ်ခံရသည်ဟု ယူဆလာကြသည်။ အကြောင်းမှာ နပိုလီယန် သေဆုံးခါနီးဆံချည်တို့တွင် အာဆင်းနစ်ပါဝင်နှုန်း အဆမတန် မြင့်မားနေခြင်းကြောင့်ဖြစ်သည်။ ၂၀၀၇ နှင့် ၂၀၀၈ တွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ နပိုလီယန်သည် ကလေးဘဝတည်းက သဘာဝအလျောက် အာဆင်းနစ်ဓာတ်သင့်နှုန်း များပြားခဲ့ပြီး အစာအိမ်ကင်ဆာဖြင့် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း ပြင်သစ်နိုင်ငံ နိုင်ငံတကာ ဘုရင်များ အာဏာသိမ်း ခေါင်းဆောင်များ
https://my.wikipedia.org/wiki/%E1%80%94%E1%80%95%E1%80%AD%E1%80%AF%E1%80%9C%E1%80%AE%E1%80%9A%E1%80%94%E1%80%BA
သောမတ်စ် ဂျက်ဖာဆင်
သောမတ်စ် ဂျက်ဖာဆင် (; (၁၇၄၃–၁၈၂၆)) သည် အမေရိကန်ပြည်ထောင်စု၏ တတိယမြောက် သမ္မတ (၁၈၀၁–၁၈၀၉)၊ ဒုတိယမြောက် ဒုတိယ သမ္မတ (၁၇၉၇–၁၈၀၁)၊ ပထမမြောက် နိုင်ငံခြားရေး ဝန်ကြီး (၁၇၉၀–၁၇၉၃) နှင့် ပြင်သစ်နိုင်ငံသို့ သံအမတ် (၁၇၈၅–၁၇၈၉) ဖြစ်သည်။ ထို့အပြင် ၁၇၇၆ တွင် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ဦးဆောင် ရေးသားခဲ့သူ ဖြစ်သည်။ ငွေကြေးစနစ်၊ ပညာရေးနှင့် ဥပဒေရေးရာများကို ပြုပြင် တည်ဆောက်သူ၊ ဗာဂျီးနီးယား တက္ကသိုလ်ကို တည်ထောင်သူ အဖြစ် လူတို့က အောက်မေ့ ချီးကျူးကြသည်။ ဘဝအစ ဗာဂျီးနီးယားပြည်နယ်၊ အဲလဗီမားခရိုင် ရှတ်ဝဲလ်တွင် ၁၇၄၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား မြို့ပြအင်ဂျင်နီယာ ပီတာဂျက်ဖာဆန်ဖြစ်သည်။ ပီတာဂျက်ဖာဆန်သည် အနောက်ဘက်နယ်စပ်ဒေသတွင် ယာမြေပေါင်း မြောက်မြားစွာပိုင်သူဖြစ်ရာ သားဖြစ်သူ သောမတ်စ်သည် ငယ်စဉ်ကပင် ကျေးလက်တောရွာလုပ်ငန်းများနှင့် လက်ပွန်းတတီး ဗဟုသုတရခဲ့လေသည်။ ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။ ၅ နှစ်သားအရွယ် ကျောင်းနေစကတည်းက သင်္ချာဘာသာရပ်များတွင် ထူးချွန်ခဲ့လေသည်။ ၉ နှစ်သား အရွယ်မှစ၍ လက်တင်၊ ဂရိ၊ ပြင်သစ်ဘာသာများကို သင်ယူသည်။ ၁၇ နှစ်အရွယ်တွင် ဝီလျံစဗတ်မြို့တွင် ဝင်ရောက်ပညာသင်ကြားလေသည်။ သင်္ချာဘာသာ၌ ငယ်စဉ်ကပင် ထူးချွန်သူဖြစ်သည့်အလျောက် သင်္ချာဘာသာပါမောက္ခကြီး ဒေါက်တာဝီလျံစမော၏ ချီးကျူးခြင်းကို အထူးခံရသူဖြစ်၏။ ဒေါက်တာဝီလျံစမောသည် သောမတ်စ်ဂျက်ဖာဆန်အား ဗာဂျီးနီးယားပြည်နယ်မှ ထင်ရှားသော ဝတ်လုံတော်ရကြီး ဂျော့ဝစ်နှင့် မိတ်ဆက်ပေးသည်။ ဝီလီယမ်နှင့် မေရီကောလိပ်တွင် နှစ်နှစ်ကြာ ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှထွက်ခဲ့သည်။ ထို့နောက် ဂျော့ဝစ်ထံ၌ ဥပဒေပညာကို ၅ နှစ်မျှ ဆည်းပူးရလေသည်။ ထိုဥပဒေပညာသည်ပင် သူ့အား နိုင်ငံရေး၊ တိုင်းပြည်အုပ်ချုပ်ရေးတို့၌ အထောက်အပံ့ ဖြစ်စေခဲ့၏။ သို့ဖြင့် ၁၇၆၇ မှစကာ ဗာဂျီးနီးယားပြည်နယ် လိုင်စင်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ခုနှစ်နှစ်အတွင်း ရှေ့နေအဖြစ်လည်းကောင်း၊ မြေပိုင်ရှင်အဖြစ်လည်းကောင်း နေထိုင်ခဲ့သည်။ နိုင်ငံရေးသမားဘဝ ဂျက်ဖာဆန်သည် ဗာဂျီးနီးယား ဥပဒေပြု အောက်လွှတ်တော်သို့ ၁၇၆၉ ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရသည်။ ၁၇၇၄ တွင် ထုတ်ဝေသော ဗြိတိသျှကိုလိုနီအမေရိကရှိ လူတို့၏ရပိုင်ခွင့်မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါးလက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရက်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန်ပြီးနောက် လွတ်လပ်ရေးကြေညာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။ သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူတို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။ လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး ဗာဂျီးနီးယားပြည်နယ်မှတ်စု အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖော်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။ ၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် ပြင်သစ်သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် ဘင်ဂျမင် ဖရမ်ကလင်ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။ ၁၇၉၄ တွင် အမေရိကသို့ ပြန်ရောက်လျှင် ချက်ချင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီး (Secretary of State) အဖြစ် ရာထူးခန့်အပ်ခံရသည်။ သို့သော် ဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒား ဟာမီတန်နှင့် သဘောထားချင်း မတိုက်ဆိုင်ပဲ အတိုက်အခံဖြစ်လာသည်။ သို့ဖြင့် ဟာလ်မီတန်၏ သဘောထားကို ထောက်ခံသည့် သူများက ဖယ်ဒရယ်ပါတီကို တည်ထောင်ကြသလို ဂျက်ဖာဆင်ကို ထောက်ခံသူများကလည်း ဒီမိုကရက်တစ် ရီပါပလီကင်ပါတီ (ယနေ့ ဒီမိုကရက်တစ်ပါတီ)ကို အပြိုင်အဆိုင် ဖွဲ့ကြသည်။ ၁၇၉၆ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျွန်အဒမ်၏နောက် ဒုတိယမဲအများဆုံးရကာ ဒုတိယ သမ္မတ ဖြစ်လာသည်။ (ထိုစဉ်က ဖွဲ့စည်းပုံအရ မဲရာခိုင်နှုံး ဒုတိယအများဆုံးရသူက ဒုတိယသမ္မတ ဖြစ်သည်။ ယနေ့တွင် ထိုကဲ့သို့ မဟုတ်တော့ပါ။) ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မှ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာသည်။ သမ္မတဖြစ်လာလျှင် မိမိအတိုက်အခံများနှင့် ဆက်ဆံရေးပြေလည်အောင် မျှတစွာ နေထိုင်ဆက်ဆံသည်။ (ထိုမှစကာ နိုင်ငံရေးတွင် အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက်လေးလေးစားစား ဆက်ဆံသည့် အလေ့အထကောင်းကို တည်ဆောက်ပေးခဲ့သည်ဟု ဆိုနိုင်သည်။) ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွက် နောင်တစ်ချိန်တွင် အကြီးအကျယ် အကျိုးရှိစေမည့် ကိစ္စတစ်ရပ်ကို မထင်မှတ်ပဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုကိစ္စမှာ အခြားမဟုတ်၊ လူဝီစီယားနားနယ် ကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (ထိုစဉ်က အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၃ ပြည်နယ်၏ ဧရိယာစုစုပေါင်းနှင့် လူဝီစီယားနားပြည်နယ်၏ ဧရိယာမှာ များစွာမကွာလှပေ။) ဂျက်ဖာဆန်၏ သမ္မတသက်တမ်း ၄ နှစ်အတွင်းတွင် အမေရိကန်ပြည်၌ ဒီမိုကရေစီဝါဒသည် အလွန် ထွန်းကားခဲ့ပေသည်။ ၁၈၀၄ တွင် သမ္မတသက်တမ်း နောက်တစ်ကြိမ် အရွေးခံရပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သည်။ သို့သော် ၁၈၀၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ရှေ့မှ ဂျော့ချ် ဝါရှင်တန်၏ လမ်းစဉ်အတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ပြီး သမ္မတအဖြစ်မှ အနားယူသည်။ ဒုတိယအကြိမ် သမ္မတဘဝနှင့် ၁၈ဝ၈ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ ကျွန်အရောင်းအဝယ်ကို ပိတ်ပင်ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတရာထူး သက်တမ်း ကုန်ဆုံး သောအခါ ဂျက်ဖာဆန်မှာ အကြွေးဒေါ်လာ ၂ဝ,ဝဝဝ ခန့် တင် နေသည့်အတွက် သူစုဆောင်းထားခဲ့သော စာအုပ်ပေါင်း ၁၃,ဝဝဝ ပါဝင်သည့် စာကြည့်တိုက်ကို ပြည်ထောင်စု အစိုးရ သို့ အဖိုးငွေ ၂၃,၉၅ဝ ဒေါ်လာဖြင့် ရောင်းချ၍ဆပ်ရလေသည်။ ဂျက်ဖာဆန်မှာ ဆွေမျိုးသားချင်း မိတ်သင်္ဂဟပေါများသူဖြစ်၍ အိမ်တွင် ဧည့်သည်မပြတ်ရှိရာ စာကြည့်တိုက် ရောင်းရငွေမှာလည်း မကြာမီပင် ကုန်လေတော့သည်။ ထိုကြောင့် အိမ် ကလေးတစ်လုံးဆောက်ကာ တိမ်းရှောင်နေရသည်ဟုပင် အချို့ က ဆိုကြသည်။ သို့သော် ပြည်ထောင်စုအစိုးရထံမှ အထောက် အပံ့အဖြစ် စုဆောင်း၍ ပေးသောငွေ ၁၆,၅ဝဝ ဒေါ်လာရရှိသောကြောင့်သာလျှင် ဂျက်ဖာဆန်မှာ အနည်းငယ်ခံသာသည်။ သို့ နှင့်လည်း ထောက်ပံ့ငွေရပြီး မကြာမီ သူပိုင်ပစ္စည်းများဖြစ်သော အိမ်ထောင်ခမ်းနား၊ ငွေထည်ပစ္စည်း၊ ပန်းချီကားများနှင့်တကွ ဗာဂျီးနီးယားနယ် ရှားလော့စဗီးမြို့ရှိ သူပိုင် မွန်တီစယ်လို အိမ်နှင့် ဝင်းခြံကို ရောင်းချ၍ အကြွေးများ ပေးဆပ်ရသေး၏။ သမ္မတရာထူး ၂ ကြိမ်တိုင်တိုင် ဆက်ယူပြီးနောက် တတိယအကြိမ် အရွေးမခံတော့ဘဲ အနားယူလိုက်တော့သည်။ ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်များ ပညာရေးနှင့်ပတ်သက်ပြီး ဂျက်ဖာဆင်က လူတိုင်းမူလတန်းပညာကို သင်ကြားထားရမည်။ အရည်အသွေး ရှိသူများကို တက္ကသိုလ်များတွင် ပညာသင်ကြားစေရမည်။ ထိုသို့ သင်ကြားနိုင်ရန် ထောက်ပံ့ရေး ရန်ပုံငွေ ထားရှိရမည်ဟု ဗာဂျီးနီးယား လွှတ်တော်တွင် အကြံပြုသည်။ ထိုအကြံပြုချက်ကို အစက လက်မခံကြသော်လည်း နောင်တွင် ဗာဂျီးနီးယားပြည်နယ်သာမက အမေရိကန် တစ်နိုင်ငံလုံး ကျင့်သုံးကြသည်။ ၁၈၁၉ တွင် အစိုးရနှင့် စီမံကိန်းစာချုပ်ချုပ်ဆိုပြီး ဗာဂျီးနီးယားတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ထိုအချက်မှာလည်း အလွန်အကျိုးရှိပြီး အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်သည်။ ဥပဒေရေးဆိုင်ရာ စွမ်းဆောင်ချက်များ ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်ဘဝက အုပ်ချုပ်ရေးနှင့် ခရစ်ကျောင်းတော်တို့ကို ရောထွေးမထားပဲ သီသန့်ခွဲခြားထားရန်၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရန် တင်ပြခဲ့သည်။ ထိုစဉ်က ကန့်ကွက်မှုများကြားမှ အတည်ပြုခဲ့ပြီး နောင်တွင် အမေရိကန်၏ အခြားပြည်နယ်များသာမက၊ အမေရိကန်ပြည်ထောင်စု အနေဖြင့်ပါ ထိုအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခဲ့ကြသည်။ ငွေကြေး၊ အလေးချိန်နှင့် အတိုင်းအတာ စနစ်များတွင် ဆယ်လီစနစ် (၁၀ x ၁၀) ကို ကျင့်သုံးရန် တင်ပြခဲ့သည်။ ငွေကြေးစနစ်အတွက် ဥပဒေအတည်ပြုနိုင်သော်လည်း ကျန်အလေးချိန်နှင့် အတိုင်းအတာစနစ်များတွင်မူ နောင်မှ အတည်ပြုနိုင်သည်။ နောက်တိုးပြည်နယ်သစ်များတွင် ကျွန်စနစ်ကို ကျင့်သုံးခွင့်မပေးရန်အဆိုမှာ တစ်မဲအလိုဖြင့် ကပ်ပြီးရှုံးနှိမ့်ခဲ့ရသည်။ အခြားစွမ်းဆောင်ချက်များ ဘာသာစကားကျွမ်းကျင်ပြီး ဘာသာစကား ၆ မျိုးပြောနိုင်သည်။ သဘာ၀နှင့် သိပ္ပံပညာရပ်များကို ဝါသနာထုံပြီး ဗိသုကာ ပညာရပ်တွင်လည်း ကျွမ်းကျင်သည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း သိပ္ပံနည်းကျ စိုက်ပျိုးသူအဖြစ် နာမည်ရသည်။ ထို့ပြင် ပစ္စည်းကိရိယာ အသေးအဖွဲလေးများကိုလည်း တီထွင်ထုတ်လုပ်ခဲ့သေးသည်ဟု ဆိုသည်။ အထက်ပါ အချက်များကို ကြည့်လျှင် သောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။ အနားယူပြီး ဘဝ သမ္မတအဖြစ်မှ အနားယူပြီးသည့် အခါတွင် သူ၏ နေရပ်ဖြစ်သော ရှားလော့စဗီး၌ ဗာဂျီးနီးယားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ဆောင်ရန် လုံးပန်း ဆောင်ရွက်လေသည်။ တက္ကသိုလ်၏ အဆောက်အအုံ ကြီးများကို သူကိုယ်တိုင် စနစ်ပုံရေးဆွဲ၍ တည်ဆောက်ရာတွင်ကြပ်မတ် ကြည့်ရှုခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်၏ အမည်သည် အမေရိကန်နိုင်ငံရေးလောကတွင်သာမဟုတ် ဗိသုကာလောကတွင်လည်း ဥဒါန်းတွင်ရစ်ပေသည်။ ဂျက်ဖာဆန်သည် ပထဝီဝင်၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပါဏဗေဒတို့ကိုလည်း ဝါသနာအလျောက် လိုက်စားခဲ့သည်။ လယ်ယာစိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ခြင်းတို့အပြင် ဆေးပညာ၊ ခွဲစိတ်ကုသခြင်းပညာနှင့် သင်္ချာဘာသာရပ်များတွင်လည်း အထူးပင် ဝါသနာထုံသူ ဖြစ်၏။ ထိုမျှသာမကသေး အယူဝါဒဆိုင်ရာဖက်တွင်လည်း မလစ်ဟင်း ခဲ့ချေ။ စာပေနှင့် ဝေါဟာရများကိုလည်း ဂရုစိုက်သည်။ အမေရိကန် ယထာဘူတပညာ အသင်းကြီးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။ မိသားစုဘဝနှင့် ဘဝနိဂုံး ၁၇၇၂ ခုနှစ်တွင် သောမတ်စ်ဂျက်ဖာဆန်သည် အသက် ၂၃ နှစ်အရွယ်ရှိ မုဆိုးမ မိန်းမချောလေး မာသာဝေးစကယ် လတန်နှင့် လက်ထပ်သည်။ သူတို့မောင်နှံစုံမှာ အလွန်ချစ်ခင် ပျော်ရွှင်စွာ မွန်တီစယ်လိုခေါ် တောင်ကုန်းအိမ်ကလေး၌ နေ ထိုင်ကြ၏။ မာသာနှင့် သားသမီး ၆ ယောက် မွေးဖွားသည့် အနက် မိန်းကလေး ၂ ယောက်သာ အဖတ်တင်သည်။ ဇနီးဖြစ်သူနှင့် နှစ်နှစ်ဆယ်ပေါင်းသင်းခဲ့ပြီး ၁၇၈၂ တွင် ဇနီးကွယ်လွန်ရာ သားသမီး ၆ ဦး ထွန်းကားခဲ့သည်။ မုဆိုးဖိုဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာသည့် နှစ် ၅၀ မြောက်နေ့ဖြစ်သည့် ၄၊ ဇူလိုင်၊၁၈၂၆ တွင် အသက် ၈၃ နှစ် အရွယ်ရှိ ဂျက်ဖာဆင် ကွယ်လွန်သည်။ သူ၏ သင်္ချိုင်းအုပ်ဂူတွင်စိုက်ထူမည့် ကမ္ဗည်းကျောက်တိုင်ကို မကွယ်လွန်မှီကပင် ကိုယ်တိုင်ထွင်းထုထားခဲ့ပြီး ထိုကမ္ဗည်းကျောက်တိုင်တွင် သူ့အကြောင်း အမှတ်တရဖြစ်စေမည့် အချက်သုံးချက်ကိုသာ ထည့်သွင်းသွားခဲ့သည်။ မိမိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုမူ ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည်မှာလည်း ထူးခြားလှပါသည်။ ရည်ညွှန်းကိုးကား အမေရိကန် သမ္မတများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B1%E1%80%AC%E1%80%99%E1%80%90%E1%80%BA%E1%80%85%E1%80%BA%20%E1%80%82%E1%80%BB%E1%80%80%E1%80%BA%E1%80%96%E1%80%AC%E1%80%86%E1%80%84%E1%80%BA
ဆိုင်လန်
ချိုက်လွန်(蔡倫 Cai Lun) (အေဒီ ၁၀၅ ဝန်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၎င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မွေးဖွားသည်၊ ကွယ်လွန်သည်ကို လည်းမသိရပေ။ ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရစ္ဆာန်တို့၏ အရိုးများ၊ သစ်ခေါက်များ၊ လိပ်ခွံများနှင့် ဝါးခြမ်းပြားများပေါ်တွင် ဗျည်းအက္ခရာများကို ရေးထွင်းမှတ်တမ်းတင် သယ်ဆောင်သွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက် များစွာပင် အဆင်ပြေလာပြီး အသိပညာ၊ စာပေဗဟုသုတတို့ကိုလည်း လွယ်ကူစွာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်လာသည်။ ထို့ကြောင့် စက္ကူကျေးဇူးမှာ မသေးလှဟုဆိုရမည်။ ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus) ကျူပင်မှ တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမြင့်သောကြောင့် သုံးစွဲမှု မတွင်ကျယ်လှပေ။ တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက် မိန်းမစိုးဖြစ်သူ ချိုက်လွန်က စက္ကူကို တီထွင်သည်ဟု သိရှိရသည်။ ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချခံရကာ မထင်မရှား တိမ်မြှုပ်ပျောက်ကွယ် ရရှာသည်။ သို့သော် အချို့သော မှတ်တမ်းများအရ ချိုက်လွန်သည် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ရေချိုး၊ အဝတ်ကောင်းဝတ်ပြီး အဆိပ်သောက်ကာ အဆုံးစီရင်ခဲ့သည် ဟုလည်းဆိုသည်။ သို့ဖြင့် စက္ကူမှာ အရေးကြီး၊ ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ် ကုန်ပစ္စည်းအမယ်တစ်မျိုး အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း စတင်လာတော့သည်။ အစက တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန် လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။ သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့် တရုတ်အချို့ကို အာရပ်တို့ ဖမ်းမိသဖြင့် အာရပ်တို့လည်း စက္ကူလုပ်နည်း ရရှိသွားခဲ့သည်။ မကြာမှီပင် ဘက္ကဒက်မြို့မှ စက္ကူများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့ ရရှိသည်မှာမူ ၁၂ ရာစုရောက်မှဖြစ်သည်။ တီထွင်မှုကြောင့် ကွာဟသွားသော ယဉ်ကျေးမှု စက္ကူလုပ်နည်းသည် အာရပ်လောက၌ ပျံ့နှံ့သွားပြီး၊ ၁၂ ရာစုတွင် ဥရောပက အာရပ်များမှ တဆင့် ရရှိသည်။ စက္ကူသုံးစွဲမှု တဖြည်းဖြည်း ပျံ့နှံ့လာပြီး ဂူတင်ဘတ်က ပုံနှိပ်စက်ကို တီထွင်ပြီးသည့်အခါ၌ အနောက်နိုင်ငံများသည် ပေကညစ်အစား ‌စာရေးရာ၌ စက္ကူကို အစားထိုး သုံးစွဲလာရသည်အထိ တီထွင်မှုသည် အောင်မြင် ကြီးကျယ်သည်။ တရုတ်ပြည်၌ ချိုက်လွိမ် မတိုင်မီအချိန်က စာအုပ်အတော် များများကို ဝါးနှင့် ပြုလုပ်သည်။ စာအုပ်များသည် လေးလံ၍ သယ်ရပင်ပန်းသည်။ အချို့စာအုပ်များကို ပိုးချည်ပေါ်၌လည်း ရေးသားသော်လည်း အများ သုံးရန်အတွက်မူ အလွန် ဈေးကြီးသည်။ အနောက်နိုင်ငံများသည် စက္ကူမပေါ်မီက သိုးသားရေချော၊ နွားငယ် အရေချောများဖြင့် ပြုလုပ်ထားသော သားရေချောပေါ်၌ စာရေးရသည်။ ဂရိ၊ ဥရောပနှင့် အီဂျစ်လူမျိုးများက ကျူစက္ကူမျိုးကို အသုံးပြုသည်။ သားရေချောတင်မက ကျူစက္ကူများပါ စာရေးနိုင်သည့် အဆင့် ဖြစ်လာအောင် ပြုပြင်မှုမှာလည်း ကုန်ကျစရိတ် အလွန်ထောင်း‌သည်။ ချိုက်လွိမ်က စတီထွင်လိုက်သော စက္ကူသည် စာရေးသည့်အခါ၌ သာမဏ အဘက်ဘက်၌လည်း အသုံးဝင်သည်။ ချိုက်လွမ်သည် ဂူတင်ဘတ် အလျင် ပေါ်ပေါက်ခဲ့သူ ဖြစ်ပြီး စက္ကူကို မတီထွင်ခဲ့ပါက ဂူတင်ဘတ်သည် ပုံနှိပ်စက်ကို တီထွင်နိုင်ရန် အကြောင်း မရှိနိုင်ဟု ယူဆကြသည်။ အေဒီ ၂ ရာစုမတိုင်မီ တရုတ်တို့ ယဉ်ကျေးမှုသည် အနောက်တိုင်းယဉ်ကျေးမှုလောက် တိုး‌တက်ခြင်း မရှိဘဲ၊ အေဒီ ၁ ရာစုမှ ၁၀ ရာစုထိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ လောက်အထိ တရုတ်ယဉ်ကျေးမှုသည် အနောက်တိုင်းထက် ပို၍ တိုးတက်မှု ရှိသည်။ ၁၅ ရာစု နောက်ပိုင်း၌မူ အနောက်ဥရောပက တရုတ်ထက် ပိုတိုးတက်လာသည်။ အကြောင်းရင်းမှာ အလွန်ပင် ရှင်းလင်းသည်။ စိုက်ပျိုးရေးနှင့် ပေထက်အက္ခရာတင် စာရေးသားမှု၌ တရုတ်ပြည်ထက် အရှေ့အလယ်ပိုင်းနိုင်ငံများက တီထွင်သည်။ ချိုက်လွိမ် မတိုင်မီက တရုတ်ပြည်၌ စာရေးရန် ပစ္စည်းကိရိယာ အလွယ်တကူ မရှိချေ။ အနောက်နိုင်ငံ၌ အရည်အသွေးမကောင်းလှသော်လည်း သစ်သား၊ ဝါးဖြင့် ပြုလုပ်သည့် စာရေးပစ္စည်းထက် သာသည့် ကျူစက္ကူ ရှိသည်။ စာများကို မှတ်တမ်းတင်ရန် သင့်တင့်လျောက်ပတ်သော ပစ္စည်း မရှိခြင်းသည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရာ၌ ကြီးမားသော အဟန့်အတား ဖြစ်နေခဲ့သည်။ တရုတ်စာပေပညာရှင် တယောက်သည် စာအုပ်အနည်းငယ်မျှကို သယ်ယူရန်ပင် ဝေါယာဉ် တခု လိုသည် ဖြစ်ရာ၊ ဤနည်းဖြင့် အစိုးရ ယန္တရားများကို အုပ်ချုပ်ရန် အလွန်ပင် ခဲယဉ်းမည်ကို ခန့်မှန်း ကြည့်နိုင်ခဲ့သည်။ ချိုက်လွိမ်၏ စက္ကူ တီထွင်မှုကြောင့် အခြေအနေ အရပ်ရပ် လုံးဝ ပြောင်းလဲသွားကာ၊ စာရေးရန်နှင့် မှတ်တမ်းတင်ရန် စက္ကူတီထွင်ပြီး ရာစုနှစ် အနည်းငယ်အတွင်း၌ အနောက်နိုင်ငံကို အမီလိုက်နိုင်သွားသည်။ အနောက်နိုင်ငံ၏ ယဉ်ကျေးမှု နှေးကွေးစွာ ဖွံ့ဖြိုးနေစဉ် ရေကြောင်းပြ လမ်းညွှန်အိမ်မြှောင်၊ ယမ်းမှုန့်နှင့် ဘလောက် ပုံနှိပ်ခြင်းကို တီထွင်ပြီးသော တရုတ်တို့သည် စက္ကူကို တီထွင်လိုက်သည့် အခါတွင်မူ သားရေချောထက် ပို၍ ပေါများသည် ဖြစ်၍ တရုတ်က အနောက်နိုင်ငံထက် တိုးတက်သွားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက စက္ကူကို စသုံးလာပြီးနောက်၊ တရုတ်ယဉ်ကျေးမှုနှင့် ကွာဟချက်ကို လျော့နည်းအောင် လုပ်နိုင်ပြီး တရုတ်နှင့် ယှဉ်နိုင်လာသည်။ သို့သော်ငြား မာကိုပိုလို၏ ရေးသားချက်များအရ၊ ၁၃ ရာစုတုန်းက တရုတ်ပြည်သည် ဥရောပထက် ပို၍ ချမ်းသာကြွယ်ဝသည်ဟု ဖော်ပြသည်။ တရုတ်ပြည်သည် နောက်ပိုင်း အနောက်နိုင်ငံများ နောက်ကောက်သို့ ကျသွားသည့် အကြောင်းရင်းမှာ ၁၅ ရာစုနှစ်တွင် ဂူတင်ဘတ်ဟု ခေါ်သော ဉာဏ်ကြီးရှင် တဦးက စာအုပ်များ အမြောက်အမြား စုပြုံထုတ်နိုင်မည့် နည်းလမ်းသစ် တရပ်ကို ထုတ်ဖော်နိုင်ခဲ့သည်မှ စလေသည်။ ထို့နောက် ဥရောပတိုက်၏ ယဉ်ကျေးမှုသည် တဟုန်ထိုး တိုးတက်လာပြီး၊ ထိုစဉ် တရုတ်ပြည်၌ ဂူတင်ဘတ်မရှိသည် ဖြစ်ရာ တရုတ်တို့သည် ဘလောက်ပုံနှိပ်ခြင်းဖြင့်သာ ကျေနပ်နေသည် ဖြစ်၍ ယဉ်ကျေးမှု တိုးတက်နှုန်းသည် နှိုင်းယှဉ် ပြောသည် ရှိသော် နှေးကွေးသွားသည် ဆိုသည်။ မည်သို့ပင် ဆိုစေ၊ စက္ကူသည် ချိုက်လွိမ် တီထွင်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်မှသာ ဥရောပတိုက်သားများ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး၊ အာရပ်များ ထံမှ တဆင့် ရရှိခြင်းလည်း ဖြစ်သည်။ စက္ကူ ထုတ်လုပ်နည်းသည် အလွန် ဉာဏ်ကြီးသော ပါရမီရှင် တဦး၏ တီထွင်မှု မျိုးပင် ဖြစ်ပြီး၊ သူတီထွင်ခဲ့သော စက္ကူလုပ်နည်းကို ယနေ့တိုင် ဆက်လက် အသုံးပြုနေကြသည်။ မှတ်စု ကိုးကား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် တီထွင်သူများ
https://my.wikipedia.org/wiki/%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9C%E1%80%94%E1%80%BA
ဂျိုးဇတ် စတာလင်
ဂျိုးဇတ်စတာလင် (Joseph Stalin) သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အမည်ရင်းမှ အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ် ဖြစ်ပြီး ကော့ကေးရှပ်တောင်တန်းများပေါ်ရှိ ယခင်ရုရှအင်ပါယာ၏ ပြည်နယ်တစ်ခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့ဂျော်ဂျီယာနိုင်ငံ) ရှိ လယ်သမား ဇနီးမောင်နှံတို့မှ ၁၈၇၉ ခုနှစ်၊ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ တော်လှန်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်သောအခါ၌ စတာလင်ဟူသော အမည်သို့ ပြောင်းခဲ့လေသည်။ စတာလင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ သံမဏိ ဖြစ်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစကားကို သင်ယူရသဖြင့် သူ၏ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟုဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို (၂၅) နှစ်မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင်ရက်စက်သူ၊ အလွန်အမင်းကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှ သမိုင်းတွင်သည်အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်းသန်းနှင့်ချီကာ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုသည်။ တစ်ဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးဩဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှားပါသေးသည်။ ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ ဖခင် ဖိနပ်ချုပ်သမားမှာ အရက်အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမားဖခင်ကွယ်လွန်ချိန်တွင် အသက် ၁၁နှစ်သာရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ သားဖြစ်သူအား ဘုန်းကြီး လုပ်စေလိုသော မိခင်၏ဆန္ဒအရ စတာလင်သည် ၉ နှစ်သားအရွယ်၌ ကျမ်းစာ သင်ကျောင်းသို့ ဝင်ရောက် ပညာသင်ကြားလေသည်။ ထိုကျောင်း၌ပညာဆုံးခန်း တိုင်၍ ၁၅ နှစ်အရွယ် ရောက်လျှင် ဂျော်ဂျီယာပြည်နယ်၏ မြို့တော်ဖြစ်သော တစ်ဖလစ်မြို့ရှိ သာသနာ့ ဝန်ထမ်းဆိုင်ရာ ကျောင်းသို့သွားရောက်ကာ ကျမ်းစာများကို ဆက်လက်ဆည်းပူးသည်။ ၁၈၉၉ အသက် ၁၉ နှစ်အရွယ်တွင် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့သဖြင့် ဖောက်ပြန်သည့်အယူဝါဒများကို ဖြန့်ချိသည် ဟူသော စွပ်စွဲချက်ဖြင့် တစ်နှစ်အကြာတွင် သာသနာ့ဝန်ထမ်းကျောင်းမှ ထုတ်ပယ်ခြင်း ခံရလေသည်။ ထို့နောက် စတာလင်သည် တစ်ဖလစ်မြို့ ၌ပင် စာရေးအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရင်း၊ ဇာဘုရင် တော်လှန်ရေးလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေစဉ် ဘုရင့်အစိုးရသည် စတာလင်အား ၁၉ဝ၁-ခုနှစ်၊ အလုပ်သမားများ ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု ဖမ်းဆီးကာ ဆိုက်ဗီးရီးယားသို့ နယ်နှင်လိုက်လေသည်။ ၁၉ဝ၄-ခုနှစ်မှ ၁၉၁၇-ခုနှစ်များအတွင်း စတာလင်သည် ဆိုက်ဗေးရီးယားမှ လေးကြိမ်တိုင်တိုင် ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံး၌ အဖမ်းခံရသည်ချည်း ဖြစ်၏။ ၁၉ဝ၃ ခုနှစ်တွင် ဗော်လရှီဗစ် နှင့် မင်ရှီဗစ် ဟူ၍ ရုရှဆိုရှယ် ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသွားသောအခါ စတာလင်သည် လီနင်ဦးစီးသော ဗော်လရှီဗစ်အဖွဲ့သို့ လိုက်ပါခဲ့သည်။ ဆိုက်ဗီးရီးယားမှ မကြာခဏ ထွက်ပြေး လွတ်မြောက်ခိုက်အတွင်း စတာလင်သည် ဗော်လရှီဗစ်တို့၏ ပြည်သူ့ တော်လှန်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လေ၏။ နိုင်ငံရေးသမားအနေဖြင့် (၆) ကြိမ်တိုင်တိုင်ဖမ်းဆီးခံခဲ့ရပြီး သံမဏိလူသား ဟူသော အမည်ပြောင်ကိုပါ ရရှိခဲ့သည်။ ထိုအတောအတွင်း စတာလင်သည် ၁၉ဝ၅-ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ ကျင်းပသော ဗော်လရှီဗစ် ညီလာခံသို့ ကော်ကေးဆပ်နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသဖြင့် ခေါင်းဆောင်ကြီး လီနင်နှင့် စတင်တွေ့ရှိခဲ့၍ ၁၉၁၂ ခုနှစ်တွင် ဗော်လရှီဗစ်တို့၏ ဗဟိုအမှုဆောင်တစ်ဦး ဖြစ်လာသည်။ နောင်အခါ၌ ဆိုဗီယက် ရုရှအစိုးရ၏ အာဘော် ဖြစ်လာမည့် ပရာဗဒါ သတင်းစာ၏ စာတည်း အဖြစ်ဖြင့်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သေးသည်။ အာဏာရယူခြင်း ၁၉၁၇-ခုနှစ်တွင် ဇာဘုရင် အရေးနိမ့်၍ ရုရှတော်လှန်ရေးသမားများဖြစ်သော ဗော်လရှီဗစ်တို့ အာဏာရလာသောအခါ စတာလင်သည် လီနင်ဦးစီးသော ဆိုဗီယက် အစိုးရအဖွဲ့သစ်တွင် လူမျိုးစုရေးရာ ဝန်ကြီး ဖြစ်လာသည်။ ရှေ့ဆုံးမှဦးဆောင်သူ မဟုတ်သော်လည်း နောက်ပိုင်းကာလများတွင် အလွန်တက်ကြွစွာ လှုပ်ရှားလာသည်။ ဘုရင်စနစ်ကို ဆက်လက်ထားရှိလိုသော ရုရှဖြူများသည် ဗော်လရှီဗစ်တို့၏ ဆိုဗီယက်အစိုးရကို ပုန်ကန်လေရာ စတာလင်သည် ဆိုဗီယက် အစိုးရဘက်မှ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် ထင်ရှားလာကာ တော်လှန်ရေး စစ်ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်လာလေ၏။ သို့ဖြင့် ၁၉၂၂-ခုနှစ်တွင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည်။ ထို့ကြောင့် ဩဇာကြီးသူဖြစ်လာသည်နှင့်အညီ နောင်တွင် ပြိုင်ဘက်ကင်းအာဏာရှင်ဘဝကို တက်နိုင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။ လီနင်မကွယ်လွန်မှီကပင် စတာလင်ကို မနှစ်မြို့ကြောင်း အထင်အရှားပြခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်လည်း စိတ်ကူးရှိခဲ့သည်။ မိမိအားဆက်ခံရန်အတွက် လီယွန် ထရော့စကီး ကိုလိုလားသည်။ သို့သော် ၁၉၂၄-ခုနှစ်တွင် လီနင်ကွယ်လွန်သည်နှင့် ထိုအချက်များမှာ စတာလင်၏ မထီမဲ့မြင်ပြုခြင်းခံရတော့သည်။ ပါတီအာဏာကိုလည်း အတွင်းပိုင်းမှ အရာရောက်သည့် လက်ဖ်ကာ မိနက်ဖ်၊ ဂရီဂိုရီ ဇိနောဖစ်ဗ် တို့နှင့် ပူးပေါင်းပြီး သုံးဦးကော်မတီဖွဲ့ကာ ချုပ်ကိုင်ထားသည်။ နောက်အချိန်တိုအတွင်း ထရော်စကီနှင့် သူ၏နောက်လိုက်များကို ဖယ်ရှားပြီးနောက် မိနက်ဖ်နှင့် ဇိနော်ဖစ်ဗ် တို့ကိုပါ နှိပ်ကွက်သည်။ စတာလင်သည် ထိုရာထူးကို မိမိဆက်ခံနိုင်ရေးအတွက် လီနင်မကွယ်လွန်မီက ရရှိလိုက်သော ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို လက်ဝယ်ထားလျက် လီယွန်ထရော့စကီအား လီနင်ဝါဒသွေဖည်ရေးသမား ဟု ကျေညာကာ ကွန်မြူနစ်ပါတီမှ၎င်း၊ အစိုးရအဖွဲ့မှ၎င်း ထုတ်နုတ်၍ နိုင်ငံခြားသို့ နှင်လိုက်လေသည်။ ထိုသို့ ပါတီတွင်း လူကြိုက်များသူများနှင့် နောက်လိုက်များကို ရှင်းလင်းပြီးနောက်တွင် စတာလင်သည် မိမိစိတ်တိုင်းကျ လမ်းစဉ်များကို ချမှတ်အုပ်ချုပ်သည်။ ထိုမှမကြာမှီပင် ပါတီတွင်းမှ မိမိကိုထောက်ခံသူ လက်ယာယိမ်းများအား ခြေမှုန်းပြန်သည်။ ဤသို့ဆိုလျှင် ၁၉၃၄-ခုနှစ်မှစကာ စတာလင်တစ်ယောက် ဆိုဗီယက်ပြည်ထောင်စု၏ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လာတော့သည်။ အုပ်စိုးသူဘဝ ထို့နောက် စတာလင်သည် သူ၏ အစိုးရအဖွဲ့အား အတိုက်အခံပြု၍ ယှဉ်ပြိုင်သူများနှင့် သူ့အစိုးရအဖွဲ့၏ ဩဇာကို မညောင်းသူတို့အား ဖယ်ရှားရန် လျှို့ဝှက်ရဲအဖွဲ့များ ဖွဲ့စည်းခဲ့လေသည်။ သို့နှင့်ပင် ရုရှနိုင်ငံ၏ အာဏာရှင် ခေါင်းဆောင် ကြီးဟု အများက အသိအမှတ်ပြုလာကြရလေသည်။ အာဏာရသည်နှင့် မိမိနှင့် သဘောထားမညီသူများကို နိုင်ငံတဝန်း ပိုက်စိတ်တိုက်ရှာဖွေပြီး သတ်ဖြတ်သုတ်သင်တော့သည်။ အကြမ်းအားဖြင့် သုံးသည့်နည်းမှာ ရုတ်တရက်ဝင်ရောက် သာ့ဗ် မှာ ပထမဆုံး သုတ်သင်ခံရသူဖြစ်လာသည်(၁၉၃၄ ဒီဇင်ဘာ ၁)။ ထို့နောက် ထိုကိစ္စကိုပင် အကြောင်းပြကာ သုတ်သင်မှုပေါင်း မရေမတွက်နိုင်အောင် ဆက်လက်ပြုလုပ်သည်။ သို့ဖြင့် ၁၉၄၀ အရောက်တွင် ၁၉၁၇တော်လှန်ရေးနှင့် ၁၉၃၄ပါတီကွန်ဂရက်တွင် ပါဝင်ခဲ့သည့် ပါတီတွင်း ကျော်ကြားသူများမှာ မကျန်တော့ဟုပြောရလောက်အောင် ဖမ်းဆီး အပြစ်ပေး၊သုတ်သင်ခံခဲ့ရပြီဖြစ်သည်။ လျှို့ဝှက်ပုလိပ်များ၊ထောက်လှမ်းရေးများကို အသုံးပြုပြီး မည်သည့်အကြောင်းပြချက်မျှ မပေးပဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဆိုက်ဗေးရီးယားသို့ နယ်နှင်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည်တို့ကို သွက်လက်စွာအသုံးပြုသည်။ ခေါင်းဆောင်ပိုင်းမှလူများကို သုတ်သင်ရာတွင် ပြည်သူတို့ရှေ့တွင် ပါတီနှင့် တော်လှန်ရေးဦးတည်ချက်များကို သစ္စာဖောက်သည်ဟု ကိုယ်တိုင်ဝန်ခံစေပြီး သေဒဏ်စီရင်သည်။ ဝေဖန်ခြင်း နှင့် ကဲ့ရဲ့ပြောဆိုခြင်းကို နည်းနည်းလေးမှ သီးခံခြင်းမရှိပေ။ သို့ဖြင့် ၁၉၄၀မှစကာ အစိုးရ၏လက်တံများသည် လူထုအလွှာအသီးသီးထဲသို့ ပျံနှံဝင်ရောက်ပြီးဖြစ်ကာ အများဆန္ဒဆိုသည်မှာလည်း ဆိတ်သုဉ်းရတော့သည်။ စီးပွားရေးတည်ဆောက်မှု စတာလင်သည် ရုရှားနိုင်ငံ ခေါင်းဆောင်ကြီးအဖြစ် အာဏာရ လာသောအခါ မိမိတိုင်းပြည်ကို စိုက်ပျိုးရေး နိုင်ငံမှ စက်မှု လက်မှု နိုင်ငံအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် ငါးနှစ်စီမံကိန်း တစ်ရပ်ကို ရေးဆွဲလေသည်။ စတာလင်က လီနင်၏ စီးပွားရေးမူဝါဒ (အန်အီးပီး) ကိုဆန့်ကျင်လျက် ပိုမိုမြန်ဆန်သော စက်မှုထွန်းကားခြင်းနှင့် စီးပွားရေးအား ဗဟိုထိန်းချုပ်ခြင်းတို့ကိုတွန်းအားပေးသည်။ ယင်းစီမံကိန်းကို အကောင် အထည်ဖော်ရာ၌ နှောင့်နှေး ကြန့်ကြာစေသော ကွန်မြူနစ် စည်းမျဉ်းအချို့ကို ပြုပြင်သည်။ ရုရှနိုင်ငံ၌ ရေအားသုံး လျှပ်စစ်ဓာတ် အားပေး စခန်းများ၊ စက်ရုံကြီးများ အများအပြား ပေါ်ပေါက်လာခဲ့သည်မှာ စတာလင်၏ ငါးနှစ်စီမံကိန်း ဆောင်ရွက်ချက်များပင် ဖြစ်၏။ စီးပွားရေးပုံဖော်ပုံမှာ စိုက်ပျိုးရေးကို အမိန့်ပေးသည့် အသီးအနှံကိုသာ စုပေါင်းစိုက်ပျိုးစေသည့် စီမံကိန်းစနစ်ဖြစ်သည်။ တောင်သူလယ်သမားများ အတွက်အလွန်မှ အဆင်မပြေဖြစ်ရကား အငတ်ဘေးကြောင့်သော်လည်းကောင်း၊ အမိန့်မနာခံခြင်းကြောင့် နယ်နှင်ဒဏ်၊ သေဒဏ်ပေးခြင်း တို့ကြောင့် လည်းကောင်း လူ့အသက် သန်းနှင့်ချီဆုံးရှုံးပြီးမှ ထိုစီမံကိန်းစနစ် အောင်မြင်သည်ဟု ဆိုသည်။ စက်မှုကဏ္ဌတွင်လည်း အထက်ပါအတိုင်း စီမံကိန်းများချမှတ်ကာ နှစ်တိုငါးနှစ်စီမံကိန်းများဖြင့် တွန်းအားပေးသည်။ ရေတိုအတွင်း အလျင်အမြန်ဖြစ်ထွန်းသော်လည်း ညံ့ကွက်၊ဟာကွက်များမနည်းသည်မှာ ထင်ရှားလှသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အမြောက်အမြားဆုံးရှုံးသော်လည်း ထိုစီမံကိန်းမူဝါဒကြောင့် စစ်ပြီးကာလတွင် အချိန်တိုအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စက်မှုနိုင်ငံအဖြစ်ရောက်လာသည်။ သို့သော်သူမရှိသည်နောက်ပိုင်း စစ်အေးကာလတစ်လျှောက်လုံးတွင် စီမံကိန်းစနစ်၏ အားနည်းချက်များကြောင့် ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးမှာ အလွန်ကျပ်တည်းလာခဲ့ရသည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား လာသဖြင့် ယင်းစီမံကိန်းများ၏ လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့ ရသည်။ ဒုတိယကမ္ဘာစစ်၊စစ်အေး နှင့် စတာလင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားစ ၁၉၃၉ ခုနှစ်၊ စက်တင် ဘာလတွင် စတာလင်သည် ဂျာမနီအာဏာရှင်ဟစ်တလာနှင့် မကျူးကျော်ရေး စာချုပ် ချုပ်ဆိုလေသည်။ နှစ်ပတ်အကြာတွင် ဟစ်တလာက ပိုလန်အနောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သလို မရှေးမနှောင်းတွင် စတာလင်၏ ဆိုဗီယက်တပ်များက ပိုလန်အရှေ့ခြမ်းကို သိမ်းယူသည်။ ထိုနောက်ပိုင်းတွင် လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် အက်စတိုးနီးယား တို့ကို ဆက်တိုက်သိမ်းယူပြီး ထိုနိုင်ငံငယ်လေးများကလည်း လက်နက်ချကြသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် ပြည်နယ်များ ဖြစ်ရသည်။ ရိုမေးနီးယားကို ခြိမ်းခြောက်အညံ့ခံစေပြီး ဖင်လန်မှာ အညံ့မခံသဖြင့် တိုက်ယူသည်။ ထိုသို့တိုက်ရသည့် အကြောင်းပြချက်မှာ နာဇီဂျာမနီရန်မှ ကာကွယ်ရန်ဟု ဆိုသော်လည်း စစ်ပြီးသော် ထိုနိုင်ငံများကို ပြန်လည် လက်မလွတ်တော့ပဲ ဆက်လက်အုပ်ချုပ်သည်။ ဂျာမန်တို့၏ ပရိယာယ်ကို ကောင်းစွာ ရိပ်စားမိသော စတာလင်သည် ရုရှ နိုင်ငံ ကာကွယ်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်မှုများ ပြုလေသည်။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဂျာမန်တပ်များ ရုရှနိုင်ငံကို ရုတ်တရက် ဝင်တိုက်သောအခါ စတာလင် သည် ရုရှနိုင်ငံ၏ စစ်သေနာပတိချုပ်အဖြစ်ဖြင့် ဂျာမန်တို့အား ဝံ့ဝံ့စားစား ခုခံခဲ့လေသည်။ ထိုကဲ့သို့ ဂျာမန်တို့၏ ထိုးစစ်ကို အလူးအလဲ ခုခံနေရခိုက် စတာလင်သည် ရုရှနိုင်ငံ၏ဝန်ကြီးချုပ် အဖြစ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး အဖြစ်ဖြင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်ဖြင့်လည်းကောင်း၊ ကြီးလေးသော တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်၍၊ ရုရှ နိုင်ငံအား ဂျာမန်တို့လက်မှ ကယ်တင်ခဲ့သည်သာမက၊ ဂျာမနီ အရှေ့ပိုင်းကိုပင်လျှင် သိမ်းပိုက်နိုင်ခဲ့လေသည်။ ထိုကြောင့် ၁၉၄၃ ခုနှစ်တွင် မာရှယ်စစ်သူကြီး အဆင့်အတန်းကို ရရှိခဲ့ လေသည်။ စစ်အပြီး အရှေ့ဥရောပ နိုင်ငံများတွင် ရုရှားတပ်များ ချထားခဲ့သည့် အခြေခံဖြင့် ကွန်မြူနစ်အစိုးရများကို တည်ထောင်ပေးသည်။ သို့ဖြင့် စစ်အေးတိုက်ပွဲပေါ်ပေါက်လာရပြီး အမေရိကန်ဦးဆောင်သည့် အနောက်ခြမ်းနှင့် ဆိုဗီယက်ဦးဆောင်သည့် အရှေ့ခြမ်းတို့ နှစ်ပေါင်း ၄၀ကျော်မျှ အားပြိုင်ကြတော့သည်။ ထိုစစ်အေးကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အဏုမြူလက်နက်များဖြင့် အပြန်အလှန် ခြိမ်းခြောက်ကြပြီး လူသားမျိုးနွယ်တစ်ခုလုံး အတွက် စိုးရွံဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။ ဆိုဗီယက်တပ်များမရှိသည့် ယူဂိုစလားဗီးယားပြည်ထောင်စုတွင် ကွန်မြူနစ်အစိုးရပေါ်ပေါက်သော်လည်း စတာလင်၏ ဩဇာမခံသည့်အတွက် အခြားဥရောပကွန်မြူနစ်နိုင်ငံများတွင် ထိုနည်းတူဖြစ်မည်ကို ကာကွယ်သည့်အနေဖြင့် ဖြုတ်၊ထုတ်၊သတ် လမ်းစဉ်ကိုကျင့်သုံးပြန်သည်။ သို့ဖြင့် စစ်အေးကာလများအတွင်း ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ ကေဂျီဘီ မှာလည်း နာမည်ကျော်လာသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားသောအခါ စတာလင်သည် ရုရှနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် စတုတ္ထအကြိမ်မြောက် ငါးနှစ်စီမံကိန်းများကို ဆက်လက်လုပ်ကိုင်သွားခဲ့သည်။ ဘဝနိဂုံး နှင့်နောက်ဆက်တွဲ ၁၉၅၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တစ်ညလုံး ညစာစား၍ ရုပ်ရှင်ကြည့်ခဲ့ပြီးနောက် မနက်စောစောအချိန်တွင် သူ့၏နေအိမ်ထဲသို့ပြည်ထဲရေးဝန်ကြီး လက်ဗရင်တီ၊ ဂျောဂျီမာလင်ကော့၊ နီကိုလိုင်ဘူဂါနင်နှင့် နီကီတာကရူရှက်တို့နှင့်အတူ သူ ရောက်ရှိလာသည်။ မိုးလင်းချိန်၌ သူ၏အခန်းထဲမှ စတာလင်ထွက်မလာချေ။ သူ၏အစောင့်များက သူအိပ်ယာထနေကျအချိန်၌ သူ အိပ်ယာမထသည်ကို တွေ့သောအခါ ထူးဆန်းနေမိသည်။ စတာလင်ကိုတစ်နေ့လုံး အနှောက်အယှက်မပေးရန် အမိန့်ပေးထားသည်။ ည ၁၀ နာရီလောက်တွင် ကွန်ဆီဗိုဒုတိယဦးစီးမှူးပီတာလောဇဂါး က စတာလင် ကို ညဝတ်ဘောင်းဘီနှင့်စွပ်ကျယ်အကျီဝတ်ပြီးအဝတ်အစားများသေးစိုရွှဲလျက် သူ့ခုတင်ဘေးကကြမ်းပြင်တွင် ပက်လက်လန်လဲကျနေသည်ကို တွေ့မြင်ခဲ့သည်။ ၁၉၅၃ ဇန်နဝါရီလတွင် ဆရာဝန်များအား ဆိုဗီယက်အစိုးရအရာရှိကြီးများကို သေကြောင်းကြံသည် ဟူသောစွပ်စွဲချက်ဖြင့် အစုလိုက်အပြုံလိုက်ဖမ်းစေသည်။ သို့ဖြင့် အများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးပြန်ကြုံရတော့မည့်အရေးကြောင့် စိတ်ချောက်ချားနေရစဉ် ၅၊မတ် တွင် ကရင်မလင်မှ အသက် ၇၃နှစ်အရွယ်ရှိ အာဏာရှင်ကြီး စတာလင် ကွယ်လွန်လေသည်။ အလောင်းကို လီနင်နည်းတူ ရင်ပြင်နီတွင် ဆေးစီရင်ပြီး အများကြည့်ရှုခွင့်ပေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက်အာဏာရှင်ဖြစ်လာသည့် နီကီတာ ခရူးရှော့ဗ်က အလောင်းကို ထုတ်ယူပြီး လူထုရှေ့မှောက်တွင် ကြိမ်ဖြင့် ရိုက်ကာ အရှက်ခွဲရှုံ့ချခဲ့သည်။ မိသားစု ၁၉၀၄တွင်လက်ထပ်သည့် ပထမဇနီးမှာ နှစ်နှစ်အကြာတွင် အဆုတ်ရောဂါဖြင့် လွန်ပြီး ဂျကော့ အမည်ရှိ သားတစ်ယောက် ကျန်ခဲ့သည်။ သို့သော်ထိုသားမှာလည်း ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်တွင် တာဝန်ထမ်းရာမှ ဂျာမနီတို့ ဖမ်းဆီးခြင်းခံရသည်။ ဂျာမနီက အကျဉ်းသားဖြင်းလဲလှယ်ရန် တောင်းဆိုသော်လည်း စတာလင်က လက်မခံသဖြင့် ဂျကော့ တစ်ယောက် ဂျာမနီအကျဉ်းစခန်းအတွင်း ကွယ်လွန်ရှာသည်။ ၁၉၁၉ ဒုတိယအကြိမ်အိမ်ထောင်ပြုပြီး ၁၉၃၂အရောက်တွင် ထိုဒုတိယဇနီး ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီးသေသည်။ သားတစ်ယောက်၊သမီးတစ်ယောက် ကျန်ရစ်သည်။ သားမှ ဆိုဗီယက်လေတပ်တွင် အမှုထမ်းသည်။ အရက်အလွန်အကျွံသောက်ပြီး ၁၉၆၂တွင် သေသည်။ သမီးဖြစ်သူ ဆဗက်လာနာမှာ ၁၉၆၇တွင် အမေရိကန်ပြည်ထောင်စု သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် စတာလင်သည် စစ်သူကြီးရာထူးကို စွန့်လွတ်၍ ရုရှနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်ဖြင့် ဆောင်ရွက်ယင်း ၁၉၅၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကွယ်လွန်လေသည်။ ရည်ညွှန်းကိုးကား ဆိုဗီယက်နှင့်ရုရှား နိုင်ငံရေးခေါင်းဆောင်များ စစ်အေးတိုက်ပွဲ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%87%E1%80%90%E1%80%BA%20%E1%80%85%E1%80%90%E1%80%AC%E1%80%9C%E1%80%84%E1%80%BA
လီနင်
လီနင် (Lenin) ဟုကျော်ကြားသည့် ဗလာဒီမီယာ အီလစ်ချ် အိုလျာနော့ (Vladimir Ilyich Ulyanov) မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ၊ မာ့ခ်ဝါဒကို လက်တွေ့ အကောင်ထည်ဖော်သူအဖြစ် အများကသိကြသည်။ ကားလ်မာ့ခ် ပြောသမျှကို ယုံကြည်စွာဖြင့် လိုက်နာသူ အဖြစ်လည်းကျော်ကြားသည်။ လီနင်ကို ၁၈၇ဝ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ ဗော်လဂါမြစ်ကမ်းပေါ်ရှိ ဆင်းဘတ် (ယခု-ဥလီယာနော့) ဒေသ၌ ဖခင် အီလီယာနီကိုလိုင်းယားဗစ်ဥလီယာနော့၊ မိခင် မာရီယာအလက်ဇန်ဒရိုဗာတို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် မှာ ဗလာဂျီများအီးလစ်ဥလီယာနော့ ဖြစ်သည်။ မောင်နှမ ၆ ဦး ရှိခဲ့သည်။ ဖခင်မှာ ဆင်းဘတ်ပြည်နယ် အခြေခံကျောင်းများ၏ ပညာဝန်ဖြစ်ပြီး မိခင်မှာလည်း ပညာတတ်ရုံမက ဘာသာခြား စာပေနှင့် ဂီတကိုလည်း မြတ်နိုးတတ်ကျွမ်းသည်ဆို၏။ ထို မိသားစုမှ မွေးဖွားခဲ့သော လီနင်သည် ဉာဏ်ပညာထက်မြက်သည်မှာ မဆန်း။ ထိုသို့နှင့် လီနင်လေးသည် ၁၈၇၉ ခုနှစ် တွင် ဆင်းဘတ်ရှေးရိုးကျောင်း၌ စတင် ပညာသင်ကြားခဲ့ရ သည်။ ထိုကျောင်းမှပင် အခြေခံနောက်ဆုံးနှစ်အထိ သင်ကြား ခဲ့ရပြီး နောက်ဆုံးနှစ် စာမေးပွဲကို ရွှေတံဆိပ်ဆုရသည်အထိ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ အဖေဖြစ်သူမှာ သစ္စာရှိ အစိုးရဝန်ထမ်း တစ်ဦးဖြစ်သော်လည်း အစ်ကိုဖြစ်သူ အလက်ဇန္ဒားမှာ ဇာဘုရင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သဖြင့် အသတ်ခံရသည်။ ထို့နောက် လီနင်သည် ကာတန် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်သင်ယူခဲ့သည်။ မကြာမီမှာပင် ကျောင်းသားတော်လှန်ရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ခြင်းကြောင့် အဖမ်းခံရပြီး နယ်နှင်ဒဏ်ပေးခြင်းကို ခံရလေ၏။ လီနင်အသက် ၂၃နှစ်တွင် ပြင်းထန်သည် ကွန်မြူနစ်တစ်ဦးအဖြစ်သို့ ရောက်လာသဖြင့် ဇာဘုရင်အစိုးရက ဖမ်းဆီးပြီး ထောင်တွင်း၌ ၁၄လထားပြီး နောက် ဆိုက်ဘေးရီးယား (Siberia) သို့နယ်နှင်ခံခဲ့ရသည်။ ထိုဒေသတွင် သုံးနှစ်မျှ နေရစဉ်အချိန်အတွင်း နိုင်ငံရေး အပေါင်းအသင်းတစ်ဦးနှင့် တွေ့ဆုံပြီး ရုရှားတွင် ဓနရှင်ဝါဒ တိုးတက်ထွန်းကားလာပုံ အမည်ရှိ ကျမ်းတစောင်ကို ရေးသားခဲ့သည်။ ၁၉၀၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြစ်ဒဏ်မှလွတ်ပြီး အနောက်ဥရောပနိုင်ငံများတွင် ၁၇နှစ်တိုင် လှည့်လည်နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်စဉ် အချိန်များတွင် တော်လှန်ရေးသမား ပီသစွာနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူပါဝင်သည့် ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသောအခါ အင်အားပိုကြီးသည့် ဗော်ရှီဗစ်ပါတီ(Bolsheviks)၏ ခေါင်းဆောင်ဖြစ်လာသည်။ နိုင်ငံ့စီးပွားရေး တင်းတောင့်မှုမရှိသည် ကြားမှ ဇာဘုရင်အစိုးရသည် စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် ပထမကမ္ဘာစစ်မှာ လီနင်အတွက် အလွန်ကောင်းသည့် အခွင့်အရေးကြီးဖြစ်လာသည်။ စစ်မပြီးမှီပင် ပြည်သူတို့အကြား အလွန်မကျေမနပ်ဖြစ်လာပြီး ၁၉၁၇တွင် အများသိကြသည့်အတိုင်း အောက်တိုဘာတော်လှန်ရေးကြီးဖြစ်ကာ ဇာဘုရင်အစိုးရပြုတ်ကျပြီး ဒီမိုကရက်တစ်များစုပေါင်းသည့် အစိုးရတစ်ရပ် အာဏာရယူခဲ့သည်။ ဇာဘုရင်အစိုးရ နန်းကျကြောင်းသိလျှင် လီနင် ပြည်ပမှ ရုရှားသို့ ပြန်လာသည်။ သို့သော် ထိုအရပ်သားအစိုးရတွင် အတွေ့အကြုံနည်းသလို အာဏာကြီးခြင်းမရှိကြောင်း လီနင်တစ်ယောက် ကောင်းစွာနားလည်လာပြီး ဗော်ရှီဗစ်တို့အား အင်အားတောင့်တင်းသည့် ကွန်မြူနစ်အစိုးရတစ်ရပ် အမြန်ဖွဲ့ရန်၊ တနည်းဆိုရလျှင် အာဏာသိမ်းရန် လှုံ့ဆော်သည်။ သို့ဖြင့် ဇူလိုင်လတွင် ဆူပူမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး အောင်မြင်မှုမရသဖြင့် လီနင်ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နောက်တစ်ကြိမ် အောက်တိုဘာတော်လှန်ရေးတွင်မူ အပြီးသတ်အောင်မြင်ပြီး လီနင်လည်း နိုင်ငံခေါင်ဆောင်ဖြစ်လာတော့သည်။ နိုင်ငံခေါင်းဆောင်ဖြစ်လျှင် လျင်လျင်မြန်မြန်ပင် ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက်သည်။ အလွန်ရက်စက်သူ၊ ဝါဒရေးရာပြင်းထန်သူအဖြစ် အများကဆိုလာကြသည်။ ဆိုရှယ်လစ်စီးပွားရေးပုံစံ မအောင်မြင်နိုင်ကြောင်း ကောင်းစွာနားလည်လာပြီးနောက် လမ်းစဉ်ပြောင်းကာ အရင်းရှင်ဆိုရှယ်လစ်စီးပွားရေးစနစ်(Capitalist Socialist Economy)ကို တည်ဆောက်သည်။ ထိုပုံစံမှာ ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးချိန်များထိ အသုံးပြုခဲ့သည်။ အာဏာတည်မြဲရေးလမ်းစဉ်အဖြစ် ပြည်တွင်းရှိသတင်းစာများ၊ အသံလွင့်ဌာနများ အပါအဝင်အခြားမည်သည့် ဌာနကိုမဆို ပါတီအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာထားသည်။ အုပ်စိုးချိန် ငါးနှစ်တာအတွင်း ရုရှားမင်းမျိုးမင်းနွယ်များကို အပြီးသတ်ရှင်းလင်းခဲ့သည်။ ကွန်မြူနစ်ဝါဒကို အမြင်မကြည်သူ၊ ဝါဒကွဲသူများကို ထောင်ချခြင်း၊ ကွပ်မျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လီနင်သည် အစွမ်းထက်သည့် နိုင်ငံရေးသမားသာမဟုတ် စာရေးကောင်းသူတစ်ဦးလည်းဖြစ်သည်။ ကွန်မြူနစ်ကျမ်းစာ အများအပြားရေးပြီး ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ပျံ့နှံ့အားကောင်းရေးကို ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ မေလတွင် အလွန်ဆိုးဝါးသည့် နှလုံးရောဂါကို လီနင်စတင်ခံစားလာရသဖြင့် ကွယ်လွန်ချိန်ရောက်သည့် ၁၉၂၄ ထိ တိုင်းပြည်ကို ကောင်းစွာ ဦးဆောင်နိုင်စွမ်းမရှိတော့ပဲ ဖြစ်ခဲ့ရသည်။ ကွယ်လွန်ပြီးနောက် သူ့ရုပ်အလောင်းကို မပုပ်မသိုးစေရန် ဆေးဖြင့်စီရင်ပြီး မော်စကို(Moscow)ရှိ ရင်ပြင်နီ (Red Square)တွင် ဗိမာန်တည်ကာ အများလာရောက် ကြည့်ရှုခွင့် ပေးထားသည်။ လီနင်၏ ရုပ်ကလာပ်ပါရှိသောခေါင်းကို ဂေါ်ကီမြို့ကလေးမှ မော်စကို မြို့သို့ သယ်ဆောင်လာခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင်ရင်ပြင်နီ၌ ဂူသွင်းခဲ့လေ၏။ လီနင်ကို ဂုဏ်ပြုသောအားဖြင့် ပီထရိုဂရက်မြို့ကို လီနင်ဂရက်မြို့ဟု အမည်ပြောင်းလဲမှည့်ခေါ်ခဲ့ကြ လေ၏။ နိုင်ငံတကာ ကွန်မြူနစ်များလှုပ်ရှားမှုအတွက် လီနင်ဝါဒကို အမွေချန်ရစ်ခဲ့လေ၏။ လီနင်အစပြုသည့် တော်လှန်ရေးကြောင့် အစတွင် နောက်ကျကျန်နေသည့် ရုရှားသည် ခေတ်သစ်တစ်ရပ်သို့ လျင်မြန်စွာ တိုးတက်သွားခဲ့သည်မှာ ငြင်းမရပေ။ ထို့ပြင် ကမ္ဘာနှင့်အဝှမ်းဆိုသလိုပင် ကွန်မြူနစ်နိုင်ငံများ ပေါ်ပေါက်လာပြီးနောက် ၁၉၇၉ ထိ ကွန်မြူနစ်ဩဇာ ပျံ့နှံ့နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုအချိန်အထိ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ ကွန်မြူနစ်အရိပ်အောက်တွင် နေထိုင်ခဲ့ရသည် မှာအထင်အရှားပင်ဖြစ်သည်။ လီနင်သည် ကားလ်မာ့ခ်၏ ဝါဒများကို၊ လမ်းစဉ်များကို လိုက်နာသည်ဟုဆိုသော်လည်း လီနင်မကြာခဏပြောလေ့ရှိသည့် ပစ္စည်းမဲ့အာဏာရှင်စနစ် ဆိုသည့် အသုံးအနှုံးကို မာ့ခ်၏ ကျမ်းစာများတွင် အကြိမ်များစွာမတွေ့ရပေ။ လက်တွေ့တော်လှန်ရေး လုပ်ရာတွင် နည်းပရိယာယ်နှင့် ပတ်သက်ပြီး အလွန်စူးစိုက်စွာ သုံးစွဲလေ့ရှိသူဖြစ်ပြီး အကြမ်းဖက်ရန်လည်း ဝန်မလေးသူအဖြစ် သတ်မှတ်ကြသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး လီနင် မကြာခဏပြောလေ့ရှိသည့် စကားမှာ “သမိုင်းမှာ ဘယ်လူတန်းစား တိုက်ပွဲကများ အကြမ်းနည်းမသုံးပဲ အောင်မြင်သွားတာမျိုးရှိပါရဲ့လား။” ဟူ၍ဖြစ်သည်။ နစ်ကိုလိုင် လီနင်သည် ရုရှတော်လှန်ရေးသမား ခေါင်းဆောင်ကြီးဖြစ်၍ ရုရှနိုင်ငံကို ဆိုဗီယက်ကွန်မြူနစ်နိုင်ငံ ဖြစ်အောင် ထူထောင်ခဲ့သူဖြစ်သည်။ ကားလမတ်သည် ကွန်မြူနစ်သဘော တရားများကို တီထွင်ပျိုးထောင်ဟောပြောခဲ့သည်။ ယင်းတို့ကို လီနင်က ရုရှနိုင်ငံတွင် ရုရှလူမျိုးတို့ ကျင့်သုံးကြရလေအောင် ပြန့်ပွားစေခဲ့သည်။ လီနင်၏ အမည်ရင်းမှာ ဗလက်ဒီမျာ အူလျာနပ်ဖြစ်သည်။ ဗော်လဂါမြစ်ပေါ်တွင်ရှိ၍ ယခုအခါ အူလျန်နပ်စကဟုခေါ်သော ဆင်ဗတ် စကမြို့၌ ၁၈၇ဝ ပြည့်နှစ်၊ ဧပြီးလ ၂၂ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ ဇာဘုရင်လက်ထက်တွင် ပညာဝန်တစ်ဦးဖြစ်သည်။ လီနင်သည် ဆင်ဗတ် စကမြို့ရှိ အထက်တန်းကျောင်းတွင် ဦးစွာပညာ သင်ယူသည်။ ထိုကျောင်း၌ နောက်ဆုံးနှစ်သင်တန်းတွင် လီနင်တက်ရောက်သင်ကြားနေစဉ် ၁၈၈၇ ခုနှစ်၌ လီနင်၏ အစ်ကိုတစ်ယောက်သည် ဇာဘုရင်ကိုလုပ်ကြံသော ကျောင်းသားဖွဲ့ဝင်တစ်ဦးအဖြစ် ကြိုးပေးခံရသည်။ ထိုစဉ်က လီနင်သည် ၁၇ နှစ်သားမျှ ရှိပေသေးသည်။ ဤအချိန်မှစ၍ လီနင်တွင် တော်လှန် ရေးစိတ်ဓာတ် ကိန်းအောင်းလာခဲ့သည်။ ထို့နောက် လီနင်သည် ဆက်လက်၍ ကဇန်တက္ကသိုလ်သို့ တက်ရောက်ပညာ ဆည်းပူးသည်။ သို့ရာတွင် ကျောင်းသားများ ဆန္ဒပြပွဲတွင် ပါဝင်သဖြင့် ကျောင်းမှထုတ်ပယ်ခြင်းခံရ သည်။ ၁၈၉၁ ခုနှစ်တွင် စိန်ပီတာစဗတ်မြို့၌ ပြင်ပကျောင်းသားအဖြစ် နောက်ဆုံးနှစ် ဥပဒေစာမေးပွဲကို ဖြေဆိုခွင့်ရသည်။ ကျောင်းသားပေါင်း ၁၂၄ ယောက်အနက် ပထမစွဲသည်။ ထို့နောက် ဆမာရာမြို့ (ယခုအခေါ် ကွီဗီရှက်) တွင် နှစ်နှစ်တာမျှ ရှေ့နေလိုက်သည်။ ထိုအတောအတွင်း သူ၏ တော်လှန်ရေးစိတ်ဓာတ်များကား ပိုမို၍ခိုင်မာစွဲမြဲလာပေသည်။ သူသည် ၁၈၉၃ ခုနှစ်တွင် ဆမာရာမှထွက်ခဲ့ရာ ထိုအချိန်မှစ၍ လီနင်ဟူသော အမည်ကို ခံယူခဲ့လေသည်။ လီနင်သည် ယခုအခါ လီနင်ဂရက်ဟုခေါ်သော စိန်ပီတာစဗတ် မြို့သို့ သွားရောက်နေထိုင်ကာ အလုပ်သမားလူတန်းစား လွတ်မြောက်မှု အတွက် တိုက်ခိုက်ရေးသမဂ္ဂတွင် ပါဝင်ဆောင်ရွက်သည်။ ၁၈၉၅ ခုနှစ်တွင် ထောင်ချခံရသည်။ ထို့နောက် ဆိုက်ဗီးရီးယားနယ်သို့ နယ်နှင်ခံရသည်။ ၁၉ဝဝ ပြည့်နှစ်တွင် အပြစ်ဒဏ်မှ လွတ်မြောက်ခဲ့၍ တိုင်းတစ်ပါးသို့ သွား ရောက်ခဲ့ရာတွင် ရုရှဆိုရှယ်ဒီမိုကရက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်လာသည်။ လီနင်သည် ဦးစွာ၌ မျူးနစ်မြို့၊ ထို့နောက် လန်ဒန်မြို့တွင် သွားရောက်နေထိုင်ကာ အဖော်တစ်စုနှင့်အတူ 'အစ္စကရာ' (မီးပွား)ခေါ် သတင်း စာတစ်စောင်ကို ထုတ်စေခဲ့သည်။ ထိုအတောအတွင်း လေ့လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံများသို့လည်း တက်ရောက်ခဲ့သည်။ အယူသည်းသူ တစ်ဦးအဖြစ်လည်း နာမည်ရခဲ့၏။ ၁၉ဝ၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံမှစ၍ လီနင်သည်အများစု၏ ထောက်ခံမှုကို ရရှိခဲ့ရာ လီနင်၏အုပ်စုသည် အများစုဖြစ်သည်ကို အစွဲပြု၍ ဗော်လရှီဗစ်ဟု ခေါ်ဝေါ်ခဲ့သည်။ လီနင်သည်လည်း ဗော်လရှီဗစ်တို့၏ ခေါင်းဆောင်ဖြစ်လာ သည်။ ၁၉ဝ၅ ခုနှစ်တွင် လီနင်သည် ရုရှနိုင်ငံသို့ ပြန်လာသည်။ အရေးပါသောနေရာတွင် ပါဝင်သော်လည်း ရုရှအစိုးရအား လက်နက်စွဲကိုင် တော်လှန်ရေးကိုလည်းကောင်း၊ အလုပ်သမားလူတန်းစား အာဏာရရှိရေးကို လည်းကောင်းထောက်ခံအားပေးခဲ့သည်။ သို့သော် ၁၉ဝ၅ ခုနှစ် တော်လှန် ရေးကို အစိုးရက နှိမ်နင်းလိုက်သဖြင့် လီနင်လည်း ရုရှနိုင်ငံမှ ပြန်လည် ထွက်ခွာရပြန်သည်။ လီနင်သည် ပါရစ်၊ ဗီယင်းနားနှင့် ဇူးရစ်မြို့များသို့ သွားရောက်နေထိုင်ခဲ့သည်။ သူသည် တော်လှန်ရေးအတွက် ခပ်မှန်မှန်ပင် ကြိုးပမ်းခဲ့၏။ ၁၉၁၄ ခုနှစ် ကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခြင်းကို လီနင်ကမထောက်ခံဘဲ ယင်းသည် နယ်ချဲ့စနစ်ကို အကျိုးပြုခြင်းသာဖြစ်သည်ဟုဆိုကာ စစ်ကို အားပေးထောက်ခံခဲ့သော ဆိုရှယ်လစ်များကိုပင် ရှုံ့ချခဲ့သည်။ သူက နိုင်ငံတကာရှိ အလုပ်သမားများသည် အချင်းချင်း တိုက်ခိုက်နေသည်ကို ရပ်စဲ ကာ မိမိတို့ကို အုပ်ချုပ်နေသူများအား တော်လှန်တိုက်ခိုက်ရမည်ဟု ဟောပြောခဲ့လေသည်။ ၁၉၁၇ ခုနှစ်၌ ဇာဘုရင် ဒုတိယ နစ်ကလတ်၏ အစိုးရအဖွဲ့ ပြုတ်ကျသွားသောအခါ လီနင်လည်း ရုရှနိုင်ငံသို့ ပြန်လည်ရောက်ရှိသွား သည်။ ဤသို့ ပြန်ရောက်သွားနိုင်သည်မှာ စစ်ပြေငြိမ်းရေးကို လီနင်လိုလားကြောင်း ဂျာမန်တို့ကသိရှိသဖြင့် လီနင်အား ရုရှနိုင်ငံသို့ ပြန်ရောက် နိုင်အောင် ဆောင်ရွက်ပေးခြင်းကြောင့်ဖြစ်၏။ လီနင်သည် စိန်ပီတာစဗတ်သို့ ရောက်သောအခါ အခြေအနေ ရှုပ်ထွေးနေသည်ကိုတွေ့ရသည်။ ရုရှတပ်များ ဖရိုဖရဲဖြစ်နေကာ လူထုကြီးကလည်း စစ်ကို စိတ်မဝင်စားဘဲရှိနေကြ၏။ ဇာဘုရင်ကလည်း မအုပ်ချုပ်နိုင်တော့ပေ၊ အုပ်ချုပ်နေသော ကီရင်စကီ၏ ယာယီအစိုးရအဖွဲ့နှင့် အလုပ်သမား ဆိုဗီယက်အဖွဲ့များသည် အာဏာလုနေ ကြ၏။ လီနင်သည် သူ၏နောက်လိုက်များကိုစုရုံးကာ ချက်ချင်း စစ်ရပ်စဲ အောင်ပြုပြီးလျှင် လယ်သမားတို့အား မြေများကို ဝေငှပေးရမည်။ အခြား အရေးပါသော အစီအမံများကိုလည်း ပြုလုပ်ပေးရမည်ဟု အရေးဆိုခဲ့သည်။ သို့သော် လီနင်သည် ဂျာမန်စစ်ဦးစီးအဖွဲ့၏ ကြေးစားတစ်ဦးဖြစ်သည်ဟု အစွပ်စွဲခံရသဖြင့် ဖင်လန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးရလေသည်။ သို့သော် မကြာမီပင် မောစကိုနှင့် ပီထရိုဂရက်မြို့များရှိ ဆိုဗီယက်အဖွဲ့များကို ဗော်လရရှီဗစ်တို့က ကြိုးကိုင်လာနိုင်ခဲ့သည်။ ထို့နောက် ရေတပ်နှင့် ကြည်း တပ်တို့က တော်လှန်ပုန်ကန်လေသည်။ လီနင်လည်း ရုရှနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ညဉ့်တွင်းချင်းပင် ခေါင်းဆောင် ကီရင်စကီကို ဖြုတ်ချ၍ လီနင်ခေါင်းဆောင်သော ပြည်သူ့ကိုယ်စားလှယ်အဖွဲ့ (ဝန်ကြီးအဖွဲ့)ကို ဖွဲ့စည်းသည်။ ဦးစွာ၌ လီနင်၏အစိုးရသည် ကြောက်စရာကောင်းသည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဂျာမန်တို့သည် အကာအကွယ်ကင်းမဲ့၍ စိတ်ဓာတ် ကျဆင်းနေသော ရုရှတပ်များကို ဖိနှိပ်ချေမှုန်းကာ ရှေ့သို့ တစ်ဟုန် တည်း ချီတက်လာနေသည်။ လူထုကြီးမှာလည်း ငတ်မွတ်ခေါင်းပါးမည့် ဘေးကြီး၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ အုပ်ချုပ်ရေးယန္တရားဟူ၍ လည်း မရှိတော့ဘဲဖြစ်နေ၏။ ရုရှနိုင်ငံမှာ စည်းလုံးမှုမရှိဘဲ လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အစိတ်စိတ်အမြွာမြွာ ကွဲနေခဲ့သည်။ လီနင်သည် ဆိုဗီယက်အဖွဲ့များကို ထိုသမ္မတနိုင်ငံများတွင် ဖွဲ့စည်းပြီးနောက် ထိုဆိုဗီယက်အဖွဲ့များမှ ကိုယ်စားလှယ်များကို မောစကိုမြို့ရှိ ဆိုဗီယက်အဖွဲ့ချုပ်သို့ တက်ရောက်စေသည်။ တိုင်းပြည်ကား ငြိမ်သက်လှသည် မဟုတ်သေးပေ။ ဗော်လရှီဗစ်တို့သည် မြို့ကြီးများတွင်သာ အခြေခိုင်သေးသည်။ ထို့ကြောင့် လီနင်သည် ရုရှတို့အဖို့ နစ်နာသည်မှန်သော်လည်း ဂျာမန်တို့နှင့် ဗရက်- လီတော့စက စာချုပ်ကိုချုပ်ဆိုကာ စစ်ပြေငြိမ်းလိုက်လေသည်။ ယင်းကို အကြောင်းပြု၍ မဟာမိတ်တို့သည် ဆိုဗီယက်တို့အား စစ်ပြုသည်။ မဟာမိတ်တို့က ထောက်ခံအားပေးသော ရုရှဖြူ (ဝါ) ကွန်မြူနစ်ဆန့်ကျင်ရေး ရုရှတပ်တို့က ဆိုဗီယက်အစိုးရကို တိုက်ခိုက်လေသည်။ အဟောအပြောကောင်းသော လီနင်သည် လူထုကြီးကို တပ်လှန့် လှုံ့ဆော်ပေးလိုက်သည်။ သူ၏ ပရိယာယ်ကြောင့် သူ၏ရန်သူများ အချင်း ချင်း မသင့်မတင့်ဖြစ်၍ ကွဲကြသည်။ လီနင်သည် စည်းကမ်းသေဝပ်မှုရှိ အောင်လည်းပြုသည်။ စားနပ်ရိက္ခာများ ရရှိအောင်လည်း ကောင်းစွာစီစဉ်သည်။ ဤသို့သော အကြောင်းများကြောင့် လီနင်၏ ကွန်မြူနစ်ဝါဒ (ဗော်လရှီဗစ်ဝါဒ)ကို သဘောကျသူများလာသည်။ အချို့နေရာများတွင် မတတ်သာသောကြောင့် လီနင်သည် အကြမ်းဖက်ခဲ့ရလေသည်။ အသစ်ဖွဲ့ စည်းထားသော တပ်နီတော်များသည် တဖြည်းဖြည်းရန်သူများကို အနိုင်ရ လိုက်သည်။ တိုင်းပြည်လည်း အခြေအနေကောင်းလာသည်။ သို့ရာတွင် လီနင်အဖို့ အသက်အန္တရာယ်များစွာရှိသဖြင့် လုံခြုံမှု အတွက် အမြဲမပြတ် အစောင့်အရှောက်ဖြင့် သတိကြီးစွာ ထားနေရသည့် အကြားမှပင် ၁၉၁၈ ခုနှစ်၊ ဩဂုတ်လ ၃ဝ ရက်နေ့က သေနတ်ပစ်ခံရရာ မသေသော်လည်း ထိုသေနတ်ဒဏ်ရာများကြောင့်လည်းကောင်း၊ အပင်ပန်းခံကာ လုပ်ကိုင်ခဲ့သောကြောင့်လည်းကောင်း အားနည်းလာခဲ့ရလေသည်။ ၁၉၂၁ ခုနှစ်တွင် တန်ပြန်တော်လှန်ရေးကို ချေမှုန်းပြီးသည့်နောက် အကြမ်းဖက်ပြုပြင်ခြင်များကို အသုံးမပြုတော့ဘဲ စီးပွားရေးဝါဒ သစ်ကို ကျင့်သုံးခဲ့လေသည်။ ထိုဝါဒအရ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ပြန်လည် ထူထောင်လိုသောကြောင့် ကိုယ်ပိုင်လုပ်ငန်းကို အသင့်အတင့်ခွင့် ပြုသည်။ ထို ၁၉၂၁ ခုနှစ်တွင်ပင် ဂရိတ်ဗြိတိန်နှင့် ချုပ်ဆိုခဲ့သော စာချုပ် အပါအဝင် ဓနရှင်နိုင်ငံများနှင့် ကုန်သွယ်ရေးစာချုပ်များလည်း ချုပ်ဆို ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် လီနင်၏ ကျန်းမာရေးအခြေအနေ ချွတ်ယွင်းစ ပြုလာခဲ့ရာ ဦးနှောက်ကြောများ မာသည့်ရောဂါ လက္ခဏာများပေါ်လာ၍ သူ၏ဆရာဝန်များက နေ့စဉ် အလုပ်မလုပ်ရန် တားမြစ်ခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် ရောဂါဆိုးရွားလာ၍ စကားမပြောနိုင်သော အခြေအနေသို့ပင် ရောက်သွားလေသည်။ ထိုနှစ် ဒီဇင်ဘာလတွင် ခြေလက်များ သေသွားလေ သည်။ ထိုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လီနင်သည် မော်စကိုမြို့အနီးရှိ ဂေါ်ကီတွင် ကွယ်လွန်သည်။ လီနင်၏ ရုပ်ကလာပ်ကို မပုပ်မသိုးအောင် အထူးတလည် စီမံ ပြုလုပ်၍ မှန်ခေါင်းသွင်းပြီးလျှင် မော်စကိုမြို့၏ ရင်ပြင်နီအရှေ့ရှိ အာဇာ နည်ဗိမာန်၌ ယခုတိုင် ထားရှိပေသည်။ ရုရှ နိုင်ငံသူ နိုင်ငံသားတို့သည် လီနင်ကို အမှတ်ရသောအားဖြင့် အာဇာနည်ဗိမာန်သို့သွားရောက်၍ အလေး ပြုလေ့ရှိသည်။ လီနင်သည် သဘောတရားများကို ချမှတ်ပေးသူဖြစ်၍ ယင်း သဘောတရားများကို ကျင့်သုံးကြရလေအောင် ပြုရာ၌လည်း ဇွဲ သတ္တိရှိ လေသည်။ လီနင်သည် မိမိယုံကြည်သော ဝါဒနှင့်စပ်လျဉ်း၍ စာပေ အမြောက်အမြား ရေးသားသွားလေသည်။ ရည်ညွှန်းကိုးကား ဆိုဗီယက်နှင့်ရုရှား နိုင်ငံရေးခေါင်းဆောင်များ အာဏာသိမ်း ခေါင်းဆောင်များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AE%E1%80%94%E1%80%84%E1%80%BA
ဂျပ်စတီနီယံ၊ (ပထမ)
အရှေ့ရောမအင်ပါယာ၏ ဧကရာဇ် ပထမ ဂျပ်စတီနီယံ (Justinian-I) (၄၈၃-၅၆၅) သည် သူစိုးစံနေချိန်အတွင်း ရောမဥပဒေကို ကျမ်းအဖြစ် ပြုစုပေးခဲ့သူအဖြစ် ထင်ရှားသည်။ ဂျပ်စတီနီယံ ကိုဒဥပဒေ (the Code of justinian) သည် ရောမ တရားစီရင်ရင်ရေးဆိုင်ရာ အဖြစ်သာမက နောင်ဥရောပနိုင်ငံများကပါ မှီငြမ်း အသုံးပြုကြရသည်အထိ ဥပဒေကျမ်းကြီး ဖြစ်လာသည်။ ဂျပ်စတီနီယံကို တာရက်စီယံ (Tauresium) (ယနေ့ ဆားဘီးယားနိုင်ငံ) ၌ ခရစ်နှစ် ၄၈၃ တွင် ဖွားမြင်သည်။ တောင်သူလယ်သမားမျိုးရိုး ဖြစ်သည်။ ကျေးတောသား၊ စာမတတ် ပေမတတ်ဘဝမှ စစ်ဘက်သို့ ဝင်ရောက်ပြီးနောက် တောင်သူလယ်သမားမျိုးရိုးမှ မင်းဖြစ်ခဲ့သော အရှေ့ရောမအင်ပါယာ၏ အရှင်သခင် ဖြစ်လာသည့် ဦးလေးဖြစ်သူ ပထမဂျပ်စတင်း (Justin-I) ၏ မစမှုဖြင့် ပညာကောင်းစွာ သင်ခွင့်ရပြီး အမြင့် ရောက်ခဲ့သည်။ သားသမီးမရှိသည့် ဂျက်စတင်းက ၅၂၇ တွင် ဂျက်စတီနီယံကို တွဲဖက်ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ကွယ်လွန်သွားသဖြင့် ဂျက်စတီနီယံမှာ အရှေ့ရောမအင်ပါယာ၏ ဧကရာဇ်အဖြစ် အချိန်တိုအတွင်း ရောက်ရှိခဲ့သည်။ ဂျပ်စတီနီယံ မမွေးခင်ကပင် အနောက်ရောမအင်ပါယာကို ဂျာမန်မျိုးတူစုများက တိုက်ခိုက်ဖျက်ဆီးလိုက်သဖြင့် ပျက်စီးသွားခဲ့ရကာ ဂျက်စတီနီယံ စိုးစံရမည့် အရှေ့ရောမအင်ပါယာသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဂျပ်စတီနီယံသည် အနောက်ဘက်မှ လက်လွတ်လိုက်ရသည့် နယ်မြေများကို ပြန်ရနိုင်ရန်၊ ရောမအင်ပါယာကြီးကို တဖန်ပြန်ထူထောင်နိုင်ရန် ကွယ်လွန်ချိန် ရောက်သည်အထိ အချိန်ရှိသ၍ ကြိုးပမ်းခဲ့သော်လည်း အကျိုး အနည်းငယ်သာ ခံစားခဲ့ရရှာသည်။ အီတလီ၊ မြောက်အာဖရိကနှင့် စပိန်၏ တစ်စိတ်တစ်ပိုင်းသာ ပြန်လည် ရယူနိုင်ခဲ့သည်။ ဂျပ်စတင်းနီးယန်း၏ အလိုဆန္ဒမှာ နိုင်ငံတော်အတွက် ဓမ္မသတ်တို့ကို ပြုစုခြင်းအားဖြင့်လည်းကောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ ခံတပ်၊ ဆည်မြောင်းစသော အများပြည်သူဆိုင်ရာ အဆောက်အအုံတို့ကို အကြီးအကျယ် တည်ဆောက်ခြင်း ဖြင့်လည်းကောင်း၊ အနောက်ဂျာမန်တိုင်းနိုင်ငံတို့ကို တိုက်ခိုက် အောင်မြင် သိမ်းသွင်းခြင်းဖြင့်လည်းကောင်း အရှေ့ရောမ အင်ပိုင်ယာနိုင်ငံတော်ကြီးကို ပြုစု ပျိုးထောင်လိုသော ဆန္ဒ ဖြစ်သည်။ ဂျပ်စတင်းနီးယန်းမှာ မင်းမှုထမ်းများကို သူနှင့် သူထိုက်တန်သော နေရာတွင် နေရာချထား အသုံးပြုတတ် သောကြောင့် မြောက်အာဖရိကနှင့် အီတလီပြည်တို့ကို အောင် မြင်ခဲ့သည်။ ဧကရာဇ်ဖြစ်ပြီး နောက်တစ်နှစ် ၅၂၈တွင် ရောမနိုင်ငံရှိ ဥပဒေဟူသမျှတို့ကို ညှိနှိုင်းပြုစု တည်းဖြတ်စေ၍ ဧကရာဇ် ဓမ္မသတ်ကို ပြုစုနိုင်ရန် ကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့သည်။ ဤကော်မရှင်သည် ရောမနိုင်ငံ ဓမ္မသတ် ၁၂ စောင်တွဲ ပါဝင်သော ဓမ္မသတ်ကျမ်း တစ်စောင်ကိုလည်းကောင်း၊ ရောမနိုင်ငံ ရှေ့နေရှေ့ရပ်၊ ခုံသမာဓိ တရားသူကြီးတို့၏ ဖြတ်ထုံးသင်္ခေပကျမ်းကို လည်းကောင်း၊ ဥပဒေလေ့လာသူ စာသင်သားတို့အတွက် ဥပဒေပေါင်းချုပ်ကို လည်းကောင်း ပြုစုစီရင်ခဲ့သည်။ မူကြမ်းကို ၅၂၉ တွင် ပုံနှိပ်ပြီးနောက် လိုက်နာရန် ပြင်ဆင် ဖြည့်စွက်မှုများ ပြုထားသည့် အတည်ပြုသည့် ဥပဒေကျမ်းကို ၅၃၄ တွင် ပြဋ္ဌာန်းသည်။ ထိုပြဋ္ဌာန်းချက်၊ ကြေညာချက်အရ ဤဥပဒေတွင် မပါရှိသည့် ယခင် ဥပဒေများကို ပယ်ဖျက်သည်။ ကျမ်းအနေဖြင့် ထိုကျမ်း (Codex) မှာ ကော့ပါးစ် ဂျူစီ ဆီဗီလစ် တရားမ ကျင့်ထုံး ပေါင်းချုပ် ( the Copus Juris Civilis) ၏ ပထမပိုင်းဖြစ်သည်။ နောက်ဆက်တိုက် ဆိုသလိုပင် ဒုတိယပိုင်းအဖြစ် ပန်ဒက် (Pandects) (ကျော်ကြားသည့် ရောမ ဥပဒေ ပညာရှင်များ၏ အကြောင်း)၊ နောက် တတိယပိုင်းအဖြစ် အင်စတီကျု (the Instutites) တို့ ထွက်ရှိခဲ့သည်။ ဂျပ်စတီနီယံ ကွယ်လွန်ပြီးနောက်တွင် အထက်ပါ ဥပဒေများ၏ ပေါင်းချုပ်အဖြစ် နိုဗယ်လေ (the Novellae) ထွက်ရှိလာခဲ့သည်။ ယနေ့ ခေတ်မီနိုင်ငံတို့၏ တရားဥပဒေမှာ ယင်းရောမဓမ္မ သတ်ပေါင်းချုပ်ကိုမှီ၍ပြုသော ဥပဒေများဖြစ် လေသည်။ ဂျပ်စတီနီယံ အနေဖြင့် စစ်ရေး၊ အုပ်ချုပ်ရေးဘက်တွင် အချိန်ပေးနေရသည် များသဖြင့် တရားရေးဖြစ်သည့် ကော့ပါးစ် ဂျူစီ ဆီဗီလစ် တရားမ ကျင့်ထုံးပေါင်းချုပ် ( the Copus Juris Civilis) ကို ရေးရာတွင် ကိုယ်တိုင်ဦးစီး နိုင်ခြင်းမရှိပေ။ ကိုယ်စားအဖြစ် အလွန်ထူးချွန်သည့် ဥပဒေပညာရှင် ထရီဗောနီယံ (Tribonian) ၏ ကြီးကြပ်မှုဖြင့်သာ ရေးခဲ့ခြင်းဖြစ်သည်။ ထိုကျမ်းကို အရှေ့ရောမအင်ပါယာ၊ ဘန်ဇင်တိုင်းအင်ပါယာ တို့တွင် နှစ်ထောင်ချီ သုံးစွဲခဲ့ပြီး အတန်ကြာ မေ့ပျောက်ခံနေရရာမှ ခရစ်နှစ် ၁၁၀၀ လောက်မှစကာ အီတလီ တက္ကသိုလ်များတွင် ဥပဒေ လေ့လာသင်ယူသူများအား ပို့ချသည့်ကျမ်းအဖြစ် ပြန်လည်ကျော်ကြားလာသည်။ ထိုနောက်တွင် ဥရောပတစ်ဝှမ်းသို့ ပျံနှံပြီး မှီးငြိမ်းပြုရာ ကျမ်းအဖြစ်အထူးပြုရသည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ကျမ်းတစ်ခုလုံးကို ဆွဲယူသည့် ပုံစံမဟုတ်သည့်တိုင် ကိုက်ညီမှုရှိလျှင် ရှိသလို အသုံးပြုကြခြင်း ဖြစ်သည်။ အခြားစွမ်းဆောင်ချက်များ ဂျပ်စတီနီယံသည် အလုပ်ကိုကြိုးစားပြီး အလွန်ထူးချွန်သူဖြစ်သည်။ အုပ်ချုပ်ရေးတွင် အဂတိလိုက်စားမှုများကို ထိရောက်စွာ နှိမ်နှင်းခဲ့သည်။ ရောင်းရေးဝယ်တာ၊ ကုန်စည် ကူးသန်းရေးကို အားပေးသည်။ အဆောက်အဦးများစွာ ဆောက်လုပ်ပေးခဲ့ရာ ခံတပ်ကြီးများ ဆောက်လုပ်ခြင်း ၊ ကွန်စတန်တီနိုပယ်မြို့ကို မွမ်းမံတိုးချဲ့ခြင်းနှင့် နာမည်ကြီး ဟာဂီယာ ဆိုဖီယာ အပါအဝင် ဘာသာရေး အဆောက်အဦးများကိုလည်း တည်ဆောက်ပေးသည်။ ထိုသို့ တည်ဆောက်ရေးများကို ဆောက်ရာ ငွေကြေးလိုအပ်ချက် အရ အခွန်ငွေများ တိုးမြှင့်ကောက်ခံရာ ပြည်သူတို့၏ အုံကြွမှုကိုလည်းခံခဲ့ရသေးသည်။ ၅၃၂ တွင် ဖြစ်ပွားသည့် နီးကား ဆူပူမှု (the Nika rids) ဆိုလျှင် ဧကရာဇ်ပလ္လင်မှပင် ဆင်းပြေးရတော့မတတ် ကြီးမားခဲ့သည်။ သို့သော် ထိုအရေးအခင်းကို အောင်နိုင်ပြီးနောက် အာဏာတည်မြဲပြီဟု ဆိုနိုင်သည်။ ထိုသို့ အာဏာကြီးရသည်တွင် အလွန်တော်သည့် မိဖုရားဖြစ်သူ သီအိုဒိုရာ(Theodora) ကြောင့်လည်း ဖြစ်သည်။ ၅၄၈ တွင် ကင်ဆာရောဂါဖြင့် မိဖုရားကွယ်လွန်ရာ အလွန်ပင် စိတ်ထိခိုက်ရှာသည်။ သို့သော် ကွယ်လွန်ချိန် ၅၆၅ ထိ တစ်ဦးတည်း အုပ်ချုပ်ရေးမှာလည်း ခိုင်မြဲသည်ဟုဆိုနိုင်သည်။ သို့ဖြင့် ဂျပ်စတီနီယံ ကွယ်လွန်သော် ပြည်သူအများ အထင်အရှားပင် ဝမ်းမြှောက်ကြသည်ကို တွေ့ရသည်။ ရည်ညွှန်းကိုးကား နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%95%E1%80%BA%E1%80%85%E1%80%90%E1%80%AE%E1%80%94%E1%80%AE%E1%80%9A%E1%80%B6%E1%81%8A%20%28%E1%80%95%E1%80%91%E1%80%99%29
သီအိုဒိုရာ
ပထမ ဂျပ်စတီနီယံ၏ ထက်မြက်သည့် မိဖုရားအဖြစ် သီအိုဒိုရာ (၅၀၀ - ၅၄၈) ကို အသိများသည်။ ကခြေသည်၊ ပြည့်တန်ဆာ အဖြစ် အသက်မွေးခဲ့ပြီး ငယ်ရွယ်စဉ်အခါက လင်ကောင်မပေါ်ပဲ ကလေးတစ်ဦး ဖွားမြင်ခဲ့ဖူးသည် ဟုဆိုသည်။ ဂျပ်စတီနီယံနှင့် အသက် ၂၀ ကျော်အရွယ်တွင် ဆုံဆည်းကာ ကိုယ်လုပ်တော်အဖြစ် ပေါင်းသင်းခဲ့သည်။ ဂျပ်စတီနီယံ ဧကရာဇ်မဖြစ်မှီ ၅၂၅ တွင်မှ တရားဝင်လက်ထပ်ပြီး နောက်ထူးချွန်လိမ္မာသည့် မယားအစွမ်းကို တစစသိလာပြီး ဧကရာဇ်၏ အတိုင်ပင်ခံ၊ အကြံပေးသဖွယ် ဖြစ်လာခဲ့သည်။ သံတမန်ရေးရာ၊ နိုင်ငံရေးရာ၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေ ကိစ္စရပ်များတွင်ပါ မိဖုရား၏ ဩဇာအရှိန်အဝါ ကြီးခဲ့သည်။ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးခဲ့သည်။ ကင်ဆာရောဂါဖြင့် ၅၄၈ တွင် မိဖုရား သီအိုဒိုရာ ကွယ်လွန်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း တော်ဝင် မိသားစုဝင်များ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%A1%E1%80%AD%E1%80%AF%E1%80%92%E1%80%AD%E1%80%AF%E1%80%9B%E1%80%AC
ဒုတိယအာဘင် (ပုပ်ရဟန်းမင်းကြီး)
ခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားအောင် လှုံဆော်သူ အဖြစ် ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင် (၁၀၄၂-၁၀၉၉)ကိုသမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ မူဆလင်တို့ လက်ထဲကျရောက်နေသည့် မြင့်မြတ်သောမြေ ကိုခရစ်ယာန်တို့လက်ထဲ ပြန်ရောက်အောင် တိုက်ယူရမည် ဟူသောလှုံဆော်ဟောပြောမှုကို ဥရောပမှ နိုင်ငံခေါင်းဆောင်များ တစ်စုတစ်ပေါင်းတည်းလိုက်နာကြရာမှ ထိုခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားရခြင်းဖြစ်သည်။ အမည်ရင်း အိုဒိုဒေလာဂေရိဖြစ်သည့် အာဘင်အား ပြင်သစ်နို်င်ငံ၊ဆတိလောင်ဆူလ်မန်းမြို့တွင် ၁၀၄၂ခန့်က ဖွားမြင်သည်။ ပြင်သစ်သူကောင်းမျိုးမှ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဉ်ကပင် ပညာကောင်းစွာသင်ခဲ့ရသည်။ လူငယ်ဘဝမှာပင် ရိုမန်ကတ်တလစ် ဂိုဏ်းထောက်ဖြစ်ခဲ့ပြီး အချိန်နှင့်အမျှ ရာထူးတိုးကာ ၁၀၈၈တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသည်။ ၁၀၉၆၊နိုဝင်ဘာ ၊၂၇ တွင် ပြင်သစ်နိုင်ငံ တလာမွန်မြို့တွင် ပရိသတ်ထောင်သောင်းမက တက်ရောက်သည့် ခရစ်ယာန်စည်းေ၀းပွဲကြီးပြုလုပ်ပြီး သမိုင်းတွင်ရစ်မည့် မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုမိန့်ခွန်း၏ အကျိုးဆက်ကို နှစ်ပေါင်းရာနှင့်ချီကာ ဥရောပတွင်သက်ရောက်ခဲ့သည်။ မိန့်ခွန်း၏ အကျဉ်းချုပ်သဘောမှာ ဆယ်ဂျူတာ့စ် များက မြေမြတ်ကိုကျူးကျော်နေထိုင်ပြီး သာသနာကိုစော်ကားနေကြောင်း၊ခရစ်ယာန်ဘုရားဖူးများကို နှောင့်ယှက်နေကြောင်း၊ ထိုအကြောင်းတို့ကြောင့် ခရစ်ယာန်ဘာသာဝင်နိုင်ငံများအနေဖြင့် သာသနာ့ အကျိုးအတွက် ထိုမြင့်မြတ်သောမြေကို ပြန်လည်ရရှိရေး အလို့ငှာ ဘာသာရေးစစ်ခင်းသင့်ကြောင်း ဖြင့်ဟောပြောခဲ့သည်။ သို့သော် ထိုမိန့်ခွန်းတွင် ဘာသာရေးကိုသာမက ထိုမြင့်မြတ်မြေမှာ မိမိတို့ ဥရောပကဲ့သို့ ပြည့်ကျပ်မနေပဲ ကောက်ပဲသီးနှံပေါများကြောင်း မက်လုံးပေးဟောကြားခဲ့သည်မျိုးလည်း ပါပေသည်။ နောက်ဆုံးပိတ် မိန့်ခွန်း၏နိဂုံးတွင်လည်း ခရူးဆိတ်စစ်ပွဲဆင်နွဲခြင်းဖြင့် အပြစ်မှ လွတ်ရန် အာပတ်ဖြေသည်နှင့် အတူတူပင်ဖြစ်ကြောင်း၊ ခရူးဆိတ်စစ်ပွဲဆင်နွဲသည့် တပ်သားများအနေဖြင့် အပြစ်မှလွတ်နိုင်ကြောင်း ကြေညာခဲ့သည်။ ထိုကဲ့သို့ သာသနာ၏အကျိုးမှသာ မဟုတ် ကိုယ်ကျိုးစီးပွားပါ အကျုံးဝင်အောင် ဟောပြောသဖြင့် မိန့်ခွန်းမဆုံးမှီကပင် “ဒါဘုရားသခင်ရဲ့အလိုတော်ဟေ့” ဟု် ဝိုင်းဝန်းအော်ဟစ် ထောက်ခံခဲ့ကြပြီး ထိုစကားရပ်မှာ ခရူးဆိတ်စစ်ပွဲများတွင် ခရစ်ယာန်တို့ဖက်မှကြွေးကြော်သော စစ်ချီသံဖြစ်လာတော့သည်။ ထိုအစည်းအေဝးပြီး၍ တစ်လကျော်အကြာတွင်ပင် ပထမဆုံးသော ခရူးဆိတ်တိုက်ပွဲအတွက် ဥရောပခရစ်ယာန်တပ်များ စတင်စစ်ချီကြတော့သည်။ သို့ဖြင့် ရာစုနှစ် နှစ်ခုနီးပါးကြာမြှင့်ပြီး စစ်ပွဲကြီး ၈ ကြိမ်နှင့် စစ်ပွဲငယ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည့် ခရူးဆိတ်စစ်ပွဲများမှာ ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင်၏ ဟောပြောမှုဖြင့် စတင်ခဲ့သည်။ ကောင်းကျိုးဖက်မှ ကြည့်လျှင် ထိုစဉ်ကသီးခြားသဖွယ် နေထိုင်ခဲ့သည့် ဥရောပအနေဖြင့် ဘန်ဇန်တိုင်းအင်ပါယာ နှင့် အရှေ့ဘက်မှ အစ္စလာမ်တို့၏ ယဉ်ကျေးမှုများကို ထိတွေ့ခွင့်ရခဲ့သည်။ ထိုမှဥရောပ ယဉ်ကျေးမှုတစ်ဆင့် မြှင့်လာပြီးနောက် အသိအမြင်ပွင့်လင်းသည့် ရီနေးဆန့်ခေတ်ကို ရောက်ရှိလာခဲ့ရသည်။ ထိုကဲ့သို့ လူတစ်ဦးတစ်ယောက်၏ မိန့်ခွန်းစကားဖြင့် ဤမျှကြာရှည်ပြင်းထန်သော တိုက်ပွဲမျိုးကိုတိုက်ခိုက်သည်မှာ သမိုင်းတွင် ဒီတစ်ကြိမ်သာရှိသဖြင့် အာဘင်၏ဟောပြောမှုအရည်အချင်း၊ ဦးဆောင်မှုအရည်အချင်းကို သိမြင်နိုင်သည်။ ထို့ပြင် ထိုကဲ့သို့ ဘာသာရေးအခြေပြုပြီး ကြီးမားကျယ်ပြန့်သည့် စစ်ပွဲမျိုးကို ဖန်တီးရန် ဦးဆောင်နိုင်သည်မှာလည်း အာဘင်၏ ပုပ်ရဟန်းမင်းကြီး ရာထူးကို ပါးနပ်စွာအသုံးချနိုင်သည်ကြောင့်လည်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ၁၀၉၉ မကွယ်လွန်မှီ ၂ပတ်အလိုက ဂျေရူးဆလမ်မြို့ကို သိမ်းပိုက်ပြီးသော်လည်း ထိုအောင်ပွဲသတင်းကို အာဘင်ကြားမသွားခဲ့ရရှာပေ။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎
https://my.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%AC%E1%80%98%E1%80%84%E1%80%BA%20%28%E1%80%95%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%9F%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
ဗော်လ်တဲယား
အမည်ရင်း ဖရန်ရွှိုင်း မာရီ အရိုဝက် ဖြစ်သည့် ကလောင်အမည်ဗော်လ်တဲယား(Voltaire)(၁၆၉၄-၁၇၇၈)နှင့် ထင်ရှားသူကို တွေးခေါ်ပညာရှင်၊ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ ဝတ္ထုရေးဆရာ၊သမိုင်းဆရာ၊ အထေ့အငေါ့စာရေးဆရာ အစရှိသဖြင့် များပြားလှသော ကဏ္ဌများတွင် လူတို့က အမှတ်ရကြသည်။ နာမည်ကျော်သည့်အချိန်မှ ကွယ်လွန်ချိန်ထိ နှစ်ပေါင်း၆၀ကျော် အချိန်အတွင်း အကောင်းဆုံး ပြင်သစ်စာပေနှင့် အတွေးအခေါ်ပညာရှင် အဖြစ်အများက အသိအမှတ်ပြုရသည်။ ဗော်လ်တဲယားကို ပါရီမြို့တော်၌ ၁၆၉၄တွင်ဖွားမြင်သည်။ အဖမှာ ရှေ့နေတစ်ဦးဖြစ်သလို ဗော်လ်တဲယားကိုယ်တိုင်လည်း ဥပဒေပညာကို အနည်းငယ်လေ့လာလိုက်စားဖူးသည်။ ဥပဒေပညာကိုလိုက်စားနေရာမှ ရုတ်တရက်ရပ်စဲလိုက်ပြီး ပါရီတွင် အနောက်အပြောင်နှင့် အထေ့အငေါ့ပျက်လုံးများကို ဖန်တီးရင်း ထင်ရှားလာသည်။ ရှေးအခါကထိုသို့ ပြုလုပ်ပါက အတော်ကိုအန္တရာယ်များသည်ဟု ဆိုနိုင်သည်။ ပျက်လုံးများကြောင့် ဗာစတီးအကျဉ်းထောင် တွင် တစ်နှစ်အချုပ်ခံခဲ့ရဖူးပြီး ထိုတစ်နှစ်တာအတွင်း ဟင်နရိအိတ် အမည်ရှိ သမိုင်းလင်္ကာကြီးတစ်စောင်ကို ရေးဖွဲ့ခဲ့သည်။ ထောင်မှထွက်ကာစ ၁၇၁၈တွင် သူ့လက်ရာတစ်ခုဖြစ်သည့် အော်အေးဒစ်ပဲ ကိုပြဇာတ်အဖြစ် ရုံသွင်းပြသရာ အလွန်အောင်မြင်ပြီး အမည်ဝှက်ဖြစ်သည့် ဗော်လ်တဲယား ဟူသည့်အမည်မှာလည်း အထူးပင်ထင်ရှားလာသည်။ ထိုအချိန်တွင် ဗော်လ်တဲယား မှာအသက်၂၄နှစ်သာ ရှိသေးသဖြင့် အောင်မြင်မှုများနှင့်ယှဉ်လျှင် များစွာငယ်ရွယ်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ စာပေပညာရပ်တွင် စကားလုံးကြွယ်၀သည့် ဗော်လ်တဲ့ယားသည် ငွေကြေးပိုင်းတွင်လည်း ချမ်းသာသူဖြစ်လာခဲ့သည်။ သို့သော် ၁၇၂၆တွင် ကြီးမားသည့် ပြဿနာနှင့် တွေ့ရတော့သည်။ အကြောင်းမှာ ထိုခေတ်က သူကောင်းမျိုးများနှင့် ဆက်ဆံလျှင် ရိုရိုသေသေဆက်ဆံရသည်မှာ ထုံးစံဖြစ်သည်ကို လှစ်လျှုရှုပြီး သူကောင်းမျိုးတစ်ဦးဖြစ်သည့် ရှာဗလျာ ဒေရိုဟန် ဆိုသူနှင့် စကားရည်လုခဲ့ခြင်းမှစသည်။ စကားရည်လုပွဲတွင် ဗော်လ်တဲယားနိုင်သော်လည်း ရှာဗလျာ၏ လက်ပါးစေတို့၏ ရိုက်နှက်နှိပ်စက်ခံရပြီး ဗာစတီးထောင်အတွင်းသို့ နောက်တစ်ကြိမ် အလည်သွားရပြန်သည်။ ထိုနောက် ပြင်သစ်တွင် မနေတော့ပါ ဟူသောခံဝန်ချက်ဖြင့် ထောင်မှလွတ်ပြီးနောက် အင်္ဂလန်တွင် နှစ်နှစ်ခွဲမျှ သွားရောက်နေထိုင်ခဲ့ရသည်။ အင်္ဂလန်တွင်နေထိုင်ခဲ့ချိန်များသည် ဗော်လ်တဲယားအတွက် အဖိုးတန် အတွေ့အကြုံများကို ရရှိစေခဲ့သည်။ အင်္ဂလိပ်စာပေနှင့် စကားကို သင်ကြားခွင့်ရခဲ့သည်။ နာမည်ကျော်များဖြစ်သည့် ရှိတ်စပီးယား ၊ အိုက်ဆက် နယူတန်၊ ဇွန်လော့ခ်၊ ဖရန်စစ် ဘေကွန် အစရှိသူတို့၏ စာပေလက်ရာနှင့် အတွေးအခေါ်များကို လေ့လာခွင့်ရခဲ့သလို အခြားခေတ်ပြိုင် အင်္ဂလိပ်ပညာရှင်များနှင့် ဆွေးနွေးခွင့်ကိုလည်း ရခဲ့သည်။ ထို့ပြင် အဓိကအချက်မှာ ပြင်သစ်နှင့် မတူသည့် အင်္ဂလန်၏ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပါမြည်းစမ်းခွင့်ရခဲ့ခြင်းဖြစ်သည်။ မိမိပြင်သစ်တွင် ခံစားခဲ့ရသကဲ့သို့ အပြစ်တစ်စုံတစ်ရာ ပြသခြင်းမရှိပဲ သူကောင်းမျိုးနွယ်ဝင် တစ်ဦး၏ လက်မှတ်ဖြင့် ဖမ်းချုပ်နှိပ်စက်ခြင်းမှာ အင်္ဂလန်တွင် လက်မခံနိုင်သည့် အကြောင်းကိုပါ သိမြင်သွားခဲ့သည်။ ပြင်သစ်ပြန်ရောက်လျှင် အကြီးကျယ်ဆုံး၊ အကျော်ကြားဆုံးသော လက်ရာဖြစ်သည့် ဒဿနိကစာတမ်းများ အမည်ရကျမ်းကို ရေးသားဖြနေ့်၀သည်။ အင်္ဂလိပ်တို့အကြောင်းဟု အလွယ်ခေါ်သည့် ထိုကျမ်းမှာ အစစနောက်ကျနေခဲ့သည့် ပြင်သစ်တို့အတွက် ဉာဏ်အလင်းဖွင့်သည့် လက်ဦးကျမ်းပင်ဖြစ်တော့သည်။ ထိုကျမ်းတွင် အင်္ဂလိပ်တို့၏ နေထိုင်မှုပုံစံ၊ တွေးခေါ်ပုံ၊ အုပ်ချုပ်ရေးစနစ် အစရှိသည့် အကြောင်းများကို စေ့စေ့ငှငှ ရေးသားချီးမွမ်းထားခြင်းဖြစ်ပြီး ပြင်သစ်အာဏာပိုင်များ၏ ဒေါသကို ကောင်းစွာမီးထိုးနှိုးဆွပေးနိုင်သဖြင့် ဗော်လ်တဲယား တစ်ယောက် ပါရီမှ ပြေးရပြန်သည်။ ပြင်သစ်အရှေ့ပိုင်း စီရဲမြို့တွင် ၁၅နှစ်တိုင်တိုင် ခိုလှုံနေထိုင်နေရင်း မြို့စားကတော် မဒမ် ဒူရှတ်တလေ နှင့်ငြိစွန်းခဲ့သေးသည်ဟု ဆိုကြသည်။ ၁၇၅၀တွင် မဒမ် ဒူရှတ်တလေ ကွယ်လွန်ပြီး နောက်တစ်နှစ်အကြာတွင် ပရပ်ရှားအင်ပါယာ၏ ဧကရာဇ် မဟာဖရက်ဒရစ် ကဖိတ်ခေါ်သဖြင့် ပရပ်ရှားမြို့တော် ပေါ့စဒမ် တွင်သွားရောက်နေထိုင်သည်။ အစဦးတွင် နှစ်ဦးသားဆက်ဆံရေး အဆင်ပြေချောမွေ့ သော်လည်း သုံးနှစ်အကြာတွင် အချေတင်စကားများသဖြင့် ၁၇၅၃တွင် ဗော်လ်တဲယား ပရပ်ရှား (ဂျာမနီ)မှ ပြောင်းရပြန်သည်။ ထိုနောက် ပြင်သစ်မင်း၊ ပရပ်ရှားမင်း များ၏ဘေးရန်မှ ကင်းေ၀းစေရန်အတွက် ဂျီနီဗာမြို့အနီးတွင် ခြံကြီးတစ်ခြံကို ဝယ်ယူကာ နေထိုင်သည်။ သို့သော် ထိုခေတ်အမြင်နှင့် များစွာ ခွကျနေသည့် သူ၏အတွေးအခေါ်များကို ဆွစ်ဇာလန်တို့ကလည်း ခံတွင်းမတွေ့ကြသဖြင့် ပြင်သစ်-ဆွစ် နှစ်နိုင်ငံနယ်စပ်ရှိ ဖာနေး တွင် ခြံထပ်မံဝယ်ယူကာ နယ်စပ်မျဉ်းတွင် အိမ်ဆောက်ပြီးနေသည်။ အကြောင်းပြချက်မှာ တစ်ဖက်ဖက်မှ ရန်ပြုလာလျှင် လွတ်သည့်ဖက်ပြေးရန် ဖြစ်သည် ဟုဆိုသည်။ ထိုဒေသတွင် အနှစ်နှစ်ဆယ်ကြာ နေထိုင်စဉ်အတွင်း အခြားဒေသများမှ အတွေးအခေါ်ပညာရှင်များနှင့် စာပေးစာယူလုပ်ကာဆွေးနွေးခြင်း၊ မိတ်သင်္ဂဟများကို အလည်ဖိတ်ကြားကာ ကြွေးမွေးပြုစုခြင်း တို့ကိုပြုလုပ်ပြီး အချိန်အားရှိသရွေ့ ကျမ်းစာများ ရေးသားခြင်းဖြင့် ကုန်လွန်စေသည်။ ထိုနှစ်များတွင် ဂန္ထဝင်စာပေမှ ခေတ်ဆန်ဆန် အထေ့အငေါ့ပျက်လုံးများအထိ အမျိုးအစားစုံလင်စွာပါဝင်သည်။ အသက် ၇၀နားနီးချိန်တွင် ပြင်သစ်၌ ပရိုတက်စတင့်ဂိုဏ်းဝင်များကို ပြင်းထန်စွာနှိပ်ကွပ်ကြောင်း သိလျှင် လွတ်လပ်မှုကို မြတ်နိုးသူ ဗော်လ်တဲယား အနေဖြင့် ဤကဲ့သို့ ဘာသာရေးအယူသီးမှုများကို မိမိဉာဏ်ပညာဖြင့် ပယ်ရှားမည် ဟု ဆုံးဖြတ်ချက်ချကာ ဘာသာရေးချုပ်ချယ်မှုကို ဆန့်ကျင်သည့် နိုင်ငံရေးစာပေများ အများအပြားရေးသား ဖြနေ့်၀သည်။ ထိုစာတမ်းတိုင်း၏ အဆုံးသတ်ပိုင်းတိုင်းတွင် မဆင်မခြင်အယူသီးသည်ပယ်လှန်ရန် ရည်ရွယ်၍ "အပုပ်သတင်းထွက်ရာကို သုတ်သင်ကြလော့" ဟုနှိုးဆော်ချက်ကို ထည့်သွင်းလေ့ရှိသည်။ ၁၇၇၈တွင် အသက်၈၃နှစ်အရွယ် ဗော်လ်တဲယား ပါရီမြို့သို့ ပြန်လေသည်။ သူ့လက်ရာဖြစ်သည့် အီရန်းပြဇာတ်ကို ရုံတင်သည့် အခမ်းအနားကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန်ဖြစ်သည်။ ပြင်သစ်လူထုကြီး၏ တခဲနက် ထောက်ခံအားပေးသည့် လက်ခုပ်သံများကို ခံယူရရှိသလို ဘင်ဂျမင် ဖရမ်ကလင် အစရှိသည့် သူ့အားကြည်ညိုကြသည့် ကျော်ကြားသူတို့ လာရောက်လည်ပတ် ဆွေးနွေးသည်ကို လက်ခံတွေ့ဆုံသည်။ ၃၀၊ မေ၊ ၁၇၇၈တွင် ပါရီမြို့၌ ဗော်လ်တဲယား ကွယ်လွန်သည်။ ကွယ်လွန်သွားပြီးနောက် ကျန်ရှိရုပ်အလောင်းကို ပါရီသချိုင်းတွင် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးစံအတိုင်း မြုပ်နှံခွင့်မရခဲ့ပေ။ အကြောင်းမှာ ဘာသာရေးအယူသီးသူတို့၏ သာသနာကိုစော်ကားသူ ဟူသည့်စွပ်စွဲချက်ကြောင့်ဖြစ်သည်။ သို့သော် နောင် ၁၃နှစ်အကြာတွင် သူ့ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်ပြီး ဂုဏ်ပြုထိုက်သူတို့၏သင်္ချိုင်း ပါရီပန်သယ်ယွန်တွင် ဂူသွင်းမြုပ်နှံပေးခဲ့သည်။ ကွယ်လွန်သည့် နှစ်ပေါင်း ၂၀၀ကျော် ယနေ့တိုင် ဗော်လ်တဲယား၏ လက်ရာများမှာ ခေတ်မှီစဲ၊ အစွမ်းရှိနေစဲဖြစ်သည်ကို အသိအမှတ်ပြုကြသည်။ ထို့ပြင်ဗော်လ်တဲယား၏ အသိအမြင်ဖွင့်လှစ်ပေးမှုကြောင့်လည်း ၁၇၈၉ပြင်သစ်တော်လှန်ရေး ပေါက်ဖွားရခြင်း ဖြစ်သည်ဟုလည်း (တစ်နည်းဆိုလျှင် ပြင်သစ်တော်လှန်ရေးအစပြုရသည်တွင် ဗော်လ်တဲယား၏ လက်ချက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်။) ဆိုသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း အတွေးအခေါ်ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%97%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%BA%E1%80%90%E1%80%B2%E1%80%9A%E1%80%AC%E1%80%B8
ရှိတ်စပီးယား
ဝီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၆၄-၁၆၁၆)သည် ကမ္ဘာ့စာပေလောကကို လှုပ်ခတ်နှိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ ဖြစ်သည်။ “ရှိတ်စပီးယား”မှာ ကလောင်နာမည် တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ ဆက်မြောက် အောက်စဖို့မြို့စား အက်ဒ်ဝပ်ဒီဗေရာ (Edward de Vere) ဖြစ်သည်ဟု ဆိုကြသည်။ အက်ဒ်ဝပ် သည် မင်းညီမင်းသားတို့ ထုံးစံအတိုင်း မြင်းစီး၊ အမဲလိုက်၊ စစ်ရေး အစရှိသည့် ပညာရပ်များ သင်ကြားတတ်မြှောက်သကဲ့သို့ ဂီတ၊ အက၊ စာပေ ဖက်တွင်လည်း အထူးဝါသနာကြီးသည်။ လက်တင်နှင့် ပြင်သစ် စာပေများကို ဆရာခေါ်ပြီး အိမ်တွင် သင်ကြားခဲ့သည်။ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ၊ အောက်စဖို့ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့များ ရပြီးနောက် လန်ဒန်ရှိ ဂရေးအင်းတွင် ဥပဒေပညာကို တစ်နှစ်ကြာ ဆည်းပူးခဲ့သေးသည်။ အသက် ၁၂ နှစ်တွင် ဖခင်ကွယ်လွန်ခဲ့သဖြင့် မိခင်က နောက်အိမ်ထောင်ပြုခဲ့သည်။ သို့သော် မိခင်၊ ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့ မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။ နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး ဝီလီယမ်စီလ်စီ ဖြစ်သည်။ ဘုရင်မ အဲလိဇဘတ်၏ အကြံပေးကောင်စီဝင်အဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။ မျိုးရိုးဂုဏ်ကြောင့် အက်ဒ်ဝပ် အား စီလ်စီ မိသားစုအဖြစ်ကဲ့သို့ နေထိုင်စေသည်။ (စီလ်စီအိမ်မှ ကျွန်တစ်ဦးကို သတ်ဖြတ်ဖူးသော်လည်း စီလ်စီ၏ ဩဇာကြောင့် အပြစ်ဒဏ်မကျပဲ လွတ်ခဲ့သည်ဟုဆိုကြသေးသည်။ သို့သော် မသေချာပေ။) နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏ အရေးပေးခြင်းကိုလည်း ခံခဲ့ရသည်။ အသက် ၂၁ နှစ်တွင် အကြီးတော်၏ သမီး အန်းစီလ်စီနှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၄ နှစ်တွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိသဖြင့် ဥရောပတခွင် လှည့်လှည် ခရီးထွက်ခဲ့သည်။ ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓားပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီး ဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။ အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးသည်မှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိရပြီး ကလေး၏ ဖခင်အရင်းမှာ မိမိမဟုတ်၊ ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။ နောက် ၅ နှစ်ကြာပြီးမှသာ စွပ်စွဲချက်များကို ပြန်ရုပ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။ အိမ်ထောင်ကွဲအဖြစ် နေထိုင်နေစဉ်အတွင်း နန်းတွင်းအပျိုတော်တစ်ဦးနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရကြောင်း ဘုရင်မကသိသဖြင့် ရာဇမာန်ရှကာ ၂ လနီးပါး ထောင်ချထားခဲ့သေးသည်။ ထိုနန်းတွင်းသူ မိန်းမပျိုဖက်မှ မခံမရပ်နိုင်သူများ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်အသိုင်းအဝန်းများ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် ဘုရင်မက သတိပေးတားမြစ်ရပြန်သည်။ အန်းနှင့် ပြန်လည်ပေါင်းသင်းပြီးနောက် ကလေး ၅ ယောက် ထပ်မံထွန်းကားသည်။ သို့သော် အန်း အသက် ၃၂ နှစ် အရောက်တွင် ရုတ်တရက်ကွယ်လွန်သဖြင့် အက်ဒ်ဝပ် နောက်အိမ်ထောင်ပြုသည်။ စီးပွားရေးအနေဖြင့် အက်ဒ်ဝပ်သည် အသုံးအဖြုန်းကြီးသူ ဖြစ်သဖြင့် များစွာကြွယ်၀ခြင်းမရှိဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် ဘုရင်မ အဲလိဇဘတ်က ထူးထူးခြားခြားပင် ရာသက်ပန်လစာဟုဆိုကာ ၁၅၈၆ ခုနှစ်မှစပြီး တစ်နှစ်လျှင် ပေါင် ၁၀၀၀ (ယခုခေတ် ပေါင် ၁၀၀၀၀၀နှင့် ညီသည်။) ပေးသည်။ ၁၆၀၃ ခုနှစ်တွင် ဘုရင်မနောက် နန်းတက်သည့် ဂျိမ်း(၁)ကလည်း ဆက်လက် ပေးသည်။ ထူးခြားမှုမှာ ထိုကဲ့သို့များပြားလှသည့် လစာအတွက် မည်သည့်တာဝန်မျှ မပေးထားခြင်းဖြစ်သည်။ (ထို့ကြောင့် အက်ဒ်ဝပ်မှာ ရှိတ်စပီးယားဖြစ်သည်ဟု ဆိုကြခြင်းဖြစ်သည်။ ဘုရင်မကြီးအား စာပေ၊ ပြဇာတ်များရေးသား၍ စိတ်ကျေနပ်ဖွယ် စွမ်းဆောင်နိုင်သည့်အတွက် ပေးခြင်းဖြစ်သည်ဟု နောက်လူတို့က ယူဆကြသည်။ ထို့ပြင် ဤမျှတော်သည့် စာရေးဆရာ ငါ့ထံတွင်ခစားနေသည်ဟု ကြွားဝါလိုသည်ကြောင့်လည်း ဖြစ်နိုင်သည်။) ထိုအချိန်မှ စပြီး ၁၈ နှစ်အတွင်း အက်ဒ်ဝပ် နာမည်ဖြင့် စာမရေးတော့ပဲ နောင်သူကွယ်လွန်ပြီးမှ မည်သူမှန်းမသိသည့် ရှိတ်စပီးယား အမည်ဖြင့် စာပေများ၊ ကဗျာလင်္ကာများ ထွက်ပေါ်လာခဲ့သည်။ သက်ရှိထင်ရှား ရှိတ်စပီးယားအမည်ဖြင့် မည်သည့် စာပေမျှ မထွက်ခဲ့ပေ။ အကြောင်းမှာ ထိုခေတ်မင်းညီမင်းသား တစ်ဦးအနေဖြင့် မျိုးရိုးဂုဏ်ကိုစောင့်ထိန်းရမည့် တာဝန်ရှိသောကြောင့် ဇာတ်သဘင်သည် ဘဝဖြင့် နေထိုင်ရန်မသင့်၍ ဖြစ်သည်။ ရှိတ်စပီးယားအဖြစ်နှင့် လူမသိသည့် အက်ဒ်ဝပ်သည် ပလိပ်ရောဂါဆိုးကြီးကြောင့် ၁၆၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး နောက် စထရပ်ဖို့ရွာအနီးရှိ ဟက်နီရှိ အိမ်ကြီးအနီးတွင် မြုပ်နှံခဲ့သည်။ သို့ဆိုလျှင် အက်ဒ်ဝပ်အနေဖြင့် ရှိတ်စပီးယားဖြစ်ကြောင်း အဘယ်ကြောင့် ဖုံးကွယ်ပြီးနေခဲ့သနည်းဟု စဉ်းစားရန် အကြောင်းများ ရှိနေပြီဖြစ်သည်။ သမိုင်းပညာရှင်များ ပြဆိုသည့် အကြောင်းပြချက်များမှာ အထက်တွင် ဆိုခဲ့ပြီးဖြစ်သကဲ့သို့ ဂုဏ်သိက္ခာအရ မင်းညီမင်းသား၊ မြို့စား တစ်ဦးအနေဖြင့် ငွေကြေးအတွက် ပြသသည့် ဇာတ်သဘင်လောကအတွင်း နေထိုင်ရန် မသင့်ပေ။ နောက်တစ်ချက်မှာ နန်းတွင်းကိစ္စများ၊ အကောက်ကြံပုံများကို ဖွင့်ချထားသဖြင့် လူမသိရန် နေရသည်။ ထိုခေတ်များက ဂုဏ်သရေရှိ လူကြီးတစ်ဦးအနေဖြင့် မိမိအကြောင်းကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများသိအောင် ဖွင့်ချခံရ၍ မကျေနပ်လျှင် ဓားချင်းယှဉ်ခုတ်ရန် စိန်ခေါ်နိုင်သည်။ တရားရုံးတွင် တရားစွဲလျှင်လည်း ရင်ဆိုင်ရမည်။ ဝီလီယံ ရှိတ်စပီးယားသည် ဆောနတ်သီချင်းများတွင် မိန်းမတစ်ဦးအား ရည်ညွှန်းသည်မှာ သိသာလှသည်။ မည်သူရေးမှန်း မသိကြလျှင် အိမ်မှ ဇနီးနှင့် အချင်းမများတော့၊ ထို့ကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ပြင် ထိုသီချင်းများတွင်ပင် ယောက်ျားတစ်ဦးအား ရည်ညွှန်းထားသည်များ တွေ့ရပြန်သည်။ ထိုခေတ် အမြင်အားဖြင့် ယောက်ျားချင်း ဖွဲ့နွဲ့သည်မှာ အများလက်မခံနိုင်သည့် ကိစ္စဖြစ်နေပြန်သည်။ အထက်ပါအကြောင်းများမှာ ဖြစ်နိုင်ချေလည်း အတန်အသင့်ရှိသဖြင့် အက်ဒ်ဝပ်ဒီဗေရာ အား ဝီလီယံ ရှိတ်စပီးယား အဖြစ် အသိအမှတ် ပြုကြရခြင်းဖြစ်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း အင်္ဂလိပ် အမျိုးသား စာရေးဆရာများ နိုင်ငံတကာ ပြဇာတ်ရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AD%E1%80%90%E1%80%BA%E1%80%85%E1%80%95%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8
မနိ
ခရစ်နှစ် သုံးရာစုတွင် ပေါ်ထွန်းခဲ့သူ တမန်တော်မနိ (Mani)(၂၁၆-၂၇၄)သည် ထိုခေတ်အခါက အလွန်နောက်လိုက်နောက်ပါများသည့်၊ ယုံကြည်သူများသည့်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ မက်ဆိုပိုတေးမီယား (Mesopotamia)တွင်ဖွားမြင်ပြီး ထိုစဉ်က ပါရှအင်ပါယာတွင် ပါထန်(Parthian)မင်းဆက် အုပ်စိုးချိန်ဖြစ်သည်။ ဇော်ရော့အက်စတာဘာသာဝင်ဂိုဏ်းငယ်လေးတစ်ခုကို ကိုးကွယ်သည့်မိသားစုမှ ဆင်းသက်လာပြီး နောင်အသက် ၁၂နှစ်အရွယ်မှစကာ အကြားအမြင်များရကာ တမန်တော်အဖြစ်ရရှိလာသည်ဟုဆိုသည်။ အသက် ၂၄နှစ်မှစကာ အယူဝါဒသစ်ကို စတင်ဟောပြောတော့သည်။ ဇာတိဒေသတွင် သူ့အယူမှာ လူကြိုက်များလှသည် မဟုတ်သဖြင့် အိန္ဒိယမြောက်ပိုင်းသို့ ရွေ့ပြောင်းလာပြီး ထိုဒေသမှ မင်းတစ်ပါးကို ဟောပြောသိမ်းသွင်းနိုင်ခဲ့သည်။ ခရစ်နှစ် ၂၇၂တွင် ပါရှသို့ပြန်လာပြီး ဆက်စနစ်အင်ပါယာ ကိုအုပ်ချုပ်နေသည့် ပါရှမင်း ပထမရှာပူရ်(Shapur-I)ကို ချဉ်းကပ်သိမ်းသွင်းနိုင်သဖြင့် အထင်အရှားအသိအမှတ်ပြုခြင်းမခံရသော်လည်း လွတ်လပ်စွာ ဟောပြောခွင့်ရလေသည်။ ဆက်စနစ်ဧကရာဇ်များဖြစ်သည့် ပထမရှာပူရ်(Shapur-I) နှင့် ပထမဟောမိဇ်(Hormizd-I)တို့လက်ထက်များတွင် လွတ်လပ်စွာ ဟောပြောခွင့်ရခဲ့ပြီး ယုံကြည်သူဦးရေ အတော်ပင်များပြားလာခဲ့ပြီး နိုင်ငံခြားဒေသများထိ သာဿနာပြုများစေလွှတ်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က ဆက်စနစ်အင်ပါယာ၏ နိုင်ငံတော်ဘာသာမှာ ဇော်ရော့အက်စတာဘာသာဖြစ်နေပြီးဖြစ်သောကြောင့် ဇော်ရော့အက်စတာဘာသာဝင် ဂိုဏ်းဘုန်းကြီးများ၏ ငြိုငြင်မှုများကို ခံခဲ့ရသည်။ သို့ဖြင့် နောက်နန်းတက်လာသည့်ဧကရာဇ် ပထမဘာရမ်(Bahram-I) လက်ထက် ၂၇၆တွင် ဖမ်းဆီးနှိပ်ကွပ် ခံရသည်။၂၆ရက်တိုင်ပင် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက်ညှင်းပမ်းခံရပြီးနောက် တမန်တော်မနိ ကွယ်လွန်ရှာသည်။ မနိရှေအစ်ဇမ်ဝါဒ အကျဉ်းချုပ် မနိရှေအစ်ဇမ်ဝါဒတွင် ဗုဒ္ဓ၊ယေရှုခရစ် နှင့် ဇော်ရော့အက်စတာ တို့ကို တမန်တော်များအဖြစ် အသိအမှတ်ပြုပြီး ထိုသူများ၏ ဝါဒများထဲမှ ကောင်းနိုးရာရာတို့ကို ပေါင်းစုထားသည်။ သို့သော် အများစုမှာ ဇော်ရော့အက်စထရီယမ်ဝါဒကို မှီငြိမ်းပြီး ထိုဝါဒမှ အကောင်းနှင့်အဆိုးအားပြိုင်သည့် သဘောကိုထုတ်နုတ်ကာ မွမ်းမံပြင်ဆင်ပြီး အများနှင့်ညီအောင် ဟောပြောပို့ချခဲ့သည်။ နိဗ္ဗာန်ကဲ့သို့သော်၊ကောင်းကင်ဘုံကဲ့သို့သော် နယ်ပယ်မျိုးမှာ အထွတ်အထိပ်ရည်မှန်းချက်ဖြစ်သည်။ ကိုယ်ကျင့်တရားအနေဖြင့် အလွန်တင်းကျပ်သည်ဟုဆိုရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကိုယ်နှိုက်ကပင် အပြစ်ဖြစ်သဖြင့် ကာမနှီးနှောခြင်းကို မျိုးဆက်ပျံပွားရေးအတွက်ဖြစ်စေကာမူ တင်းကျပ်စွာတားမြစ်သည်။ ထို့အတူ အသားစားခြင်း နှင့် အရက်သေစာမှီဝဲခြင်း တို့ကိုလည်း ပိတ်ပင်သည်။ သို့သော် ထိုတားမြစ်ချက်များမှာ လက်ရွေးစင်လူတစ်စုအတွက်သာဖြစ်ပြီး တရားနာကြားသူ နောက်လိုက်များအတွက်မဟုတ်ဟု ဆိုပြန်သည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်ရာတွင် လက်ရွေးစင်လူစုမှာ အမြန်ရောက်နိုင်ပြီး နောက်လိုက်တို့မှာ ကာလကြာရှည်မှသာရောက်နိုင်သည်ဟု အဆိုရှိသည်။ ဖြတ်သန်းမှု သမိုင်း မနိသက်ရှိထင်ရှားရှိစဉ်ကပင် သူ၏ဝါဒမှာ အလွန်အောင်မြင်သောအနေအထားရှိနေခဲ့ပြီဖြစ်သည်။ ပါရှအင်ပါယာနှင့် အိန္ဒိယမြောက်ပိုင်းတွင်ပင် ယုံကြည်သူအများအပြားရှိနေပြီး ကွယ်လွန်ပြီးနောက်တွင်လည်း ဆက်လက်ပျံပွားခဲ့သည်။ အထွတ်အထိပ်ရောက်သည့် လေးရာစုဝန်းကျင်တွင် အနောက်ဘက် စပိန် မှ အရှေ့ဘက် တရုတ်၊ထိုင်ဝမ် ဒေသများအထိ ရောက်ရှိသွားပြီး နောက်ပိုင်းတွင် ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာဖြစ်သည့် ခရစ်ယာန်ဘာသာအတွက် အဓိကကျသော ခြိမ်းခြောက်မှုကြီးဖြစ်လာခဲ့သည်။ (စိန့်ဩဂတ်စတင်း ပင်လျှင် မနိဘာသာဝင်အဖြစ် ၉နှစ်နေထိုင်ခဲ့ဖူးသည်။) ထို့ကြောင့် ရောမအင်ပါယာ၏ အပြင်းအထန်နှိပ်ကွပ်မှုခံရပြီး ၆၀၀ခုနှစ်ဝန်းကျင်မှစပြီး အနောက်ဘက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။ အရှေ့ဘက်တွင် ဗဟိုအာရှ ၊တာကစ္စတန် ၊အနောက်တရုတ်ဒေသများ နှင့် မွန်ဂိုလီးယား တို့တွင် အများကိုးကွယ်သည့် ဘာသာအဖြစ်သို့ရောက်လာပြီး ၈ရာစုတွင် အိဂါးရ်စ်(Uighurs)တွင် နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် တရုတ်ကုန်းတွင်းပိုင်းကိုဖြတ်သန်းကာ ထိုင်ဝမ်အထိပင် ပျံနှံသေးသည်။ ပါရှဒေသသို့ မူဆလင်တို့ ဝင်ရောက်လာသည့် ၇ရာစုကာလများတွင် မနိဘာသာလည်း တဖြည်းဖြည်း ယုတ်လျော့ရပေသည်။ ဘဂ္ဂဒက် ရှိအုပ်စိုးသူများကလည်း အကြီးအကျယ်နှိပ်ကွပ်ရာ မက်ဆိုပိုတေးမီးယား နှင့် အီရန်ရှိ မနိဂိုဏ်းဝင်များ ပျောက်ကွယ်ခဲ့ရသည်။ ဗဟိုအာရှဒေသတွင်လည်း ၉ရာစုအတွင်းတွင် များစွာကျဆင်းလာပြီး ၁၃ရာစုတွင် မွန်ဂိုတို့ကျူးကျော်မှုကြောင့် အပြီးတိုင်ပြိုလဲသွားရသည်။ သို့သော် မနိဂိုဏ်းဝင်အနည်းငယ်ကို တရုတ်တွင် သူတွေ့ရှိခဲ့သေးသည်ဟု မာကိုပိုလိုက သူ၏မှတ်တမ်းများတွင်ရေးသားခဲ့သေးသည်။ ထိုအချိန်တွင် မနိဂိုဏ်းခွဲလေးများစွာသည် အနောက်ဘက်တစ်လွှားတွင် နေရာယူလှုပ်ရှားနေပြီဖြစ်သည်။ ထိုအထဲမှ ပိုလီစီယာ အမည်ရှိဂိုဏ်းမှာ ဘန်ဇန်တိုင်းအင်ပါယာတွင်လည်းကောင်း ၊ ဗိုဂိုမီလ်ဂိုဏ်းက ဘောလ်ကန်ဒေသတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။ သို့သော် ဥရောပတွင် ပေါ်ထွန်းခဲ့သမျှ မနိဂိုဏ်းများတွင် အင်အားအကြီးဆုံးမှာ ကတရိဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းမှာ ၁၂ရာစုတွင် အထင်ရှားဆုံးဖြစ်လာပြီး ပြင်သစ်တောင်ပိုင်းတွင် ယုံကြည်သူပေါများလှသည်။ သို့သော် ထိုနောက်လိုက်များက သူတို့ကို ခရစ်ယာန်များအဖြစ်သာ ခံယူလေ့ရှိကြပြီး ရှေးရိုးစွဲခရစ်ယာန်များကတော့ ထိုသူများကို မိစ္ဆာဒိဌိများဟု သတ်မှတ်သည်။ နောက်ဆုံးတွင် အလယ်ခေတ်၏ အယူသီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်း တတိယအင်နိုဆင် က စီမံကိန်းဖြင့် ဖြတ်ဆီးသဖြင့် ထိုဂိုဏ်းလည်း ပျက်ရလေသည်။ ထိုနှိမ်နှင်းမှုတွင် လူသူအမြောက်အမြား သေကြေရပြီး ပြင်သစ်တောင်ပိုင်းဒေသမှာလည်း ထိုဒဏ်ဖြင့် ပျက်စီးလုလုဖြစ်ခဲ့ရသည်။ ထိုသို့ ရက်စက်စွာနှိမ်နှင်းသော်လည်း အီတလီတွင် ၁၅ရာစုခန့်အထိ မနိဂိုဏ်းငယ်လေးများ ဆက်လက်တည်ရှိနေခဲ့သေးသည်။ ယခုခေတ်တွင်မူ မနိဂိုဏ်းမှာ အစရှာမရအောင်ပင် ပျောက်ကွယ်ခဲ့ရပြီဖြစ်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎
https://my.wikipedia.org/wiki/%E1%80%99%E1%80%94%E1%80%AD
မဟာဆိုင်းရပ်စ်
မဟာဆိုင်းရပ်စ် (; ; ဘီစီ ၅၉၀-ဘီစီ ၅၂၉) သည် ပါရှင်းလူမျိုးတို့၏ ဖခင်ကြီးဟူ၍လည်းကောင်း၊ ယဟူဒီလူမျိုးတို့၏ ကယ်တင်ရှင်ဟူ၍လည်းကောင်း၊ ဆိုင်းရပ်- သ-ဂရိတ်(ဆိုင်းရပ်မင်း တရားကြီး) ဟူ၍လည်းကောင်း ရှေးဟောင်းရာဇဝင်သမိုင်း အစောင်စောင် တို့တွင် ဂုဏ်ပြုချီးကျူးမှတ်တမ်းတင်ခံခဲ့ရသည်။ သူသည် ပါးရှား အင်ပါယာကြီးကို တည်ထောင်စည်းရုံးခဲ့သူ ဖြစ်သည်။ ဆိုင်းရပ်စ်ကို အီရန်အနောက်တောင်ပိုင်းရှိ ဖာရ်စစ်နယ်(ယနေ့ဖားစ်နယ်)တွင် ဒေသခံပဒေသရာဇ်ဖြစ်သူ ဆမ်ဘီစက် မှ ဆင်းသက်ဖွားမြင်သည်။ ဆိုင်းရပ်စ်၏ မူလပါရှအသံထွက်ဖြင့် အမည်မှာ ကုဂုစ် ဖြစ်သည်။ သူမွေးဖွားစဉ်က ထိုဒေသမှာ ဖိဒ်စ်အင်ပါယာ၏ လက်အောက်ခံ ပဒေသရာဇ်နယ်လေးသာဖြစ်သည်။ ငယ်စဉ်ဘဝကို ကောင်းစွာမသိရသော်လည်း ပုံပြင်ဆန်ဆန် လူပြောများသည် ဇာတ်လမ်းအရ အဘိုးဖြစ်သူက မြေးကိုယ်ဝန်ဆောင်ချိန်တွင် နိမိတ်များမြင်ပြီး နောင်တစ်ချိန်တွင် မိမိအားပျက်စီးစေမည့် မျိုးဆက်ဟု ဆိုကာသတ်ရန် စေခိုင်းခဲ့သည်။ သို့သော် မင်းစေက မရက်စက်လိုသဖြင့် သိုးခြံ၀တွင် စွန့်ပစ်ထားခဲ့ပြီး သိုးထိန်း လင်မယား၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သည် ဟုဆိုသည်။ သို့သော် သမိုင်းပညာရှင်များက ထိုဇာတ်လမ်းကို လက်မခံကြပေ။ သူ၏မိဘမျိုးရိုး၊ သူ၏ငယ်စဉ် အကြောင်းအရာများမှာ ရှေးဟောင်းဒဏ္ဍာရီပုံပြင်များဖြင့် ရော ထွေး၍ နေခြင်းကြောင့် ကျွန်ုပ်တို့ တိကျမှန်ကန်စွာ သိရှိရန် များစွာခဲယဉ်းလေသည်။ သို့သော် ဆိုင်းရပ်သည် ပါးရှင်းလူမျိုး ဖြစ်၍၊ ပါးရှင်းနိုင်ငံတော်ကြီးကို တည်ထောင် စည်းရုံးခဲ့သည်မှာ ကား အမှန်ပင်ဖြစ်သည်။ အရွယ်ရောက်လျှင် ဖခင်ထံမှ အရိုက်အရာကိုဆက်ခံပြီး မိဒ်စ်အင်ပါယာ၏ ဧကရာဇ်၏ လက်အောက်ခံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ရာမှ ဘီစီ၅၅၃တွင် ပုန်ကန်ပြီး သုံးနှစ်အကြာတွင် အောင်မြင်ပြီး ပါရှအင်ပါယာကို တည်ထောင်သည်။ ဖိဒ်စ် နှင့် ပါရှတို့မှာ လူမျိုးအားဖြင့်၊ ဘာသာစကားအားဖြင့် များစွာကွာခြားသည်မဟုတ်သဖြင့် ဆိုင်းရပ်စ် အနေဖြင့်လည်း ဖိဒ်စ်တို့၏ ဥပဒေ နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ဆက်လက်ကျင့်သုံးသည်။ ထို့ကြောင့် လက်အောက်ခံတို့က မည်သည့်မကျေနပ်မှုမှ မပြဘဲ တိုင်းပြည်အတွင်း မင်းပြောင်းမင်းလွဲဖြစ်သည် ဟုသာ သဘောထားကြသည်။ ဧကရာဇ်အဖြစ်ကိုရလျှင် နယ်ပယ်ချဲ့ထွင်ရေးကို စတင်ရန်အားထုတ်သည်။ ရှေးဦးစွာ အနောက်ဘက်ရှိ လီဒီးယားအင်ပါယာ ကိုတိုက်ခိုက်သည်။ ထိုအင်ပါယာမှ ဘုရင်ကရီးဆပ်သည် ချမ်းသာကြွယ်၀ပြီး အထူးသဖြင့် ရွှေအလွန်ပေါသည် ဟုကြော်ကြားသည်။ ဘီစီ ၅၄၆တွင် လီဒီးယားအင်ပါယာကို အောင်နိုင်သည်။ ဘီစီ ၅၃၉ ခုနှစ်တွင် ဘေဘီလုံ နိုင်ငံကိုလည်းဆက်လက်၍ အောင်မြင်ခဲ့၏။ ဖီနီးရှန်း နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံများကိုလည်း နှိမ်နင်းအောင်မြင်ခဲ့ ၍ ဆိုင်းရပ်သည် ယဟူဒီလူမျိုးများအား ကယ်တင်စောင့်ရှောက် ခဲ့၏။ ထိုနောက် အရှေ့ဘက်သို့လှည့်ပြီး စစ်ပွဲများစွာတိုက်ခိုက်အောင်မြင်ကာ ဘီစီ ၅၄၀တွင် အီရန်တစ်ခုလုံးကိုရပြီး သူ၏အင်ပါယာမှာလည်း အနောက်ဘက် မှ အရှေ့ဘက် အိန္ဒိယ၊ ဗဟိုအာရှ ဒေသများအထိကျယ်ပြန့်လာခဲ့သည်။ ထိုသို့အရှေ့နှင့်အနောက်တွင် ရန်သူများကိုအောင်နိုင်ပြီးနောက် အချမ်းသာဆုံးဖြစ်သည့် ဘေဘီလုံနိုင်ငံကို တိုက်ခိုက်တော့သည်။ ဘေဘီလုံဘုရင် နဗိုနိဒပ်စ်မှာ ပြည်သူတို့၏ ချစ်ခင်မှုကိုမရသဖြင့် ဘေဘီလုံစစ်တပ်များက မတိုက်ဘဲ လက်နက်ချသောကြောင့် ဓားမကျိုးလှံမခွေဘဲ ဘေဘီလုံကိုရလေသည်။ သို့ဖြင့် ဘေဘီလုံလက်အောက်ရှိ ဆီးရီးယားနှင့် ပါလက်စတိုင်း ဒေသများကိုပါရသည်။ ဆိုင်းရပ်စ်၏ ဘုန်းတန်ခိုးကြီးများပုံကား ထိုမျှမကသေး ချေ။ အာရှတိုက်တွင်လည်း ဟဲလက်စပွန့်မှ အိန္ဒိယနယ်စပ် အထိ ကြီးစိုးမင်းမူခဲ့သေးသည်။ ထိုမှ နှစ်အတန်ကြာ မိမိ၏သိမ်းပိုက်နယ်ပယ်များအတွင်း အခြေခိုင်ရန်အားထုတ်ကြိုးပမ်းပြီးနောက် စစ်တပ်ကိုဦးဆောင်ကာ အရှေ့မြောက်ဘက်ရှိ ကပ်စပီယံပင်လယ်မှ ဗဟိုအာရှတိုင်အောင် လှည့်လည်သွားလာလျက် ရှိသည့် မက်စဂီတေး လူမျိုးစုများကို တိုက်ခိုက်သည်။ သို့သော် ၅၂၉တွင် ဖြစ်ပွားသည့် ကက်စပီယန်ပင်လယ်၏ အရှေ့မြောက်ဘက်၌ နေထိုင်သည့် စီသီယားလူမျိုးများနှင့် တိုက်ခိုက်သော ဒုတိယ စစ်ပွဲ၌ ပါရှတပ်များ ရှုံးသလို ဆိုင်းရပ်စ်ကျဆုံးသွားခဲ့သည်။ နောက်ဆက်တွဲ ဆိုင်းရပ်စ်လွန်လျှင် သားတော် ဒုတိယကမ်ဘီစက်စ် ကဆက်ခံပြီး တိုက်ခိုက်ရာ မက်စဂီတေး တို့ကိုအောင်မြင်သည်။ ဖခင်၏အလောင်းကို ရှေးပါရှမြို့တော်ဟောင်း ပဆိုဂဒေ တွင်မြုပ်နှံသည်။ ထိုနောက် အီဂျစ်သို့ဆက်လက်ချီတက်ပြီး တိုက်ခိုက်အောင်မြင်သဖြင့် အာရှအနောက်ဘက်နှင့်အလယ်ပိုင်း တစ်ခွင်လုံးကို ပါရှအင်ယာအဖြစ် သိမ်းသွင်းထူထောင်သည်။ အနှစ်နှစ်ရာကျော် သက်တမ်းရောက်မှ မဟာအလက်ဇန္ဒား ၏တိုက်ခိုက်မှုကြောင့် ပါရှအင်ပါယာကြီး ပျက်စီးခြင်းသို့ရောက်ရသည်။ အလက်ဇန္ဒားလွန်သော် သူ၏စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဆဲလ်လူကတ်နီကာတာ ကပါရှအင်ပါယာကို ဆက်လက်အုပ်ချုပ်ပြီး ခရစ်နှစ် သုံးရာစုတွင် ဆိုင်းရပ်စ်မင်းဆက်မှ ဆင်းသက်သူဟု ဆိုသည့် ပထမအာဆက်စစ် ကပုန်ကန်ပြီး ပါသီယအင်ပါယာကို တည်ထောင်သည်။ ခရစ်နှစ် ၂၂၄တွင် ထိုမင်းဆက်ကို နန်းချပြီး ပါရှအင်ပါယာသစ် (သို့) ဆက်စနစ်အင်ပါယာ ကိုတည်ထောင်ပြီး အနှစ် ၄၀၀မျှ အုပ်စိုးသွားကြသေးသည်။ ထိုမင်းဆက်တို့ကလည်း မိမိတို့သည် ဆိုင်းရပ်စ်၏ အကြေမန်နစ် အဆက်အနွယ်များဖြစ်သည်ဟု ဆိုကြပြန်သည်။ ဆိုင်းရပ်စ်၏ အရည်အချင်းများ စစ်ရေးတွင် ထူးချွန်သည်မှာ ပြောဖွယ်မရှိပေ။ ထို့အပြင် အုပ်ချုပ်ရေး တွင်ထူးချွန်ပြီး ဘာသာကိုးကွယ်မှုတွင်လည်း နှစ်သက်ရာဘာသာကို ကိုးကွယ်ခွင့်ပေးသည်။ သိမ်းပိုက်ခံနယ်ပယ်များအတွင်းရှိ ဒေသခံတို့၏ ဓလေ့ထုံးစံများကို ဆက်လက်ကျင့်သုံးခွင့်ပေးသည်။ ရက်ရက်စက်စက် မျိုးသုဉ်းသတ်ဖြတ်သည်မျိုးမရှိခဲ့ပေ။ ဘာသာရေးအရ နောင်တွင် အပြောင်းအလဲဖြစ်စေမည့် ဖြစ်ရပ်တစ်ခုကိုလည်း ပြုခဲ့သည်။ အခြားမဟုတ် ဘေဘီလုံကို သိမ်းပိုက်ပြီးနောက် ဘေဘီလုံတွင် နှစ် ၅၀ကျော်မျှ အထိန်းအသိမ်းခံသဘောမျိုး၊ သုံ့ပန်းသဘောမျိုး နေထိုင်နေခဲ့ရသည့် ဂျူးလူမျိုးထောင်ပေါင်းများစွာကို အိမ်ပြန်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အထက်ပါအချက်များကြောင့် နောင်တစ်ချိန်ပြိုင်ဖက်များဖြစ်လာသည့် ဂရိတို့ကပင် ဆိုင်းရပ်စ်ကို လေးစားချီးကျူးခဲ့ကြသည်။ ဆိုင်းရပ်စ်သည် ၂၅ နှစ်အတွင်း ပါးရှင်းနိုင်ငံတော်ကြီးကို တည်ထောင်စည်းရုံးနိုင်ခဲ့သော စစ်ဘုရင်ကြီးဖြစ်သည်။ သူသည် သူတစ်ပါး၏အပေါ်တွင် သနားညှာတာတတ်၍ တရားမျှတသော နိုင်ငံခေါင်းဆောင် ဘုရင်ကြီးလည်းဖြစ်သည်။ သူ့အား ပါးရှင်း လူမျိုးများက 'ဖခင်ကြီး'ဟူ၍လည်းကောင်း၊ ယဟူဒီလူမျိုးများက 'ကယ်တင်ရှင်' ဟူ၍လည်းကောင်း၊ ဂရိလူမျိုးများက 'မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သော သက်ဦးဆံပိုင်ဘုရင်ကြီး' ဟူ၍လည်းကောင်း ခေါ်ဝေါ်အသိ အမှတ်ပြုခဲ့ကြသည်။ ရာဇဝင်သမိုင်း အစောင်စောင်တို့တွင်ကား သူသည် ဆိုင်းရပ်စ်-သည်-ဂရိတ်ဟု ထင်ရှားခဲ့ လေသည်။ ရည်ညွှန်းကိုးကား နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%BA
မဟာကွန်စတန်တိုင်း
မဟာကွန်စတန်တိုင်း(Constantine the Great)(အေဒီ ၂၈၀-၃၃၇)သည် ရောမဧကရာဇ်များအနက် ပထမဆုံးခရစ်ယာန်ဘာသာကို အစပြုသက်ဝင်ယုံကြည်သူ ဖြစ်သည်။ သူ၏ ဘာသာကူးပြောင်းယုံကြည်မှုကြောင့် ယခင်က ဖိနှိပ်သတ်ဖြတ်ခံခဲ့ရသည့် ဘာသာမှာ နောင်တချိန် ဥရောပမှအစပြုကာ ကမ္ဘာတစ်ဝန်းတွင် ရှေ့ဆောင်ဘာသာတစ်ရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ၎င်းလက်ထက်တွင် ထူးခြားချက်နှစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ယင်းတို့မှာ ခရစ်ယန်အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ်ဖြင့် အသိအမှတ်ပြုခြင်းနှင့် ရောမနိုင်ငံတော် အရှေ့ပိုင်းတွင် မြို့တော်သစ် ကွန်စတန်တီနိုပယ်မြို့ကို တည်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ကွန်စတန်တိုင်းအား အေဒီ၂၈၀ ယနေ့ဆားဘီးယားနိုင်ငံ(ယခင်ယူဂိုဆလားဘီးယား)၊နစ်စ်မြို့တွင် ပထမကွန်စတင်ရှပ်ဘုရင်နှင့် ဟယ်လီနာမိဖုရားတို့၏ ဖွားမြင်သည်။ ဖခင်မှာ စစ်တပ်မှအရာရှိကြီးဖြစ်ပြီး နောင်တွင် ဂေါလနှင့် ဗြိတိန်တို့၏ ဘုရင်ခံဖြစ်သည်။ ဟယ်လီနာသည် နောင်အခါ သူတော်စင်အမျိုးသမီး စိန့်ဟယ်လီနာ ဖြစ်လာသည်။ ငယ်စဉ်ဘဝအချိန်ကို နိကောမေယာတွင် အကျယ်ချုပ် သဘောဖြင့် နေထိုင်ခဲ့ရ၏။ ထိုမြို့မှာ ရောမဧကရာဇ် အိုကလေတန် နန်းစိုက်ရာမြို့လည်းဖြစ်သည်။ ထိုသို့နေခဲ့ရရာမှ ၃၀၅တွင် အိုကလေ ထီးနန်းစွန့်သောကြောင့် ဖခင်ကွန်စတန်တိယက်စ်သည် ရောမအင်ပါယာ၏အနောက်ခြမ်းကို အုပ်ချုပ်ရသူဖြစ်လာခဲ့သည်။ ဖရိုဖရဲအခြေအနေတွင် ထွက်ပြေးလွတ်မြောက်လာပြီးလျှင် ခမည်းတော်ထံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် ဖခင်ကွယ်လွန်သဖြင့် သူ့ဖခင်တပ်မှ တပ်သားများက ကွန်စတန်တိုင်းအား ဧကရာဇ်အဖြစ် ဝိုင်းဝန်းတင်မြှောက်ကြရာ အခြားစစ်ဗိုလ်ချုပ်များက ကန့်ကွက်ရာမှ ပြည်တွင်းစစ်ဖြစ်သည်။ ကွန်စတင်းသည် ရောမနိုင်ငံတော် အနောက်မြောက်ပိုင်းဖြစ် သော ဂေါလ၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့ကို ငါးနှစ်မျှ အုပ်စိုးပြီး နောက်၊ အီတလီနိုင်ငံကို လုပ်ကြံရန် ရောမမြို့တော်သို့ တန်းတန်းမတ်မတ် ချီတက်ခဲ့လေသည်။ ၃၁၂တွင် တိုင်းဗားမြစ်သို့ ရောက်သောအခါ၊ ကွန်စတန်တင်းသည် မွန်းတိမ်းချိန် ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက်လက်နေသော လက်ဝါးကပ်တိုင်တစ်ခု ကို တွေ့မြင်ရသည်ဟု ဆိုသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် 'ဤအမှတ်အသားဖြင့် ရန်အပေါင်းကို နှိမ်နင်းလော့'ဟူသော စာတမ်းလည်း ပါရှိသည်ဟုဆိုသည်။ ထိုည၌ မက်သော အိပ်မက်ထဲ၌လည်း လက်ဝါးကပ်တိုင်ကို အောင်လံတော်ပမာဝင့်၍ ရန်သူတို့အား တိုက်ခိုက်ရန် ကောင်းကင်းတမန်တော် တစ်ဦးက နှိုးဆော်လာသည်ဟု ဆိုသည်။ ဤသို့ဖြင့် လက်ဝါး ကပ်တိုင်ကို အဆောင်ပြု၍ တိုက်ခိုက်သည်တွင် အင်အားအဆ မတန်ကြီးမားသော ရောမဘုရင် မန်ဇဲတိယက်စ်၏ တပ်များသည် ပျက်ပြုန်းကြတော့သည်။ ရောမဘုရင်လည်း တိုင်းဗားမြစ် အတွင်း၌ ရေနစ်၍ ကံကုန်ရှာလေသည်။ ထိုအောင်ပွဲကို အမှတ်တရ ဖြစ်စိမ့်သောငှာ ကွန်စတန်တင်း မုတ်ဝကို တည်ဆောက်ခဲ့၏။ ထိုအဆောက်အုံကား ယနေ့တိုင်အောင် တည်ရှိနေပေသည်။ အရှေ့ခြမ်းကိုမူ လီစီနီယမ် အမည်ရဗိုလ်ချုပ်ကြီးက သိမ်းပိုက်အုပ်ချုပ်နေဆဲဖြစ်ရာ နောက်ဆုံး ၃၂၃တွင် လီစီနီယမ်ကိုပါ အောင်နိုင်သောကြောင့် ရောမအင်ပါယာတစ်ခုလုံး၏ ဧကရာဇ်အဖြစ် ကွယ်လွန်သည့် ၃၃၇ခုနှစ်အထိ ကွန်စတန်တိုင်း အုပ်ချုပ်သည်။ ခရစ်ယာန်ဘာသာဝင်အဖြစ် မည်သည့်အချိန်က ကွန်စတန်တိုင်းကူးပြောင်းသက်ဝင်သည်ကို အတိအကျ မသိကြရပေသော်လည်း ခရစ်ယာန်ဘာသာရေးပြန့်ပွားရန် အထူးပင် လုံ့လထုတ်သည်ကို တွေ့ရသည်။ ရှေးဦးစွာ မီလန်အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာပြီး ခရစ်ယာန်ဘာသာကို ဖိနှိပ်ခြင်းမှ ကင်းဝေးစေသည်။ ထိုအမိန့်အရပင် ယခင်က ရှာဖွေဖမ်းဆီးထားသည့် ခရစ်ယာန်ဘာသာရေးကျောင်းမှ ပစ္စည်းများကို ပြန်လည်ထုတ်ပေးစေသည်။ ထို့ပြင် တနင်္ဂနွေနေ့ကိုလည်း ဘာသာရေးဝတ်ပြုရန်နေ့အဖြစ် သတ်မှတ်ပေးသည်။ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည့်တိုင် သေသည်အထိ နှစ်ခြင်းမခံသွားခဲ့ပေ။ ထို့ပြင် ဘာသာရေး၏ အနှစ်အရသာဖြစ်သည့် သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ကို ကွန်စတန်တိုင်းတွင် မတွေ့ရခြင်းဖြစ်သည်။ ရက်စက်လွန်းသည်ဟု နာမည်ကျော်ပြီး ဇနီးနှင့် သားကြီးတို့ကိုပါ ၃၂၆တွင် ကွပ်မျက်ခဲ့သည်။ ထိုသို့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာသဖွယ်ပြဋ္ဌာန်းလိုက်ပြီးနောက်တွင် ရာစုနှစ်ပေါင်းများစွာကြာမြှင့်သည့် ဂျူးဘာသာ(ဟီးဘရူး)ဝင်များကို နှိပ်ကွပ်ရေး စတင်သည်။ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတိအလင်းပြဋ္ဌာန်းခြင်း မရှိသော်လည်း သူထုတ်ပြန်သည့် အမိန့်၊ဥပဒေများမှာ ခရစ်ယာန်ဘာသာကို တိုးတက်ပြန့်ပွားအောင် အားပေးခဲ့သည်ကိုမူ ထင်ရှားစွာတွေ့မြင်နိုင်သည်။ သို့အားဖြင့် နှစ်ပေါင်း ၃ဝဝ ကျော်မျှ ညှဉ်းပန်းသတ်ဖြတ်ခြင်း ခံခဲ့ရသော ခရစ်ယန်အယူဝါဒီတို့သည် ချမ်းသာခွင့်ရလာကြပြီးလျှင်၊ ခရစ်ယန်သာသနာလည်း ထွန်းကားပြန့်ပွားလာတော့သည်။ သူ့အမိန့်ဖြင့် ခရစ်ယာန်ကျောင်းတော်သည် အခွင့်အရေးများစွာရရှိရုံမျှမက ဘီလ်တယ်လ်ဟမ်ရှိ ဖွားတော်မူရာကျောင်း နှင့် ဂျေရူးစလမ်မြို့တွင် သင်္ချိုင်းတော်ရာကျောင်း ကဲ့သို့သော ကျောင်းတော်ကြီးများကို ဆောက်လုပ်ခွင့်ရခဲ့ကြခြင်းဖြစ်သည်။ ခရစ်ယန်အယူဝါဒ၌ အယူအဆကွဲလွဲ၍ အငြင်းပွားပြီးလျှင် သင်းကွဲမည့် အရိပ်အယောင်များ ပေါ်ပေါက်လာသဖြင့် ၃၂၅ ခုနှစ်တွင် အာရှမိုင်းနားရှိ နိုင်စီးယားမြို့၌ သာသနာရေးကောင်စီတရပ် ခေါ်ယူ ကျင်းပခဲ့၏။ ထိုကောင်စီတွင် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၍ သာသနာရေးညီညွတ်မှုကို ဖြစ်စေခဲ့သည်။ နိုင်စင်းဝါဒသည် ထိုအချိန်မှ စတင်ပေါ်ပေါက်လာခဲ့၏။ ကွန်စတန်တင်းလက်ထက်တွင် အာရှမိုင်းနားရှိ လက်အောက်ခံနယ်များသည် ရံဖန်ရံခါ ထကြွကြသဖြင့်၊ နိုင်ငံတော် အရှေ့ပိုင်းနယ်များနှင့် နီးကပ်စိမ့်သောငှာအင်ပါယာ အရှေ့ပိုင်းရှိ ဘန်ဇိုင်တီယမ်မြို့တော်ကို မိမိအမည်ဖြင့် ကွန်စတန်တီနိုပယ် ဟုပြောင်းခေါ်စေပြီး အသစ်ပြန်လည်တိုးချဲ့တည်ဆောက်ကာ မင်းနေပြည်တော်အဖြစ် သတ်မှတ်သည်။ (ယနေ့ အီစတန်ဘူလ်၊တူရကီနိုင်ငံ) ထိုမြို့တော်သစ်သည် ၁၄၅၃ အထိ အရှေ့ရောမအင်ပါယာ၏ မြို့တော်အဖြစ်တည်ရှိနေခဲ့သလို နောက်ရာစုနှစ်များစွာတိုင်အောင်ပင် အော်တိုမန်အင်ပါယာ၏ မြို့တော်အဖြစ်လည်း ဆက်လက်ကျော်ကြားခဲ့သည်။ (နေပြည်တော်ဟောင်း ရောမမြို့မှာမူ နှစ် ၁၅ဝ ခန့်အတွင်း၌ပင် ရန်သူတို့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်သုန်းခဲ့ရလေသည်။ ရောမမြို့တွင် တိုက်ရိုက်အုပ်စိုးသော ဧကရာဇ်မရှိသည့်နောက် ပုပ်ရဟန်းမင်း၏ တန်ခိုးအာဏာတို့သည် အီတလီနိုင်ငံနှင့်တကွ အနောက်ဥရောပတလွှားတွင် တဖြည်းဖြည်း တိုးတက်ကျယ်ပြန့်လာလေသည်။) ကွန်စတန်တိုင်းမတိုင်မှီက ရောမဧကရာဇ် ဒိုင်အိုကလီတန်(၂၈၄-၃၀၅)က ခရစ်ယာန်ဘာသာဝင်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သည့်တိုင် ခရစ်ယာန်ဘာသာအနေဖြင့် ဆုတ်ယုတ်သွားခြင်းမရှိသည်ကိုထောက်၍အချို့သောသမိုင်းပညာရှင်များက ကွန်စတန်တိုင်းအနေဖြင့် ခရစ်ဘာသာသို့ကူးပြောင်းပြီး အားပေးခဲ့ခြင်းမျိုးမရှိလျှင်လည်း ခရစ်ယာန်ဘာသာမှာ အများယုံကြည်မှုရရန်မခက်ခဲသည့် အခြေအနေတွင်ရှိနေပြီဖြစ်သဖြင့် ကွန်စတန်တိုင်းပေါ်ထွက်မလာလျှင်လည်း အနှေးနှင့်အမြန် ဆိုသလိုပင် ခရစ်ယာန်ဘာသာအနေဖြင့် အောင်ပွဲခံရန် ရှိနေသည်ဟုဆိုကြသည်။ မည်သို့ဆိုစေကာမူ ကွန်စတန်တိုင်းသည် ရောမအင်ပါယာ၏ ဧကရာဇ်အနေဖြင့် ခရစ်ယာန်ဘာသာကို အားပေးခဲ့ခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ကြီးမားသော ဘာသာရေးအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့သည်မှာ ငြင်းမရနိုင်သည့်အချက်ဖြစ်သည်။ ကွန်စတန်တိုင်းသည် အရှေ့တိုင်းထုံးစံတို့ကို နှစ်ခြိုက်၍ သက်ဦးဆံပိုင် ဘုရင်စံနစ်ဖြင့် အုပ်စိုးခဲ့၏။ သို့ရာတွင် အခြေအနေနှင့် လိုက်လျောညီစွာ ချင့်ချိန်ဆောင်ရွက်တတ်သဖြင့် အမြော်အမြင်ကြီးသော ဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာသနာ့ဝန်ထမ်း ဂိုဏ်းအုပ်ကြီးများအား အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဘုရင့်အတိုင်ပင်ခံများအဖြစ်ဖြင့် ခန့်အပ်ခဲ့၏။ တရားဥပဒေများကိုလည်း ခရစ်ယန်အယူဝါဒတရားနှင့် အညီ အညွတ်ဖြစ်စေရန် ပြုပြင်စီရင်ခဲ့လေသည်။ ၃၃၇ ခုနှစ်တွင် ပါးရှန်းတို့၏ ထိပါးခြင်းကို ခုခံတိုက်ခိုက်ရန် စစ်ထွက်ရင်းလမ်းခရီး၌ နာမကျန်းဖြစ်၍ ကံကုန်လေသည်။ ထိုနောက်ဆုံး နာမကျန်းဖြစ်သော အချိန်ရောက်မှပင် နန်းတက်သည့်အခါမှစ၍ ပြုစုအားပေးခဲ့သော ခရစ်ယန်သာသနာကို အကြွင်းမဲ့ သက်ဝင်ယုံကြည်လျက် ဗတ္တိဇံမင်္ဂလာ (ဝါ) ရေနှစ်မင်္ဂလာကို ခံယူခဲ့သည်ဟု ဆိုကြသည်။ ကွန်စတန်တိုင်းမရှိသည့်နောက် သူထူထောင်ခဲ့သော အင်ပါယာနိုင်ငံကြီးသည် ကျန်ခဲ့သော သားတော်သုံးပါး၏လက်ထက်၌ အစိတ်စိတ်ကွဲ၍ အင်အားနည်းပါးသွား လေတော့သည်။ ရည်ညွှန်းကိုးကား ခရစ်ယာန်ဘာသာ နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%90%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
လားရှိုးမြို့
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော်ကြားသည်။ ထို့ကြောင့် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မြို့သမိုင်း ရှေးယခင် သီပေါ၊ သိန္နီ၊ မိုင်းရယ်၊ နမ့်ခမ်း အစရှိသည့် ရှမ်းစော်ဘွားများအုပ်ချုပ်စဉ်က လွယ်ရိုး အမည်ရှိ ရွာလေးသာဖြစ်သည်။ ၁၉၀၄တွင် အင်္ဂလိပ်တို့က သိန္နီစော်ဘွား နှင့် အနီးကပ်ဆက်သွယ်ရန် အင်္ဂလိပ်အရေးပိုင်တစ်ဦးထားရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီ တရုတ်-မြန်မာလမ်းမကြီး ဖောက်လုပ်ပြီးသည့်နောက်တွင် စီးပွားရေးကောင်းမွန်လာသဖြင့် လူနေထူထပ်လာသောကြောင့် လားရှိုးအမည်ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် လက်ထပ်က တရုတ်-မြန်မာစစ်ပွဲကာလအတွင်းတွင် စစ်စခန်းထောက်ရွာအဖြစ်လည်းကောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်၊ တရုတ်နှင့် မဟာမိတ်တပ်များ၏ စစ်စခန်းချရာအဖြစ် လည်းကောင်း မှတ်တမ်းများရှိခဲ့သည်။ တည်နေရာနှင့် အကျယ်အဝန်း မန္တလေးမြို့မှ အရှေ့မြောက် ၁၈၆မိုင် အကွာ၊ ပင်လယ်ရေမျက်နှာပင်အမြင့် ၁၈၀၆ပေတွင်တည်ရှိသည်။ မြို့နယ်တစ်ခုလုံး အနေဖြင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၃၆မိနစ် ၅၃စက္ကန့် နှင့် ၂၃ဒီဂရီ ၄မိနစ် ၂၇စက္ကန့် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၁မိနစ် ၁၀စက္ကန့် နှင့် ၉၈ဒီဂရီ ၃၁မိနစ် ၄၈စက္ကန့် အကြားတွင်တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၆၃၃.၄၁ စတုရန်းမိုင် ရှိသည်။ ဖွဲ့စည်းပုံ မြို့ကို ရပ်ကွက်ကြီး (၁၂)ခုဖြင့်ဖွဲ့စည်းထားပြီး တိုးချဲ့ရပ်ကွက်များနှင့် မြို့ပြဧရိယာထဲ ထည့်သွင်းထားသည့် ကျေးရွာများလည်း ရှိသည်။ အကြမ်းအားဖြင့် တောင်ပေါ်နှင့် မြေပြန့်ပိုင်း နှစ်ပိုင်းရှိသည်ဟု ဆိုနိုင်သည်။ ဒေသခံများက မြေပြန့်ပိုင်းကို လားရှိုးကြီး (ရှမ်းလို"လွယ်ရိုး လုံ")ဟုလည်းကောင်း ၊အစိုးရရုံးများရှိရာ အမြင့်ပိုင်းကို မူလအခေါ် လွယ်ရိုးဟုလည်းကောင်း ခေါ်ကြသည်။ ရောင်းဝယ်ရေးအတွက် မြို့မဈေးကြီး၊ ပျံကျကုန်စိမ်းဈေး၊ မန်ဆူဈေးကြီး၊ ဘူတာဈေး အပါအဝင် ရပ်ကွက်အချို့တွင်လည်း ဈေးငယ်များရှိသည်။ သို့သော် မြို့မဈေးကြီးမှာ အစည်ကားဆုံးနှင့် ရောင်းဝယ်ဖောက်ကားရန် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် မန်ဆူဈေးကြီး အနီးတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ကုန်စည်ဒိုင်တစ်ခုကို ဖွင့်လှစ်ထားသည်။ ညပိုင်းတွင်သာ ခင်းကျင်းရောင်းချသည့် အောင်သီရိရုပ်ရှင်ရုံရှေ့ညဈေးမှာ အထူးစည်ကားသည်။ ရုပ်ရှင်ရုံ လေးရုံရှိပြီး ယင်းတို့မှာ အောင်သီရိရုပ်ရှင်ရုံ၊ ရထိုက်ရုပ်ရှင်ရုံ (ယခင် စိန်မြဝင်းရုပ်ရှင်ရုံ)၊ သီတာအေးရုပ်ရှင်ရုံနှင့် သိန်းထိုက်ရုပ်ရှင်ရုံ တို့ဖြစ်ကြသည်။ ထင်ရှားသည့်မော်ယာဉ်လိုင်းဂိတ်များမှာ မန်ဆူဂိတ်၊ ၄၁ ဂိတ်၊ မြို့ပြင်နားမခေါ်‌အ‌‌‌‌ဝေးပြေးဂိတ်စသည့်ဖြင့် ရှိသည်။ အခြား မြို့တွင်းယာဉ်လိုင်းဂိတ်ငယ်များလည်းရှိသည်။ လူမျိုးများ နေထိုင်သည့် လူမျိုးများမှာ ရှမ်း၊ တရုတ်၊ ဗမာ၊ လားဟူ၊ ကချင်၊ တအာင်း(ပလောင်)၊ ကိုးကန့်၊ လီဆူ၊ ဂေါ်ရခါး၊ လွယ်လ"ဝ" နှင့် အခြားအိန္ဒိယနွယ်ပွားများ အဓိကနေထိုင်ပြီး အခြားတိုင်းရင်းသားများလည်း အနည်းငယ် နေထိုင်ကြသည်။ စီးပွားရေး မြန်မာနိုင်ငံတဝှမ်းမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ၏ စီးဆင်းရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာအဖြစ်လည်းကောင်း ကျော်ကြားသည်။ တပ်အတိုင်းအဝိုင်းများနှင့်နီးစပ်သည့်လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူ့စစ်ခေါင်းဆောင်များမှ သတ္တုတွင်းလုပ်များကို တူးဖော်၍ တရုတ်နိုင်ငံသို့ ‌တင်သွင်းပေးပို့သည်။ အခြားဒေသထွက်ကုန်စည်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း နှင့် ပြည်ပ(တရုတ်နိုင်ငံ) များသို့တင်ပို့သည်။ ပညာရေး အခြေခံပညာ အစိုးရအထက်တန်းကျောင်း ၉ ကျောင်း ရှိသည်။ တရုတ်လူမျိုးများအတွက် မူလတန်းအဆင့် မြန်မာစာနှင့် တရုတ်စာတွဲဖက်သင်ကြားသည့် တရုတ်စာသင်ကျောင်း ၄ကျောင်းရှိသည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင်များအတွက် အလယ်တန်းအဆင့် မြန်မာစာ နှင့် ကိုရမ်ကျမ်း တွဲဖက်သင်ကြားသည့် ကျောင်းတစ်ကျောင်းရှိသည်။ အဆင့်မြင့်ပညာ လားရှိုးတက္ကသိုလ် နည်းပညာတက္ကသိုလ်(လားရှိုး) ကွန်ပျူတာတက္ကသိုလ်(လားရှိုး) လားရှိုးပညာရေးကောလိပ် ဘာသာရေး ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ထေရဂေါ်ရခါးဗုဒ္ဓဘာသာများလည်းရှိကြသည်။ တရုတ်လူမျိုးများက မဟာယနဗုဒ္ဓဘာသာနှင့် ၎င်းတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာကြသည်။ မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ရှမ်းတိုင်းရင်းသားဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများကို နေရာအနှံ့တွေ့နိုင်သလို အစ္စလာမ်ဗလီများ၊ ဟိန္ဒူ နှင့် ဂေါ်ရခါးဘုရားကျောင်းများ အပါအဝင် တရုတ်ဘုံကျောင်းများလည်းရှိသည်။ စာပေ နှင့် ယဉ်ကျေးမှု ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အပါအဝင် အခြားတိုင်းရင်းနယ်ခံများ၏ယဉ်ကျေးမှုများကိုလည်း လွတ်လပ်စွာ ခွင့်ပြုထားရှိသည်။ မြို့တော်ခန်းမ နှင့် ပြဇာတ်ရုံတစ်ခုလည်း ရှိသည်။ မြန်မာစာနှင့် စကား ၊ ရှမ်းစာပေနှင့် စကား တို့မှာ အသုံးများပြီး တရုတ်စကားမှာလည်း တွင်ကျယ်သော စာပေနှင့် စကားအဖြစ်သုံးစွဲကြသည်။ ဆက်သွယ်ရေး တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသဖြင့် ကားလမ်းမှာ အများဆုံးအသုံးပြုသည့် သွားလာဆက်သွယ်ရေး ဖြစ်သည်။ ထို့ပြင် မန္တလေး-လားရှိုး ရထားလမ်း၏ အဆုံးမြို့လည်းဖြစ်သဖြင့် မီးရထားဖြင့်လည်း သွားလာနိုင်သည်။ ရာသီမရွေးအသုံးပြုနိုင်သည့် လေယာဉ်ကွင်းတစ်ခုလည်းရှိသည်။ ရာသီဥတု တောင်ပေါ်ဒေသဖြစ်သည့်အတွက် ကြမ်းတမ်းသည့် ရာသီဥတုမျိုးရှိသည်။ ဆောင်းတွင်းကာလများတွင် ရေခဲမှတ်ထိရောက်ရှိနိုင်ပြီး။ မိုးရာသီတွင်လည်း ရက်ရှည်မိုးရွာသွန်းမှုမျိုးကို ကြုံရတတ်သည်။ နွေဦးကာလများတွင် အနည်းငယ်သာယာပြီး နွေလယ်ပိုင်းတွင် အပူချိန်အတန်ငယ်မြင့်တတ်သည်။ အားကစား ပြည်နယ်အဆင့် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုလည်းရှိသည်။ ရပ်ကွက်အလိုက် အခြားဘောလုံးကွင်းငယ်များလည်းရှိသည်။ ဘောလုံး နှင့် ဘက်စကတ်ဘောမှာ လူကြိုက်များသည့် အားကစားများဖြစ်သည်။ ထို့ပြင် သေနတ်ပစ်ကွင်း၊ ရေကူးကန် နှင့် လားရှိုးဂေါက်ကွင်းတို့လည်း ရှိသည်။ နိုင်ငံတကာ အဆင့်မီ စားပွဲတင်တင်းနစ် (Table Tennis) နောင်ရိုး ကလပ်လည်းရှိသည်။ စေတီပုထိုးများ မန်ဆူဘုရား(စေတီ) ရန်တိုင်းအောင်ဘုရား(စေတီ) ရန်အောင်မြင်ဘုရား(စေတီ) တောင်ပေါ်ဘုရား(စေတီ) ရေကန်တောင်ဘုရား(ဆုတောင်းပြည့်ဘုရား/စေတီ) နဂါးရုံဘုရား သာသနာ့ဗိမ္မာန် ကန်မိန်းဘုရား ာ လားရှိုး မဟာမြတ်မုနိဘုရား အထင်ကရနေရာများ လွတ်လပ်ရေးပန်းခြံ(ယခင် နန်းဟေဝန်ပန်းခြံ) လားရှိုးမိုတယ်လ် ရေပူချောင်း သိန္နီစော်ဘွား‌‌‌ ဟော်နန်းငယ် ဟူးမွန်ဆည် ဆင်နှစ်ကောင် အပန်းဖြေစခန်း(ဟူးမွန်ဆည်အနီး) ဆင်တောင် ရေကန်တောင် ပေါ်‌တော်မူ ရှန်ခိုက်ဘုရား‌‌ မန်ဆန်ရေကျ(ရေတံခွန်) တရုတ်ဘုံကျောင်း ကျောက်တောင် အေတီချောင်း လားရှိုးမြို့ လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်၏ ရုံးစိုက်မြို့ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ် သည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂၈ဝဝ ထက်တွင် တည်ရှိသည်။ လားရှိုးမြို့သည် မန္တလေးမှ ခွဲထွက်လာသော မီးရထားလမ်းတစ် ကြောင်း၏ အဆုံးဘူတာဖြစ်သည်။ မန္တလေးမှ ရထားလမ်းအားဖြင့် ၁၇၅ မိုင် ကွာဝေးသည်။ သို့သော် ဘူတာရုံသည် မြို့နှင့်နှစ်မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိသည်။ နေ့စဉ် မီးရထားများရှိသည့်အပြင် မေမန်းသယ်ယူပို့ ဆောင်ရေးမှ ခရီးသည်တင်မော်တော်ကားကြီးများကလည်း ခရီးသည်များကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ထိုမျှသာမကသေး ရှမ်းပြည်နယ် ရှိ အခြားမြို့များဖြစ်သော သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မိုင်းရယ်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ စသောမြို့များသို့လည်း နေ့စဉ်အချိန်မှန် ခရီးသည်တင်ကားများ ပြေးဆွဲလျက်ရှိသည်။ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်လည်းရှိသဖြင့် သွားလာမှု ပို၍လွယ်ကူ လေသည်။ ခရိုင်ရုံး စိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အစိုးရအထက်တန်းကျောင်များ၊ ဆေးရုံ၊ အပန်းဖြေဥယျာဉ်၊ ဧည့်ဂေဟာ၊ ဧည့်သည်များ တည်းခိုရာ အိမ်များနှင့် တိုက်တာအဆောက်အအုံ အိမ်ကြီးအိမ်ကောင်းများ ရှိသည်။ လားရှိုးမြို့သည် သို့အားဖြင့် စည်ကားသော ရှမ်းမြို့တစ်မြို့ဖြစ် သည်။ ရာသီဥတုလည် မျှတကောင်းမွန်သည်။ သစ်တောများ ဝိုင်းလျက်ရှိ သောကြောင့် စိုပြည်စိမ်းလန်း၍ ရှုခင်းသာသည်။ လားရှိုးမြို့၌ ရှမ်း၊ မြန်မာ၊ ပလောင်၊ ကချင်၊ လီရှော၊ ရှမ်းတရုတ်၊ ကုလား စသည့်လူမျိုးပေါင်းစုံ နေထိုင်သည်။ လူဦးရေမှာ ၃ဝ၁ဝ၉ (၁၉၆၇ ခုနှစ်) ယောက်ရှိသည်။ လားရှိုးနှင့် နှစ်မိုင်ခန့်အကွာတွင် မန်ဆူစေတီတော်တစ်ဆူ တည် ရှိသည်။ ရှေးမင်းများလက်ထက်က နတ်သိကြားများကိုယ်တိုင် တည်သည်ဟု အဆိုရှိသည်။ သုံးမိုင်ခန့်အကွာတွင် ရေပူတွင်းများရှိ၍ အချိန်မရွေး သွားနိုင်သည်။ ၂၇ မိုင်ခန့် ဝေးကွာသောအရပ်တွင်လည်း ထင်ရှားသော သိန္နီရေပူစခန်းရှိသည်။ ဗြိတိသျှလက်ထက်ကမူ လားရှိုးမြို့သည် စစ်တပ်စခန်းမြို့ဖြစ်သည်။ ယခင်အခါ စော်ဘွားများကြီးစိုးစဉ်က လားရှိုးမြို့သည် သိန္နီနယ်တွင် ပါဝင်၍ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော်လည်း ၁၉၄ဝ ပြည့်နှစ်ထိ လူဦးရေ ၃၅ဝဝ ခန့်သာရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်များမဆုတ်ခွာမီက တရုတ်-မြန်မာ လမ်းမကြီးကို ဖွင့်လှစ်လိုက်သောအခါ လမ်းမကြီးပေါ်တွင် တည်ရှိသော လားရှိုးမြို့သည် နေ့ခြင်းညခြင်းပင် စည်ကားလာပေတော့သည်။ စစ်အတွင်းက ဗုံးဒဏ်ပြင်းထန်စွာခံခဲ့ရ၍ တလင်းပြင်တမျှ ကျန်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြန်လည်၍ မြို့ကို တည်ထောင်နိုင်ခဲ့သောကြောင့် ယခုအခါ စည်ကားနေပေပြီဖြစ်သည်။ ကိုးကား ဖေဖော်ဝါရီ ၊ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ဝေသော ရန်ကုန်တိုင်းမ်ဂျာနယ်။ မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ် မြန်မာနိုင်ငံရှိ မြို့များ ရှမ်းပြည်နယ်ရှိ မြို့များ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
မဟာပီတာ
ရုရှားဇာဘုရင်များထဲတွင် အကြီးကျယ်ဆုံးသော၊ ပဒေသရာဇ်ရုရှားကို ခေတ်မှီရေးအတွက် စွမ်းဆောင်ခဲ့သော ဇာဘုရင်အဖြစ် မဟာပီတာ()(၁၆၇၂-၁၇၂၅)ကို လူတို့က အမှတ်ရကြသည်။ ပထမမြောက် ပီတာဘုရင်သည် မေလ ၃၀ ရက်နေ့ ၁၆၇၂ ခုနှစ်တွင် ဖခင် ဇာဘုရင် အလက်ဆီ မီခိုင်းလော့ဗစ်ချ်နှင့် ဒုတိယမိဖုရား မိခင် နာတာလျာ ကီယီးလ်လော့ဘ်နာ တို့မှ ဖွားမြင်ခဲ့သည်။ ခမည်းတော် နတ်ရွာလားသဖြင့် မင်းညီမင်းသားများ အချင်းချင်း နန်းလုသတ်ဖြတ်ကြပြီး အဆုံးသတ်တွင် အသက် ၄ နှစ်မပြည့်မှီသေးသည့် ပီတာလေးတစ်ယောက် ပလ္လင်ပေါ်သို့ မျက်စိသူငယ်၊နားသူငယ်ဖြင့် တက်ရသည်။ အဖတူအမိကွဲ အမတော် ဆိုဖီယာက အထိန်းတော်အဖြစ် တာဝန်ယူပြီး ပီတာလေးကို ၁၀ နှစ်သားအရွယ်ကပင် ရင်ခွင်ပိုင်ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံထားခဲရသူ ဖြစ်သည်။ ၁၆၈၉ အသက် ၁၇ နှစ် အရွယ်တွင် အမတော် ဆိုဖီယာကို ဖယ်ရှားပြီးကာမှ ဘုရင် အစစ်အမှန်အဖြစ် အုပ်ချုပ်သည်။ ပီတာဘုရင်သည် ငယ်စဉ်ကပင် သိပ္ပံနည်းပညာနှင့် နိုင်ငံရပ်ခြား လူနေမှုဘဝကို စိတ်ဝင်တစား လေ့လာခဲ့သူဖြစ်ပြီး ရုရှားဘုရင်များအနက် အနောက်ဥရောပနိုင်ငံများသို့ လေ့လာရေး ခရီးထွက်ရန် ကြိုးပမ်းခဲ့သော ပထမဆုံး ရုရှားဘုရင်လည်း ဖြစ်ပေသည်။ ပီတာဘုရင်၏ ငယ်ဘဝ ပီတာဘုရင်သည် ၁၆၇၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖခင်ဇာဘုရင် အလက်ဆီ မီခိုင်းလော့ဗစ်ချ်၏ ဒုတိယမြောက် မိဖုရားကြီး နာတာလျာ နာရီးရှ်ကီးနာ မှ ဖွားမြင်ခဲ့သည်။ ဇာဘုရင်၏ ၁၄ ယောက်မြောက်သားတော် ဖြစ်ပြီး ဒုတိယမြောက် မိဖုရားကြီး၏ အကြီးဆုံးသား လည်းဖြစ်သည်။ ပီတာဘုရင် ဖွားမြင်ခဲ့ရာနေရာကိုမူ တိကျစွာ မသိရှိရပေ။ သမိုင်းမှတ်တမ်း အချို့က ကျယ်ရယ်မနွေးနန်းတော် ( Теремной дворец) တွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများကမူ ကာလာမျန်းစကားရဲ (Коломенское) ရွာတွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ အီဇမိုင်အိလော့ဗာ (Измайлово) ရွာဟု ဖော်ပြကြသည်။ ပီတာ ဟုသော အမည်သည် ရိုမန်နော့ မင်းဆက်တွင် ရှားပါးသော အမည်တစ်ခုဖြစ်ပြီး အခြား ပီတာ ပါသော ဘုရင်တစ်ပါးမှာ ပီတာ ဒမီသရော့ဗစ်ချ် (၁၄၂၈ ကွယ်လွန်) ဖြစ်သည်။ ၁၆၇၆ ခုနှစ် ပီတာမင်းသား ၄ နှစ်သားအရွယ်တွင် ဖခင် ဇာဘုရင် နတ်ရွာစံခဲ့ပြီးနောက် မိဖုရား မာရီယာ အီလျီညီးချနာမှ ဖွားမြင်သော သားကြီး ဖရိုဒါ (Фёдор) မင်းသားသည် တတိယမြောက် ဖရိုဒါ ဘုရင်အဖြစ် နန်းတက်ခဲ့သည်။ နန်းရရှိခြင်း ဖရိုဒါ ဘုရင်သည် ကျန်းမာရေး ဆိုးရွားခဲ့ပြီး နန်းသက် ၆ နှစ်အကြာ ၁၆၈၂ ခုနှစ်တွင် ကံကုန်ခဲ့ပြီး ထီးမွေဆက်ခံမည့်သူ မကျန်ခဲ့ရာ နန်းတင်ရန်အတွက် ဘုရင့်မိသားစုအတွင်း အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိကမှာ အကြီးဆုံးဖြစ်သူ မင်းသား အီဗန် (Иван) နှင့် မင်းသား ပီတာ တို့အား မည်သူ့ကို ရွေးချယ်ရန် ဖြစ်လာခဲ့သည်။ မင်းသား အီဗန်သည် အသက်အရွယ်အရ သင့်တော်ပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ခြင်းမရှိဖြစ်နေပြီး မင်းသား ပီတာမှာလည်း အသက်အရွယ်အရ ငယ်ရွယ်သေးနေသည် ဖြစ်သည်။ နောက်ဆုံးတွင် မိဖုရား နာရီရှ်ကီးနီနှင့် လူကြီးမင်း အီအူအာကီးမာ (Иоакима) တို့၏ ထောက်ပံ့မှုဖြင့် ပီတာမင်းသား သည် ၁၆၈၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပထမမြောက် ပီတာဘုရင် အဖြစ် နန်းတက်ခဲ့လေသည်။ စင်စစ်အားဖြင့်မူ ပီတာဘုရင်သည် အသက် ၁၀ နှစ်သာ ရှိသေးပြီး ငယ်ရွယ်လွန်းနေသောကြောင့် ဘုရင့်အာဏာကို ရင်ခွင်ပိုက် အစိုးရအနေဖြင့် မိဖုရား နာရီးရှ်ကီးနီး ၏ အဖွဲ့ဝင်များက ရယူထားလေသည်။ ပီတာဘုရင်သည် ငယ်စဉ်အခါက ငြိမ်းအေး သက်သာစွာ နန်းစံခဲ့ရသည်တော့ မဟုတ်ခဲ့ပေ။ နန်းမွေမှ လွဲခဲ့ရသော မင်းဆွေမင်းမျိုးတချို့၏ နန်းလုရန် ကြံစည်ခြင်းကို ခံခဲ့ရသည်. ၁၆၈၂ ခုနှစ်တွင် မော်စကိုမြို့တော်တွင် အင်အား ၂၀၀၀၀ ခန့်ရှိသော စသရဲလ်စီး (стрельцы) ခေါ် သက်တော်စောင့်တပ်ဖွဲ့များ၏ သူပုန်ထမှုကို ကြုံခဲ့ရသည်။ ပုံကန်မှုကို အဓိက ထောက်ပံပေးသူမှာ ပီတာမင်းသား နှင့် အမတော်စပ်သူ ဆိုဖီယာမင်းသမီးဖြစ်သည်။ ဆိုဖီယာသည် ပီတာမင်းသား၏ ခမည်းတော်နှင့် အခြားမိဖုရားတစ်ပါးတို့မှ ဖွားမြင်သူဖြစ်သည်။ မိဖုရား နာရီးရှ်ကီးနာသည် အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အီဗန်မင်းသားကြီးကို ပီတာဘုရင်နှင့်အတူ ထီးနန်းစိုးစံရ် သဘောတူခဲ့ရသည်။ ပီတာမင်းသားသည် အားလပ်သော အချိန်တိုင်းတွင် စစ်မှုရေးရာများတွင်သာ စိတ်ဝင်တစားရှိခဲ့သည်။ ပီတာမင်းသား ၁၇ နှစ်သား အရွယ်တွင် မိခင် နာတာရှာ ကီးရီလော့ဘ်နာ၏ စီစဉ်မှုဖြင့် ပီတာမင်းသားသည် မျိုးရိုးအဆင့်အတန်း မြင့်မားသောမိသားစုမှ ရဲဘဒိုကီယာ လာပူဟီနာ (Евдокия Лопухуна) နှင့် လက်ဆက်ထိမ်းမြားခဲ့သည်။ သို့သော် အိမ်ထောင်ရေးမှာ ကြာရှည်ခိုင်မြဲခဲ့ခြင်းမရှိပဲ ကွာရှင်းပြတ်စဲခဲ့သည်။ သား ၂ ယောက်ထွန်းကားခဲ့ပြီး အကြီးဖြစ်သူ အလက်ဆီသည် ၁၇၁၈ ခုနှစ်အထိ အိမ်ရှေ့မင်းသားဖြစ်ခဲ့သည်။ သားအငယ် အလက်ဇန်းဒါး မှာမူ ငယ်စဉ်ဘဝကပင် ကွယ်လွန်ခဲ့သည်။ အာဏာရယူခြင်း နောက်ပိုင်းကာလများတွင် ပီတာမင်းသားသည် အမတော် ဆိုဖီယာ ရယူထားသော ဘုရင့်အာဏာကို ပြန်လည်ရရှိရန် စတင်စီစဉ် ကြိုးပမ်းလာခဲ့သည်။ ဆိုဖီယာမင်းသမီး၏ အခြေအနေမှာလည်း ကရိုင်းမီယားဒေသတွင် ဖြစ်ပွားခဲ့သော စစ်ပွဲနှစ်ခဒ ရှုံးနိမ့်မှုကြောင့် အင်အားချည့်နဲ့လျက်ရှိသည်။ နောက်ဆုံးတွင် ပီတာမင်းသားသည် ဆိုဖီယာမင်းသမီး၏ လက်အောက်ခံ သက်တော်စောင့် တပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းထားမှုမှ လွတ်မြောက်ခဲ့ပြီး သူအားထောက်ခဲ့သူများ၏ အကူအညီဖြင့် အမတော် ဆီုဖီယာအား အာဏာသိမ်းနိုင်ခဲ့သည်။ နောင်တော် အီဗန်ဘုရင်ကလည်း ပီတာအား ပူးတွဲဘုရင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ စင်စစ်အားဖြင့် အာဏာအရပ်ရပ်သည် ပီတာမင်းသား၏ လက်ဝယ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပေသည်။ အမတော် ဆိုဖီယာအား နိုဗာဂျဲဗင့်စကီး မယ်သီလရှင်ကျောင်းတွင် ထိန်းသိမ်းထားရှိခဲ့သည်။ နန်းတက်စ နှစ်များ ပီတာဘုရင်သည် ရုရှားနိုင်ငံ ခေတ်မှီတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများစွာကို ကြံဆောင်ခဲ့သည်။ ရုရှားတပ်မတော်နှင့် ရေတပ်ကို ခေတ်မီ ပုံစံဖြစ်အောင် တိုးတက်ချဲ့ထွင်ခဲ့သည်။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်နေစဉ်အတွင်း ပီတာဘုရင်သည် ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် ပီတာဘုရင်သည် ဆန့်ကျင်မှုတိုင်းကို ကြမ်းတမ်းစွာပင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပီတာဘုရင်သည် ရုရှားလူမျိုးတို့၏ ခေတ်မမှီတော့သော ဝတ်စားဆင်ယဉ်မှု ပုံစံကစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ပီတာဘုရင်သည် ရုရှားနိုင်ငံအတွက် ကောင်းမွန်သော ပင်လယ်ထွက်ပေါက်များ ရရှိရေးကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့ရသည်။ ဆိပ်ကမ်းကောင်းဟူ၍ အာဟန်ဂဲစကီးမြို့ တစ်ခုသာ ရှိနေချိန်တွင် ဘော်လ်တစ်ပင်လယ်သည် ဆွီဒင်၏ ထိန်းချုပ်မှု အောက်တွင်လည်းကောင်း၊ ပင်လယ်နက်ကမ်းခြေဒေသနှင့် ကက်စပီယန်ပင်လယ်ကမ်းခြေတို့သည် အော်တိုမန်အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် လည်းကောင်း အသီးသီးရှိနေချိန်ဖြစ်သည်။ ဦးစွာ ပီတာဘုရင်သည် ပင်လယ်နက်ကမ်းခြေဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ရာ ထိုဒေသတွင် ခြေကုပ်ယူထားသော တာတာ (Tatars) လူမျိုးများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်။ ပိုလန်နှင့် သဘောတူညီချက် ရရှိခဲ့ပြီး ကီးယက်ဖ် (Киев) ကို ရုရှားပိုင်နက်အတွင်း သွတ်သွင်းနိုင်ခဲ့သည်။ ပီတာဘုရင်သည် ဒွန်းမြစ်အနီးရှိ အော်တိုမန်အင်ပါယာ၏ အာဇော့ဘ်ခံတပ်စခန်းကို သိမ်းပိုက်ရန် ကြံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပီတာသည် မော်စကိုသို့ ပြန်လာခဲ့ပြီး ၁၆၉၅ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းထားသော ရေတပ်မတော်ဖြစ် ပြန်လည်တိုက်ခိုက်ရာ ၁၆၉၆ ခုနှစ် ဇူလိုင်လတွင် အာဇော့ဘ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၆၉၈ ခုနှစ်တွင် ပီတာဘုရင်သည် သာဂန်ရော့ဆိပ်ကမ်းမြို့တွင် ရုရှားရေတပ်အခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်။ ပီတာဘုရင်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ရုရှားနိုင်ငံ၏ ထိုခေတ်အခြေအနေ ထိုအချိန်ထိ ရုရှားနိုင်ငံမှာ အခြားသော ဥရောပနိုင်ငံများနှင့် ယှဉ်လျှင်များစွာ နောက်ကျကျန်နေချိန်ဖြစ်သည်။ မြေကျွန်လူတန်းစားမှာလည်း အရေအတွက်အားဖြင့် လွန်စွာများပြားနေပြီး ပြည်သူတစ်ရပ်လုံးမှာ အတွေးအခေါ်အားဖြင့်လည်း နောက်ကျနေခဲ့ရသည်။ အနောက်တိုင်းတွင် နယူတန်၏ ကျမ်းစာများ၊ ဥပဒေသများ ထွန်းကားဆူပွက်နေချိန်၌ပင် ရုရှားမှာ သိပ္ပံ နှင့် ဒဿနိက ဘာသာရပ်များထွန်းကားခြင်းမရှိပဲ အလယ်ခေတ်ပုံစံ ဘဝမှ တိုးတက်လားခြင်းမရှိသေးပေ။ ဘာသာရေးနှင့် ပတ်သက်၍လည်း ရှေးရိုးစွဲဘာသာရေးစနစ်နှင့် အော်သိုဒေါ့ ကျောင်းတော်မှာ အာဏာကြီးမြဲဖြစ်သည်။ ခရီးရှည်ကြီးထွက်ခြင်း ထိုနောက်ကျမှုများကို ဖယ်ရှားတွန်းလှန်ရန်အတွက် ပီတာသည် အသက်ငယ်ငယ်ကပင် ပရော့ မီခေးလားဟူသောအမည်ကိုခံယူပြီး သာမန်အရပ်သားဘဝဖြင့် ဇာတ်မြုပ်ကာ ခရီးရှည်ကြီးထွက်လေသည်။ ပီတာသည် ရုရှားတစ်နိုင်ငံတည်းဖြင် အော်တိုမန် အင်ပါယာအား ရင်ဆိုင်ရန် မလွယ်ကူကြောင်း ကောင်းစွာ သိရှိထားရာ မဟာမိတ်များ ရရှိစေရန် ရည်ရွယ်ချက်ဖြစ် ၁၆၉၇ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ၁၈ လတာ ခရီးရှည်ကို စတင် ထွက်ခွဲခဲ့သည်။ ဤခရီးရှည်ကို မဟာသံအဖွဲ့ ( Grand Embassy) (Великое посольство) ဟုပင် ခေါ်ဆိုခဲ့ကြသည်။ ထို့သို့ အနောက်ဘက်သို့ ထွက်သည့် ခရီးရှည်ကြီးတွင် နောက်ပါအင်အား ၂၅၀ ကျော် ပါဝင်ခဲ့သည်။ ဥရောပနိုင်ငံအများစုထံမှ အကူအညီဖြင့် အော်တိုမန်အင်ပါယာအား တိုက်ထုတ်ရန် ဟူသော ပီတာ၏ မျှော်လင့်ချက်မှာ ပျက်ခဲ့ရသည်။ အကြောင်းမှာ ပြင်သစ်သည် အစဉ်အလာအရ အော်တိုမန်အင်ပါယာနှင့် မဟာမိတ် ဖြစ်နေခြင်း၊ ဩစတြီးယားမှာလည်း အနောက်ဘက်တွင် ဖြစ်နေသော စစ်ပွဲများကြောင့် အရှေ့ဘက် အော်တိုမန်တို့နှင့် ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းထားလိုခြင်းတို့ကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန်က ဥရောပနိုင်ငံများသည် အော်တိုမန်တို့အား တိုက်ထုတ်ရန်ထက် စပိန် ထီးနန်း ဆက်ခံရေးပြဿနာအပေါ်တွင်သာ အာရုံစိုက်လျက်ရှိခဲ့ကြသည်။ ပီတာဘုရင် ဦးဆောင်သော မဟာသံအဖွဲ့သည် မူလ ရည်ရွယ်ချက် မအောင်မြင်ခဲ့သော်လည်း ဥရောပနိုင်ငံများသို့ ဆက်လက်ထွက်ခွဲ လည်ပတ်ခဲ့သ်ည။ ထိုခရီးစဉ်အတွင် လေ့လာဖွယ်ရာများကို စူးစိုက်လေ့လာခဲ့သည်။ ဟော်လန်နိုင်ငံသို့ သွားရောက်ပြီး ဒက်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ သင်္ဘောကျင်းတွင် သင်္ဘောတည်ဆောက်သည့် လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ပီတာဘုရင်သည် သင်္ဘောတည်ဆောက်ခြင်းနှင့် ဆိုင်သော နည်းပညာများကို အဓိက လေ့လာနိုင်ခဲ့သည်။ အတက်ပညာရှင်၊ အသိပညာရှင်များစွာနှင့်လည်း တွေ့ဆုံရင်းနှီးခဲ့သည်။ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းတွင် ပီတာဘုရင်အတွက် အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ပီတာသည် အင်္ဂလန်သို့ ခရီးဆက်ခဲ့ပြီး အင်္ဂလန်ပြည့်ရှင် တတိယမြောက် ဝီလီယံနှင့် တွေ့ဆုံခဲ့ပြီး မန်ချက်စတာမြို့သို့ ရောက်ရှိခဲ့ပြီး မြို့ပြတည်ဆောက်ရေး နည်းပညာများကို လေ့လာသင်ယူခဲ့ပြီး နောက်ပိုင်း စိန့်ပီတာစဘတ်မြို့ ( Санкт Питербург) တည်ဆောက်ရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ တော်ဝင်ရေတပ်သင်္ဘောကျင်း တစ်ခုတွင်လည်း အလားတူ လုပ်ကိုင်ခဲ့သည်။ အမြောက်ပစ်နည်းကို ပရပ်ရှားတွင် သင်ကြားခဲ့သည်။ အင်္ဂလန်တွင်ရှိနေစဉ် ပါလီမန်အစည်းအဝေးပွဲသို့လည်း တက်ရောက်နားထောင်သည်။ ရောက်လေရာဒေသတိုင်းတွင် စိတ်ဝင်စားဖွယ်ရှိသည့် လက်နက်တိုက်၊ ပြတိုက်၊ စက်ရုံအလုပ်ရုံနှင့် စာသင်ကျောင်း အစရှိသဖြင့် ဝင်ရောက်လေ့လာခဲ့သည်။ ပီတာဘုရင်သည် ဗီယင်နာမြို့နှင့် အခြားဥရောပမြို့ကြီးများသို့ ရောက်ရှိခဲ့ပြီး ဟိုးလီး ရောမ အင်ပါယာ ပြည့်ရှင် လီယိုပို (ပထမမြောက်)နှင့် တွေ့ဆုံခဲ့သည်။ အကျဉ်းဆိုရလျှင် အနောက်တိုင်း၏ ဓလေ့၊ထုံးစံ နှင့် သိပ္ပံပညာ၊ အုပ်ချုပ်ရေး၊ စက်မှုလုပ်ငန်း တို့ကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ ၁၆၉၈ ခုနှစ်တွင် ပီတာဘုရင်သည် သူ၏ ခရီးစဉ်များကို ရုတ်တရက် ရပ်တန့်လိုက်ရပြီး ရုရှားနိုင်ငံသို့ ပြန်ခဲ့ရသည်။ အကြောင်းမှာ သက်တော်စောင့် တပ်ဖွဲ့ဝင်များ၏ သူပုန်ထမှုကြောင့် ဖြစ်သည်။ ပီတာသည် သူပုန်များကို အပြင်းအထန် နှိမ်နင်းခဲ့သည်။ ထို တပ်ဖွဲအားလုံးကို လုံးဝ ဖျက်သိမ်းခဲ့သည်။ သံသယရှိသူ အမတော် ဆိုဖီယာအားလည်း သီလရှင် ဝတ်ရန် ဖိအားပေးခဲ့သည်။ ၁၆၉၈ ခုနှစ်တွင် ဘောရစ် ရှယ်ရယ်မင်ကျဲ့ဖ် (Борис Петрович Шереметев) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မော်လ်တာ(Malta) သို့ စေလွှတ်ပြီး မော်လ်တာရှိ သူရဲကောင်းများ လေ့ကျင့်ပုံနှင့် တပ်ဖွဲ့များ အကြောင်းကို လေ့လာစေခဲ့သည်။ ရှယ်ရယ်မင်ကျဲ့ဖ်သည် မော်လ်တာတွင် တပ်ဖွဲများအကြောင်း ကောင်းစွာ လေ့လာခဲ့ပြီး အနာဂတ် ရုရှားရေတပ်မတော်အတွက် အစီအစဉ်များ ကြံဆနိုင်ခဲ့သည်။ ပီတာဘုရင်သည် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသာမက ရုရှားနိုင်ငံအတွင်း ဝတ်စားဆင်ယဉ်မှုများက အစ ပြောင်းလဲစေခဲ့သည်။ ယခင်က မုတ်ဆိတ်ရည်များ ထားလေ့ရှိသော ရုရှားအမျိုးသားများအား မုတ်ဆိတ်များကို ဖြစ်စေသည်။ အရှည်ထားပါက မုတ်ဆိတ်ခွန် (Bread Tax) အဖြစ် ရူဘယ် ၁၀၀ ကောတ်ခံသည်။ ခေတ်မှီသော အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင်စေခဲ့သည် ၁၆၉၉ ခုနှစ်တွင် ပီတာသည် နှစ်သစ်ကူးနေ့ကို အရင်က သတ်မှတ်ထားခဲ့သော စက်တင်ဘာလ ၁ ရက်နေ့အစား အခြားနိုင်ငံများ နည်းတူ ဇန်နဝါရီ ၁ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ကမ္ဘာစဖန်ဆင်းသည်ဟု ယူဆသော နှစ်မှ စတင်ရေတွက်သည့် နှစ်ပေါင်း ၇၂၀၇ ရှိပြီးဖြစ်သည့် ပြက္ခဒိန်ဟောင်းအစား ဂျူလီယန်းပြက္ခဒိန်ကို ပြောင်းလဲသုံးစွဲခဲ့သည်။ မြောက်ပိုင်းစစ်ပွဲများ ပီတာသည် အာဇော့ ဆိပ်ကမ်းမြို့အား ရရှိနိုင်ရန်အတွက် အော်တိုမန်တို့နှင့် ခေတ္တငြိမ်းချမ်းရေး ယူထားပြီးနောက် ဘောလ်တစ်ပင်လယ်ဒေသတွင် ပင်လယ်ထွက်ပေါက်ရရှိရန် ကြိုးပမ်းလာခဲ့သည်။ ဘောလ်တစ်ဒေသအား ဆွီဒင်တို့ ထိန်းချုပ်လာခဲ့သည်မှာ ရာစုနှစ် တဝက်နီးပါးရှိပြီးဖြစ်သည်။ ပီတာဘုရင်သည် ဆွီဒင်အား စစ်ကြေညာပြီး တိုက်ခိုက်ခဲ့ရာ ဆွီဒင်ဘက်မှ ဒွါဒဿမမြောက် ချားဘုရင် (Charles XII) ဦးဆောင်တိုက်ခိုက်ခဲ့သည်။ တချိန်တည်းမှာပင် ဆွီဒင်သည် ဒိန်းမတ်-နော်ဝေး၊ ဆက်ဇုံနီ၊ ပိုလန်-လစ်သူရေးနီးယားတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုကိုလည်း ခံနေရသည်။ ရုရှားသည် စစ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားခြင်း မရှိခဲ့သောကြောင့် ဘောလ်တစ်ပင်လယ် စိုးမိုးရေး အစီအစဉ်၏ ပထမခြေလှမ်းသည် ၁၇၀၀ ပြည့်နှစ် နာရ်ဗာတိုက်ပွဲတွင် အဆုံးသတ်ခဲ့ရသည်။ သို့သော် ချားလ်ဘုရင်သည် သူ၏ တပ်ဖွဲ့များကို စုစည်းပြီး ပိုလန်နှင့် လစ်သူရေးနီးယန်းတပ်များကို တိုက်ရန် ပြင်ဆင်ခဲ့ရာ ပီတာဘုရင်အတွက် တပ်ဖွဲ့များ ပြန်လည် စုဖွဲ့ရန် အချိန်ရရှိခဲ့သည်။ ဆွီဒင်များ ပိုလန်နှင့် လစ်သူရေးနီယားများအား တိုက်ခိုက်နေစဉ်တွင် ပီတာဘုရင်သည် ၁၇၀၃ ခုနှစ်၌ Ingermanland ဒေသတွင် နောင်အခါ စိန့်ပီတာစပါတ်ဟု အမည်တွင်မည့် မြို့တစ်မြို့ကို စတင်တည်ထောင်ခဲ့လေသည်။ ပိုလန်ဘုရင် ဒုတိယမြောက် ဩဂတ်စ် နန်းစွန့်သွားရပြီးနောက် ဆွီဒင်ဘုရင် ချားလ်သည် ရုရှားဖက်သို့ ပြန်လည်ဦးတည်လာခဲ့သည်။ ၁၇၀၈ ခုနှစ် ဂိုလော့ချင်းတိုက်ပွဲတွင် ပီတာဘုရင် အရေးနိမ့်ပြီး လက်စနားယား (Lesnaya) တိုက်ပွဲတွင်မူ ချားလ် ဘုရင် စတင်အရေးနိမ့်ခဲ့ရသည်။ ချားလ် ဘုရင်၏ မော်စကိုသို့ ချီတက်ရေး အစီအစဉ် ရပ်တန့်ခဲ့ရပြီး အထောက်အပံ့ ပြတ်တောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင် ချားလ် ဘုရင်သည် နန်းစွန့်ကာ အော်တိုမန်အင်ပါယာသို့ ထွက်ပြေးသွားခဲ့ရသည်။ ထိုနောက်တွင် ပီတာဘုရင်သည် ဘောလ်ကန်ဒေသ မဟာမိတ်များ၏ အကူအညီဖြင့် အော်တိုမန် အင်ပါယာအား စတင်တိုက်ခိုက်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ရကာ ၁၆၉၇ ခုနှစ်က ရရှိထားပြီးဖြစ်သော ပင်လယ်နက် ဆိပ်ကမ်းမြို့များကို ပြန်လည် ပေးအပ်လိုက်ရသည်။ ပီတာ၏ မြောက်ပိုင်းတပ်ဖွဲ့များသည် ဆွီဒင်နယ်မြေများဖြစ်သော လီဗိုနီယား (Livonia) (ယနေ့ခေတ် လတ်ဗီးယားနိုင်ငံတောင်ပိုင်းနှင့် အက်စတိုးနီးယားနိုင်ငံ မြောက်ပိုင်းနယ်မြေများ) ကို ရရှိခဲ့သည်။ ထို့အပြင် ဆွီဒင်တို့ကို ဖင်လန်နယ်မြေသို့ မောင်းထုတ်နိုင်ခဲ့သည်။ ၁၇၁၄ ခုနှစ်တွင် ရုရှားရေတပ်မတော်သည် ဂန်းဂွတ် (Gangut) တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဖင်လန်နယ်မြေအများစုကို ရုရှားတို့ ရရှိခဲ့သည်။ ၁၇၂၁ ခုနှစ် ဆွီဒင်သည် ရုရှားနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၇၂၁ နျူးစတက်ဒ် စာချုပ် ( Treaty of Nystad) အရ မဟာ မြောက်ပိုင်းစစ်ပွဲကြီး (Great Northern War) ပြီးဆုံးကြောင်း သတ်မှတ်ကြသည်။ ရုရှားသည် အင်ဂရီယာ (Ingria)၊ အက်စတိုးနီးယား၊ လီဗိုးနီးယားနှင့် ကာရဲလီယားဒေသအချို့ကို ရရှိခဲ့သည်။ ရလဒ်အားဖြင့် ပီတာဘုရင်သည် သူတည်ထောင်ထားသော မြို့တော် စိန့်ပီတာစပါတ်မြို့ ပတ်ဝန်းကျင်ရှိ နယ်မြေများကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ နန်းသက် နောက်ဆုံးနှစ်များ ပီတာဘုရင်သည် ၁၇၂၁ ခုနှစ် အောက်တိုက်ဘာလ ၂၁ ရက်နေ့တွင် ရုရှားနယ်ပယ်အားလုံး၏ ဧကရာဇ် (Emperor of All Russia) ဘွဲ့ကို ဆက်သခံခဲ့ရသည်။ ပီတာဘုရင်၏ ထိုဘွဲ့အမည်နာမကို ပိုလန်ဘုရင် ဩဂတ်စတပ်(၂)၊ ပရပ်ရှား ဘုရင် ဖရက်ဒရစ် ဝီလီယံ (၁) ၊ ဆွီဒင်ဘုရင် ဖရက်ဒရစ် (၁) တို့က ထောက်ခံ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် အခြားဥရောပနိုင်ငံများကမူ အသိအမှတ်မပြုခဲ့ကြပေ။ အကြောင်းမှာ Emperor ဟူသော ဧကရာဇ်ဘွဲ့သည် သူတို့၏ King ဟူသော ဘွဲ့ထက် သာလွန်သွားမည်ဟု မှတ်ထင်နေသောကြောင့်ဖြစ်သည်။ ပီတာဘုရင်သည် ဘာသာရေး ပြောင်းလဲမှုများကိုလည်း ပြုလုပ်ခဲ့သည်။ ရုရှားအော်သိုဒေါ့ကျောင်းတော်လည်း အသစ်ပြန်လည် ဖြစ်ပေါ်လာသည်။ သို့သော် ပီတာဘုရင်သည် ရုရှားအမျိုးသားများအား အသက် ၅၀ မပြည့်မီ ဘုန်းကြီးဝတ်ခြင်းကို တားမြစ်ခဲ့သည်။ အကြောင်းမှာ သူ၏ ခေတ်မှီတပ်မတော်သို့ ဝင်ရောက်အမှုထမ်း စေလိုသောကြောင့် ဖြစ်ပေးသည်။ ပီတာဘုရင်သည် ပညာရေး တိုးတက်မှုများအတွက်လည်း ဖော်ဆောင်ခဲ့သည်။ ပီတာဘုရင်သည် သူ၏ စိန့်ပီတာစပါတ်မြို့တော် တည်ဆောက်ရေးအတွက် ရန်ပုံငွေလိုသည် ဖြစ်ရာ အကောတ်ခွန် အချို့ကို အသစ် စတင် ကောတ်ခံခဲ့သ်ည။ အရင်က ကောတ်ခံခဲ့သော မြေခွန်နှင့် အိမ်ခွန်များကို ဖျက်သိမ်းခဲ့ပြီး လူခွန် (Poll Tax) ကို ကောတ်ခဲ့ခဲ့သည်။ ၁၇၂၂-၁၇၂၃ အတွင်း ရုရှား- ပါရှန်း စစ်ပွဲဖြစ်ပွားခဲ့ပြီး ရလဒ်အဖြစ် ကော့ကေးဆပ်ဒေသနှင့် ကတ်စပီယန်ပင်လယ်ဒေသများတွင် ရုရှား ဩဇာလွှမ်းမိုးမှု ပိုမိုတိုးချဲ့နိုင်ခဲ့သည်။ ၁၇၂၅ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဗာဆိုင်းလ်နန်းတော်ဟု သမုတ်ရသော ပီတာ့ဘုရင့်နန်းတော် (Петергоф) (ဒတ်ချ်ဘာသာစကားမှ Peter hof) ကို စိန့်ပီတာစဘတ်မြို့အနီးတွင် တည်ဆောက်ခဲ့သည်။ ကိုယ်ရည်ကိုယ်သွေးနှင့် မိသားစု အရပ် ၆ပေ၆လက်မမြင့်ပြီး ရုပ်ရည်ချောမောကာ ပျော်ရွှင်ရီမောနေတတ်သည့် ပီတာကို လူချစ်လူခင်ပေါပါသည်။ သန်မာထွားကြိုင်းပြီး ကျန်းမာရေးလည်းကောင်းသည်။ အတတ်ပညာရပ်များစွာတတ်မြောက်သည်။ လက်သမား၊ ပန်းချီဆရာ၊ ပုံနှိပ်စက်ဆရာ၊ ရေကြောင်းလမ်းပြ နှင့် သင်္ဘောတည်ဆောက်ရေးဖက်တို့တွင် ထူးချွန်သည်။ အရက်အလွန်အကျွံသောက်တတ်ပြီး ထိခိုက်ခံစားလွယ်သည့်ပုံလည်းရှိသည်။ အိမ်ထောင် နှစ်ဆက်ရှိသည်။ ပထမမိဖုရား ယူဒိုဇီးယားကို အသက် ၁၇နှစ်တွင် လက်ထက်ပြီး တစ်ပတ်ကြာပေါင်းသင်းကာ အဲလက်ဇီ အမည်ရသားတစ်ယောက်ထွန်းကားသည်။ အသက် ၂၆နှစ်တွင် အဆိုပါမယားကို သီလရှင်ကျောင်းသို့ ပို့ကာ ၁၇၁၂တွင် အပြီးအပြတ် ကွာရှင်းခဲ့သည်။၁၇၁၈တွင် သားဖြစ်သူ အဲလက်ဇစ်က မိမိအားလုပ်ကြံရန် ကြံစီသည်ဟုဆိုပြီး ဖမ်းဆီးနှိပ်စက်သဖြင့် အဲလက်ဇစ်တစ်ယောက် ထောင်တွင်းတွင် သေဆုံးသွားခဲ့သည်။ ဒုတိယမိဖုရား ကတ်သရင်းမှာ သာမန်အရပ်သူဖြစ်သည်။ လစ်သူရေးနီးယားသူဖြစ်ပြီး ပီတာနောက် နန်းတက်သည်။ နတ်ရွာစံခြင်း ၁၇၂၃ ခုနှစ် ဆောင်းရာသီတွင် ပီတာဘုရင်၏ ကျန်းမာရေးသည် ရုတ်တရက် ချို့ယွင်းလာခဲ့သည်။ ဆီးလမ်းကြောင်းနှင့် သည်းခြေအိတ် တို့တွင် ပြဿနာ ဖြစ်လာခြင်းဖြစ်သည်။ ၁၇၂၄ နွေရာသီတွင် တော်ဝင်ဆရာဝန်များအဖွဲ့သည် ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရာ ဆီးလမ်းကြောင်းအတွင်း ခဲနေသော ဆီး (၄) ပေါင်မျှ တွေ့ရှိခဲ့ရသည်။ မဟာပီတာ ဘုရင်သည် ကာလရှည် အိပ်ယာပေါ်တွင် ဆေးဝါးကုသခံယူပြီးနောက် ၁၇၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ခင်းအချိန်တွင် သူတည်ထောင်ခဲ့သော ရုရှားအင်ပါယာ၊ ခေတ်မီရုရှားတပ်မတော်၊ မြို့တော် စိန့်ပီတာစဘတ် တို့နှင့်တကွ အရာအားလုံးကို ခွဲခွာကာ နတ်ရွာစံတော် မူသည်။ သူ၏ အသက် ၅၄ နှစ်၊ နန်းသက် ၄၂ နှစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ပီတာဘုရင် ကံကုန်သောအခါ ပထမမြောက် မိဖုရား ကတ်သရင်းသည် ဧကရီ ဘုရင်မအဖြစ် နန်းတက်ခဲ့သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘုရင်များ ရုရှားနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%95%E1%80%AE%E1%80%90%E1%80%AC
မဟာဝီရ
ဇိန(ခေါ်) ဂျိန်းဘာသာရေး ၏ ဦးဆောင်သူ မဟာဝီရ(Mahavira) ၊ ဗုဒ္ဓစာပေများတွင် ဂိုဏ်းဆရာကြီးနိဏ္ဌဋနာလပုတ္တ ဟုဖော်ပြခြင်းခံရသူ၊ ဝရ်ဇမနဟုလည်းအမည်တွင်သူကို အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ဖွားမြင်သည်။ မင်းညီမင်းသား တစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်တွင် ဇနီး၊ သားသမီးနှင့် စည်းစိမ်ကိုစွန့်ကာ တရားရှာရန် တောထွက်ခဲ့သည်။ မဟာဝီရသည် ဘုရားမဟုတ်။ မဟာဝီရသည် အလွန်အကြူး အစွန်းရောက်သည်ထိ တရားကျင့်သည်။ ဗုဒ္ဓနှင့် မဟာဝီရတို့သည် နေရာဒေသ တစ်ခုအတွင်းက ခေတ်ပြိုင်တွေဖြစ်ပြီး မဟာဝီရက ဗုဒ္ဓထက် အနှစ် ၃၆နှစ် မျှ ကြီးသည်။ ပရ်သွနာထဂိုဏ်းသို့ ဝင်ရောက်ပြီး ရဟန်းဝတ်ဖြင့် ၁၂နှစ် တိုင်တိုင် တရားအကျင့်ကို အလွန်အကြူး အစွန်းရောက်သည်ထိ ကျင့်သည်။ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွှတ်သည်မှာ သောက်ရေခွက်ပင် မကျန်တော့ပေ။ အစပိုင်းက ကိုယ်ထည်အဝတ်စ တစ်ခုထားပေမယ့် နောက်ပိုင်း အဝတ်စကိုပါ စွန့်ပစ်ပြီး ကိုယ်လုံးတီးလျှောက်သွားနေခြင်း၊ ကိုယ်ပေါ်သို့ တက်လာသည့် ပိုးမွှား၊ ခြင်၊ မှက် အစရှိသည်တို့ကို ဖယ်ရှားခြင်း၊ သတ်ဖြတ်ခြင်းကိုပင် မပြုခဲ့ချေ။ အိန္ဒိယကဲ့သို့ ဖုန်းစားယာစကာ ပေါများသည့် ဒေသမှာပင် ၎င်း၏အမူအကျင့်တို့မှာ ကဲ့ရဲ့ဖွယ်ဖြစ်ခဲ့ရသည်။ အသက် ၄၂နှစ်ရောက်လျှင် အကျွတ်တရားကိုရပြီ၊ အလုံးစုံသိမြင်သော ဉာဏ်ရပြီ ဟုဆိုကာ ကွယ်လွန်ချိန်ရောက်သည်အထိ နှစ်ပေါင်း ၃၀လုံးလုံး တပည့်များ၊ နောက်လိုက်များကို တရားဟောပြောခဲ့သည်။ ဘီစီ ၅၂၇ တွင် ကွယ်လွန်သောအခါ ကြည်ညိုသူ တပည့်တပန်း အများအပြားကျန်ရှိသည်။ တပည့်တပန်းများသည် ဂျိန်းဘာသာဝင်အဖြစ် ကျန်ခဲ့သည်။ မဟာဝိရ၏ဟောပြောချက်များမှာ ဗြဟ္မာဏဝါဒများနှင့် ဆင်တူသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ လူသေပြီးနောက် ဘဝတစ်ပါးသို့ ရောက်သည်။ သို့သော် လူ့ဘဝသို့ ပြန်ရောက်ချင်မှ ရောက်မည်။ ထိုသို့ဖြစ်ရသည်မှ ဇိနဂိုဏ်းယုံကြည်မှုဖြစ်သည့် ကာရ်မ(Karma)အရ ဖြစ်သည်။ မဟာဝိရ(ဇိန)တို့၏ ကာရ်မသည် ဗုဒ္ဓဘာသာ၏ ကံ ကံ၏အကျိုးနှင့် မတူပါ။ မတူသည်မှာ မဟာဝိရ(ဇိန)တို့က ယခုဘဝပြုသမျှသော အကြောင်းတရားတို့မှာ နောက်ဘဝရောက်မှသာလျှင် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့်ပင် ဖြစ်သည်။ အကုသိုလ်တရားတို့ကို ချုပ်ငြိမ်းရန်အတွက်၊ တဏှာကို ပယ်နိုင်ရန်အတွက် အလွန် ခြိုးခြံသည့် အကျင့်ကိုကျင့်ရန် လမ်းညွှန်သည်။ ငတ်ပြီးသေသည့်အထိ ကျင့်နိုင်လျှင် သာ၍မြတ်သည်ဟုပင် အလွန်အကြူး ဆိုသည်။ မဟာဝီရသည် မှူးမျိုးမတ်နွယ်ဇာတ်မြင့်ထဲတွင် ပါဝင်သူတစ်ဦး ဖြစ်သည်။ ခတ္တိယဇာတ်ဝင်များ၏တောင်းဆိုမှုကို ‌ဗြာဟ္မဏများက အပြင်းအထန်ခုခံခဲ့ရာ ထိုအချက်မှာ နိဗ္ဗန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကို ဗြဟ္မဏပုဏ္ဏားများကလွဲပြီး ဘယ်သူမှ မညွှန်ကြားနိုင်ဆိုသော အချက်ဖြစ်သည်။ သို့ဖြင့် ဣဿရိသ ဝါဒကို ဆန့်ကျင်သော အနိဿရိသနိမ္မာန (Atheism)ဝါဒသည် နောက်ဆုံးပေါ်ပေါက်လာလေသည်။ ထိုအမြင်ကို လက်ခံသောအုပ်စုထဲတွင် မဟာဝီရလည်း အဝါအဝင် ဖြစ်သည်။ သို့ရာတွင် မဟာဝီရအနေဖြင့် ထိုအုပ်စုထဲတွင် ပါဝင်ခဲ့ခြင်းသည် ဉာဏ်ပညာအကြောင်းကြောင့်သော် လည်းကောင်း၊ လူမှုရေးအကြောင်းကြောင့်သော်လည်းကောင်း မဟုတ်ဘဲ သူ၏ပုဂ္ဂိလိက လိုလားချက်ဖြစ်သော ဘဝလွတ်မြောက်မှုကို ရလိုသော ပြင်းထန်သောဆန္ဒကြောင့်သာ ဖြစ်သည်။ အရေးပါဆုံးသော တရားမှာ နောင်တစ်ချိန်တွင် အိန္ဒိယလမ်းစဉ်၊ ဂန္ဒီလမ်းစဉ်၏ အခြေခံဟုပင်ဆိုရလောက်သည့် အကြမ်းမဖက် ရေး လမ်းစဉ်(အဟိသ္မ)ဖြစ်သည်။ လူအချင်းချင်းမဆိုနှင့် တိရစ္ဆာန်တို့ကိုပင် နှိပ်စက်ခြင်းမပြုရန် တားမြစ်သည်။ ထို့ကြောင့် ဇိနဂိုဏ်းဝင်တို့သည် သတ်သတ်လွတ်စားခြင်း၊ တိရစ္ဆာန် ပိုးမွှားသတ်ဖြတ်မှုမှ ရှောင်ကျဉ်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။ အစာစားလျှင် ပိုးမွှားများ ပါကုန်မည်စိုးသဖြင့် အမှောင်ထဲတွင် အစာမစားကြပေ။ ထိုမှသာမက အကျင့်ပြင်းထန်သည့် ဇိနဂိုဏ်းဝင်များဆိုလျှင် မိမိသွားရာလမ်းများတွင် လူငှားဖြင့် တံမြတ်လှည်းစေသည်။ ဘာသာရေး ယုံကြည်ချက်ကြောင့် ဇိနဘာသာဝင်များသည် အလုပ်ကြမ်းကိုစွန့်လွတ်ပြီး လယ်ထွန်နွားကျောင်းအမှုကိုပင် မပြုကြတော့ပဲ ရောင်းဝယ်သူ၊ ကုန်သည်များအဖြစ်သာ ဝီရိယထားပြီး အသက်မွေးကြသည်။ ထို့ကြောင့် ဇိနဘာသာဝင်များ၊ ဂိုဏ်းဝင်များသည် များသောအားဖြင့် ချမ်းသာသည့် အလွှာများဖြစ်ကြလေ့ရှိပြီး စာပေအနုပညာ ထွန်းပေါက်သူများအနေဖြင့် ကျန်ဘာသာဝင်များ ထက် အချိုးကျပိုများသည်။ မူလအစက ဇိနဘာသာသည် လူတန်းစား ခွဲခြင်းမရှိသော်လည်း ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံလာရကာ ဇာတ်ခွဲခြားခြင်းရှိလာသည်။ သို့သော် ဟိန္ဒူဘာသာကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။ ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံရခြင်း၏အကြောင်းမှာ ဗုဒ္ဓဘာသာကဲ့သို့ပင် စာထက် အက္ခရာတင်ထားခဲ့ခြင်း မရှိခဲ့၍ဖြစ်သည်။ သို့သော် ဇိနဝါဒသည်လည်း ဟိန္ဒူဘာသာအပါအဝင် အခြားဘာသာများ ပေါ်တွင်လည်း ပြန်လည်လွှမ်းမိုးခဲ့သည်များလည်းရှိသည်။ ဥပမာအားဖြင့် တိရစ္ဆာန်သတ်ပြီး ယဇ်ပူဇော်ခြင်း နှင့် အသားစားခြင်းများကို ရှောင်ကျဉ်ရန် ဟိန္ဒူတို့ကို စည်းရုံးနိုင်ခဲ့သည်။ နောင်ပိုင်းတွင် အကြမ်းမဖက်ရေး ဝါဒမှာ အိန္ဒိယ၏ ရှေ့ဆောင်ဝါဒဖြစ်လာတော့သည်။ အိန္ဒိယလွတ်လပ်ရေးရှေ့ဆောင်ကြီး ဂန္ဒီဆိုလျှင် ဇိနဂိုဏ်းဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ ကိုဆရာတင်ပြီး အလုပ်တော်တော်များများကို ဆောင်ရွက်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနှင့် ဇိန နှစ်ဘာသာတို့၏ နီးစပ်မှုကိုတွေ့နိုင်သည်။ ဇိန(ဂျိန်း)ဘာသာဝင် ဦးရေမှာ များလှသည်တော့မဟုတ်ပေ။ အိန္ဒိယနိုင်ငံတွင်သာ အများစုကိုတွေ့ရပြီး သုံးသန်းခွဲမျှရှိသည်ဟု ဆိုသည်။ ဗုဒ္ဓကျမ်းစာများအလိုအရ မဟာဝီရ (ခေါ်) နိဏ္ဌဋနာလပုတ္တသည် အလွန်အကြူး အစွန်းရောက်သည်ထိ အကျင့်ပြင်းထန် သည့် ဂိုဏ်းဆရာကြီးသာ ဖြစ်သည်ဟု ဆိုသည်။ သွေးအန်၍ ကွယ်လွန်သည် ဟုဆိုသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎ အိန္ဒိယနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%9D%E1%80%AE%E1%80%9B
မင်စီးယပ်စ်
တရုတ်တွေးခေါ်ပညာရှင် မင်စီးယပ်စ် (孟子) သည် ကွန်ဖြူးရှပ်ဝါဒီများတွင် ကွန်ဖြူးရှပ် (孔子) ပြီးလျှင် အရေးပါဆုံးသော၊ အကျိုးအပြုဆုံးသော တွေးခေါ်ပညာရှင်ဖြစ်သည်။ သူ၏အဆုံးအမကျမ်းများကို မင်စီးယပ်စ်ကျမ်းဟုခေါ်ပြီး တရုတ်တို့အတွက် အလေးထားရာ ကျမ်းတစ်စောင်လည်း ဖြစ်သည်။ ကွန်ဖြူးရှပ်နောက် နှစ်၂၀၀ အကြာတွင် ပေါ်ထွန်းလာသူဖြစ်သည်။ မင်စီးယပ်စ်ကို ခရစ်မပေါ်မှီ ၃၇၁ ခုနှစ်တွင် ယနေ့ ရှန်တုန်နယ် (山東 Shantaung)ရှိ ဆို့ (鄒 Tsou) နယ်တွင် မွေးဖွားသည်။ ထိုကာလမှာ ကျိုမင်းဆက်၏ နောက်ဆုံးကာလဖြစ်ပြီး ပဒေသရာဇ်နယ်ရှင်များ အချင်းချင်း တိုက်ခိုက်နေကြချိန်ဖြစ်သည်။ ငယ်စဉ်ကပင် ကွန်ဖြူးရှပ်ကျမ်းစာများကို သင်ကြားကြီးပြင်းလာကာ အရွယ်ရောက်လျှင် ပဒေသရာဇ်နယ်များကို လှည့်လည်ပြီး အုပ်ချုပ်ရေးဆိုင်ရာ အယူဝါဒများကို ဟောကြားသည်။ မည်သည့်နယ်တွင်မှ အတည်တကျမနေသကဲ့သို့ ရာထူးလက်ခံကာ တာဝန်ထမ်းဆောင်လေ့လည်းမရှိခဲ့ပေ။ နယ်ရှင်(ပဒေသရာဇ်)များကလည်း သူ၏အဆုံးအမများကို ကောင်းစွာလိုက်နာကြသည် ဟုဆိုသည်။ သို့သော် ချိ(Ch'i)နယ်တွင်မူ အချိန်အနည်းငယ်မျှ ရာထူးကြီးတစ်ခုကို ဝင်ရောက်ထမ်းဆောင်ခဲ့ဖူးသည်။ ခရစ်မပေါ်မှီ ၃၁၂၊ အသက် ၅၅နှစ်အရွယ်တွင် ဇာတိဒေသသို့ ပြန်လာပြီး နောက်လိုက်နောက်ပါများ၊ တပည့်တပန်းများကို ကျမ်းစာများ၊ အယူဝါဒများ၊ အတွေးအခေါ်များ ကိုသင်ကြားပို့ချကာ သက်ဆုံးတိုင်နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်နှင့် ပတ်သက်ပြီး တိကျစွာမသိရသော်လည်း ပညာရှင်များက ဘီစီ ၁၈၉ ဟုသာ အကျမ်းဖျင်းခန့်မှန်းကြသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း အတွေးအခေါ်ပညာရှင်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%B8%E1%80%9A%E1%80%95%E1%80%BA%E1%80%85%E1%80%BA
ဝီလျံ ဟာဗေး
ဝီလျံ ဟားဗေးသည် လူ၏ကိုယ်ခန္ဓာအတွင်း၌ စနစ် တကျသွေးလှည့်ပတ်ပုံကို စတင်တွေ့ရှိခဲ့သော အင်္ဂလိပ်အမျိုးသားဆရာဝန်ကြီးဖြစ်သည်။ ထိုအချက်ကို တွေ့ရှိရခြင်းဖြင့် အာဟာရဓာတ်ကို သွေးအားဖြင့် ကိုယ်ခန္ဓာရှိတစ်ရှူးများသို့ပို့ဆောင်ပေးကြောင်း သိရလေသည်။ တစ်ဖန် အာဟာရနှင့်လည်းကောင်း၊ သွေးနှင့် လည်းကောင်း စပ်ဆိုင်သော ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းသစ် များလည်း ပေါ်ထွန်းလာလေသည်။ သွေးလှည့်ပတ်ခြင်းနှင့် နှလုံး၏ အလုပ်လုပ်ပုံများကို တိကျစွာဖော်ထုတ် ပြသခဲ့သည့် ဒေါက်တာဝီလီယံ ဟာဗေးကို အင်္ဂလန်နိုင်ငံ ၊ ဖော့ခ်စတုန်းတွင် ၁၊ ဧပြီ၊၁၅၇၈ က ဖွားမြင်သည်။ ၁၀ကျော်သက်ဘဝကပင် ထူးချွန်စွာဖြင့် ကိန်းဘရစ်ချ် တက္ကသိုလ်၏ ကိုင်းရပ်စ် ကောလိပ်တွင် ပညာသင်ကြားခွင့်ရခဲ့ပြီးနောက် ၁၆၀၀ပြည့်နှစ်မှစကာ အီတလီနိုင်ငံ ပါဒွါးတက္ကသိုလ်တွင် ဆေးပညာကို သင်ယူခဲ့သည်။ ထိုအချိန်က ပါဒွါးတက္ကသိုလ်တွင် ဂယ်လီလီယို ပါမောက္ခအဖြစ် တာဝန်ယူနေချိန်(ဆေးပညာတွင်တော့ ဟုတ်မည်မထင်ပါ။) လည်းဖြစ်ပြီး ဥရောပတစ်လွှားတွင် ပါဒွါးတက္ကသိုလ်မှာ ဆေးပညာအရာတွင်လည်း ထိပ်တန်းအဖြစ် ရပ်တည်နေချိန်လည်း ဖြစ်သည်။ နှစ်နှစ်အကြာ ၁၆ဝ၂ ခုနှစ်၌ ဆေးပညာဘွဲ့ရပြီး အင်္ဂလန်သို့ပြန်ရောက်လာပြီး သမားတော်အဖြစ် အောင်မြင်စွာနေထိုင်ခဲ့သည်။ ၁၆ဝရ ခုနှစ်တွင် သမားတော်တက္ကသိုလ် အဖွဲ့ဝင်တစ်ဦးဖြစ်လာ၍ လန်ဒန်မြို့၊ စိန်ဗာသောလမျူးဆေးရုံ၌ သမားတော်အဖြစ်ခန့်အပ်ခြင်း ခံရသည်။ ၁၆၁၆ခုနှစ်တွင်ဟားဗေးသည် သမားတော်တက္ကသိုလ်၌ ဆေးပညာကိုသင်ကြားပို့ချစဉ်က လူ၏ကိုယ်ခန္ဓာအတွင်း၌ နှလုံးသွေးလှည့်လည်ပုံကို သင်ကြားခဲ့လေသည်။ ထိုခေတ်က ကာယဗေဒကို လေ့လာသူတို့သည်လက်တွေ့အားဖြင့်မဟုတ်ဘဲ ရှေးဟောင်းစာပေအရသာလျှင်ကိုယ်ခန္ဓာအတွင်း၌ သွေးပျံ့နှံ့ကြောင်း ယေဘုယျအားဖြင့် လက်ခံထားကြသည်။ မည်သို့မည်ပုံလှည့်လည်ကြောင်းကိုမူကား အတိအကျ မသိကြချေ။ ဝီလျံဟားဗေးက နှလုံးသွေးချက်မှန်မှန် ခုန်ခြင်းကြောင့် သွေးသည် သွေးလွှတ်ကြော၊ သွေးလွှတ်ကြော သိမ်၊ သွေးပြန်ကြောသိမ်၊ သွေးပြန်ကြောတို့အားဖြင့်ကိုယ်ခန္ဓာ အတွင်း၌စံနစ်တကျ လှည့်လည်ပုံကိုထုတ်ဖော်ခဲ့လေသည်။ အခြားဆရာဝန်များက ဟားဗေး၏တွေ့ရှိချက်ကိုရုတ်တရက် လက်မခံကြပေ။ သို့ရာတွင် ဟားဗေးမကွယ်လွန်မီအတွင်း ဆေးပညာလောက၌ သွေးလှည့်ပုံနှင့်စပ်လျဉ်း၍ သူ၏အယူအဆကို ယုံကြည်လက်ခံလာကြလေသည်။ ထိုသို့အားဖြင့်ဝီ လျံဟားဗေးသည် နာမည်ကျော် ဆရာဝန်ကြီးအဖြစ် ထင်ရှားလာလေသည်။ ဒေါက်တာ ဝီလီယံ ဟာဗေးတစ်ယောက် ထိုကဲ့သို့ သွေးလှည့်ပတ်စီးဆင်းခြင်းကို မဖော်ထုတ်မှီက အများလက်ခံခဲ့သည်မှာ ယနေ့အမြင်နှင့် ကွာခြားလှပေသည်။ နှလုံး၏ အလုပ်လုပ်ပုံကိုလည်း ကောင်းစွာနားမလည်ကြသေးပေ။ ဟာဗေးအနေဖြင့် သွေးလှည့်ပတ်ခြင်းအကြောင်းကို သာမန်သင်္ချာတွက်နည်းဖြင့် လွယ်ကူစွာစဉ်းစား ဖော်ထုတ်နိုင်သည်ဟု သိရသည်။ နှလုံးတစ်ကြိမ်ခုန်လျှင် သွေးနှစ်အောင်စလွတ်လျှင် တစ်မိနစ်နှလုံးခုန်ကြိမ် ၇၂ကြိမ်တွင် သွေး၅၄၀ပေါင် လွတ်နိုင်ရမည်။ ထိုအလေးချိန်မှာ လူ့ကိုယ်တွင်းရှိ သွေး၏အလေးချိန်ထက်ပိုနေသည်သည်သာမက လူ့ခန္ဓာကိုယ်၏ အလေးချိန်ထက်ပင် များစွာပိုနေသေးသည်။ ထို့ကြောင့်သွေးမှာ အသေမဟုတ်၊လှည့်ပတ်စီးဆင်းနေခြင်းသာ ဖြစ်ရမည်ဟု စဉ်းစားမိခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ထိုအတွေးစိတ်ကူးကို ၉နှစ်ကြာ လေ့လာစမ်းသပ်ပြီးနောက် မှန်ကန်ကြောင်းအသိအမှတ်ပြုကာ ကျမ်းတစ်စောင်ရေးသားကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုအချိန်က အဏုကြည့်မှန်ပြောင်းများ မပေါ်သေးသဖြင့် ဆံခြည်မျှင်သွေးကြော များကိုမရှာဖွေနိုင်သေးသော်လည်း ဟာဗေးအနေဖြင့် ထိုကဲ့သို့သွေးကြောလေးများ ရှိရမည်ဟု မှန်းဆနိုင်ခဲ့ပြီးဖြစ်သည်။ (ဟာဗေးကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာမှသာ အီတလီ ဇီဝဗေဒပညာရှင် တစ်ဦးက အဏုကြည့်မှန်ပြောင်း ကိုတီထွင်ကာ သက်သေပြနိုင်ခဲ့သည်။) နှလုံးနှင့် ပတ်သက်၍လည်း နှလုံး၏ တွန်းကန်အလုပ်လုပ်ပုံကို သီအိုရီများဖြင့် သက်သေပြခဲ့ပြီး အစဦးတွင် ေဝဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရသော်လည်း ၎င်းမကွယ်လွန်မှီပင် လူအများက လက်ခံခဲ့ကြသည်။ ဟာဗေးသည် ကိုယ်ဝန်ဆောင်ခြင်း နှင့် သန္ဓေဗေသ ပိုင်းတွင် သုတေသနများ ဆောင်ရွက်ခဲ့သေးသည်။ အရစ္စတိုတယ်ပြဆိုခဲ့သည့် သန္ဓေသားလောင်းတွင် ကိုယ်ခန္ဓာအပြည့်အစုံပါဝင်လာပြီးဖြစ်သည် ဟူသောအယူအဆကို ဆန့်ကျင်ပြီး သန္ဓေသားအရွယ်ရောက်လာသည့် အချိန်နှင့်အမျှ ကိုယ်လက်အင်္ဂါများ ထင်ရှားလာကြောင်း ရှင်းလင်းခဲ့သည်။ ထိုအကြောင်းကို ၁၆၅၁က ထုတေ်၀ခဲ့သည့် တိရစ္ဆာန်မျိုးပွားပုံကျမ်း တွင်ထည့်သွင်းရေးသားခဲ့သည်။ ဟားဗေးသည် မျိုးပွားခြင်းနှင့် အသက်ရှူမှုနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို ရေးခဲ့သည်။ ပထမဂျိမ်းဘုရင်နှင့် ပထမချားဘုရင်တို့အတွက် ဘုရင့်သမားတော်အဖြစ်ဖြင့်လည်း အမှုထမ်းခဲ့သည်။ ဝီလျံဟားဗေးသည် လန်ဒန်တွင် နေထိုင်နေရင်း ၁၆၅ရ ခုနှစ် ဇွန်လသုံးရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ကင့်နယ်ရှိ ဖုတ်စတုန်းမြို့၌ အထိမ်းအမှတ်ရုပ်တုကို ထုလုပ်စိုက်ထူ ထားကြလေသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဆေးပညာရှင်များ ဇီဝဗေဒ ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%9C%E1%80%BB%E1%80%B6%20%E1%80%9F%E1%80%AC%E1%80%97%E1%80%B1%E1%80%B8
အောင်နိုင်သူ ဝီလီယံ
ယနေ့ အင်္ဂလန်တွင် အုပ်စိုးနေသော မင်းဆက်အား အစပြုခဲ့သည့် အောင်နိုင်သူ ဝီလီယံ (William the Conqueror) ကို ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်းရှိ နော်မန်ဒီမြို့စားကြီး ပထမရောဘတ် မှဆင်းသက်လာသူဖြစ်သည်။ ဘဝအစ အချို့က မြို့စားကြီး၏ တိတ်တိတ်ပုန်းမယားမှ ဆင်းသက်လာသည်ဟုဆိုကြသည်။ သို့သော် မြို့စားကြီးထံတွင် ထိုသားတစ်ဦးတည်းသာရှိသဖြင့် အဖအမွေကိုဆက်ခံရရှိသည်။ ကွယ်လွန်ချိန် ၁၀၃၅အရောက်မှီကပင် ဝီလီယံအား ဆက်ခံသူအဖြစ်ရွေးပြီးဖြစ်သောကြောင့် အသက်ရှစ်နှစ်သာရှိသေးသည့် ဝီလီယံမှာ မြို့စားဖြစ်လာခဲ့သည်။ သို့သော် လူလားမမြောက်သေးသည့် အုပ်ချုပ်သူအား အမှုထမ်းတို့က အလေးမစိုက်ပဲ မင်းမဲ့တိုင်းပြည်ကဲ့သို့ ထင်ရာစိုင်းခဲ့ကြသည်မှာ ဝီလီယံ၏ အထိန်းတော် သုံးယောက်ဆက်တိုက် လုပ်ကြံခံခဲ့ရသည်အထိဖြစ်သည်။ ငယ်ဆရာလည်း လုပ်ကြံခံရသည့် ဘေးမှ မလွတ်ခဲ့ပေ။ မိမိအား အစောင့်အရှောက်ခံအဖြစ် တာဝန်ယူထားသည့် ဘုရင် ပထမဟင်နရီ ကိုယ်တိုင် ဩဇာမရှိသဖြင့် အသက်မသေသည့် ဝီလီယံမှာ များစွာကံကောင်းသည်ဟု ဆိုနိုင်သည်။ အသက် ၁၅နှစ်အရွယ် ၁၀၄၂တွင် ဘုရင်က သူကောင်းပြုသဖြင့် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားလာသည်။ ပြည်တွင်းစစ်သဖွယ် နော်မန်ဒီနယ်ရှိ မြို့စားများကို တိုက်ခိုက်ပြီးနောက် ထိုနယ်တွင် ဩဇာအကြီးဆုံးအုပ်စိုးသူဖြစ်လာသည်။ ထိုမျှမက ၁၀၆၃တွင် အိမ်နီးချင်း မိန်းနယ် ကိုရယူပြီး ၁၀၆၄တွင် ဗြိတိန်နီနယ်က ဩဇာခံကြောင်းဝန်ခံကာ၊ အကြီးအကဲအဖြစ် အသိအမှတ်ပြုသည်။ အင်္ဂလန်ကျွန်းကို အောင်နိုင်ခြင်း ၁၀၄၂ မှ ၁၀၆၆ထိ အင်္ဂလန်တွင် အုပ်ချုပ်သည့် ဘုရင်မှ ဝန်ခံသူ အက်ဒွပ် ဖြစ်ပြီး သားသမီးမထွန်းကားသဖြင့် ဆက်ခံလိုသူ များပြားနေခဲ့ရသည်။ ဝီလီယံ၏ အဖိုး၏ နှမမှာ အက်ဒွပ်၏ မိခင်ဖြစ်သဖြင့် ဆွေမျိုးနီးစပ်တော်သည်ဟု ဆိုနိုင်သည်ကြောင့် တစ်ကြောင်း၊ ဝီလီယံ၏ အရည်အချင်းကို အက်ဒွပ်က သဘောကျသည်ကြောင့် တစ်ကြောင်း ၁၀၅၀တွင် မိမိအားဆက်ခံသူမှာ ဝီလီယံဖြစ်ကြောင်း အက်ဒွပ်က ကြေညာသည်။ အက်ဒ်ဝပ်၏ ယောက်ဖလည်းဖြစ် တန်ခိုးဩဇာအကြီးဆုံးလည်းဖြစ်သည့် ဟာရိုး ဂေါ်ဒွန်ဆင် ကို ဝီလီယံက ဖမ်းဆီးကာ အကျပ်ကိုင်ပြီး မိမိကို အင်္ဂလန်ထီးနန်းဆက်ခံသူဖြစ်ကြောင်း ထောက်ခံစေသည်။ ထိုနောက် ဟာရိုးအား ကျမ်းကျိန်စေပြီး ပြန်လွတ်စေသည်။ ၁၀၆၆တွင် အက်ဒ်ဝပ် ကွယ်လွန်သော် ဟာရိုးအား ဘုရင်ရွေးကောက်သည့် ဝီတန်မြို့စားကြီးများအဖွဲ့က ထောက်ခံပြီး နန်းတင်ကြသဖြင့် အင်္ဂလန်ကျွန်းအား သိမ်းရန် စစ်ပြင်တော့သည်။ ရှေးဦးစွာ ရေတပ်ဖွဲ့ပြီး ၁၀၆၆ဩဂုတ်လဆန်းတွင် ရေလက်ကြားကို ဖြတ်သန်းရန် စီစဉ်သော်လည်း မြောက်လေပြင်း တိုက်သဖြင့် ပင်လယ်ပြင်ကို မဖြတ်သာသောကြောင့် လပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည်။ သို့သော် ထိုသို့စောင့်ဆိုင်းနေချိန်အတွင်း နော်ဝေဘုရင် ဟာရိုးဟာဒရာအေ့က မြောက်ပင်လယ်ကိုဖြတ်ကာ အင်္ဂလန်ကို ကျူးကျော်သည်။ ထို့ကြောင့် ဟာရိုးဂေါ်ဒွန်လည်း ဝီလီယံ၏ ကျူးကျော်စစ်ကို တွန်းလှန်ရန် တောင်ပိုင်းတွင် အသင့်စောင့်နေသောတပ်များကို ခေါ်ယူပြီး မြောက်ဘက်သို့ စစ်မျက်နှာလှည့်ပြီး တိုက်ခိုက်ရသည်။ ၂၅၊ စက်တင်ဘာ၊ ၁၀၆၆ စတန်းဖို့ဒ် တံတားတိုက်ပွဲတွင် နောဝေဘုရင် ဟာရိုးကျဆုံးပြီး သူ့တပ်များလည်း ပျက်စီးဆုတ်ခွာသွားသည်။ ထိုနေ့မှ ၂ ရပ်အကြာတွင် လေကြောင်းပြောင်းသဖြင့် ဝီလီယံလည်း အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးပြီး တပ်များချသည်။ ဟာရီုးလည်း မြောက်ပိုင်းမှ တပ်များကို တောင်ပိုင်းသို့ ပြန်လည်ချီတက်စေပြီး ဝီလီယံတပ်များကို ရင်ဆိုင်စေသည်။ သို့ဖြင့် ၁၄ ၊အောက်တိုဘာ ၊၁၀၆၆ တွင် ဟက်စတင်းစ်တိုက်ပွဲတိုက်ခိုက်ကြပြီး ထိုနေ့ညနေတွင်ပင် ဟာရိုးဂေါ်ဒွန်ဆင် နှင့် သူ့ညီတော်နှစ်ပါး ကျဆုံးသည်။ ထိုနောက် လန်ဒန်မြို့သို့ ဆက်လက်ချီတက်သိမ်းပိုက်ပြီး ၁၀၆၆၊ ခရစ္စမတ်နေ့တွင် ဘိသိက်သွန်းကာ ဘုရင်အဖြစ် ခံယူသည်။ သို့ဖြင့် အင်္ဂလန်တွင် အင်္ဂလိုဆက်ဇွန် မင်းဆက်ပျက်ပြီး နော်မန်မင်းဆက် စတင်ပေါ်ထွန်းလာသည်။ အုပ်ချုပ်ရေး နှင့် အခြားအရေးပါသည့် အချက်များ ဝီလီယံနန်းတက်လျှင် သူပုန်ထမှုငယ်များကို ရင်ဆိုင်ရသည်။ ငါးနှစ်ကြာနှိမ်နှင်းချိန်အတွင်း ရန်သူ အင်္ဂလန်မြို့စားများ၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းယူလိုက်ပြီး မိမိ၏နောက်လိုက်များကို ေ၀ပေးခဲ့သည်။ ထိုနောက် လယ်ယာမြေစနစ်တွင် ကံကျွေးချစနစ်ကို ထူထောင်ပြီး အုပ်ချုပ်သည်။ ပြည်သူများအဖို့မူ အရှင်သခင်ပြောင်းသည်ဟုသာ အမှတ်ထားရလောက်အောင် ညှင်သာစွာကိုင်တွယ်ပြီး လယ်ပိုင်ရှင်များ နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အတိအကျစာရင်းကောက်ယူစေသည်။ ထိုစာရင်းမှာ ဒွန်းမ်စတေးကျမ်း ဟုခေါ်ပြီး ယနေ့တိုင် လန်ဒန်ပြည်သူ့မှတ်တမ်းရုံးတွင် တွေ့နိုင်သည်။ ဝီလီယံ၏ နော်မန်ကျူးကျော်မှုကြောင့် အင်္ဂလန်တွင် ပြင်သစ်-အင်္ဂလိုဆက်ဇွန် ရောနှောဓလေ့ပေါ်ထွန်းလာရပြီး အင်္ဂလိပ်ဘာသာစကား ဟူ၍ ဘာသာစကားအသစ်ပေါ်ထွန်းလာပြီး ကျယ်ပြန့်စွာ သုံးစွဲလာခဲ့သည်။ နောက်ရာစုနှစ် ၃ခုကျော်၊ ၄ခုအတွင်းတွင် အင်္ဂလိပ်လူမျိုးတို့၏ သဒ္ဒါသုံးစွဲပုံမှာလည်း ပြောင်းလဲလာသည်။ ထူးခြားချက်မှာ ဝီလီယံ၏ နော်မန်ကျူးကျော်စစ် အပြီးတွင် အခြားမည်သူကမှ အင်္ဂလိပ်ကျွန်းကို အောင်မြင်အောင် မကျူးကျော်နိုင်တော့ခြင်းဖြစ်သည်။ ထို့ပြင် နော်မန်တို့၏ ဗဟိုအုပ်ချုပ်ရေးမှာ အလွန်ခိုင်ခံကောင်းမွန်ကြောင်း ယနေ့ အင်္ဂလိပ်ပုံစံ ဗျူရိုကရေစီအုပ်ချုပ်ရေးက သက်သေခံလျက် ရှိနေသည်။ ယနေ့တိုင် အင်္ဂလန်တွင် အုပ်စိုးနေသည့် မင်းဆက်မှာ ဝီလီယံ မှဆင်းသက်လာသူများဖြစ်သည်။ မိသားစု နှင့် ဘဝနိဂုံး အိမ်ထောင်ရှိပြီး သားငါးဦး ၊သမီးငါးဦးရှိသည်။ အင်္ဂလန်ဘုရင်ဖြစ်သော်လည်း ပြင်သစ်လူမျိုးတစ်ဦးအနေဖြင့် ကွယ်လွန်ချိန်ထိ ပြင်သစ်တွင်သာ အချိန်အများစု နေထိုင်သွားခဲ့သည်။ ဘာသာစကားအားဖြင့်လည်း ပြင်သစ်ဘာသာတစ်မျိုးကိုသာ ပြောဆိုတတ်ပြီး စာမတတ်ပေ။ ပြင်သစ်မြောက်ပိုင်း ရိုအန်းမြို့တော်တွင် ၁၀၈၇၌ ကွယ်လွန်သွားခဲ့သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘုရင်များ အင်္ဂလန်နိုင်ငံ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9E%E1%80%B0%20%E1%80%9D%E1%80%AE%E1%80%9C%E1%80%AE%E1%80%9A%E1%80%B6
ရှာလမိန်း
လက်တင်အမည်ဖြင့် ကာရိုလပ် မဂ္ဂနပ်(ချားသဂရိတ်)ဟု ခေါ်တွင်သော ရှားလမိန်းဘုရင်သည် ဥရောပအလယ်ခေတ် သမိုင်းတွင် ဘုန်းလက်ရုံးနှင့် ပြည့်စုံ၍ တန်ခိုးကြီးမားသော ဘုရင်ကြီးတစ်ပါး ဖြစ်ပေသည်။ ဥရောပအလယ်ခေတ် ကဗျာ စာဆိုတို့က တေးကဗျာလင်္ကာတို့ဖြင့် တခမ်းတနား ဖွဲ့ဆို ချီးကျူးကြရသော လူရည်ချွန်ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်သည်။ ခြောက်ရာစုနှစ်လောက်တွင် ရောမနိုင်ငံတော်ကြီး ပျက်သုဉ်းပြီး နောက် ဥရောပတိုက်ရှိ ပြည်နယ်နိုင်ငံများတွင် ယဉ်ကျေးမှုများ ဆုတ်ယုတ်ပျက်ပြား၍ အမှောင်ခေတ်ကြီး ကျရောက်နေခဲ့သည်။ ထိုအမှောင်ခေတ်ကြီးကို ရှားလမိန်းဘုရင်ကြီးသည် မိမိ၏ဘုန်း လက်ရုံးအရောင်ဖြင့် အလင်းဆောင်ပေးကာ ပျက်သုဉ်းနေခဲ့သော ရောမနိုင်ငံတော်ကြီးအား ပြန်၍ အသက်ဝင် လှုပ်ရှားစေခဲ့လေသည်။ မဟာရှာလမိန်း''ဟု ကျော်ကြားသည့် ဘုရင်ကို ပြင်သစ်သားတို့က ဂုဏ်ယူစွာ အမှတ်ရကြသည်။ မြင့်မြတ်သည့် ရောမအင်ပါယာ (အနောက်ရောမအင်ပါယာ) ကို ပြန်တည်ထောင်သူ၊ ဆက်ဇွန်နီကို အောင်နိုင်သူ အစရှိသဖြင့် စွမ်းဆောင်ခဲ့သဖြင့် ထိပ်တန်းမင်းဧကရာဇ် တစ်ပါးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်သည်။ ရှားလမိန်းဘုရင်သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက် အစွန်နှင့် ရိုင်းမြစ်၏ လက်ယာဘက်ကမ်း တစ်လျောက်ရှိ နေရာတွင် ပေါ်ထွန်းခဲ့သော ဖရန့်နိုင်ငံ၏ ဘုရင်တစ်ပါး ဖြစ်သည်။ ခရစ် ၇၆၈ ခုနှစ်မှ ၈၁၄ ခုနှစ်အထိ ဖရန့်နိုင်ငံ၏ ဘုရင်အဖြစ် အုပ်စိုးခဲ့၍ ၈ဝဝ ပြည့်နှစ်မှ ၈၁၄ ခုနှစ်အထိ အနောက်ရောမ ဘုရင်၏လက်ထက်တွင် ဖရန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဂျာမန်အနွယ် ဘုရင်များ အနက် ဧကရာဇ်ဘွဲ့ကို ပထမဆုံး ခံယူခဲ့သည်။ နန်းသက် ၄၆ နှစ်အတွင်း စစ်ပွဲပေါင်း ၅၂ ပွဲကို စစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက် ပွဲတိုင်းတွင် အောင်မြင်သည်သာ များခဲ့သည်။ ကမ္ဘာ့သမိုင်းတွင် စစ်သားကောင်းတစ်ဦး အဖြစ်သာမက အအုပ်အချုပ် လိမ္မာသော နိုင်ငံပြုသုခမိန်တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ကြရလေသည်။ ထိုဘုရင်ကြီးသည် ခရစ်ယန်အယူဝါဒကို ချီးမြှောက်အား ပေးသည်။ ပြည်နယ်အများအပြားကို တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ရာ နိုင်ငံအတွင်း၌ ဖရန့်၊ လောင်းဗတ်၊ ဆက္ကဆွန်နှင့် ဂျာမန် စသဖြင့် လူမျိုးအမျိုးမျိုး ပါဝင်နေသည်။ မယဉ်ကျေးသေးသော အခြေအနေ၌ ရှိနေသေးသည့် လက်အောက်ခံလူမျိုးများအား ခရစ်ယန်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ယဉ်ကျေးအောင် ပြု၍ မိမိ၏တစ်အုပ်တစ်ချုပ်တည်းအောက်တွင် တညီတညွတ် တည်း ရှိစေရန် ကြိုးပမ်းသည်။ ခရစ်ယန်ဘုရားရှိခိုးကျောင်း များကို အနှံ့အပြား တည်ဆောက်၍ ခရစ်ယန်သာသနာပြု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သည်။ ပညာ ရေးဘက်၌ တိုးတက်ပြုပြင်ရေးများကို ပြုလုပ်စေပြီးလျှင် ကုန် သွယ်ရေးနှင့် စိုက်ပျိုးရေးဘက်၌လည်း ဖွံ့ဖြိုးတိုးတက်စေသည်။ ရှားလမိန်းဘုရင်ကြီးသည် ဥရောပအလယ်ခေတ် ဘုရင်များ အနက် အနောက်ဥရောပ၏ လူနေမှု၏ လူနေမှုတိုးတက်ရေး အတွက် အဆောင်ရွက်ဆုံးဟု ဆိုရပေမည်။ မျိုးရိုးစဉ် နှင့် ငယ်ဘဝ အဖိုးဖြစ်သူ ရှားလ် မာတယ်လ် မှာ မွတ်စလင်တို့ကို အပြီးသတ် ချေမှုန်းလိုက်သည့် နာမည်ကျော် တိုးစစ်ပွဲတွင် ဦးဆောင်ခဲ့သည့် ဖရန့်ခ် ခေါင်းဆောင်ဖြစ်သည်။ ၎င်းကွယ်လွန်ပြီးနောက် သားဖြစ်သူ ပေပင် ကို ပြင်သစ်အပေါင်းတို့၏ ဘုရင်အဖြစ် တင်မြောက်လိုက်သဖြင့် ရှေ့မှရှိနှင့်ပြီးဖြစ်သည့် နှလုံးရည် လက်ရုံးရည်မရှိ၊ ရုပ် သေးရုပ်များသာဖြစ်ပြီး အားနည်းလှသော မာရိုဗန်ဂျန် မင်းဆက်(Merovingian)မှာ ဆုံးခန်းတိုင်ပြီး ကာရိုလင်ဂျန် မင်းဆက်သစ်ပေါ်ထွန်းလာသည်။ ပေပင်မှာ အရပ်ပုလွန်းသူဖြစ်သဖြင့် ငပုပေပင် (Pepin the Short)ဟုပင် သမိုင်းတွင်သူဖြစ်သည်။ ရှာလမိန်းကို နောင်တွင် ၎င်းနန်းစိုက်ရာ အာချန်နှင့် မနီးမဝေးတွင် ၇၄၂က ဖွားမြင်သည်။ (ထိုမြို့မှာ ယနေ့ ဂျာမနီနိုင်ငံ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေသည်။) ပက်ပင် ချားမာတယ်ဘုရင်ကြီးသည် တူးဝါးမြို့ တွင် ဆာရဆင်တို့က ခရစ်ယန်အယူဝါဒကို လွှမ်းမိုးလာမည့် အန္တရာယ်မှ ကယ်တင်ခဲ့သူ ဖြစ်လေသည်။ ထီးနန်းရပုံ ၇၆၈တွင် ပေပင်နတ်ရွာစံရာ ကျန်ရစ်ခဲ့သည့် ပဒေသရာဇ် ဖရန့်ခ်နိုင်ငံကို သက်တော် ၂၆ နှစ်အရွယ် ရှာလမိန်း နှင့် ညီတော် ကာလိုမန်တို့ နှင့်နှစ်ဦးသား တစ်ဝက်စီ ခွဲဝေအုပ်ချုပ်သည်။ ဖရန့်မြောက်ပိုင်း နိုင်ငံကို ရှားလမိန်းက အုပ်ချုပ်ရ၍ တောင်ပိုင်းကို ညီတော်ကာလိုမန်က အုပ်ချုပ်ရသည်။ ၇၇၁ ခုနှစ်တွင်မူ ကာလိုမန် ကံတော်ကုန်သဖြင့် အသက် ၂၉နှစ်ရှိ ရှားလမိန်းသည် ပြိုင်ဘက်ကင်း ဖရန့် တစ်နိုင်ငံလုံးကို အုပ်စိုးရလေသည်။ ထိုအချိန်သည် ဖရန့်ခ်တို့ ဩဇာအင်အား အထွတ်အထိပ် ရောက်နေချိန်ဖြစ်ကာ နိုင်ငံ၏ကျယ်ပြန့်မှုမှာ ယနေ့ပြင်သစ်နိုင်ငံ တစ်ခုလုံးမှ မကပဲ၊ ဘယ်လ်ဂျီယံ၊ ဟော်လန် နှင့် ဆွစ်ဇာလန် အပါအဝင် ယနေ့ ဂျာမနီ၏ အစိတ်အပိုင်း အတော်များများပါ ပါဝင်သည်။ နယ်ပယ်ချဲ့ထွင်ခြင်း ထိုခေတ်အခါက ဥရောပတွင် တစ်နယ်တစ်မင်း အချင်း ချင်း စစ်ခင်း၍ နေကြသဖြင့် ပြည်နယ်နိုင်ငံတို့သည် မငြိမ် မသက် ရှိနေကြပြီးလျှင် ဘုရင်များသည်လည်း စစ်တိုက်ရင်း သာ အချိန်ကုန်နေကြလေသည်။ နန်းတက်သည်နှင့် ညီတော်၏ သားမယားများ ခိုလှုံနေသည့် အီတလီမြောက်ပိုင်းရှိ လွန်းဘားနယ်ကို စစ်ပြုသည်။ စစ်မဖြစ်မှီ လွန်းဘားသူ မိဖုရား ဒေစီဒေရေဒါကို ကွာရှင်းသည်။ တိုက်ရသော အကြောင်းမှာ လွန်းဘားပြည့်ရှင် ဒက်ဆီဒီရီးယပ်သည် ရှားလမိန်း၏ ညီတော်ကာလိုမန်၏ လူမမယ် ရင်သွေးတော် နှစ်ပါးအား ဖရန့်တောင်ပိုင်းနိုင်ငံ၏ ထီးနန်းကို ဆက်ခံနိုင်ရန် အားပေးအားမြှောက်ပြုသောကြောင့် ဖြစ်သည်၊ ထိုအရေးနှင့် စပ်လျဉ်း၍ လွန်းဘားပြည့်ရှင်သည် ပုပ်ရဟန်းမင်း အက်ဒရီယန်အား နှောင့်ရှက်တိုက်ခိုက်လာသည်။ ရှားလမိန်းသည် ပုပ်ရဟန်းမင်းအား ကူညီအားပေးနေသူ ဖြစ်၍ တစ်ကြောင်း၊ ဒက်ဆီဒီရီးယပ်အား နှိမ်နင်းလို၍ တစ်ကြောင်း အီတလီပြည်သို့ ချီတက်၍ လွန်းဘားတပ်များအား တိုက် ခိုက်ချေမှုန်းလေသည်။ ထိုနောက် လွန်းဘားပြည်နှင့် ယင်းပိုင် နယ်ပယ်များကိုလည်း သိမ်းယူ၍ လွန်းအားဘုရင်အဖြစ် ဘိသိက်ခံယူသည်။ ၇၇၄ ခုနှစ်တွင် အီတလီပြည်မှ မထွက်ခွာ မီ ရောမမြို့သို့ သွားရောက်၍ ရှားလမိန်း၏ ခမည်းတော်က ပုပ်ရဟန်းမင်းအား နယ်မြေများ လှူဒါန်းခဲ့သည်ကို ပို၍ ခိုင်ခိုင်လုံလုံဖြစ်အောင် ဆောင်ရွက်သည်။ ထိုနယ်မြေတို့သည် နောင်အခါ ပုပ်ရဟန်းမင်းပြည်နယ်ဟူ၍ ဖြစ်လာသော နယ်မြေ တို့၏ မူလအစ ဖြစ်လေသည်။ ၇၇၄တွင် လွန်းဘားမင်းများ ကို အနိုင်ရပြီး ပိုင်နက်နယ်မြေ ကျယ်ပြန့်လာသည်။ ကာလိုမန်၏ သားမယားများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဇာတ်သိမ်းကို မည်သူမျှ မသိတော့ပေ။ ရိုင်းမြစ်ဝှမ်းအောက်ပိုင်းနှင့် ဂျတ်တလန်ကျွန်းဆွယ်အကြား ဒေသများ၌ နေထိုင်ကြသော ဂျာမန်အနွယ် ဆက္ကဆွန်များသည် ဖရန့်နိုင်ငံကို မကြာခဏ ထိပါးလာကြသည်။ ထို့အတွက် ဂျာမနီမြောက်ပိုင်းရှိ ဆက်ဇွန်နီ ပြည်ကြီးကို သိမ်းယူခြင်း အတွက်ကို ကို ၇၇၂ကပင် စတင်အားထုတ်သည်။ ရှားလမိန်းဘုရင် သည် ၇၇၄ ခုနှစ်မှ အစပြု၍ ယင်းတို့အား တိုက်ခိုက်ခဲ့သော်လည်း ဆက္ကဆွန်နေကြသောကြောင့် ယင်းတို့ အား ၁ဝ နှစ် နီးပါးမျှ တိုက်ခိုက်နှိမ်နင်းရသည်။ ၇၈၅ ခုနှစ် သို့ ရောက်မှသာလျှင် ရှားလမိန်းသည် ဆက္ကဆွန်ပြည်အတွင်း ခရစ်ယန်အယူဝါဒ ပျံ့နှံ့ရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက် ရလေသည်။ ၃၂နှစ်ကြာ စစ်ပွဲ ကြီးငယ်များစွာ တိုက်ခိုက်ခဲ့ရပြီး ၈၀၄တွင်မှ အပြီးသတ် အောင်မြင်သည်။ ထိုမျှ စစ်ပွဲကြာရှည်ရသည်ကြောင့် တစ်ကြောင်း၊ ခရစ်အယူဝါဒသို့ အတင်းအကျပ်ကူးပြောင်းစေပြီး မနာခံပါက ရက်စက်စွာ သတ်ဖြတ် နှိပ်ကွပ်ခဲ့သည်ကြောင့် တစ်ကြောင်း စစ်ပွဲအပြီးတွင် ဆက်ဇွန်ဦးရေမှာ လေးပုံ တစ်ပုံခန့် လျော့နည်းသွားရသည်။ ထို့ပြင် ဂျာမနီတောင်ပိုင်းနှင့် ပြင်သစ်အနောက်တောင်ပိုင်းဒေသများတွင်လည်း နယ်ပယ်များကို ထိန်းသိမ်းရန် စစ်ပွဲများ ဆင်နွဲခဲ့ သေးသည်။ သိမ်းပိုက်နယ်ပယ်များ၏ တည်ငြိမ်ရေးအတွက် အရှေ့ဘက်နှင့် တောင်ဘက်ဒေသများတွင် အဗာများနှင့်စစ်ပွဲများစွာဆင်နွဲခဲ့ရသည်။ အကြမ်းအားဖြင့် ရှာလမိန်း၏ ပိုင်နက်မှာ ဂျာမနီရှိ ဘာဘေးရီးယားနယ် အထိဟုဆိုသော်လည်း ဩဇာခံနယ်မှာ ထိုဒေသမှ အရှေ့ဘက် ခရိုအေးရှား အထိကျယ်ပြန့်ပေသည်။ ထိုအတောအတွင်း ရှားလမိန်းသည် ၇၇၈တွင် စပိန်ပြည်မှမွတ်စလင် အယူဝါဒီ မူးဝါးလူမျိုးတို့အား ချီတက်တိုက်ခိုက်သည်။ တိုက်ပွဲ တိုင်းတွင် ရှားလမိန်း၏တပ်များက အောင်မြင်ခဲ့သော်လည်း ပီးရနီးတောင်တန်း၏ တောင်ဘက်ပိုင်းတိုက်ပွဲများတွင်မူ ရှား လမိန်း၏တပ်များ အရေးမလှခဲ့ပေ။ ရှားလမိန်း၏ လက်ရုံး တစ်ဆူဖြစ်၍ ထိုခေတ်က ကျော်ကြားလှသော သူရဲကောင်းကြီး ရိုလန်သည် ထိုတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။ အောင်မြင်အောင် မတိုက်ခိုက်နိုင်သော်လည်း ပြင်သစ်နှင့် စပိန်ကြားတွင် ကြားခံနယ်အဖြစ် မိမိဩဇာခံသော စပိန်ချီနယ် ဟုခေါ်သောနယ်ကို တည်ထောင်ပေးနိုင်သည်။ ရှားလမိန်း သည် အရှေ့ဘက်သို့လည်း နယ်ချဲ့ပြန်သည်။ ဗာဗေးရီးယား ပြည်ကို တိုက်ခိုက်သိမ်းပိုက်၍ ဗာဗေးရီးယားပြည့်ရှင်ကို နန်းချသည်။ ဗာဗေးရီးယားပြည်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် ရှားလမိန်းသည် ဟန်ဂေရီယန်မြေပြန့်ဒေသမှ စစ်လိုလားသော အားဗားလူမျိုးများနှင့် စစ်ပြိုင်ရပြန်သည်။ နောက်ဆုံးတွင် ရှားလမိန်းဘုရင်ကြီးသည် အားဗားတို့အား နှိမ်နင်းအောင်မြင် သည်။ ယင်းသို့ဖြင့် ရှားလမိန်း၏ လက်အောက်ခံနိုင်ငံတော် သည် မြောက်ဘက်၌ ဒိန်းမတ်ပြည်မှသည် တောင်ဘက် ပီးရနီး တောင်တန်းအထိ၊ အရှေ့ဘက်၌ အဲ့လဗမြစ်မှသည် အနောက် ဘက် အတ္တလန္တိတ်သမုဒ္ဒရာအထိ ကျယ်ပြန့်ခဲ့လေသည်။ သူ့နန်းသက် ၄၅နှစ်အတွင်း ဖရန့်ခ်တို့သည် စစ်ပွဲကြီးငယ်ပေါင်း ၄၄ကြိမ်တိုက်ခဲ့ရပြီး အနောက်ဥရောပတစ်ခွင်တွင် ကျယ်ပြန့်သည့် အင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။ ရောမအင်ပါယာပျက်သုဉ်းပြီးနောက်တွင် ယခုကဲ့သို့သော အင်ပါယာကို ပြန်လည်ထူထောင်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ခရစ်နှစ် ၈၀၀ပြည့်၊ခရစ်စမတ်နေ့တွင် ရောမမြို့တွင် ပုပ်ရဟန်းမင်း အက်ဒရီယန်အား ဆက်ခံသူ ပုပ်ရဟန်းမင်းကြီး တတိယလီယိုက ရှာလမိန်းအား ကာရိုလပ်ဩဂတ်စတပ် ဟူသောဘွဲ့ဖြင့် ခြီးမြှင့်၍ သရဖူအပ်နှင်းပြီး ရောမဧကရာဇ် အဖြစ်ကြေညာပေးသည်။ ထို့ကြောင့် ရှာလမိန်းသည် ဩဂတ်စတက်ဆီဇာ ကိုတရားဝင်ဆက်ခံသူအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သဘောတရားအရ လွန်ခဲ့သည့် နှစ်၃၀၀က ပျက်စီးခဲ့သော ရောမအင်ပါယာကို ရှာလမိန်းကပြန်ထူထောင်ပေးသည်ဟုဆိုရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် နယ်ပယ်တိုင်းတာမှုတွင် ရှာလမိန်း၏ အင်ပါယာမှာ အနောက်ရောမအင်ပါယာကို မမှီ၊ ထက်ဝက်ကျော်သာရှိသည် ဟုဆိုရမည်။ လူမျိုးအရအားဖြင့်လည်း ရှာလမိန်းမှာ ဖရန့်ခ်(ပြင်သစ်)ဖြစ်သောကြောင့် ရောမသားမဟုတ်ပေ။ ထိုအချက်များအပြင် အရေးပါသည့် အခြားအချက်မှာ ရောမခရစ်ယာန်ကျောင်းတော်နှင့် ဆက်ဆံရာတွင် ရှာလမိန်းက ဦးဆောင်သူဖြစ်ပြီး ပုပ်ရဟန်းမင်းမှာ နိုင်ငံရေးအရ ဝင်ရောက် ဩဇာပေးနိုင်ခြင်းမရှိခဲ့ ပေ။ သို့သော်လည်း ဤသို့ ဘိသိက်သွန်းလိုက်ခြင်းဖြင့် ရှားလမိန်းတွင် ဧကရာဇ်ဘွဲ့ ခံယူရခြင်းကြောင့် တန်ခိုးအာဏာ ထိထိရောက်ရောက် တိုးတက်လာခြင်းမရှိသော်လည်း ခရစ်ယန် အယူဝါဒကို ကာကွယ်စောင့်ရှောက် ခြီးမြှင့်မြှောက်စားကာ ခရစ်ယာန်လောကတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရှိပေးမည့် ခရစ်ယန်နိုင်ငံတော်(ဝါ) ရောမသာသနာစောင့် နိုင်ငံတော် ပေါ်ပေါက်လာခဲ့လေသည်။ ရှားလမိန်းဘုရင်ကြီးသည် စစ်ရေး၌ ထူးချွန်သလောက် အုပ်ချုပ်ရေး၌လည်း လိမ္မာသည်။ တကွဲတပြား ဖရိုဖရဲ ရှိနေခဲ့ သော ဥရောပပြည်နယ်များကို ပြန်လည်စုစည်း၍ ငြိမ်ဝပ်ပိပြား စေပြီးလျှင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည်။ သို့သော် ရှေးခေတ် ရောမနိုင်ငံတော်၏ စည်ပင်ထွန်းကားပုံကိုကား မမှီနိုင်ချေ။ မိမိ၏နိုင်ငံတော်အတွင်း စာပေပညာ ပြန့်ပွားထွန်း ကားရေးကို အားပေးသည်။ စာသင်ကျောင်းများ ဆောက်လုပ်၍ နိုင်ငံရပ်ခြားမှ စာပေကဝိကြီးများကို မိမိနန်းတော်သို့ ပင့် ဆောင် ကိုးကွယ်ကာ ပညာဖြန့်ဝေပေးသည်။ ယဉ်ကျေးမှု အနု ပညာရပ်များ ပြန်လည်ပေါ်ထွန်းလာစေရန်လည်း အားပေး ဆောင်ရွက်သည်။ ယင်းသို့ဖြင့် ရှားလမိန်း၏ နန်းသက်အတွင်း အမှောင်ရောင် ပြန်ပေးမည့်စာပေ အနုပညာ စသည့်ယဉ်ကျေးမှု တို့ ပြန်လည် ထွန်းကားနိုင်ရန် အရှိန်ရလာလေသည်။ ထို ဘုရင်ကြီးသည် စိုက်ပျိုးရေး ကုန်သွယ်ရေး အဆောက်အအုံ တည်ဆောက်ရေးတို့ကိုလည်း အားပေးဆောင်ရွက်လေသည်။ ရှားလမိန်းဘုရင်ကြီး၏ လက်ထက်တွင် ကံကျွေးချစံနစ် ပေါ်ပေါက်ခဲ့သည်။ ထိုစံနစ်သည် ရှေးရောမအစိုးရစံနစ်နှင့် လုံးဝမတူချေ။ ဥရောပတိုက်တွင် ရောမနိုင်ငံတော်ကြီး ပျက် ယွင်း၍ မယဉ်ကျေးသော လူမျိုးတို့ ဝင်ရောက် စိုးမိုးနေခဲ့ သဖြင့် အအုပ်အထိန်း ကင်းမဲ့သကဲ့သို့ ရှိနေရာ အအုပ် အထိန်းရှိနိုင်သလောက် ရှိစေသော စံနစ်တစ်ခုပင်တည်း။ ယင်းစံနစ်သည် ဥရောပသားတို့၏ နေထိုင်မှု၊ ဆက်ဆံမှု၊ အုပ်ချုပ်မှုတို့၏ တိုးတက်ရေး လမ်းမကြီးတွင် ပထမစခန်း နယ်များတွင် အုပ်ချုပ်ရေးစံနစ် တစ်မျိုးတည်းထားရှိစေသည်။ သို့သော် ပြည်နယ်အလိုက် ရှိနေသော တရားဥပဒေများကိုမူ ဆက်လက် လိုက်နာကျင့်သုံးခွင့် ပြုသည်။ ထိုဘုရင်ကြီးသည် ဘုန်းတန်ခိုး ကြီးမား၍ ထင်ရှား သလောက် အရပ်အမောင်း မြင့်မားပြီးလျှင် ကြံ့ခိုင်သန်စွမ်း ဖျတ်လတ်သည်။ ထိုခေတ်အခါက ဘုရင်များနည်းတူ စာရေး စာဖတ်ခြင်းကို ထိရောက်စွာ သင်ကြားဆည်းပူးခြင်း မပြုခဲ့ သော်လည်း လက်တင်ဘာသာကို ဖတ်နိုင်သည်။ ဂရိဘာသာ စကားကို နားလည်သည်။ ရှေးက ရောမနိုင်ငံတော်အား ဖျက် ဆီးခဲ့သော ဂျာမန်အရိုင်းလူမျိုးများ၏ အဆက်အနွယ်ဖြစ်သော် လည်း အနောက်ရောမ နိုင်ငံတော်ကို ပြန်လည်ထူထောင်သူ၊ ခရစ်ယန်သာသနာစောင့်ဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ အရှေ့ ရောမနိုင်ငံတော်ဖြစ်သော ဗိုင်ဇင်းတိုင်နိုင်ငံ၏ ဧကရာဇ်ကလည်း ရှားလမိန်းအား (အနောက်) ရောမနိုင်ငံတော်၏ ဧကရာဇ်အဖြစ် အသိအမှတ်ပြုလေသည်။ နတ်ရွာစံခြင်း နှင့် နောက်ဆက်တွဲ နန်းသက်တလျှောက် အနောက်ဥရောပ ကုန်မတတ်တိုက်ခိုက်သိမ်းသွင်းခဲ့သော ရှာလမိန်းသည် ၈၁၄တွင် နန်းစိုက်ရာ အာချန်တွင် နတ်ရွာစံသည်။ နတ်ရွာမစံမှီ မိမိအင်ပါယာကို သုံပိုင်းပိုင်းပြီး သားတော်သုံးပါးကို ခွေဲ၀ပေးရန် စီစဉ်သော်လည်း သားတော်နှစ်ပါးက သူ့အလျင်ကွယ်လွန်သွားသဖြင့် ကျန်ရစ်သည့် သားတော် ဘုရားတရားသမား ကြည်ညိုသူ လူဝီ'''က တစ်ဦးတည်း ဆက်ခံသည်။ သို့သော် လူဝီမှာလည်း ဆက်ခံသူမထားပဲ နတ်ရွာစံပြန်ရာ လူဝီ၏သားတော် နှစ်ပါးက အင်ပါယာကို ခွဲယူကြသဖြင့် စစ်ဖြစ်ပွားရာမှ ရှာလမိန်းထူထောင်သည့် အင်ပါယာကြီးမှာ သူကွယ်လွန်ပြီး နှစ်၃၀အကြာတွင် အပိုင်းကြီး ၃ ပိုင်းကွဲသွားခဲ့ရသည်။ ပထမအပိုင်းမှာ ယနေ့ ပြင်သစ်နိုင်ငံ အကုန်နီးပါး၊ ဒုတိယအပိုင်းမှာ ယနေ့ ဂျာမနီနိုင်ငံ အကုန်နီးပါး၊ တတိယအပိုင်းမှာ ပြင်သစ်ဂျာမနီ နောင်ဖက်နယ်စပ်တစ်လျှောက် နှင့် အီတလီမြောက်ပိုင်း ဒေသများ ဖြစ်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘုရင်များ ပြင်သစ်နိုင်ငံ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AC%E1%80%9C%E1%80%99%E1%80%AD%E1%80%94%E1%80%BA%E1%80%B8
ချင်ရှီဟွမ်
ချင်ရှီဟွမ် (, (, ;(ဖေဖော်ဝါရီ ၁၈ ရက် ဘီစီ ၂၅၉ မှ စက်တင်ဘာ ၁၀ ရက် ၂၁၀ ဘီစီ ) သည် ချင်မင်းဆက် ကို တည်ထောင်သူဖြစ်၍ တရုတ်ပြည်ထောင် ၏ ပထမဆုံး ဧကရာဇ် ဖြစ်လေသည်။ ငယ်မည် "'ရင်ကျန့်'" ()(သို့) "'ကျောက်ကျန့်'" () ဖြစ်၍ ချင်ပြည်ထောင်၏ မင်းသားတစ်ဦးဖြစ်သည်။ သူသည် အသက် ၁၃ နှစ်တွင် ချင် မင်းကြီး ကျန့် () အဖြစ် နန်းတက်ခဲ့ပြီး ချင်ပြည်ထောင်သည် အခြားသော စစ်မက်ဖြစ်ပွားနေသည့် နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၂၁ ဘီစီတွင် တရုတ်ပြည်ကို ပေါင်းစည်း နိုင်ခဲ့ခြင်းဖြင့် သက်တော် ၃၈နှစ်တွင် တရုတ်ပြည်၏ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့လေသည်။ ယခင်က ရှန် မင်းဆက် နှင့် ကျိုးမင်းဆက်တို့မှ မင်းဆက်များ ခေါ်ဝေါ်ခဲ့သည့် "မင်းကြီး"( (ဝမ်) ဘွဲ့တော်ကို ဆက်လက်ထိန်းသိမ်းခြင်း မရှိဘဲ သူသည် ၂၂၁ ဘီစီမှ ၂၁၀ ဘီစီအထိ ချင်မင်းဆက်၏ ပထမဆုံး ဧကရာဇ် () အဖြစ် အုပ်စိုးခဲ့သည်။ သူ တီထွင် အသုံးပြုခဲ့သော "ဧကရာဇ်" ( ) ဟူသည့် ဘွဲ့တော် နှင့် အရှေ့တွင် သုံးနှုန်းထားသည့် "ပထမဆုံး"ဆိုသော စကားသည် နောက် နှစ်ပေါင်း ၂၀၀၀ခန့်အထိ အဆက်ဆက်သော တရုတ်ပြည်မင်းဆက်များ အတုယူ သုံးနှုန်းစရာ ဖြစ်လာခဲ့သည်။ သူ၏ နန်းစံနှစ်တွင် သူ၏ စစ်သူကြီးတို့သည် တရုတ်ပြည် နယ်မြေများကို ချဲ့ထွင်ခဲ့ကြသည်။ ချူ (ပြည်ထောင်) ၏ တောင်ဘက်သို့ စစ်ဆင်နွှဲခြင်းများ သည် ဟူနန် နှင့် ဂွမ်ဒုန်ရှိ ယွဲ့နယ်မြေများကို တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု စက်ကွင်းထဲသို့ ထည့်သွင်းလိုက်သလိုပင် ဖြစ်သည်။ အာရှ အလယ်ပိုင်းတွင် စစ်ဆင်နွှဲမှုများသည် အော်ဒို ပတ်လမ်းကို ရှူံးနူတို့ထံမှ သိမ်းယူနိုင်ခဲ့သည်။ ဤသို့ ပြုလုပ်ခြင်းကြောင့် ရှူံးနူတို့သည် မိုတု ချန်ယု၏ အုပ်စိုးမှုအောက်တွင် ခိုလှုံခြင်းဖြင့် စုစည်းမိကြသည်။ ချင်ရှီဟွမ်သည် သူ၏ အမတ်ကြီး လီစီးနှင့် တွဲဖက်၍ ရှေး တရုတ်နယ်မြေအသီးသီးတွင် ကျင့်သုံးခဲ့သည့် အလေ့အထတို့ကို တညီတညွတ်ထဲဖြစ်စေရန် ရည်ရွယ်၍ အဓိကကျသည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်ခဲ့သည်။ သေချာစွာ သုံးသပ်ကြည့်လျှင် သံသယဝင်ဖွယ်ရှိသည့် အချက်များကို တွေ့ရသော်လည်း ချင်ရှီဟွမ်သည် စာပေကို တားမြစ်ပိတ်ပင်ခြင်း နှင့် များစွာသော စာအုပ်များကို မီးရှို့ဖျက်ဆီးစေခြင်း နှင့် စာပေပညာရှင်များကို သတ်ဖြတ်ကွပ်မျက်ခြင်းများ ပြုလုပ်သည်ဟု ပြောဆိုခြင်း ခံရသည်။ သူ၏ လူသိရှင်ကြား လုပ်ဆောင်ချက်များတွင် ပြည်နယ်တို့အနှံ့ ပြန့်ကျဲနေခဲ့သော တံတိုင်းများကို တရုတ်ပြည်၏ မဟာတံတိုင်းကြီး တစ်ခုအဖြစ် စုစည်းစေခြင်း၊ ကြီးမားလှသည့် နိုင်ငံတော် အဆင့် လမ်းမကြီးများ ဖွဲ့စည်းခြင်း၊ မြို့တော်တစ်မျှကြီးမားလှသည့် ဂူသင်္ချိုင်းကြီးနှင့် ၎င်းကို စောင့်ကြပ်နေသော လူသဖွယ် ရွှံ့ရုပ်စစ်တပ်ကြီးတို့ပင် ဖြစ်တော့သည်။ သူသည် တရုတ်ပြည်အရှေ့ပိုင်းကို လှည့်လည်ကြည့်ရှုစဉ် ၂၁၀ ဘီစီ၌ ကွယ်လွန်သည်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။ ဧကရာဇ်ဖြစ်လျှင် ယခင် ကျိုမင်းဆက်လက်ထက်ကဲ့သို့ ပဒေသရာဇ်တို့ တဖန်အင်အားကောင်းလာမည်ကို မလိုလားသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သည်။ နယ်စား၊ ဘုရင်ခံတို့ ကို တစ်နယ်တည်း အတည်တကျမထားပဲ အလှည့်ကျရွှေ့ပြောင်းစေသည်။ ၎င်းတို့၏ မိသားစုများကိုလည်း နေပြည်တော်တွင် ချန်ရစ်စေသည်။ လမ်း၊ တံတား အစရှိသည့် ဆက်သွယ်ရေးစနစ်များ ကိုတိုးတက်ကောင်းမွန်အောင် ပြုပြင်သည်။ အလေး၊ တင်းတောင်း၊ အချိန်အတွယ်၊ အတိုင်းအတာတို့ကို တစ်ပြေးညီ သတ်မှတ်ပေးသည်။ ဘီစီ ၃၁၂ တွင် ကွန်ဖြူးရှပ် ကျမ်းစာများ အပါအဝင် တရုတ်အမျိုးသားရေးဆိုင်ရာ ကျမ်း၊စာပေ အစရှိသည်တို့ကို မီးရှို့ဖျက်စီးစေသဖြင့် လူအများကြောက်ရွှံထိတ်လန့်ရသည်။ သို့သော် ကျမ်းတစ်စောင်စီကိုမူ နန်းတွင်းမော်ကွန်းတိုက်သို့ပို့ကာ သိမ်းဆည်းစေခဲ့သည်။ နောက် ကွန်ဖြူးရှပ်ကျမ်းဆောင်ပုဂ္ဂိုလ်များက နှုတ်ဖြင့်ဆက်လက်ပြန့်ပွားအောင် လုပ်သည်ဟု စွပ်စွဲကာ အရှင်လတ်လတ် မြေမြုပ်သတ်စေသည်။ ယနေ့တရုတ်နိုင်ငံမျှ မကြီးမားသည့် တရုတ်ပြည်နယ်နိမိတ်ကို အဘက်ဘက်သို့ချဲ့ထွင်ရန်ကြိုးပမ်းခဲ့သည်။ တောင်ဘက်တွင် ဆက်တိုက်သိမ်းသွင်းပြီး အရယူထားသော်လည်း၊ အနောက်ဘက်နှင့် မြောက်ဘက်တွင်မူ အနိုင်တိုက်ခဲ့သော်လည်း ခြေကုတ်မယူနိုင်ခဲ့ပေ။ ထို့ပြင် ထိုအနောက်ဘက်နှင့်မြောက်ဘက် တစ်လွှားမှ ရန်သူ (လူမျိုးစုအများအပြား)၏ ရန်မှကာကွယ်ရန် မဟာတံတိုင်းကြီး ဂရိတ်ဝေါလ် (Great -Wall) ကိုတည်ဆောက်ခဲ့သည်။ ပြည်တွင်းစစ်ဒဏ်ကြောင့် လူတို့ဆင်းရဲတွင်းနက်ပြီးသည်မှ မကြာသေးချိန်တွင် ထိုကဲ့သို့ကြီးမားလှသည့် စီမံကိန်းကြီးကို လူအင်အားသုံး ဖော်ဆောင်ခြင်းမှာ ယနေ့ခေတ်အမြင်တွင်မှမဟုတ် ရှေးလူတို့အတွက် အလွန်မှ ရက်စက်လှသည်ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်တွင် ပုန်ကန်ထကြွမှုများကို နည်းများမဆို ရင်ဆိုင်ရတော့သည်။ ၎င်းသက်ရှိထင်ရှားရှိစဉ်တွင် ကောင်းစွာနှိမ်နှင်းနိုင်သဖြင့် မစိုးရိမ်ရသော်လည်း ၎င်းနတ်ရွာစံသည့် ဘီစီ ၂၁၀ နောက် ဒုတိယသား အဲ့ရှီဟွမ်တီ(Second of Premier Emperor) ဘွဲ့ဖြင့်နန်းတက်လာပြီးနောက်တွင် ကောင်းစွာ အုပ်ချုပ်နိုင်ခြင်းမရှိ၊ ပုန်ကန်ထကြွမှုများကိုလည်း ဖခင်ကဲ့သို့ ကောင်းစွာမနှိမ်နှင်းနိုင်သဖြင့် ၄နှစ်အတွင်း သတ်ဖြတ်ခံရကာ ချင်မင်းဆက်လည်း အချိန်တိုအတွင်း ပျက်သုဉ်းရသည်။ ရှီဟွမ်တီ၏ ကြီးကျယ်ခန်းနားသည့် အုတ်ဂူကြီးမှာလည်း ဖျက်ဆီးခြင်းခံရသည်။ ရှီဟွမ်တီကို နှောင်းခေတ်လူတို့က ကွန်ဖြူးရှပ်စ်ဝါဒအား နှိပ်ကွပ်သည်ကိုအကြောင်းပြုပြီး မုန်းတီးစိတ်အခံကြောင့် မျိုးမစစ်၊ လင်ကောင်မပေါ်ပဲမွေးသည့်သား အစရှိသဖြင့် ပြောဆိုရှုံ့ချကြသကဲ့သို့၊ ကွန်မြူနစ်တို့က တိုးတက်သောအမြင်ရှိသူဟု ဆိုကာ ချီးမြှောက်ကြသည်လည်းရှိသည်။ ရှီဟွမ်တီ ထူထောင်သည့် တရုတ်အင်ပါယာ မှာ ဩဂတ်စတက်ဆီဇာ (Augustus Ceasar) ထူထောင်သည့် ရောမအင်ပါယာ (Roman Empier) နှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း၊ လူဦးရေ မကွာလှပေ။ သို့သော် ရောမအင်ပါယာက ပြိုကွဲပြီး တရုတ်အင်ပါယာမှာ တရုတ်နိုင်ငံအဖြစ်နှင့် သမိုင်းတလျှောက်ရပ်တည်နေနိုင်သည်မှာ ရှီဟွမ်တီ၏ အစွမ်းကြောင့် ဟုဆိုနိုင်သည်။ အမည်၏ အရင်းအမြစ်ကို ရှာဖွေခြင်း ယနေ့တွင် ချင်ရှီဟွမ်၏ အမည်မှာ ရင်ကျန့် ဖြစ်ပြီး မျိုးရိုးအမည်အဖြစ် ရင် () စာလုံးနှင့် ကျန့် () စာလုံးတို့ကို ပေါင်းထားသည်ဟု အရင်းအမြစ်များအရ မကြာခဏ ဆိုကြသည်။ ရှေးတရုတ်ပြည်တွင်မူ အမည်ပေးပုံမှာ ကွဲပြားသည်။ ကျောက် () ကို မျိုးရိုးအမည်အဖြစ် သုံးပါသည်။ ချင် ပြည်ထောင်ကို အုပ်ချုပ်သူများသည် မိမိတို့ကိုယ်ကို မင်းကြီးများအဖြစ် သမုတ်ကြသည်မှာ ၃၂၅ဘီစီမှ မင်းကြီး ဟွေ့ဝမ်း လက်ထက်ကတည်းက ဖြစ်သည်။ နန်းတက်သောအခါ ကျန့်သည် ချင် မင်းကြီး (သို့မဟုတ်) ချင် မင်းကြီး ကျန့်အဖြစ် လူသိများသည်။ ထိုဘွဲ့တော်သည်ပင် ရှန် မင်းဆက် နှင့် ကျိုးမင်းဆက် တို့မှ အုပ်စိုးသူများနှင့် အဆင့်အတန်းတူသကဲ့သို့ ဖြစ်စေခဲ့သည်။ ချီ ပြည်ထောင်၏ လက်နက်ချခြင်းကို လက်ခံပြီးနောက် ၂၂၁ ဘီစီတွင် မင်းကြီး ကျန့်သည် ယခင် ကျိုး တိုင်းပြည်၏ နယ်မြေတို့ကို ပြန်လည်စုစည်းမိပြီးဖြစ်၏။ သူ၏ ဘွဲ့တော်ကို မင်းကြီးဟု ခေါ်တွင်ခြင်း မပြုဘဲ ဟွမ်တီ (ဧကရာဇ်)ဘွဲ့တော်ကို တီထွင်၍ မိမိကိုယ်ကို သမုတ်ခဲ့သည်။ မွေးဖွားခြင်း နှင့် မိဘများ အကြောင်း ချင်မင်းကြီး အဖြစ် အုပ်စိုးခြင်း ရင်ခွင်ပိုက်အုပ်ချုပ်ခြင်း လော်အိုင်းမှ ပုန်ကန်ရန် ကြိုးစားခြင်း ပထမအကြိမ် လုပ်ကြံခံရခြင်း ဒုတိယအကြိမ် လုပ်ကြံခံရခြင်း တရုတ်ပြည်ကို ပေါင်းစည်းခြင်း ချင်၏ ဧကရာဇ် အဖြစ် အုပ်စိုးခြင်း အုပ်ချုပ်စီမံရေးတွင် ပြုပြင်ပြောင်းလဲခြင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း အတွေးအခေါ် ဝါဒ ချင်ရှီဟွမ်သည် ဓာတ်ငါးပါးအတွေးအခေါ်ကျောင်း၏ မြေကြီး၊ သစ်သား၊ သတ္တု၊ မီး နှင့် ရေတို့ကို အခြေခံသည့် အတွေးအခေါ်ကိုလည်း လိုက်နာသည်။ () ကျောက်ကျန့်၏ ဓာတ်သည် ရေဓာတ် ဖြစ်၍ ထိုဓာတ်သည်ပင် အနက်ရောင် နှင့် ဆက်စပ်နေသည်။ ထိုစဉ်က အယူရှိသည်မှာ ယခင် ကျိုးအိမ်တော်သည် မီး၏ စွမ်းအားဖြင့် ဒွန်တွဲနေပြီး အနီရောင်သဘောရှိသည်။ ထို့ကြောင့် လာမည့် ချင်မင်းဆက်သည် စာရင်းအရ နောက်ထပ်ဓာတ် ဖြစ်သည့် ရေဓာတ်၊ အရောင်အားဖြင့်လည်း အနက်ရောင်ဖြစ်ရမည်။ အနက်ရောင်ကို ကျောက်မျက်ရတနာများ၊ အလံများ၊ တံခွန်ကုက္ကားများတွင် အသုံးပြုလာစေသည်။ အခြားအယူများမှာ မြောက်ဘက်သည် အရပ်လေးမျက်နှာ အဝင်ဖြစ်ခြင်း၊ ဆောင်းရာသီဖြစ်ခြင်း နှင့် နံပါတ် ၆ ကို ကိုယ်စားပြုခြင်း တို့ဖြစ်သည်။ တတိယအကြိမ် လုပ်ကြံခံရခြင်း လူသိများသည့် လုပ်ဆောင်မှုများ မဟာ တံတိုင်းကြီး လင်းချူ တူးမြောင်း မသေဆေးကို ရှာဖွေခြင်း ကွယ်လွန်ခြင်း နှင့် သေဆုံးခြင်း၏ နောက်ကွယ်မှ အဖြစ်အပျက်များ ဒုတိယ ဧကရာဇ်တင်မြှောက်ခြင်းတွင် အရှုပ်အထွေးများ ပေါ်ပေါက်ခြင်း မိသားစု ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း ပိုမိုလေ့လာလိုလျှင် ၂၆၀ ဘီစီ မွေးဖွားသူများ ၂၁၀ ဘီစီ သေဆုံးသူများ ပြည်ထောင်မင်းများ စစ်ရေး ခေါင်းဆောင်များ ချင်မင်းဆက် ဧကရာဇ်များ နိုင်ငံတကာ ဘုရင်များ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%9B%E1%80%BE%E1%80%AE%E1%80%9F%E1%80%BD%E1%80%99%E1%80%BA
ရိုက်ညီနောင်
ရိုက်ညီနောင်၊ အော်ဗီလ်ရိုက် နှင့် ဝီလ်ဘာရိုက် (Orville Wright & Wilbur Wright) တို့ကို လူသားတို့သမိုင်းတွင် ပထမဆုံး ကောင်းကင်၌ ပျံသန်းသူများ၊ လူသားတို့ယဉ်ကျေးမှုကို ပြောင်းလဲစေမည့် တစ်ခေတ်ဆန်းစေမည့် လေယာဉ်ပျံကို တီထွင်သူများအဖြစ် လူတို့က အမှတ်ရကျေးဇူးတင်ကြသည်။ လူပုဂ္ဂိုလ် နှစ်ဦးအကြောင်းဖြစ်သော်လည်း ခေါင်းစဉ်တစ်ခုတည်းသာဖွင့်ရခြင်းမှာ ၎င်းတို့နှစ်ဦးပေါင်းမှ တီထွင်ဖန်တီးမှုတစ်ခုတည်းဖြစ်၍ ဖြစ်သည်။ ဝီလ်ဘာရိုက်ကို ၁၈၆၇ အင်ဒီယားနားပြည်နယ်၊ မေဗေးတွင်ဖွားမြင်ပြီး ညီဖြစ်သူ အော်ဗီလ်ရိုက်ကို ၁၈၇၁ အိုဟိုင်းယိုးပြည်နယ်၊ ဒေတွန်တွင် ဖွားမြင်သည်။ နှစ်ဦးသားအထက်တန်းကျောင်းပြီးသည်အထိသာ ပညာသင်ဖူးပြီး တက္ကသိုလ်တက်ရောက်ခဲ့ခြင်းမရှိပေ။ ညီနောင်နှစ်ဦးတို့မှာ ငယ်စဉ်ကတည်းက စက်ပစ္စည်းကိရိယာများပေါ်တွင် စိတ်ဝင်စားခဲ့ပြီး သင်္ချာပညာတွင်လည်း ထူးချွန်ကြသည်။ ၁၈၉၂တွင် စက်ဘီးဆိုင်ဖွင့်ပြီး တပ်ဆင်ပြုပြင်ကြသည်။ ထိုမှရသည့် ဝင်ငွေဖြင့် မိမိတို့စိတ်ပါဝင်စားရာ မိုးပျံခြင်းနည်းပညာကို စူးစမ်းသုတေသနပြုကြသည်။ ၎င်းနှင့် စပ်ဆိုင်သည့် ပညာရပ်ဆိုင်ရာ စာတမ်းများကို တခုပ်တရပင် ရှာဖွေဖတ်ရှုကြသည်၊ လေ့လာကြသည်။ ၁၈၉၉တွင် ညီနောင်နှစ်ဦး စိတ်တူကိုယ်တူဖြင့် ထိုကြီးကျယ်သည့်၊လူ့သမိုင်းကို တစ်ဆစ်ချိုးပြောင်းလဲစေမည့် တီထွင်မှုအသစ်ကို စတင်အကောင်အထည် ဖော်ကြသည်။ ထိုအချိန်မှစကာ စွန်(လေတံခွန်)များကို အကြိမ်ကြိမ် စမ်းသပ်လွတ်တင်ကြည့်ကြသည်။ ရည်ရွယ်ချက်မှာ ဦးစွာလူလိုက်ပါပျံသန်းကြည့်ပြီးမှ စက်ကိရိယာတို့ကို လိုအပ်သလိုတပ်ဆင်မည်ဟုဖြစ်သည်။ နောက်တစ်ဆင့် တက်ကာလေဟုန်စီးတောင်ပံကြီးများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ဖန်တီးပြီး တောင်ကုန်းအမြှင့်မှ လျောချလေဟုန်စီးကြည့်သည်။ အတန်အတင့်အောင်မြင်သဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ကစ်တီဟောက်စ်တွင် လူကိုသယ်ဆောင် လေဟုန်စီးနိုင်သည့် လေဟုန်စီးတောင်ပံကြီး ပြုလုပ်သယ်ဆောင်ကာ စမ်းသပ်ပျံသန်းကြည့်ကြသည်။ ရလဒ်ကို မကျေနပ်သဖြင့် ၁၉၀၂ တွင်ပိုကောင်း၊ ပိုကြီးသည့် လေဟုန်စီးတောင်ပံကြီးနှစ်ခုကို ထပ်မံစမ်းသပ်ကြသည်။ နောက်ဆုံးတစ်ခုတွင် လူတို့လိုက်ပါနိုင်လောက်အောင် အရေးပါသည့် စက်ကိရိယာများကို တပ်ဆင်ပြီးစမ်းသပ်ကြခြင်းဖြစ်သည်။ ထိုတတိယ လေဟုန်စီးတောင်ပံဖြင့် အကြိမ် တစ်ထောင်ကျော် စမ်းသပ်ကြည့်ပြီးနောက် ကျေနပ်သဖြင့် ၁၉၀၃တွင် မှတ်ပုံတင်ရုံး၌ မူပိုင်အဖြစ်မှတ်ပုံတင်ပြုလုပ်ခဲ့ကြသည်။ ထိုစမ်းသပ်မှုအောင်မြင်ပြီးနောက် ပိုကောင်းသည့် စက်တပ်ယာဉ်ပျံကိုတည်ဆောက်ရန် ကြိုးပမ်းကြသည်။ ထိုနေရာတွင် အများနှင့်ကွဲလွဲချက်မှာ အများသူငါက ယာဉ်ကိုမြေမှကြွတက်ရန်ကိစ္စမှာ အဓိကပြဿနာဟုရှုမြင်ပြီး ရိုက်ညီနောင်က မြေမှကြွတက်ပြီးနောက် ကောင်းကင်ပေါ်တွင် လိုသလိုထိန်းသိမ်းရန်မှာ အဓိကပြဿနာဟု နားလည်ထားကြခြင်းဖြစ်သည်။ သို့ဖြင့် ဝင်ရိုးသုံးချောင်းတပ်စက်ကို တီထွင်ပြီး ထိန်းသိမ်းမောင်းနှင်ရန် အားထုတ်ပြီးအောင်မြင်မှုရခဲ့သည်။ တောင်ပံများနှင့် ပတ်သတ်၍လည်း လေတိုက်ရာလမ်းကြောင်း၊ လေဖိအားနှင့် လေတိုက်ခတ်ပုံများကိုလေ့လာပြီး ပုံစံပေါင်း နှစ်ရာကျော်ကို ထုတ်လုပ်စမ်းသပ်ခဲ့ကြသည်။ ထို့ပြင် လေယာဉ်ပျံဦးပိုင်းတွင် တပ်ဆင်အသုံးပြုမည့် ပန်ကာပုံစံ အပါအဝင် စက်ကိုမောင်းနှင်မည့် အင်ဂျင်နှင့်ပတ်သတ်၍လည်း စက်ကိရိယာကျွမ်းကျင်သူတစ်ဦးထံမှအကူအညီကိုရယူခဲ့ရသည်။ ထိုခေတ်အခါကအသုံးပြုနေသည့်အင်ဂျင်များမှာ အရွယ်ကြီးမားပြီးလေးလံလှသဖြင့် ၎င်းတို့ယာဉ်နှင့် လိုက်ဖက်ညီရန် အဆင့်ဆင့်ပြုပြင်ခဲ့ရသည်။ ထိုစဉ်က ရိုက်ညီနောင် တီထွင်ခဲ့သည့် ပန်ကာပုံစံမှာ ယနေ့ခေတ်တွင်အသုံးပြုနေသည့် ပန်ကာများ၏စွမ်းရည်ကို ၆၃% ထိလိုက်နိုင်သည် ဟုဆိုကြသည်။ ၁၉၀၃ခုနှစ်၊ ဒီဇင်ဘာ ၁၇တွင် ကစ်တီဟောက်စ်၌ ထိုစက်တပ်ယာဉ်(လေယာဉ်ပျံ)ကို တစ်ယောက် နှစ်ကြိမ်စီ ပျံသန်းပြခဲ့သည်။ ပထမဆုံးအကြိမ်တွင် အောဗီလ် ပျံသန်းရာ ပျံသန်းချိန်၁၂စက္ကန့်၊ပေ၁၂၀ ထိရောက်ပြီး နောက်ဆုံးအကြိမ်တွင် ဝီလ်ဗာပျံသန်းရာ အချိန် ၅၉ စက္ကန့်တွင် ပေ ၈၅၀ထိရောက်ရှိသဖြင့် အလွန်အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ကုန်ကျစရိတ် ဒေါ်လာ တစ်ထောင်နီးပါး၊ အလျား ပေ၄၀၊ အလေးချိန် ပေါင်၇၅၀ရှိ ထိုယာဉ်ကို ရိုက်ညီနောင်က ယာဉ်ပျံ(၁) ဟုအမည်ပေးသော်လည်း အများက ကစ်တီဟောက်စ်(Kitty Hawk) ဟုသာခေါ်ကြသည်။ ထိုယာဉ်ကို ယခု ဝါရှင်တန် ဒီစီရှိ အမျိုးသားလေကြောင်းနှင့်အာကာသပြတိုက် တွင်ပြသထားသည်။ ထိုသို့ကြီးကျယ်သည့် အောင်မြင်မှုကို မျက်မြင်သက်သေ ငါးယောက်ကသာ မြင်တွေ့ပြိး ဒေသခံသတင်းစာ အချို့ကသာ ပေါ့တီးပေါ့ဆ သဘောမျိုးဖြင့် ဖော်ပြခဲ့ပြီး နေထိုင်ရာ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်တွင်မူ ထိုကိစ္စကို မသိသလောက်ပင်ဖြစ်သည်။ (သို့သော် နောင် ၅နှစ်အကြာတွင် ကမ္ဘာတစ်ဝန်းမှ လူများကြားတွင် ထိုယာဉ်ပျံမှာ ပြောမပြီးသည့် အထူးအဆန်းဖြစ်လာခဲ့သည်။) ကစ်တီဟောက်စ်တွင် အောင်မြင်မှုရပြီးနောက် ဒေတန်သို့ ပြန်လာကြပြီး ယာဉ်ပျံ(၂) ကိုတည်ဆောက်သည်။ ၁၉၀၄ တွင် ထိုယာဉ်ကို ၁၀၅ကြိမ်တိုင်တိုင် ပျံသန်းခဲ့သည်။ မည်သူမှ အရေးတယူလုပ်ခြင်းမရှိကြပေ။ ၁၉၀၅ တွင်ပိုကြီးသည့် ယာဉ်ပျံ (၃) ကို တည်ဆောက်ပြီး ဒေတန်မှာပင် အကြိမ်ကြိမ် ပျံသန်းပြခဲ့သော်လည်း လူအများက သတိမပြုခဲ့ကြသေးပဲရှိနေခဲ့ရသည်။ ထိုမျှသာမက ၁၉၀၅တွင်ပြင်သစ်သတင်းစာတစ်စောင်ကပျံသန်းသူများလား၊လိမ်လည်သူများလား(Flyers or Liars) ဟူ၍ပင် နှိမ်ချရေးသားခဲ့သည်။ ၁၉၀၈တွင် ရိုက်ညီနောင်သည် ပြင်သစ်နိုင်ငံသို့ လေယာဉ်ပျံများဖြင့် သွားရောက်ပြီး ပျံသန်းပြသပြီး လူအများ၏သံသယစိတ်ကို အဆုံးသတ်စေခဲ့သည်။ ထိုသို့ပျံသန်းပြပြီးနောက် လေယာဉ်ပျံများကို ဈေးကွက်တင်ရောင်းနိုင်ရန် ကုမ္မဏီတစ်ခု တည်ထောင်လိုက်ကြသည်။ ထို့ပြင် ပျံသန်းမှုများကိုလည်း အများမြင်သာအောင် လိုက်လံပြသခဲ့ကြသည်။ ၁၉၀၈၊ စက်တင်ဘာ ၁၇တွင် အောဗီလ်ရိုက်ပျံသန်းရာ လေယာဉ်ပျံပျက်ကျသဖြင့် လူတစ်ဦးသေဆုံးပြီး အောဗီလ်လည်း ခြေတစ်ဖက်နှင့် နှံရိုးနှစ်ချောင်း ကျိုးသည်။ ထိုတစ်ကြိမ်မှာ သူတို့အတွက် ပထမဆုံးနှင့်နောက်ဆုံး မတော်တဆမှုဖြစ်ပြီး သူတို့အောင်မြင်မှုများကြောင့် အမေရိကန်အစိုးရက စစ်တပ်တွင် အသုံးပြုရန် လေယာဉ်များတင်သွင်းခွင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုသည်။ ၁၉၀၉ တွင် ပြည်ထောင်စုဘက်ဂျက်လျာထားချက်မှ ဒေါ်လာ ၃၀၀၀၀ ကိုရသည်။ ထိုအောင်မြင်မှုများနှင့်အတူ မူပိုင်ခွင့်အတွက် အခြားသူများနှင့် အပြန်အလှန်တရားစွဲဆိုပြီး ရုံးတက်ဖြေရှင်းခဲ့ရသေးသည်။ ၁၉၁၄တွင်မှ အမှုပြီးပြတ်ကာ အနိုင်ရရှိခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်တို့ကို ညီဖြစ်သူ ဝီလ်ဗာရိုက် မြင်တွေ့မသွားနိုင်ရှာပေ။ အကြောင်းမှာ ထိုအမှုမပြီးပြတ်မှီ ၁၉၁၂ခုနှစ်တွင် အသက် ၄၅နှစ်အရွယ် ဝီလ်ဗာ တစ်ယောက် အူယောင်ငန်းဖျား(တိုက်ဖွိုက်)ဖြင့် ကွယ်လွန်သွားခဲ့သည်။ အောလ်ဗီလည်း စိတ်ထိခိုက်ဟန်ရှိသည်။ ထို့ကြောင့် ၁၉၁၅တွင် လေယာဉ်ကုမ္မဏီ နှင့် သက်ဆိုင်ရာငွေကြေးခံစားခွင့် အားလုံးကိုရောင်းချပြီး ၁၉၄၈ထိ တစ်ကိုယ်တည်း နေထိုင်သွားခဲ့သည်။ ထူးခြားချက်မှာ နှစ်ဦးလုံး အိမ်ထောင်မပြုခဲ့ခြင်းဖြစ်သည်။ အကျဉ်းချုပ်အနေဖြင့် ပြောရလျှင် တစ်ထောင့်တစ်ညအာရေဘီးယားပုံပြင်များတွင် ကောဇောပျံဖြင့် လူတို့၏မိုးပေါ်ပျံသန်း လိုသည့် စိတ်ကူးယဉ်ကို ရိုက်ညီနောင်က လက်တွေ့အကောင်အထည်ဖော်ပေးခဲ့သည်ဟုဆိုနိုင်သည်။ ဝီလဗာရိုက်(ခရစ် ၁၈၆၇-၁၉၁၂)နှင့် အောက်ဗီးရိုက် (ခရစ် ၁၈၇၁-၁၉၄၈) ဆိုသူ အမေရိကန်လူမျိုး ညီနောင် နှစ်ယောက်တို့သည် အင်ဂျင်စက်ပါသော လေယာဉ်ပျံဖြင့် ကောင်းကင်ယံ၌ ပထမဦးဆုံး ပျံသန်းခဲ့ကြ၏။ ၁၉ဝ၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုညီနောင်နှစ်ဦးတို့သည် မြောက်ကယ်ရိုလီးနားပြည်နယ်၊ ကစ်တီဟော့အရပ်၌ အင်ဂျင် စက်တပ်သည့် အတောင်နှစ်ထပ် လေယာဉ်ပျံကို လေထဲ၌ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြလေသည်။ အော်ဗီးရိုက်က ဦးစွာ လေယာဉ်ပျံကို စမ်းသပ်မောင်းနှင်ကြည့်ရာ၌ လေထဲတွင် ၁၂ စက္ကန့်မျှ နေနိုင်ပြီးလျှင် ပေ ၁၂ဝ အထိ ပျံသန်းနိုင်ခဲ့၏။ ထိုနောက် ဝီလဗာရိုက် အလှည့်တွင် ၅၉ စက္ကန့်မျှနေနိုင်ခဲ့၍ ၈၅၂ ပေအထိ ပျံသန်းနိုင်ခဲ့လေသည်။ ရိုက်ညီအစ်ကို နှစ်ဦးတို့သည် ၁၈၉၃ ခုနှစ်တွင် ကျောင်း မှ ထွက်၍ ရိုက်စက်ဘီးကုမ္ပဏီ''တည်ထောင်ကြသည်။ သူတို့ သည် ဂလိုက်ဒါ လေယာဉ်အကြောင်းကို ဖတ်ရသဖြင့် လေထဲ၌ ပျံသန်းခြင်းကို စိတ်ဝင်စားလာ၏။ ငှက်များပျံပုံကိုလည်းကောင်း၊ သေတ္တာပုံစွန် လေထဲ၌ ပျံသန်းပုံကိုလည်းကောင်း ကြည့်ရှုလေ့လာပြီးလျှင် အတောင်နှစ်ဖက်နှင့် ပဲ့အထိန်းပါသော ဂလိုက်ဒါ လေယာဉ် များကို ဆောက်လုပ်၍ စမ်းသပ်ကြည့်ကြသည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉ဝ၂ ခုနှစ်အထိ ရိုက်ညီနောင် နှစ်ဦး တို့သည် လူစီးနင်းလိုက်ပါနိုင်သော ဂလိုက်ဒါ လေယာဉ်များကို ကစ်တီဟော့အရပ်၌ စမ်းသပ်ပျံသန်းကြည့်ရာ လူ့ကိုယ်အလေး ကို လေထဲ၌ သယ်ဆောင်နိုင်လောက်အောင် အားမရှိကြောင်း တွေ့ရလေသည်။ ထိုကြောင့် အလျားခြောက်ပေရှိသော လေပြွန် တစ်ခုကို ပြုလုပ်ပြီးလျှင် အတောင်ပုံစံအမျိုးမျိုးဖြင့် လေ၏ ဖိအားအကြောင်းကို လေ့လာကြသည်။ ထိုစမ်းသပ်ချက်များမှ လေထဲတွင် ပျံနိုင်သော အတောင်ပုံစံမျိုးကို တီထွင်နိုင်ကြ၏။ ၁၉ဝ၂ ခုနှစ်တွင် လေယာဉ်ပျံကို ဆောက်လုပ်ခဲ့လေသည်။ ထိုနှစ်အတွင်း၌ပင် အင်ဂျင်စက်တပ်သည့် လေယာဉ်ပျံကို စတင်ဆောက်လုပ်ခဲ့ရာ ၁၉ဝ၃ ခုနှစ်တွင် ပြီးစီးသည်။ ယင်း လေယာဉ်ပျံတွင် အတောင်ပံအလျားပေ ၄ဝ ရှိ၍ အနံ ခြောက် ပေ ရှိ၏။ လေယာဉ်မောင်းသူအပါအဝင် အလေးချိန် ၇၅ဝ ပေါင်ရှိသည်။ ထိုသို့အားဖြင့် ရိုက်ညီနောင်တို့သည် ၁၉ဝ၃ ခုနှစ်မှ ၁၉ဝ၈ ခုနှစ်အထိ လေယာဉ်ပျံပုံစံအမျိုးမျိုးကို စမ်းသပ်တီထွင် ခဲ့ရာ ၁၉ဝ၅ ခုနှစ်တွင် ၃၈ မိနစ်၊ သုံးစက္ကန့်အတွင်း ၂၄ မိုင် အထိ ပျံသန်းနိုင်သော လေယာဉ်ပျံကို အောင်မြင်စွာ ဆောက် လုပ်နိုင်ခဲ့ကြလေသည်။ သို့ရာတွင် အမေရိကန်အစိုးရသည် ရိုက်ညီနောင်တို့၏ တီထွင်မှု၌ စိတ်မဝင်စားချေ။ ထိုကြောင့် ၁၉ဝ၈ ခုနှစ်တွင် ဝီလဗာရိုက်သည် ဥရောပတိုက်သို့ သွား၍ မိမိတို့ တည်ဆောက်သော လေယာဉ်ပျံကို လက်တွေ့ပျံသန်းပြ လေသည်။ ၁၉ဝ၉ ခုနှစ်တွင် ရိုက်ကုမ္ပဏီကို တည်ထောင်၍ လေယာဉ်ပျံများ ဆောက်လုပ်ရောင်းချသည်။ အမေရိကန် စစ် ဘက်ဌာနက လေယာဉ်ပျံတစ်စင်းကို ဝယ်ယူ၏။ ထိုနောက် အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အီတလီနိုင်ငံ တို့ကလည်း ရိုက်ကုမ္ပဏီမှ လေယာဉ်ပျံများကို ဝယ်ယူကြ သည်။ ၁၉၁၂ ခုနှစ်တွင် ဝီလဗာရိုက် ကွယ်လွန်သဖြင့် အော်ဗီး ရိုက် တစ်ဦးတည်းက လုပ်ငန်းကို ဆက်လက်ဦးစီးခဲ့လေသည်။ ထိုနောက် ၁၉၁၅ ခုနှစ်တွင် ရိုက်ကုမ္ပဏီသို့ မိမိ၏အကျိုး အမြတ် ခံစားခွင့်ကို ရောင်းချပြီးလျှင် ကိုယ်ပိုင် သုတေသန လုပ်ငန်းကို လုပ်ကိုင်သည်။ အော်ဗီးရိုက်သည် ၁၉၄၈ ခုနှစ် တွင် ကွယ်လွန်လေသည်။ ရိုက်ညီနောင်တို့၏ တီထွင်မှုကြောင့် မျက်မှောက်ခေတ် တွင် လေကြောင်းခရီးဖြင့် သွားလာခြင်းမှာ များစွာတိုးတက် လျက် ရှိပေသည်။ ကိုးကား လေယာဉ်ပျံ အမေရိကန် သိပ္ပံပညာရှင်များ အမေရိကန် လေကြောင်းနှင့်အာကာသဆိုင်ရာ အင်ဂျင်နီယာများ အမေရိကန် တီထွင်သူများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%8A%E1%80%AE%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
အရစ္စတိုတယ်
ဂရိလူမျိုး အဲရစ်(စ်)တော့တယ်(လ်) (ဝါ) အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။ အဲရစ်(စ်)တော့တယ်(လ်)ကို ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေးတိုး(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ တွေးခေါ်မှန်းဆခြင်း(Philosophical Speculation)ကို အထုံရခဲ့သည်။ ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အဲရစ်(စ်)တော့တယ်(လ်)၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။ ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အဲရစ်(စ်)တော့တယ်(လ်)မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။ ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric)၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။ ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။ အဲရစ်(စ်)တော့တယ်(လ်)၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊ ဒဿန၊ စာပေ အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးကြသည်။ အဲရစ်(စ်)တော့တယ်(လ်) (ဘီစီ ၃၈၄-၃၂၂) အဲရစ်(စ်)တော့တယ်(လ်)သည် မိမိတို့ခေတ်ကထွန်းကားလျက်ရှိသော ပညာအရပ်ရပ်တို့မှ အမှန်သဘောတရားကိုရရှိအောင် စူးစမ်းရှာဖွေခဲ့သော ဂရိဒဿန ဗေဒပညာရှင် ဖြစ်သည်။ ဒဿနိကဗေဒပညာအရာ၌ ကဝိ တစ်ဆူဖြစ်သော ပလေးတိုး၏ တပည့်လည်းဖြစ်သည်။ အလက်ဇန္ဒားသည်ဂရိတ်ဘုရင်၏ဆရာလည်း ဖြစ်သည်။ သူသည် ယုတ္တိဗေဒ၊ စကားပြောအတတ်၊ ကဗျာဖွဲ့နည်းစံနစ်၊ တိရစ္ဆာန်လောက အနုမာန ယထာဘူတ၊ ရူပဗေဒ၊ စိတ်ပညာ၊ လူ့ကျင့်ဝတ်ပညာ၊ နိုင်ငံရေး၊ အေသင်မြို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စသောပညာရပ်များဆိုင်ရာ စာပေတို့ကို ပြုစုရေးသားခဲ့ရာ၊ ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ် ဟူသော ပညာရပ်နှစ်ဖက်စလုံးတွင် နှံ့စပ်သောကြောင့် စွယ်စုံပညာရှင်ဟု ခေါ်ဆိုထိုက်ပေသည်။ အဲရစ်(စ်)တော့တယ်(လ်)သည် ပညာအသစ်အဆန်းကို တီထွင် ခဲ့သူမဟုတ်ချေ။ ဉာဏ်အလွန်ထက်မြက်သူ ဖြစ်သောကြောင့် လက်လှမ်းမီရာ ပညာရပ်တို့ကို နက်နဲစွာတွေးတောဆင်ခြင်၍ အချက်အလက်တို့ကို စေ့စပ်သေချာစွာစုံစမ်းပြီးလျှင် တွေ့ရှိချက် တို့ကို စံနစ်တကျစီစဉ်စုဆောင်းခဲ့သူ ဖြစ်ပေသည်။ စင်စစ်အား ဖြင့် သူသည် ပညာကိုလေ့လာရှာဖွေသူသာလျှင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အယ်ရစ္စတိုတယ်သည် ယခုခေတ် သိပ္ပံပညာရပ်နှင့် ဒဿနိကဗေဒပညာရပ်များအတွက် အခြေခံကို ချပေးခဲ့သူ ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ အဲရစ်(စ်)တော့တယ်(လ်)သည် အီဂျီးယန်းပင်လယ် အနောက် မြောက်ကမ်းခြေရှိ စတက်ဂီရာမြို့တွင် ဘီစီ ၃၈၄ ခုနှစ်၌ ဖွားမြင်၍၊ ဖခင် နီကိုးမက်ကပ်သည် မက်ဆီဒိုးနီးယားပြည့်ရှင် ဒုတိယအမင်းတပ်ထံ၌ ဘုရင်၏သမားတော်အဖြစ် အမှုထမ်းရ သည်။ ငယ်စဉ်ကပင် ဖခင်ထံ၌ ဆေးပညာကို လေ့လာဆည်းပူး ခဲ့သည်။ သို့ရာတွင် သူသည် ဒဿနိကဗေဒပညာနှင့် အနုပညာ ထွန်းကားရာဖြစ်သော အေသင်မြို့တွင် နာမည်ကျော်ဆရာကြီး ပလေတိုထံ၌ ပညာဆည်းပူးလိုသောဆန္ဒ ပြင်းပြခဲ့သည်။ ဖခင်ကွယ်လွန်သောအခါ အသက် ၁၇ နှစ် အရွယ်ရှိသော အရစ္စတိုတယ်သည် မိမိ၏ ရည်မှန်းချက်အတိုင်း အေသင်မြို့ သို့ ထွက်ခွာခဲ့လေသည်။ အေသင်မြို့သို့ရောက်သော် ပလေတိုသည် တိုင်းတစ်ပါးတွင် ခရီးလွန်နေခိုက် ဖြစ်သောကြောင့် ဆရာကြီးကို သုံးနှစ်မျှစောင့်ဆိုင်း နေခဲ့ရသည်။ ထို့နောက် ပလေတိုထံတွင် နှစ်ပေါင်း ၂ဝ မျှ ဒဿနိကဗေဒပညာကို လေ့လာဆည်းပူးခဲ့သည်။ ပလေတိုကလည်း တပည့်သစ်၏ ထက်မြက်သော ဉာဏ်စွမ်း ဉာဏ်စကို သိမြင်လာလေသည်။ ဘီစီ ၃၄၇ ခုနှစ် တွင် ပလေတိုကွယ်လွန်သည်။ ဘီစီ ၃၄၂ ခုနှစ်တွင် ဖိလစ်ဘုရင်က ၁၃ နှစ်အရွယ်ရှိ သားတော်အလက်ဇန္ဒားကို ပညာသင်ကြားပေးရန် ခေါ်သဖြင့် အဲရစ်(စ်)တော့တယ်(လ်)သည် အေသင်မြို့မှ မက်ဆီဒိုးနီးယားပြည်သို့ ပြန်ခဲ့သည်။ ထိုပြည်တွင် ၁၂ နှစ်ကြာနေထိုင်ခဲ့စဉ်၊ နောင်အခါ ၌ အယ်လက်ဇန္ဒားသည်ဂရိတ် အမည်ကိုခံယူမည့် မင်းသား၏ ဆရာအဖြစ်လည်းကောင်း၊ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ မိတ်ဆွေအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရသည်။ အေသင်မြို့ တွင် စကားပြောကောင်းသူ ဒီမော့စသီးနီးက မက်ဆီဒုန်နိုင်ငံ သည် အင်အားကြီးမားလာ၍ တစ်နေ့နေ့၌ အေသင်နိုင်ငံကိုပင် သိမ်းသွင်းမည့်အရေးကို အကြိမ်ကြိမ် သတိပေးလျက်ရှိသည်။ ထိုအချိန်တွင် အဲရစ်(စ်)တော့တယ်(လ်)ကလည်း အလက်ဇန္ဒာအား ယဉ်ကျေးမှုအနုပညာ၏တန်ဘိုးကိုသွန်သင် ပေးလျက်ရှိသည်။ ထို့ကြောင့်အေသင်မြို့သည် မက်ဆီဒုန်၏ စိုးမိုးမှုအောက်သို့ ကျရောက်ခဲ့သော်လည်း အေသင်ယဉ်ကျေးမှု အနုပညာတို့သည် ကား မကွယ်မပျောက်ခဲ့ချေ။ အလက်ဇန္ဒားဘုရင်သည် အာရှတိုက်ဘက်သို့ စစ်ချီ ထွက်သောအခါ အဲရစ်(စ်)တော့တယ်(လ်)သည်လည်း အေသင်မြို့သို့ပြန် ပြီးလျှင် ကျောင်းတစ်ကျောင်းကို တည်ထောင်လေသည်။ ထိုကျောင်းကို လိုင်စီယမ်ဟုခေါ်သည်။ အရစ္စတိုတယ်သည် ကျောင်းအနီးရှိတောအုပ်တောတန်းအကြားတွင် လမ်းလျှောက် ရင်း တပည့်တို့အား ပညာရပ်များကို သင်ကြားပို့ချလေ့ရှိသည်။ နောင်အခါ၌ ထိုကဲ့သို့လမ်းလျှောက်သင် ကြားခြင်းကို အစွဲပြု၍ အရစ္စတိုတယ် သင်ကြားပို့ချသော ဒဿနိကဗေဒပညာကို ပယ်ရီပတက်တစ် ဒဿနိကဗေဒဟု ခေါ်စမှတ်ပြုကြသည်။ အလက်ဇန္ဒားဘုရင် ကွယ်လွန်သောအခါ အေသင် မြို့သားတို့သည် မက်ဆီဒုန်၏ စိုးမိုးမှုကို ပုန်ကန်ကြ၏။ မက်ဆီဒုန်ထီးနန်းနှင့် အဆက်အသွယ်ရှိခဲ့ဘူးသော အရစ္စတိုတယ်ကိုလည်း ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်သည်ဟု စွပ်စွဲကြ၏။ ထို့ကြောင့် ဘီစီ ၃၂၃ ခုနှစ်တွင် သူသည် ယူဗီးယားကျွန်းရှိ ကားလစစ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရ သည်။ နောက်တစ်နှစ်တွင် ထိုမြို့၌ အနိစ္စရောက်လေသည်။ အဲရစ်(စ်)တော့တယ်(လ်)သည် ဒဿနိကဗေဒဆိုင်ရာ အယူ အဆနှင့် သဘောတရားများကို ပလေးတိုးထက် ပို၍စံနစ်တကျ စူးစမ်းဝေဖန်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ယုတ္တိဗေဒဘာသာရပ် ၌အကျုံးဝင်သော နယ်ဆင်ခြင်ခြင်းကို ပထမဦးဆုံး အသေးစိတ် လေ့လာတင်ပြခဲ့သူ ဖြစ်ပေသည်။ ရည်ညွှန်းကိုးကား အတွေးအခေါ်ပညာရှင်များ ဇီဝဗေဒ ပညာရှင်များ ဂရိ ဒဿနပညာရှင်များ စကြဝဠာဗေဒ ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%85%E1%80%B9%E1%80%85%E1%80%90%E1%80%AD%E1%80%AF%E1%80%90%E1%80%9A%E1%80%BA
အိုလီဗာ ကရွမ်းဝဲလ်
အိုလီဗာ ကရွမ်းဝဲလ် (Oliver Cromwell)(၁၅၉၉-၁၆၅၈)သည် အင်္ဂလန်နိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ စနစ် စတင်ကျင့်သုံးနိုင်ရန် ဦးဆောင်ခဲ့သူဖြစ်သည်။ ဘုရင့်ဂိုဏ်းသားများ နှင့် ပါလီမန်ဘက်တော်သားများ နှစ်ဖက် တိုက်ခိုက်ကြသည့် စစ်ပွဲများတွင် ပါလီမန်ဘက် စစ်တပ်မှ ခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့သည်။ ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို တည်ထောင်သူ၊စစ်အာဏာရှင် အစရှိသဖြင့်လည်း ကျော်ကြားပါသည်။ အိုလီဗာ ကရွမ်းဝဲလ် ကို အင်္ဂလန်၊ဟန်တင်ဒန် တွင်မွေးဖွားသည်။ သူမွေးဖွားစဉ်ကာလက အင်္ဂလန်၏အခြေအနေမှာ တည်ငြိမ်လှသည်တော့မဟုတ်ပေ။ အယူဘာသာအားဖြင့်လည်း အမျိုးမျိုးကွဲပြားနေပြီး ဘုရင်ဖြစ်သူကလည်း သက်ဦးဆံပိုင်စနစ်ဖြင့်သာ အုပ်ချုပ်နေချိန်လည်းဖြစ်သည်။ ငယ်ဘဝ ကရွမ်းဝဲလ်၏ မိဖဘိုးဘေးတို့မှာ အင်္ဂလန်ဘုရင်များ မြှောက်စားချီးမြှင့်ခြင်းခံရသော မြေပိုင်ရှင်များ ဖြစ်ကြသည်။ ကရွမ်းဝဲသည် ဟန်တင်ဒန်တွင် မွေးဖွား၍ တောနယ်တွင်အနေများသည်။ ရပ်ရွာသဒ္ဒါကျောင်းတွင် ပညာသင်ကားခဲ့၍ ကိန်းဘရစ်တက္ကသိုလ်တွင် ၂ နှစ်မျှသာ ပညာ ဆက်လက်သင်ကြား ၏ခဲ့လေသည်။ ထိုနောက်ဖခင်ဖြစ်သူ ကွယ်လွန်သဖြင့် ကျောင်းမှထွက်၍ မိဖ၏ လက်ငုတ်ဖြစ်သော လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့လေသည်။ ၁၆၂၀ ပြည့်နှစ်တွင် ပစ္စည်း အတော်အတန် ကြွယ်ဝသောအယ်လစ်ဇဘတ် ဗူချီယာ အမည်ရှိ အမျိုးသမီး တစ်ဦးနှင့်လက်ထပ်၏။ ၁၆၂၈ ခုနှစ်တွင် ဟန်တင်ဒန်နယ်မှ ပါလီမန်အမတ်အဖြစ် အရွေး ခံရသည်။ ထိုစဉ်က ကရွမ်းဝဲအားနောင်တစ်နေ့တွင် ခေါင်းဆောင်ကောင်းကြီး တစ်ဦးဖြစ်လာမည့် အခြေအနေမျိုးကို မတွေ့ရချေ။ ဖျတ်လတ်၍ စိတ်ပိုင်းဖြတ်သည့်အတိုင်း မဖြစ်မနေလုပ်တတ်သော အကျည်းတန်သည့် လူတစ်ယောက် အနေဖြင့်သာ ဂရုပြုမိကြသည်။ ထိုထက်ပို၍ လူသိများသည်မှာ အယူဝါဒ၌ အလွန်ကြည်ညိုလေးစားသော ပျူရီတန် တစ်ဦးဖြစ်သည့် အကြောင်းပေတည်း။ သူသည် အယူဝါဒအတွက်ဆိုလျှင် ပျူရီတန်တို့ဘက်မှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်းကို ပါလီမန် အစည်းအဝေးများတွင် မကြာခဏ ထုတ်ဖော် ပြောဆိုခဲ့သည်။ အယူဝါဒလွတ်လပ်မှုကို လွန်စွာ လိုလားသူဖြစ်၍ အင်္ဂလန်ပြည်တွင် မနေတော့ဘဲ အမေရိကတိုက်ရှိ ပျူရီတန်တို့၏ နယ်သစ်သို့ သွားရောက် နေထိုင်ရန်ပင် ကြံရွယ်ခဲ့ဘူးလေသည်။ လွှတ်တော်အမတ်ဘဝ နယ်ပိုင်းမှ ဂုဏ်သရေရှိ လယ်သမားကြီးဖြစ်သူ ကရွမ်းဝဲလ်သည် ခရစ်ယာန်ဘာသာဝင်များထဲမှ နည်းမှန်လမ်းမှန် ကိုးကွယ်သူ၊ ထိုသို့ကိုးကွယ်ရန် လူအများကို စည်းရုံးသူဖြစ်သည်။ ၁၆၂၈ တွင်ပါလီမန်(လွှတ်တော်)သို့ ရွေးကောက် တင်မြှောက်ခံရသည်။ ဘုရင်က သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသာ အသက်သွင်းလိုသည်ကြောင့် ခဏအတွင်းပင် ပါလီမန်ကို ဖျက်သိမ်းလိုက်သောကြောင့် ၎င်း၏ လွှတ်တော်အမတ်ဘဝမှာ ကြာကြာမခံပေ။ သို့သော် ၁၆၄၀ တွင် အင်္ဂလန်ဘုရင်က စကော့တလန်နှင့် စစ်တိုက်လိုသဖြင့် ပါလီမန်ကို အသစ်တဖန် ပြန်လည်ခေါ်ယူသည်။ ထိုပါလီမန်သစ်တွင် ကရွမ်းဝဲလ် ပြန်လည်ရွေးကောက်ခံရသဖြင့် အမတ်အဖြစ် ပြန်လာရသည်။ ပြည်သူတို့ဖက်မှ ရပ်တည်သည့် ပါလီမန်အနေဖြင့် ဘုရင်အား စိတ်ထင်တိုင်း အုပ်ချုပ် ခြယ်လှယ်ခွင့်ကို မပေးနိုင်ကြောင်း ထင်ရှားစွာပြသလာသကဲ့သို့ ဘုရင့်အနေဖြင့်လည်း မိမိအာဏာကို ပါလီမန်သို့ ခွဲမပေးလိုသဖြင့် ၁၆၄၂တွင် ဘုရင့်ဂိုဏ်းသားများနှင့် ပါလီမန်ဂိုဏ်းသားများ နှစ်ဖက်စတင်တိုက်တိုက်ခိုက်ကြသည်။ စစ်ဗိုလ်ချုပ်ဘဝ သို့နှင့် ကရွမ်းဝဲလ် တစ်ယောက် ဇာတိသို့ပြန်ပြီး မြင်းတပ်ဖွဲ့ကာ ဘုရင့်ဂိုဏ်းသားများနှင့် တိုက်ခိုက်မှုများတွင် တက်တက်ကြွကြွ ပါဝင်တော့သည်။ ပြည်တွင်းစစ်လေးနှစ်အတွင်း ကရွမ်းဝဲလ်၏ အစွမ်းကြောင့် ပါလီမန်ဂိုဏ်းသားများဖက်မှ အရေးသာရသည်။ ပါလီမန်ဖက်မှ အရေးသာကြောင်းထင်ရှားသည့် တိုက်ပွဲဖြစ်သော မာစတုန်းမိုးလ် တိုက်ပွဲ(၂၊ ဇူလိုင်၊ ၁၆၄၄) နှင့် ပါလီမန်ဖက်မှ အပြတ်အသတ် အနိုင်ရပြီဟု သတ်မှတ်နိုင်သည့် နေ့စ်ဘီတိုက်ပွဲ(၁၄၊ ဇွန်၊ ၁၆၄၅)များတွင် ကရွမ်းဝဲလ် ကောင်းစွာအစွမ်းပြပြီး အောင်နိုင်သည်။ ၁၆၄၆တွင် ဘုရင် ချားလ်(၁)အားဖမ်းမိသောကြောင့် စစ်ပြီး သောအခါ ကရွမ်းဝဲလ် အား ပါလီမန်စစ်တပ်၏ အတော်ဆုံးသော ဗိုလ်ချုပ်များအထဲမှ တစ်ဦးအဖြစ် အများကလက်ခံအသိအမှတ်ပြုကြသည်။ ပါလီမန်စနစ်တွင် သဘောထားတင်းမာသူအဖြစ်လည်း ထင်ရှားလာသည်။ သို့သော် ထိုအချိန်တွင် ပါလီမန်အတွင်းမှ ဆန္ဒချင်းမတူသူများ ရှိနေသဖြင့် အုပ်စုနှစ်ခုအဖြစ်သိသာစွာ ကွဲလေသည်။ ထိုသို့သော် အကွဲအပြဲကြောင့် ဘုရင်အား ကောင်းစွာ တရားရုံးတင် စစ်ဆေးနိုင်ခြင်း မရှိရာမှ ဘုရင်ချားလ်(၁) အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားရသဖြင့် ဒုတိယအကြိမ် ပြည်တွင်းစစ်ထပ်မံ ဖြစ်ပွားရသည်။ ကရွမ်းဝဲလ် ဦးဆောင်သည့် တပ်များက ဘုရင့်ဘက်တော်သားများ တဖန်ပြန်လည် စည်းရုံးလှုပ်ရှားလာသည်ကိုကောင်းစွာ နှိမ်နှင်းနိုင်သကဲ့သို့ သဘောထား ပျော့ပြောင်းသည့် ပါလီမန်ဂိုဏ်းသားများကိုပါ ရှင်းလင်းဖယ်ရှားခဲ့သည်။ ထိုနောက် ၁၆၄၉ တွင် ဘုရင် ချားလ်(၁) အားကွပ်မျက်လိုက်ပြီးနောက် ပြည်တွင်းစစ်ပြီးဆုံးသွားသည်။ ပါလီမန်မှာလည်း အင်အားအခိုင်အမာဖြင့် အာဏာကို ရယူထားနိုင်ပြီဖြစ်သည်။ အင်္ဂလန်မှာလည်း ဓနသဟာယနိုင်ငံဖြစ်လာပြီး နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီတွင် ကရွမ်းဝဲလ် ဥက္ကဋ္ဌဖြစ်လာသည်။ သို့သော် စကော့တလန် နှင့် အိုင်ယာလန် တို့တွင် ဘုရင့်ဂိုဏ်းသားများ အင်အားစုစည်းပြီး ချားလ်(၁)၏သားကို ချားလ်(၂)အဖြစ်နန်းတင်ပြီး ပုန်ကန်ရန် ပြင်ဆင်ကြောင်းသိသဖြင့် စကော့တလန် နှင့် အိုင်ယာလန် တို့ကိုတိုက်ခိုက်သည်။ ဘုရင့်ဂိုဏ်းသားများအား ခြေမှုန်းပြီး ၁၆၅၂ တွင် စစ်ပွဲပြီးဆုံးသည်။ နိုင်ငံအုပ်ချုပ်သူဘဝ တိုက်ပွဲများပြီးပြီဖြစ်သဖြင့် အစိုးရအသစ်ဖွဲ့ရန် ကြိုးပမ်းကြရာ ဖွဲ့စည်းပုံ တစ်ရပ် ရေးဆွဲကြသည်။ သို့သော် ထင်သလောက် မလွယ်ကူပေ။ အကြောင်းမှာ ခရစ်ယာန်ဘာသာဝင်များအချင်းချင်း (ပရိုတက်စတင့် အချင်းချင်း၊ ပရိုတက်စတင့် နှင့် ကတ်သလစ်) အငြင်းပွားမှုများက အဓိကပြဿနာဖြစ်နေသောကြောင့်ဖြစ်သည်။ ကရွမ်းဝဲလ် အာဏာရချိန်တွင် သူနှင့်အတူ ၁၆၄၀ကပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရသူမှာအနည်းငယ်သာကျန်တော့သည်။ ထိုလက်ကျန် အစုကို ရန့် ဟုခေါ်ကြသည်။ ပါလီမန်အသစ် ခေါ်ယူရန်ကြိုးပမ်းသော်လည်း မအောင်မမြင်ဖြစ်ပြီးနောက် ထိုရန့်အဖွဲ့ ကို ကရွမ်းဝဲလ် က (၂၀၊ ဧပြီ၊ ၁၆၅၃)တွင်အာဏာဖြင့် ဖျက်သိမ်းပစ်လိုက်သည်။ ထိုနောက် ပါလီမန် သုံးကြိမ်ခေါ်ယူပြီး ဥပဒေများကို နှစ်ကြိမ်တိုင်တိုင် ပြဋ္ဌာန်းသော်လည်း ခိုင်ခံမှုမရှိသဖြင့် မအောင်မြင်ပေ။ အမှန်တွင် ကရွမ်းဝဲလ် အနေဖြင့် စစ်တပ်ကိုပါ အုပ်ချုပ်နေရသောကြောင့် စစ်အာဏာရှင် ဟုဆိုနိုင်သည်။ သို့သော် ကရွမ်းဝဲလ် သည် ဒီမိုကရေစီ ကျင့်ထုံးများကို အမြောက်အမြားပင် သုံးစွဲခဲ့သည်ကိုတွေ့ရသည်။ နောက်လိုက်များက ထင်ရှားအောင် မပံ့ပိုးပေးနိုင်သောကြောင့်သာ အောင်မြင်သင့် သလောက်မအောင်မြင်ဟု ဆိုနိုင်သည်။ ၁၆၅၃ မှ ၁၆၅၈ ကွယ်လွန်ချိန်အထိ တိုင်းပြည်ကိုအုပ်ချုပ်နေချိန်များတွင် ရာထူးအခေါ်အဝေါ်ဖြင့် ကာကွယ်ရေးမင်းကြီး (ဝန်ကြီး)ဟုသာခေါ်တွင်စေသည်။ အင်္ဂလန်အပြင် စကော့တလန်၊ အိုင်ယာလန် တို့ကိုပါ အုပ်ချုပ်နေရသေးသည်။ နောက်လိုက်များက ရှင်ဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ရန် အကြံပြုသော်လည်း လက်မခံခဲ့ပေ။ ယေဘုယျအားဖြင့် သူအုပ်ချုပ်ချိန်များအတွင်း တိုင်းပြည်ကောင်းကျိုးကို ကြိုးစားထမ်းရွက်သည်။ ပြင်းထန်တင်းကျပ်သည့် ဥပဒေများကို သင့်တင့်အောင် ပြုပြင်ပေးသည်။ စည်းစနစ်ကျနသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ပေးသည်။ ပညာရေးကိုလည်း အားပေးသည်။ ဘာသာရေးနှင့်ပတ်သတ်လျှင် သည်းခံခြင်းတရားကို လက်ကိုင်ထားစေသည်။ အယူဝါဒချင်းမတူသည့်အတွက် အက်ဒ်ဝပ်ဘုရင်လက်ထက် လွန်ခဲ့သည့် နှစ်၃၀၀ကျော်က အင်္ဂလန်မှ နှင်ထုပ်ခံခဲ့ရသည့် ဂျူးလူမျိုး များပြန်လည် လာရောက်အခြေချသည်ကို ခွင့်ပြုပြီး ၎င်းတို့၏ ဘာသာတရားကိုလည်း ကိုးကွယ်ခွင့်ပြုသည်။ နိုင်ငံခြားရေးတွင်လည်း အထူးအောင်မြင်သည်ဟု ဆိုသည်။၁၆၅၈၊ လန်ဒန်တွင် ငှက်ဖျားရောဂါဖြင့် ကရွမ်းဝဲလ် ကွယ်လွန်သည်။ နောက်ဆက်တွဲ ကရွမ်းဝဲလ်ကွယ်လွန်ပြီးနောက် သားဖြစ်သူရစ်ချက်ကရွမ်းဝဲလ် အဖအရာကိုဆက်ခံပြီးအုပ်ချုပ်သည်။ သို့သော် အချိန်တို အတွင်း ဘုရင့်ဂိုဏ်းသားများ အင်အားပြန်ကောင်းလာသဖြင့် ၁၆၆၀တွင် ဘုရင်ချားလ်(၂) ထီးနန်းအာဏာ ပြန်သိမ်းသည်။ အိုလီဗာ ကရွမ်းဝဲလ် ၏ ရုပ်ကလာပ်ကို ပြန်လည်တူးဖော်ကာ အိမ်တံစက်မြိတ်တွင် ချိတ်ဆွဲကာ ရှုံချစေသည်။ ထိုကဲ့သို့ သေးသိမ်သည့် လုပ်ရပ်မှာ လူအများစိတ်တွင် သက်ဦးဆံပိုင်စနစ်အား များစွာ အရိုသေတန်စေသည်ဟု ဘုရင့်ဂိုဏ်းသားများ လုံး၀နားမလည်ခဲ့ချေ။ လူအများထောက်ခံမှုမရသည့် သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အစပျိုးချိန်များများမရလိုက်ပဲ ၁၆၈၈တွင် သွေးထွက်သံယိုမှုကင်းသည့် အာဏာသိမ်းပွဲဖြသစ်ပွားကာ ပါလီမန် ဒီမိုကရေစီ စနစ်ကိုထူထောင်လိုက်ကြတော့သည်။ သက်ဦးဆံပိုင် ဘုရင်မှသည် စည်းမျဉ်းခံဘုရင် အဖြစ်သို့လျောကျသွားပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာမှာ ပါလီမန်လက်တွင်းသို့ ရောက်ကာ အင်္ဂလန်နိုင်ငံ၏ ခေတ်သစ်တစ်ရပ်ကိုဖော်ဆောင်နိုင်သည်။ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း ကိုးကား အင်္ဂလန်နိုင်ငံ အင်္ဂလိပ် နိုင်ငံရေးသမားများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%AE%E1%80%97%E1%80%AC%20%E1%80%80%E1%80%9B%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%9D%E1%80%B2%E1%80%9C%E1%80%BA
အိုမာအိဗန် အယ်လ် ခတ်တဗ်
အိုမရ် ဗင် အလ် ခတ္တာဗ်(Umar ibn al-khattab) (၅၈၆-၆၄၄)သည်မိုဟမ္မဒ်နောက်ဆက်ခံသည့် ခလီဖာ(Caliph/မူဆလင်ခေါင်းဆောင်)များ အနက် ဒုတိယမြောက်ခေါင်းဆောင်ဖြစ်ကာ မိုဟမ္မဒ်အလွန်တွင် တန်ခိုးအကြီးဆုံး နှင့် အထက်မြက်ဆုံးသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ သူခေါင်းဆောင်သည့် ၁၀နှစ်အတွင်းတွင် အာရပ်မူဆလင်တို့၏ ကြီးစိုးနိုင်မှု အထွတ်အထိပ်သို့ရောက်ပြီး အကျယ်ပြန့်ဆုံးသော ပိုင်နက်နယ်မြေကိုလည်း သိမ်းယူရရှိခဲ့သည်။ ဘဝအကျဉ်း အိုမာကို တမန်တော်မိုဟာမက် နှင့်ခေတ်ပြိုင် ခရစ်နှစ် ၅၈၆ ဝန်းကျင်တွင်မွေးဖွားသည်ဟု ခန့်မှန်းကြသည်။ မွေးဖွားရာအရပ်မှ မဒီနာတွင်ဖြစ်သည်။ အစပိုင်းတွင် အယူဝါဒအသစ်ကို အကြီးအကျယ်ကန့်ကွက်သူ တစ်ဦးဖြစ်ခဲ့ရာမှ ရုတ်ခြဉ်းပင် ထိုဘာသာကို အကြွင်းမဲ့ အားပေးထောက်ခံသူဖြစ်လာခဲ့သည်။ (ခရစ်ယာန်ဘာသာတွင် စိန့်ပေါလ် ဘာသာပြောင်းပုံနှင့် ဆင်ဆင်တူသည်။)နောက်ပိုင်း မိုဟာမက်၏ အယုံကြည်ရဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး အကြံပေးသဖွယ်ပင် နေရာရလာသည်။ ဆက်ခံမည့်သူအား သတ်မှတ်ခြင်းမရှိသေးမှီ မိုဟာမက်ကွယ်လွန်သော် အိုမာက မိုဟာမက်၏ ရင်းနှီးသော မိတ်ဆွေ၊ ယောက္ခမလည်းတော်စပ်သည့် အဘူဗက်ကာ ကိုဆက်ခံရန်ထောက်ခံခဲ့သည်။ သို့ဖြင့် အဘူဗက်ကာ မှာ ပထမဆုံး ကလစ်ဖ် ဖြစ်လာသော်လည်း ၂နှစ်သာ အုပ်ချုပ်ကာ ကွယ်လွန်သွားခဲ့သော်လည်း အခြားခေါင်းဆောင်တစ်ဦးအား ဆက်ခံရန် လျာထားနိုင်ခဲ့သည်။ ထိုသူမှာ မိုဟာမက်၏ အခြားယောက္ခမ တစ်ဦးဖြစ်သည့် အိုမာပင်ဖြစ်သည်။ အိုမာရာထူးရပြီးနောက် အရေးပါဆုံး နယ်ပယ်ချဲ့ထွင်သာသနာပြုသည့် အရေးကို ဦးစားပေးဆောင်ရွက်တော့သည်။ ရှေးဦးစွာ ဘိုင်ဇန်တိုင်းအင်ပါယာ(Byzantine Empire) ကိုတိုက်ခိုက်သည်။၆၃၆ ယောမုခ်(Yormuk)စစ်ပွဲတွင် ဘိုင်ဇန်တိုင်းတပ်များကို အပြတ်အသတ်အနိုင်ရပြီး နောက် တစ်ဆက်တည်းပင် ဒမက်စကပ်စ်(Damascus) ကိုသိမ်းယူသည်။ နောက်၂နှစ်တွင် ဂျေရူးဆလင်လက်နက်ချအညံ့ခံသည်။၆၄၁တွင် ဘိုင်ဇန်တိုင်းလက်အောက်ရှိ ဆီးရီးယား နှင့် ပါလက်စတိုင်း(အစ္စရေး) ဒေသများကို သိမ်းယူကာ ယနေ့တူရကီ နယ်နိမိတ်အတွင်းသို့ ဆက်လက်တိုက်ခိုက်သည်။ အီဂျစ်ကို ၆၃၉တွင် ဘိုင်ဇန်တိုင်းအင်ပါယာ၏ အခြားပိုင်နက်တစ်ခုဖြစ်သည့် အီဂျစ်သို့ ချီတက်သည်။ သုံးနှစ်အကြာတွင် အီဂျစ်လည်း မူဆလင်တို့ လက်အတွင်းကျရောက်ရသည်။ အရှေ့ဘက်ရှိ ပါရှတို့၏ ဆက်စနစ်အင်ပါယာ ကိုမူ အိုမာမတိုင်မှီကပင် စတင်တိုက်ခိုက်နေခဲ့သော်လည်း အမှန်တကယ် အောင်မြင်သည်မှာ အိုမာလက်ထက်ဖြစ်သည့် ၆၃၇တွင်မှဖြစ်သည်။ ၆၄၁တွင် အနိုင်အရှုံး ထင်ရှားနေပြီဖြစ်ကာ နောက်တစ်နှစ်အကြာတွင် ဆက်စနစ်အင်ပါယာ၏ ဧကရာဇ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်သည်။ ၆၄၄တွင် မဒီနာ၌ရှိနေစဉ် ပါရှကျွန်တစ်ယောက်က လုပ်ကြံသဖြင့် ကွယ်လွန်သည်။ မကွယ်လွန်မှီ ရာထူးဆက်ခံရန် ပုဂ္ဂိုလ်ရွေးချယ်ဖို့ရာအတွက် ခြောက်ဦးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး ဆက်ခံသူရွေးချယ်ရန် မှာကြားခဲ့သဖြင့် သူကွယ်လွန်လျှင် တတိယမြောက် ကလစ်ဖ်အဖြစ် အော့သ်မန်(Othman)(ရာထူးကာလ ၆၄၄-၆၅၆)ကို ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် အိုမာ ကွယ်လွန်သော်လည်း အာရပ်တို့သည် အနောက်ဘက်တွင် မြောက်အာဖရိက သို့လည်းကောင်း ၊ အရှေ့ဘက်တွင် ပါရှ(အီရန်) နယ်မြေကုန်သရွှေ့ကို လည်းကောင်း သိမ်းပိုက်နိုင်ကြသည်။ အရည်အချင်းများ မူဆလင်တို့အတွက် တမန်တော်မိုဟာမက် သည်အကြီးကျယ်ဆုံးသော လှုံဆော်အားပေးသူဖြစ်လျှင် အမှန်တကယ် အားပေးသည့်အတိုင်း နယ်ပယ်များကို ရရှိအောင်စွမ်းဆောင်ခဲ့သူမှာ အိုမာဖြစ်သည်။ အိုမာ၏ ခေါင်းဆောင်မှုစွမ်းရည်ကြောင့် သာမက သိမ်းပိုက်နယ်ပယ်များအတွင်း မူဆင်အာရပ်တို့ တန်ခိုးကြီးစေရန်၊ တည်မြဲနေစေရန် နှင့် ဘာသာရေးဆောင်ရွက်ချက်များ မှာ အထူးပင် အောင်မြင်သည်ဟုဆိုနိုင်သည်။ သိမ်းပိုက်နယ်မြေများတွင် အာရပ်တို့ကို အကြီးအကဲ၊အခွင့်ထူးခံအဖြစ်ထားပြီး ဒေသခံများက ညွှတ်တွားရသည်။ အခွန်ဆက်သရသည်။ သို့ဖြင့် ယနေ့အခါတွင် အာရပ်တို့သိမ်းပိုက်ခဲ့သမျှသော နယ်ပယ်များတွင် အီရန်မှအပ ကျန်ဒေသတိုင်းပြည်များသည် အလွန်မှ အာရပ်ဆန်သွားပြီး အာရပ်ယဉ်ကျေးမှုကို အရိုးစွဲလက်ခံကျင့်သုံးနေကြသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎ အစ္စလာမ်ဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD%E1%80%AF%E1%80%99%E1%80%AC%E1%80%A1%E1%80%AD%E1%80%97%E1%80%94%E1%80%BA%20%E1%80%A1%E1%80%9A%E1%80%BA%E1%80%9C%E1%80%BA%20%E1%80%81%E1%80%90%E1%80%BA%E1%80%90%E1%80%97%E1%80%BA
ဖေမောင်တင်
ဦးဖေမောင်တင် သည် မြန်မာနိုင်ငံသား မြန်မာဘာသာနှင့် ပါဠိဘာသာ ပညာရှင်၊ စာရေးဆရာ၊ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း အဌသာလိနီ၊ ဝိသုဒ္ဓိမဂ် စသော ဗုဒ္ဓဘာသာကျမ်းစာအချို့ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သောသူဖြစ်သည်။ မြန်မာ့သမိုင်း၊ ရာဇဝင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ကိုလိုနီခေတ်တွင် မြန်မာစာပေကို အထင်အမြင်သေးကြသော တက္ကသိုလ်အာဏာပိုင်တို့အား အတိုက်အခံပြု၍ မြန်မာစာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ရောက်အောင် အားထုတ်ကြိုးပမ်းခဲ့သော ဆရာကြီးတစ်ဦးဖြစ်၏။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်သောရန်ကုန်တက္ကသိုလ်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံး ခန့်အပ်ခံရသော ပါမောက္ခလည်း ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့် နိုင်ငံခြားဝတ်စုံကို ဝတ်ဆင်သော နိုင်ငံခြားသားပါမောက္ခအများအပြားကြားတွင် ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ဝတ်ဆင်ပြီး စာသင်လေ့ရှိသည်။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများသာမက နိုင်ငံခြားသား ပါမောက္ခများ၏ လေးစားခြင်းကိုပါ ခံခဲ့ရသည်။ ငယ်ဘဝ ဦးဖေမောင်တင်ကို အင်းစိန်မြို့ ပေါက်တောရပ် ဇာတိ ဖြစ်၍ ၁၈၈၈ ဧပြီ ၂၄ ရက်တွင် ဦးဖေနှင့် ဒေါ်မြိုင် တို့က မွေးဖွားခဲ့ကာ အင်္ဂလီကန်သာသနာဝင်ဖြစ်သည်။ မွေးချင်း(၆)ယောက်တွင် ပဉ္စမမြောက်သား ဖြစ်၍ ငယ်မည်မှာ မောင်ဘတင် ဖြစ်ပြီး အစ်ကိုဖြစ်သူ မောင်ဘရင် ကွယ်လွန်သွားပြီးနောက် မောင်တင်ဟု အမည်ပြောင်းသည်။ ၁၈၉၃ တွင် အင်းစိန်မြို့နယ်ရှိ "ကိုရင်ကြီး အလွတ်ပညာသင်ကျောင်း"၌ ပညာဆည်းပူး၍ ထို၌ လောကနီတိ၊ ပရိတ်စသော မူလတန်းအဆင့် ဗုဒ္ဓစာပေများကို သင်ယူခဲ့သည်။ ၁၈၉၆ တွင် ရန်ကုန် ဟိုက်စကူးကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကာ ပထမတန်းမှစတက်သည်။ ၁၉၀၂ တွင် သတ္တမတန်းအောင်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ပထမရ၍ စကောလားရှစ်ဆုရခဲ့သည်။ ၁၉၀၃ တွင် အဋ္ဌမတန်း၌ ပညာသင်စဉ် "ကျောင်းသားများ လူမျိုးခြားဆရာများကို လက်အုပ်ချီနှုတ်ဆက်ရမည်" ဆိုသည့် ပညာမင်းကြီးအမိန့်ကိုဆန့်ကျင်ပြီး အခြားကျောင်းသားများနှင့်အတူ ဆန္ဒပြခဲ့ကြသောကြောင့် ပညာမင်းကြီးအမိန့်ပျက်ပြယ်သွားသည်။ ၁၉၀၅ နဝမတန်းတွင် ပထမရရှိ၍ ရနောင်းဘုရင်ခံ (Governor of Ranong) ၏ ရနောင်းဆုရသဖြင့် ဆုငွေ (၄၀) ရူပီး နှင့် စာအုပ်များ ဆုချီးမြှင့်ခံရသည်။ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်ကောလိပ်၌ ပညာသင်ကြားခဲ့သည်။ ထိုသို့ ပညာသင်ကြားစဉ် တိရစ္ဆာန်များညှဉ်းပမ်းမှုကာကွယ်တားဆီးရေးအဖွဲ့ (S.P.C.A) အသင်းကကျင်းပသည့် အင်္ဂလိပ်စာစီစာကုံး ပြိုင်ပွဲတွင် တက္ကသိုလ်အဆင့်၌ ပထမရဆုငွေ (၇၅) ရူပီး ရရှိခြင်း၊ ၁၉၀၇ တွင် ဥပစာဒုတိယနှစ် စာမေးပွဲ၌ ပထမရ၍ ဂျာဒင်းဆု (Jardine Prize) ချီးမြှင့်ခံရခြင်း၊ ခရစ်ယာန် ကျောင်းသားများအားချီးမြှင့်သော ကာလကတ္တားတက္ကသိုလ်၏ ဒတ် (Dutt) စကောလားရှစ်ဆု ရရှိခြင်း စသည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ တက္ကသိုလ်ပညာရေး ၁၉၀၈ တွင် ပါဠိပါမောက္ခ ချားလ်ဒူရွိုင်ဇယ်၏ တိုက်တွန်းမှုဖြင့် ပါဠိဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့ကာ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်စာမေးပွဲဝင်ရန် စာကျက်နေစဉ် စိန်ပေါ အထက်တန်းကျောင်း၏ မေတ္တာရပ်ခံချက်အရ ၈တန်း၊ ၉တန်း ကျောင်းသားများအား ပါဠိဘာသာသင်ပေးသောကြောင့် လစာ (၈၀ကျပ်) ရရှိခဲ့သည်။ ၁၉၁၁ မတ်လတွင် ကာလကတ္တားတက္ကသိုလ်၌ မဟာဝိဇ္ဇာစာမေးပွဲကို ပါဠိဘာသာဖြင့် အောင်မြင်သည်။ ဇွန်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁) တွင် ခရစ်ယာန်သာသနာပြု မြန်မာစာ ဆောင်းပါးကို မောင်တင်(ဘီအေ) ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့သည်။ တက္ကသိုလ်ဆရာ ၁၉၁၁ အောက်တိုဘာ (၁)ရက်မှ ၁၉၁၂ ဇူလိုင်(၂၃)ထိ ရန်ကုန်ဟိုက်စကူးကျောင်း၌ လစာ (၁၅၀) ကျပ်ဖြင့် အထက်တန်းပြဆရာဖြစ်လာခဲ့၍ ဇူလိုင် (၂၄)တွင် ရန်ကုန်ကောလိပ်၌ ပါဠိပါမောက္ခ ရာထူးခန့်အပ်ခံရသည်။ မြန်မာအမျိုးသားထဲမှ ပါမောက္ခရာထူး ပထမဆုံးရရှိခြင်းဖြစ်ပြီး ထိုစဉ်က အသက်(၂၄)နှစ်သာရှိသေးသည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်သောအခါ၌လည်း တစ်ဦးတည်းသော မြန်မာနိုင်ငံသား ပါမောက္ခဖြစ်လေသည်။ ဆရာဘဝ လုပ်ဆောင်မှုများ ရာထူးအရ ဘားနဒ် အခမဲ့ စာကြည့်တိုက်မှူးတာဝန်နှင့် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာတာဝန်များယူရသည်။ ထိုအချိန်မှစ၍ လန်ဒန်ပါဠိစာပေအသင်းအတွက် စာမူရှာဖွေရေးတာဝန်ကိုပါ ကွယ်လွန်ချိန်ထိ ထမ်းဆောင်ခဲ့သည်။ ဘီအေတန်းအတွက် ပြဋ္ဌာန်းသော ဒီပဝံသမှတ်စုကို ရေးသူဖြစ်သည်။ ၁၉၁၃ တွင် မြန်မာနိုင်ငံသုတေသနအသင်း၌ ရာသက်ပန်အသင်းသားအဖြစ်ဝင်ရောက်ပြီးနောက် ငွေထိန်းအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် A Pali Primer (အခြေပြုပါဠိသဒ္ဒါ) ကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေ၍ ဘီအေတန်းအတွက်ပြဋ္ဌာန်းသော "ဓမ္မပဒ" ကို ရောမအက္ခရာဖလှယ်၍ တည်းဖြတ်ထုတ်ဝေသည်။ ၁၉၁၅ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်၏ ဘီအေတန်းစာမေးပွဲအတွက် "Millinda Panha" (မိလိန္ဒပဉှာ) ကိုပြုစုထုတ်ဝေပြီးနောက် ဘီအေတန်းအတွက်ပြဋ္ဌာန်းသော "ခုဒ္ဒကပါဌ်" ကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်သည်။ မြန်မာနိုင်ငံ သုတေသနအသင်း၏ အကျိုးဆောင်အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့ကာ ၁၉၁၆ ခုနှစ် ဇူလိုင်(၅)ရက်တွင် ဖွဲ့စည်းသော မြန်မာစာညွန့်ပေါင်းကျမ်းပြုစုရေး အကြံပေးဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ပါဠိဖတ်စာ (A pali Reader) ၊ ၁၉၂၀ တွင် The Student‘s Pali-English Diclionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်) စသည်တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထုတ်ဝေသည်။ အင်္ဂလန်၌ ပညာသင်ခြင်း စက်တင်ဘာ(၄)ရက်တွင် အင်္ဂလန်သို့ ပညာတော်သင်ထွက်ခွာ၍ အောက်စဖို့ဒ်တက္ကသိုလ် အက်ဇီတာကောလိပ်၌ ပညာသင်ကြားရာ အမည်တူရှိနေ၍ အမည်ရှေ့တွင် ဖခင်အမည်မှ 'ဖေ' ကိုယူ၍ ဖေမောင်တင် ဟူ၍ပြောင်းလဲခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်မှ စာပေဝိဇ္ဇာ (ဘီလစ်) ဘွဲ့ရပြီး ၁၉၂၃ တွင် အောက်စဖို့ဒ်၌ အင်္ဂလိပ်စာပေသမိုင်းကို လေ့လာခဲ့၏။ ဒေါက်တာဘလက်ဒင်၏ ရှေးဟောင်းမွန်ကျောက်စာ သင်တန်းတက်ရောက်ခဲ့ပြီး ထို့နောက် အင်းနားတင်ပယ် ဥပဒေကျောင်းတွင် ဆက်လက် ပညာဆည်းပူးသည်။ ၁၉၂၄ ခုနှစ်တွင် လန်ဒန်ရှိ "မြန်မာအသင်း" ဥက္ကဋ္ဌရာထူးကို မြန်မာပြည် ဘုရင်ခံဟောင်း ဆာဟာဗီအဒန်ဆင်နှင့် ယှဉ်ပြိုင် အရွေးခံရာ အနိုင်ရရှိခဲ့သည်။ မြန်မာပြည်သို့ ပြန်ခြင်း မြန်မာအသင်း ဥက္ကဋ္ဌဖြစ်ပြီးနောက် ဇူလိုင်လတွင် မြန်မာပြည်သို့ပြန်ရန် မြန်မာပြည်အစိုးရက အမိန့်ပေးခဲ့သောကြောင့် ဩဂုတ်လ (၁၃)ရက်နေ့တွင် ရန်ကုန်ပြန်ရောက်လာခဲ့သည်။ စက်တင်ဘာ (၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ဌာမှူးအဖြစ် စတင်ဆောင်ရွက်သည်။ ဌာနမှူးအဖြစ် တာဝန်ယူစဉ် မြန်မာနိုင်ငံသုတေသနအသင်း၏ စာအုပ်ထုတ်ဝေရေးဆပ်ကော်မတီတွင် စာတည်းချုပ်အဖြစ် လုပ်ဆောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာသင်ကြားမှုစနစ် ချဲ့ထွင်ရန် ဆီးနိတ်အဖွဲ့သို့ အရေးဆိုခဲ့သဖြင့် ဆီးနိတ်မှ ကျောင်းသားတိုင်း မြန်မာစာ တန်းနိမ့်ကို မသင်မနေရ ဘာသာအဖြစ် ဥပဒေပြဋ္ဌာန်းစေခဲ့ရသည်။ လုပ်ဆောင်ချက်များ ရန်ကုန်တက္ကသိုလ် မြန်မာစာဝိဇ္ဇာ ဂုဏ်ထူးတန်းကို ဦးဆောင်ဖွင့်လှစ်ခဲ့ကာ ၁၉၂၇/၂၈ တွင် မြန်မာစာ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်းကိုလည်း ဖွင့်လှစ်ခဲ့ပေသည်။ သုတေသနအသင်း စာတည်းနှင့် စာကြည့်တိုက်မှူးတာဝန်ကို ပါမောက္ခလုစ် နှင့်အတူတွဲဖက် တာဝန်ယူခဲ့လေသည်။ ၁၉၂၈ တွင် ဂျေအက်စ်ဖာနီဗယ် ဦးဆောင်သော မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်းကို တည်ထောင်ရာတွင်ပါဝင်ခဲ့၏။ "ဖာနီဗယ်" အင်္ဂလန်သို့ ပြန်သွားစဉ် "ဂန္တလောက မဂ္ဂဇင်း"ကို သူကြီးဂေဇက် ဦးခင်မောင်နှင့်အတူ ကြီးကြပ်တည်းဖြတ်ခဲ့သည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အသစ်အတွက် ရောက်ရှိလာသော ဆိုင်မွန်ကော်မရှင်သို့ တက္ကသိုလ်ကောလိပ်များတွင် ဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားသင့်ကြောင်း အကြံပေးစာတမ်းတင်သွင်းသည်။ ၁၉၃၃ မှ ၁၉၃၇အထိ မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်၏ စာတည်းတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ၁၉၃၅ ၌ ပထဝီဝင်ဝေါဟာရများ ကို ဦးဘလွင်၊ ပါမောက္ခဘီစလေ တို့နှင့်အတူ ပြုစုရေးသားခဲ့သည်။ ၁၉၃၇ ဇွန် (၁၉) တွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရပြီး ထိုနှစ်မှစ၍ ၁၉၄၀ အထိ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ အထွေထွေစာတည်းမှူး အဖြစ်တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌ တာဝန်ကိုလည်း နှစ်အနည်းငယ်ကြာကြာ အမှုထမ်းခဲ့သည်။ ၁၉၄၃ မှ ၁၉၄၅ ကာလအတွင်း ဂျပန်ခေတ် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပြီး ၁၉၄၅ ၌ မြန်မာနိုင်ငံ ခရစ်ယာန်စာပေအသင်း ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇-၁၉၄၈ တွင် သက်ကြီးတက္ကသိုလ်၌ ပထမဦးဆုံး ကျောင်းအုပ်ကြီးဖြစ်လာခဲ့ကာ ၁၉၄၈ ဩဂုတ် (၁) မှ ၁၉၅၀ မေ (၃၀) ထိ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါဠိပါမောက္ခ အဖြစ်ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၉ ဩဂုတ် ၃၀ တွင် ပညာရှင်(၂၉၂) ဦးပါဝင်သော မြန်မာနိုင်ငံ ဘာသာပြန် သုခမိန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ မေလတွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန၌ ဂုဏ်ထူးဆောင်မြန်မာစာပါမောက္ခအဖြစ် တာဝန်ပေးအပ်ခံရကာ ၁၉၆၃ ဒီဇင်ဘာတွင် ပညာရေးဝန်ကြီးဌာန မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ၁၉၆၄ တွင် သမိုင်းကော်မရှင် ဥက္ကဋ္ဌ စသည့်တာဝန်များယူခဲ့သည်။ မေလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသော အာရှ ခရစ်ယာန်ကောင်စီကွန်ဖရင့်သို့ တက်ရောက်ခြင်း၊ ယဉ်ကျေးမှုဝန်ကြီးဦးချစ်သောင်း ဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သို့သွားရောက်ခဲ့ခြင်းများလည်း ရှိသည်။ ကွယ်လွန်ခြင်း ၁၉၇၃ - မတ်လ(၂၂)ရက်၊ ကြာသပတေးနေ့ နံနက်အသက်(၈၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။ ဘာသာပြန်ဆိုမှုများ ဦးဖေတင်မောင်သည် ၎င်း၏သက်တမ်းတစ်လျှောက် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားများကို ကျွမ်းကျင်သည့်အတွက် ထိုဘာသာစကားများသို့ ပြန်ဆိုခြင်းများစွာ ဆောင်ရွက်ခဲ့သည်။ အဌသာလိနီ ပထမတွဲနှင့် ဒုတိယတွဲကို လန်ဒန် ပါဠိစာပေအသင်းမှ ထုတ်ဝေခဲ့ကာ မှန်နန်းရာဇဝင်တော်ကြီး (အတွဲ- ၃၊ ၄၊ ၅ - ပုဂံခေတ်ပိုင်း)ကို Glass Palace Chronicle‎ အမည်ဖြင့် ပါမောက္ခလုစ် နှင့်တွဲ၍ အင်္ဂလိပ်ဘာသာပြန်ခဲ့ပြီး လန်ဒန် အောက်စဖိုဒ့်တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေသည်။ ၁၉၂၅ မှ ၁၉၃၁ အတွင်း ဝိသုဒ္ဓိမဂ် (ပ၊ ဒု၊ တ အပိုင်းများ) (The Path of Purity, part 1, 2, 3) ကို အင်္ဂလိပ်ဘာသာဖြင့်ပင် လန်ဒန် ပါဠိစာပေအသင်းမှ ထုတ်ဝေသည်။ ၁၉၂၅ ၌ "မြန်မာသဒ္ဒဗေဒဖတ်စာ" စာအုပ်ကို သဒ္ဒဗေဒပါမောက္ခ မစ္စစ်အီးအမ်ထရောင်းနှင့်အတူ အင်္ဂလိပ်ဘာသာဖြင့် တွဲဖက်၍ပြုစု၍ လန်ဒန်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ပုဂံကျောက်စာညွန့်ပေါင်းကို ပါမောက္ခလုစ် နှင့်တွဲ၍ ပြုစုထုတ်ဝေခဲ့၏။ ၁၉၃၀ တွင် ရန်ကုန်တက္ကသိုလ်နှင့်စပ်လျဉ်းသော အင်္ဂလိပ်ဘာသာစကား အခေါ်အဝေါ်များကို မြန်မာပညာရှိများနှင့် ညှိနှိုင်း၍ ဦးဆောင်မြန်မာပြန်သည်။ ထို့နောက် ၁၉၃၁ ၌ ပါဠိဖတ်စာ ကို မြန်မာဘာသာဖြင့် ပြုစုထုတ်ဝေသည်။ ၁၉၅၅ တွင် ကျောင်းသုံးမြန်မာသဒ္ဒါကို အထက်တန်းများအတွက် ရည်ရွယ်ရေးသားခြင်း၊ မြစေတီကျောက်စာ ၊ ရွှေစည်းခုံ မွန်ကျောက်စာ ၊ ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာ တို့ကို မြန်မာပြန်၍ တည်းဖြတ်ထုတ်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။ "Prayer and Meditation" (ဆုတောင်းခြင်းနှင့်ဘာဝနာ) စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစု၍ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီက ၁၉၆၀ ၌ လည်းကောင်း ၁၉၆၄ တွင် ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကို လန်ဒန် (S.P.C.K) က လည်းကောင်း ပုံနှိပ်ထုတ်ဝေလေသည်။ ၁၉၇၀ ဒီဇင်ဘာတွင် လန်ဒန်ပါဠိအသင်းကြီး၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံမှ ပါဠိ အဌကထာ အုပ်ရေ (၅၀) ကို အင်္ဂလိပ်ဘာသာပြန်ဆိုရေးအဖွဲ့၌ အယ်ဒီတာအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ကာ ဗုဒ္ဓဝံသအဌကထာ ကို ကုသိုလ်ဖြစ် ဘာသာပြန်ဆိုရန်တာဝန်ယူခဲ့လေသည်။၁၉၇၃ ဖေဖော်ဝါရီ(၂၀)တွင် လယ်တီဆရာတော်၏ မြန်မာပြန်မူ ဓမ္မစက္ကပဝတ္တနသုတ် နှင့် အနတ္တလက္ခဏသုတ် ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။ ဂုဏ်ပြုမှုများ ဝိသုဒ္ဓိမဂ္ဂကျမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုသည့်အတွက် ထိုင်းဘုရင်က ပေါင် ၁၀ဝ၀ ဆုချီးမြှင့်သည်။ ဆုငွေအားလုံးကို လန်ဒန်ပါဠိအသင်းသို့ လှူဒါန်းခဲ့သည်။ ၁၉၄၇ တွင် ရန်ကုန်တက္ကသိုလ်က အငြိမ်းစားလစာငွေ ၇၀ဝကျပ် အပြင် မြန်မာစာပေနှင့် ပါဠိစာပေ ပါမောက္ခတာဝန်ထမ်းဆောင်စဉ် မြန်မာစာပေတိုးတက်ရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုငွေ လစဉ်၅၀ဝကျပ် ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၁၉၅၂ တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် (L.L.D) ပါရဂူဘွဲ့ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ၁၉၅၈ တွင် အမေရိကန်ပြည်ထောင်စု၊ ရှီကာဂိုတက္ကသိုလ်က (the University of Chicago) က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့သည်။ ဆွေးနွေးပို့ချမှုများ ၁၉၅၇ အောက်တိုဘာ (၅) ရက်တွင် အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ် ခရစ်ယာန်သမ္မာကျမ်းစာဌာန၌ ဗုဒ္ဓတရားသင်ကြားပို့ချရန် ရန်ကုန်မှထွက်ခွာခဲ့ကာ ၁၉၅၉ ဇန္နဝါရီ (၂) ရက်တွင် ကျန်းမာရေး အခြေအနေကြောင့် မြန်မာပြည်ပြန်လာခဲ့ရလေသည်။ ၁၉၆၆ ဧပြီလတွင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသနှင့် အနတ္တတရားတော်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ မန္တလေးမြို့ ကယ်လီဘုရားကျောင်း ခရစ်ယာန်ကွန်ဖရင့်တွင် ဗုဒ္ဓဘာသာဆိုင်ရာ မဂ္ဂင်ရှစ်ပါးအကြောင်းဟောပြောခဲ့၏။ မိသားစု ၁၉၂၈ ဇွန် (၉) ရက်တွင် သာယာဝတီမြို့၊ အင်္ဂလီကန်ဘုရားရှိခိုးကျောင်း၌ ဘိလပ်ပြန်ဝတ်လုံတော်ရ ဦးဖိုးဒန်၊ ဒေါ်မြကြီးတို့၏ သမီး ကြည်ကြည် (Edith) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်ချိန်တွင် အသက် (၄၀) ရှိပြီဖြစ်သည်။ အငယ်ဆုံးသမီးဖြစ်သူ တင်တင်မြိုင် (Brenda) သည် ပြင်သစ်ဘာသာစကား၊ ပြင်သစ်စာပေ ပညာရှင်တစ်ဦးဖြစ်၍ စကြည့်တိုက်မှူးလည်းဖြစ်သည်။ ဦးဖေတင်မောင်သည် ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုသူ ဦးထွန်းညိမ်း၏ တူဖြစ်၍ မိခင်ဖက်မှ အဖိုးတော်စပ်သူမှာ တောင်ခွင်သာသနာပိုင် ဦးဝိသုဒ္ဓ သီလာစာရ ဖြစ်သည်။ လေ့လာခြင်းသုံးသပ်ခြင်း ထူးချွန်မှု ဦးဖေမောင်တင်သည် မြန်မာနိုင်ငံ ပထမဆုံး တက္ကသိုလ် ပါမောက္ခ ဖြစ်သည်။ ထို့အပြင် အသက် ၂၄ နှစ် အရွယ်တည်းက ပါမောက္ခဖြစ်ခဲ့သော ဦးဖေမောင်တင်သည် ငယ်စဉ်ကတည်းက မြန်မာတနိုင်ငံလုံးတွင် ပထမဆုနှင့် စကောလားရှစ်များရရှိခဲ့၍ ပညာထူးချွန်သည်။ ဘီ-အေ အောင်သောနှစ်က စုစုပေါင်း ဘီအေအောင်သူ ၉ ယောက်သာရှိခဲ့သောကြောင့် ပညာတတ်များအလိုရှိသော ဗြိတိသျှအစိုးရက အိမ်တိုင်ရာရောက် လိုက်ခေါ်ပြီး ရာထူးကြီးများ ပေးအပ်သော်လည်း ဦးဖေမောင်တင်က စိတ်ဝင်စားမှုမရှိခဲ့ပေ။ အစိုးရအထက်တန်းကျောင်းတွင် တစ်နှစ်ခန့် ဆရာဝင်လုပ်ပြီးမှသာ ပါမောက္ခအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ဆောင်ရွက်ကြိုးပမ်းမှုများ ရန်ကုန်ကောလိပ်တွင် ပါမောက္ခလုပ်နေစဉ်တွင်လည်း မြန်မာကျောင်းသားများဘက်မှ အမြဲရပ်တည်ကာ ရန်ကုန်တက္ကသိုလ် တည်ထောင်ပေးရန်လည်း ရှေ့တန်းမှ တောင်းဆိုခဲ့သည်။ ကျောင်းသားခေါင်းဆောင်များကို အရေးယူခိုင်းသောအခါ သူတို့သည် အစိုးရကို ဆူပူခြင်းသာဖြစ်သည်၊ ကျောင်းနှင့်မဆိုင်ဟုဆိုပြီး အရေးယူဖို့ ရဲရဲတင်းတင်းငြင်းဆန်၍ ကျောင်းသားများဘက်က ရပ်တည်ပေးခဲ့သည်။ ထို့အပြင် တို့ဗမာအစည်းအရုံးကိုလည်း တိတ်တဆိတ် အားပေးခဲ့သေးသည်ဟု ဆိုသည်။ နိုင်ငံချစ်စိတ်အပြည့်ရှိသော ဆရာကြီးသည် ယူနီဗာစတီ ဟူသော အသုံးအနှုံးကို တက္ကသိုလ် ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ မြန်မာတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များအား မြန်မာဝေါ်ဟာရဖြင့် ခေါ်နိုင်ခြင်းသည်လည်း ဆရာကြီး၏ ကြိုးပမ်းမှုကြောင့်ပင် ဖြစ်သည်။ စာပေ၊ ယဉ်ကျေးမှု အင်္ဂလန် ပြင်သစ် စသောနိုင်ငံများသို့ သွားရောက်ခဲ့စဉ် သူတို့ ဘာသာစကား ဓလေ့ထုံးစံကို တလေးတစား အလေးထားကြသည်ကို မြင်တွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု မျက်နှာငယ် ညှိုးရော်နေသည်ကို မကြည့်ရက်နိုင်ဖြစ်လာခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်တွင် မြန်မာစာဌာန ထားရှိရန် ၊ တက္ကသိုလ်ရှိ ဥပစာတန်း ၊ ဝိဇ္ဇာတန်း ၊ ဂုဏ်ထူးတန်း ၊ မဟာဝိဇ္ဇာတန်းတို့တွင် မြန်မာစာပေ သင်ကြားရန် ဆောင်ရွက်ခဲ့သည်။ ထိုသို့ကြိုးပမ်းရာတွင် မြန်မာစာဟောင်း ပေဟောင်းများကို ကိုယ်တိုင်လေ့လာဆည်းပူး စုဆောင်း၍၊ မြန်မာစာပေလောကတွင် ထူးချွန်သော လူတော်များနှင့် ပူးပေါင်းခဲ့သည်။ မြန်မာစာတမ်း စာအုပ်စာပေ ကျောင်းသုံးစာအုပ်များကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည်။ အစိုးရကျောင်းများတွင်လည်း မြန်မာ့စာပေကို နောင်လာနောက်သားများ လေ့လာစည်းပူးနိုင်ရန် ဦးဩဘာသ၏ ဝေဿန္တရာဇာတ်တော် ၊ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ၊ ဦးခ၏ ချွေတာခြင်း စသည်တို့ကို ရဲဝံ့စွာ ပြဋ္ဌာန်းပေးခဲ့သည်။ ခရစ်ယာန်သာသနာပြုကျောင်းများက ထိုသင်ရိုးညွှန်းတမ်းများကို အတိုက်အခံပြုသောအခါ ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်ဖြစ်သော ၊ ဘက်လိုက်မှုကင်းသော ၊ အမှန်တရားကိုသာ အလေးထားသော ဆရာကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။ ဗြိတိသျှအာဏာပိုင်များက ပို့သောကြောင့် အောက်စဖို့ဒ်တက္ကသိုလ် တွင် သွားရောက်ပညာသင်ကြားစဉ် လူအများ မအောင်မြင်နိုင်ဟု ထင်သော အလွန်ခက်ခဲနက်နဲလှသော ဝိသုဒ္ဓိမဂ်နှင့် အဌသာလိနီ ကျမ်းနှစ်စောင်ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။ ထိုသို့ ကျမ်းများကို ဘာသာပြန် ဆိုရာတွင် အလွန်ထူးချွန်သောကြောင့် နိုင်ငံခြားသားများက ဦးဖေမောင်တင်အား “သူတော်စင်” ၊ “ပါဠိဒေဝီ” ဟု ချီးမွန်းခေါ်ဝေါ်သည့်အပြင် ယိုးဒယားဘုရင်ကလည်း ဆု ရွှေဒင်္ဂါးပေါင် တစ်ထောင် ချီးမြင့်ခဲ့သည်။ ဂျာမန်လူမျိုးတစ်ဦးသည် ဆရာ ဘာသာပြန်ထားသော ကျမ်းကို ကိုးကား၍ ဂျာမန်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။ ဆရာသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးကိုလည်း အထူးလိုလားရာ မြန်မာစာပေကို တိုင်းရင်းသားများထံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် အချင်းချင်း နားလည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သွေးစည်းမှုတို့ ရနိုင်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ဦးဖေတင်မောင်သည် မြန်မာတို့၏ ရိုးရာအစဉ်ဆက်များကို အနောက်တိုင်း၏ ခေတ်ဆန်မှုနှင့် ပေါင်းစပ်ညှိနှိုင်းရန် ၎င်းတွင်ရှိသော အရည်အချင်းများကို အသုံးပြုရန်ကြိုးပမ်းခဲ့သည်။ ကိုလိုနီခေတ်က ထင်ရှားသော ပညာရှင်တစ်ဦးအနေဖြင့် တိုင်းပြည်၏ စာပေအရာတွင် ၎င်း၏ လွှမ်းမိုးသက်ရောက်နိုင်မှုကို အသုံးချ၍ ယဉ်ကျေးမှုဝိသေသများဆုံးရှုံးစေခြင်းမရှိဘဲ မြန်မာဆိုသည်ကို ကမ္ဘာနှင့် ဆက်စပ်၊ ဆက်သွယ်ရန် ကြိုးပမ်းသည်။ ထိုသို့ပြုမှုအားထုတ်ခြင်းကို လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော လူငယ်တော်လှန်ရေးသမားများကသာ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်ခံကြိုဆိုကြသည်။ သခင်လှုပ်ရှားမှုအတွက် နဂါးနီစာပေအသင်းကိုတည်ထောင်သည်မှာလည်း နိုင်ငံရေးတော်လှန်လှုပ်ရှားမှုတစ်ခုကို ယဉ်ကျေးမှုနည်းလမ်းက ထောက်ပံ့ခြင်းတစ်ခုဖြစ်သည်။ ထိုခေတ်အခါက စာပေ နှင့် နိုင်ငံရေးမျိုးချစ်စိတ်များကို နှိုင်းယှဉ်ပါက ဦးဖေမောင်တင် ထောက်ခံအားပေးသော ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲမှုကို "အလွှာစုံ (သို့) ကျယ်ပြန့်" သည်ဟု ဆိုနိုင်သည်။ နိုင်ငံတွင်ပြဋ္ဌာန်းသော ကျောင်းသုံးစာအုပ်များသာမက ခရစ်ယာန်ဘာသာ တရားဟောဆရာတို့၏ ရွတ်ဆိုသောစာများတွင်လည်း ရောနှောထားသော ယဉ်ကျေးမှုသဘောများ ပါဝင်စေရန် အားပေးခဲ့သည်။ ဤစိတ်သည် မြန်မာစာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ်မှ ပေါက်ဖွားလာ၍ ပညာနှင့်ပတ်သက်၍ စူးစမ်းတတ်သော ဥရောပဓလေ့ အမြင်ယူဆမှုများက ကျားကန်ပေးထားသည်။ ထိုခေတ်က အခြားသော ထူးချွန်သူများကဲ့သို့ နိုင်ငံ၏ လူမှုအဖွဲ့အစည်းအတွင်း လိုအပ်ချက်များကို ပညာရေးဖြင့် ဖြည့်စွက်ပေါင်းကူးပေးရန် ကြိုးပမ်းခဲ့သကဲ့သို့ ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုမှုများဖြင့်လည်း ဖြည့်ဆည်းရန်ကြိုးပမ်းခဲ့သည်။ ဤကဏ္ဍ၌ အခြားသူများကဲ့သို့ပင် ကျယ်ပြန့်သော အောင်မြင်မှုမရရှိခဲ့ပေ။ သို့သော် စာပေအရာကို အဆင့်တစ်ခု အထိရောက်ရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဘာသာရေး ဘာသာရေးနှင့် ပတ်သက်၍လည်း ကိုင်းရှိုင်းသော ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာကို ကြီးမားထက်သန်စွာလေးစားခဲ့သည်။ ထိုသို့လေးစားယုံဖြင့်ရပ်တန့်မနေဘဲ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ စာတမ်းများ၊ ခက်ခဲသည့်ကျမ်းစာများကို ဘာသာပြန်ဆိုရေးသားခဲ့သည်။ သက်သေမှာ အလွန်တရာခက်ခဲသော ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို အင်္ဂလိပ်ဘာသာသို့ အပိုင်းသုံးပိုင်းဖြင့် ပြန်ဆိုခဲ့သည်။ ဤလက်ရာနှင့် ပတ်သက်၍ စီ အော ရီးစ် ဒေးဗစ်​က နောက်ဆုံးပိုင်း၌ ယခုကဲ့သို့ရေးသားခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ကျွမ်းကျင်သောကြောင့် အများစုက ဆရာသည် လူထွက်ရဟန်း တစ်ပါးဖြစ်နိုင်သည်ဟု ထင်မြင်ကြ၍ ခရစ်ယာန်ဘာသာတစ်ဦးအဖြစ် သိသူနည်းပေသည်။ မြန်မာ ခရစ်ယာန်အသင်းတော် ခရစ်ယာန်စာပေအဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ တစ်ခါ၌ ကျောင်းသားတစ်ဦးက ဆရာသည် ဗုဒ္ဓဘာသာနှင့် လွန်စွာရင်းနှီးသောကြောင့် ဘာသာပြောင်းရန်တောင်းဆိုမေးမြန်းရာ ဦးဖေမောင်တင်က သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ပြီဖြစ်၍ ထိုအသက်အရွယ်ရောက်မှ ဇနီးဟောင်းကို စွန့်ခွာ၍ ဇနီးသစ်မရှာချင်တော့ပါ ဟုဖြေကြားခဲ့သည်။ စာပေလက်ရာများ ပညာရေး မြန်မာစာဖတ်စာများ (၁၉၂၇-၁၉၃၉၊ သူငယ်တန်း-ပဉ္စမတန်း) မူလတန်း မြန်မာကြည့်စာ ၃ တွဲ (ပညာမင်းကြီး ဦးချိုနှင့်အတူ) 'အခြေပြု ပါဠိသဒ္ဒါ အထက်တန်းမြန်မာစကားပြေ ကောက်နှုတ်ချက်များ (ပ-တွဲ) အထက်တန်းမြန်မာကဗျာ ကောက်နှုတ်ချက်များ 'မြန်မာဝါကျဖွဲ့ထုံးကျမ်း A pali Reader (ပါဠိဖတ်စာ) (အင်္ဂလိပ်ဘာသာဖြင့်) The Student‘s Pali-English Diclionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်) (အင်္ဂလိပ်ဘာသာဖြင့်) ကျောင်းသုံးမြန်မာသဒ္ဒါ အလယ်တန်းမြန်မာသဒ္ဒါ 'တန်းမြင့်သဒ္ဒါနှင့် အသုံးအနှုန်း ပညာရပ် ထိုင်းဘုရင်မြန်မာကျောက်စာများ (၅-တွဲ) (ပါမောက္ခလုစ်နှင့်အတူ) မြန်မာစာပေသမိုင်း ဇမ္ဗူဒီပဥဆောင်းကျမ်း (ဒေါက်တာ ဂျေအက်စ်၊ဖာနီမယ်နှင့်အတူ) မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ မြန်မာသဒ္ဒဗေဒဖတ်စာ (သဒ္ဒဗေဒပါမောက္ခ မစ္စစ်အီးအမ်ထရောင်းနှင့်အတူ) မြစေတီကျောက်စာ (မြန်မာပြန် တည်းဖြတ်) ရွှေစည်းခုံ မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်) ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်) ဘာသာရေး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဆိုင်ရာ ပြဿနာအချို့ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှိုင်းယှဉ်လေ့လာချက် ဘာသာလောကကျမ်း ဗီးဂျီရှာဗန်၏ ဓမ္မဟောင်းဖတ်နည်း (မြန်မာဘာသာဖြင့်) The Expositor (Atthasalini-အဌသာလိနီ) (အင်္ဂလိပ်ဘာသာဖြင့်) The Path of Purity (ဝိသုဒ္ဓိမဂ်) (အင်္ဂလိပ်ဘာသာဖြင့်) Prayer and Meditation (အင်္ဂလိပ်ဘာသာဖြင့်) ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ (အင်္ဂလိပ်ဘာသာဖြင့်) ထေရဝါဒဗုဒ္ဓဘာသာ (စာတမ်း) ဓမ္မစက္ကပဝတ္တနသုတ် (အင်္ဂလိပ်ဘာသာဖြင့်) အနတ္တလက္ခဏသုတ် (အင်္ဂလိပ်ဘာသာဖြင့်) ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုးထောမနာ ၁၂ဂါထာ (အင်္ဂလိပ်ဘာသာဖြင့်) ရွှေကျင်ဆရာတော် ၏ဝိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ(၇၅)ဂါထာအနက် (၅၅)ပုဒ် (အင်္ဂလိပ်ဘာသာဖြင့်) အခြား ဒေဝကုမ္ဘာန် ပြဇာတ် (ပုဂံဝန်ထောက်ဦးတင်နှင့်အတူ) ခေတ်စမ်းပုံပြင်များ ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော် ဦးကြင်ဥ၏ ပဒေသာသီချင်း ရွှေတောင်နန္ဒမိတ်၏ စလင်းမင်းမောင် ပေါင်းချောင်ဧချင်း မှတ်စု ကိုးကား ပထမ မြန်မာများ မြန်မာ တက္ကသိုလ် ပါမောက္ခများ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ အဘိဓာန်ပြုစုသူများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA
မက္ခရာမင်းသားကြီး
မက္ခရာမင်းသားကြီး ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်ဟု ပြောလျှင် ဘိုးတော်ဘုရား(ဗဒုံမင်း) ၏ သားတော် မက္ခရာမင်းသားကြီး ဖြစ်သည်။ မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်း က သွက်ချာပါဒလေငန်းရောဂါ ရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်သည်။ သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။ ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။ ထို့ကြောင့် မင်းသားကြီးသည် မြန်မာများ ခေတ်မီစေရေးအတွက် မျှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူသည်။ ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။ ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသောကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုသည်။ သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူသည်။ ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏ အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုသည်။ နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန် အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်သည်။ ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၎င်းတို့၏မှတ်တမ်းများအရ သိရှိရသည်။ မင်းသားကြီး၏ စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိသည်။ မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်သည်။ မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထဝီဝင်ကိုလည်း လေ့လာလိုက်စားခဲ့သည်။ နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်သည်။ ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သည်။ မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့သည်။ အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။ ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။ သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုသည်။ တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရသည်။ မက္ခရာမင်းသားကြီး(ခရစ် ၁၇၉၁- ၁၈၄၈) မက္ခရာမင်းသားကြီး၏ အမည်ကို ယခုအခါ ယပက်လက် အသံနှင့် 'မက်ခဟာ' ဟု ခေါ်နေကြသည်။ သို့သော်လည်း သိုးဆောင်းတို့၏ ထိုခေတ် မျက်မှောက်မှတ်တမ်း တို့တွင်ကား Mekkhara ဟု ရကောက်လျှာလိပ်သံနှင့် တွေ့ရသည်။ မက္ခရာမင်းသားသည် ဘိုးတော်ဘုရား (ဗဒုံမင်း) ၏ သားတော် တပါး ဖြစ်ပြီး အမည်ရင်းမှာ မောင်ပျိုးဖြစ်သည်။ ဘကြီးတော်မင်း၏ ဘထွေးတော် တစ်ပါး ဖြစ်သည်။ မင်းသားကြီးသည် နေပြည်တော်သို့ လာရောက် နေထိုင်ကြသော အစိုးရ အရာရှိ မဟုတ်သည့် မျက်နှာဖြူများနှင့် အရောတဝင် ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံသည်။ အနောက်တိုင်း ဗဟုသုတများကို သူတို့ထံမှ မေးမြန်း ဆည်းပူးသည်။ ဗြိတိသျှ ကုန်သည် တဦးဖြစ်သော ရောဂျားစ် (Rogers) က အင်္ဂလိပ်စကားကို မင်းသားကြီးအား သင်ပေးသည်။ မစ္စတာလိန်းက ကျေးဇူးပြုသဖြင့် အိန္ဒိယပြည် ကလကတ္တားမြို့မှ ရီးစ် (Rees) ၏ စွယ်စုံကျမ်း ၄၅ တွဲကို ဝယ်ယူ ဖတ်ရှုခွင့်ရသည်။ (ပထမ အင်္ဂလိပ် - မြန်မာ အဘိဓာန်ဆရာ) မက္ခရာမင်းသားကြီးသည် ပညာအရာမှာ ထူးချွန်ရုံသာမက သိက္ခာ သမာဓိနှင့်လည်း ပြည့်စုံဟန်တူသည်။ ခြေလက်မသန်စွမ်းခဲ့သော်လည်း ၊ ဘဝကို အရှုံးမပေးခဲ့ ။ ကမ္ဘာကြီး ပြားသည်ဟု ယုံကြည်ကြဆဲဖြစ်သည့် အင်းဝခေတ်မှာ ၊ မြန်မာလူမျိုးတွေ ခေတ်မီ ဝိဇ္ဇာ သိပ္ပံပညာရပ်များကို တတ်မြောက်မှ နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု အမျှော်အမြင်ကြီး စဉ်းစားတွေးတောတတ်ခဲ့သည်။ ထိုအတွေးနှင့်အတူ နေပြည်တော်ကိုလာရောက်သမျှ နိုင်ငံခြားသားများနှင့် တွေ့ဆုံဆွေးနွေးပြီး ၊ နေပြည်တော်အခြေစိုက် နိုင်ငံခြား ပါမောက္ခတချို့၏ အကူအညီနှင့် ထိုဘာသာရပ်ဆိုင်ရာ ကျမ်း အတော်များများကို ဘာသာပြန်ခဲ့သည်။ မင်းသားကြီး ပထမဆုံးထုတ်ဝေသော အင်္ဂလိပ် - မြန်မာ အဘိဓာန်၏ နိဒါန်းတွင် ခုလို ရေးသားခဲ့သည်။ “အထူးထူးသော ဘာသာ ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ် လူမျိုးသည် ဟုတ်မှန်သော ၊ ထင်ရှား မျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည်သိမြင်ခြင်းသည် ဗဟုသုတ အရာ၌ များစွာအကျိုးရှိသည်။ ထိုကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသာအားဖြင့် နားလည်သိမြင်စေခြင်း အကျိုးငှာ ....” မက္ခရာမင်းသားကြီး(မြန်မာ ၁၁၅၃ - ၁၂၁ဝ) မက္ခရာမင်းသားကြီးသည် ဘကြီးတော်ဘုရား၏ဦးလေးလည်းဖြစ်သည်။ ယောက္ခမလည်းဖြစ်သည်။ ကုန်းဘောင်ခေတ် မင်းညီမင်းသားများအနက် ခေတ်မီ၍ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံကာ ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းဖြင့် ဘကြီးတော်ဘုရားလက်ထက် အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ရောက်ရှိလာသော ကက်ပတိန်(နောင်သော် မေဂျာ) ဗားနေး (မယ်စယ်ဘော်ရနီ) က မှတ်တမ်းတင်ခဲ့ပေသည်။ တစ်ဖန် ဘကြီးတော်ဘုရားလက်ထက်တွင် ရောက်ရှိလာသော အမေရိကန် သာသနာပြုဂျပ်ဆန် (ဆရာ ယုဒသန်) ကလည်း မက္ခရာမင်းသားကြီးသည် ဗုဒ္ဓအယူဝါဒကို ကောင်းစွာတတ်မြောက် ကျွမ်းကျင်သည်ဟု မှတ်ချက်ချပေသည်။ ဤသို့ဖြင့် နိုင်ငံခြားသားတို့၏ လေးစားမှုကိုခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မက္ခရာမင်းသားကြီးကား အမရပူရ ပထမမြို့တည် နန်းတည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် ဒုတိယမြောက် နန်းမိဖုရား သီရိမဟာ ရတနာ ဒေဝီတို့မှ သက္ကရာဇ် ၁၁၅၃-ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ဖြစ်၍ ငယ်မည်မှာ မောင်ပျိုး၊ ဘွဲ့တော် မင်းရဲကျော်စွာ တည်း။ မက္ခရာမင်းသားကြီးသည် ဗန့်ကျီတိုက်များကို ကံကျွေးခံရသည်။ ခမည်းတော် ဗဒုံ မင်းတရားလက်ထက်ကပင် တိုင်းရေးပြည်မှုအစုစုတို့တွင် ပါဝင်ထမ်းရွက်သဖြင့် အဆင့်ဆင့် ချီးမြှင့်‌မြှောက်စားတော်မူခြင်း ခံရ၏။ တူတော်များဖြစ်သော ဘကြီးတော်နှင့် သာယာဝတီမင်း (ရွှေဘိုမင်း)တို့ လက်ထက်များတွင်လည်း ရာထူးဌာနန္တရနှင့် လေးစားခြင်း ခံရသည်။ သို့သော် နန်းတွင်းရေး၌ ပါဝင်နိုင်သော်လည်း မပါဝင်ပေ။ နိုင်ငံရေး အာဏာလုမှု၌ စိတ်ဝင်စားခြင်း မရှိဘဲ ပြည်သူတို့အကျိုးကို ရှေးရှူလျက် အနောက်နိုင်ငံများတွင် တိုးတက် ထွန်းကားနေကြောင်း သိမြင်သည်နှင့်အညီ မြန်မာတို့လည်း ခေတ်မီတိုးတက် မျက်စိပွင့်လာအောင် နှလုံးရည်ဖြင့် စွမ်းဆောင်သူဖြစ်၏။ ဗားနေး၏ မှတ်တမ်းအရ မက္ခရာမင်းသားကြီးသည် မစ္စတာရောဂျာဟု အမည်ရှိသော ဗြိတိသျှလူမျိုး ကုန်သည်တစ်ဦးထံမှ အင်္ဂလိပ်စာကို သင်ယူတတ်မြောက်သည်။ မက္ခရာမင်းသားကြီးသည် သိပ္ပံလောကဓာတ်ပညာကို လက်ခံယုံကြည်၍ စိတ်ဝင်စား၏။ စာပေအနုပညာကိုလည်း စိတ်ဝင်စား၏။ မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်းတစ်စုံကို မစ္စတာလိန်း ဆိုသူထံမှတစ်ဆင့် ကာလကတ္တားမြို့မှရရှိ၏။ ယင်းစွယ်စုံကျမ်းကို ဖတ်ရှုလေ့လာ၏။ ထိုပြင် မူရင်းသမ္မာကျမ်း၊ ဆရာယုဒသန် ပြန်ဆိုထားသော သမ္မာကျမ်း၊ ဂျွန်ဆင်၏ အဘိဓာန်တို့ကိုလည်း ဆောင်ထား၍လေ့လာ၏။ ရီး၏ စွယ်စုံကျမ်းမှ သိပ္ပံပညာဆိုင်ရာ အကြောင်းရပ်အချို့ကို မြန်မာဘာသာ သို့ ပြန်ဆို၏။ နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ကို တွက်ချက်နည်း အကြောင်းနှင့် မိုးသီးများဖြစ်လာပုံ အကြောင်းဖြစ်သော သိပ္ပံပညာအကြောင်းရပ် ၂ ခုကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၍ မစ္စတာလိန်းထံသို့ ပေးပို့၏။ အင်းဝမြို့ နေပြည်တော်တွင် မစ္စတာလိန်း လာရောက်နေထိုင်ခိုက် မစ္စတာလိန်းနှင့် တွဲဖက်၍ အင်္ဂလိပ် မြန်မာ အဘိဓာန်ကျမ်းကို ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၅ ပြည့်နှစ်အထိ ၅ နှစ်တိုင် ကြိုးပမ်းပြုစုခဲ့သည်။ ယင်းအဘိဓာန်သည် ရခိုင်တိုင်း၊ တနင်္သရီတိုင်းတို့တွင် အုပ်ချုပ်နေသော ဗြိတိသျှအရာရှိများနှင့်တကွ တိုင်းရင်းသားများအတွက်သာမက အင်္ဂလိပ်စာ သင်ကြားတတ်မြောက်လိုသော မြန်မာ့လက်အောက်ခံ တိုင်းရင်းသားများအတွက်လည်း အထူးအသုံးဝင် အဖိုးတန်ပေလိမ့်မည်ဟူ၍ ဗားနေးက ယင်းအဘိဓာန်ကျမ်းနှင့် စပ်လျဉ်း၍ ကာလကတ္တားအစိုးရထံသို့ ပေးပို့သော စာချွန်တော်တွင် မှတ်ချက်ချလေသည်။ ယင်းအဘိဓာန်ကို ခရစ် ၁၈၄၁ ခုနှစ်တွင် ကာလကတ္တားမြို့ရှိ သာသနာပြု စာပုံနှိပ်တိုက်၌ ပုံနှိပ်ထုတ်ဝေသည်။ အဘိဓာန်မှာ ဒီမိုင်းဆိုက်ကြီးဖြင့် ပုံနှိပ်ထုတ်ဝေ ၍ စာမျက်နှာ ၁ မှ ၄၆ဝ အထိ အတော်ပင် ကျယ်ဝန်းလေသည်။ မက္ခရာမင်းသားကြီး၏လက်ရာ စာအုပ်ကြီးကို ယခုတိုင် မျက်မြင်ထင်ရှား တွေ့ရပေသေးသည်။ မက္ခရာမင်းသားကြီးသည် တစ်ခါသော် ဗားနေးနှင့် စကားလက်ဆုံကျ၍ ဆွေးနွေးကြသည်တွင် တစ်နာရီကျော်ကျော် အချိန်အတွင်း၌ ဗားနေအား မိမိသိလိုသော ပုစ္ဆာပေါင်းများစွာ မေး၏။ သို့တိုင်အောင် မက္ခရာမင်းသားကြီး သိလိုသမျှ၏ အပုံတစ်ရာလျှင် တစ်ပုံမျှပင် ရှိဟန်မတူဟူ၏။ မက္ခရာမင်းသားကြီး သိလိုသောအကြောင်းများကား လန်ဒန်မြို့၊ ကာလကတ္တားမြို့၊ အင်းဝမြို့၊ ဗန်ကောက်မြို့တို့ တည်ရှိရာ လတ္တီတွဒ်၊ လောင်တီတွဒ်များ၊ နောက်ဆုံးပေါ်ခဲ့သော ကြယ်တံခွန်၊ ဗရိုမီတာ၊ သာမိုမီတာတို့၏သတ္တိများ စသော တိကျသော သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းတို့ဖြစ်၏။ မက္ခရာ မင်းသားကြီး၏ အခန်းတွင်းရှိ စာတိုက်၌ ရီး၏ စွယ်စုံကျမ်း၊ သမ္မာကျမ်းမူရင်း၊ ဂျွန်ဆင်၏ အဘိဓာန်၊ ဆရာ ယုဒသန် ပြန်ဆိုထားသော သမ္မာကျမ်း စသည်တို့ကို ကောင်းမွန်စွာ သိမ်းဆည်းထား၍ အားလုံးကို သေချာစွာ ဖတ်ရှုပြီးဖြစ်ကြောင်း ပြောပြ၏။ သူ၏ အခန်းတွင်း၌ ဗရိုမီတာနှင့်သာမိုမီတာတို့ကို ချိတ်ဆွဲထား၏။ မက္ခရာမင်းသားကြီးသည် ခရစ် ၁၈၃၁ ခုနှစ်တွင် သင်္ချာပညာရပ် တစ်မျိုးဖြစ်သော လော့ဂရစ်သမ်ကိုလည်း ဆည်းပူးသင်ယူခဲ့သည်။ အက္ခရာသင်္ချာကို တတ်လို၏။ အင်းဝနေပြည်တော်သို့ ကိုယ်စားလှယ်တော် ဗလန်ဒယ် ရောက်လာသောအခါ မက္ခရာ မင်းသားကြီးအား အက္ခရာသင်္ချာ သင်ပေးမည်ဟု ဆိုသော်လည်း လွှတ်တော်နှင့် အခြားမှူးမတ်များ အထင်လွဲမည်စိုး၍ မသင်ယူခဲ့ပေ။ ဗားနေးသည် မင်းသားကြီး၏ ကျယ်ဝန်းသော ဗဟုသုတ ကိုလည်းကောင်း၊ ပညာများကို ငတ်မပြေ သောက်သုံးလိုသော ဆန္ဒကိုလည်းကောင်း၊ ဉာဏ်ပညာထက်မြက်ပုံကို လည်းကောင်း အံ့ဩ၍လေးစားကာ၊ မြန်မာနိုင်ငံတွင် မိမိတွေ့ဖူးသူများအနက် အထူးခြားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဘင်္ဂလားသို့ အလည်အပတ် မရောက်နိုင်သည်မှာ စိတ်မကောင်းဖွယ် ဖြစ်ကြောင်းတို့ကို မှတ်တမ်းတင်သွားပေသည်။ မက္ခရာမင်းသားကြီးသည် စာပေပရိယတ္တိတွင်သာ မကဘဲ ပေါင်းသင်းဆက်ဆံရာ၌လည်း ပြေပြစ်၏။ အင်းဝနန်းတော်တွင်း၌ မငြိမ်မသက်ရှိ၍ သာယာဝတီမင်းသား ပုန်ကန်စဉ်အခါက ပြေငြိမ်းမှုအတွက်စေ့စပ်ရာ၌ ကုန်းဘောင်ရွှေဘိုမြို့ တူတော် သာယာဝတီမင်းသားထံ မက္ခရာမင်းသားကြီးပင် အဖွဲ့ကို ခေါင်းဆောင်သွားပေသည်။ မက္ခရာမင်းသားကြီးသည် သာယာဝတီမင်းသားနှင့် သင့်မြတ်၏။ အင်းဝနန်းတွင်း၌ အရေးပါသော မင်းသားတစ်ပါး ဖြစ်၏။ ဗြိတိသျှ ကိုယ်စားလှယ်တော်တို့နှင့်လည်း အဆင်ပြေစွာ ဆက်ဆံတတ်သူဖြစ်၏။ မက္ခရာမင်းသားကြီးသည် ထိုစဉ်အခါက နန်းတွင်းရေးအာဏာရမှုတွင် မပါဝင်သောကြောင့် အခြားမင်းညီမင်းသားများ တိမ်းပါးပျက်စီး သော်လည်း မက္ခရာမင်းသားကြီးမူကား ကံတော်ကုန်သည်အထိ မယိမ်းမယိုင် တည်ကြည်ခိုင်မာပေသည်။ မက္ခရာမင်းသားကြီးသည် သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ် သက်တော် ၅၇ နှစ်အရွယ်တွင် ကံတော်ကုန်သည်။ ကိုးကား ကုန်းဘောင်ရှင်းတမ်း မြန်မာ့မျက်ပွင့် လိန်း-မက္ခရာ စေတနာ ပထမ မြန်မာများ ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%B9%E1%80%81%E1%80%9B%E1%80%AC%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ဖိုးစိန်၊ ဦး (ဂရိတ်)
ဦးဘိုးစိန် ( မြန်မာ ၁၂၄၄-၁၃၁၅ ) သည် မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသူ တစ်ဦးဖြစ်သည်။ ဦးဘိုးစိန်ကို ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက် တနင်္လာနေ့တွင် မြောင်းမြမြို့နယ် လူဂေါင်းကျွန်း ဌာနအပိုင် ခလောက်သိုက်ရွာ၌ အဘဦးစံဒွန်း၊ အမိ ဒေါ်ရွှေရုပ်တို့မှ ဖွားမြင်သည်။ ဖွားမြင်ရာ ခလောက်သိုက်ရွာကို အကြောင်းပြု၍ ငယ်မည် မောင်သိုက်ဟု တွင်သည်။ မိခင်ရော ဖခင်ပါ မြေဝိုင်းခေတ် မင်းသမီးမင်းသားကြီးများ ဖြစ်သည်။ ဦးဘိုးစိန်၏ မွေးချင်း မောင်နှမတို့သည် မင်းသမီး၊ မင်းသား၊ ဇာတ်သမားများပင် ဖြစ်သည်။ ဦးဘိုးစိန်၏ အစ်မကြီး မသက်ပု၊ ယောက်ဖ ကိုအောင်မင်း၊ အစ်ကို ကိုကြာယုံတို့သည် ထိုခေတ်က မင်းသမီး မင်းသားများ ဖြစ်ကြသည်။ ချစ်စရာရေမွှေး ဟူသော အမည်တွင်သည့် နာမည်ကျော် မင်းသား ကိုချစ်စရာသည် ဦးဘိုးစိန်၏ အစ်ကို ကိုကြာယုံဖြစ်သည်။ သက် ၇ နှစ်အရွယ်မှစ၍ မောင်ဘိုးစိန်သည် ကျုံပျော်မြို့ ဦးနန္ဒိယကျောင်း၌ ပညာဆည်းပူးရာ ၁၂ နှစ် သားအထိ ဖြစ်သည်။ တစ်ခါတစ်ရံ အကခုန်များရှိသောခါ မောင်ဘိုးစိန် ကလေးအား သင်ကြားပြသ၍ ပါဝင်ကပြ စေသည်။ ပညာသင်နေခိုက်ပင် အစ်မဖြစ်သူ မင်းသမီးကြီး မစိန်တုပ်နှင့် ဦးရီးစမ္ပယ်ညွန့်တို့ဇာတ်ထဲတွင် လင်းကွင်းတီးမှအစ ဆိုင်းနောက်ထ အဖြစ်အထိ ဝင်ရောက်အမှုထမ်းခဲ့ရသည်။ ညီဖြစ်သူ၏ သဘင်ဝါသနာကို ရိပ်မိသော အစ်ကို ကိုကြာယုံသည် ဘိုးစိန်ကလေးအား ညောင်တုန်းမြို့မှ ကျုံပျော်မြို့သို့ ဇာတ်ကရန် ရောက်လာသော ဆိုင်းဆရာ ဦးစံချိန်ထံတွင် ပညာသင်ရန် အပ်နှံလိုက်သည်။ ထိုအခါမှစ၍ မောင်သိုက်ဟူသော ငယ်မည်မှ မောင်စိန်ဟူသော အမည်သို့ပြောင်းသည်။ ဦးစံချိန်ထံတွင် ရှေးဦးစွာ ဝါးလက်ခုပ်တီးရ၍ မကြာမီပင် လင်းကွင်းကြီးနှင့် ဝါးလက်ခုပ်ဖက်၍ ကိုင်နိုင်လာသည်။ အားလပ်သည့်အခါတွင်လည်း ကြေးနောင်ဝိုင်းထဲဝင်၍ တီးယင်း ဆိုင်းပါ တီးတတ်လာသည်။ ရပ်ရွာဘုရားပွဲများ ရှိသည့်အခါ အရပ်ဇာတ်မင်းသားအဖြစ် ဝင်ရောက်ကပြရသည်။ ကျုံပျော်မြို့ မြတ်ချမ်းသာ ဘုရားပွဲတော်တွင် ဘုရားလူကြီး ဦးစံဦးက ညောင်တုန်းမြို့မှ အငြိမ်းမင်းသမီး မစိန်ခင်နှင့် ဘိုးစိန်ကလေးအား တွဲဖက်ကစေရာ၊ နာမည်ရမင်းသမီးကိုပင် မီအောင်ကနိုင်သောကြောင့် နာမည်ပို၍ ထွက်လာသည်။ ထိုအချိန်က ဘိုးစိန်ကလေးသည် ၁၂ နှစ်သားသာ ရှိသေးကြောင်းကို လက်တစ်သစ်ကယ်မှ မကြွားပါဘူး၊ ၁၂ နှစ်သားရယ်က မင်းသား ဖြစ်တယ်တဲ့ကွယ် ဟု သူ့သီချင်းထဲတွင် ထည့်၍ ဆိုထားလေသည်။ ထိုအချိန်က ရှင်ပင်မပြုရသေးချေ။ ၁၂၅၈ ခုနှစ်တွင် သာမဏေ ဝတ်ပြီးနောက် လူထွက်သောအခါ အစ်ကိုဖြစ်သူ ထောင်သော ဇာတ်အဖွဲ့တွင် မောင်ဘိုးစိန်သည် အကူအညီ ဇာတ်ဆရာဖြစ်လာသည်။ ယင်းဇာတ်ဖွဲ့တွင် ကံကြီးဒေါင့်သူ မင်းသမီး မမြညွန့်နှင့် တွဲဖက်၍ ခေါင်းဆောင်မင်းသားအဖြစ် ကခဲ့ရသည်။ ၁၆ နှစ်သားအရွယ်တွင် မင်းသမီး မမြညွန့်နှင့် အကြောင်းပါသည်။ သဘင်ပညာဆက်လက် မကြိုးစားနိုင်မည် စိုးသဖြင့် ဆွေမျိုးများက မမြညွန့်နှင့် ခွဲသည်။ ထို့နောက် အစ်ကိုဖြစ်သူ ဦးချစ်စရာမ မန္တလေးမြို့တွင် သဘင်ပညာဆည်းပူးရန်ခေါ်သွားရာ တွဲဖက်ကရန် မင်းသားကောင်း အရှာထွက်လာကြသော ဆင်ဖြူကျွန်း ဆရာအေး၊ ယောက်ျားမင်းသမီး အောင်ဗလတို့နှင့် ဘိုးစိန်တို့အစမ်းတစ်ပွဲ တွဲဖက်ကပြသောအခါ၊ ပရိသတ်အလွန်ကြိုက်လေသည်။ ဘိုးစိန်နှင့် အောင်ဗလတို့သည် ၁၂၆ဝ ပြည့်နှစ်မှ ၁၂၆၅ ခုနှစ်အထိ ၅ နှစ်နီးနီး တွဲဖက်ကပြရာမှာ ဘိုးစိန် အောင်ဗလ ဟူသော အမည်သည် တောရောမြို့ပါ ထင်ရှားလာသည်။ သူတို့၂ ဦး တွဲမိမှပင် ဘိုးစိန် ရန်ကုန်ရောက်လာသည်။ ၁၂၆၅ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၂၆၉ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။ ဦးစိန်နှင့် ဒေါ်ကြင်ယုံတို့တွင် သားသမီး ၇ ယောက်ရှိသည့်အနက် သားများဖြစ်သော ကနက်စိန်၊ ကိုစန်ကြိုင်နှင့် တသက်စိန်တို့သည် ဘခင်၏ သဘင်ပညာ မတိမ်ကောစေရန် စိန်မဟာ သဘင်အဖွဲ့ကြီးကို ဆက်လက် ကပြနေကြသည်။ ဦးဘိုးစိန် သည် ၁၃၁၅ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်နေ့တွင် အသက် ၇၁ နှစ်အရွယ်၌ ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန်သည်။ မကွယ်လွန်မီ၊ လွတ်လပ်ရေးရပြီး နောက်တစ်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ဦးဘိုးစိန်အား ဝဏ္ဏကျော်ထင်ဘွဲ့ဖြင့် ချီးမြှင့်သည်။ ဗြိတိသျှ အစိုးရလက်ထက် ပထမကမ္ဘာစစ်ကြီးတွင်းကလည်း ကြက်ခြေနီ သူနာပြုတပ် ရန်ပုံငွေအတွက် ကပြကူညီသည်ကို ဂုဏ်ပြုသောအားဖြင့် တီ၊ ပီ၊ အက် (စ) ခေါ် တိုင်းကျိုးပြည်ပြု ကျိုးဆောင်ဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ ဦးဘိုးစိန်သည် ဗုဒ္ဓစာပေ၌ နှံ့စပ်သည်။ ဗဟုသုတ ကြွယ်ဝသည်။ ဗုဒ္ဓတရားတော်ကို လူအများဆုံး အလွယ်တကူ နားလည်သဘောပေါက်အောင် ဝါဒဖြန့်ရန်လည်း စေတနာအလွန်ထက်သန်သည့် အလျောက်၊ သီချင်းဆိုရာ၌ပင် ပါမ္ဗိပါဌ်သား တရားစကားများကို ထည့်၍ ဆိုတတ်သည်။ တရားမသိဘဲ သဘင်လုပ်ခြင်းသည် တဏှာသက်သက် အားပေးခြင်း ဖြစ်သည်ဟု ယူဆသော ဦးဘိုးစိန်သည် သဘင်ပညာကို အနုပညာမြောက်အောင် ပြုရုံသာမက၊ တရားအနှစ်သာရ ပါအောင်လည်း အားထုတ်သည်။ ဦးဘိုးစိန်တို့ ဇာတ်စကစဉ်က ဇာတ်သဘင် လောကတွင် ချင်းဖဝေး၊ ချင်းရွှေလုံး၊ ဆင်ကဲဘို့မယ်၊ ကံသဒေဝကြည် လက်ခြောက်ဘက်စသော ဒဏ္ဍာရီဇာတ်များ ကို အကများသော်လည်း ဦးဘိုးစိန်သည် ဇာတ်နိပါတ်တော်များကို ကပြလျှင် အပြစ်ရှိမရှိ၊ မန်လည်ဆရာတော် ဘုရားကြီးအား မေးလျှာက်ပြီးနောက် တရားပြသည့် သဘောနှင့် ကလျှင် အပြစ်မရှိကြောင်း အဆုံးအဖြတ် ပေးသည်နှင့် ဒဏ္ဍာရီများကိုစွန့်ကာ၊ ဇာတ်နိပါတ်များကို ချည်းကသည်။ ပထမကသည့် ဇာတ်မှာ ဝိနည်းတော်မှ ရှင်သုဒိန်ဇာတ်ဖြစ်သည်။ ဦးဘိုးစိန်၏ ဇာတ်ကို ကြည့်မြင်ရသော ဆရာတော်အချို့က တရားဟောသည်ထက် ဘိုးစိန် ကပြသည်ကပို၍ ထိရောက်ကြောင်း မိန့်မြွက်ကြသည်ဟု ဆိုလေသည်။ ဦးဘိုးစိန်တွင် ထူးခြားသော သူပိုင်ဟန်ရှိသည်။ ထိုဟန်ကို လူကြိုက်များသည်။ ရှေးဆိုဟန် ဆိုနည်းတို့ဖြင့် မရောင့်ရဲဘဲ၊ ယင်းတို့ကို အခြေခံ၍ ဟန်သစ် ဖန်တီးလေ့ရှိသည်။ သီချင်းများကို နိုင်ငံခြားသံယူ၍ စသုံးသူမှာလည်း ဦးဘိုးစိန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံခြားသံကို ငုံယူပြီးနောက် မြန်မာအသံထဲသို့နားဝင်ချိုအောင်၊ မထောင့်အောင် ပြုပြင်သွင်းယူသည်။ ဦးဘိုးစိန်သည် ငိုချင်းဆို၌လည်း တစ်မူထူးသူဖြစ်သည်။ အထူးသဖြင့် ပတ်စာပိုးငို၊ သို့မဟုတ်တစ်ပေါက်တင်ငိုသည် ဦးဘိုးစိန် စထွင်သည့် ငိုချင်းဖြစ်သည်ဟု ကျော်ကြားသည်။ ဆွဲမြညှာ ငယ်လေခွဲရမှာ တဖေလွမ်းပါဘိ၊ ငွေစန်းယုန်စန္ဒီသို့၊ ပုံဟန်ချီလဲ့လဲ့သင်းငယ်ကြောင့် အစချီသော လေးချိုးကို လည်းကောင်း ပတ်စာပိုးငိုဟန်သစ်ဖြင့် ဆိုလေရာ ပရိသတ်များစွာ စွဲလမ်းနှစ်သက်သည်။ ဇာတ်ခုံပေါ် ၅ ပေါက် သံဖြင့် ရှေးက သီချင်းဆိုရိုးရှိခဲ့သော်လည်း ၆ပေါက်သံဖြင့် စထွင်သီဆိုသူမှာ ဦးဘိုးစိန် ဖြစ်သည်။ မဲဇာတောင် ခြေပတ်ပျိုးမှ ၆ ပေါက်သံကို ဦးဘိုးစိန် စယူလေသည်။ အဆိုပိုင်ရုံသာမက ဦးဘိုးစိန်သည် သံလည်းသာသည်။ အသံကိုသာအောင်၊ စိတ်နေသဘာဝနှင့် လိုက်လျောအောင် နေရာနှင့်နေရာ သွင်းသွားတတ်သူ ဖြစ်သည်။ ပိုးခန်းပန်းခန်း၌ ထေ့သံ၊ ငေါ့သံ၊ ထသံ၊ ညုသံ၊ ဆွေးသံများ သွင်းနိုင်သည်။ အသံကောင်းရုံသာမဟုတ်၊ အပြောလည်း ပိုင်သူဖြစ်သည်။ ဇဝနဉာဏ်ထက်သူ ဖြစ်သည့်အလျောက် ခဏခြင်း၌ပင် လိုရာကို စီကာပတ်ကုံး ပြောလိုက်ဆိုလိုက် လုပ်နိုင်သည်။ နာရီဝက် ၄၅ မိနစ် အမျှင်မပြတ်အောင် ပြောပြီးနောက်မှ သီချင်းကို ဖြတ်ထားသောနေရာမှ ပြန်ကောက်ဆိုနိုင်သူ ဖြစ်သည်။ အပြောတွင် ဦးဘိုးစိန်ကို မီသူမည်သည့် ဇာတ်မင်းသားမျှ ယခုတိုင် မပေါ်သေးချေ။ ဦးဘိုးစိန်သည် အဆိုအပြော၌ သာမက၊ အက၌လည်း ထွင်သူဖြစ်သည်။ မင်းသမီး တစ်လက်သာမဟုတ်၊ ၂ လက် ၃ လက်နှင့် တွဲကသည်မှာလည်း ဦးဘိုးစိန်အစ ဖြစ်သည်။ အနောက်နိုင်ငံ ခြေကကို အတုခိုး၍ နရီစည်း ပိုကျအောင် ထွင်ယူသည်။ လူဟန်အလှ၊ ကိုယ်ခါးပခုံးတို့ကိုလည်း မြန်မာပီအောင် ဖြည့်စွက်ပေးရာ၊ ဘိုးစိန်ခြေက ဟူ၍ပင် ဇာတ်သဘင်လောကတွင် ထင်ရှားလာသည်။ မြန်မာအကရိုးရိုးတွင် ဘိုးစိန်သည် ခြေကို နောက်ထိုး၍ကသည်။ ယခုခေတ်အရပ်သူ အရပ်သားများက စ၍သင်လျှင် သင်ချင်းခြေကို နောက်ထိုး၍ ကခြင်းသည် ဘိုးစိန်စကသော အကဖြစ်သည်။ သစ္စာထားခန်းတို့၌ တီးလုံးနှင့် အကိုက်၊ ဒူးကြိုး၊ ပေါင်ကြိုး၊ လက်ကြိုး၊ ခေါင်းကြိုးတို့ဖြင့် ထထကြွကြွ ခြေမြှောက်လက်မြှောက်၊ ခုန်က၊ လက်မြှောက်က၊ ပရိသတ် အာရုံ မပြတ်အောင် ကကြိုးတစ်ပုဒ်ဆို ဆိုသလောက် ကခုန်စွမ်းနိုင်အောင် အရည်အချင်းရှိသည်။ ယင်းအကကိုပင် ဇာတ်သမားများ အတုခိုး၍ ဘိုးစိန်အကဟု ဆိုကြသည်။ မင်းသမီး ၁၂ ယောက်၊ ၁၆ ယောက်၊ အယောက် ၂ဝ စသည်နှင့် ယိမ်းဟူ၍ စသည်မှာလည်း ဦးဘိုးစိန် ထွင်မှုဖြစ်သည်။ အင်္ဂလိပ် ကပြားမကလေးများကိုပင် ယိမ်းသမ အဖြစ် ငှား၍ကသည်။ အက၌သာမဟုတ် အပြဘက်၌လည်း ဦးဘိုးစိန်သည် ကောင်းသူဖြစ်သည်။ သူ့လက်ထက်ကျမှ ဇာတ်ခုံပေါ်တွင် အဆောင်အယောင် ဟိတ်ဟန်ဆန်းပြားလာသည်။ ဇာတ်ခုံပေါ်၌ ရေနံဆီမီးတိုင်ထွန်း၍ ကရာမှ လသာမှန် အိမ်၊ လျှပ်စစ်ဓာတ်မီး စသည်ဖြင့် စ၍ထွန်းသူမှာ ဦးဘိုးစိန်ဖြစ်သည်။ ဘိုးစိန်တို့ကတော့ ဖန်သီးကတောင် မီးထတောက်အောင် လုပ်နိုင်သဟေ့ ဟု ရင်အပ်အံ့ဩရသည်အထိ ဖြစ်သည်။ ဇာတ်ကွက်နှင့် လိုက်အောင်လည်း မီးအလင်းအမှောင် ပြုပြင်ပေးသည်။ အဝတ်အစားကိုလည်း လှသည်ထက်လှ၍ ပရိသတ် စွဲသည်ထက် စွဲအောင် မင်းသမီး မင်းသား ဆင်တူဝတ်သည့် အလေ့ကို ဦးဘိုးစိန်ပင် စထွင်သည်။ လူရွှင်တော်များအား တိုက်ပုံ အကျ၊ ခေါင်းပေါင်းစသည်တို့နှင့် ဆင်ပေးကာ အပြကို အရေးပေးခဲ့သည်။ ဇာတ်သဘင်လောကတွင် ဦးဘိုးစိန်သည် ဇာတ်ဆောင်လှုပ်ရှားမှု၊ သီချင်းအဆိုအက၊ အပြော၊ ဇာတ်ခန်း၊ ဇာတ်ကွက်၊ အဆင်အပြင်၊ မီးအယူအဆ စသည်ဖြင့် အများအပြား တီထွင်ခဲ့သဖြင့် ဦးဘိုးစိန်အား သဘင့် ဥသျှောင်အဖြစ် ဥဒေါန်းတွင်စေသည်။ နာမည်ကျော် ဇာတ်မင်းသားကြီးများ ဖြစ်ကြသော ဦးစိန်အုပ်၊ အီနောင် ဦးစံတုပ်၊ ဦးစိန်ကတုံးတို့နှင့် အပြိုင်ကရသည့်ကြားမှပင် ဦးဘိုးစိန်၏ နာမည်မသေဘဲ ကျော်သည်ထက် ကျော်လာခြင်းမှာ ဦးဘိုးစိန်သည် အမျိုးသား အနု ပညာကို ထိန်းရုံမက နယ်ကျယ်အောင် တိုးချဲ့နိုင်သူ ဖြစ်ခြင်းကြောင့်ဟု ဆိုရပေမည်။ သဘင်သည် ကလေးများသည် ဦးဘိုးစိန် ကပြီးသော ဇာတ်ထုပ် ဇာတ်ကွက် ငိုချင်းများကို ရိုသေစွာ လာရောက် တောင်းယူကာ၊ မိမိတို့မြို့ရွာရောက်သောအခါ ကိုဘိုးစိန် ကပြသော မည်သည့်ဇာတ်ကို ယနေ့ကမည် ဟု ကြော်ငြာလိုက်လျှင် ရုံလျှံအောင် စည်လှသည်ဟု ဆိုကြသည်။ မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန်သည် မြန်မာပြည်တွင် အဘယ်မျှရေပန်းစားခဲ့ကြောင်း သက်သေပြချက်တစ်ခုမှာ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် နာမည်တွင်သွားခဲ့ခြင်းပင်ဖြစ်သည်။ ရုပ်ရည်ချောမောလှပခါ အချိုးအဆစ်ကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဦးဘိုးစိန်သည် အဆိုကောင်း၊ အကကောင်း၊ အပြောကောင်း စသည်ဖြင့် ဘက်စုံထူးချွန်သူ တဦးဖြစ်သည်။ သူသည် ရိုးရာမြန်မာအကကို ကျွမ်းကျင်နိုင်နင်းသည်နှင့် အားမရ၊ ကနည်း ကကွက် အသစ်အဆန်း တို့ကို တီထွင်နိုင်ရန် ရောက်လေရာတွင် အမြဲလေ့လာတတ်သူ ဖြစ်သည်။ ထိုအချိန်က မြန်မာ အကသည် လက်ကိုသာ အဓိက အသုံးပြုကြောင်း ဦးဘိုးစိန်က သုံးသပ်မိသောအခါ၊ မြန်မာနိုင်ငံရောက် ကပ္ပလီလူမျိုးတဦးထံမှ တစ်နာရီလျှင် ရွှေဒင်္ဂါး တစ်ပြားပေး၍ ခြေက (Tap dance) ကို သင်ယူပြီး၊ မြန်မာခြေက အဖြစ် ပြန်လည် တီထွင်ဖန်တီးခဲ့သည်။ ထို့အပြင် ရုပ်သေးမင်းသားရုပ်အကကိုကြည့်ပြီး သွက်လက် ဖျတ်လတ်သော ကနည်း ကဟန်တို့ ပါဝင်သည့် အရုပ်ကြိုးက ကို ဖန်တီးခဲ့၏။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့သို့ရောက်စဉ် အင်္ဂလိပ်ကပွဲတခု၌ မိန်းကလေးများ ပြိုင်တူ ယိမ်းနွဲ့ကနေကြသည်ကို ကြည့်ပြီး မြန်မာနိုင်ငံတွင် ယိမ်းအကကို တီထွင်ခဲ့သည်။ ဦးဘိုးစိန်သည် သူ့ခေတ်တွင် ဇတ်သဘင်ကရာ သမားရိုးကျ ပေါက်ကျိုင်းဇာတ်၊ ဖာတစ်လုံး ခေါင်းကျား ဇာတ် စသည့် ဒဏ္ဍာရီ၊ ရာဇဝင်၊ သိုက်သမိုင်း ဇာတ်တို့နှင့်ပဲ မတင်းတိမ်နိုင်ခဲ့ ။ ဇာတ်နိပါတ်များကိုပါ ကပြခဲ့သည်။ ထို ဇာတ်နိပါတ်များကို ထည့်သွင်းကပြရသည့် နောက်ထပ်အကြောင်းရင်းမှာ သူ၏ ဒဏ္ဍာရီ၊ ရာဇဝင်၊ သိုက်သမိုင်း ဇာတ်များသည် အလွန်သက်ဝင်ထင်ရှားလှသောကြောင့် မဖြစ်သင့်သော နောက်ဆက်တွဲများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။ ဥပမာ - - ထိလပ် -ပိုးဥ မည်သော ကိုယ်ပျောက်အတတ်တတ်ရန် ဇနီးသည်၏ ဗိုက်ကိုခွဲ၊ ဝမ်းထဲမှကလေးကို အရှင်လတ်လတ် မီးကင်စားသော ဇာတ်ကို ဦးဘိုးစိန် ကပြသည်မှာ သရုပ်ပါလွန်းသဖြင့်၊ မှောင်အင်းရှိ ရွာတရွာမှ လူတယောက်သည် ထိုသို့ တကယ်လက်တွေ့ပြုကျင့်သောကြောင့် ထောင်ကျသွားခဲ့လေသည်။ ထိုစဉ်မှစ၍ ဦးဘိုးစိန်သည် ထို ထိလပ် - ပိုးဥ ဇာတ်ကို မကတော့ချေ ။ ထို့အပြင် လူတို့အား အကျိုးပြုစေမည့် ဘုရားဟော ဇာတ်နိပါတ်များကိုသာ အလေးထား ကပြခဲ့သည်။ ထိုဇာတ်တော်များကို ကြည့်ရသော ဆရာတော်အချို့က“ဘိုးစိန် ဇာတ်နိပါတ်ကို ကပြတာဟာ တို့ တရားဟောတာထက် ပိုပြီးတောင် ဇာတ်တော်ကို ကွက်ကွက်ကွင်းကွင်း အရုပ်သဏ္ဌာန်နဲ့ မြင်အောင် ပြနိုင်တယ်” ဟု မိန့်ကြားခဲ့ကြသည်။ ကကွက် နှင့် ဇာတ်များကို တီထွင်ရုံသာမက ဇာတ်ခုံကိုလည်း အမျိုးမျိုး ပြောင်းလဲဖန်ဆင်းတတ်သည်။ သူ့ခေတ် ဇာတ်ခုံများတွင် သုံးလေ့ရှိသော လသာ မှန်အိမ်များသုံးရသည် အားမရဘဲ၊ အောက်လင်းဓာတ်မီး၊ လျှပ်စစ်ဒိုင်နမို ဖြင့် ဓာတ်မီးများ ထွန်းခါ ဇာတ်ခုံကို ပထမဆုံး တန်ဆာဆင်ခဲ့သည်။ သူ၏ ဇာတ်ခုံ တီထွင်မှုများသည် ပရိသတ်အား အလွန် ဆွဲဆောင်နိုင်စွမ်းရှိခဲ့လေသည်။ တခါ နှစ်ပါးသွားအကကို လျှပ်စစ်ဓာတ်မီးဖြင့် အလှပြကစား ကပြဖျော်ဖြေရာ အမြင့်ပေါ်မှ ထိုင်ကြည့်နေသော ပွဲကြည့်ပရိသတ်တယောက်က အလွန်သဘောကျပြီး စိတ်လွတ် ကိုယ်လွတ် အားပေးလိုက်ရာ၊ နောက်ပြန် ပက်လက်လန်ပြီး နောက်ဘက်ရှိ ဝင်းထရံ အချွန်များပေါ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟုပင် ဆိုကြလေသည်။ အဆိုလည်းကောင်းသော ဦးဘိုးစိန် စပ်ဆိုထားသော သီချင်းများကို လယ်သမား၊ ယာသမား၊ အလုပ်သမားများက လယ်လုပ်ရင်း၊ ယာလုပ်ရင်း၊ အလုပ်လုပ်ရင်း သီဆိုခဲ့ကြသည်။ မြန်မာသီချင်းများကိုသာမက အင်္ဂလိပ်သီချင်းများကို နားထောင်ပြီး မြန်မာမှုပြုကာ မြန်မာ့သီချင်းများအဖြစ် တီထွင် စပ်ဆိုခဲ့သေးသည်။ စာအုပ် စာပေ အလွန်ဖတ်သော ဦးဘိုးစိန်သည် စကားပြောကောင်းသူလည်း ဖြစ်သည်။ သူ၏ စကားများသည် ဆွဲဆောင်မှုကောင်းလွန်းသောကြောင့် သူ့ဇာတ်အဖွဲ့မှ စာရေးဆရာများသည် သူ့စကားများကို ရေးမှတ်ထားပြီး သီချင်းစပ်ဆိုသည်အထိ ဖြစ်သည်။ ဦးဘိုးစိန် လက်ထက်တွက် ဇာတ်သဘင်ကို လူမျိုးမရွေး (မြန်မာ၊ တရုတ်၊ ကုလား၊ ပသျှူး၊ အင်္ဂလိပ် မျက်နှာဖြူ)၊ တောနေ မြို့နေမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ ကျားမ မရွေး၊ အသက်အရွယ် မရွေး တခဲနက်အားပေးခဲ့ကြသည်။ ဦးဘိုးစိန်၏ စိန်မဟာသဘင် ဇာတ်အဖွဲ့သည် “စလေဒင်” အမည်ရှိ ဦးဘိုးစိန်ပိုင်သော မီးနှစ်ထပ်သင်္ဘောကြီးနှင့် မြို့တကာလှည့် ကပြ အသုံးတော်ခံခဲ့သည်။ ထိုသင်္ဘောကြီးတွင် အင်္ဂလိပ် နှင့် ကပြား အမျိုးသားများကို လက်မှတ်ရောင်း အပေါက်စောင့်၊ သင်္ဘောတာဝန်ခံ စသည့်နေရာများတွင် ခန့်ထားသည်ကို မြင်ရသောအခါ၊ အင်္ဂလိပ်အောက်တွင် ဖိနှိပ်ခံမြန်မာလူမျိုးတို့သည် ဦးဘိုးစိန်အတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်ခဲ့ရ၏။ ချမ်းသာကြွယ်ဝသော ဦးဘိုးစိန်သည် ဘုရားစေတီပေါင်း ၆၈ ဆူ တည်ခဲ့သော ဘုရားဒါယကာကြီးလည်း ဖြစ်ခဲ့ပေသည်။ == ကိုးကား == မြန်မာ သဘင်ပညာရှင်များ
https://my.wikipedia.org/wiki/%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%82%E1%80%9B%E1%80%AD%E1%80%90%E1%80%BA%29
စိန်ဗေဒါ
“ဆိုင်းလောကမှ တစ်ဆူတည်းသော ဘုရား” ဟု ဆိုစမတ်ပြုခံရသော ဆိုင်းဆရာကြီး စိန်ဗေဒါသည် ၁၆ နှစ်သားအရွယ်မှစ၍ ဆိုင်းပညာကို လေ့လာဆည်းပူးခဲ့သည်။ ဂီတအနုပညာပါရမီပါသော ဆိုင်းဆရာကြီးသည် ဆိုင်းတခုတည်းသာမက တခြားသော မြန်မာ တူရိယာများဖြစ်သည့် စောင်း ၊ မိကျောင်း ၊ ပတ္တလား ၊ နှဲ တို့အပြင် အနောက်တိုင်း တူရိယာများဖြစ်သော တယော ၊ ဘင်ဂျို ၊ မယ်ဒလင် ၊ လက်ဆွဲဘာဂျာ ၊ ကောနက် တို့ကိုလည်း ကောင်းစွာ တီးမှုတ်နိုင်သည်။ သီချင်းဆိုလည်း ကောင်းသည်။ ပြိုင်သူရှားသော အခြေအနေတွင် စံနေခဲ့ရသော်လည်း သူသည် မနားမနေ ဆိုင်းပညာကို လေ့ကျင့်ခဲ့၏။ တချို့က “... ဘယ်သူမှလည်း မပြိုင်နိုင်ပါဖူး ၊ ဒီလောက် လေ့ကျင့်နေဖို့ မလိုပါဖူး” ဟု ပြောလာသောအခါ ၊ ဆိုင်းဆရာကြီး စိန်ဗေဒါက ဤသို့ ဖြေကြားခဲ့သည် - - “ကျုပ်က တခြားသူနဲ့ ပြိုင်ဖို့ လေ့ကျင့်တာ မဟုတ်ပါဘူး ၊ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့ လေ့ကျင့်နေတာပါ။ မနေ့က စိန်ဗေဒါကို သည်နေ့ စိန်ဗေဒါက ချိုးနိုင်ရမယ် ။ သည်နေ့ စိန်ဗေဒါကို နက်ဖြန် စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ ။” သူသည် ဂီတပညာကိုဆည်းပူးရာတွင် မည်သူ့ထံမှမဆို တောင်းခံရန် ဝန်မလေးပေ ။ လမ်းဘေး ပိုက်ဆံတောင်းစားရသော မျက်မမြင် ပတ္တလား နှင့် တယောဆရာတို့ထံမှ ဂီတပညာကို ဆည်းပူးသင်ယူခဲ့သည်ဟူ၍ အမှတ်အသားများပင် ရှိသေးသည်။ သူသည် နိုင်ငံရပ်ခြားဖြစ်သည့် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် သို့ ပထမဦးဆုံး သွားရောက်ရကာ ၊ ရတနာဂီရိတွင် စံနေသော သီပေါမင်း၏ တိုက်သစ်တက် မင်္ဂလာပွဲတွင် တီးမှုတ်ပေးခဲ့သည်။ နောက်တကြိမ် သီပေါမင်း၏ သမီးတော်များ နားသမင်္ဂလာပွဲတွင် စိန်ဗေဒါ ဆိုင်းအဖွဲ့၏ လက်စွမ်းကို ဘုံဘိုင် ဘုရင်ခံ ဆာဂျော့ကလပ် နှင့် အိန္ဒိယပြည်ရှိ အနောက်တိုင်း ဘင်ခရာတီးဝိုင်းသားများကပါ အံ့ဩချီးကျူးခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် အနောက်တိုင်း ဘင်ခရာတီးဝိုင်းမှ တီးလုံးတိုင်းကို ဆိုင်းအဖွဲ့မှ နားဖြင့် မှတ်ကာ ၊ တူရိယာ သင်္ကေတများမပါဘဲ ပြန်လည် တီးပြနိုင်ခဲ့သောကြောင့် ဖြစ်သည်။ စိန်ဗေဒါ 'အရှေ့ကို လျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ယင်၊ တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရား လေး လေ ဘုရားကိုမြင်' အစ ရှိသော သီချင်းသံကို မြန်မာလူမျိုးတိုင်းပင် နှစ်ခြိုက်ကြသည်။ ထိုသီချင်းကို သီဆိုသူမှာ မြန်မာ့သဘင်နယ်တွင် အထူးထင်ရှား ကျော်စောခဲ့သော ရွာစားကြီး စိန်ဗေဒါပင်ဖြစ်သည်။ စိန်ဗေဒါ ကို မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် တန်ဆောင်မုန်းလကွယ်၊ သောကြာနေ့တွင် မန္တလေးမြို့ ဆိုးဝင်းရပ်၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ ဘုရင့်အသုံးတော်ခံ ဆိုင်းဆရာကြီးတစ်ဦးဖြစ်သည့် ရွာစားကြီး ဆရာဖေဖြစ်၏။ မိခင်မှာ သီချင်းကြီး သီချင်းခံ၊ ယိုးဒယားပတ်ပျိုး စသည်တို့ကို သီဆိုနိုင်သည့်အပြင် 'မိ ကျောင်း'တူရိယာကို ပိုင်နိုင်စွာ တီးနိုင်သည့် နန်းတွင်းသူ ဒေါ်မမလေးဖြစ်သည်။ ရွာစားကြီးဆရာဖေမှာ သီပေါမင်းလက်ထက်တွင် သိုင်း အလံ ၄ ချက်၊ 'ဘွဲ့ဖြူ' စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဆိုင်းဝိုင်းတစ်စုံ နှင့် ဆိုင်းဝိုင်းအထက်တွင် တပ်ဆင်ရန် ဖန်အိုး (ဖန်ပန်းတိုင်း) များချီးမြှင့်ခြင်းခံရသည်။ ထိုမျှမက သီပေါဘုရင်မင်းမြတ်သည် ဆရာဖေအား 'နေမျိုးကျော်ခေါင်ဘွဲ့'ဖြင့် ပလိပ်မြို့အနီးရှိ ဆီဆုံ ၁ဝ ရွာကို စားစေသည့်အပြင် မန္တလေးမြို့ရှိ (ယခု အမျိုးသား ကျောင်းဝင်းတည်ရာ) မြေကွက်ကြီးတွင် နေထိုင်ခွင့်ပေးတော်မူ သည်။ ယင်းသို့ ဆိုင်းဆရာ ဆရာဖေနှင့် တပည့်လက်သားတို့ နေထိုင်ခဲ့သည်ကို အစွဲပြု၍၊ ရှေးအခါကပင် ထိုနေရာကို 'ဆိုင်း ဝင်း'ဟု ခေါ်ဝေါ်ကြသည်။ ဆရာဖေတွင် သားသမီး၄ယောက် ထွန်းကားခဲ့သည်။ တတိယသားမောင်ကလေးမှာ မြန်မာ့ဆိုင်း ပညာတွင် မြန်မာပြည်၌ ကျော်ကြားခဲ့သော ဖခင် ဆရာဖေနှင့် အစ်ကို ဆရာစိမ့်တို့ကဲ့သို့ ထူးချွန်ကျော်ကြားသူတစ်ဦးဖြစ် သည်။ သမီးနှစ်ယောက်မှာလည်း မိခင်တတ်ကျွမ်းသည့်အဆိုနှင့် မိကျောင်းတီးပညာတို့ကို ကျွမ်းကျင်ကြသဖြင့် 'ငှက်ပျောပင် စိုက်၊ မိလိုက် ဖပါ'ဆိုသကဲ့သို့ မြန်မာ့တူရိယာ အနုပညာရပ် တွင် သားသမီးအားလုံးပင် ပေါက်မြောက်ခဲ့လေသည်။ မောင် ကလေးကား နောင်အခါတွင် ရွာစားကြီး စိန်ဗေဒါဟု ကျော် ကြားသောသူတည်း။ မောင်ကလေးသည် တူရိယာဖက်တွင် အထူးဝါသနာထုံရ ကား၊ ဆွမ်းတော်ကြီးပွဲလှည့်ရာ၌ ၁၂ လုံးဒိုးခေါ် နရီးကို ကြား ရသူတိုင်း အသည်းဘဝင်ကြည်ရွှင်စေအောင် ငယ်စဉ်ကပင် တီး နိုင်ခဲ့သည်။ တစ်ရံရောအခါက မောင်ကလေးသည် မင်းသား ကိုဖိုးကွန်း၊ မင်းသမီးမထွေးလေးတို့ဇာတ်အဖွဲ့နှင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ မောင်ကလေးသည် မင်းသမီး မင်းသား ၂ ပါးမသွားမီ ဆိုင်းဝိုင်းချည်းသက်သက် ပလာတီးပေးရသော 'ပတ်ခံ' တီးစဉ် မိမိ၏ ပညာစွမ်းရည်ကို ထုတ်ဖော်ခွင့်ရရှိလေ သည်။ သူသည် 'ဗေဒါ၊ ဗေဒါ နင့်ဗူးကို ဘယ်သူချဲ့တယ် ပြောဟဲ့ဗေဒါ၊ မိဗေဒါ၊ အသေအချာ ဗေဒါမရယ်က နေရာချပါ လို့ မပြောနိုင်၊ မြတ်ဆရာ အော်ကာငေါက်တယ်၊ ခေါင်းဖောက် ပါလို ဗေဒါမှိုင်--ဗေဒါမှိုင်' ဟူသော သီချင်းကို ဒုန်းကဲကြီး၊ နှစ်ဆစ်၊ တစ်ဆစ်၊ ဗယ်ကျော၊ ဗယ်တေ၊ ဒူးလုံးခေါ်သည့် ပတ်ဝိုင်းကြီးခြောက်လုံးနှင့် နားဝင်ချိုအောင် ပီသစွာ တီးပြနိုင် လေသည်။ သူ၏ လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက် ကာ 'ဗေဒါ မောင်ကလေး'ဟု ခေါ်စမှတ်ပြုကြသည်။ မန္တလေး မြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ မောင်ကလေး၏ ဂုဏ် သတင်းမှာ ပိုမိုသင်းပျံ့ လာပြီးလျှင် 'စိန်ဗေဒါ'ဟု 'စိန်'တစ်လုံး တိုးလျက် ချီးကျူးမှည့်ခေါ်ကြပြန်သည်။ စိန်ဗေဒါသည် ငယ်စဉ်က၊ ကစားခုန်စားဖက်တွင်လည်း စိတ်ပါဝင်စားခဲ့သည်။ အထူးသဖြင့် ဘောလုံးကစားခြင်းနှင့် လက်ဝှေ့ကို လွန်စွာဝါသနာပါသည်။ ကိုယ်တိုင်လည်း ပါဝင် ကစားလေ့ရှိသည်။ သူသည် လောင်းတမ်းကစားခြင်းများ၌ ဝါသနာကြီးသည်။ ၃၆ ကောင်နှင့် ၄ ကောင်ဂျင်ကစားဝိုင်း များတွင် တစ်ကြိမ်တည်းစုပုံထိုးလျှင် 'ဗေဒါထိုး'ဟု ခေါ်စမှတ် ပြုကြလေသည်။ စိန်ဗေဒါသည် အဆိုအကတွင် အလွန်ဝါသနာပါသော ညောင်လေးပင်မြို့သူ မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ဒေါ်စိန်မေအပြင် အခြားမယားများလည်းရှိ၏။ စိန်ဗေဒါတွင် သားသမီး တစ်ဦးတစ်ယောက်မျှ မထွန်းကားခဲ့ချေ။ စိန်ဗေဒါ၏ တပည့်များမှာ၊ နှဲတပည့်ဆရာဆယ်၊ ဦးချစ်မောင်၊ ဆိုင်းတပည့် စိန်ငှက်ရိုး၊ စိန်ကျော်တင့် စသည်တို့ဖြစ်ကြ၏။ ၁၂၄၇ ခုနှစ်တွင် သီပေါဘုရင်သည် နန်းကျပြီးနောက် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိ၌ စံနေရလေသည်။ ၁၂၇၂ ခုနှစ်တွင် သီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့ တိုက် သစ်တက်မင်္ဂလာကျင်းပ လိုသည်ဖြစ်၍၊ မန္တလေးမြို့မှ မြန်မာ ဆိုင်းတော်သားတို့ကို ခေါ်ရန်စေလွှတ်ခဲ့သည်။ ထိုကြောင့် အဖွဲ့ ဝင် ၂ဝ ကျော်ရှိသော 'စိန်ဗေဒါ'ဆိုင်းဝိုင်းနှင့် စောင်းဆရာ ဒေဝဣန္ဒာ မောင်မောင်ကြီးစသော လူပေါင်း ၈ဝ ကျော်တို့ သည် ရတနာဂီရိသို့ လိုက်ပါသွားကြလေသည်။ ရတနာဂီရိ စံအိမ်တော်တွင် စိန်ဗေဒါက သပြေခံနှင့် ဖောင်လား၊ ဖောင် ငင်၊ ဖောင်ဆိုက် အစရှိသော ကြိုးသီချင်းများဖြင့် ဖြေဖျော်ရာ သီပေါမင်း သည် လွန်စွာနှစ်ခြိုက်တော်မူလေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသို့မပြန်မီ သီပေါမင်းက စိန်ဗေဒါအား 'နေမျိုးဗလ ကျော်သူ'ဟူသော ရွာစားဘွဲ့တံဆိပ်တော်နှင့်တကွ ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး(ဖန်ပန်းတိုင်း) တို့ကို ချီးမြှင့်ပေးသနားလေ သည်။ ၁၂၇၃ ခုနှစ်တွင် သမီးတော်များနားထွင်းမင်္ဂလာအတွက် အခေါ်လွှတ်ရာ စိန်ဗေဒါသည် ရတနာဂီရိသို့ ဒုတိယအကြိမ် ရောက်ခဲ့ပြန်သည်။ ထိုအကြိမ်တွင် ဇနီး မစိန်မေလည်းလိုက်ပါ သွား၏။ စိန်ဗေဒါသည် သီပေါမင်းသဘောကျသော တိုးနယား ရုပ်ကိုပါ ယူဆောင်သွားပြီးနောက်၊ ရှေ့တော်တွင် ကပြအသုံး တော်ခံလေသည်။ အိန္ဒိယပြည်၌ရှိစဉ် စိန်ဗေဒါသည် ဗုဒ္ဓဂယာ အရပ်ရှိ မဟာ ဗောဓိပင်ကို သွားရောက်ဖူးမြှော်ခဲ့သေးသည်။ မန္တလေးမြို့သို့ ပြန်ရောက်လျှင် ရွာစားကြီးစိန်ဗေဒါအား ဘုရင် မင်းမြတ်က ချီးမြှင့်မြှောက်စားကြောင်း သတင်းကောင်းမင်္ဂလာ မှာ တမုဟုတ်ခြင်း ပျံ့နှံ့သွားတော့သည်။ ဇာတာတွင် မောင်သာလှိုင်ဟုဖော်ပြပါရှိ၍၊ မောင်ကလေး၊ ဗေဒါမောင်ကလေး၊ စိန်ဗေဒါနှင့် နောက်ဆုံးတွင် နေမျိုးဗလ ကျော်သူ ရွာစားကြီးစိန်ဗေဒါဟု ကျော်ကြားခဲ့သော စိန်ဗေဒါမှာ ဆိုင်းဝိုင်းကြီးတစ်ခုတည်းကိုသာ နိုင်နင်းသည် မဟုတ်ဘဲ၊ ပြွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားများကိုလည်း အထူးပင် ကျွမ်း ကျင် လိမ်မာစွာ တီးမှုတ်နိုင်ပေသည်။ ပတ်ဝိုင်းကြီးကိုမူကား သူတကာ မယှဉ်သာအောင် တီးနိုင်ပေ၏။ အနောက်တိုင်းတူရိ ယာများဖြစ်သော တရော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ နှင့် ကောနက် (ခရာ)များကိုလည်း ထူးခြားစွာ တီးမှုတ်နိုင် သော ပုဂ္ဂိုလ်ဖြစ်သည်။ ဆိုင်းဝိုင်းတီး နည်းတွင် 'ပတ်စာပိုး' တီးနည်းကို မိမိ၏ပင်ကိုဉာာဏ်ဖြင့် စိန်ဗေဒါသည် စတင်တီ ထွင်ခဲ့လေသည်။ ယင်းသို့ အတီးအမှုတ်တို့တွင်သာ ထူးချွန်ခဲ့ရုံ မျှမက အဆိုဘက်တွင်လည်း မိခင်၏ အမွေကို ရသူဖြစ်၍ သရုပ်ပေါ်အောင် ပိုင်နိုင်စွာ ဆိုတတ်သူဖြစ်သည်။ ရွာစားကြီး သည် မကွယ်လွန်မီ ဓာတ်ပြား ၆၄ ပြားမျှ အသံသွင်းခဲ့၏။ စိန်ဗေဒါသည် စိတ်နှလုံး နူးညံ့သိမ်မွေ့၍ အပြောအဆို ယဉ်ကျေးပျော့ပျောင်းသည်။ နက္ခတ်ဗေဒင်ယတြာစသည်တို့ကို စွဲစွဲလမ်းလမ်း အယုံအကြည်ကြီးသည်။ ဂီတအနုပညာကို အမြတ်တနိုးဝါသနာပါသူဖြစ်၍ မည်သည့်အရပ်သို့သွားသည် ဖြစ်စေ စောင်းကိုသော်လည်းကောင်း၊ တယောကိုသော်လည်းကောင်း ဆောင်ယူသွား လေ့ရှိသည်။ အချိန်ကို အလဟဿမထားဘဲ၊ စောင်းတီးခြင်း၊ တယောထိုးခြင်းဖြင့်သာ အချိန်ကို အသုံးချတတ်သည်။ အိပ်ရာ တွင် အနားယူ၍ လဲလျောင်းသည့်အချိန်၌ပင်လျှင်၊ စောင်းကို လက်တစ်ဖက်ဖြင့် တီးနေတတ်၏။ ပညာကို ဆည်းပူးလေ့လာ သည့်အရာ၌လည်း မျက်မမြင်ပတ္တလားဆရာ၊ တယောဆရာ၊ မိကျောင်းဆရာတို့ ထံမှပင်လျှင် နည်းနိဿယတို့ကို ခံယူလေ့ ရှိသည်။ ဂီတအနုပညာနှင့်စပ်လျဉ်း၍ စိန်ဗေဒါက သူ၏ သဘောထားကို ရင်းနှီးသူတို့အား ပြောပြသည်မှာ 'တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း၊ သူများအမှားတွေ့မှ၊ ကိုယ့် အမှန်သေချာသည်။ နားမထောင်အပ်သည့်ဆိုင်း ဘယ်ရှိလိမ့်မ တုံး' ဟူသတည်း။ စိန်ဗေဒါသည် ဂုဏ်ပကာသန မလုပ်တတ် ချေ။ ပညာရှင်တို့ထံမှ ပညာကိုအရယူဖို့မှာ သူ၏အဓိက ရည် ရွယ်ချက် ဖြစ်သည်။ ရတနာဂီရိ၌ စံနေတော်မူသော သီပေါမင်း ထံဝင်ရောက်ကြရသည့်အခါ စောင်းဆရာ ဒေဝဣန္ဒာ ဦးမောင် မောင်ကြီးနှင့် လက်ပွန်းတတီးနေခွင့်ရသဖြင့်၊ ထိုဆရာကြီးထံမှ စောင်းပညာကိုတပည့်ခံ၍ သင်ယူခဲ့လေသည်။ သူသည် အလွန် စေ့စပ်သေချာသူတစ်ဦးဖြစ်သည့်အတိုင်း မိမိတပည့်သားမြေး များကို သင်ပြရာတွင်လည်း သေချာကျနစွာ သင်ပေးတတ်လေ သည်။ စိန်ဗေဒါသည် အလွန်ပြည့်သော အိုးဖြစ်၍ ဘောင်ဘင် မခတ်ပေ။ သိလျှင်သိ၏။ မသိလျှင် မသိဟု မှန်ရာကို ဝန်ခံ ပြောဆိုတတ်သည်။ မသိသော သီချင်းကို တတ်ယောင်ကား မလုပ်ဘဲ၊ မသိလျှင် သိရအောင်ရှာဖွေ၍ ယူတတ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ရွာစားကြီးစိန်ဗေဒါမှာ လည် ချောင်းတွင် ကင်ဆာအနာပေါက်သဖြင့် ရန်ကုန်မြို့သို့ဆင်းလာ ၍ ဒေါက်တာဦးဘသန်းထံ၌ ကုသခဲ့သည်။ သို့ရာတွင် ရောဂါ မှာ သက်သာရာမရဘဲ၊ ၁၃ဝ၄ ခုနှစ် တော်သလင်းလဆုပ် ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတောင်တန်း၌ သူနှင့်တွဲဖက်နှဲဆရာ ကြီး ဦးချစ်မောင်လက်တွင်းတွင် စိန်ဗေဒါ ကွယ်လွန်ခဲ့လေ သည်။ စိန်ဗေဒါနှစ်သက်၍ ကိုယ်တိုင်ဆိုသောသီချင်းတစ်ပုဒ်မှာ မင်္ဂလာပြောညွန့်ဖြစ်သည်။ ထိုသီချင်းမှာ၊မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ ကုသိုလ် ကျောင်းကြီး အိုအို။ လက်ရမ်းငယ်ပြို ရှင်လူပျိုတည်ကတဲက မိုးစိုလို့ရွဲတော့။ အရှေ့ကိုတဲ့ လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ယင် တံခွန်တိုင်ရွှေကုက္ကားနဲ့ ဘုရား လေးလေး ဘုရား လေးလး ဘုရား လေးလေး ဘုရားကိုမြင်။ စာပုလွေမောင်မှာ ပိုက်ပါလို့တဲ့။ စာပုလွေ စာပုလွေကိုယ် မှာ ပိုက်ပါလို့။ စာပုလွေမောင်မှာ ပိုက်ပါလို့။ ကျောင်းတော် ကိုတဲ့ လိုက်မယ်ပြင်။ ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်။ ကျောင်းတော်ကိုတဲ့လိုက်မယ်ပြင်။ ဘယ်စာ မောင်သင်မတုံး ရယ်လို့။ ဘယ်စာဘယ်နှစ်ဝါ မောင်သင်မတုံးရယ်လို့။ ဘယ်စာ မောင်သင်မတုံး ရယ်လို့။ မေ လေးကိုသံချိုနှောလို့ရယ်။ ပြော လေးလေး ပြော လေးလေး။ ပြောခဲ့ပါအုံး။ အတ္ထုပတ္တိ မြန်မာသက္ကရာဇ် ၁၂၄၄ နတ်တော်လဆန်း ၁ ရက် သောကြာနေ့တွင် အဖ ဘုရင့် လက်ထက်တော် အတွင်း စိန်ဆိုင်းတော်တီး လကျာ်စိန်ဆိုင်း အမှုထမ်း ဆီဆုံဆယ်ရွာစား (ပုလိပ်အနီး) နေမျိုးကျော်စွာခေါင် (မြန်မာ့ စွယ်စုံကျမ်းတွင် 'နေမျိုးကျော်ခေါင်ဘွဲ့' ဟုသာ ရေးသား) ဘွဲ့ရ ဆရာဖေကြီး၊ အမိ အပျိုတော် ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်အရပ်၌ မွေးဖွားခဲ့သည်။ - ဇာတာတွင် မောင်သာလှိုင်ဟု ဖော်ပြပါရှိ၍၊ ငယ်အမည် မောင်လေး။ ဗေဒါသီချင်းကို တီး၍ နာမည် ကျော်လာရာမှ စိန်ဆိုင်းတီး မျိုးရိုးဖြစ်၍ စိန်ဗေဒါဟု တွင်ခဲ့သည်။ - စိန်ဗေဒါသည် အဆိုအကတွင် အလွန် ဝါသနာပါသော ညောင်လေးပင် မြို့သူ မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ဒေါ်စိန်မေအပြင် အခြား မယားများလည်း ရှိ၏။ စိန်ဗေဒါတွင် သားသမီး တဦးမျှ မထွန်းကားခဲ့ချေ။ - မြန်မာသက္ကရာဇ် ၁၂၇၂ (အေဒီ ၁၉၁၁) တွင် ရတနာဂီရိစံ သီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့၏ တိုက်သစ်မင်္ဂလာ အတွက် ဆရာ ဦးလူကြီး ၊ ဆရာ ဦးပေါ်ဦး၊ စောင်း ဒေဝဣန္ဒာ မောင်မောင်ကြီး၊ အက မိန်းမ မင်းသား မစောရင် ၊ မင်းသမီး မစန်းကြည်တို့နှင့်တကွ ဆရာတော် ငါးပါးနှင့်အတူ ရတနာဂီရိသို့ လိုက်ပါသွားခဲ့သည်။ - နေမျိုးဗလကျော်သူဘွဲ့ ရရှိခဲ့ပြီး ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး (ဖန်ပန်းတိုင်း) တို့ ချီးမြှင့် ပေးသနားခြင်း ခံရသည်။ - မြန်မာသက္ကရာဇ် ၁၂၇၃ တွင် သီပေါမင်း၏ သမီးတော်များ နားထွင်း မင်္ဂလာသို့ ဒုတိယအကြိမ် သွားရောက် တီးခတ်ခဲ့ရသည်။ 'ထိုအကြိမ်တွင် ဇနီး မစိန်မေလည်း လိုက်ပါသွား၏' ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ပြဆိုထားသည်။ - ဆိုင်းဝိုင်းတီးနည်းတွင် 'ပတ်စာပိုး' တီးနည်းကို မိမိ၏ ပင်ကိုဉာဏ်ဖြင့် စိန်ဗေဒါသည် စတင် တီထွင်ခဲ့သည်။ - ရွာစာကြီး စိန်ဗေဒါ မကွယ်လွန်မီ ဓာတ်ပြား ၆၄ ပြားမျှ အသံ သွင်းခဲ့သည်။ - ဒုတိယ ကမ္ဘာစစ် အတွင်းက ရွာစာကြီး စိန်ဗေဒါမှာ လည်ချောင်းတွင် ကင်ဆာ အနာပေါက်သဖြင့် ရန်ကုန်သို့ ဆင်းလာ၍ ဒေါက်တာ ဘသန်းထံ၌ ကုခဲ့သည်။ - သို့ရာတွင် ရောဂါမှာ သက်သာမလာဘဲ မြန်မာသက္ကရာဇ် ၁၃၀၄ (အေဒီ ၁၉၄၂)၊ တော်သလင်း လပြည့်ကျော် ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဆေးကုသရင်း ကွယ်လွန်ခဲ့။ စိန်ဗေဒါသည် ဆိုင်းအတီးကောင်းရုံသာမက ဆိုင်းဝိုင်းကိုလည်း လှပခန့်ညားအောင် ပဉ္စရူပရုပ်ကို ဆိုင်းဝိုင်းတွင်ချိတ်ဆွဲထားကာ တီထွင်ခဲ့သူဖြစ်သည်။ ကိုးကား မြန်မာ ဂီတပညာရှင်များ ပထမ မြန်မာများ
https://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%97%E1%80%B1%E1%80%92%E1%80%AB
အနောက်ဖက်လွန်မင်း
မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဘက်လွန်မင်း(၁၆၀၆-၁၆၂၈)သည် ညောင်ရမ်းမင်းဆက်၏ ဒုတိယမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ ညောင်ရမ်းမင်းတရားကြီးမပြီးပြတ်ခဲ့သည့် နိုင်ငံသိမ်းသွင်းရေးလုပ်ငန်းများကို ဆက်လက်၍ အားထုတ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ နယ်ပယ်သိမ်းသွင်းခြင်း ပြည် ညောင်ရမ်းမင်းတရားကြီး လွန်၍ ၂နှစ်အကြာ၊ ဟံသာ၀တီပျက်သုဉ်းပြီး ၇နှစ်အကြာ ၁၆၀၇တွင် ပြည်ကို တိုက်ခိုက်သည်။ ရှစ်လကြာဝန်းရံတိုက်ခိုက်၍ ၁၆၀၈အရောက်တွင် ပြည်မြို့ကိုရသည်။ ပြည်တွင်မင်းပြုနေသော ရန်နိုင်စားကို မသတ်ပဲ ခမည်းတော်၏ မှာကြားချက်ကို အလေးထားသည်အားဖြင့် အသက်မှလွတ်သည်။ ပြည်မင်းကြီးနှောင်း ညောင်ရမ်းကို တိုက်ရန်လာစဉ် ရန်နိုင်စားလုပ်ကြံသဖြင့် ညောင်ရမ်းသက်သာရာရသည့်အတွက် ရန်နိုင်စားကျေးဇူးရှိသည်ဟု မှတ်ကာ ညောင်ရမ်းမင်းတရားကြီးက မှာခဲ့ခြင်းဖြစ်သည်။ တောင်ငူ ထိုနောက် ၁၆၁၀အရောက်တွင် တောင်ငူ၌သီဟသူရဘွဲ့ဖြင့် မင်းပြုနေသည့် နတ်သျှင်နောင်အား သွားရောက်တိုက်ခိုက်သည်။ တောင်ငူသားတို့ အစွမ်းကုန်ခုခံသဖြင့် သိမ်းပိုက်ခြင်းမပြုနိုင်ပေ။ ထိုစဉ်က နတ်သျှင်နောင်သည် အနောက်ဘက်လွန်မင်းနှင့် စီးချင်းထိုးရန်ကြံသော်လည်း သွေးစုနာပေါက်သဖြင့် အကြံအစည် အထမမြောက်ခဲ့ပေ။ ထိုနောက် ညီတော်များနှင့် ဆရာတော်များ၏ တိုက်တွန်းချက်ကြောင့် အနောက်ဘက်လွန်မင်းထံ လက်နက်ချအရှုံးပေးလိုက်တော့သည်။ အနောက်ဘက်လွန်မင်းလည်း နတ်သျှင်နောင်အား တန်းတူထား၍ လက်ခံတွေ့ဆုံသည်။ ထိုနောက် တောင်ငူနန်းမှ မှန်ကင်းအထွတ်ချကာ သာမန်ပဒေသရာဇ်လက်အောက်ခံအဖြစ် ထား၍ နတ်သျှင်နောင်ကိုပင် ပြန်လည်၍ မြို့စားအရာပေးလေသည်။ သို့သော် တောင်ငူမှ မင်းညီမင်းသားများသာမက စာပေ၊ အနုပညာ၊ လက်မှုပညာ တတ်ကျွမ်းသူများကို အင်း၀သို့ ခေါ်ခဲ့သည်။ သန်လျင် နတ်သျှင်နောင်က သန်လျင်တွင် အုပ်ချုပ်ရမ်းကားနေသည့် ငဇင်ကာအား တောင်ငူကိုသိမ်းရန် စာစေသဖြင့် ၁၆၁၂တွင် တောင်ငူကို ငဇင်ကာ တပ်များဖြင့် သိမ်းပိုက်ကာ တောင်ငူနန်းတော်ကို မီးတိုက်ဖျက်ဆီးသည်။ ထိုတိုက်ပွဲတွင် နတ်သျှင်နောင်၏ ညီတော်ဖြစ်သူ မင်းရဲကျော်စွာ ကျဆုံးခဲ့သည်။ ထိုသတင်းကို ကြားသည့် အင်း၀တပ်များ တောင်ငူသို့ ချီလာသော်လည်း ရမည်းသင်းအရောက်တွင် တောင်ငူကျ၍ နတ်သျှင်နောင် သန်လျင်သို့ ပါပြီဖြစ်ကြောင်း သိရသဖြင့် အင်း၀သို့ပြန်ရသည်။ ထိုနောက် နတ်သျှင်နောင်လည်း ငဇင်ကာနှင့် ပူးပေါင်း၍ သန်လျင်မှ ပုန်ကန်သောကြောင့် အနောက်ဘက်လွန်မင်း ချီတက်နှိမ်နှင်းရသည်။ ၁၆၁၂မှ စတင်သည့် တိုက်ပွဲများသည် ၁၆၁၃အရောက်မှ အောင်မြင်ကာ နတ်သျှင်နောင် နှင့် ငဇင်ကာတို့ကို ကွပ်မျက်စေသည်။ ထိုတစ်နှစ်ကြာတိုက်ပွဲများအတွင်း အင်း၀တပ်များသည် လက်နက်အစွမ်းသာသည့် ပေါ်တူဂီတပ်များကြောင့် များစွာအထိနာခဲ့ရသည်။ ဖမ်းဆီးရရှိသမျှ ပေါ်တူဂီအနွယ်တို့ကို စာရင်းကောက်ယူစေရာ လူ၄၀၀၊၅၀၀မျှရှိသည်။ ထိုသူတို့ကို အင်းဝမြောက်ဘက်တွင် အကွက်ချ၍ နေထိုင်စေသည်။ နောင်တွင် ဘရင်ဂျီများ ဟုခေါ်ဝေါ်ကြသည်။ တနင်္သာရီ သန်လျင်ကို ရပြီးနောက် အနောက်ဘက်လွန်မင်းသည် ဟံသာဝတီတွင် နန်းစိုက်ကာ အောက်ပြည်ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်သည်။ ရှေးဦးစွာ မုတ္တမစားဗညားဒလ လာရောက်သစ္စာခံသည်။ ဗညားဓမ္မရာဇာဘွဲ့ပေးကာ မုတ္တမကိုပင် ပြန်စားစေသည်။ သို့သော် ဆက်သသည့် ဆင်၊မြင်း၊ သားသမီးတို့ကို သိမ်းယူသည်။ ရေးမြို့စားဗညားရံကို အနားတွင်ခေါ်ထားပြီး ညီတော်စစ်ကိုင်းစားကို ရေးမြို့စားအဖြစ် ခန့်အပ်သည်။ မိုးကာလအတွင်း ဟံသာ၀တီနန်းတွင် စံနေခဲ့ပြီး မိုးကုန်လျှင် မုတ္တမသို့ သွားရာ ညီတော်စစ်ကိုင်းစားအား ယိုးဒယားနှင့် ဩဇာခံ ထားဝယ်စားတို့မှ လာရောက်တိုက်ခိုက်ဖမ်းဆီးသွားကြောင်းသိရသည်။ တိုက်ပွဲများအတွင်း ၁၆၁၃အကုန်တွင် ထားဝယ်စား ဆင်ထက်၌ ကျဉ်သင့်၍ လွန်သည်။ ညီတော်စစ်ကိုင်းစားကို ပြန်ရသည်။ ထိုနောက် ရေးမြို့မှနေကာ တနင်္သာရီဒေသတစ်ခုလုံးကို တပ်များဖြန့်ကာ ချထားစေသည်။ ထိုတပ်များသည် နယ်မြေအနေအထား မကျွမ်းကျင်သဖြင့် ဒုက္ခများတွေ့ကြသော်လည်း ကျူးကျော်လာကြသည့် ယိုးဒယားတပ်များကိုမူ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။ ၁၆၂၂မတိုင်မှီပင် တနင်္သာရီဒေသတစ်ခုလုံးကို လက်ရယူနိုင်ခဲ့သည်။ ဇင်းမယ် နှင့် ရခိုင် မုတ္တမတွင်ရှိနေစဉ် ဇင်းမယ်နန်းတွင်း၌ ရှုပ်ထွေးနေကြောင်းသိရသဖြင့် ဇင်းမယ်သို့ ချီတက်လုပ်ကြံသည်။ ၁၆၁၄တွင် စတင်ချီတက်ပြီး ၁၆၁၅တွင် ဇင်းမယ်အရေးပြီးစီးသဖြင့် ဟံသာ၀တီသို့ပြန်သည်။ ရခိုင်မင်းက ကွမ်းသီးကျွန်းနှင့် အုန်းသီးကျွန်းတို့ကို တောင်းယူသဖြင့် ချီတက်တိုက်ခိုက်သည်။ သံတွဲစားက ရွတ်ရွတ်ချွံချွံ ခုခံသော်လည်း အနိုင်ရကာ လူသူဆင်မြင်း သုံ့ပန်းများစွာ ရရှိခဲ့သည်။ သာသနာရေးနှင့် တိုင်းပြည်အရေးများ ဆောင်ရွက်ခြင်း ရွှေမော်ဓောစေတီ၊ မဟာစေတီ၊ ပြင်းနတ်ဘုရားများကို ထီးတော်တင်လှုသည်။ ဟံသာ၀တီအနီးရှိ ဟောင်းနွမ်းပျက်စီးနေသည့် စေတီပုထိုးများကို ပြုပြင်သည်။ ရွှေတိဂုံစေတီတော်ကို ပြင်ဆင်မွမ်းမံသည်။ ပုညစေတီဘုရားကို ကိုယ်လုံးတော်ပြည့် ရွှေထည့်ပူဇော်သည်။ အင်း၀နေပြည်တော် အနောက်တောင်ထောင့်တွင် ပြာသာဒ်ရွှေကျောင်း၊ စစ်ကိုင်းမင်းဝံတောင်ထိပ်တွင် လေးထပ်ရွှေကျောင်းတော်တို့ကို တည်ဆောက်လှုဒန်းခဲ့သည်။ မဟာမြတ်မုနိကိုလည်း ရွှေကိုယ်လုံးတော်ပြည့် ကပ်လှုပူဇော်ခဲ့သည်။ ထို့ပြင် ခမည်းတော်လက်ထက်ကဲ့သို့ပင် အမှုထမ်းများကို အစုလိုက် နေရာချထားပြီး ဘွဲ့အမည်အရည်များပေးကာ ချီးမြှောက်သည်။ ပြည်ပမှ သံတမန်များကို လက်ခံတွေ့ဆုံသည်။ ဘဝနိဂုံး ဟံသာ၀တီချောင်းသစ်အနောက်ဘက်တွင် ယာယီနန်းတည်၍ နေထိုင်နေစဉ်သား မဟာဓမ္မရာဇာသည် နှင့်ခမ်းပေါကို သူနှင့်စေ့စပ်ရန် အတင်းအကြပ်ပြုသည်။ (နှင့်ခမ်းပေါ၊ စောကီယန်ခမ်း ကျိုင်းတုံစော်ဘွားကြီး၏သမီး) မဟာဓမ္မရာဇာ၏သား မင်းရဲဒိဗ္ဗသည် ခမ်းပေါသည် မင်းရဲဒိဗ္ဗ၏ ချစ်သူဖြစ်ပြီး နှစ်ယောက်စလုံး ချစ်ကြိုက်နေသောကြောင့် ဒေါသအလွန်ထွက်ကာ၊ မင်းရဲဒိဗ္ဗရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ တံငါသည် ရှင်သန့်ကို မဟာဓမ္မရဇာကို လုပ်ကြံဖို့ စေတနာ့ဝန်ထမ်း မျှားနဲ့ ပစ်သတ်လိုက်တာနဲ့ ဧရာဝတီမြစ်အနောက်ဘက် နတ်ရွာရှင်ရွာက ရဲတိုက်ပြတင်းပေါက်ကို လှမ်းမြင်နေရချိန်မှာတော့ မဟာဓမ္မရဇဟာ သေဆုံးသွားပြီး အလောင်းကို မှီကာ၊ တော်ဝင်နန်းတော်မစခင် တစ်ရက်အလိုတွင် ပြတင်းပေါက်အစွန်းတွင် သူသေဆုံးသည်ကို တွေ့ရှိရသည်။ လုပ်ကြံသဖြင့် ၂၉၊ မေ၊ ၁၆၂၈တွင် နတ်ရွာစံသည်။ နန်းစံသက် ၂၂နှစ်၊သက်တော် ၅၀အတွင်းတွင်နတ်ရွာစံခြင်းဖြစ်သည်။ မှူးမတ်များလည်း နတ်ရွာစံသည်ကို ချက်ချင်းမသိပဲ တစ်ရက်လွန်မှ သိကြသည်။ အနောက်ဘက်လွန်မင်းဟု အမည်တွင်သည်ကလည်း ထိုကဲ့သို့ ဟံသာ၀တီနန်းတော်၏ အနောက်ဆက် ယာယီနန်းဆောင်တွင် နတ်ရွာစံသောကြောင့်ဖြစ်သည်။ အနောက်ဘက်လွန်မင်း နတ်ရွာစံလျှင် မှူးမတ်တို့လည်း အဝေး ရောက်နေသည့် အိမ်ရှေ့မင်း ညီတော် သတိုးဓမ္မရာဇာ နှင့် ညီတော်အငယ် မင်းရဲကျော်စွာကို အကြောင်းကြားရန် အခွင့်မသာပဲ အင်အားကြီးနေသည့် မင်းရဲဒိဗ္ဗ၏ ဘက်သားများကြောင့် မင်းရဲဒိဗ္ဗကိုသာ နန်းတင်လိုက်ကြတော့သည်။ အနောက်ဘက်လွန်မင်း (မြန်မာ ၉၆၇-၉၉ဝ) ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး စည်းရုံးတည် ထောင်ခဲ့သော မြန်မာနိုင်ငံတော်ကြီးသည် သားတော် ငါးဆူဒါယကာနန္ဒဘုရင် လက်ထက်တွင် အစိတ်စိတ် ကွဲသည်ကို မြေးတော် အနောက် ဘက်လွန်မင်းတရားလက်ထက် တစ်ဖန် ပြန်လည်စည်းရုံး ပြီးစီးနိုင်ခဲ့သည်။ အနောက်ဘက်လွန်မင်းတရားကြီးသည် ညောင်ရမ်းမင်း တရားနှင့် မိဖုရားခေါင်ကြီး သီရိ မဟာ ဓမ္မရာဇာ ဓိပတိ ဒေဝီတို့မှ သက္ကရာဇ် ၉၃၉ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ကြီး သခင်လတ်ဖြစ်သည်။ ခမည်းတော် အထွတ်အမြတ်သို့ ရောက် သည်နှင့် မဟာဥပရာဇာအမည်နှင့် အိမ်ရှေ့စံရသည်။ ခမည်း တော် နတ်ရွာစံတော်မူသောအခါ သက္ကရာဇ် ၉၆၇ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် တနင်္ဂနွေနေ့တွင် ခမည်းတော် အရိုက်အရာ ဖြစ်သော ရတနာပူရအဝရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူသည်။ မဟာဓမ္မရာဇာဟူသော အမည်ကိုလည်း ခံတော်မူသည်။ ရွှေနန်းတက်ပြီးသည်နှင့်တစ်ပြိုင်နက် မင်းတရားကြီးသည် ကျွန်တော်မျိုးအပေါင်းတို့၌ ခမည်းတော်ဘုရား အစုအဖွဲ့တွင် ကျန်လေသသူတို့ကို စိစစ်တော်မူ၍ မြန်မာလူမျိုး၊ ရှမ်းလူမျိုးတို့ ပါဝင်သော ဆင်သည်စု၊ မြင်းသည်စု၊ ခြေသည်စုတို့ကို အသစ် ဖွဲ့စည်း၍ စစ်အင်အားဖြည့်တင်းတော်မူသည်။ ထိုနောက် ခမည်းတော် မင်းတရားလက်ထက် နိုင်ငံတော် စည်းရုံးရေး လုပ်ငန်းသည် ထက်ဝက်ခန့်မျှသာ ပြီးသေးသည်ကို ဆက်လက် ဆောင်ရွက်တော်မူသည်။ အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည် တလွှားသည် ခမည်းတော်လက်ထက်ကပင် လက်နက်နိုင်ငံ ဖြစ်ပြီးသော်လည်း ပြည်၊ တောင်ငူ၊ ပဲခူး၊ သံလျင်စသော ဒေသ များကို သိမ်းသွင်းရန် ကျန်ရှိ နေသေးသည်ကို မင်းတရားကြီး သည် သိမ်းသွင်းတော်မူသည်။ ရှမ်းပြည်တစ်လွှားမှ ဆင့်ဆိုထားသောတပ်များ အညီအညွတ် ရောက်လာသောအခါ သက္ကရာဇ် ၉၆၉ ခုနှစ် တန်ဆောင်မုန်း လဆန်း ၄ ရက်နေ့တွင် တပ်မတော်နှင့်တကွ ပေါင်းခုနစ်တပ် တွင်ပါသည့် ကတ္တူလွန်းကြင် စသော သားလှေငှက်လှေ ၄ဝဝ၊ လှော်ကားသံလှေ ၃၆ဝ၊ ရိက္ခာတင် ကုန်လှေ ၂ဝဝ၊ စစ်သည် သူရဲ ခုနစ်သောင်းနှင့် ပြည်မြို့သို့ ချီတော်မူသည်။ မြို့စီးပြစီး များသည်နှင့် ပြောင်းသေနတ်ထူထပ်လှသောကြောင့် အထိအပါး အရှအနများစွာခံရလျက် ဝန်းရံပြီးမှ ရှစ်လခန့်အကြာ သက္ကရာဇ် ၉၇ဝ ပြည့် ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင်မှ ပြည်မြို့ကို ရတော်မူသည်။ ပြည်မြို့ပျက်သော်လည်း ဘယဂါမဏိတူ အသက် ၁၃ နှစ်သာ ရှိသေးသော ငထင်ငယ်သည် သူ့အရှင် ပြည်မင်း ရန်နိုင်စား၏ ကျေးဇူးသစ္စာတော်ကို အသက်နှင့်လဲ၍ ကာကွယ်မည်ဟူ၍ ဓားတစ်ဖက် တစ်စင်းစွဲကိုင်ကာ တစ် ယောက်တည်း ခံနေခဲ့သည်။ ဦးရီးတော် မြို့ပျက်၍ ပြည် အလုံးကို သူ့ရဲမက်ဖြစ်ပြီးမှ တစ်ယောက်တည်းသာခံ၍ တတ် နိုင်မည်လောဆိုမှ သူ့ဆန်ကို စားသောကြောင့် ရဲရတော့ သည် ဆို၍ လက်နက်ချလေသည်။ မင်းတရားကြီးသည် ငထင်ငယ်အား ကျေးဇူးတရား သိတတ်သူ ဟူ၍ အတွင်း၌ ထား၍ စေတော်မူသည်။ ဘဝရှင်မင်းတရားကြီးသည် ကျေးဇူး သစ္စာသိတတ်သူကို မည်မျှလေးစားသနည်းဟူမူ ခမည်းတော် ဘုရားက ကွယ်လွန်ခါနီးတွင် နောင် ပြည်မြို့ကို လုပ်ကြံ၍ အလိုပြည့်လျှင် ရန်နိုင်စားကို မကွပ်မျက်ပါနှင့်၊ ရန်နိုင်စားကျေးဇူး မောင်တို့ငါတို့တွင် ရှိချေသည်ဟု မှာတော်မူခဲ့သည် နှင့်အညီ ပြည်မင်းနှင့်မိဖုရားကို အလုပ်အကျွေး လူတစ်ရာ ကျော်ခန့်နှင့် နေပြည်တော် အင်းဝသို့ ပို့၍ တော်သလင်းတဲ တော်ဆိပ်တွင် ကောင်းမွန်စွာ တဲနှင့်နေစေသည်။ မင်းမှူးမတ် တို့ကိုမူ သစ္စာတော်ပေး၍ နေကောင်းသသူတို့ကို နေစေခဲ့ပြီး လျှင် ယူကောင်းသသူတို့ကို ယူခဲ့သည်။ တိပိဋကလင်္ကာရ တောင်ဖီလာ အကျော်ဆရာတော်ကိုလည်း ပင့်ခဲ့သည်။ ထိုကြောင့် မင်းတရားကြီးက ပြည်မြို့ကို ငါ သိမ်းယူသည်၊ ရှင်တစ်ဆူ လူတစ်ယောက်သာရခဲ့သည်ဟု အမိန့်တော်ရှိခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက်ကား သစ္စာရှိသော ငထင်ငယ်တည်း။ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မြင်းခြောက်တပ်၊ တပ်ပေါင်း ၂၃ တပ်တွင် ပါသည့်တိုက်ဆင် ၅ဝဝ၊ မြင်း ၁၆ဝဝဝ၊ စစ်သည်သူရဲတစ်သိန်းနှစ်သောင်းနှင့် မင်းတရားကြီးသည် တောင်ငူကြောင်း ချီတော်မူပြန်သည်။ မြင်းခြောက်တပ်နှင့် ကော်တော်ရန္တမိတ် (မိုးညှင်းစလုံကြီးသား စလုံငယ်၊ စလုံငယ် သား စမော်ခန်း၏ဘွဲ့)ကို နေပြည်တော်၌ အစောင့်အနေ ခန့် တော်မူသည်။ တောင်ငူကို အောင်တော်မူလျှင် မင်းဆွေ၊မင်းမျိုး၊ မင်းမှူးမတ်၊ခေါင်းအကြီးအဝန်းရှိသမျှကို သစ္စာတော်ပေးပြီး နောက် တောင်ငူကို မှန်ကင်းချ၍ တောင်ငူဘုရင် နတ်သျှင် နောင်ကိုပင် မင်းပြုစေကာ နေပြည်တော်သို့ ပြန်တော်မူသည်။ သက္ကရာဇ် ၉၇၄ ခုနှစ်တွင် သံလျင်မှ ပေါ်တူဂီလူမျိုး ငစင်္ကာ ခေါ် ဖိလစ် ဒီဗရစ်တိုနှင့် ခမည်းခမက် တော်သူ မုတ္တမစား ဗညားဒလတို့ ပူးပေါင်းလျက် ရေကြောင်း ကြည်း ကြောင်းဖြင့် တောင်ငူကို လာရောက် တိုက်ခိုက်ကာ တောင်ငူ ဘုရင်နတ်သျှင်နောင်အား သံလျင်သို့ ယူဆောင်သွား၍ နန်းတော် ကျောင်းကန် အိမ်ရာများကို မီးတိုက်သွားကြောင်း ကြားတော်မူသဖြင့် မင်းတရားကြီးကိုယ်တိုင် ထိုနှစ်တွင်ပင် သံလျင်သို့ ကြည်းကြောင်းရေကြောင်း ချီတက်တော်မူလေသည်။ ကြည်းဘက်ရေဘက်မှ ဆို့ပိတ်လျက် သုံးလအပြင်းအထန် လုပ်ကြံတော်မူရာ၊ ဒီဗရစ်တိုနှင့်တကွ သံလျင်တစ်မြို့လုံးကို ရတော်မူသည်။ အနောက်ဘက်လွန်မင်း သည် သနားကြင်နာတတ်သည့်အလျောက် ဒီဗရစ်တိုနှင့် နတ်သျှင်နောင်တို့အား အမှားကို သိ၍ အသနားခံ တောင်းပန် လျှင် ခွင့်လွှတ်မည်ဟုဆိုခဲ့သော်လည်း မတောင်းပန်ကြသဖြင့် နှစ်ဦးလုံးကို ကွပ်မျက်လိုက်ရလေသည်။ သံလျင်မြို့ကို အနောက်ဘက်လွန်မင်းတရားကြီး အောင်နိုင်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင်း၌ စတင်ခြေကုပ်ယူနေ သော နယ်ချဲ့စနစ်ကို အမြစ်မှ နုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။ သံလျင်ကို အလိုတော်ပြည့်လျှင် မင်းတရားကြီးသည် သံလျင်၌ တစ်လခန့်နေတော်မူပြီးနောက် မွန်၊ မြန်မာ၊ ရှမ်း၊ ကုလားတို့ကို စာရင်းယူပြီးလျှင် ပေါ်တူဂီလူမျိုး လေးငါးရာကို သုံ့ပန်းအဖြစ်ယူ၍ ရွှေဘိုနယ်၊ စစ်ကိုင်းနယ်တို့ဘက်၌ အစုစု ခွဲ၍ ထားတော်မူသည်။ ထိုကြောင့် ယခုတိုင် ထိုအရပ်များ၌ ဗရင်ဂျီရွာဟူ၍ တွင်သောရွာများ ရှိနေခြင်းဖြစ်သည်။ တောင်ငူ သားများကိုမူကား တောင်ငူသို့ပြန်ပို့တော်မူသည်။ ဤသို့ စီရင် ခန့်ရန်တော်မူပြီးမှ ဟံသာဝတီသို့ ချီတက်တော်မူသည်။ မင်းတရားကြီး ဟံသာဝတီသို့ ရောက်ကြောင်းကြားလျှင် မုတ္တမ စား ဗညားဒလသည် မြို့ရံ ၃၂ မြို့စားနှင့်တကွ ဆင်ကြီး၊ မြင်း ကြီး၊ သားသမီး၊ ရွှေငွေ များစွာ လက်ဆောင်တော်ယူ၍ မင်း တရားကြီးထံ ကျွန်ပေးပြီးလျှင် ဗညားဒလအား ဗညားဓမ္မရာဇ ဟူသော အမည်နှင့် မုတ္တမမြို့ကို ပြန်ပေးတော်မူသည်။ သက္ကရာဇ် ၉၇၅ ခုနှစ်တွင် ထားဝယ်မြို့ကို ရတော်မူပြန် သည်။ ထားဝယ်ကိုရပြီးနောက် ၉၇၆ ခုနှစ်တွင် ဇင်းမယ်မြို့သို့ ချီတက်လုပ်ကြံရာ မြို့ရံ ၅၇ မြို့နှင့်တကွ ရတော်မူသည်။ လင်းဇင်းက စစ်ကူလာသော ရဲမက် တော်တို့ကိုလည်း အကုန်ပင် ရတော်မူသည်။ အရေးတော်ပြီးလျှင် မှူးကောင်းမတ် ကောင်း သူရဲသူခက်တို့ကိုလည်း စိစစ်၍ သိမ်းယူတော်မူသည်။ မင်းတရားကြီးသည် ဇင်းမယ်တွင် နေတော်မူပြီးနောက် ၉၇၇ ခုနှစ်တွင်မှ ဇင်းမယ်ဘုရင်၊ သားတော်၊ အမှူးအမတ်၊ ဆင်မြင်း ဗိုလ်ပါတို့ကို ယူတော်မူ၍ ဇင်းမယ်မှ ဟံသာဝတီသို့ ပြန်တော် မူသည်။ ထိုနှစ်တွင်ပင် ရခိုင်ဘုရင်က ကွမ်းသီးကျွန်း၊ အုန်း ကျွန်းတောင်းလာသောကြောင့် အမျက်တော်ရှိ၍ တပ်ကြီးငါး တပ်၊ တိုက်ဆင် ၁၅ဝ၊ မြင်း ၁၅ဝဝ၊ စစ်သည်သူရဲကောင်း ၅ဝဝဝဝ နှင့် သံတွဲဥယျာဉ်ပုကြောင်းကို ချီစေသည်။ သံတွဲ ပျက်၍ တစ်မြို့လုံးကို ရတော်မူသော် လူသူသုံ့ပန်းကိုယူ၍ ပြန်ခဲ့စေသည်။ မင်းတရားကြီး၏နိုင်ငံတော်ကား အထက်ကို ဗန်းမော် အောက်ကို ထားဝယ်ထိ၍ အရှေ့ကို ဇင်းမယ် ထိသည်။ ဗင်္ဂလားမြို့၊ အချည်မြို့၊ ဒေလီမြို့များက လက်ဆောင်များနှင့် သံများရောက်သည်။ ဂိုးအားမြို့ ပေါ်တူကီဘုရင်ခံနှင့်လည်း ဆက်သွယ်ပေါက်ရောက်သည်။ မင်းတရားကြီးသည် ယင်းသို့ နိုင်ငံအလုံး စုရုံးဖွဲ့စည်း ပြီးနောက် ဟံသာဝတီ၌ စံတော်မူမည်ဟု ကြံစည်တော်မူဟန် ရှိသည်။ အင်းဝမှ အပြီးသတ် မပြောင်းရွှေ့ရသေးမီ ဗေဒင်တတ် တို့က ဟံသာဝတီမှာလည်း ယာယီ ရှိသည်၊ ပြောင်းလွှဲတော် မူသင့်သည်ဟု လျှောက်သောကြောင့် ချောင်းသစ်အနောက်ဘက် ယာယီနန်းတော်သို့ ပြောင်းတော်မူသည်။ ယာယီနန်း၌ စံမြန်း နေစဉ် သက္ကရာဇ် ၉၉ဝ ပြည့်နှစ် ပထမဝါဆိုလဆန်း ၈ ရက် နေ့တွင် သားတော်မင်းရဲဒိဗ္ဗ လုပ်ကြံ၍ စည်းစိမ်တော် ၂၃ နှစ် သက်တော် ၅၁ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ ချောင်း အနောက်ဘက်တွင် နတ်ရွာစံလွန်တော်မူသည်ကို စွဲ၍အနောက် ဘက်လွန်မင်းဟု တွင်ခြင်း ဖြစ်သည်။ မင်းတရားကြီးကား ခမည်းတော်ညောင်ရမ်းဘုရား၏ ယုံကြည်ကိုးစားခြင်းခံရသော မင်းသား ဖြစ်သည်။ စစ်ရေးကိစ္စများကို အတိုင်ပင်ခံရရုံမက ခမည်းတော်၏ မောင့်မြို့မောင့်နန်း ဆိုသည့် ဧကရာဇ် တကာတို့ ပေးခဲ လှစွာသောဆုကို ပေးတော်မူခြင်းခံရသည်။ မင်းတရားကြီးမိဖုရားကား နှမတော် အတုလစန္ဒာဒေဝီ ဖြစ်သည်။ ရှင်မိဖုရားနှင့် သားတော် သမီးတော် မထွန်းကား ချေ။ ကိုယ်လုပ်တော်တို့တွင်မြင်သည့် သားတော်သမီးတော် တို့ကား ခမည်းတော်သမီးတော် မင်းသားဝရသူရနှမတွင် မြင် သည့် မင်းရဲဒိဗ္ဗဧချင်းဘွဲ့ခံ မင်းသားတစ်ပါး၊ မိုးကောင်းပန်ထွာ စား သမီး ခင်မျိုးမြတ်တွင်မြင်သည့် မင်းရဲအောင်ထင်တစ်ပါး၊ လက်ဝဲရန္တမိတ်သမီး ခင်စန္ဒာတွင်မြင်သည့် သမီးတော် မြတ်မျိုး ပဘာ တစ်ပါး၊ ငယ်ကလွန်သမီးတော်တစ်ပါး၊ သားတော် သုံးပါး၊ သမီးတော်နှစ်ပါး ပေါင်း ငါးပါးတည်း။ ပြုတော်မူသော ကောင်းမှုတော်တို့ကား အင်းဝရွှေမြို့တော် အနောက်တောင်ထောင့် လယ်ကြီးအရပ်၌ ပြာသာဒ်ရွှေကျောင်း တော်၊ စစ်ကိုင်းမင်းဝံတော်ထိပ်၌ လေးထပ်ကျောင်းတော်၊ ပုညရှင်အနောက်တောင်ခြေရင်း၌ ရွှေဥမင်နှင့်ရွှေကျောင်းတော် တို့ဖြစ်သည်။ ခမည်းတော်ဘုရား ကောင်းမှုတော် မဟာမြတ် မုနိဘုရားရှင်ကိုလည်း ရွှေလုံးတော်ပြည့်ထည့်၍ ထီးတင်တော် မူသည်။ ပုညရှင်ဘုရားကိုလည်း ရွှေလုံးတော်ပြည့်ထည့် လှူ တော်မူသည်။ ကောင်းမှုတော်တွင် သုဓမ္မာဇရပ် တည်တော်မူ သည်။ လေးထပ်ရွှေကျောင်းကို ပြီးအောင် ဆောက်၍ ဆရာ တော် မဟာရာမဘုန်းကြီးအား လှူတော်မူသည်။ ဟံသာဝတီ ပြည်ကြီး၌ ရွှေမော်ဓောစေတီ၊ ဒဂုန်ဆံတော်ရှင်ဘုရားများကို ပြုပြင်တော်မူသည်။ မင်းတရားကြီးလက်ထက် ထင်ရှားသော စာဆိုကား သာချင်းများကို စတင်ရေးသားသူ မင်းဇေယျရန္တမိတ် ဖြစ်သည်။ မိဖုရား၊ ကိုယ်လုပ်နှင့် သားသမီးများ အတုလစန္ဒာဒေဝီ မင်းတရား မယ်တော် သူ့အမေကွဲညီမ သမီးတော် ဘုရင့်နာမတော် (၄ နှစ်တွင် လွန်) ဘူလှဝဏ္ဏ၊ ဘုန်းစိုးခေဇေယျ၏သမီး၊ သမီးတော် အမရာဝတီ ခင်ပန်းဖြူ၊ ရန်နိုင်၏သမီး သတော် ရွှေနန်းအိန်ဖြိုး (မြိတ်မြို့စား) ခင်မျိုးမြတ်က သူ့အမေကွဲညီမ သားတော် မင်းရဲဒိဗ္ဗ ဘုရင်ဖြစ်လာ ညီတော် ဝရသူရ ညီတော် မင်းရဲအောင်ဒင် မိုးကောင်မြို့စား ခင်စန္ဒာ သူ့အမေကွဲညီမ သမီးတော် မြတ်မျိုးဘဖာ သွင်ကြိုင်ရဲ မြို့စား နော်ခန်းသတ္တိသမီးတော် စယွန်ဘွာ သွင်ကြိုင်ရဲမိဖုရား သားတော် တနင်္ဂနွေ ပုဂံမင်းဆက်၏ သမီးတော် စေတုတ္တရာ မင်းရဲကျော်စွာ ပြင်​ဆာသီလ သားတော် ပြင်​ဆာသီဟ (၁၃ နှစ်တွင် လွန်) ညီတော် မင်းရဲအောင်နိုင် (မာဘီမြို့စား) + ခမည်းတော်သမီ ချာမယ်နာယာသီ ညီမတော် ရွှေအိမ်သည် + ခမည်းတော်သား မင်းဒလ နောက်လူ စေတုတ္တရာမြို့စား ယုဇနကျော်ထင် သမီးတော် စေတုတ္တရာ မင်းသမီး၊ မဏိသလန်နီ သမီးတော် ဖာခနီဘွန် ပါလွင်စော်ဘွားကန်လန်းဘွစဝ်နန်းခေါင်ခန်း သားတော် မင်းဒလ (လင်ဇင်မှာ ယာဒ်ဦးမြို့စား) + ခမည်းတော်သမီး ရွှေအိမ်သည် ဝန်းသိုစော်ဘွား သခင်​​ကော်​ညိုသမီး စဝ်နန်းဦးကြီးမိုး သားတော် ဘုရင့်မင်းခေါင် သီလဝါသစ် နမ့်ဆန်စော်ဘွား ဘအင်းဘွား သမီး စဝ်နန်းညွန့် ခမ်းစိန် သားတော် မင်းရဲတိတ္တ (ကျောက်မော်မြို့စား မင်းရဲဒိဗ္ဗ နန်းတက်တုန်းက) ညီမတော် မင်းခင် ရွေကုသာ + စကု မင်းရဲကျော်စွာ ပုဂံမင်းသမီးလေး ရှင်ထွေးမွန်ဒုတ်က ပုဂံသူရကြုတ်တုတ်သမီးတော် သမီးတော် ချာမယ်နာယာသီ + ခမည်းတော်သား မင်းရဲအောင်နိုင် ညီတော် ရှင်ပဝရာ (တာလော့မျိုးမြို့စား မင်းရဲဒိဗ္ဗ နန်းတက်တုန်းက) ဒီပဲယင်းမြို့ မဏိပေါက်တန်လန်၏ ညီမဖြစ်သူ စောပြည်ချမ်းသာ သမီးတော် မနုရာအင်းစိန် သမိန်စောကာရက်၏ညီမ မင်းသွန်းလှ သားတော် မင်းတိက္ခ လုံခပင်းမင်းသမီး လုံခပင်းစော်ဘွား စောဆန်းသမီး စူပါနာဒေဝီ သားတော် စစ်ပန်သု (မြင်စိုင်းမြို့စား) ကျိုင်းသေဉ်စော်ဘွား ခမ်းတန်ဘွားသမီးတော် တိဗ်ဝိက သားတော် စောပျစ်ငယ် (လကွန်းမြို့စား နန်းတက်စဉ် + ခင်မယ်ယမင်း ဇင်းမယ်ဘုရ မင်းရဲဒိဗ္ဗသမီးတော်) ပဂံစော်ဘွား တော်ခမ်းဒွန်သမီးတော် ဂင်းခမ်း သားတော် နေမျိုးဒတ္ထ ဘင်ညာလင်ဇင် အိုက်ယာကာဝမ်စိုးသမီးတော် မဏိဘွန် သားတော် နရာဒိဗ္ဗ (တုရိုင်းမြို့စား) မိုင်းမင်စော်ဘွား ခမ်းသင်းဘွားသမီးတော် တိလကာ သားတော် ဇေယျာနရာ ခမ်းစိုင်းဘွား လွမ်နမ်သာစော်ဘွားသမီးတော် ချန်ဒရာဖာ သားတော် ဇေတယစ် (အင်းဝမြို့စား) + ခမည်းတော်သမီ မင်းတရားဝတီ ညီမတော် သိန်းချဝမ်ထီး ကျိုင်းတောင်စော်ဘွား စဝ်ဝမ်ခမ်းသမီးတော် မဏိငယ် သားတော် ဇေယျာနုယာက် ကျိုင်းခမ်စော်ဘွား သိုပတ္ ဘွားသမီးတော် သုဘဖာဝတီ သမီးတော် မင်းတရားဝတီ + ခမည်းတော်သား ဇေတယစ် ရပ်စောက်မိဖုရား ရပ်စောစော်ဘွား သိုဟေးဘွာသမီးတော် နှင့်ဂျက်ဟက် သမီးတော် ခင်မင်းဖြူ နောင်မော်စော်ဘွား စဝ်ဟုံဘွားသမီးတော် ခင်မွေလှ သားတော် ဝရသီဟ (တဗလူမြို့စား) မိုးမိတ်စော်ဘွား သိုဟုံဘွားသမီးတော် အိန္ဒြာခင်ဘွား သားတော် ဝရဓမ္မတ္ (ပင်းတလဲမြို့စား) + ခမည်းတော်သမီ စုသုပန်ဝတီ မိုင်းဖြတ်ခရိုင်စော်ဘွား ဘင်ညာခွန်ဖြတ်ဘွားသမီးတော် ဂျိတယာဝတီ (ဆတ်ပျူဦးဖြတ်ဗယာစော) သမီးတော် စုသုပန်ဝတီ (တကောင်မြို့စားသည်၊ စမော်ခမ်းမြေးချွေးမ) + ခမည်းတော်သား ဝရဓမ္မတ္ ပင်းတလဲမြို့စား မိုင်းဟိန်းစော်ဘွား စောနော်မောင်သမီး ကနင်ခမ်းပေါင် နှင့်ဖောမေ သမီးတော် ကိန္နရာရတီ မိုင်းမောစော်ဘွား သိုကျောင်းဘွားသမီးတော် စဝ်နန်းစိန်ဆန်တာ သားတော် ခင်မြောမျို (သံတွဲမြို့စား) ခါဂမ်ဘာ မဏိပူရ မဟာယာဇာသမီးတော် သီရိမင်္ဂလဒေဝီ ချန်ပါဂျူလီ သားတော် အရဲခေါထီး (မြေနေမြို့စာ / မဏိပူရီသို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်း) ညီမတော် ဒူစည်သာဝတီ အဗ္ဒူလာငင် မူဆလင်သမီးတော် အမိသဒ သားတော် စောလှမိုး (သထုံမြို့စား) မြိတ်မြို့ကို တိုက်ခိုက်ရန် ဗိုလ်ချုပ်ဖြစ်ပါစေ။ မိုးညှင်းစော်ဘွား သိုဂန်းဘွားသမီးတော် ချိုနှင်းမိုင်း သားတော် မင်းရဲကုသာ ညီမတော် ထီးတရားဝတီ မိုင်းမောစော်ဘွား သိုကျောင်းဘွားသမီး ကန်ခမ်းဆောင်း သမီးဒေါ ခင်မယ်အိးမေ မိုင်းပန်မိဖုရား မိုင်းပန်စော်ဘွား သုခန်းထီး (သိုငံဘွား) သမီးတော် အမေညောင်ယွန် သားတော် သီရိမွန်ယာသီ (မိတ္ထီလာမြို့စား) ညီမတော် အမေညွန့်ဆောက် မေသာဦး မူဆိုဘို ခင်နွယ်နောင်သမီးတော် သမီးတော် ရှင်သန့်မေ (နတ်ရှင်မယ်) ရှင်အတုလ သည် ဒိဗ္ဗပုလေးသင်္ဂဟသမီး ဘော်လခဲစော်ဘွား သားတော် ရွှေရှင်ဆွ စောရွှေခက် (မြဝတီမြို့စား မင်းရဲဒိဗ္ဗ နန်းတက်တုန်းက) နှင့်ဟန်လွန်းနော်၊ သောင်သွပ်စော်ဘွားသမီး၊ စဝ်ခမ်းဂျင်းဘွား မီပန်ဘုရား အိန္မလောကာဝတီ ရှင်ရွှေဒါပြည်၊ မြင်းတပ် တပ်ရင်းမှူး၏ညီမ ပြင်နေသုရသီဟ၊ ပြည်နတ်ကြီး သားတော် မင်းသဖြူ (စေတုတ္တရာမြို့စား) ညီမတော် မဏိသလ ပုဂံမင်းဆက်ရဲ့ အနက်ရှိုင်းဆုံး အလှပန်းပွင့် ရည်ညွှန်းကိုးကား မြန်မာမင်းများအရေးတော်ပုံကျမ်း(၆စောင်တွဲ) မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%96%E1%80%80%E1%80%BA%E1%80%9C%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ဦးပိန်တံတား
အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။ ဦးပိန်တံတားသမိုင်း ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ ငှက် အစရှိသည်သာမက အခြားသော တိရစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါး ဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ် ဟုခေါ်သည့် ဗမာနိုင်ငံသား (မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင် မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၎င်း၏တပည့်မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ချောက်ချားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၎င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။ ထို မြို့စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ တံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားတိုင်များမှာကား အခြားမဟုတ်။ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်သည် ဟုဆိုသည်။ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်သမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။ ပြုပြင်ထိန်းသိမ်းမှု နှင့် ကျိုးကျမှု ဦးပိန်တံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၁၆၀ ကျော် ရှိလာသည့်အတွက် ဆွေးမြေ့မှုများရှိလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြီးစား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ် အထိ ပြုလုပ်ခဲ့ရသည်။ မူလတည်ဆောက်စဉ်က တံတားသည် အရှည်အားဖြင့် ၃၉၈၇ ပေ၊ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း ရှိသည်။လက်ရှိတွင် သဘာဝ ဘေးအန္တရာယ် များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့် တွင် တံတား၏ တောင်သမန် ဘက်ခြမ်း၊ တိုင်အမှတ် ၃၃၉ နှင့် ၃၄၀ ကြား အခန်း ၂ခန်း ပြိုကျမှုဖြစ်ပွားသည်။ တံတားပေါ်သို့ လာရောက်လည်ပတ်သူများပြား၍ တံတားခံနိုင်ဝန် မမျှဖြစ်ကာ ကျိုးကျခဲ့မှုတွင် ၂၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ရုပ်ပုံများ ကိုးကား မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရှိ တံတားများ
https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%95%E1%80%AD%E1%80%94%E1%80%BA%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8
သာလွန်မင်း
သာလွန်မင်း (၁၇ ဇွန် ၁၅၈၄ – ၂၇ ဩဂုတ် ၁၆၄၈) သည် တောင်ငူမင်းဆက်တွင် အဋ္ဌမမြောက် ဘုရင်တစ်ပါး ဖြစ်သည်။ ထီးနန်းတက်ချိန် ၁၉ နှစ်တာ ကာလအတွင်း ၁၅၃၀ ဆယ်စုနှစ်ကာလမှ ဆယ်စုနှစ်တစ်စုကြာ စစ်တလင်းဖြစ်ခဲ့ရသော နိုင်ငံကို အောင်မြင်စွာ ပြန်လည်ထူထောင်နိုင်ခဲ့သည်။ သာလွန်မင်းသည် အုပ်ချုပ်ရေးပိုင်းသာမက နိုင်ငံ၏ စီးပွားရေးတွင်လည်း ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ၁၆၀၈ ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ပြည်ကို သိမ်းယူခဲ့ပြီး သာလွန်အား ပြည်ကို အုပ်ချုပ်စေခဲ့သည် ၁၆၂၈ ခုနှစ်တွင် အနောက်ဘက်လွန်မင်းအား သားတော် မင်းရဲဒိဗ္ဗက လုပ်ကြံကာ ထီးနန်းသိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သာလွန်မင်းသည် ညီတော်ဖြစ်သူ အင်းဝစားဖြစ်သော တောင်ငူ မင်းရဲကျော်စွာနှင့်အတူ ကျိုင်းတုံတွင် ရှမ်းစစ်သည်များနှင့် တိုက်ပွဲဖြစ်ပွားနေချိန် ဖြစ်သည်။ သို့သော်လည်း အနောက်ဘက်လွန်မင်း လုပ်ကြံခံရပြီးနောက် ထီးနန်းကို ပြန်လည်သိမ်းပိုက်ရန်နှင့် ကျူးကျော်ခြားနားနေသော ရခိုင်တို့အား နှိမ်နင်းရန်အတွက် ညီအစ်ကိုနှစ်ဦးမှာ ပဲခူးသို့ ပြန်လာခဲ့သည်။ ၁၆၂၉ ခုနှစ်တွင် သာလွန်နှင့် မင်းရဲကျော်စွာတို့ ပဲခူးကို အောင်မြင်ပြီးနောက် မင်းရဲဒိဗ္ဗကို ကွပ်မျက်နိုင်ခဲ့သည်။ ပဲခူးတွင် သာလွန်မင်းအား မွန်လူမျိုးတို့က လုပ်ကြံရန် ကြိုးပမ်းခဲ့ရာမှ မွန်လူမျိုးအမြောက်အမြားအား ကွပ်မျက်ခဲ့သည်။ ၁၆၃၄ ခုနှစ်တွင် ထီးနန်းကို အင်းဝသို့ ပြောင်းရွှေ့ကာ နန်းတက်ခဲ့ပြီး ညီတော် မင်းရဲကျော်စွာကို မဟာဥပရာဇာ အိမ်ရှေ့အရာ အပ်နှင်းခဲ့သည်။ ၁၆၄၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် မင်းရဲကျော်စွာ ကွယ်လွန်ခဲ့သဖြင့် သားတော် ပင်းတလဲကို အိမ်ရှေ့စံအဖြစ် အပ်နှင်းခဲ့သည်။ မင်းရဲကျော်စွာ၏ သားတော်က အိမ်ရှေ့အရာ အလိုရှိသဖြင့် ပုန်ကန်ခဲ့ရာ သာလွန်မင်းလည်း စစ်ကိုင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရသည်။ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ပြီးနောက် ပုန်ကန်ခြားနားသူများကို အရှင်လတ်လတ် မီးရှို့ကာ ကွပ်မျက်ခဲ့သည်။ ၁၆၄၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် သာလွန်မင်း ကွယ်လွန်ခဲ့ကာ သားတော် ပင်းတလဲမင်း ထီးနန်းတက်လာခဲ့သည်။ သာလွန်မင်းသည် နေပြည်တော်အတွင်းအပြင်ရှိ စေတီပုထိုး၊ ရုပ်တု၊ ဆင်းတု၊ အရိယာသံဃာတို့အားလည်း ကြီးစွာသောအလှူကိုစီရင်တော်မူ၍ရက်လည်အောင်လှူတော်မူသည်။ နိုင်ငံတော်အလုံးရှိအရိယာသံဃာ၊ သီလဝံတို့အား ပရိက္ခရာရှစ်ပါးစီရင် တော်မူ၍လှူတော်မူသည်။ ဘိသိက်ခံပြီးနောက်ယိုးဒယားဘုရင်ထံသို့အမှာတော်ရေး၍ သံများစေလွှတ်ကာနှစ်ပြည့်တစ် ပြည်ချစ်ကြည်ရေးကို ဆောင်ရွက်တော်မူသည်။ သက္ကရာဇ် ၉၉၆ ခုနှစ်တွင် မော်လမြိုင်သား မွန်တို့ပုန်ကန်သည်ကိုနှိမ်နင်းပြီးနောက် ဟံသာဝတီနေပြည်တော်၌ရန်ဆူးရန်ညှောင့်သန့်စင်ကုန်ပြီဖြစ်သည်တစ်ကြောင်း၊ အောက်တလွှား၌စစ်မက် အရေးအရာများ၍ မြို့ရွာပျက်ကျေ လူနေနည်းပါးလာသည် တစ်ကြောင်း၊ ပဲခူးမြစ်သည်တိမ်ကောလာသည်နှင့် ပဲခူးမြို့မှာ သင်္ဘောဆိပ်မဟုတ်တော့ သဖြင့် အရောင်းအဝယ် ဆုတ်ယုတ်လာသည်တစ်ကြောင်းတို့ကြောင့် ခမည်းတော်နောင်တော်တို့၏အရိုက်အရာ ရတနာပူရအင်းဝနေပြည်တော်သို့ ထိုနှစ်ပြာသိုလတွင်ပြောင်း ရွှေ့နေရသည်။ နောက်အမြင့်စား တိုက်ပွဲတွင် ကျဆုံးသဖြင့်နန်းတော်သို့ပြန်ဝင်လေသည်။ ထိုသို့နန်းတွင်းပုန်ကန်မှုသတင်းကိုကြားသောအခါ ကသည်းစော်ဘွားလည်း သောင်သွပ်ကိုထိပါး တိုက်ခိုက်လာသည်။ သို့ရာတွင် မင်းတရားကြီးရဲမက်တို့ ချီတက်တိုက်ခိုက်လျှင် အတိုက်မခံဘဲဆုတ်၍နေသည်နှင့် ပြန်လာရသည်။ ဘိုးတော်ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးချဲ့ထွင်တော်မူခဲ့သည့်နိုင်ငံတော်ကြီးကို သာလွန်မင်းတရား ကြီးသည်ရှေးကဖြစ်လာသောအကြောင်းနှင့်လက်ရှိအကျိုးတို့ကို ဆက်စပ်တွေးခေါ်ကာ ပြုစုပျိုးထောင်ခဲ့သည်။ နိုင်ငံ တော်ကြီးသည်စစ်ကို နှစ်ပေါင်းများစွာ မကြာခဏ တိုက်ခိုက်ခဲ့ကြရသဖြင့် လက်ပန်းကျ၍နေလေသည်။ ထိုစစ်တို့သည် လူဦးရေကို ယုတ်လျော့စေသည်။ စိုက်ပျိုးရေးကိုလည်းထိခိုက်စေသည်။ ထို့ကြောင့် သာလွန်မင်းတရားကြီးသည် နိုင်ငံတော်အတွက်လက်တွေ့လိုအပ်နေသောစီးပွားရေး ပြန်လည်ထူထောင်မှုနှင့် လူဦးရေအင်အားပြန်လည်ဖြည့်တင်းရေးတို့ကိုဆောင်ရွက်တော်မူသည်။ ထိုသို့မဆောင်ရွက်မီ လက်ရှိအခြေအနေမှန်ကိုသိရှိရန် သက္ကရာဇ် ၉၉၉ ခုနှစ်တွင် နိုင်ငံတော်လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်အသီးအနှံ၊ စီးပွားရေးအခြေအနေနှင့်ပေးဆောင်ရသည့် အခွန်အတုတ်တို့ကို စစ်သည့်စစ်တမ်းတစ်ခုကိုကောက်ယူတော်မူသည်။ ယခုခေတ် သန်းခေါင်စာရင်းမျိုးပင်ဖြစ်သည်။ စစ်တမ်းအားဖြင့်နိုင်ငံတော်လူဦးရေအခြေအနေကို သိရှိပြီးနောက်တစ်နှစ်တွင်လူဦးရေတိုးတက်ရေးအတွက်နိုင်ငံ အတွင်းရှိယောက်ျား မိန်းမအပျို လူပျိုကလေးသူငယ်၊ မုဆိုးဖို၊ မုဆိုးမတို့ကိုအသက်အပိုင်းအခြားနှင့်စာရင်း ကောက်ယူပြီးနောက်အောက်ပါမင်းမိန့်တစ်ခုကိုထုတ်ပြန်လေသည်။ 'ငါဘုရင်မင်းမြတ်၏နိုင်ငံတော်အတွင်းတွင်လစ်လပ်နေသည့်အိမ်ထောင်ပျက်မုဆိုးဖို၊မုဆိုးမများကိုသင့်လျော်ရာအိမ်ထောင်ချရမည်။ အရွယ်ရောက်သော သားပျိုသမီးပျိုများကို မိဘအုပ်ထိန်းသူတို့ကထိမ်းမြားပေးကြရမည်။ မထိမ်းမြားပေးလျှင် လေလွင့်တတ်သည်။ ဤသို့အလစ်အလပ်မရှိကြမှသာလျှင် နိုင်ငံတော်လူဦးရေတိုးလိမ့်မည်။ သာလွန်မင်းတရားကြီးသည် လူဦးရေတိုးတက်မှုကို ဆောင်ရွက်သကဲ့သို့ပင် စီးပွားရေးတိုးတက်မှုကိုလည်း ဆောင်ရွက်ခဲ့သည်။ လယ်ယာလက်ကိုင်မရှိသော ဆင်းရဲသားများအား လယ်ယာရရှိ၍လုပ်ကိုင်စားသောက်နိုင်ရေး၊ အသီးအနှံထွက်သောအင်အားပိုမိုများပြားရေး၊ နိုင်ငံနှင့်တကွ နိုင်ငံသားများကအသုံးအစွဲချွေတာရေးတို့ကို အဓိကထား၍ ဆောင်ရွက်တော်မူသည်။ မင်းတရားကြီး၏အမိန့်အရမြို့ရွာကြီးကြပ်ကွပ်ကဲသော ပုဂ္ဂိုလ်ကြီးငယ်တို့သည် မိမိတို့ဆိုင်ရာမြို့ရွာဒေသတို့တွင် လယ်ယာလုပ်ကိုင်စားသောက်သူတို့ဦးရေကို စစ်ဆေးမှတ်သားပြီးနောက်၊ ထိုသူတို့အတွက်လုပ်ကိုင်ရန် လယ်ယာမရှိလျှင်ဖြစ်စေ၊ နေထိုင်စားသောက်ရန် အတိဒုက္ခကြုံတွေ့လျှင်ဖြစ်စေ၊ မြေယာရရှိစေရန် နှင့်စားသောက်မှုချောင်ချိစေရန် စီမံနှိုးဆော်၍ရပ်ရွာ၏အကူအညီဖြင့် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင်လယ်သမား ယာသမားများအား လယ်ယာလုပ်ကိုင်နေစဉ် မင်းမိန့်ပင်ဖြစ်စေ၊ အလုပ်ကိုထိခိုက်စေမည့် အနှောင့်အယှက်မျိုးမပြုရန် အမိန့်ထုတ်ဆင့်ထားသဖြင့် လယ်ယာသမားများ စိတ်အေးချမ်းသာစွာလုပ်ကိုင်နိုင်သောကြောင့် မင်းတရားကြီး လက်ထက်တွင် နိုင်ငံတော်၌ စားရေရိက္ခာပိုမိုထွက်ရှိကာ စီးပွားရေး တောင့်တင်းလာလေသည်။ နိုင်ငံတော်၏ဝမ်းဖြစ်သော ကျောက်ဆည်လယ်တွင်းနယ်များကို တိုးချဲ့ပြင်ဆင်ကာ စစ်ပွဲတွင်လက်ရမိသောသုံ့လူတို့ကို ကျောက်ဆည်နယ်တွင် နေရာချထား၍ ဆည်မြောင်းတို့ကို စောင့်ရှောက်ကြည့်ရှုစေသည်။ စစ်မက်အရေးရှိလျှင်လည်း လက်နက်ကိုင်အဖြစ် အမှုတော်ကိုထမ်းရွက်စေသည်။ မင်းတရားကြီးသည် ပြည်သူလူထုအား စီးပွားဥစ္စာတိုးတက်အောင် ဖန်တီးပေးရုံမက၊ ရရှိသောဥစ္စာကို ချွေချွေတာတာသုံးစွဲရန်စံနမူနာပြခဲ့သည်။ တစ်ခါသော်မင်တရားကြီးသည် စစ်ကိုင်းဘက်သို့ ထွက်တော်မူစဉ်စစ်ကိုင်းမြို့အရှေ့ဘက်ကျောက်ဆတ်ရွာ၌ ဆင်းရဲသားအိမ်ရှင်မတဦးသည် လမ်းပေါ်၌ ထမင်းရည်ငှဲ့နေသည်ကိုမြင်တော်မူသောကြောင့် ထမင်းရည်ကိုကလေးငယ်များ၊ သို့မဟုတ်မွေးထားသောခွေးဝက် စသည်တို့အား တိုက်ကျွေးနိုင်ပါလျက် အလဟဿစွန့်ပစ်ရမည်လောဟု ကြိမ်ဒဏ် ၁ဝ ချက်ရိုက်၍ ငွေ ၃ဝ မျှသနား ခဲ့ဖူးလေသည်။ ထို့ပြင်အခါတစ်ပါး သမီးတော်သည် ခါသာပိတ်အင်္ကျီကိုဝတ်ဆင်လျက် ရွှေနန်းတော်တိုင်ကိုမှီ၍ ထိုင်နေသည်ကိုတွေ့သောအခါ ကျေးတော်ကျွန်တော်မျိုး ဆင်းရဲသားတို့ထံမှရသော အခွန်တော်ငွေနှင့်ဝယ်သော အဝတ်အစားကိုမရိုမသေ ဝတ်ရကောင်းလောဟု ပရိသတ်အလယ်၌ နှုတ်ပစ်တင်တော်မူရုံမက သုံးရက်လုံးလုံးသမီးတော်အားစကား မပြောဘဲနေလေသည်။ မင်းတရားကြီးသည် အဝင်အထွက်အဖြောင့် အကောက်မညီညွတ်၊ ကျနစွာမပိုင်းခြား မသတ်မှတ်ထားသေး ၍ ရှုပ်ရှက်ခတ်အရောရောအနှောနှော ဖြစ်နေသော မြို့ရွာနယ်ပယ် အပိုင်းအခြားများကိုလည်း အသေအချာဖြစ်စေရန် ပြုပြင်စီမံတော်မူသည်။ မြို့ကြီးများကို အရပ်လေးမျက်နှာပတ်လည် သောင်းတိုင်အတွင်းကိုသာ စီရင်တော်မူလေသည်။ စာချီ၊စာမြင်၊ ကလန်၊ သံပြင်၊ မြေတိုင်၊ မြေသိမ်းတို့နှင့်စီရင်သည့်တိုင်းခရိုင်များမှာ အရပ်လေးမျက်နှာ ငါးတိုင်ပတ်လည်အတွင်းကိုသာ စီရင်တော်မူလေသည်။ ဆယ်ပြုမြို့ရွာ၊ ရာပြုမြို့ရွာ၊ တိုက်ဝင်မြို့ရွာ၊ ကျေးသီး မြို့ရွာများနှင့်ပြည့်ရတိုင်၊ မြောင်းမြမြို့၊ မှော်ပီမြို့၊ မော်လမြိုင်မြို့၊ သန်လျင်မြို့၊ ဒဂုန်ဆံတော်တည်ရာကုန်း၊ သူရဲ၊ကြံ ခင်း၊ ဂူထွက်၊ ဓနုဖြူ၊ခဲပေါင်မှစ၍ ၁၅၇ မြို့အဝင်တိုက် ၁၄ တိုက်၊ မင်းပြုံးသုံးတိုက်၊ သံလျင်သုံးတိုက်၊ ဟံသာဝတီခုနစ်တိုက်၊ မုတ္တမခုနစ်တိုက်၊ ပုသိမ်ခုနစ်တိုက်၊ ဒလသုံးတိုက်၊ ကိဉ္ဇိပူရသုံးတိုက်၊ သုဓမ္မဝတီသုံးတိုက်၊ တိကုမ္ဘနှစ်တိုက်၊ ကေတုမတိလေးတိုက်၊ လင်းဇင်း ၅၇ တိုက်၊ ရေးနှစ်တိုက်စသည်ဖြင့်ခန့်ခွဲကာ မြောက်ဘက် မြင်းမြေ၊ တောင်ဘက်မြင်းမြေ၊ တောင်ငူမြင်းမြေ၊ ရွှေပြည်ကြီးမြင်းမြေစသည်များ၊ ဝင်းတော်လေးရပ်ဒိုင်းစု လမိုင်းစု၊ ကိုယ်ရံတော်သေနတ်၊ လှေ၊ ကတ္ထူများမှစ၍ မြေပယ်နယ်မှန်သမျှအစုသားတို့မှာတရွာလျှင် အရပ်လေးမျက်နှာနှစ်တိုင် စီ၊ ငါးရွာတွင်းစီရွာကိုအလယ်ထား၍ နယ်လေးရပ်ဖြစ်စေတော်မူသည်။ ဤသို့ပြုပြင်မှုများ၊ ပြန်လည်ထူတောင်မှုများကို ဆောင်ရွက်ခဲ့သဖြင့် ထိုမင်းလက်ထက်တွင် နိုင်ငံတော်သည် ပုဂံခေတ်မှာကဲ့သို့ များစွာစည်ကားသာယာလေသည်။ ယင်းသို့စီးပွားရေးဘက်တွင် တိုးတက်ဖွံ့ဖြိုးလျက်ရှိခြင်းကြောင့် ဒပ်ချ်အရှေ့အိန္ဒိယကုမ္ပဏီသည် သန်လျင်၊ ဟံသာဝတီနှင့် အင်းဝတို့တွင်လည်းကောင်း၊ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီသည် သန်လျင်၌လည်းကောင်း လာရောက်ရောင်းဝယ်ဖောက်ကားကြ သည်။ အမည်ရင်းမြစ် သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ "တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်"ဟု ဆိုသည်။ ငယ်အမည်ရင်းမှာ မင်းရဲသင်္ခသူဖြစ်သည်။ တိုင်းပြည်တည်ငြိမ်ရေး ဆောင်ရွက်ခြင်း သာလွန်မင်းသည် နောင်တော် အနောက်ဘက်လွန်မင်းအား တူတော် မင်းရဲဒိဗ္ဗက လုပ်ကြံနန်းတက်သည်ကို နှိမ်နှင်းပြီးနောက် နန်းတက်သည်။ နန်းတက်စတွင် ဘိသက်ခံကာ ဘုရင်အဖြစ်ရယူခြင်းမရှိပဲ လေးနှစ်(၁၆၂၈ မှ ၁၆၃၃ထိ)တိုင် တိုင်းပြည်စည်းရုံးရေးကို ဆောင်ရွက်ခဲ့သည်။ ဟံသာဝတီနန်းတော်သို့ရောက်လျှင် မင်းရဲဒိဗ္ဗ၏ကျွန်များ အနက်အပြစ်ရှိသူများကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးသည်။ ချီးမြှောက်သင့်သူများကို ချီးမြင့်မြှောက်စားသည်။ ရခိုင်မှ သံတမန်များကို လက်ခံတွေ့ဆုံသည်။ မြန်မာသံအမတ်များကိုလည်း ရခိုင်သို့ စေလွှတ်သည်။ ထိုနောက် ဇင်းမယ်သို့ တဖန်သွားရောက်ကာ ပုန်ကန်မှုများကို နှိမ်နှင်းသည်။ ထိုနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ နှင့်ဇင်းမယ်တစ်ဝိုက်တွင် ငြိမ်ဝပ်ပိပြားစေရန် ဆောင်ရွက်သည်။ ဘိသက်ခံယူခြင်းနှင့် ပုန်ကန်မှုများကို နှိမ်နှင်းခြင်း ခရစ်နှစ် ၁၆၃၃၊ဒီဇင်ဘာ၊ ၁၄တွင်မှ ဟံသာဝတီနန်းတွင် ဘိသက်ခံကာ မင်းအဖြစ်ခံယူသည်။ ဘိသိက်ဥကင်ဖွင့် အခမ်းအနားတွင် မြန်မာအမတ်၊ မွန်အမတ်၊ ယွန်းအမတ် များခြံရံကာ ဆင်ယင်ကျင်းပခဲ့သည်။ ထိုနောက် ယိုးဒယားသို့ သံစေလွှတ်သည်။ သို့သော် ဟံသာဝတီတွင် နန်းတက်၍ မကြာမှီတွင် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရသည်။ ပုန်ကန်သူများ မော်လမြိုင်သို့ ပြေးသည်ကို လိုက်လံနှိမ်နှင်းရသေးသည်။ အင်းဝသို့ နန်းရွှေ့ခြင်း ၁၆၃၄တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟံသာဝတီမှ အင်းဝသို့ တဖန်ပြန်လည်ပြောင်းရွှေ့စံမြန်းသည်။ နန်းတော်၏ အစီအရင်များ စီရင်ပြီး၁၆၃၅တွင်မှ အင်းဝနန်းကို သိမ်းပိုက်စိုးစံသည်။ ညီတော်မင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးကာ မှူးမတ်များကို ဘွဲ့အမည်နှင့်တကွ ချီးမြှင့်လေသည်။ ၁၆၃၆တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ(စစ်ကိုင်းကောင်းမှုတော်)ကို အုတ်မြစ်ချသည်။ နန်းတွင်းပုန်ကန်မှု အင်းဝသို့ရောက်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့အရာပေးသည်။ ထိုအခါ နန်းရရန် မျှော်မှန်းသည့် အမြင့်စားရှင်တရုတ်က လူသူစုဆောင်းကာ ပုန်ကန်သည်။ သာလွန်မင်းလည်း အငိုက်မိကာ အားမတန်သဖြင့် လေးထပ်ကျောင်းသို့ဝင်ရောက်ခိုလှုံသည်။ သို့သော် လေးထပ်ကျောင်းဆရာတော်ကြီးက လောကီနှင့် လောကုတ္တရာ မရောယှက်လိုသဖြင့် ခိုလှုံခွင့်မပေးချေ။ ထို့ကြောင့် စံကျောင်းသို့ပြောင်းရွှေ့ခိုလှုံရသည်။ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော်ဖြစ်သည့် အတွက်နောက်ပါရဟန်းများကို စုစည်းကာ တုတ်ဓားလက်နက်များဖြင့် သာလွန်မင်းနှင့် မှူးမတ်များကို စောင့်ရှောက်ပေးသည်။ မြို့တွင်းတွင်ကျန်ရှိနေခဲ့သည် မှူးမတ်များလည်း အမြင့်စားကိုကြောက်ရွံသဖြင့် နေကြရသော်လည်း မင်းတရားကြီးကို သစ္စာခံကြောင်း တိတ်တဆိတ်လျှောက်တင်ကြသည်။ ထိုပုန်ကန်မှုကို မှူးမတ်များရွတ်ရွတ်ချွံချွံ ထမ်းဆောင်နှိမ်နှင်းသဖြင့် ရှင်တရုတ်ကျဆုံးပြီး အောင်မြင်သည်။ ထို့နောက် လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် အလှုကြီးများပေးကာ လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော်၊ စံကျောင်းဆရာတော်ကို ပစ္စုပ္ပန်ဆရာတော်ဟူ၍ ခေါ်ဝေါ်ချီးကျူးလေသည်။ ထိုပုန်ကန်မှုပြီးနောက် မြောက်ပိုင်းမှ ကသည်းလူမျိုးတို့ ကျူးကျော်လာသည်ကို တိုက်ခိုက်နှိမ်နှင်းရသေးသည်။ သို့သော် အလွယ်တကူသာ တိုက်ယူလိုက်ရပြီး အောင်နိုင်သည်။ နတ်ရွာစံခြင်း ထိုပုန်ကန်မှုအပြီး တစ်နှစ်အကြာ ၁၆၄၈တွင် သာလွန်မင်း အင်းဝနန်းတော်တွင် နတ်ရွာစံသည်။ နန်းသက် ၁၉နှစ်၊ သက်တော် ၆၅နှစ် အဝင်တွင်ဖြစ်သည်။ နတ်ရွာစံလျှင် သားတော် အိမ်ရှေ့မင်း ပင်းတလဲမင်းက နန်းဆက်ခံသည်။ သာလွန်မင်း၏ ဆောင်ရွက်ချက်များ သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်သည်စုဆောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ “ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။ ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။ မင်းတရားကြီးလက်ထက် ပညာရှင်များအား မြှောက်စားအားပေးသဖြင့် စာဆိုပုဂ္ဂိုလ်ကျော်များထွန်းကားသည်။ ဝေဿန္တရာပျို့ရေးသားတော်မူသော တောင်ဖီလာဆရာတော်၊ ရတနာကရဝတ္ထုရေးသော သဒ္ဓမ္မာလင်္ကာရ ဆရာတော်၊ မင်းလှနုယဉ်ပျို့ရေးသော ရှင်ကရဝိကစသည်တို့ဖြစ်သည်။ တောင်ဖီလာဆရာတော်နှင့် ကိုင်းရွာသား မနုရာဇာတို့ စီရင်ရေးသားသော မနုသာရ ရွှေမျဉ်းဓမ္မသတ်ကျမ်းလည်း မင်းတရားကြီးလက်ထက် ပေါ်ထွက်ခဲ့သည်။ ကောင်းမှုတော်များ မင်းတရားကြီးသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုကို အဘက်ဘက်မှ ဆောင်ရွက်တော်မူရုံမက ကုသိုလ်တော်အမှုတို့ကို ပြုတော်မူသည်။ ၉၉၈ ခုနှစ်တော်သလင်းလတွင် ဧရာဝတီမြစ်၏မြောက်ဘက်အင်းဝရွှေမြို့တော်၏ မြောက်ဘက် မစူးလွန်း၊အနောက်ဘက်ခပ်ယွန်းယွန်း တန့်တည်အရပ်၌ (ယခုစစ်ကိုင်းမြို့မြောက်ဘက်ခြောက်မိုင်ကွာ) ၌အမြဲကိုးကွယ်တော်မူသော စွယ်တော်၊ ဆံတော်နှင့် ဓာတ်တော်မွေတော်၊ ရတနာစေတီတော်တို့ကို ဌာပနာ၍ ရာဇမဏိစူဠာစေတီဘွဲ့ခံ ကောင်းမှုတော်စေတီကြီးကို တည်ထားကိုးကွယ်သည်။ မဟာရံတံတိုင်းဝန်းကျင်၌ မှန်ကင်း အထွတ်ရှိသော ပြုဗ္ဗာဝန်၊ ဒက္ခိဏဝန်၊ပစ္ဆိမာဝန်၊ ဥတ္တရာဝန်၊ ဟူသော ကျောင်းကြီး လေးရပ်နှင့်ကျောင်းရံ ၄ဝ ဆောက်လုပ်လှူဒါန်းတော်မူသည်။ ကောင်းမှုတော်ဘုရားကို ၁ဝဝ၈ ခုနှစ်တွင် အုတ်များ အပြီးသတ်သော်လည်း ၁ဝဝ၉ ခုနှစ်တွင်အိမ်ရှေ့မင်းနတ်ရွာစံ၍ နန်းတွင်းပုန်ကန်မှုဖြစ်နေသဖြင့် ထီးတော်မတင်ရချေ။ ၁ဝ၁ဝ ပြည့်နှစ်တွင် ထီးတင်ရန် စီမံသော်လည်း ထီးတော်မတင်ရမီ ထိုနှစ်တော်သလင်းလဆန်း ၁ဝ ရက်နေ့တွင် သက်တော် ၆၇ ခုနှစ်၊ စည်းစိမ်တော် ၁၉ နှစ်၌ မင်းတရားကြီးသည်ရုတ်တရက်နတ်ရွာစံလေသည်။ စေတီတော်ကြီးကို သားတော်ပင်းတလဲမင်း လက်ထက်တွင် ထီးတင်နိုင်လေသည်။ ယင်းသို့ရွှေနန်းထက်၌ ညင်ညင်သာသာ စံလွန်တော်မူသောကြောင့် သာလွန်မင်းတရားဟုတွင်ကြောင်းဖြင့်ဆိုကြသည်။ အချို့ကလည်း တိုင်းကားပြည်ရွာကို အလွန်အကဲ သာယာအောင်ဆောင်ရွက် တော်မူသောကြောင့်သာလွန်မင်းဟု တွင်ကြောင်းယူဆကြသည်။ မင်းတရားကြီး၏ အခြားကောင်းမှုတော်တို့ကား တောင်ပလူ(တောင်ဘီလူး)အရပ်မှ ရွှေကျောင်းတော်၊ ပင်းယ ရွေွှစည်းခုံမှ ရွှေကျောင်းတော်၊ မဟာမြတ်မုနိဘုရား အနောက်ဘက်မှ လေးထပ်ကျောင်း၊ ရွှေမောဓောဘုရားအရပ် လေးမျက်နှာ၌ ဆောက်လုပ်သောကျောင်းတော်ကြီးများ၊ ဇင်းမယ်ကျိုင်းသေဉ် စသည်မှ ကျောင်းတော်ကြီးများ၊ စစ်ကိုင်း ရှင်ဖြူရှင်လှဘုရား၏ အရှေ့မြောက်ယွန်းနှင့်ပုညရှင်စေတီ အရှေ့ဘက်မှ ကျောင်းတော်ကြီးများဖြစ်သည်။ ထို့ပြင် ဒဂုန်ဆံတော်ရှင်၊ ပြည်ရွှေဆံတော်၊ တောင်ငူရွှေ ဆံတော်၊ပုဂံရွှေစည်းခုံ၊ အညာသီဟတော၊ ပဲခူးရွှေသာလျောင်း အစ ရှိသော စေတီတော်တို့၌လည်း ရွှေအပြည့် မွမ်းမံတော်မူသည်။ ပိဋကတ်တော်တို့ကိုလည်း ကျမ်းတတ်ဆရာတော်တို့အား တည်းဖြတ်စေ၍ ရွှေဖြင့်ပြီးသော ပိဋကတ်တိုက်တော်ကြီး၌ ထားတော်မူသည်။ မင်းတရားကြီးလျှောက်ထား တောင်းပန်သဖြင့် ပထမတောင်ဖီလာဆရာတော် စသောဆရာတော်ကြီး လေးပါးတို့သည် မင်းဘူးစက်တော်ရာဒေသမှ တောခြုံများရှင်းလင်း၍ စက်တော်ရာနှစ်ဆူကို ရှာဖွေတွေ့ရှိတော်မူကြသည်။ မိဖုရား၊ ကိုယ်လုပ်နှင့် သားသမီးများ မိဖုရားကိုယ်လုပ် ၁၂ ယောက်မှ သားတော် ၁၁ ယောက်၊ သမီးတော် ၉ ယောက်တို့ကို အောက်ပါအတိုင်း မြင်သည် − မြောငယ်ကတော် ခင်မျိုးစစ် သမီးတော် ဘုန်းဝေဠု (သီလဒေဝီ ခံ) + စဉ့်ကူးမင်းကြီး မင်းရဲနော်ရထာညီ သခင်ကျော် (မင်းရဲရန္တမိတ် အမည်နှင့် ပင်းတလဲမြို့ စား) နှမတော် မင်းဖြူ (အိမ်ရှေ့မိဖုရား) + ခမည်းတော်သား သခင်ဖြူ (ပြင်စည်မင်းကြီး နောက် အိမ်ရှေ့ နေ) မိုးနဲစော်ဘွားစဝ်လှခန္သမီးဆင်သူမာလာ မြောကြီးကတော် ခင်သက်နှင် သားတော် မင်းရဲနရသီဟ (၇ နှစ်တွင် လွန်) ညီတော် သခင်ဖြူ + ခမည်းတော်သမီး မင်းဖြူ နှမတော် ခင်ပန်းဖြူ (မိဖုရားဖြစ်) ညီမတော် ခင်မ (ရွှေဆင်းတု ခံ) + အနောက်ဘက်လွန်မင့်သား မင်းရဲအောင်ထင် (စည်ပုတ္တရာမင်းကြီး) ပြည်ရန်နိုင် မိဖုရားညီမ ဝါဘိုကတော် ခင်ထွေးလှ သားတော် သခင်ညို (တိုင်တားမြို့စား နောက် ကန္နီမြို့စား) + မင်းရဲကျော်စွာသမီး ခင်ဖြူ ညီတော် သခင်နေမျိုးဒတ္တ (နောက် တိုင်တားမြို့စား) + မင်းရဲကျော်စွာသမီးငယ် ခင်မရွှေပခြုပ် အိမ်ရှေ့ ဝေါကတော်သမီး ခင်လှစံ သားတော် သခင်တလုပ် (အမြင့်မြို့စား) + ခမည်းတော်သမီး ခင်မဆင်အင်ပြိုး နှမတော် ဘုန်းခိုင်သစ် (၂၂ နှစ်တွင် လွန်) ပင်းယမင်းသမီး ခင်မြတ်ဆက် သားတော် ဇေယျဝရ (ရှင်တလုပ်နောက် အမြင့်မြို့ စား) ညောင်ပင်ဆိပ်ကတော်အစ်မ ရှင်လှညီ သမီးတော် ခင်မဆင်အင်ပြိုး + ခမည်းတော်သား ရှင်တလုပ် ပုဂံနန်းရိုး နေမျိုးအစဉ်ဖြစ်သော ဒွါရာဝတီ အိမ်ဖြူရှင် ဘယရန္တမိတ်မြေး စွယ်တော်ရောက်ကတော်သား ရှင်ရန်ငူသမီး မင်းလတ် သားတော် သခင်နေမျိုးရဲကျော် (မင်းရဲအောင်တင်နောက် စည်ပုတ္တရာကို စားရ) + ခမည်းတော်သမီး ခင်မမင်းစစ် ညီတော် နရာဇေယ အထိန်း နဲရွတ် သားတော် သခင်ဗညား (လေးထပ်ကျောင်းတွင် လွန်) တောင်ငူရွှေနန်းတည်သမီး ခင်မရွှေနန်း မြို့သစ်မင်းသမီး (မင်္ဂလာဒေဝီ ခံ) သမီးတော် ခင်မမင်းစစ် + ခမည်းတော်သား နေမျိုးရဲကျော် (စည်ပုတ္တရာမင်းကြီး၊ ဇင်းမယ်ဘုရင် နော်ရထာမင်းစော) အိမ်နိမ့်မင်းသမီး ပုသိမ်မင်းသမီး သမီးတော် အဂ္ဂပ္ပတ္တ (၁၀ နှစ်တွင် လွန်) မောင်တော် မင်းရဲကုလ ဗညားသံလံသမီး ဖြူနှင်းကလျာ သားတော် သခင်ပုဖြူ (၁၆ နှစ်တွင် လွန်) ကျိုင်းသေဉ်စားသမီး ဗညားရာဇာ တူမနဲမောင် သမီးတော် စိတ္တရနွံလောက် / သူဇာ ကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း အပြင် ၃၇ မင်း တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9C%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8
သာယာဝတီမင်း
သာယာဝတီမင်း (ခေါ်) ရွှေဘိုမင်း (ခေါ်) ကုန်းဘောင်မင်း(ခရစ်နှစ် ၁၈၃၇-၁၈၄၆) သည် ကုန်းဘောင်မင်းဆက်၏ ၈ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်ဘွဲ့မှာ သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ ဖြစ်သည်။ ငယ်မည်မှာ မောင်ခင်ဖြစ်သည်။ နောင်တော် ဘကြီးတော်မင်းကို ရွှေဘိုမှ ပုန်ကန်၍ နန်းတက်ခြင်းဖြစ်သည်။ ပုန်ကန်ရသည့်အကြောင်းရင်းမှာ နောင်တော်စိတ်မမှန်ဖြစ်နေသည်ကြောင့် တစ်ကြောင်း၊ နန်းတွင်းပြိုင်ဘက်ဖြစ်သည့် နန်းမတော်မယ်နုနှင့် ၎င်း၏အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အိုတို့၏ ဖိအားများကြောင့်တစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် နန်းတက်လျှင် နောင်တော်နှင့် မယ်နုတို့ကို ကွပ်မျက်ခြင်းမရှိဘဲ အကျယ်ချုပ်ဖြင့် ကောင်းစွာနေစေသည်။ မောင်အိုနှင့် အပေါင်းအပါများကိုမူ ထောင်သွင်းအကျဉ်းချခဲ့သည်။ ထိုအထဲတွင် မြဝတီ ဝန်ကြီး ဦးစတစ်ယောက်လည်းပါဝင်ခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် ကုန်းဘောင်နေဝန်း အစချီသော လင်္ကာကို ရေးစပ်ကာ ဆက်သခဲ့သည့်အတွက် အကျဉ်းမှလွတ်သည်။ နောင်တော် ဘကြီးတော်မင်း၏ သားဖြစ်သူ ညောင်ရမ်းမင်းသား(စကြာမင်းသား)ကို သားတော်များနှင့် တန်းတူထားကာ မင်းသားကြီးအဆင့်ပေးသော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန် ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်သည်။ သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်တွင်းမှ အစ်ကိုဖြစ်သူနှင့် အပေါင်းအပါများကို နန်းလုရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်ကာဆက်သွယ်သည်ဟု ကြားပြန်သဖြင့် မယ်နုရေချကွပ်မျက်ကာ ဦးအိုနှင့် အပေါင်းအပါ ၁၁ယောက်ကို ထောင်တွင်းတွင်ပင် သတ်စေသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ ရလဒ်ဖြစ်သော ရန္တပိုစာချုပ်ကို လုံးဝအသိမှတ်ပြုခြင်းမရှိခဲ့ပေ။ ရန်ကုန်ထိ တပ်များစေလွှတ်ကာ အင်အားပြသစေသည်။ မင်းသားဘဝက အင်္ဂလိပ်သံတမန်တို့ကို ကောင်းစွာလက်ခံတွေ့ဆုံသော်လည်း မင်းအဖြစ်ရောက်ပြီးနောက် ကောင်းမွန်သောဆက်ဆံရေးထူထောင်ရန် မကြိုးပမ်းတော့ချေ။ နန်းတော်ကိုလည်း အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းသည်။ အင်းဝတွင် အလွန်ပြင်းထန်သည့် ၁၈၄၁ ငလျင်ကြီးကြောင့် ဆိုးဝါးစွာပျက်ဆီးသွားရပြီဖြစ်သည်။ နောက်ပိုင်းတွင် လောကီဆိုင်ရာ ပညာရပ်များကိုလိုက်စားကာ စိတ်မူမမှန်တော့သည့် အဖြစ်သို့ရောက်ရရှာသည်။ ထိုအချိန်များအတွင်း နန်းတွင်းတွင် မိဖုယားခေါင်ကြီး ကျပင်းမင်းသမီးနှင့် သားတော်ပုဂံမင်းသားတို့က လွှမ်းမိုးကြသည်။ ၎င်းတို့၏လက်ချက်ဖြင့် မိဖုရား မမြကလေး(လှိုင်ထိပ်ခေါင်တင်၏ မယ်တော်)၊ ပုန်ကန်သူ သားတော်ကြီးပြည်မင်းသား(သာယာဝတီမင်း၏ အချစ်ဆုံးသားတော်၊ သာယာဝတီမင်းကိုယ်တိုင်က အစ်ကိုကြီးဟု ချစ်စနိုးခေါ်လေ့ရှိသူ) နှင့် အရေးပါသူများကို မင်းမိန့်ဟုဆိုကာ ကွပ်မျက်ခဲ့ကြသည်။ ပြည်မင်း၏ ညီတော်ရင်း ပခန်းမင်းသားမှာမူ လေနာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သာယာဝတီမင်းကိုယ်တိုင် စိတ်ဖောက်ချိန်တွင် လှံဖြင့်ထိုးသဖြင့် ယောမင်းကြီးဦးဖိုးလှိုင်၏ဖခင် ယင်းတောဝန်ကြီး ကွယ်လွန်ရရှာသည်။ သာယာဝတီမင်းကိုမူ ကြေးပြာသာဒ်ဟု သမုတ်သော ကြေးတိုက်တွင်ချုပ်ထားခဲ့ကြသည်။ အနားတွင်မူ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် တရုတ်မျှော်မင်းသားကသာ စောင့်ရှောက်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်မျှော်မင်းသားပါ ကွပ်မျက်ခံရသည်။ မင်းတုန်းမင်းသားကိုမူ လွှတ်တက်မင်းသားကြီးအဖြစ် ဟန်ပြတင်ထားခဲ့သည်။ သာယာဝတီမင်း နန်းသက် ၉နှစ်အကြာတွင် နတ်ရွာစံရာ သားတော် ပုဂံမင်း နန်းတက်သည်။ အချို့သမိုင်းဆရာများက သားတော်ပုဂံမင်းသား လုပ်ကြံသည်ဟုလည်းဆိုသည်။ သာယာဝတီမင်း(မြန်မာသက္ကရာဇ် ၁၁၄၈−၁၂ဝ၈) ကုန်းဘောင်မင်းဟူ၍လည်းကောင်း ရွှေဘိုမင်း ဟူ၍လည်းကောင်း ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင်ရှစ်ဆက်မြောက်မင်းဖြစ်သည်။ အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံတည်တော်မူသဖြင့် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်းခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာအိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် လေးပါးအနက် မြန်မာသက္ကရာဇ် ၁၁၄၈-ခုနှစ် တပေါင်းလပြည့်ကျော် (၁ဝ)ရက်ညဉ့်တစ်ချက်တီးကျော် ၁၁ ရက်ဗုဒ္ဓဟူးနေ့သို့အဝင် ဖွားမြင်တော်မူသော ဒုတိယအငယ်ဆုံး သားတော်ဖြစ်သည်။ ရတနာပူရစတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီး၏ ညီတော်ရင်းလည်းဖြစ်သည်။ ဘိုးတော်နောင် တော်တို့လက်ထက်သရက်၊ သာယာဝတီမြို့များကိုကံကျွေးခံရပြီးလျှင် အထွတ်အထိပ် ရောက်သောအခါ သာယာဝတီမင်းဟုတွင်သည်။ ဘထွေးတော် ပြည်မင်း၊ တောင်ငူမင်းများနှင့်လွှတ်တက်၍ စီရင်ရသည်။ သက်တော် ၂၃ နှစ်တွင် ဘထွေးတော် ပုဂံဘုရင်ခံသမီးတော် ကျပင်းမင်းသမီးနှင့်စုံဖက်တော်မူသည်။ သာယာဝတီမင်း၏ ငယ်မည်ကား မောင်ခင်တည်း။ ၁၁၉၆ ခုနှစ်တွင်ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့် မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့်အပေါင်းပါတို့က သာယာဝတီမင်းသားအပေါ် မှုခင်းရှာကြံ၍အိမ်တော်ကိုဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ၁၁၉၈ ခုနှစ်တွင် ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူထွက်ခွါ၍ အခိုင်နေလေသည်။ နောင်တော်မင်းတရားကြီးကလည်း တပ်များစေလွှတ်၍တိုက်ခိုက်စေသည်။ သို့ရာတွင် သာယာဝတီ မင်းသားတပ်များကသာ အောင်လျက်ရှိသည်။ ညီတော် နောင်တော်ရင်းတို့ စိတ်ဝမ်းမကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗားနေး(မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသားရှိရာ ရွှေဘိုသို့လိုက်သွားဖြန်ဖြေသော်လည်း အရေးမရသဖြင့် ဆရာတော်များကြွရောက်ဖြန်ဖြေစေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော်မင်းတရားကြီးသည် စလင်းမင်းသားနှင့်အပေါင်းပါတို့ကို ညီတော် သာယာဝတီ မင်းသားအားပေးအပ်၍ ၁၁၉၉ ခုနှစ်ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင်ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ရသောကြောင့် ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ရွှေဘိုမင်းဟူ၍လည်းကောင်း တွင်ခြင်းဖြစ်သည်။ သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင် ၁၁၉၉ ခုနှစ်မှစ၍အမရပူရမြို့ကို ပြန်လည်ပြုပြင်၍ ၁၂ဝဝ ပြည့်နှစ်တွင်ပြောင်းရွှေ့စံတော်မူသည်။ ၁၂ဝ၂ ခုနှစ်ဝါဆိုလဆန်း၁ဝ ရက်နေ့တွင် မိဖုရားခေါင်ကြီးနှင့်အတူ ဘိသိက်ခံတော် မူ၍ သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံခံ တော်မူသည်။ မိဖုရားခေါင်ကြီးကမူ သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီတံဆိပ်နာမံကိုခံတော်မူသည်။ နောင်တော်မင်း တရားကြီးကိုလည်း နှလုံးတော်မပင်ပန်းစေရဘဲ မဟာသကျသီဟဘုရားအနီးရှိအိမ်ဖြူတော်နှင့်ထား၍ ခမည်းတော်ကဲ့သို့ စောင့်ရှောက်တော်မူသည်။ နောင်တော်၏သားတော် ညောင်ရမ်းမင်းသားကိုလည်း သားတော်အရင်းကဲ့သို့ အခွင့်အရေးပေးကာ လက်နက် ကိရိယာများအကုန်အစင်ပြန်၍အပ်နှင်းတော်မူသည်။ သို့ရာတွင် ၁၂ဝဝ ပြည့်နှစ်တံခူးလတွင် တူတော်ညောင်ရမ်းမင်းသား မသင့်သောအကြံပြုကြောင်း အခိုင်အလုံစစ်ဆေး သိရှိရသဖြင့် ထုံးစံနှင့်အညီရေတွင်ဖျောက်တော်မူသည်။ မရီးတော်မိဖုရားခေါင်ကြီး မယ်နုနှင့်စလင်းမင်းသားတို့သည် ပုန်ကန်မှုတွင် ရောယှက်ပါဝင်နေကြောင်းတွေ့ရှိသဖြင့် ထိုနှစ် ကဆုန်လဆန်း ၂ ရက်နေ့တွင် ထုံးစံနှင့်အညီ စီရင်တော်မူသည်။ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် မိဖုရားသားသမီးမှူးမတ် ခြွေရံအပေါင်း ခြံရံ၍ရန်ကုန်သို့စုန်တော်မူပြီးလျှင် ရွှေတိဂုံ(ဒဂုံဆံတော်ရှင်)ဘုရား၊ သံလျင်ကျိုက်ခေါက်ဘုရား၊ ပဲခူးရွှေမောဓောဘုရား၊ ကုဿိန္နာရုံဘုရားများကို အဖူးအမြော်ထွက်တော်မူသည်။ ရွှေတိဂုံစေတီတော် အားလည်းရွှေတော်သပြာကျပ်ချိန် ၃၂ဝဝ ကိုခတ်သည့် ရွှေမျက်ပါးဖြင့် ထီးတော်ငှက်ပျောဖူးကသည် ဖိနပ်တော်အထိ ရွှေလုံးပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သည်။ ကြေးချိန်ပိဿာ ၂၅၉၄ ကျပ် ရှိ သော ကြေးခေါင်းလောင်းကြီးကိုလည်းသွန်းလှူဒါန်းသည်။ အနောက်နန်း မိဖုရားမမြလေးက ရွှေတိဂုံစေတီတော်၏ အနောက် စောင်းတန်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုနှစ်တပို့တွဲလတွင် နေပြည်တော်အမရပူရသို့ ဆန်တက်ရာ နှောင်းတံခူးလဆန်း ၄ ရက်နေ့တွင်ရောက်သည်။ သာယာသတီမင်းတရားကြီးကား နောင်တော်မင်း တရားကြီး လက်ထက် ချုပ်ဆိုခဲ့သောရန္တပိုစာချုပ်ကို အသိ အမှတ်မပြု။ ဗြိတိသျှဧကရာဇ်မင်းနှင့်သာ တိုက်ရိုက်ဆက်ဆံလိုသဖြင့် သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင်အင်္ဂလိပ်ကိုယ်စား လှယ် မေဂျာဗားနေးပြန်သွားရသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှအစိုးရက ကိုယ်စားလှယ်အဖြစ် ကာနယ်ဗင်ဆန်ကို ထားလာပြန်သည်။ သို့ရာတွင်ဘုရင်အသိအမှတ် မပြု၍ ၁၂ဝ၂ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့အားလုံး ရုပ်သိမ်း ရသည်အထိ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ရသည်။ ဗြိတိသျှသမိုင်းဆရာများက သာယာဝတီမင်းအား ရန္တပိုစာချုပ် ဆန့်ကျင်ရေးသမား တစ်ဦးအနေနှင့် ရေးသားကြလေသည်။ ထိုကြောင့် ၁၂ဝ၃ ခုနှစ်တွင်သာယာဝတီမင်းတရားကြီး ရန်ကုန်သို့စုန်လာသော အခါ အင်္ဂလိပ်အစိုးရတို့ စိုးရိမ်မကင်းဖြစ်ကြ၍ ယင်းတို့သိမ်း ပိုက်ထားကြသော တနင်္သာရီနှင့် ရခိုင်နယ်များသို့ စစ်မက်အင်အား ဖြည့်တင်းပြင်ဆင်ခြင်းပြုကြလေသည်။ ယင်းသို့အင်္ဂလိပ်−မြန်မာဆက်ဆံရေးအဆင် မပြေမူကြောင့် နယ်ချဲ့လိုသော အင်္ဂလိပ်တို့အဖို့ အကြောင်းပြကောင်းဖို့ဖြစ်လာလေသည်။ ဤအချက်ကို အခွင့် ကောင်းယူ၍ သားတော်ပုဂံမင်းလက်ထက် အင်္ဂလိပ်−မြန်မာဒုတိယစစ်ပွဲဖြစ်ကာ အောက်မြန်မာနိုင်ငံအလုံး အင်္ဂလိပ် တို့လက်ထဲသို့ ကျရောက်ခဲ့ရလေသည်။ ၁၂ဝ၇-ခုနှစ်တွင် သာယာဝတီမင်းတရားကြီး ကောင်းစွာကျန်းခန့်တော်မမူခိုက် သားတော်ပြည်စားမင်း မသင့်သောအကြံအစည်ကိုကြံသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူသည်။ အနောက်နန်းမိဖုရား မမြကလေးအားလည်း ပြည်စားနှင့်နှလုံးစိတ်ဝမ်းတူကြံစည်ကြောင်း စစ်မေးချက်ရသည်နှင့် ရေ၌ဖျောက်၍ ကြံရာပါဆွေမျိုးကျေးကျွန်တို့ကို ကွပ်မျက်တော်မူသည်။ ယောအတွင်းဝန်ဦးဘိုးလှိုင်၏အဘ ယင်းတောဝန်ကြီးအားလည်း ကြံရာပါသည်ဆိုကာ ကွပ်မျက်လိုက်သည်။ ထိုနှစ်တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် သာယာဝတီမင်းသည်သားတော်ကြီး ပုဂံမင်းသားကိုအိမ်ရှေ့အပ်နှင်း၍ သားတော်လတ် မင်းတုန်းမင်းသားအား ဝန်ကြီးအတွင်းဝန်များနှင့် တိုင်ပင်၍ တိုင်းရေးပြည်မှုကို ကြည့်ရှု့စီရင်စေသည်။ ၁၂ဝ၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁ဝ)ရက်နေ့တွင် နောင်တော်ဖလ်နန်းရှင်မင်းတရားကြီးသည် စံအိမ်တော်၌နတ်ရွာစံတော်မူရာ ခမ်းနားကြီးကျယ်စွာ သင်္ဂြုံလ်ခြင်းပြုသည်။ ထိုနှစ်တန်ဆောင်းမုန်း လပြည့်ကျော် (၁၄)ရက်နေ့တွင်သက်တော် ၆ဝ၊ စည်းစိမ်တော်ကိုးနှစ်နှင့် ခြောက်လတွင်သာယာဝတီမင်း နတ်ရွာစံတော်မူသည်။ နတ်ရွာမစံမီ စိတ်နှလုံးနောက်တော်မူသည်။ ယင်းတောဝန်ကြီး သတ်စဉ်ကပင် နောက်နေသည်ဟုဆိုသည်။ သာယာဝတီမင်းတရားကြီးသည် ရတနာသုံးပါးကို ယုံကြည်လေးမြတ်တော်မူသည်။ ပညာရှိတို့ ၏စကားကို လည်းနာယူလေ့ရှိသည်။ တိုင်းရေး၊ ပြည်ရေး၊ သာသနာတော်အရေးများကို သတိနှင့်စောင့်ရှောက်တော်မူသည်။ အပြစ်ရှိသူကိုလည်းအပြစ်အလျှောက် မထောက်မညှာဆုံးမတော်မူသည်။ ဆင်ကြန်၊ မြင်းကြန်၊ ပန်းချီပန်းပုအတတ်ကို သူမတူအောင် တတ်တော်မူသည်ဟု ပညာရှိတို့ချီးမွမ်းခြင်းခံရသည်။ ဆင်စီး မြင်းစီးကျွမ်းကျင်သည်။ နံနက်ခင်းညနေ ခင်းများတွင် ဆင်မြင်းနှင့်လှည့်လည်လေ့ရှိသည်။ ဆင်ကျုံးတွင် ဆင်သွင်းလျှင်ကိုယ်တိုင်ကြပ် မတ်သွင်းဆောင်လေ့ရှိ သည်။ ကိုယ်ရံတော်သက်တော်စောင့် မပါဘဲ တစ်ပါးတည်း ဆင်တစ်စီးမြင်းတစ်စီးနှင့် လှည့်လည်လေ့ရှိသည်။ တောင်ဘကေ် ရွှဆပ်သွားဘုရားကို ပြင်ဆင်စေသည့်အခါ မြင်းနှင့်နေ့ခြင်းပြန်သွားရောက် ကြည့်ရှုတော်မူသည်။ တင်ကူး၍ အဆင့်အဆိုမရှိဘဲ ရုတ်တရက် ထွက်လာတော်မူလေ့ ရှိသည်ကို သတိထား၍ အလုပ်များကိုကောင်းစွာလုပ်ဆောင်ကြရသည်။ အပေါင်းပါတို့နှင့်သွားသည့်အခါ သာယာဝတီမင်းတရားကြီး၏ဆင်ကို မီအောင်လိုက်နိုင်သူများမှာ ဆင်မင်းဝန်၊ ဆင်ဝန်စသော ဆင်အရာရှိကြီးများ တစ်စီးနှစ်စီးသာ ရှိသည်။ သာယာဝတီမင်းသည် အမှုများကိုကိုယ်တိုင် စစ်ဆေးလေ့ရှိသည်။ လူများကိုလည်းကိုယ်တိုင်ကွပ်မျက်လေ့ရှိသည်။ သာယာဝတီမင်း၏ထင်ရှားသောမိဖုရားငါးပါးမှာ သီရိပဝရတိလောကမဟာရတနာ ပဒုမ ဒေဝီဘွဲ့ခံမိဖုရား ခေါင်ကြီးတစ်ပါး၊သီရိပဘာနန္ဒာဘိရတနာဒေဝီ ဘွဲ့ခံ မြောက်နန်းမိဖုရားတစ်ပါး၊ သီရိ မဟာစန္ဒာဘိရတနာဒေဝီဘွဲ့ခံ အလယ်နန်းမိဖုရားတစ်ပါး၊ သီရိမဟာသု့ရတနာစန္ဒာဒေဝီဘွဲ့ခံ အနောက် နန်းမိဖုရားတစ်ပါးနှင့် သီရိသုစန္ဒာမဟာ ဒေဝီဘွဲ့ခံတောင်ဆောင်တော်မိဖုရားတို့ဖြစ်သည်။ မင်းတရားကြီးတွင် သားတော်သမီးတော်သုံးကျိပ်တစ်ပါး ရှိသည်အနက် မိဖုရားခေါင်ကြီးမှမြင်သော သားတော် ပုဂံမင်းသား၊ သမီးတော်ရတနာဒေဝီ၊ အလယ်နန်းမိဖုရားမှ မြင်သည့်သားတော်ပြည်မင်းသား၊ ပုခန်းမင်းသား၊ တောင်ဆောင်တော်မိဖုရားမှမြင်သောသားတော် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား၊ အနောက်နန်းမိဖုရားမှ မြင်သောသမီးတော် လှိုင်မြို့စားမင်းသမီးတို့မှာထင်ရှားသည်။ သာယာဝတီမင်းတရားကြီးလက်ထက် ထင်ရှားသော စာဆိုတော်ကြီးများမှာမြဝတီမင်းကြီးဦးစ၊ ဦးပေါ်ဦး၊ စိန္တကျော်ထင်ဘွဲ့ခံကန်ပြင်ရွာစားစာဆိုတော်ဦးမင်း၊ ဝက်မစွတ် မြို့စားနဝဒေး၊ ဘိုးသူတော်ဦးမင်း၊ အနောက်နန်းမိဖုရား မမြကလေး၊ ဆီမီးခုံရွာစားဦးရွှန်း၊ မှာတမ်းရေးဆရာမောင်စံသူ၊ ပြဇာတ်ရေးဆရာ ဦးကြင်ဥ၊ နာခံတော်ဦးရွှေခြည် တို့ဖြစ်ကြသည်။ ကိုးကား ကုန်းဘောင် မင်းဆက် ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%E1%80%99%E1%80%84%E1%80%BA%E1%80%B8
ညောင်ရမ်းမင်းတရားကြီး
ညောင်ရမ်းမင်းတရားကြီး(၁၆၀၀- ၁၆၀၆)၏ ငယ်မည်မှာ ရှင်သစ္စာဖြစ်သည်။ ဘုရင့်နောင် အိမ်နှိမ့်တွင်ရှိနေစဉ် အရပ်သူခင်ပြည့်စုံနှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သူဖြစ်သည်ဟု ဆိုသည်။ နန်းတွင်းသို့ရောက်လာပုံမှာ ကျန်စစ်သား၊သမ္ဘူလနှင့် ရာဇကုမာရ်တို့ ဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။ ဘုရင့်နောင်ဟံသာဝတီတွင် စိုးစံနေချိန် ခင်ပြည့်စုံက သက်သေခံလက်စွပ်နှင့် သားဖြစ်သူကိုခေါ်ကာ နန်းတွင်းသို့ဝင်ရောက် ဖူးမြော်သည်။ ဘုရင့်နောင်က ချက်ချင်းလက်ခံအသိအမှတ်မပြုပဲ ငြင်းပယ်သေးသည်ဟုဆိုသည်။ သို့ဖြင့် မွန်ဝန်ကြီးဗညားဒလ၏ အကြံပေးမှုဖြင့် ရေပြိုင်ကြရာ ခင်ပြည့်စုံက နှာခေါင်းနှင့်မျက်နှာကို ရေဖလားတွင်နှစ်ရပြီး ဘုရင့်နောင်က မင်းဧကရာဇ်ဖြစ်သည့်အတွက် ခြေမသာနှစ်ရသည်။ နောက်ဆုံးတွင် ဘုရင့်နောင်လည်း ချစ်ခင်ပေါင်းသင်းဖူးသည့် သံယောဇဉ်ဖြင့် သနားစိတ်ဝင်ကာ လက်ခံခဲ့သည်။ ညောင်ရမ်းမင်း၏မိဖုရားမှာ သီရိ မဟာ ဓမ္မရာဇာ ဓိပတိ ဒေဝီ ဖြစ်သည်။ ညောင်ရမ်းမင်းနှင့် အဖေတူ အမေကွဲ မောင်နှမဖြစ်သည်။ မြို့စားဘဝ အရွယ်ရောက်လျှင် ရှင်သစ္စာအား အခြားမင်းညီမင်းသားများနည်းတူ မြို့စားရွာစားပေးရန် စီစဉ်ကာ ညောင်ရမ်းမြို့ကိုစားစေသည်။ ထို့ပြင် ရှမ်းပြည်တစ်လွှားတွင်လည်း ဟံသာဝတီ၏ ကိုယ်စားလှယ်အနေဖြင့် လှည့်လည်ရန် အာဏာပေးသည်။ ဘုရင့်နောင်လွန်၍ နန္ဒဘုရင်လက်ထက်တွင် ရှမ်းပြည်မှ ပုန်ကန်မှုအချို့ကို နှိမ်နှင်းခဲ့ရာ မင်းရဲနန္ဒမိတ်ဟူသောဘွဲ့ဖြင့် ချီးမြှောက်ခဲ့သည်။ နန္ဒဘုရင်၏ ဗဟိုအာဏာအား အခြားလက်အောက်ခံတို့ ပုန်ကန်ခြားနားရာ ညောင်ရမ်းစား မင်းရဲနန္ဒမိတ်လည်း ပါဝင်ခဲ့သည်။ ဟံသာဝတီကျဆုံးပြီးနောက် တောင်ငူမှ မင်းရဲသီဟသူနှင့် ပြည်မှ မင်းကြီးနှောင်းတို့ ပူးပေါင်းကာ ညောင်ရမ်းကို တိုက်ရန် စီစဉ်သော်လည်း မင်းကြီးနှောင်းကို အထိန်းတော်ရန်နိုင်စားက လှေပေါ်အတက်တွင် လုပ်ကြံသဖြင့် ပြည်တပ်များ မချီတက်နိုင်သကဲ့သို့ တောင်ငူတပ်များလည်း ပြန်လည်ဆုတ်ခွာသွားသည်။ ပြည်တပ်မှ စလင်းစားနှင့် ငွေတရဖျားတို့လည်း အင်အားအလုံးအရင်းနှင့် ညောင်ရမ်းသို့ ခိုလှုံသည်။ နယ်ပယ်များသိမ်းသွင်းခြင်း ခရစ်နှစ် ၁၆၀၀တွင် အင်းဝနန်းကို သိမ်းပိုက်ကာ မဟာသီဟသူရဘွဲ့ဖြင့် မင်းအဖြစ်ကို ခံယူသည်။ သားတော် သခင်လတ်(နောင်တွင် အနောက်ဘက်လွန်မင်း)ကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့အရာပေးသည်။ သခင်လတ်မှာ ညောင်ရမ်းမင်းတရားအတွက် အလွန်အားထားရသည့် စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။ ထိုစဉ်က အသက် ၂၃ခန့်သာရှိသေးသည်။ တစ်နှစ်ခန့်အကြာတွင် ရမည်းသင်းအားသိမ်းပိုက်သည်။ ထိုနောက် ညောင်ရွှေ၊ ဗန်းမော်၊ မိုးနဲ၊ မိုးကောင်း၊ သိန္နီ၊ သီပေါ အစရှိသည့် ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းသည်။ ထိုတိုက်ပွဲစဉ်များအတွင်း သားတော်အိမ်ရှေ့မင်းက ဗိုလ်မင်းအဖြစ်နှင့် တိုက်ပွဲတိုင်းကို အစွမ်းပြအောင်နိုင်သည်။ တိုင်းပြည်တည်ဆောက်ရေး ကျောက်ဆည်ဒေသကို ရိက္ခာဆန်စပါး အထွက်တိုးစေရန် ဆည်မြောင်းများဖောက်လုပ်၍ စီစဉ်ပေးသည်း စစ်မှုထမ်းတို့ကိုလည်း အစုအငန်းလိုက်၍ နေရာချထားပေးသည်။ မဟာမြတ်မုနိဘုရားတစ်ဆူကိုလည်း တည်သည်။ နန်းစံသက် ၅နှစ်အကြာ ၁၆၀၆တွင် ရှမ်းပြည်သို့ စစ်ပြုကာ အပြန်လမ်းတွင် ညောင်ရမ်းမင်းတရားကြီး နာမကျန်းဖြစ်ကာ ကွယ်လွန်လေသည်။ (နန်းစံသက် ၅ နှစ်ဆိုသည်မှာ အင်းဝတွင် နန်းတက်သည့် အချိန်မှစကာ ရေတွက်ခြင်းဖြစ်သည်။)ညောင်ရမ်းမင်းတရား လွန်လျှင် သားတော်အိမ်ရှေ့မင်းက မဟာဓမ္မရာဇာဘွဲ့ဖြင့် အင်းဝနန်းကို ဆက်ခံသည်။ ညောင်ရမ်းမင်းတရား (မြန်မာ ၉၅၉-၉၆၇) မိတ္ထိလာခရိုင်ရှိ ညောင်ရမ်းသည် ကမ္ဗောဇ တိုင်းနှင့် တမ္ပဒီပတိုင်း နှစ်ဘက်စပ်ကြား လူတို့မရောစပ်စိမ့် သောငှာ နယ်ခြားမြို့ပေါင်း ၄၃ မြို့ကို သက္ကရာဇ် ၃၉၅ ခုနှစ် တွင်တည်ရာ ညောင်ရမ်းမြို့လည်း အပါအဝင်ဖြစ်သည်။ မြို့ဝန်း မှာ ၆၅၄ တာရှိသည်။ သီဟသူရမဟာဓမ္မရာဇာအမည်ရှိသော ညောင်ရမ်းမင်းတရားသည် ငယ်စဉ်ကစ၍ မင်းဖြစ်သည်တိုင် ဤမြို့ကိုစားရသောကြောင့် ဤမြို့အမည်ဖြင့်ထင်ရှားလေသည်။ ညောင်ရမ်းမင်းတရားသည် ဘုရင့်နောင်မင်းကြီးနှင့် မိဖုရားခင်ပြည့်စုံတို့မှ သက္ကရာဇ် ၉၁၇ ခုနှစ်တွင် ဖွားမြင်သော ဒုတိယသားတော်ဖြစ်သည်။ ငယ်မည်မှာ ရှင်သစ္စာဖြစ်၍၊ ဘွဲ့ မည်မှာ မင်းရဲနန္ဒာမိတ်(မင်းရဲရန္တမိတ်)ဖြစ်သည်။ ၉၅၈ ခုနှစ် ပုခန်းကြီးတွင် အခိုင်အလုံနေသော ပြည်စားရဲမက်တို့ကို နိုင်အောင်တိုက်သည်အတွက် နောင်တော်ဟံသာဝတီဘုရင် ငါးဆူဒါယကာ (နန္ဒဘုရင်)က အောင်ဆုပေး၍ ယင်းဘွဲ့ ကိုရသည်။ ဘုရင့်နောင်မင်းကြီး၏ ထီးမွေနန်းမွေကိုဆက်ခံသော ငါးဆူဒါယကာမင်းတရားသည် သားတော်မြေးတော်၊ ဆွေတော် မျိုးတော်၊ မှူးတော်မတ်တော်၊ သူရဲသူခက်အပေါင်းတို့ကို ဝမ်း နည်းအောင်ပြုတော်မူလေ့ရှိသည်။ နိုင်ငံတော်အလုံးတွင် ရှိသော တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတကာတို့ကိုလည်း ဝမ်းနည်း အောင်ပြုတော်မူလေ့ရှိသည်။ သားတော် အိမ်ရှေ့မဟာဥပရာဇာ သည်လည်း ပြည်သူရွာသားတို့နှင့် ဆန့်ကျင်သောအမှုကိုသာ ပြုတော်မူလေ့ရှိသည်။ ထိုကြောင့် နေပြည်တော်တွင် မကျေနပ်မှု များပေါ်ပေါက်၍ နိုင်ငံတော်တွင် ပုန်ကန် သောင်းကျန်းမှုများ ပေါ်ပေါက်လေသည်။ ဇင်းမယ်ဘုရင်၊ တောင်ငူဘုရင်၊ ပြည် ဘုရင်တို့ခြားနားကြသည်။ ရခိုင် ဘုရင်နှင့် တောင်ငူဘုရင်တို့ ပူးပေါင်းတိုက်ခိုက်သောအခါ ဟံသာဝတီပျက်၍ ငါးဆူဒါယကာ တောင်ငူသို့ပါလေသည်။ ဤသို့ဖြင့် ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သော နိုင်ငံတော်ကြီး အစိတ်စိတ် ကွဲလေသည်။ ထိုအခါ ညောင်ရမ်းဘုရင်သည် ပထမသော် ညောင်ရမ်း မြို့ကို ခိုင်လုံအောင်စီရင်ပြီးလျှင် အလုံးအရင်းသွင်း၍ အခိုင် အလုံနေတော်မူသည်။ ထိုနောက်တွင်ကား ပြည်ထဲရေးကို ထေက်ရှုကာ မိမိမင်းပြုမှ နိုင်ငံအေးတော့ အံ့ဟု နှလုံးပိုက်မိ၍၊ ရတနပူရအဝရွှေပြည်သို့ ဗိုလ်ပါအင်အားနှင့် ချီတော်မူသည်။ ညောင်ရမ်းဘုရားအား ကိုးတော်မူသူတို့တွင် ဟံသာဝတီက ရောက်လာသော မွန်ဘုန်းကြီး ဘားမဲ့ဆရာတော်နှင့် သားတော် ကြီး သခင်လတ်တို့မှာ အဓိကပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို ပုဂ္ဂိုလ်တို့၏ စွမ်းရည်ကြောင့် အရှေ့ဘက်က ယိုးဒယားဘုရင် ဗြနရာဇ်သည်၎င်း၊ အတောင်ဘက်ကသံလျှင်စား ငစင်္ကာသည် ၎င်း၊ အနောက်ဘက်က ရခိုင်ဘုရင်မင်းရာဇကြီးသည်၎င်း ညောင်ရမ်းဘုရားကို မချောက်ချားဝံ့ကြရှိချေသည် ငစင်္ကာကား ဖိလစ် ဒီဗရစ်တိုအမည်ရှိသော ပေါ်တူဂီလူမျိုးဖြစ်သည်။ ညောင်ရမ်းဘုရားကိုယ်တိုင်သည်လည်း ခမည်းတော်ဘုရင့်နောင် မင်းတရားကြီးက ယုံကြည်ကိုးစားသည်ဖြစ်၍ 'ငါ့သားငါကဲ့သို့ မင်းတကာတို့၏အရှင်ဖြစ်မည်'ဟု မိန့်တော်မူသည်ကိုခံရဘူး သော ပုဂ္ဂိုလ်ချွန်ဖြစ်ပေသည်။ သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင် အဝမြို့ကိုချဲ့၍ အသစ်တည် တော်မူသည်။ ၉၆၁ ခုနှစ်တွင် ပြီးလေသည်။ ထိုနှစ်တွင်ပင် သီဟသူရမဟာဓမ္မရာဇာ ဟူသောအမည်ကိုခံကာ ရွှေနန်းတက် တော်မူသည်။ သားတော်အကြီးကို မဟာဥပရာဇာဟူသော အမည်နှင့် အိမ်ရှေ့ပေးတော်မူသည်။ ညောင်ရမ်းဘုရားသည် မင်းပြုမည်ကြံလျှင်ပင် ရမည်း သင်း၊ ဝတီး၊ ယင်းတော်စသော မြို့တို့ကို၎င်း၊ ပုဂံ၊ စဉ့်ကူး၊ စလေစသော မြို့တို့ကို၎င်း၊ စစ်ကိုင်း၊ မြေတူး၊ ဒီပဲယင်းစသော မြို့တို့ကို၎င်း၊ စကု၊ စလင်း၊ကြာပင်း၊ဆင်ဖြူကျွန်း၊ ဘောင်းလင်း၊ လယ်ကိုင်းစသော မြို့တိုကို၎င်း တိုက်ခိုက်သိမ်းယူကာ နေသားတကျစီစဉ်သည်။ ထိုနောက် အိမ်ရှေ့မင်းမိုးညှင်းသို့ချီရသည်။ မိုးညှင်းကိုရ တော်မူသည်။ ထိုနောက် ညောင်ရမ်းမင်းတရား ကိုယ်တော်တိုင် သားတော်အိမ်ရှေ့မင်းနှင့်အတူ ညောင်ရွှေသို့ချီတော်မူ၏။ အိမ် ရှေ့မင်း ညောင်ရွှေကို အဆောတလျှင် တိုက်၍ဆက်၏။ မင်းတရားကြီးသည် သားတော်ကို 'လူပျိုလူရွယ်ပီသည်။ အရပ် အနေမသင့်၍ ပြောင်းသေနတ်ထိခဲ့သော် အခက်ချေလော'ဟု နှုတ်ပြစ်တင်တော်မူ၏။ ထိုနောက် ဗန်းမော်သို့ချီတော်မူသည်။ ဗန်းမော်စော်ဘွား သည် မရပ်မခံနိုင်၍ မိုင်းဆည်သို့ပြေးလေ၏။ အိမ်ရှေ့မင်း လည်း 'ဗန်းမော်စော်ဘွားကိုပေး။ မပေးလျှင် တိုက်မည်'ဟူ၍ မိုင်းဆည်သို့စေသည်။ မိုင်းဆည်စော်ဘွားလည်း ဥတည်ဘွားကို လျှောက်ရသည်။ ဥတည်ဘွားက 'ပေးပါလေ။ လက်ခံ၍မထား ပေနှင့်'မှာသော ကြောင့် ဗန်းမော်စော်ဘွားကို သားမယားနှင့် ပို့လာရသည်။ ထိုနောက် မိုးနဲသို့ချီတော်မူသည်။ အိမ်ရှေ့မင်း ဆင်တော် ဘုန်းတောက်ပကို စီး၍ အပြင်းတိုက်ယူ ဆက်သပြန်သည်။ ဤ တွင်လည်း အထက်နည်းတူ သားတော်ကိုနှုတ်ပြစ်တင်ပြန်သည်။ ထိုနောက် အိမ်ရှေ့မင်းသည် မိုးကောင်းကိုတိုက်၍ဆက်သည်။ ထိုနောက် သက္ကရာဇ် ၉၆၇ ခုနှစ်တွင် မင်းတရားကြီး သည် စစ်ရေးကိစ္စတိုင်ပင်တော်မူရာ အိမ်ရှေ့မင်းက မြောက် ဘက်တစ်လွှားကိုသိမ်းပြီးမှ တောင်ဘက် ပြည်၊ တောင်ငူကို သိမ်းမည်ဟု နားတော်လျှောက်သည်။ ထိုကြောင့် ထိုနှစ်တွင် မိုးမိတ်သို့ချီသည်။ အလွယ်နှင့်အောင်တော်မူ၏။ သိန္နီသို့ချီပြန် သည်။ အောင်တော်မူပြန်၏။ ထိုတွင် ညောင်ရမ်းမင်းတရား သည် သားတော်မဟာဥပရာဇာကို အားရနှစ်သက်တော်မူလှ၍ 'မောင့်မြို့ မောင့်နန်း'ဆိုသည့် ဧကရာဇ်တကာတို့ပေးခဲလှစွာ သော ဆုကို ပေးတော်မူသည်။ ထိုနောက်တွင်ကား ကိုယ်တော် ကျန်းခံ့တော်မမူ၍ တပ်ခေါက်ကာနေပြည်တော်သို့ ပြန်တော်မူ သည်။ ရွှေသာလျောင်းတောင်သို့ ရောက်တော်မူလျှင် အိမ်ရှေ့ မင်းကို ဤသို့အမိန့်တော်ရှိသည်။ 'ငါသည် ဤအနာမှထ မြောက်တော်မူနိုင်မည်မထင်၊ ငါမရှိလျှင် မောင်တို့ညီနောင် သုံးဦး ကြီးစဉ်ငယ်လိုက်မင်းပြုရစ်၊ လူဆိုးလူသွမ်းတို့စကားကို လိုက်နာ၍ အနှောင့်အရှက်မဖြစ်ကြစေနှင့်'ဟူ၍ အမိန့်တော်ရှိ သည်။ ထိုအမိန့်တော်ကို ဦးထိပ်ရွက်ပါမည်လျှောက်၍ သစ္စာ တော်ခံစေသည်။ ဤသို့လည်း အမိန့်တော်ရှိပြန်သည်။ 'မောင် သည် ဘုန်းအာဏာနှင့် ရှေ့သို့အပြည်ပြည်ထောင်သော မင်းတို့ ကို နှိမ်နင်း၍ ခမည်းတော် ဆင်ဖြူရှင်နိုင်ငံအလုံးကို သိမ်းယူ ရစ်လိမ့်မည်။ နောက်နောင် ပြည်မြို့ကိုလုပ်ကြံ၍ အလိုတော် ပြည့်လျှင် ရန်နိုင်စားကိုမကွပ်မမျက်ပါနှင့်။ ရန်နိုင်စားကျေးဇူး မောင်တို့ငါတို့တွင် ရှိချေသည်'ဟူ၍ အမိန့်တော်ရှိပြန်သည်။ သားတော်အိမ်ရှေ့မင်းလည်း 'အမိန့်တော်ကို ဦးထိပ်ရွက်ပါမည်' ဟူ၍ လျှောက်သည်။ ဤသို့မှာထားတော်မူစဉ်ပင် ၉၆၇ ခုနှစ်၊ တစ်ပေါင်းလပြည့်ကျော် တစ်ဆယ့်တစ်ရက် သောကြာနေ့ ညောင်ရမ်းမင်းတရားကြီးစစ်ခရီးတွင် လူ့ပြည်ငြီး၍ နတ်ပြည် စံတော်မူသည်။ မိဖုရား၊ ကိုယ်လုပ်နှင့် သားသမီးများ မိဖုရား ၁၂ ယောက်မှ သားတော် ၁၂ ယောက်၊ သမီးတော် ၁၁ ယောက်တို့ကို အောက်ပါအတိုင်း မြင်သည် သီရိ မဟာဓမ္မရာဇာ ဒီပဒီ ဒေဝီ၊ အတ္တလာစန္ဒာဒေဝီ ခင်ဖောင်မြင့်၊ ခမည်းတော်သား၊ ဘုရင့်နောင်မင်းကြီး၏သမီးတော် သားတော် သခင်လတ်၊ (ဒီပဲယင်းမြို့စား) ဆိုတဲ့ခေါင်းစဉ်နဲ့ သဒို မင်းခေါင်ကျော်၊ ဟံသာဝတီ မဟာဓမ္မယာဇာ ဖြစ်လာတယ်။ ညီတော် သခင်ကြီး (တလုပ်မြို့စား) ဆိုတဲ့ခေါင်းစဉ်နဲ့ မင်းရဲသိင်္ခသူ၊ သာလွန်မင်း ဖြစ်လာတယ်။ ညီမတော် မင်းတရား မယ်တော် မိဖုရားကြီးဖြစ်လာတယ်။ ညီတော် သခင်ဖြူ၊ (စကုမြို့စား) ဆိုတဲ့ခေါင်းစဉ်နဲ့ မင်းရဲဥဇနာ၊ မဟာဥပယာဇ သာလွန်မင်း သခင်ကြီး နန်းစံ + ခမည်းတော်သမီ ခင်နန်းစီမီ ဦးမင်းခွန်မိုး၊ အောင်ဘဝေစော၏သမီး ခန္တီလွန်းစော်ဘွား သားတော် သိင်္ဃဒကျော်တင် (ကျပ်သာဘိုမြို့စား) သူ့ညီမ မင်းတရား နမခို၊ + ခမည်းတော်သား နရာအတ္ထဝ ပုသိမ်မြို့စား ဖအေတူမကွဲသမီး ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ စိုးစံ မဏိစန္ဒာ၊ ရှင်အောင်ကျော် (ပုဂံမြို့စား) + သီရိစန္ဒာ (ဘုရင့်နောင်၏ မိဖုရားအသီးသီးက ဖွားမြင်သော သားနှင့် သမီးတော်များ ဖြစ်ကြသည်။) သားတော် ဇေယျာသစ် (ညောင်ရန်မြို့စား) သူ့ညီမ ခင်စန္ဒာ + ခမည်းတော်သား ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ ခင်မည်း မင်းလက်ျာသမီး တပင်‌ရွှေထီးတူမ သမီးတော် ခင်မျိုးမြတ် + ခမည်းတော်သား ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ မျိုးမြတ်ဘုန်းစည်၊ ရှင်မြတ်တန် (ရှင်မြတ်လေး) ၏သမီး၊ (ရမည်းသင်မြို့စား) + မြတ်အင်း-ဖြိုး (ဘုရင့်နောင်၏ မိဖုရားအသီးသီးက ဖွားမြင်သော သားနှင့် သမီးတော်များ ဖြစ်ကြသည်။) သမီးတော် ခင်နန်းစီမီ + ခမည်းတော်သား သခင်ဖြူ (စကုမြို့စား) ရွှေမွန်၊ ညောင်ရမ်းမြို့ရှိ ပတ္တမြားကုန်သည် နန်းထက်ကျော်သူ၏ သမီးဖြစ်သူ သားတော် မင်းချစ်ဆွ (ကျွန်းဒေါင့်မြို့စား) + သူ့တူမ အမီယာဝတီ ဖအေတူမကွဲသမီး၏သမီး ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ ညီတော် မင်းသလုံသစ် (တင်သာမြို့စား) + ခမည်းတော်သမီ အပင်းညာနတ်မေ အထိန်း နေချမ်းသာ၊ ပုသိမ်မြို့မှ ဇေယျာတောရ+ဥဇမဏိဖြိုးတို့၏သမီး သူ့မိခင်မျိုးနွယ်မှ ဆင်းသက်လာသူ သမီးတော် နှင်းဖောက်ကလယာ ညီတော် နရာအတ္ထဝ (ပုသိမ်မြို့စား) + ခမည်းတော်သမီ မင်းတေယာနမခို၊ဖအေတူမကွဲသမီး ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ စိုးစံ ခင်ပန်းနွယ်၊ ရှမ်းပြည်နယ်အရာရှိခင်ဆိုင်းလူး၏သမီး သမီးတော် မြတ်မျိုးနီသာလ + ခမည်းတော်သား မင်းသာပိလော့ (မင်းလှမြို့စား) ကန်သာမာလာ၊ သိန်လွန်ဘွားသမီးတော်၊ မိုင်းမော်စော်ဘွား သားတော် ရှင်ဝရာသိန်းဒါ (ကန်တွင်းမြို့စား) + သူ့တူမ မဘုန်းသုလှဒေဝီနှင့် မကြီးသီဝါသူ ဖအေတူမကွဲသမီး၏သမီး ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ သူ့ညီမ မြတ်နှာသီဝဆာ + သူမ၏တူ ကျောင်းနတ်ကျော်သစ် (မက္ခရာမြို့စား) ဖအေတူမကွဲသမီး၏သား ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ မောသာချိုဘိုဃ၊ မြတောင်မြို့မခင်ဖောင်ကြီး၏သမီး သားတော် ခင်အယွန်းဖြိုး (ဇေယျာဝတီမြို့စား) + သူ့တူမ အနတ်ပင်နေ ဖအေတူမကွဲသမီး၏သမီး ဟံသာဝတီ မဟာဓမ္မယဇာ (သခင်လတ်)၊ သူ့ညီမ စောပြည်နတ်မေ + ခမ်းခိုင်ဘွား သိန္နီစော်ဘွား သူမ၏ညီမ တီလောကော်ဝတီ + ခမ်းခိုင်ဘွား သိန္နီစော်ဘွား သီရိသိင်္ဃ၊ အင်းဝမြို့ ပြင်မင်း သီလကာ၊ လက်ဝမင်းမှူး၏သမီး သားတော် မြတ်မျိုးဘုန်းစည် (သွင်သင်းမြို့စား) ညီတော် မင်းသာပိလော့ (မင်းလှမြို့စား) + ခမည်းတော်သမီ မြတ်မျိုးနီသာလ မွေ့လှမဏိ ခင်လေးထွဋ်ခြံရှေ့ကသမီး သမီးတော် အပင်းညာနတ်မေ + ခမည်းတော်သား မင်းသလုံသစ် တင်သာမြို့စား ကိုးကား မြန်မာမင်းများအရေးတော်ပုံကျမ်း(၆စောင်တွဲ) မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
မဟာဗန္ဓုလ
စစ်သူကြီး အဂ္ဂ မဟာ သေနာပတိ သတိုးသုဓမ္မ မဟာ ဗန္ဓုလ (၆ နိုဝင်ဘာ ၁၇၈၂-၁ ဧပြီ ၁၈၂၅)သည် ဘိုးတော်ဘုရား နှင့် ဘကြီးတော် မင်းတို့လက်ထက်တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြန်မာစစ်သူကြီးဖြစ်သည်။ ငယ်ရွယ်စဉ်တွင် မထင်ရှားသော အမျိုးအနွယ်မှ ဖွားမြင်လင့်ကစား စွမ်းရည်သတ္တိ၊ လုံ့လဝီရိယ၊ ကြိုးစားဆောင်ရွက်မှုတို့ကြောင့် နေမျိုးဟူ သောဘွဲ့၊ ထို့ပြင် အိမ်ရှေ့မင်းသားတို့သာ ရခွင့်ရှိသော စစ်သူကြီးဘွဲ့ကိုပါ ချီးမြှင့်ခံရသူဖြစ်၏။ မဟာဗန္ဓုလသည် ပထမ အင်္ဂလိပ် - မြန်မာစစ် တွင် သူကျဆုံးသည်အထိ စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ နှင့် အာသံ တို့ကို နယ်မြေချဲ့ထွင်ရန် ဟူသော ကုန်းဘောင် မင်းဆက်၏ မူဝါဒတွင် Bandula (ဗန္ဓုလ)သည် အဓိက ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၎င်းမူဝါဒသည် နောက်ဆုံး ရလဒ်အဖြစ် စစ်ပွဲဖြစ်ပွားခဲ့ပြီး မင်းဆက်ကို စတင်ကျဆုံးစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ စစ်ပွဲ တွင်ကျဆုံးခဲ့သော ဗိုလ်ချုပ်ကြီးအား အင်္ဂလိပ်ကို သူ၏ ခုခံတိုက်ခိုက်မှုအတွက် မြန်မာတစ်မျိုးသားလုံးမှ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။ ယနေ့တွင် တိုင်းပြည်အတွင်းရှိ အထင်ရှားဆုံးသော နေရာအချို့ကို သူ့အားအစွဲပြု၍ အမည်ပေးထားသည်။ ငယ်ဘဝ မဟာဗန္ဓုလ၊ (ငယ်အမည် မောင်ရစ်) ကို ဦးပေါက်တော နှင့် ဇနီးဒေါ်ငြိမ်း တို့၏ သာမည လူရတတ် မိသားစုမှ သားဦး အဖြစ် ဘုတလင်မြို့နယ်၊ ငပရင်းရွာတွင် ၆ နိုဝင်ဘာ ၁၇၈၂ ခုနှစ်၌ မွေးဖွားခဲ့သည်။ ထိုခေတ်အခါက မြန်မာယောက်ျားလေးတို့၏ ဓလေ့ထုံးစံအရ၊ မောင်ရစ် သည် ဒေသတွင်းရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ဖခင်ကွယ်လွန်ပြီးနောက် ငယ်စဉ်ဘဝမှာပင် သူသည် အစော ပိုင်းတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မိခင်နှင့်အတူ လယ်တောထဲတွင် အလုပ်လုပ်ရ ပြီး၊သူ၏ ညီအငယ်နှစ်ယောက်ဖြစ်သော မောင်အေး၊ မောင်မြ နှင့် သူ၏ ညီမ အငယ်ဖြစ်သူ မဒုတ် တို့ကို ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ တာဝန်ထမ်းဆောင်ခြင်း သူ၏ငယ်စဉ်ဘဝနောက်ပိုင်းတွင် မောင်ရစ်သည် ဒီပဲယင်း ဇာတိဖြစ်သော အိမ်ရှေ့မင်းသား သတိုးမင်းစော ၏ တော်ဝင်တပ်မတော်ကြီး၌ အနိမ့်ဆုံးအဆင့် အစေအပါးအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် နောင်တွင် မင်းနေပြည်တော် ဖြစ်လာမည့် အမရပူရ သို့ ရွှေ့ပြောင်းခဲ့သည်။ မောင်ရစ် သည် လျင်မြန်စွာဖြင့် ရာထူးများတိုးလာပြီး ပထမတွင် သတိုးမင်းစော ၏ လက်အောက်၊ပြီးနောက်တွင် ၁၈၀၈ ခုနှစ်၌ အိမ်ရှေ့မင်းသား အဖြစ်ဆက်ခံသော သူ၏သားဖြစ်သူ စစ်ကိုင်း မင်းသား လက်အောက်တွင် အမှုထမ်းခဲ့သည်။ သူသည် ဒီပဲယင်း မြို့၏ ပထမဦးဆုံးသော မြို့စား ဖြစ်လာခဲ့ပြီး နောက်သုံးနှစ်အကြာတွင် အလုံ-မုံရွာ ၏ မြို့စားဖြစ်ခဲ့သည်။ မဏိပူရ (၁၈၁၉) မဟာဗန္ဓုလ သည် သူ၏အရှင်သခင်ဖြစ်သူ စစ်ကိုင်း မင်းသားသည် ဘကြီးတော်မင်း အဖြစ် ၁၈၁၉ ဇွန်လတွင် မြန်မာ့ထီးနန်းကို စိုးစံပြီးနောက် စစ်သေနာ ပတိ ဖြစ်လာခဲ့သည်။ မဟာဗန္ဓုလ ၏ စစ်သေနာပတိအဖြစ် ပထမဦးဆုံး အဓိက ကျသော စစ်ရေးဆိုင်ရာတိုက်ခိုက်မှုမှာ များမကြာမီ မဏိပူရ တွင် ဖြစ်ပွားခဲ့သည်။ အနောက် ဘက်ရှိ နိုင်ငံအငယ်မှာ ၁၇၅၆ ခုနှစ် ကတည်းက ပုန်ကန်ထကြွသူများ ထိန်းသိမ်းထားသည့် နိုင်ငံဖြစ်ပြီး ၁၈၁၃ ခုနှစ်အချိန်ကပင် ဘိုးတော်ဘုရားမင်း တရားဝင်တိုက်ခိုက်သိမ်းယူခဲ့သည်။ အစောပိုင်းခြောက်နှစ်ခန့် မြန်မာတို့က နန်းတင်ပေးခဲ့သောမဏိပူရ ရာဂျာမာဂျစ် ဆင်း(န်) သည် လက်အောက်ခံဘုရင်များက ပြုလုပ်ရန်တာဝန်ရှိသည့်အတိုင်း၊ ဘုရင်အသစ်၏ နန်းတက်ပွဲအခမ်းအနားကို မတက်ရောက်သည်မျှသာမက သံရုံး မှတဆင့် လက် ဆောင်ပဏ္ဏာ ဆက်သခြင်းကို မပြုလုပ်ခဲ့သည့်အတွက် ဘကြီးတော် သည် စစ်ဆင်ရေး အတွက်ဖွဲ့စည်းထားသောတပ်ကို မဏိပူရ အားပြန်သိမ်းယူရန် စေလွှတ်ခဲ့သည်။ ၁၈၁၉ ခုနှစ် အောက်တိုဘာလတွင်၊ ဗန္ဓုလ သည် မြန်မာစစ်တပ်များ၏ စစ်ကဲ) (တပ်မှူးချုပ်) အဖြစ် မဏိပူရ ကို ကျူးကျော်ခြင်းတွင် ဦးဆောင်ခဲ့သည်။ သူသည် ခြေ လျင်တပ်သား အယောက် ၅၀၀၀ နှင့် မြင်းတပ်သား ၅၀၀ ကို အမိန့်ပေးကွပ်ကဲခဲ့ပြီးနောက်တွင်မှ ဗိုလ်ချုပ်ကြီး နေမျိုးသူရမင်းလှနော်ရထာ ၏ ခြေလျင်တပ်သား ၂၀၀၀၀ နှင့် မြင်းတပ်သား ၂၅၀၀ လိုက်ပါခဲ့သည်။ မဏိပူရလူမျိုးများ သည် သူတို့၏ မြို့တော် အနီးတွင် ခံတပ်ကို တည်ဆောက်ထားသည်။ ဘေးနှစ်ဖက်တွင် မြင့်မားသော တောင်များနှင့် ဝန်းရံ ထားပြီး ကျန်တစ်ဖက်တွင် တောင့်တင်းသောသစ်သားဝင်းတံခါး များဖြင့် အခိုင်အမာပြု လုပ် ထားသောခံတပ်သည် မထိုးဖောက်ဝင်နိုင် လုနီးပါးရှိသည်ဟုဆိုခဲ့ကြသည်။ ဗန္ဓုလ သည် အထူးတပ်သားများကို စေလွှတ်ခဲ့ပြီး ၎င်းတို့သည် ညဘက်တွင်တောင်များကို ဖက် တက်၍ ဂိတ်များကိုချိုးဖျက်ဖွင့်ပြီး ဗမာများကို ခံတပ်နှင့်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်ရန် ခွင့်ပြု ခဲ့သည်။ ရာဂျာ မာဂျစ်ဆင်း (န်) သည် သူ၏ ညီအကိုတော်သူ ချော်ဂျစ် ဆင်း(န်) အုပ်ချုပ်သော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကချာ သို့ထွက်ပြေး သွားခဲ့သည်။ ထိုရဲရင့်သော စစ်ဆင်ရေးသည် သူ့အားကျော်ကြားစေခဲ့သည်။ ဘုရင်မင်းမြတ်သည် သူ့အား နေမျိုး သူရ ရဲခေါင် ဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ အနိုင်ရပြီးနောက်တွင် မြန်မာတို့သည် မဏိပူရ တွင် မြို့စောင့်တပ်ကို ထားခဲ့ပြီး ၎င်းကို ရှည် လျားသော ချင်းတွင်း မြစ် အထောက်အပံ့အစီအစဉ်ဖြင့် ကာကွယ်ထားခဲ့သည်။ အာသံ (၁၈၂၁ - ၁၈၂၂) မဏိပူရ ကဲ့သို့ပင် အာသံ သည် ဘိုးတော်ဘုရား ထီးနန်းစိုးစံချိန် နောက်ပိုင်းတွင် သိမ်းပိုက်ထားခြင်းများမှ တစ်ခုဖြစ်သည်။ မြန်မာတို့ သည် ၁၈၁၇ မတ်လတွင် အဟွမ်း တိုင်းပြည်ကို ပထမဦးဆုံးကျူးကျော် ဝင်ခဲ့ပြီး ရုပ်သေးဘုရင် တစ်ယောက်အဖြစ် ချန်ထရာ ကန်တ ဆင်း (န်) ကို ခန့်အပ်ခဲ့သည်။ မြန်မာစစ်တပ်များ နိုင်ငံအတွင်းမှ ထွက်ခွာပြီးနောက် မကြာမီတွင် ရုပ်သေးဘုရင်မှာ နန်းချခံရပြီး ဘိုးတော်ဘုရားမင်း၏ အုပ်စိုးချိန် နောက်ဆုံးနေ့ရက်များအတွင်း ၁၈၁၉ ခုနှစ်အစောပိုင်းတွင် မြန်မာတပ်များကို ပြန်လာစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ၁၈၂၁ ခုနှစ်တွင် ရုပ်သေးဘုရင်သည် ဗြိတိသျှ တို့ထံတွင် ပြောင်းလဲ၍ သစ္စာခံခြင်းဖြင့် ဗမာတို့ကို ဆန့်ကျင်ခဲ့သည်။ ဘကြီးတော်မင်း သည် နောက်တစ်ဖန် ဗန္ဓုလ အား အာသံ ကို ပြန်လည်သိမ်းယူရန် စေလွှတ်ခဲ့သည်။ ၁၈၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အယောက် ၂၀၀၀၀ ရှိသော မြန်မာစစ်တပ် တစ်တပ် ခမ်းတီး ရှမ်းနှင့် ကချင် အပါအဝင်) သည်ဟူးကောင်း တောင်ကြား တစ်လျှောက်ရှိ ၎င်းတို့၏ မြောက်ဘက်စွန်းအကျဆုံးခံတပ်များမှနေ၍ နှင်းထူထပ်သော တောင်တန်း များကို ကျော်ဖြတ်ပြီး အာသံ ကို ချီတက်ခဲ့ကြသည်။ တစ်နှစ်ခွဲနီးပါးမျှ ကမ္ဘာပေါ်ရှိ အခက် အခဲ အကြမ်းတမ်းဆုံး သော မြေအနေအထားအချို့တွင် ပြင်းပြင်းထန်ထန်တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ဆုံးတွင် မြန်မာတပ်များသည် ချန်ထရာ ကန်တ ဆင်း(န်)နှင့် အာသံ စစ်တပ်ကို ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အနိုင်ရခဲ့ပြီး အာသံ အား စစ်တပ် ဘုရင်ခံချုပ် အုပ်ချုပ်မှုအောက်တွင် ဗမာနယ်ပယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ကာ သက်တမ်း နှစ် ၆၀၀ ရှည်ကြာခဲ့ သော အဟွမ်း နန်းတော်ကို တစ်ကြိမ်တည်းနှင့် အားလုံးအတွက် အဆုံးသတ်စေခဲ့ သည်။ အရေးနိမ့်ခဲ့သော အာသံ လူမျိုးဘုရင်သည် ဗြိတိသျှ ပိုင်နက်နယ်မြေဖြစ်သော ဘင်္ဂလားနယ် သို့ ထွက်ပြေးခဲ့သည်။ ဗန္ဓုလ၏ တောင်းဆိုချက် ဖြစ်သော ထွက်ပြေးတိမ်းရှောင်နေသည့်ဘုရင် လက်နက်ချရန် ဆိုသည်ကို ဗြိတိသျှတို့ အနေဖြင့် လျစ်လျူရှုပြီး ၎င်းအစား စစ်ကူတပ်စိပ်များကိုနယ်ခြားခံတပ်များသို့ စေလွှတ်ခဲ့သည်။ မဟာဗန္ဓုလ သည် ဗိုလ်ချုပ်ကြီး မဟာ သီလဝ အုပ်ချုပ်သော စစ်သား အယောက် ၂၀၀၀ ပါဝင် သည့် မြို့စောင့်တပ်ကိုထားခဲ့ပြီး အင်းဝ သို့ ပြန်ခဲ့သည်။ ယခင် မောင်ရစ်သည် သတိုးမဟာဗန္ဓုလ (သို့မဟုတ် ရိုးရှင်းစွာဖြင့် မဟာဗန္ဓုလ) ဟူသော ဘွဲ့ကို ရရှိခဲ့သည့် အာသံ ကို အောင်နိုင်ပြီး နောက်ပိုင်းမှ စတင်၍ သူ့အား ထိုကဲ့သို့ သိစေခဲ့ခြင်းဖြစ်သည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ၁၈၂၂ အရောက်တွင် မဏိပူရ နှင့် အာသံ ကို အောင်နိုင်ခဲ့ခြင်းများသည် ဗြိတိသျှ အိန္ဒိယနှင့် အင်းဝ နေပြည်တော်တို့ အကြားရှိ ရှည်လျားသော နယ်နိမိတ်ကို ဖြစ်စေခဲ့သည်။ ကာလကတ္တား တွင် အခြေစိုက်သော ဗြိတိသျှတို့တွင် နယ်မြေဒေသအပေါ် ၌ ၎င်းတို့ကိုယ်ပိုင် အကြံအစည်များရှိပြီး မဏိပူရ၊ အာသံ နှင့် ရခိုင်တို့ရှိ ပုန်ကန်ထကြွသူများကို အားတက်သရော အထောက်အပံ့ပေးခဲ့ကြသည်။ ကာလကတ္တား သည် ကချာ နှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှထိန်းသိမ်းထားသော နိုင်ငံများဟု တစ်ဖက်သတ် ကြေညာခဲ့ပြီး တပ်များစေလွှတ်ခဲ့သည်။ ဗြိတိသျှပိုင်နက်များမှ လတ်တလောရရှိထား သည့်နယ်မြေများအတွင်းသို့ နယ်စပ်ဖြတ်ကျော်၍ စီးနင်းတိုက်ခိုက်ခြင်းများနှင့် ဩဇာလွှမ်းမိုးမှု စက် ဝန်းများသည် ဗမာများကို စိတ်ရှုပ်ထွေးစေခဲ့သည်။ စစ်ပွဲသည် ရှောင်လွဲ၍မရနိုင်ကြောင်း သေချာ ပြီးနောက်တွင် ဗန္ဓုလသည် ဗြိတိသျှကိုဆန့်ကျင်၍ ထိုးစစ်ဆင်နွှဲရန် မူဝါဒ၏ အဓိက ထောက်ခံသူ တစ်ဦးဖြစ်လာခဲ့သည်။ ဗန္ဓုလသည် ဘကြီးတော် နန်းတော် တွင် စစ်လိုလားသောအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုအုပ်စုတွင် မိဖုရား မယ်နု နှင့် သူမ ၏အစ်ကို စလင်းမင်းသားကြီး တို့လည်း ပါဝင်သည်။ ပြတ်ပြတ်သားသား အောင်မြင် ခြင်း သည် အင်းဝ နေပြည်တော်ကြီးအား ၎င်း၏ အနောက်ဘက် အင်ပါယာ အသစ်တွင်တိုးလာ ခြင်းများကို အာရကန်၊ မဏိပူရ၊ အာသံ၊ ကချာ နှင့် ဂျိမ်းရှ တို့တွင် ခိုင်မာတောင့်တင်းရန်နှင့် ဘင်္ဂလား အရှေ့ပိုင်းကို သိမ်းပိုက်ရန် အခွင့် အရေးရှိနိုင်မည်ဖြစ်ကြောင်းကို ယုံကြည်ခဲ့သည်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလတွင် ဗန္ဓုလသည် သူ၏ထိပ်တန်း ဒုတိယအကြီးအကဲများမှ တစ် ယောက်ဖြစ်သော သတိုး သီရိမဟာ ဥဇန ကို ကချာ နှင့် ဂျိမ်းရှ သို့ သူပုန်များကို တိုက်ထုတ်ရန် စေလွှတ်ခဲ့သည်။ ဗြိတိသျှတို့မှ ၎င်းတို့၏ ကိုယ်ပိုင် တပ်ကို မြန်မာတို့နှင့် ကချာတွင် ရင်ဆိုင်တွေ့စေရန် စေလွှတ်ခဲ့ပြီး၊ အကျိုးဆက် အားဖြင့် နှစ်ဦးနှစ်ဘက်အကြားတွင် ပထမဦးစွာ ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။ စစ်ပွဲသည် ရခိုင်၌ နယ်စပ် ရင်ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်တွင် တရားဝင်ဖြစ်ပွားခဲ့သည်။ အနောက်ဘက်ခြမ်း စစ်နယ်ဝန်း မြန်မာ့တပ်မတော်တွင် စစ်သေနာပတိဖြစ်သည်နှင့်အညီ မဟာဗန္ဓုလ ၏ ကိုယ်ပိုင် ကွပ်ကဲမှု အောက်တွင်ရှိသော တပ်တစ်တပ်အပါအဝင် စုစုပေါင်း လူအရေအတွက် တစ်သောင်းနှင့် မြင်းအကောင်ရေ ငါးရာရှိသည့် တိုင်းပြည်၏ အကောင်းဆုံးဖြစ်သော တပ်ရင်း တစ်ဆယ့်နှစ်ခုဖြင့် အထောက်အပံ့ပေးထားသည်။ သူ၏ ဗိုလ်ချုပ်ကြီးများတွင် တိုင်းပြည်၏ ဘွဲ့တံဆိပ်ချီးမြှင့် ခံထား ရသော လူများဖြစ်သည့် စလေ မင်းကြီး နှင့် ဓညဝတီ၊ ဝန်းသိုနှင့် တောင်ငူမြို့စားများတို့ ပါဝင်သည်။ ဗန္ဓုလ ၏ အစီအစဉ်မှာ ဗြိတိသျှကို မျက်နှာစာ နှစ်ခုတွင် တိုက်ခိုက်ရန်ဖြစ်သည်။ အရှေ့တောင်ဘက်ပိုင်းရှိ အာရကန် မှ စစ်တကောင်း နှင့် မြောက်ပိုင်းတွင် ကချာ နှင့် ဂျိမ်းရှ မှဆိုင်ဟက် တို့ဖြစ်သည်။ ဗန္ဓုလ သည် အာရကန် ကို ကိုယ်တိုင် ကွပ်ကဲ နေစဉ် ဥဇန သည် ကချာ နှင့် ဂျိမ်းရှ တို့ကို ကွပ်ကဲခဲ့သည်။ စစ်ပွဲအစောပိုင်းတွင် တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော ဗမာတပ်များသည် ဗြိတိသျှတပ်များကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မဏိပူရ နှင့် အာသံ ရှိ တောများတွင် ဆယ်စုနှစ်တစ်ခုနီးပါးမျှ တိုက်ခိုက်ခဲ့ကြသော ဗမာများသည် `ဥရောပတပ်များ ချီ တက်ခြင်းအတွက် ရှိန်လောက်သော အနှောင့်အယှက်´ ဟု ကိုယ်စားပြုသော မြေအနေအထားတို့နှင့် ပို၍ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်၍ ဖြစ်သည်။[8] ဇန်နဝါရီလတွင် ဥဇန သည် ဗြိတိသျှတပ်များကို ကချာ နှင့် ဂျိမ်းရှ တို့တွင် အောင်နိုင်ခဲ့ပြီး ဖြစ်သည်။ မေလတွင် မြဝတီမင်းကြီး ဦးဆောင်သော ဗမာတပ်များက ဗြိတိသျှ-အိန္ဒိယ စစ်တပ်များကို ဗြိတိသျှနယ်မြေအတွင်းရှိ ရာမူးစစ်ပွဲ တွင် အနိုင်ရလိုက်ခြင်းမှာ ကာလ ကတ္တား တွင် အကြီးအကျယ်တုန်လှုပ်ခြင်းကို ဖြစ်ပေါ်စေသည်။ သို့သော် ဗန္ဓုလ သည် ဝန်နှင့်အား မမျှအောင် ထမ်းရန်ဆန္ဒမရှိ၍ စစ်တကောင်း သို့ ချီတက်ခြင်းမပြုဘဲ မြဝတီ မှာပင် ရပ်ခဲ့သည်။ အကယ်၍ ဗန္ဓုလ သည် စစ်တ ကောင်း သို့ ချီတက်ခဲ့ပါက သူ သတိမထားမိသောအချက် အနည်းငယ်ရှိသည်၊ ၎င်းမှာ သူသည် ဤအခွင့်အရေးကိုယူနိုင်ခဲ့ပြီး ကာလကတ္တား သို့ လမ်းကြောင်းမှာ ပွင့်ခဲ့လိမ့်မည်။(မြန်မာတို့သည် လက်နက်ချင်းကွာဟချက်ကြောင့်၊ စစ်ပွဲတွင်မည်သည့်အကြောင်းကြောင့်နှင့်မျှ အောင်မြင်နိုင်ခဲ့မည်မဟုတ်ပါ။ သို့သော် အကယ်၍ သူတို့သည် ကာလကတ္တားကို ခြိမ်း ခြောက်နိုင်ခဲ့ပါက၊ နောက်ပိုင်းငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခြင်းများတွင် မြန်မာတို့အနေဖြင့် ပို၍ အလေးသာသော သတ်မှတ်ချက်များကို ရရှိနိုင်ခဲ့မည် ဖြစ်သည်။ ရန်ကုန် စစ်ပွဲ (မေ-ဒီဇင်ဘာ ၁၈၂၄) ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားတွင် တိုက်ခိုက်သည့်အစား ဗြိတိသျှတို့သည် မြန်မာ့ ပင်မ နယ်မြေပေါ်တွင် တိုက်ပွဲဆင်နွှဲခဲ့သည်။ ၁၈၂၄ ခုနှစ် မေလ ၁၁ ရက်တွင် လူအယောက် ၁၀၀၀၀ ကျော် ပါဝင် သော (ဗြိတိသျှ စစ်သား ၅၀၀၀ နှင့် အိန္ဒိယ စစ်သား ၅၀၀၀ ကျော်) ဗြိတိသျှ ရေတပ်တစ် တပ်သည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ပြီး မြန်မာတို့ကို အံအားသင့်စေခဲ့သည်။ မြန်မာတို့သည် ချေဖျက် ထားသောမြေမူကို ကျင့်သုံးပြီး မြို့တော်ကို အလွတ်ထားခဲ့ကာ ၎င်းအစားမြို့အပြင်ဘက် အရှေ့- အနောက် ၁၀ မိုင် အနီးအနား တပ်ချထားသောနေရာများကို အခိုင်အမာပြုလုပ်ရန် ရွေးချယ် ခဲ့သည်။ ဗိုလ်ချုပ်ကြီး အာခီဘော ကမ်းဘဲ(လ်) ဦးဆောင်သော ဗြိတိသျှတပ် များသည် အခိုင်အမာရှိပြီးဖြစ်သော ရွှေတိဂုံဘုရား ပရဝုဏ်အတွင်းတွင် တပ်စွဲခဲ့ကြသည်။ ဗြိတိသျှတို့သည် ဗမာ ရှေ့တန်းစစ်မြေပြင်ကို စတင်၍ထိုးစစ်များ ဆင်ခဲ့ပြီး ၁၈၂၄ ဇူလိုင် လတွင် ရွှေတိဂုံမှ ငါးမိုင်အကွာရှိ ကမာရွတ်ဆီသို့ ဗမာတို့ကို အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့ သည်။ ရွှေတိဂုံကို စက်တင်ဘာလတွင် ပြန်လည်သိမ်းယူရန် ဗမာတို့၏ ကြိုးစားမှုများသည် မအောင် မြင်ခဲ့ပါ။ ဘကြီးတော် မင်းသည် အနောက်ဘက်စစ်မျက်နှာစာမှ တပ်အကုန်လုံးနီးပါးကို ပြန်လည် ဆုတ်ခွာရန် အမိန် ပေးခဲ့သည်။ ဗန္ဓုလ အား အာရကန် နှင့် ဘင်္ဂလား မှ လည်းကောင်း၊ ဥဇန အား အာသံ၊ ကချာ နှင့် ဂျိမ်းရှ မှ လည်းကောင်း ပြန်လည်ဆုတ်ခွာစေခဲ့ပြီး - ရန်သူကို ရန်ကုန်တွင် ရင်ဆိုင်စေခဲ့သည်။ မုတ်သုံ ရာသီ၏ အလယ်ဖြစ်သော ဩဂုတ်လတွင် ဗန္ဓုလနှင့် သူ၏စစ်တပ်သည် ရခိုင်ရိုးမကို ကျော်ဖြတ်ခဲ့သည်။ ဘုရင်မင်းမြတ်သည် စစ်တပ်၏ အမြင့်ဆုံးရာထူးအဆင့် ဖြစ်နိုင်သည့် အဂ္ဂ မဟာ သေနာပတိ ဟူသော ဘွဲ့ကို ဗန္ဓုလနှင့် ဥဇန နှစ်ဦးစလုံးအား ချီးမြှင့်ခဲ့သည်။ ဗန္ဓုလအား စစ်တောင်းမြို့ စား အဖြစ်လည်း ခန့်အပ်ခဲ့သည်။ နိုဝင်ဘာလတွင် ဗန္ဓုလ သည် ရန်ကုန်အပြင်ဘက်တွင် အင်အား ၃၀၀၀၀ ရှိသော တပ်အစု အဝေးကို ကွပ်ကဲခဲ့သည်။ ဗန္ဓုလ သည် အင်အား ၁၀၀၀၀ ရှိသော လက်နက်အင်အား အ ပြည့်အစုံဖြင့် ဗြိတိသျှတပ်ကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ ဗမာတို့သည် အရေ အတွက်အားဖြင့် သာလွန်သော်လည်း ၃၀၀၀၀ ၏ ၁၅၀၀၀ သာ စစ်သုံး ပြောင်းချောသေနတ်များ ကိုင် ဆောင်ကြသည်။ ဗမာအမြောက်မြားသည် အမြောက်ဆံအလုံးများကိုသာ ပစ်ခတ်နိုင်သော်လည်း ဗြိတိသျှအမြောက်မြားမှာ ပေါက်ကွဲစေနိုင်သော အမြောက်ဆံများကို ပစ်ခတ်နိုင်သည်။ သူ့အား မသိစေခဲ့သောအချက်မှာ ဗမာများအနေဖြင့် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသော ကွန်ဂရိ(ဖ်) ဒုံးကျည်လက်နက် ကဲ့သို့ အသစ်ဆန်းဆုံးသော လက်နက်များကို စစ်အတွင်းတွင်ပထမဦးဆုံးအဖြစ် ဗြိတိသျှတို့သည် မကြာ သေးမီကမှ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ အလုပ်သက်တမ်းတွင် အကြီးဆုံးအမှားဖြစ်လာမည့် ဗြိတိသျှတို့တပ်နေရာချထားခြင်းများကို ထိပ်တိုက် တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းအား ၃၀ နိုဝင်ဘာလတွင် ဗန္ဓုလ သည် ပြုလုပ် ခဲ့သည်။ အလွန် သာလွန်သောလက်နက်များဖြင့် ဗြိတိသျှတို့သည် ရွှေတိဂုံ ခံတပ်တွင် မြန်မာတို့၏ ရဲရင့်သောတိုက်ခိုက်မှုများစွာကို ခံနိုင်ခဲ့ကြပြီး ဗမာစစ်သား ထောင်ပေါင်းများ စွာကို သေဆုံးစေခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်တွင် ဒုံးကျည်လက်နက်များဖြင့် အထောက်အပံ့ပေးထား သော ဗြိတိသျှတပ်များသည် စတင်၍ အသာစီးရခဲ့ကြသည်။ ဒီဇင်ဘာ ၁၅ ရက်တွင် ဗမာများသည် ၎င်းတို့ နောက်ဆုံးကျန်ရှိသည့် အခိုင်အမာတပ်စွဲထားသော ကုက္ကိုင်း မှ မောင်းထုတ်ခြင်းခံ ခဲ့ရ သည်။ နောက်ဆုံးတွင် ဗမာစစ်သား ၃၀၀၀၀ အနက် ၇၀၀၀ သာ ပြန်လာခဲ့သည်။ ဓနုဖြူ တိုက်ပွဲ (မတ်-ဧပြီ ၁၈၂၅) ဗန္ဓုလ သည် ဧရာဝတီမြစ်ဝကျွန်း ပေါ်ရှိ ရန်ကုန်မှ သိပ်မဝေးသောမြို့ ငယ်တစ်ခုဖြစ်သည့် ဓနုဖြူ ရှိ သူ၏နောက်တန်း စစ်အခြေစခန်းသို့ ပြန်ဆုတ်ခဲ့သည်။ ရန်ကုန် စစ်ပွဲတွင် အတွေ့အကြုရှိသောလူများကို ဆုံးရှုံးခဲ့ရသော မြန်မာစစ်တပ်သည် ယခုအခါ အရည်အသွေးမျိုးစုံရှိသည့် အယောက် ၁၀၀၀၀ ခန့် အရေအတွက်ရှိပြီး ဘုရင်မင်းမြတ်၏ အတော်ဆုံး စစ်သားအချို့ပါဝင်သော်လည်း အများစုမှာ လေ့ကျင့်သင်ကြားထားခြင်းမရှိသေးသောသူများနှင့် လက်နက်တပ် ဆင်ထားခြင်းမရှိသော ဥပဒေအရ စစ်မှုထမ်းရသူများဖြစ်သည်။ သစ်လုံးခံတပ်သည် မြစ်ကမ်းနဖူး တစ်လျှောက်တွင် တစ်မိုင်ခန့်ရှည်လျားပြီး ၁၅ ပေ အမြင့်အောက်မလျော့သော ကျွန်းသစ်လုံး ရက်မ များဖြင့် ပြုလုပ်ထားသည်။ ၁၈၂၅ ခုနှစ် မတ်လတွင် အမြောက်တင်သင်္ဘောများပါဝင်သော ရေယာဉ်စုဖြင့် အထောက်အပံ့ပေးထား သည့် အင်အားလေးထောင်ရှိ ဗြိတိသျှအင်အားကြီး တပ်တစ်တပ်သည် ဓနုဖြူ ကို တိုက် ခိုက်ခဲ့သည်။ ဗြိတိသျှတို့၏ ပထမအကြိမ်တိုက်ခိုက်မှုသည် အရေးနိမ့်ခဲ့ပြီး ဗန္ဓုလ သည် တန်ပြန်တိုက်ခိုက်မှုကို ခြေလျင်တပ်သားများ၊ မြင်းတပ်နှင့် တိုက်ဆင် ၁၇ ကောင်တို့ဖြင့် ကြိုးစားခဲ့ သည်။ သို့သော် ဆင်များသည် ဒုံးကျည်လက်နက်ပစ်ခတ်မှုများကြောင့် ရှေ့မတိုးနိုင်ဖြစ်ပြီး မြင်းတပ် သည်လည်း အားဖြည့်ထားသော ဗြိတိသျှ ဒုံးကျည်လက်နက် ပစ်ခတ်မှုများကို ဆန့်ကျင်၍ ရှေ့တိုးရန် မဖြစ်နိုင်ကြောင်းကို တွေ့ရှိခဲ့သည်။ ဧပြီလ ၁ ရက်တွင် ဗြိတိသျှတို့သည် ကြီးမားသော ထိုးစစ်တစ်ခုကိုစတင်ခဲ့ပြီး ၎င်းတို့၏ လက်နက်ကြီး များဖြင့် မြို့ကို စိစိညက်ညက်ကျေစေခဲ့ကာ မြန်မာရှေ့တန်းစစ်မျက်နှာပြင်၏ နေရာတိုင်းကို ၎င်းတို့ ၏ ဒုံးကျည်လက်နက်မိုးရွာချခဲ့သည်။ ဗန္ဓုလ သည် မော်တာအမြောက် ဆန်ထိမှန်၍ ကျ ဆုံးခဲ့သည်။ ဗန္ဓုလသည် သူ၏အဆောင်အယောင်အပြည့်အစုံဖြစ်သော ရွှေရောင်တဝင်းဝင်း လက်နေသည့်ထီးအောက်တွင် နေ၍ ခံတပ်ပတ်လည်ကို လျှောက်သွားပြီး သူ၏ လူများ၏ စိတ်ဓာတ် မြှင့်တင်ပေးခြင်းသည် သူ၏ဗိုလ်ချုပ်ကြီးများ၏ သတိပေးချက်ဖြစ်သော သူသည် ရန်သူ့ သေ နတ်အတွက် လွယ်လင့်တကူပစ်မှတ်ဖြစ်လိမ့်မည်ဆိုသောအချက်ကို စွန့်ပယ်ခဲ့ခြင်း ဖြစ်သည်။ ဗန္ဓုလ သေဆုံးပြီးနောက်တွင် ဗမာတို့သည် ဓနုဖြူ မှထွက်ခွာ ခဲ့သည်။ ရန္တပို စာချုပ် သည် နောက်ထပ် ၁၀ လကြာအောင်ဆက်လက်ဖြစ်ပွားခဲ့ပြီး ဗြိတိသျှတပ်များသည် ဖြည်းဖြည်း ချင်းရှေ့သို့ချီတက်လာကာ နောက်ဆုံးတွင် အင်းဝမှ လေးရက်ခရီး ချီတက်ရသည့် ရန္တပို ရွာသို့ ရောက်ရှိခဲ့သည်။ ၁၈၂၆ ဖေဖော်ဝါရီလတွင် မြန်မာတို့သည် ရှုံးနိမ့်ခြင်းကို လက်ခံခဲ့သည်။ ရန္တပို စာချုပ် အရ အင်းဝ ရွှေနန်းတော်မှ ဖော်ပြပါတို့ကို သဘောတူခဲ့ရသည်။ (၁) ဗြိတိသျှ အား အာရကန် (ရခိုင်)၊ တန်နစ်စီရင် (တနင်္သာရီ)၊ မဏိပူရ နှင့် အာသံ တို့ကို ပေးအပ်လိုက်ရသည်၊ (၂) ကချာနှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှ ပိုင်နက်နယ်မြေများအဖြစ် အသိအမှတ်ပြုရသည်၊ (၃) လျော်ကြေးငွေ ပေါင်စတာလင် တစ်သန်းကို လေးရစ်ခွဲပြီး ပေးရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ဗြိတိသျှ အိန္ဒိယ သမိုင်းတွင် အရှည်ကြာဆုံးနှင့် တန်ဖိုးအကြီးဆုံးစစ်ပွဲဖြစ်သည်။ ဥရောပနှင့် အိန္ဒိယစစ်သား တစ်သောင်းငါးထောင်နှင့်အတူ ပို၍မြင့် မားသော (အတိအကျအားဖြင့် အလွန်မြင့်မားလုနီးပါး) အရေအတွက်ရှိသည့် မြန်မာစစ်သားများ သေဆုံးခဲ့သည်။ ထိုတိုက်ပွဲစဉ်သည် ဗြိတိသျှတို့အား မည်သည့်နေရာတွင်မဆို စတာလင်ပေါင် ငါး သန်းမှ (အကြမ်းအားဖြင့် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ) စတာလင်ပေါင် ၁၃ သန်း အထိ ကုန်ကျစေခဲ့ပြီး ၁၈၃၃ ခုနှစ်တွင် ဗြိတိသျှ အိန္ဒိယတွင် ဆိုးရွားသော စီးပွားရေးကပ်ဆိုက်မှု တစ်ခုကို ဖြစ်စေခဲ့သည်။ သို့သော် မြန်မာတို့အတွက်မူ ဤအရာသည် သူတို့၏လွတ်လပ်ရေး အဆုံးသတ်ခြင်း၏ တကယ့်အစ ဦးဖြစ်သည်။ ဗြိတိသျှ အိန္ဒိယအတွက် ကြောက်စရာကောင်းခြင်းကို တိုတောင်းသောအချိန်ကာလ တစ်ခု ဖြစ်စေခဲ့သော တတိယ ဗမာ အင်ပါယာသည် ထိထိရောက်ရောက် မပြီးစီးခဲ့ဘဲ အကြီးအ ကျယ် ထိခိုက်ပျက်စီးခဲ့ကာ ဗြိတိသျှ အိန္ဒိယ၏ အရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်ရှိနေနိုင်တော့မည် မဟုတ်ပါ။ ဗမာတို့ကို ထိုအချိန်ကပင် ဥရောပ၌ ကြီးမားသော ငွေ ပမာဏ ဖြစ်သည့် ကြီးမားသော လျော်ကြေးငွေ ပေါင်တစ်သန်း (ထို့နောက်တွင် အမေရိကန် ဒေါ်လာ ၅ သန်း) ကို ပြန်လည်ပေးဆပ်စေခြင်းဖြင့် နှစ်ပေါင်းများစွာ နှိမ်နှင်းထားခဲ့သည်။ ဗြိတိသျှတို့သည် အလွန်အင်အားချည့်နဲ့နေပြီဖြစ်သော ဗမာတို့အပေါ်တွင် နောက်ထပ်စစ်ပွဲနှစ်ကြိမ်ပြုလုပ်ပြီး တစ်နိုင်ငံ လုံးအား ၁၈၈၅ အရောက်တွင် ဝါးမြိုသိမ်းပိုက်ခဲ့သည်။ အမွေအနှစ် မဟာ ဗန္ဓုလ သည် ဗြိတိသျှကို ယှဉ်ပြိုင်ရဲသည့် သူ၏သတ္တိကြောင့် မြန်မာ့သမိုင်း တွင် အကြီးအကျယ်စိုးမိုးနေရာယူသည်။ ဗန္ဓုလ ၏ ကြီးကျယ်သော ခေါင်းဆောင်မှုကြောင့် အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးခု အနက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ တွင်သာ ဗမာတို့သည် တိုက်ပွဲဝင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာတို့သည် ဗန္ဓုလ ၏ နောက်ဆုံးစကားများမှာ- ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွန်ုပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွန်ုပ်တို့ အကောင်းဆုံးတိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ ပင်ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့သည့်အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်း ကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ်မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကိုဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း သူတို့အား သဘော ပေါက်ပါ စေ။ ဤအရာသည် အမြဲတည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှုစိတ်ဓာတ်ကို သက်သေပြ လိမ့်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် မဏိပူရ နှင့် အာသံ တွင် ဖြစ်နိုင်ဖွယ်မရှိသော အောင်နိုင်မှုများကို ဦးတည်စေခဲ့သည့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် တကယ့်သတ္တိနှင့် ရဲရင့်သောစစ်နည်းဗျူဟာများကို အသုံးပြုခြင်းသည် ဆယ်စုနှစ်တစ်ခုမျှအစောပိုင်းကသာ နပိုလီယန် ၏ စစ်တပ်ကို အနိုင်ရ ခဲ့သော အလွန်ကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားပြီး ကမ္ဘာကိုသိမ်းပိုက် စိုးမိုးထားသည့် ဗြိတိသျှ တို့ကို ဆန့်ကျင်သည့် သူ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းကို သက်သေပြခဲ့သည်။ သူသည် ထင် ပေါ်ကျော်စောသော်လည်း အလွန်သာလွန်သော ဗြိတိသျှလက်နက်များကို ရင်ဆိုင်ရာတွင် နည်းဗျူ ဟာများကို ပြောင်းလဲရန် ပျက်ကွက်ခဲ့သည်။ ပြောက်ကျားနည်းဗျူဟာ သို့မဟုတ် နည်းဗျူဟာ အသစ် များကို အသုံးပြုခြင်းအား စဉ်းစားရန် သူပျက်ကွက်ခဲ့သည်။ အကယ်၍ သူသည် ပြောက်ကျားစနစ် နည်းဗျူဟာကို လက်ခံကျင့်သုံးခဲ့ပါက စစ်ပွဲ၏ နောက်ဆုံးရလဒ်သည် ပြောင်းလဲမှုရှိချင်မှရှိမည်ဖြစ် သော်လည်း သတ်မှတ်ချက်များမှာ အနည်းငယ်လျော့ပေါ့သက်ညှာကောင်းသက်ညှာနိုင်မည်။ လူကြိုက်များခြင်းနှင့် ထင်ပေါ်ကျော်စောခြင်း ဗန္ဓုလ ၏ အောင်မြင်မှုများသည် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့် ကျက်သော ဒုတိယအကြီးအကဲများဖြစ်သည့် မဏိပူရ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး နေမျိုးသူရ မင်းလှ နော်ရထာနှင့် အာသံ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး မဟာ သီလဝ တို့နှင့်အတူ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် တိုင်းပြည်တွင် လူသိ များပြီး ပို၍အောင်မြင်သော ဗိုလ်ချုပ်ကြီးများဖြစ်သည့် မန်ချူး(Manchu ) ကျင်း မင်း ဆက် ၏ ၁၇၆၇ ခုနှစ် နှင့် ၁၇၆၉ ခုနှစ်များတွင် ကျူးကျော်ဝင်ရောက်မှုများကို အနိုင်ရခဲ့သော ဗိုလ်ချုပ်ကြီးမဟာသီဟသူရ၊ ၁၇၆၇ တွင် အယုဒ္ဓယ မင်းနေ ပြည်တော် ကို အစိတ်စိတ်အမြွာမြွာပြိုကွဲစေခဲ့သည့် ဗိုလ်ချုပ်ကြီး မဟာနော်ရထာ နှင့် ဗိုလ်ချုပ်ကြီး နေမျိုးသီဟပတေ့ သို့မဟုတ် ၁၆ ရာစုတွင် အရှေ့တောင် အာရှ၏ အနောက်ပိုင်း ပင်မနယ်မြေအတော်များများကိုသိမ်းပိုက်ခဲ့သည့်စစ်သည် ဘုရင် ဘုရင့်နောင် မင်းတရားကြီးတို့ ဖြစ်သည်။ အထိမ်းအမှတ်များ ဗန္ဓုလ အသင်း သည် မြန်မာမူလတန်းနှင့် အလယ်တန်း ကျောင်းတိုင်းရှိ ကျောင်းသားများ အားလုံးဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားအသင်းလေးသင်းအနက်မှ တစ်သင်းဖြစ်သည်။ အခြား အသင်းသုံးသင်းမှာ မြန်မာ့ရာဇဝင်တွင် အကြီးကျယ်ဆုံးသော ဘုရင်များကို အစွဲပြု၍ အမည်ပေး ထားခြင်းဖြစ်သည်- ကျန်စစ်သား အသင်း၊ ဘုရင့်နောင် အသင်း နှင့် အလောင်းဘုရား အသင်းတို့ ဖြစ်ကြသည်။ မြန်မာပြည်ရှိ အထင်ရှားဆုံးသော နေရာအချို့မှာ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။ မဟာဗန္ဓုလလမ်း ရန်ကုန် မြို့လယ်တွင် အဓိကလမ်း ကြောင်းကြီး လေးခုအနက်မှတစ်ခု၊ မဟာဗန္ဓုလပန်းခြံ ရန်ကုန် မြို့လယ်၏ ဗဟိုအချက်အချာ၊ မဟာဗန္ဓုလပန်းခြံလမ်း ရန်ကုန် မြို့လယ်တွင် လူသူ လှုပ်ရှားမှု ထူထပ်သောလမ်းနှင့်မဟာဗန္ဓုလတံတား ရန်ကုန် အရှေ့ပိုင်းရှိ တံတားတစ်စင်းတို့ ဖြစ်ကြသည်။ သို့သော် အထက်ဖော်ပြပါ အမည်များမှာ ရန်ကုန်မြို့ အတွင်း၌သာ ဖြစ်သည်။ သို့သော် အခြား မြို့ရွာတိုင်း၌ ဤသို့သော ဂုဏ်ပြု အမည် နာမများ ရှိကြသည်။ ကိုးကား ပြင်ပလင့်ခ်များ Maha Bandula, Immortal Myanmar Supreme Commander Maha Bandula (Myanmar general) -- Britannica Online Encyclopedia ကုန်းဘောင်ခေတ် မြန်မာ သူရဲကောင်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%97%E1%80%94%E1%80%B9%E1%80%93%E1%80%AF%E1%80%9C
ဘိသိက်မင်္ဂလာ
ဘိသိက်မင်္ဂလာ ဆိုသည်မှာ အဘိသေကမင်္ဂလာ ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ၍ ဦးထိပ်၌ ရေသွန်းခြင်းမင်္ဂလာဟု အဓိပ္ပာယ်ရသည်။ ကျမ်းဂန်ထုံးတမ်းနှင့်အညီ ဦးထိပ်၌ ရေသွန်း၍ မင်္ဂလာယူခြင်း ဖြစ်သည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၌ ဘိသိက်ခံသူ မင်းက တရားနှင့်အညီမင်းပြုရန် ခံဝန်ကတိပေးသည့် မုဒ္ဓါဘိသိက်မှတစ်ပါး တခြား ဘိသိက်မင်္ဂလာ ၁၃ မျိုးရှိကြောင်းပြသည်။ စုစုပေါင်း (၁၄)မျိုးရှိသည်။ ၎င်းတို့မှာ - မုဒ္ဓါဘိသိက် ခတ္တိယဘိသိက် ရာဇဘိသိက် သကလာဘိသိက် ဝိဇယာဘိသိက် ဇေယျာဘိသိက် သီရိပဝေသနဘိသိက် မဟာဘိသိက် မင်္ဂလာဘိသိက် ဝိဝါဟာဘိသိက် ဒွါရာဘိသိက် အာယုဒီဃဘိသိက် ဥပရာဇာဘိသိက် မဟေသီဘိသိက် တို့ဖြစ်ကြသည်။ ဘိသိက် မင်္ဂလာ ၁၄ မျိုးတွင် မုဒ္ဓါဘိသေက မင်္ဂလာသည် အရေးကြီးဆုံးဖြစ်သည်။ ဘိသိက်မင်္ဂလာပွဲ ကျင်းပသော ထုံးတမ်းစဉ်လာသည် ဘုရင်စံနစ် ထွန်းကားသော နိုင်ငံတိုင်း၌ ရှိသော်လည်း ကျင်းပပုံချင်း မတူကြချေ။ ကျမ်းဂန် ထုံစံနှင့်အညီ ဦးထိပ်၌ သွန်းအပ်သော အဘိသိက်ရှိသော မင်းသည်သာ မုဒ္ဓါဘိသိက်က္ကမင်း မည်၏။ သို့မဟုတ်က သာမညမင်း မည်သည်။ ထိုသာမညမင်းကား မုချအားဖြင့် မင်းဟု မခေါ်ထိုက်ချေ။ ဘုရား သခင်ကပင်လျှင် အနာပတ္တိ နခတ္တိယာ ဘိသေကေန အဘိသိတ္တော ဟောတိ အစရှိသဖြင့်၊ ကျမ်းဂန် ထုံးစံ နှင့်အညီ ဦးထိပ်၌ သွန်းလောင်းအပ်သော အဘိသိက်ရှိသော မင်းသားမုချ မင်းမည် သဖြင့် ဦးထိပ်သွန်းလောင်း အပ်သော အဘိသိက်မရှိသောမင်း၊ ထိုမင်းမိဖုရားတို့စံရာ တိုက်ခန်းသို့မပန်မကြားဘဲ ဝင်သော် လည်း အာပတ် မသင့် ဟု ဟောတော်မူသည်။ သီဟိုမ္ဗ်ကျွန်း ၌ ဝိဇယမင်းနောက် ဥပတိဿအမတ်သည် ဘိသိက်မခံဘဲ တစ်နှစ် ပတ်လုံး မင်းမူသည်ကို တစ်နှစ်မင်းသုဉ်းသည်၊ မင်းဆိတ်၏ ဟူ၍လည်းကောင်း၊ အဘယမင်း၏နောက် ပဏ္ဍု ကာဘယမင်းသည် အဘိသိက်မခံဘဲ ၁၂ နှစ်ပတ်လုံး မင်းမူ သည်ကို ၁၂ နှစ် မင်းသုဉ်းသည်၊ မင်းဆိတ်သည်ဟူ၍ လည်းကောင်း မဟာဝင်ကျမ်း၌ လာသည်။ ဘိသိက်မင်္ဂလာ ခံယူခြင်းငှါ ထိုက်သောမင်း၏ အင်္ဂါကား အသမ္ဘိဇ္ဈမင်းမျိုးဖြစ်ခြင်း၊ ရာဇာဓံ၌ တည်ခြင်း၊ တိုင်းနိုင်ငံသူ ရှင်လူအပေါင်းတို့အား သားတော် မြေးတော် တို့ကဲ့သို့သနားကြင်နာခြင်း၊ မေတ္တာစိတ်ဖြင့် မျှခြင်း၊ တိုင်းနိုင်ငံသူ ရှင်လူအပေါင်းတို့အား စောင့်ရှောက်ခြင်းဟူ၍ ၅ ပါးရှိကြောင်းဖြင့် အဘိသေက ကျမ်း၌ လာသည်။ သို့ရာတွင် အသမ္ဘိဇ္ဈမင်းမျိုး မဟုတ်ဘဲ၊ ဘိသိက်ခံ၍ မင်းပြုကြသော ဇာတ်ဝတ္ထု သမိုင်းသက်သေများစွာလည်း ရှိသည်။ မြန်မာဘုရင်တို့ဘိသိက်ခံမည်ရှိသော်၊ ဦးစွာ ဓာတ်ပျက်ဓာတ်ဆန်း ကျိန်းခန်းကာလကို ရွေးရသည်။ ထို့နောက် ဘိသိက်နန်းဆောက်ရန် အောင်မြေအရပ်ကို ရွေးကာ ဘိသိက်မင်္ဂလာ နန်းတော်ကို ဆောက်စေရသည်။ ဘိသိက် မင်္ဂလာ နန်းဆောက်သော အစီအရင်ကား မြေပြင်ကို ညီညွတ် စွာ စီရင်ပြီးမှ ကြန်အင်လက္ခဏဉာနှင့် ပြည့်စုံသော နွား ၈ ရှဉ်းကို ရွှေကြိုးငွေကြိုးတို့ဖြင့် တန်ဆာဆင်၍ ရွှေထီး ငွေထွန်တို့ဖြင့် ပုဏ္ဏား ၈ ယောက်တို့က ရှေ့တည်၍ ထွန်ရ၏။ လက္ခဏာပြည့်စုံသော သူကြွယ်သားမြေးတို့က ရွှေပေါက်တူး ငွေပေါက်တူးတို့ကို စွဲကိုင်လျက် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်၍ တူးဆွရ၏။ ထို့နောက် စပါးမျိုး ၇ ပါးတို့ကို ဖြန့်ကြဲ ပြီးနောက် ရေမျိုး ၇ ပါး၊ လေးကျွန်းမြေနှင့် ၇ ပါ၊ မြေစဉာနွားချေးတို့ဖြင့် ညီညွတ်စွာ ချရ၏။ ထို့နောက် ဂြိုဟ်နတ်တို့ကို ပူဇော်၍ ပဇ္ဈက်ရိုက်ခြင်း၊ ငြမ်းထောင်ခြင်း ကိုပြုသည်။ တစ်ဖန် ဂြိုဟ်နတ်တို့အား ပူဇော်၍ ဘိသိက် နန်းသစ်ကို ထူသည်။ နန်းသစ်ထူသည့် အစီအရင် အကျဉ်းကား၊ ဘိသိက်နန်းတော်ရာရှေ့တွင် သိကြားမှစ၍ ၂ ကျိပ်သော နတ်တို့အား စုံသော အုန်းအိပ်ရာ၊ ဆန်တင်းစပါးတင်း၊ အုန်းသီးပင်ပေါက်၊ ကြာသွတ်အိုး၊ လင်ပန်းဖလား ဖြူစင်စွာ ထမင်း၊ နွားနို့ထောပတ်၊ ပျား၊ တင်လဲ၊ အမြိန်အရာ၊ ကွမ်း၊ လက်ဖက်တို့နှင့် ဆီမီးနံ့သာ ထီးတံခွန်တို့ဖြင့် မာန်ရွတ်၍ ပုဏ္ဏားတို့ကို ပူဇော်စေရ၏။ အောက်၌လည်း ခေါတွင် အကျစ်၊ အကြော်၊ အလှော်၊ အသင်း၊ သေစာ၊ ကွမ်း၊ လက်ဖက်တို့ဖြင့် ဘုတ်စားတည်ရ၏။ နန်းတည်မည့်နေ့၌ ပြည်တွင်းပြည်ပ၌ရှိသော စေတီ၊ ဆင်းတု၊ ရုပ်တု၊ ဗောဓိ ညောင်တော်တို့အား သင်ပုတ်ရေချမ်း၊ ထီး၊ တံခွန်၊ ကွမ်း၊ လက်ဖက်၊ ဆီမီးတန်ဆောင်၊ ပန်းပေါက်ပေါက်တို့ဖြင့် ပူဇော် ကြရသည်။ အဓိကရှိသောနတ်၊ ပြည့်စောင့်နတ်တို့အားလည်း ပတ်စည်၊ စောင်းည|င်း၊ အမြိန်အရာ စသည်တို့ဖြင့် ပူဇော်ကြ ရသည်။ နန်းတော် ရာဂမျက်နှာ၌ ကြီးစွာသော တန်ဆောင်း ဆောက်၍ သီလဂုဏ်နှင့် ပြည့်စုံသော များစွာသော အရိယာ သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးခြင်းကို ပြုပြီးလျှင် များစွာ သော အလှူဝတ္ထုတို့ကို လှူတော်မူ၍ စတုဘာဏဝါရ၊ မဟာ သမယ၊ အဋ္ဌဇေယျမင်္ဂလာ အစရှိသော ပရိတ်တော်တို့ကို ရွတ်တော်မူကြရ၏။ နတ်များအား အလှူအဖို့အမျှပေးဝေခြင်း ပြုရသည်။ ရွှေနန်းတော် အရှေ့စူးစူး၌၊ မြင်းဖြူများကို ဆန်းကြယ် စွာ တန်ဆာဆင်၍ ဗောင်းကြီးညွန့်သွယ်ပေါင်းသော မှူးကြီး မတ်ကြီးတို့ကို ဖြူစင်စွာသော အဝတ်တို့ကို ဝတ်၍ သွားလာ နေစေ၏။ အရှေ့တောင်ထောင့်၌ မဏ္ဍပ် ကြီးစွာဆောက်၍၊ အထူးထူးသော ကချေသဘင်တို့ကို ကပြတီးမှုတ်စေသည်။ တောင်စူးစူး၌ ကြီးစွာသော ရွှေတန်ဆောင်ကို ထွန်းကား စေ၏။ အနောက်စူးစူး၌ တန်ဆာဆင်လျှက်၊ ထီးဖြူ တံခွန် ဆောက်လျက် မင်္ဂလာရှိသော ဆင်တို့ကို နေစေ၏။ မြောက် စူးစူး၌ သမီးကညာ ၈ ယောက်တို့ကို ရွှေမြူတာ၊ ငွေမြူတာ ပိုက်လျက် ရပ်စေ၏။ ဗောင်းကြီးညွန့်သွယ်ပေါင်းသော ဖြူစင် စွာသော အဝတ်ကိုဝတ်သော၊ ဗိသုကာတို့၏ အကြီးဖြစ်သူတို့ နှင့် တကွ ဗိသုကာတို့သည် အဆောင်ဆောင် နန်းတော်စောင့် တို့အား ရွှေလင်ပန်း၌ အမြိန်အရာကိုထည့်၍ ပူဇော်ရ၏။ မြေနန်းသစ်တွင် ဓာတ်ဆန်းစုတ်ကူး အပြည့်အစုံဖြစ်အောင် မြေနန်းတော်ရပ် သစ်များအနက် ပြင်ပတ်လည်တွင် စရည်း၊ အတွင်းမြေနန်းပင် ကွန်းစင်သစ် ၆ လုံး ရေသဖန်းကို စိုက်ထူရ၏။ မဏ္ဍပ်အတွင်း၌ နီသော ရွှေသော ထုံး ဟင်းသ ပြဒါးတို့ဖြင့် ခြယ်လှယ်ထားရသည်။ အဘိသိက်ခံရာ ရတနာသဖန်းပျဉ်ကို မင်းဧကရာဇ်တို့ လက်တော်အတောင်နှင့် အလျား ၃ တောင် ၁ မိုက်၊ အနံ ၃ တောင်သော်လည်း ဖြစ်စေ၊ အလျား ၄ တောင် ၄ သစ်သော် လည်း ဖြစ်စေ၊ အထူလက် ၄ သစ်ရှိသော ရေသဖန်းပျဉ် ၄ ထောင့်၌ အခြေ ၄ ခု ၁ မိုက်စီတပ်၍ ရွှေငွေရတနာတို့ဖြင့် ဆန်းကြယ်စွာ ပဒုမ္မာ ကြာပွင့်ချပ်တို့ဖြင့် ခြယ်လှယ်၍ မြေနန်းဥပင်သထက်၌ ထားရသည်။ ကမ္ဗလာနီကိုခင်း၍ နံ့သာမျိုးတို့ကို ကြဲဖြန်း ထားရသည်။ ရွှေငွေစသော ရတနာ မျိုးတို့ကိုလည်း စုထားရသည်။ ရေသဖန်းသားဖြင့် ပြီးသော ရွှေသလွန်တော်ကို မာရဘင် အနောက် ဥပင်သ မုခ်ဝ၌ တောင်မြောက်ခင်းထားရသည်။ မဏ္ဍပ်လေးမျက်နှာ၌ ကြာ သွတ်အိုးတစ်လုံး ရေပြည့်၊ ကွမ်းဘူးကွမ်းလင်၊ သပြေမြေဇာ၊ မုရားထည့်၍ တည်ရ၏။ ယင်းအပါးတွင် အုန်းခိုင်၊ ကွမ်းသီးခိုင်၊ ငှက်ပျောခိုင်၊ အထူးထူးသော သစ်သီး ပန်းမန် ဆီမီးတန်ဆောင်ထွန်း၏။ မြူတာ ၁ဝ၈ လုံး၌ ကွမ်းဘူးကွမ်း လင်၊ သပြေ မြေဇာ၊ မုရားထည့်၍ မဏ္ဍပ်ဝန်းကျင်တည်၏။ မဏ္ဍပ်ဝန်းကျင်၌ နို့ရည်ရှိသော ပညောင်သား၊ သဖန်းသား တို့ကို စိုက်၏။ အရှေ့စူးစူး၌ တံခွန်ကြီး စိုက်၏။ ရွှေလင်ပန်း၌ သလေးထမင်း အမြိန်အရာတည်၏။ အုန်းခိုင်၊ ကွမ်းသီးခိုင်၊ ငှက်ပျောခိုင်၊ ဆီမီးတန်ဆောင်၊ ပန်းမန်၊ ကွမ်း လက်ဖက်တို့ဖြင့်ထည့်၍၊ တန်ဆာ ဆင်သော ဆင်ပေါက်ထား ၏။ အရှေ့တောင်ထောင့်၌ တံခွန်ကြီးနှင့် ငွေလင်ပန်းတွင် ယခင်ဆိုတိုင်းတည်၍၊ တန်ဆာဆင်သော ဆိတ်မြန်မာ ကိုထား၏။ တောင်စူးစူး၌ တံခွန်ကြီးနှင့် သံလင်ပန်းတွင် ယခင်ဆိုတိုင်းတည်၍၊ တန်ဆာဆင်သော ကျွဲမထား၏။ အနောက်တောင်ထောင့်၌ ခဲမ လင်ပန်းတွင် သားပြွမ်း ထမင်းနှင့် တန်ဆာဆင်သော လူအိမ်ထောင့်စုံ ထား၏။ အနောက်စူးစူး၌ တံခွန်ကြီးနှင့် ခဲမဖြူလင်ပန်းတွင် အမြိန်အရာ၊ တန်ဆာ ဆင်သော မြည်းကိုထား၏။ အနောက်မြောက်ထောင့်၌ တံခွန်ကြီးနှင့် ကြေးနီလင်ပန်းတွင် ပျားရည်ဖြင့် ပြွမ်းသော ထမင်းနှင့် တန်ဆာဆင်ထားသော သမင်ကိုထား၏။ မြောက်စူးစူး၌ တံခွန်ကြီးနှင့် ရွှေလင်ပန်း တွင် အရာ ၅ ပါးပြွမ်းသော ထမင်း၊ တန်ဆာဆင်သော မြင်းကိုထား၏။ အရှေ့မြောက်ထောင့်၌ တံခွန်ကြီးနှင့် ရွှေလင်ပန်းတွင် အမြိန်အရာ ပြွမ်းသော ထမင်းနှင့် တန်ဆာဆင်သော နွားဥသဘကိုထား၏။ တံခွန်ကြီးအကြား၌ ငှက်ပျောပင် စိုက်၏။ ဆီမီးတန်ဆောင်ည|ိ၏။ မင်္ဂလာရှိသော ဆင်မြင်းတို့ကို တန်ဆာဆင်၍ ရံစေ၏။ မင်္ဂလာရှိသော ဆင်မြင်း တို့နှင့် မိန်ညိုဝတ်လျက် ရွှေကာစွဲသော သူရဲ၊ ရွှေလေးစွဲသော သူရဲ၊ မိန်ညိုဝတ်သော သူရဲတို့ကို ရံစေသည်။ ဘိသိက်သွန်းရန် မင်္ဂလာ ရေခပ်ရသည့် အစီအရင် ကား၊ လမ်း ၂ ဖက်ကို တန်ဆာဆင်၍ လမ်းဆုံတိုင်း သဘင် ကြီးစွာ စီရင်သော်၊ ခပ်မည့် ရေကန်ကိုလည်း တန်ဆာဆင်၏။ အရပ် ၈ မျက်နှာ၌လည်း၊ ထမင်းအမြိန် အရာအစေ့အစုံ၊ ကွမ်း၊ လက်ဖက်၊ နံ့သာ၊ ဆီမီး၊ တံခွန်တို့ဖြင့် ပုဏ္ဏားတို့ကို ပူဇော်စေသည်။ ရေခပ်သွားသည့် အခါ ရှေ့ဆုံးမှ အထူး ထူးသော ကချေသဘင်တို့ဖြင့် သွားရ၏။ ထို့နောက် အိုးစရည် ၈ လုံးကို ဆိုင်းဖြင့် ထမ်းသွားရသည်။ ထို့နောက် မြူတာ ၁ဝ၈ လုံးတွင် သပြေ၊ မုရားစိုက်၍ တန်ဆာဆင်ထားသော လုလင်တို့က ထမ်းလျက်၊ ထို့နောက် ပုရောဟိတ်တစ်ယောက်၊ ထို့နောက် ရွှေမြူတာ ငွေမြူတာ ၄ လုံးစီကို တန်ဆာဆင်အပ် သော သမီးကညာတို့က ပိုက်လျက်၊ ထို့နောက် လုလင်များ၊ ထို့နောက် ထီးစည်စလွယ် ဦးပေါင်းသင်းကျစ်ရသော အမတ် ကြီးများ၊ ထို့နောက် ဆင်သည်တို့ဆင်နှင့်၊ မြင်းသည်တို့မြင်းနှင့် လိုက်ရသည်။ ရေကန်၌လည်း၊ ရေကန် နတ်ဟန် ဝတ်၍ တစ်ဦးနေရသည်။ ရေခပ်လာသူတို့ရောက်လျှင်၊ ရေကန်နတ်ဟန် ဆောင်သူက အဘယ်အလို့ငှါ လာသနည်းဟု မေးရသည်။ ထိုအခါ ပုရောဟိတ်တို့က ရှေးဘေးလောင်းတော် ဘိုးလောင်တော်တို့ဘိသိက်မင်္ဂလာ စီရင်တော်မူသည်အတိုင်း၊ ဘုန်းတော်ကြီးသော မင်းတရားကြီးသည် ထီးဆောင်း မင်္ဂလာ ဆင်ယင်တော်မူမည်ဟု ရေခပ်လာသည်ဟု ပြန်ပြောရသည်။ ရေကန်စောင့် နတ်က ဘုန်းတော်ကြီးသော မင်းသည် သက်တော်ရှည်လျက် သာသနာတော်မြတ်စီးပွား၊ ပြည်သူ လူရဟန်းတို့စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တိုင်အောင် တည်ပွား ပြီးစီး ကြီးမြတ်တော်မူစေတော် ကောင်းစွဟုဆို၍ ခွင့်ပြုမှ၊ ရွှေပန်း ငွေပန်း၊ ရွှေပေါက်ပေါက်၊ ရွှေခဲ၊ ငွေခဲ၊ နဝရတ်ကိုးပါး၊ ဆီမီး၊ ကွမ်း၊ လက်ဖက်နှင့် ပူဇော်၍၊ ဗေဒင်ကျမ်း၌လာသော မာန်ကို ရွတ်၍၊ ပုရောဟိတ်နှင့်တကွ သမီးကညာတို့ရေခပ်ပြီးသော် လာသည့်အစီအစဉ်အတိုင်း ပြန်ကြရသည်။ ဘိသိက်သွန်းခံမည့် ဘုရင်သည် ဝတ်လဲဆောင် ပြာသာဒ်မှ မင်္ဂလာနန်းတော်ကို လက်ယာရစ် လည်တော်မူ၍၊ မြေနန်းတက်တော်မူသောလမ်းကို တံခွန်ကျံသော ငှက်ပျော၊ အုန်းခိုင်၊ ထန်းခိုင်၊ ဆီမီးတန်ဆောင်တို့ဖြင့် တန်ဆာ ဆင်၍ ရတနာ အတိပြီးသော ယာဉ်ကို စီးတော်မူ၍ ဆင်စီးမြင်းစီးတို့ ခြံရံလျက် မင်္ဂလာနန်းတော်ကို လကျာ်ရစ် လည်တော်မူကာ၊ မြေနန်းတံခါးသို့ရောက်တော်မူသော်၊ မြန်မာမျိုး၌ ဖြစ်သော ပုရောဟိတ်တို့သည် မြေနန်းတော်မှ ထွက်ကာ ကြိုဆိုရသည်။ ဘုရင်သည် လက်ယာခြေတော်ချီ၍ ပုရောဟိတ်၏ လက်ယာ လက်ကိုင်ကာ တက်ရသည်။ ဇယမင်္ဂလာ ဂါထာကို မင်းကြီး ရော ပုဏ္ဏားပါဆို၍ တက်ရသည်။ မြေနန်းပေါ်သို့ရောက် သော်၊ လက်ယာရစ် လည်တော်မူပြီးမှ ရေသဖန်းပျဉ်သို့ တက်တော်မူ၍ အရှေ့စူးစူးသို့ရှေ့ရှုတော်မူကာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူရသည်။ ထို့နောက် မင်းလက်နှင့် အချင်း ၄ တောင် လက် ၆ သစ်ရှိသော ထီးဖြူကို ဖွင့်ရသည်။ မင်းမြေ|ာက် တန်ဆာ ၅ ပါးကိုလည်း မာန်ရွတ်လျက် တစ်ခုစီ ဆက်ရ သည်။ ကောင်းစွာ ဝတ်ဆင်အပ်သော မင်းသမီး ၈ ပါး က လက်ယာရစ် ခရုသင်းတွင် ဂင်္ဂါငါးရပ် ရေကိုထည့်လျှက် လက် ၂ ဖက်ဖြင့် မင်း၏ ဦးခေါင်းတွင် စိုက်လျက် အရှင်မင်းမြတ် ့ ့ ့ အရှင်မင်းမြတ်ကို အလုံးစုံလည်း ဖြစ်ကုန်သော မင်းမျိုးအပေါင်းတို့သည် မိမိတို့ကိုယ်ကို စောင့်ရှောက်စေခြင်းငှါ၊ ဤအဘိသိက်ဖြင့် အဘိသိက် သွန်းလောင်းခြင်းရှိသော မင်းအဖြစ်ကို ပြုကုန်၏။ အရှင် မင်းမြတ်သည် မင်းကျင့်တရားဖြင့် တည်လျက်၊ တရားနှင့် ညီညွတ်သဖြင့် မင်းအဖြစ်ကို ပြုတော်မူလော့၊ ထိုမင်းမျိုး အပေါင်းတို့၌ အရှင်မင်းကြီးသည် ညီညွတ်သဖြင့် မင်းအဖြစ် ကို ပြုတော်မူလော့၊ ထိုမင်းမျိုး အပေါင်းတို့၌ အရှင်မင်း သည် ရွှေရင်တော်နှစ်ကဲ့သို့ချစ်ခင်သနားတော်မူသဖြင့် စီးပွားစေလိုသော စိတ်ဖြင့်၊ ထိုမင်းမျိုး အပေါင်းတို့ကို စောင့်ရှောက်တတ်သည်လည်း ဖြစ်တော်မူဘိလော့ဟု သက္ကတ၊ မဂဓ ၂ ဘာသာစုံဖြင့်ဆို၍၊ အဘိ သိက် သွန်းလောင်းရ၏။ ထို့နောက် ပုရောဟိတ် ၈ ပါး၊ သူဌေး သူကြွယ်တို့က အထက်ပါ နည်းအတိုင်း ရွတ် ဆို၍ ဘိသိက်သွန်းရသည်၊ တံပိုး၊ ခရာ၊ ပြွေ၊ တံရှည်၊ တံကောက်တို့ဖြင့် တီးမှုတ်၍၊ ပုရောဟိတ်တို့က ဘုရင် အား ဘွဲ့မည်သမုတ်သည်။ ပုရောဟိတ် ၈ ပါးတို့က ရေနှင့်မြေကို အစိုးရတော်မူသော တရားမင်းမြတ်၊ မင်းတကာတို့ကျင့်တော်မူရာသော တရား တို့ကို ကျင့်တော်မူလော့၊ ခပ်သိမ်းသော လူတကာတို့၏ စီးပွားချမ်းသာ ကိုလည်း ရှာတော်မူသော အလှူပေးခြင်း၊ သီတင်းသုံးခြင်းကိုလည်း ကျင့်တော်မူလော့ဟုဆိုလျှင်၊ ရွှေကရားနှင့် ရေစင်သွန်းတော်မူ၍ ဒါနအထူးထူးသောအလှူကို ပေးတော်မူသောအားဖြင့် ဤသို့သော ဧကရာဇ်မင်းအဖြစ်ကို ရတော်မူပြီ၊ ပြည်သူလူရဟန်းတို့စီးပွားချမ်းသာကို ရှာတော် မူအံ့သော၊ တရားနှင့် လျော်စွာလည်း ငါဆုံးမအံ့သော၊ ငါ၏ ကိုယ်တော်လည်း ရောဂါခပ်သိမ်းကင်း၍ သက်တော် အလွန် ရှည်လိုသော၊ ရန်မာန်ခပ်သိမ်းကိုလည်း အောင်လိုသော၊ ဆင်ဖြူရတနာ ရောက်စေသောဟု ဓိဋ္ဌာန်စကားကို မိန့်တော် မူရ၏။ ယင်းသို့မိန့်တော်မူပြီးမှ မင်းသား မင်းသမီး မင်းဆွေ မင်းမျိုး၊ မှူးကြီးမတ်ရာ စော်ဘွားစော်ခံ ပြည်သူလူအပေါင်းတို့ သည် ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်၍ သက်တော်အလွန်ရှည်စေသော၊ တိုင်းကား နိုင်ငံတော်လည်း ကျယ်စေသော၊ သာယာစေသော ဟူ၍ ပူဇော်ပြီးမှ သူဌေးကြီး ၅ ပါးတို့သည် ရွှေတွေ၊ ငွေတွေ၊ သံတွေ၊ ကြိမ်ခွေ၊ အောင်းဖြူ တို့ကို ဆက်ကုန်ပြီးသော်၊ မင်းမြေ|ာက်တန်ဆာ ၅ ပါးတို့နှင့် တကွ ရွှေမြူ တာ၊ ငွေမြူတာ၌ ပရိတ်ခြည်နှင့်တကွ ကွမ်းဘိုး ကွမ်းလင် သပြေမြေဇာ သရက်ညွန့်တို့ကိုထည့်၍၊ ရှေ့တော်က ဆောင်၍ သွားရသည်။ မြေနန်းတော်မှ မင်္ဂလာ နန်းတော် ရောက်အောင် မြေ၌သင်ဖြူးခင်း၍၊ သင်ဖြူးထက် ဖြူစင် စွာသော ပိတ် ပုဆိုးကိုခင်း၍၊ ပုဆိုးထက် လက်ယာ ခြေတော်ချီ၍၊ အစဉ်အတိုင်း လာတော်မူရသည်။ မင်္ဂလာစောင်း တန်းသို့ရောက်လျှင် ရတနာ ၃ ပါး၊ ဂြိုဟ် ၉ ပါး၊ နတ်အများအား ပူဇော်ရ၏။ ထို့နောက် လက်ယာတံခါးကို ဝင်တော်မူ၍ ရတနာ ၃ ပါး ဂြိုဟ် ၉ ပါး၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလာ၊ ဘုမ္မစိုး၊ အာကာသစိုး၊ သာသနာတော် စောင့် နတ်၊ အရပ် ၈ မျက်နှာစောင့်နတ်၊ ကိုယ်တော်မြတ်ကို စောင့်သောနတ်၊ သမာဓိနတ်တို့အား လက်ဖြင့် ပူဇော်တော် မူ၍၊ မနောလင်ပန်း၌ အမြိန်အရာတို့ကို စားတော်ခေါ်ပြီးမှ ရွှေပင်ထက် နေတော် မူရသည်။ ထိုနောက်မှ သဘင်ကြီး စွာခံ၍ မှူးကြီးမတ်ရာ၊ ပညာသည်တို့အား ဆုလာဘ်များချကာ၊ ရက်လည်သည် အထိ အလှူအတန်းကြီးများ ပေးတော်မူကြ လေသည်။ ဤကား မြန်မာမင်းတို့၏ ဘိသိက်မင်္ဂလာပွဲကြီး ဆင်နွှဲပုံ အကျဉ်း ဖြစ်သည်။ အင်္ဂလိပ်ဘုရင်များ၏ ဘိသိက်မင်္ဂလာပွဲများကား များသောအားဖြင့် နန်းတက်ပြီးနောက် တစ်နှစ်ခန့်ကြာသော အခါမှ ကျင်းပလေ့ရှိကြသည်။ အင်္ဂလိပ်ဘုရင်နှင့် ဘုရင်များ၏ ဘိသိက်မင်္ဂလာပွဲကို ဘုရားရှိခိုးကျောင်းကြီး၌ ကျင်းပလေ့ရှိသည်။ ဘိသိက်ခံမည့် ဘုရင်မင်းမြတ်သည် နန်းတော်မှ ဘုရားရှိခိုးကျောင်းသို့ မြို့တွင်းလမ်းများ တစ်လျှောက်၊ မြင်း ၆ ကောင်၊ ၈ ကောင်စသည် ကသောရထားဖြင့်သွားသည်။ ဘုရင်မင်းမြတ် ဘုရားရှိခိုးကျောင်းသို့ရောက်သည်နှင့် တစ်ပြိုင်နက်ဘုရားရှိခိုး ကျောင်းတွင်း၌ ရောက်ရှိနေသော မှူးမတ်ပရိသတ်အပေါင်း မတ်ရပ်ထ၍ အလေးပြုရ သည်။ ဘိသိက်ခံမည့် ဘုရင်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ် ၄ မျက်နှာလှည့်၍၊ မှူးမတ်ပရိ သတ်တို့၏ အသိအမှတ်ပြု ကောင်းခြီးပေးခြင်းကို ဦးစွာခံယူရသည်။ ထို့နောက် ဘိသိက်ခံ ရာဇပင်တွင် ခေါင်းဆောင်းမပါဘဲ ထိုင်ရသည်။ ဘုရင်မင်းမြတ်သည် ဘိသိက်ခံရာဇပင်တွင် ထိုင်လျက်နိုင်ငံတော်၏ သစ္စာကို ခံယူ၏။ ထို့နောက် ဘုရင် မင်းမြတ်အား ဆီမွှေးဖြင့် လိမ်းကျံပေး၍ ရွှေဝတ်ရုံတော်ကို ဆင်မြန်းပေးလေသည်။ မင်းမြေ|ာက်တန်ဆာများ ဖြစ်သော ရာဇလှံတံများနှင့် ဘိသိက်ခံလက်စွပ်များကိုလည်း ပေးအပ်ခြင်း ခံရလေသည်။ နောက်ဆုံးတွင် ကင်တာဗာရီ ဂိုဏ်းချုပ်ကြီးက ဘုရင် မင်းမြတ်အား စိန်အက်ဒွပ်သရဖူကို ဆောင်းပေး၍၊ ဂိုဏ်းအုပ် ဘုန်းတော်ကြီးများကိုယ်စား ဂိုဏ်းချုပ်ကြီးက ဘုရင်မင်းမြတ် အား အလေးပြုလေသည်။ မင်းညီမင်းသား များနှင့် မှူးကြီး မတ်ရာ သေနာပတိကြီးတို့ကလည်း အလေးပြုကြလေသည်။ ထိုနောက် ဘုရင်မင်းမြတ်သည် စိန်အက်ဒွပ် ဘုရား ကျောင်းတော်သို့အခြွေအရံများ ခြံရံလျက် ကြွသွားလေသည်။ ထိုမှတစ်ဖန် သရဖူဆောင်းပြီးသော ဘုရင်တစ်ပါးအဖြစ် နန်းတော်သို့ပြန်လည်ကြွမြန်းတော်မူသည်။ နန်းတော်သို့ အပြန်တွင်ကား၊ ဧကရာဇ် သရဖူကိုဆောင်း၍ ခရမ်းရောင် ကတ္တီပါ ဝတ်ရုံတော်ကို ဆင်မြန်းထားလေသည်။ ကိုးကား ယဉ်ကျေးမှု ဓလေ့ထုံးစံ
https://my.wikipedia.org/wiki/%E1%80%98%E1%80%AD%E1%80%9E%E1%80%AD%E1%80%80%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AC
ဆောင်းဒါး ရက်ကန်းကျောင်း
ဆောင်းဒါး ရက်ကန်းကျောင်း(Saunder's Weaving Institute) ဆောင်းဒါး ရက်ကန်းကျောင်းသည် မြန်မာပြည်တွင် ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော ရက္ကန်းကျောင်း ဖြစ်သည်။ အမရပူရမြို့(တောင်မြို့)ရှိ စစ်ကိုင်း-မန္တလေးလမ်းမ ပေါ်တွင် တည်ရှိသည်။ သမိုင်းကြောင်း မြန်မာနိုင်ငံသို့ လွန်းပျံ စက်ရက်ကန်းများ ရောက်ရှိလာပုံကို အနည်းငယ် ဖော်ပြလိုသည်မှာ ၁၈၉၀ ပြည့်နှစ်က အိုင်စီအက်စ် အရာရှိ မစ္စတာ ဘာကဲလ်သည် အင်္ဂလန်နိုင်ငံမှ လွန်းပျံရက်ကန်း ပညာအတတ် တတ်ကျွမ်းသူ မစ္စတာ ဘင်တန်ကို ခေါ်ယူပြီး မြန်မာပြည် အကျဉ်းထောင်များတွင် စတင် သင်ကြားစေသည်။ မစ္စတာဘင်တန်ကို ကြည့်မြင်တိုင် ကရင်နှစ်ချင်းသာသနာပြုအသင်းတွင် ရက်ကန်းနည်းပြဆရာအဖြစ် ခန့်ထားလိုက်သည်။ ထိုအသင်းများက လွန်းပျံရက်ကန်းပညာကို ကျေးလက်တောရွာများသို့ တဆင့် သင်ပေးသည်။ ရက်ကန်းဆရာ မစ္စတာဘင်တန် ကွယ်လွန်သောအခါ ရက်ကန်းပညာကို ဂရုတစိုက် မရှိတော့ပေ။ သက္ကရာဇ် ၁၂၇၂-ခုနှစ်လောက်တွင် မြန်မာပြည် တရားဌာနမင်းကြီး ဖြစ်သူ မစ္စတာဆောင်းဒါးသည် လွန်းပျံရက်ကန်းပညာကို ထပ်မံအသက်သွင်း ပြန်လေသည်။ အင်္ဂလန်ပြည်မှ လွန်းပျံတစ်ခု မှာယူ၍ ထိုလွန်းပျံနှင့် ရက်လုပ်နိုင်သော ရက်ကန်းစင်များကို စီမံပြုလုပ်သည်။ ၁၂၇၄-ခုနှစ်တွင် အမရပူရမြို့တွင် လွန်းပျံရက်ကန်းများ အောင်မြင်စွာ ပေါ်ထွန်းလာသည်။ သမဝါယမ ဝန်ထောက်မင်း ဦးမောင်မောင်ပြားနှင့် အဖွဲ့သားတို့၏ လှုံ့ဆော်မှုကြောင့် ၁၂၇၆-ခုနှစ်တွင် မင်းကြီးဆောင်းဒါး၏ အမည်ကို ယူပြီး `ဆောင်းဒါးရက်ကန်းကျောင်း´တည်ထောင်ခဲ့သည်။ ၁၉၂၁-ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာရက်ကန်း ပညာသည် ဦးရေ ၁၄၁၅၁၉ မျှရှိ၍ ရက်လုပ်သော ချည်ခင်နှင့် ပိုးခင်များမှာ ပေါင်ချိန် သိန်း ၁၀ဝ မျှရှိသည်။ ရက်လုပ်ပြီးသော အထည်ကိုက်ပေါင်း ၄-ကုဋေ၊ အထည်တန်ဘိုး ၁-ကုဋေ မျှပင် ရှိလေသည်။ ရက်လုပ်သော ပိုးရိုင်းများ တစ်နှစ်အတွင်း ပေါင်ချိန် ၄-သိန်း ရက်လုပ်ပြီး ပိုးထည်သန့်သန့် ကိုက်ပေါင်း ၁၅ သိန်း၊ တန်ဘိုး၃၅-သိန်း မျှဖြစ်သည်။ မြန်မာ့ရက်ကန်းမှ ထွက်သည့် ချည်ခင်ပိုးထည် ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း ၁၃၅-သိန်းမျှ ရဘူးကြောင်း ဆောင်းဒါးရက်ကန်းကျောင်းအုပ်ကြီး အန်ဘီမန်ဒီ၏ အစီရင်ခံစာအရ သိရသည်။ ကိုးကား မန္တလေး
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%AB%E1%80%B8%20%E1%80%9B%E1%80%80%E1%80%BA%E1%80%80%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ပင်းတလဲမင်း
သီရိနန္ဒသူရဓမ္မရာဇာ ဘွဲ့ခံ ပင်းတလဲမင်း(၁၆၄၈-၁၆၆၂)သည် ဖခင်သာလွန်မင်း နတ်ရွာစံလျှင် အင်းဝထီးနန်းကို စိုးစံသည်။ ၎င်းလက်ထက်တွင်လည်း ဖခင်သာလွန်မင်းကဲ့သို့ပင် စစ်သည်တော်များကို အစုအဖွဲ့အလိုက် စာရင်းများကောက်ယူစေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံခြားသားများအနေဖြင့် မိမိနေရပ်သို့ ပြန်သောအခါတွင် မြန်မာနိုင်ငံရှိ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ခြင်းမပြုရန် အမိန့်ဖြင့် တားဆီးခဲ့သည်။ ထိုမင်းလက်ထက်တွင် တရုတ်နိုင်ငံမင်အင်ပါယာ၏ နောက်ဆုံးဧကရာဇ်ဖြစ်သည့် ယုံလီဧကရာဇ်သည် ၁၆၅၈ခုနှစ်တွင် မြန်မာမင်း၏လက်အောက်ခံမင်းအဖြစ် ခိုဝင်လိုကြောင်း ရွှေလှေ(၁၀၀)နှင့်အတူ သံအဖွဲ့မှ ဗန်းမော်မြို့စားမှတဆင့်လျှောက်ထားလာရာ ပင်းတလဲမင်းက အင်းဝမြို့တော်တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့တွင် ယုံလီဧကရာဇ်အတွက် နန်းတော်တစ်ခုတည်ဆောက်ပေးပြီး သားတော်၊သမီးတော် တရုတ်မှူးမတ်(၁၄၇၈)ဦးနှင့်အတူ စံစေပြီး ပင်းတလဲမင်းသည်ဂန္ဓာလရာဇ်တိုင်း၊မင်အင်ပါယာ၏ အရှင်သခင်အဖြစ်ဘွဲ့ခံယူကာ ယုံလီဧကရာဇ်အား ဘုရင်ခံအဖြစ်ပြန်လည်ခန့်အပ်ခဲ့သည်။ မန်ချူးတို့သည် တရုတ်ပြည်အားသိမ်းပိုက်ပြီးနောက် ချင်အင်ပါယာကိုစတင်ထူထောင်ကာ ၁၆၆၀ခုနှစ်တွင်တရုတ်ဟန်လူမျိုးတို့၏ နောက်ဆုံးဧကရာဇ်ဖြစ်သည့် ယုံလီအားဖမ်းဆီးရန် မင်မင်းဆက်၏စစ်သူကြီးဖြစ်ခဲ့သူ မဟာတံတိုင်းဂိတ်တံခါးများကိုဖွင့်ပေးခဲ့သည့် သစ္စာဖောက်စစ်သူကြီးဝူဆန်ကွေ့ဦးဆောင်သည့်တပ်အား အင်အား(၁၅၀၀၀)နှင့်အတူစေလွှတ်ခဲ့ရာ အင်းဝနေပြည်တော်တဝိုက်အထိပင်ရောက်ရှိလာခဲ့သည်။ ပေါ်တူဂီအမြောက်တပ်များကို စစ်သူကြီးမင်းသီရိခေတ္တရာကိုယ်တိုင်ဦးဆောင်၍ မန်ချူးတပ်များကို ကြံ့ကြံ့ခံလေရာ ၁၆၆၁၊မေလတွင် ညီတော်ပြည်မင်းကတိုက်စစ်ဖွင့်၍ မန်ချူးတို့၏ ထိုးစစ်ကို ရပ်တန့်နိုင်ခဲ့လေသည်။ ပင်းတလဲမင်းက ယုံလီဧကရာဇ်နှင့်မင်အင်ပါယာသည် မိမိ၏အစောင့်အရှောက်ခံဟုကြေညာပြီး မန်ချူးတို့ကိုဆက်လက်တိုက်ခိုက်ရာ ညီတော်ပြည်မင်းက မန်ချူးတို့နှင့်စစ်ဖြစ်ရ၍ ပြည်သူတို့စစ်ပန်း၍ စားရေရိက္ခာရှားပါးရသည်ဟုဆိုကာ ယုံလီဧကရာဇ်နှင့်တရုတ်လူမျိုးများကို မန်ချူးတို့ထံအပ်ရန်ဖမ်းဆီးရာ ပင်းတလဲမင်းက လက်မခံပဲ ပြန်လွှတ်ပေးခဲ့သည်။ ၁၆၆၁၊ဒီဇင်ဘာ(၃)ရက်တွင် စစ်သူကြီး ဝူဆန်ကွေ့သည် မန်ချူးတပ်များကို အင်အား(၃၀၀၀၀)ကျော်နှင့်အတူ ထပ်မံချီတပ်တိုက်ခိုက်လပြီး ယုံလီဧကရာဇ်ကိုထုတ်ပေးရန်တောင်းဆိုလေသည်။ပြည်မင်း၏အကြံပေးများက ယခုချီတက်လာသည့်တပ်ကြောင်းအသစ်သည် အင်အားအလွန်ကြီးမားသည်။ မြန်မာတပ်များသည်လည်း စစ်ပန်းလျှက်ရှိသည်။မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် စစ်ပွဲလည်းမဟုတ်ပေ။တိုင်းပြည်သည်လည်းစစ်ဘေးဒဏ်ကို အတော်ခံစားရပြီးဖြစ်သဖြင့် ပျက်သုဉ်းနေပြီဖြစ်သည့် မင်နိုင်ငံတော်ကြီးကို မက်မောမနေပဲ ယုံလီဧကရာဇ်နှင့် မင်အင်ပါယာ မှူးမတ်၊မင်းဆွေမင်းမျိုးများကို မန်ချူးတို့ထံပေးအပ်ရန် လျှောက်ထားလေသည်။ ၁၆၆၂၊ဇန်နဝါရီ(၃)တွင်ညီတော်ပြည်မင်းက နောင်တော် ပင်းတလဲမင်းကို ဖမ်းဆီးနန်းချကာ နန်းတက်သည်။ နန်းတက်ပြီးနောက်တွင် ပင်းတလဲမင်းနှင့်အတူ မိဖုရားခေါင်ကြီး၊ အသက်ရှစ်နှစ် အရွယ်ရှိ သားတော် မင်းရဲသိင်္ခသူ၊ အသက်လေးနှစ်အရွယ်ရှိ မြေးတော်နရာဒိဗ္ဗ တို့ကို ရေချဖျောက်ဖျက်သည်။ မန်ချူးတို့နှင့်စစ်ပြေငြိမ်းရန်ကြိုးပမ်းသည်။ ၁၆၆၂၊ဇန်နဝါရီ(၂၂)တွင် ဘုရင်အသစ်ပြည်မင်းသည် ယုံလီဧကရာဇ်နှင့်သားတော်၊မြေးတော်တို့ကို ဖောင်တော်နှင့်တင်ဆောင်ပြီး မန်ချူးတို့ထံအပ်လေသည်။ ကျန်ရစ်သူမင်းဆွေမင်းမျိုးများ၊ မှူးမတ်များနှင့် နန်ကျင်းနှင့်ပီကင်းနန်းတော်တို့မှထွက်ကာ တောင်ပိုင်းမင်မင်းဆက်ကို ထူထောင်ချိန်တလျှောက်လုံး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့် စစ်သူကြီးလီတင့်ကော်တို့သည်လဲ စစ်ကိုင်းဖက်ကမ်းမှဖောင်တော်ကိုကြည့်၍ ငိုကြွေးကြလေသည်။၁၆၆၂၊ဇွန်လ(၁)ရက်နေ့တွင် ယုံလီဧကရာဇ်နှင့် သားတော်ကွေ့ဝမ်မင်းသားတို့ကို ယူနန်ပြည်နယ်၊ကူမင်းမြို့တွင်သေဒဏ်ပေးခဲ့သည်။ အချို့ကျမ်းများတွင် ပင်းတလဲမင်း၏ ဘွဲ့အမည်ကို မင်းရဲရန္တမိတ် ဟုလည်းတွေ့ရသည်။ ကိုးကား မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝ ပြည့်အင်းဝ-ရွှေကိုင်းသား တောင်ငူခေတ် ညောင်ရမ်းခေတ် ညောင်ရမ်းမင်းဆက်
https://my.wikipedia.org/wiki/%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%9C%E1%80%B2%E1%80%99%E1%80%84%E1%80%BA%E1%80%B8