title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
Draft:အင်စတီကျူးရှင်း
အင်းစတီကျူးရှင်း အဓိပ္ပာယ်ဖွင့်ဆိုချက် အင်စတီကျူးရှင်းဆိုသည်မှာ ယေဘုယျအားဖြင့်လူသားများ၏ ပြုမူပြောဆိုနေထိုင်မှုကို ထိန်းချုပ်ကွပ်ကဲသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ အပေါင်းအစုဖြစ်သည်။ အင်စတီကျူးရှင်းများသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့်တည်ငြိမ်တိုးတက်မှု (Order) နှင့် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကောင်းကျိုးချမ်းသာနှင့် ရှင်သန်အဓွန့်ရှည်မှုအတွက် လိုအပ်သည့် ဖွဲ့စည်းတည်ဆောက်ပုံ (Structure) ကို ဝိုင်း၀န်းပံ့ပိုးပေးသည်။ အင်စတီကျူးရှင်းများသည် နေမှုထိုင်မှု ပြောဆိုဆက်ဆံမှုကို ပရမ်းပတာမဖြစ်စေဘဲ စည်းစနစ်ကျနသည့်ပုံစံများကို ဖန်တီးပေးသည်။ ထို့ကြောင့် အင်စတီကျူးရှင်းများသည် လူအများ၏ ပြုမူပြောဆိုနေထိုင်မှုဆိုင်ရာ မျှော်လင့်ချက်/ မျှော်မှန်းချက် (Expectation) များ ဆုံစည်းရာ (သို့) မျှဝေရာနေရာဖြစ်သည်။ အင်စတီကျူးရှင်းများသည် ကန့်သတ်ချက်များ၊ ဆွဲဆောင်မှုမက်လုံးများဖြင့် စုပေါင်းဆောင်ရွက်မှုပုံစံကို သတ်မှတ်ပုံဖော်ပေးပြီး လူတစ်ဦးချင်း တစ်ယောက်ချင်းမှ လိုက်နာဆောင်ရွက်ခြင်းပြုပြင်ပြောင်းလဲယူခြင်း ဖြင့် ကြိုတင်မှန်းဆ၍ရသော အပြုအမူ (ပရမ်းပတာနှင့်မှန်းဆ၍မရသော အပြုအမူမဟုတ်ဘဲ စည်းစနစ်တကျနှင့် မှန်းဆ၍ရသော အပြုအမူ) များသို့ရောက်ရှိစေသည်။ ထို့ကြောင့် အင်စတီကျူးရှင်းများသည် မသေချာမရေရာမှုများ (Uncertainties) ကိုလည်းလျော့ချပေးနိုင်သည်။ အင်စတီကျူးရှင်းများအား သက်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှု (သို့) လုပ်ငန်းစဉ်ကို ဖော်ဆောင်သူများ (Individual Actors) မှ တည်ဆောက်ထိန်းသိမ်းခြင်းဖြစ်သော်လည်း ယင်းအင်စတီကျူးရှင်းများသည် ပုဂ္ဂိုလ်စွဲ မရှိသော ပကတိ အမှန်တရားကဲ့သို့ အသွင်သဏ္ဍာန် ဆောင်တတ်သည်။ အင်စတီကျူးရှင်းများကို ဆောင်ကျဉ်းမှုပုံစံအမျိုးမျိုးမှတစ်ဆင့် သယ်ယူသွားပြီး ကမ္ဘာ့စနစ်ကဲ့သို့ လွန်စွာကြီးမားကျယ်ပြန့်သည့် အနေအထားမှသည် အဖွဲ့အစည်းများ၏ ဌာနခွဲ၊ ဌာနစိတ်များကဲ့သို့သော သေးငယ်သည့် အစိတ်အပိုင်းများအထိ အဆင့်အသီးသီးတွင် ကျင့်သုံးလည်ပတ်သည်။ အခြေခံယူဆချက်များ အင်စတီကျူးရှင်းများနှင့်စပ်လျဉ်းသည့် အခြေခံယူဆချက်များရှိသည်။ ပထမတစ်ချက်မှာ အင်စတီကျူးရှင်းများသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ရည်ရွယ်ချက်/ဦးတည်ချက်ရှိသည့် ဆောင်ရွက်ချက်များဆောင်ရွက်နိုင်ရန် အခွင့်အလမ်းရရှိစေသည်။ ဒုတိယအချက်မှာ အဖွဲ့အစည်းများသည် ယှဉ်ပြိုင်မှုများအကြား ရှင်သန်ရပ်တည်ရန်နှင့် ဆက်လက်တိုးတက်ရန် ဥပဒေကြောင်းအရ တရားဝင်ရပ်တည်ပိုင်ခွင့်၊ ရည်ရွယ်ချက်/ဦးတည်ချက်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်စွမ်းတို့ လိုအပ်သည်။ တတိယအချက်မှာ လူပုဂ္ဂိုလ်များသည် ယင်းတို့၏အကျိုးစီးပွား (Interests) နှင့် မိမိမည်သူမည်ဝါဖြစ်သည်ဆိုသည့် ကိုယ်ပိုင်လက္ခဏာ (Identity) နှင့်အညီ ရည်မှန်းချက်/ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရန် အဖွဲ့အစည်းများတွင်ပါ၀င်ကြပြီး စည်းကမ်းသတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲပေးပါသည်။ အင်စတီကျူးရှင်းများ ပေါ်ပေါက်ရန်နှင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် လုံလောက်သည့် အင်အားသြဇာဖြင့် ထောက်ပံ့မှု အာဏာတည်စေမှုရှိရသည်။ ဆက်စပ်ရှင်းလင်းချက် လူအများ နေ့စ္စဓူစကြုံတွေ့နေရသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖြင့် ဥပမာပေးလိုသည်။ မော်တော်ယာဉ်မောင်းနှင်မှုနှင့် ပြည်သူများလမ်း အသုံးပြုရာတွင် ပရမ်းပတာမဖြစ်စေဘဲ စည်းစနစ်တကျနှင့်မှန်းဆ၍ရသော အပြုအမူများရရှိရန်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ကို ချမှတ်ခြင်း၊ လမ်းများပေါ်နှင့် လမ်းဘေးဝဲယာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်္ကေတ များထားရှိခြင်း၊ မီးပွိုင့်များထားရှိခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မော်တော်ယာဉ်များကို ယာဉ်လိုင်စင်ထုတ်ပေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်သူများကို အရေးယူမည့် ယာဉ်ထိန်းရဲများထားရှိခြင်း စသည်တို့ဆောင်ရွက်ရသည်။ ယင်းတို့သည် အများပြည်သူ ဘေးကင်း လုံခြုံရေးဟူသည့် ဆွဲဆောင်မှုမက်လုံဖြင့်လည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဖြင့် လည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးယန္တရားများဖြင့်လည်းကောင်း စုပေါင်း ဆောင်ရွက်မှုပုံစံကို သတ်မှတ်ပုံဖော်ပေးပြီး လူတစ်ဦးချင်းတစ်ယောက်ချင်းမှ လိုက်နာဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲယူခြင်းဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုဟူသည့် ကြိုတင်မှန်းဆ၍ရသော အပြုအမူသို့ရောက်ရှိစေခြင်းဖြစ်ပါသည်။ ယင်းသည်အင်စတီကျူးရှင်း၏ သဘောသဘာ၀ဖြစ်သည်။ ဤသို့သောကိစ္စမျိုးတွင် အင်စတီကျူးရှင်းသည် ဥပဒေများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးသည့် အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ ပုဂ္ဂိုလ်များအပြင် ရုပ်၀တ္ထုများဖြစ်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လမ်းညွှန်းဆိုင်ရာသင်္ကေတများ၊ မီးပွိုင့်များအထိ ဖြန့်ကျက်တည်ရှိသည်ကို တွေ့ရမည်ဖြစ်ပြီး အာဏာပိုင်အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များအပါအဝင် ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်း၏ လိုက်နာဆောင်ရွက်မှုတွင် မျှော်လင့်ချက်/မျှော်မှန်းချက်၊ ရည်ရွယ်ချက်/ရည်မှန်းချက်များ (Purpose) ရရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများ၏ ဝိသေသလက္ခဏာ (၃) ရပ် ၁။ (Precision of the Prescription) စည်းကမ်းသတ်မှတ်ချက်များအား ပြဌာန်းရာတွင် တိကျမှုအတိုင်းအတာ စည်းကမ်းသတ်မှတ်ချက်စနစ် (Rule Systems-Macro Level) သည် အကြောင်းအရာ ကိစ္စရပ်အလိုက် အဖွဲ့အစည်းများ သို့မဟုတ် စီမံဖွဲ့စည်းမှုများ (Organizations-Meso Level) နှင့် လူပုဂ္ဂိုလ်များ (Individuals-Micro Level) အား သင့်လျော်သည့်အပြုအမူများကို လမ်းညွှန်မှုပေးသည်။ အချို့သော အခြေအနေနှင့် ကိစ္စရပ်များတွင် စည်းကမ်းသတ်မှတ်ချက်များသည် မည်သို့သောအပြုအမူများ (Behaviors) ကို ဆောင်ရွက်ရမည်ဟု ကျယ်ပြန့်သည့် မူဘောင်သဘောမျိုး သတ်မှတ်လမ်းညွှန်ပေးသော်လည်း အချို့သောအခြေအနေ ကိစ္စရပ်များတွင် ဥပဒေများသည် တိကျသော ဆောင်ရွက်ဖွယ်များ (Actions) ကို သတ်မှတ်ပြဌာန်းပေးသည်။ ၂။ (Formality) စည်းကမ်းသတ်မှတ်ချက်များ၏ တရား၀င်ရပ်တည်မှု အတိုင်းအတာ စည်းကမ်းသတ်မှတ်ချက်စနစ် (Macro Level) တွင် တရား၀င်ပြဌာန်းချက်များ (ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution ၊ ဥပဒေများ Laws ၊ လုပ်ထုံးလုပ်နည်းများ Procedures) နှင့် တရား၀င် ပြဌာန်းထားခြင်းမရှိသည့် ဓလေ့ထုံးတမ်းစဉ်လာများ၊ norms and political values များ ပါ၀င်သကဲ့သို့ ယင်းနှစ်မျိုးကိုပေါင်းစပ်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အများပြည်သူ အသိအမှတ်ပြုသည့် စည်းကမ်းသတ်မှတ်ချက်ပြုပိုင်ခွင့်/ဥပဒေပြုပိုင်ခွင့် အခွင့်အာဏာနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းများသည် စည်းကမ်းသတ်မှတ်ချက်များ၏ တရား၀င်ရပ်တည်မှု အတိုင်းအတာကို သတ်မှတ်ပေးသည်။ ၃။ (Authority) စည်းကမ်းသတ်မှတ်ချက်များအတိုင်းအရေးယူဆိုင်ရွက်ပိုင်ခွင့်အခွင့်အာဏာ စည်းကမ်းသတ်မှတ်ချက်များ၏ Precision နှင့် Formality ကိုလိုက်၍ ယင်းတို့အား အာဏာတည်စေသည့် ယန္တရားများ၊ မဖြစ်မနေလိုက်နာဆောင်ရွက်ရန် တာ၀န်ရှိမှုနှင့် ယင်းတို့ကိုချိုးဖောက်ခြင်း /မလိုက်နာခြင်းကြောင့်ချမှတ်ခံရမည့် ပြစ်ဒါဏ်သည်လည်း ကွဲလွဲနိုင်သည်။ အင်စတီကျူးရှင်း အမျိုးအစားများ အင်တီကျူးရှင်းများကို Macro ၊ Meso နှင့် Micro ဟူ၍ Level သုံးမျိုးခွဲခြားနိုင်သည်။ Macro Level သည် အင်စတီကျူးရှင်းများတွင် အကျယ်ပြန့်ဆုံးဖြစ်သည့် စည်းကမ်း သတ်မှတ်ချက်စနစ်များ (Rule Systems) နှင့်သက်ဆိုင်သည်။ ယင်းစည်းကမ်းသတ်မှတ်ချက် စနစ်တွင် တရား၀င်ပြဌာန်းထားသည့် ဥပဒေများပါ၀င်သကဲ့သို့ တရား၀င်ဥပဒေအဖြစ် ပြဌာန်းထားခြင်းမရှိသော်လည်း လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့် တည်ငြိမ် တိုးတက်မှု (Social Order)ကို တည်ဆောက်ထိန်းသိမ်းရန်လိုအပ်သည့် ဘုံနားလည်မှုများ (Political Values or Common Understanding of Appropriate Order) နှင့် လူ့အဖွဲ့အစည်း တစ်ရပ်၏ သင့်လျော်သည့်အပြုအမူများအပေါ်ဘုံနားလည်မှုများ (Norms or Common Understanding of Appropriate Behaviour) လည်း ပါ၀င်သည်။ Meso Level သည် စုပေါင်းရည်ရွယ်ချက်/ဦးတည်ချက်များကို အကောင်အထည်ဖော်ရန် လူတစ်ဦးတစ်ယောက်ချင်းအားစုဖွဲ့၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် စီမံဖွဲ့စည်းမှု (Organization) များနှင့် သက်ဆိုင်သည်။ အဖွဲ့အစည်းများ သို့မဟုတ် စီမံဖွဲ့စည်းမှုများကို အဖွဲ့၀င်များ၊ အဆာက်အအုံများ၊ ရုံးများ၊ မှတ်တမ်းမှတ်ရာများ၊ ပိုင်ဆိုင်မှုများ စသည့်ရုပ်ပိုင်း ဆိုင်ရာ တည်ရှိမှုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ Micro Level သည် လူတစ်ဦးချင်းတစ်ယောက်ချင်းမှ ၄င်း၏ရည်ရွယ်ချက်/ဦးတည်ချက်များ အတွက်ပြုမူပြောဆိုနေထိုင်ခြင်းနှင့် သက်ဆိုင်သည်။ အင်စတီကျူးရှင်းများ၏အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ် (Institutional Evolution) အတွက် လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ စည်းကမ်းသတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများ သို့မဟုတ် Micro ၊ Meso နှင့် Macro Level (၃) ခုလုံးအကြားတွင် အပြန်အလှန်ဆက်နွယ်ပြောင်းလဲမှုများ ပါဝင်သည်။ အင်စတီကျူးရှင်း မဏ္ဍိုင် (၃) ရပ် အင်စတီကျူးရှင်းများတွင် ကျိုးကြောင်းဆင်ခြင်သိမြင်မှုဆိုင်ရာ (Cognitive) ၊ ကျင့်ဝတ် သိက္ခာစံနှုန်းဆိုင်ရာ (Normative) နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထား တစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ (Regulative) ဖွဲ့စည်းတည်ဆောက်မှုများနှင့် လုပ်ကိုင် ဆောင်ရွက်ချက်များ ပါဝင်ပြီး ယင်းတို့သည် လူအဖွဲ့အစည်း၏ အမူအကျင့် (Behaviour) ကို အဓိပ္ပါယ်နှင့် တည်ငြိမ်မှု ပေးသည်။ အင်စတီကျူးရှင်းများကို ယဉ်ကျေးမှုအမျိုးမျိုး (Cultures)၊ ဖွဲ့စည်းတည်ဆောက်မှုပုံစံများ (Structures) နှင့် နစ္စဓူဝ ဆောင်ရွက်ချက်များ (Routines) က သယ်ဆောင်ပေးပြီး စီရင်ပိုင်ခွင့် အဆင့်အမျိုးမျိုးတွင် (Multiple levels of Jurisdiction) ကျင့်သုံးလည်ပတ်သည်။ ဤသဘောတရားအရ အင်စတီကျူးရှင်းများသည် အမှတ်အသား သင်္ကေတစနစ်များ (Symbolic systems) ၊ ကျိုးကြောင်းဆင်ခြင်သိမြင်မှုဖြင့် တည်ဆောက်မှုများ (Cognitive Constructions) ၊ ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Normative Rules) နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထားတစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ (Regulative Processes) ဖြင့် မျက်နှာစာများစွာပါဝင်သည့် စနစ်များဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အမူအကျင့်ကို ပုံဖော်ပေးသည်။ အဓိပ္ပါယ်သတ်မှတ်ချက်စနစ်များ၊ စောင့်ကြည့်မှုလုပ်ငန်းစဉ်များနှင့် လုပ်ကိုင်ဆောင်ရွက်ချက်များသည် အပြန်အလှန်ယှက်နွယ်နေကြသည်။ Regulative ၊ Normative နှင့် Cognitive စနစ်များအားလုံးသည် အင်စတီကျူးရှင်းများ၏ မရှိမဖြစ် အရေးပါသည့် အစိတ်အပိုင်းများဖြစ်ပြီး အားကောင်းသည့် လူအဖွဲ့အစည်းမူဘောင် တည်ဆောက်ရာတွင် ပါဝင်ခြင်း၊ အပြန်အလှန်အမှီသဟဲပြုခြင်းနှင့် အပြန်အလှန်အားဖြည့်ပေးခြင်းတို့ဖြင့် အဆိုပါစနစ်များ၏ ဒူပေနာပေဒဏ်ခံမှုနှင့် အင်အားကို ဖြစ်ပေါ်စေသည်ဟူသည့် ရှုမြင်မှုများ လည်းရှိသည်။ ယင်းသို့သော ပေါင်းစည်းရှုမြင်သည့် သဘောတရားတွင် လူ့အဖွဲ့အစည်း၏ ခွင့်ပြုနိုင်မှုနှင့် အပြစ်ပေးအရေးယူမှု၊ လူ့အဖွဲ့အစည်းမူဘောင်နှင့် ညီညွတ်အောင် ဖိအားပေးမှု၊ လူ့အဖွဲ့အစည်းမူဘောင်နှင့်အညီ နေထိုင်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးနှင့် စံတန်ဖိုးများက အတူတကွ အကျိုးသက်ရောက်ခြင်းဖြင့် အဓိပ္ပါယ်သတ်မှတ်ချက်စနစ်တစ်ခု၏ ညွှန်ကြားမှုဆိုင်ရာ အင်အားကို ရရှိစေသည်။ အင်စတီကျူးရှင်းဖော်ဆောင်ခြင်း အင်စတီကျူးရှင်းဖော်ဆောင်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အဖန်တလဲလဲ ပြန်လည် အသုံးပြုအသက်သွင်းနေသည့်စနစ်များကို စိမ့်ဝင်စွဲမြဲပြီး တည်ငြိမ်ခြေတစ်ရပ်ရရှိအောင် ဆောင်ရွက် ခြင်းဖြစ်သည်။ တနည်းအားဖြင့် တရားဝင်ပြဌာန်းထားသည့် စည်းကမ်းသတ်မှတ်ချက်များ (ဥပမာ -ဥပဒေများ) လူ့အဖွဲ့အစည်းတစ်ရပ်၏ သင့်လျော်သည့်အပြုအမူများအပေါ် ဘုံနားလည်မှုများ (Norms)၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့် တည်ငြိမ်တိုးတက်မှု တည်ဆောက်ထိန်းသိမ်းရန် လိုအပ်သည့် ဘုံနားလည်မှုများ (Political Values)၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အမူအကျင့်များ (Behaviour)၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှ စည်းကမ်းသတ်မှတ်ချက်များအပေါ် လေးစားလိုက်နာစေခြင်း (Compliance) များကို အချိန်နှင့်အမျှတည်တံ့အောင် တည်ဆောက်ယူခြင်း ဖြစ်သည်။ အင်စတီကျူးရှင်းဖော်ဆောင်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ဖြင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ စည်းကမ်းသတ်မှတ်ချက်များ (တရားဝင် ပြဌာန်းထားသည်များနှင့် တရားဝင်ပြဌာန်းထားခြင်းမရှိသည့်ဘုံနားလည်မှုများ) ကို ဖော်ဆောင်ယူခြင်းဖြစ်သည်။ အင်စတီကျူးရှင်းများ၏ စည်းကမ်းသတ်မှတ်ချက်များသည် အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်း တစ်ယောက်ချင်းမှ မိမိအသိစိတ်ဖြင့် လိုက်နာစောင့်စည်းမှုအဖြစ် ပြောင်းလဲသွားချိန်တွင် အင်စတီကျူးရှင်း ဖော်ဆောင်ခြင်း ကောင်းစွာပေါက်မြောက် အောင်မြင်သည်ဟုဆိုနိုင်သည်။ အင်စတီကျူးရှင်းဖော်ဆောင်ခြင်း ကောင်းစွာပေါက်ရောက် အောင်မြင်ရန် လူပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်း အနေဖြင့် Self-discipline/Self-control/ Self-restraint ရှိရန် လိုအပ်ရုံသာမက စုပေါင်းချမှတ်ထားသည့် macro level စည်းမျဉ်းစည်းကမ်းများကိုလိုက်နာမှု Compliance လည်းလိုအပ်ပါသည်။ မိမိကိုယ်ကို စည်းကမ်းသတ်မှတ် ထိန်းသိမ်းပြုမူနေထိုင်ခြင်း/မိမိအသိစိတ်ဖြင့် စောင့်စည်းခြင်းသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မိမိတစ်ဉီးတည်း ရပ်တည်ဆောင်ရွက်ရမှု သဘောရှိပြီး အခြားသူများ၏ မျှော်လင့်ချက်များနှင့် တောင်းဆိုမှုများမှ လွတ်ကင်းမှု မိမိ၏အတွေးအခေါ်နှင့် စိတ်ခံစားမှုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှုဟူသည့် သဘောရှိရာ ယင်းသည် လူ့လောကအတွက် လိုအပ်ချက်တစ်ပိုင်းဖြစ်သည်။ အခြားတစ်ပိုင်းတွင်မူ လူတစ်ဉီးချင်းတစ်ယောက်ချင်း စုပေါင်းပြီး အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်သည့်အခါ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ တောင်းဆိုမှုများ အချင်းချင်းညီညွတ်မျှတမှု လိုအပ်လာသည်။ စည်းကမ်းသတ်မှတ်ချက်များ၊ အတွေးအခေါ်များ၊ စိတ်လှုပ်ရှားမှုများမှ ထွက်ပေါ်လာသည့် ပြောဆို နေထိုင် ပြုမူခြင်းများကို လက်ခံနိုင်ဖွယ်နှင့် လက်မခံနိုင်ဖွယ်များအဖြစ် ဘုံနားလည်မှု တည်ဆောက်ရန် လိုအပ်လာသည်။ ထိူသို့ ဘုံနားလည်မှုအဖြစ် တည်ဆောက်ထားသည့် Macro Level စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု Compliance လည်း လိုအပ်လာသည်။ Self-discipline/Self-control/Self-restraint နှင့် Compliance ၂ မျိုးပေါင်းစပ်တည်ရှိမှသာ အင်စတီကျူးရှင်း ဖော်ဆောင်ခြင်း ကောင်းစွာ ပေါက်ရောက်အောင်မြင်နိုင်သည်။ ထိုသို့သော Self-discipline/Self-control/Self-restraint နှင့် Compliance ၂ မျိုးပေါင်းစပ်ပါဝင်သည့် အလေ့အကျင့်ကောင်းများကို အင်စတီကျူးရှင်း ဖော်ဆောင်ခြင်းအဖြစ် ဂရုတစိုက်နှင့် အချိန်ပေး တည်ဆောက်သွားရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများ၏ အပြောင်းအလဲ ဤခေါင်းစဉ်ငယ်အောက်တွင် အင်စတီကျူးရှင်းများ၏ အပြောင်းအလဲများ၊ အင်စတီကျူးရှင်း အပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ အင်စတီကျူးရှင်းများ အပြောင်းအလဲ ဖော်ဆောင်ရာတွင် ချဉ်းကပ်မှုပုံစံများ နှင့် Macro Level အင်စတီကျူးရှင်းများ၏ ပြောင်းလဲမှုပုံစံများအကြောင်း ရှင်းလင်းသွားမည်ဖြစ်သည်။ အင်စတီကျူးရှင်းများသည် လူသားတို့၏ ဖန်တီးမှုများဖြစ်သည်။ တစ်ချိန်တည်းတွင် အင်စတီ ကျူးရှင်းများသည် သက်ဆိုင်ရာ ရည်ရွယ်ချက်/ဦးတည်ချက် (Purpose)၊ မျှော်လင့်ချက်/ မျှော်မှန်းချက် (Expectation)၊ စည်းကမ်းသတ်မှတ်ချက်နှင့် စုပေါင်းဆောင်ရွက်မှုပုံစံများဖြင့် စုဖွဲ့ထားသည့် အသိုက်အ၀န်း (Community) နှင့် သက်ဆိုင်ရာဆောင်ရွက်ချက်များ (Actions) ကို ဖန်တီးပေးပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အင်စတီကျူးရှင်းများသည် အဖန်တလဲလဲပြန်လည် အသုံးပြု အသက်သွင်းနေသည့်စနစ်များ တည်ငြိမ်ခြေတွင်ရှိနေခြင်းဖြစ်သည်။ အင်စတီကျူးရှင်းများသည် ဖော်ပြပြီးဖြစ်သည့်အတိုင်း Social Order နှင့် Structure ကို တည်ဆောက်ထိန်းသိမ်းရန်နှင့် ပြည်သူများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်ဆိုင်ရာ ဘုံ/စုပေါင်း အကျိုးစီးပွားများ (Public Goods) များကို ဖြန့်ဝေပေးရန် ဖြစ်သည်။ အင်စတီကျူးရှင်းများ၏ ယင်းလုပ်ငန်း ဆောင်တာများ မအောင်မြင်သည့်အခါ (သို့) အရည်အသွေးမကောင်းသည့်အခါ အင်စတီကျူးရှင်းများ အပြောင်းအလဲဖြစ်သည်။ အင်စတီကျူးရှင်းများ၏ အပြောင်းအလဲဆိုသည်မှာ တည်ငြိမ်ခြေနှင့် အပြောင်းအလဲဟူသည့် ဆန့်ကျင်ဘက်အင်အားနှစ်ရပ်အကြား အပြန်အလှန် အကျိုးသက်ရောက်မှု မှတစ်ဆင့် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးခြင်းဖြစ်သည်။ ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ဆိုသည်မှာ လူသားများ၏ အမူအကျင့် တိုးတက်ကောင်းမွန်ခြင်းမှသည် နိုင်ငံရေး ရလဒ်တိုးတက်ကောင်းမွန်ခြင်းနှင့် Public Goods များ ဖြန့်ဝေမှု ပိုမိုကောင်းမွန်ခြင်းအထိ အမျိုးမျိုး ဖြစ်နိုင်သည်။ အင်စတီကျူးရှင်းများ၏ အပြောင်းအလဲကိုဖြစ်စေသည့် အကြောင်း ၄ ရပ်ရှိသည်။ ပထမအကြောင်းမှာ အင်စတီကျူးရှင်းများသည် ပြင်ပပတ်၀န်းကျင်၏ ပြောင်းလဲမှုများ (သို့) ရိုက်ခတ်မှုများကို လူပုဂ္ဂိုလ် (Micro Level) မှ အဓိပ္ပါယ်ဖွင့်ဆိုနားလည်မှုနှင့် အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု (Meso Level) မှ တု့န်ပြန်ခြင်းအပေါ်မူတည်၍ အပြောင်းအလဲဖြစ်နိုင်သည်။ ပြင်ပပတ်၀န်းကျင် ကြောင့်ဖြစ်သည့် အကြပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား Micro Level တွင် လူပုဂ္ဂိုလ်များမှ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း၊ နားလည်မှုတွင်လည်းကောင်း ကွဲလွဲမှုများရှိနိုင်သည်။ Meso Level ၏ တုံ့ပြန်မှု (သို့) အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု၏ တုံ့ပြန်မှုသည် Micro Level တွင် လူပုဂ္ဂိုလ်များမှ အတည်ပြုပြီး နောက်ဆုံးထွက်ပေါ်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုပုံစံအပေါ်တွင် မူတည်သည်။ အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု တစ်ခုထက် ပိုမိုပါ၀င်သည့် အင်စတီကျူးရှင်း အပြောင်းအလဲ ဖြစ်မှုတွင် ပြင်ပပတ်၀န်းကျင်ကြောင့်ဖြစ်သည့် အကျပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား ယင်းအဖွဲ့အစည်း/စီမံဖွဲ့စည်းမှုများအတွင်းရှိ လူပုဂ္ဂိလ်များမှ မည်သို့မည်ပုံ အဓိပ္ပါယ်ဖွင့်ဆို နားလည်သည်၊ မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုပုံစံကို အတည်ပြုသည်၊ မည်သို့မည်ပုံ စုပေါင်းတုန့်ပြန် သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ အကြပ်အတည်းနှင့် ပြဿနာအား တုန့်ပြန်ရန် ပထမဦးစွာ ယှဉ်ပြိုင်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ နားလည်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ရန် အင်အားတည်ဆောက်ယူခြင်းတို့သည် အင်စတီကျူးရှင်းများအပြောင်းအလဲအတွက် ပဓာနကျသည်။ အင်စတီကျူးရှင်းများ အပြောင်းအလဲကိုဖြစ်စေသည့် ဒုတိယအကြောင်းမှာ နိုင်ငံရေးအခြေအနေ အရပ်ရပ်၏ စေ့ဆော်မှုကြောင့် အစိုးရတစ်ရပ်မှ အုပ်ချုပ်မှုနှင့်စပ်လျဉ်းသည့် စည်းကမ်းသတ်မှတ်ချက်များဆိုင်ရာ ဆန်းသစ်ပြောင်းလဲမှုများ ဖော်ဆောင်ခြင်းကြောင့် အပြောင်းအလဲဖြစ်ခြင်းဖြစ်သည်။ အင်စတီကျူးရှင်းများ အပြောင်းအလဲဖြစ်စေသည့် တတိယအကြောင်းမှာ အဖွဲ့အစည်းများ အကြား ပုံမှန်ထိထွေ့ဆက်ဆံရေးမှတစ်ဆင့် စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များ ဆောင်ရွက်မှုပုံစံများ စိမ့်၀င်ကူးစက်ခြင်းဖြစ်သည်။ အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု တစ်ခုတွင် စည်းကမ်း သတ်မှတ်ချက် အပြောင်းအလဲဖြစ်ခြင်းက ယင်းနှင့်ဆက်စပ်နေသည့် အခြားအဖွဲ့အစည်း/စီမံဖွဲ့စည်းမှု အတွင်း စည်းကမ်းသတ်မှတ်ချက် အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။ အောင်မြင်သည့် အဖွဲ့အစည်း တစ်ခု၏ စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များနှင့် ဆောင်ရွက်မှုပုံစံများကို အခြားအဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုတစ်ခုက အတုယူခြင်းဖြင့် အပြောင်းအလဲကိုဖြစ်ပေါ်စေသည်။ ပိုမိုကောင်းမွန်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များနှင့် ဆောင်ရွက်မှုပုံစံများနှင့်စပ်လျဉ်း၍ ဗဟုသုတရှိသည့် အဖွဲ့အစည်း/စီမံဖွဲ့စည်းမှုဆိုင်ရာ ဦးဆောင်သူများမှ ၄င်းတို့၏ သြဇာသက်ရောက်မှုဖြင့် အဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုဆိုင်ရာ အပြောင်းအလဲဖြစ်စေခြင်း ဖြစ်သည်။ အင်စတီကျူးရှင်းများအပြောင်းအလဲဖြစ်စေသည့် စတုတ္ထအကြောင်းမှာ အဖွဲ့အစည်းများအတွင်း အကျပ်အတည်းများနှင့် မအောင်မြင်မှုများကိုကျော်လွှားရန် ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ကွဲပြားခြားနားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုများရှိနေသည့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် တည်ဆောက်ခြင်းဖြစ်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုပုံစံဟောင်းကို ပြင်ဆင်ခြင်း (သို့) ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို တည်ဆောက်ခြင်းတွင် ပြင်ပပတ်၀န်းကျင်ကြောင့် ဖြစ်သည့် အကျပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား အများလက်ခံနိုင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် နားလည်မှုတည်ဆောက်ခြင်း၊ အစဉ်အလာလုပ်ကိုင်ဆောင်ရွက်မှုပုံစံ (Culture) (သို့) မူဝါဒ (Policy) ပိုင်းဆိုင်ရာ ပြောင်းလဲမှုပြုလုပ်ခြင်း၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆောင်ရွက်မှုယန္တရားများ အပြောင်းအလဲပြုလုပ်ခြင်း၊ ကိစ္စရပ်များအား ချဉ်းကပ်မှုပုံစံ ပြောင်းလဲခြင်း၊ လုပ်ကိုင်ဆောင်ရွက်မှုပုံစံနှင့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ပြောင်းလဲခြင်း အစရှိသည် တို့ပါဝင်နိုင်သည်။ လူပုဂ္ဂိုလ်အဆင့် (Micro Level) မှအစပြုသည့် ပြုပြင်ပြောင်းလဲမှုသည် အဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုအဆင့် (Meso Level) နှင့် စည်းကမ်းသတ်မှတ်ချက်အဆင့် (Macro Level) ပြုပြင် ပြောင်းလဲမှုအထိ စေ့ဆော်မှုဖြစ်စေသည်။
https://my.wikipedia.org/wiki/Draft%3A%E1%80%A1%E1%80%84%E1%80%BA%E1%80%85%E1%80%90%E1%80%AE%E1%80%80%E1%80%BB%E1%80%B0%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8
ပုလဲစိန်
ပုလဲစိန်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အပိုင် ကျပင်းကျေးရွာအုပ်စုဝင် ကုက္ကိုတန်းကျေးရွာသည် ဆင်ဖြူကျွန်း-ချောက် သွား ကားလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်တည်ရှိသောရွာကြီးတစ်ရွာဖြစ်၏။ ကုက္ကိုတန်းကျေးရွာမှာ ရုပ်ကြီးစင်ပိုင်ဆရာညို(ကျပင်းဆရာဖီး၏ ဇာတ်ဆရာ)၊ မင်းသမီးကြီး ရွှေဘော်မြ(ခ) ဦးမြခဲ၊ ဦးသောင်း(ခေါ်) နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် တို့ကို မွေးဖွားပေးခဲ့သော ရွာကြီးပင်ဖြစ်လေသည်။ ကျွန်တော် ယခုရေးနေသော ‘ နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန်' ၏ ဘဝဇာတ်ကြောင်းသည် ပြီးပြည့်စုံသော အကြောင်းအရာ ဟု မဆိုသာပေ။ အဘယ်ကြောင့်မူ စာရေးသူသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် ကို မြင်ဖူး၊ တွေ့ဖူးခြင်းမရှိ၊ ကြားဖူးယုံသာရှိသူဖြစ်သည်။ စာရေးသူ၏ ဇာတိ နေပူကန်ရွာနှင် ကုက္ကိုတန်းရွာသည် (၂)ဖာလုံခန့်ဝေးမည်ထင်သည်။ နှစ်ရွာ့ တစ်ရွာ ဖြစ်သော် လည်း ဦးပုလဲစိန်၏ မိဘများကို စာရေးသူမိဘများမှပြော ၍ သိခွင့်ရခဲ့သည်။ ဦးပုလဲစိန် ကိုဖြင့် နှစ်နှစ်ကာကာ မသိခဲ့ပါ။ ယခုအခါတွင် စိတ်ပါလက်ပါ လေ့လာထားသောအချက်အလက်များသည်ပင် ‘နိုင်ငံကျော်ဇာတ်မင်း သားကြီး ဦးပုလဲစိန်' အကြောင်း အကျဉ်းမျှသာဖြစ်ပါလိမ့်မည်ဆိုတာကိုဦးစွာ ဝန်ခံပါသည်။ “ဇာတိချက်ကြွေ မွေရပ်မြေနှင့်ငယ်နာမည်" ကုက္ကိုတန်းကျေးရွာတွင် ဓါးမဦးချနေထိုင်ကြပါသော တောင်သူမျိုးရိုး ဦးဉာဏ်+ ဒေါ်လှဝိုင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်၊ သောကြာ နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်မည်မှာ ‘မောင်သောင်း 'ဖြစ်သည်။ “ ဆရာထံမှာပညာရှာ" တောင်သူမျိုးရိုးမှ ဆင်းသက်မွေးဖွားလာသော ‘ မောင်သောင်း' ကလေးသည် ငယ်စဉ်ကပင် အဆို၊ အက ဝါသနာကြီးကာ ရပ်ရွာပွဲများတွင် ပါဝင်သီဆိုခဲ၏။ ဒေသခံသဘင်သည်များထံတွင်လည်း နည်းခံလေ၏။ ‘ ပုလဲစိန်' လောင်းလျာ ‘ မောင်သောင်း' ကလေး ထိုသို့ အဆို၊အက ဝါသနာကြီးသည်မှာ ရေခံမြေခံကောင်းသော ရပ်ရွာဒေသ ကြောင့်ပင်ဖြစ်ပေလိမ့်မည်။ ၁၉၄၉ ခုနှစ်တွင် သဘင်ပညာရှင်‘ ဗလလေး'(ဦးထွန်းရင်) ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိလာ၏။ ‘ ဗလလေး'သည် ‘အောင်ဗလ' ကျော်ကြားစကပင် အနီးကပ် တပည့်ခံကာ သဘင်ပညာသင်ယူခဲ့ပြီး၊ “ အောင်ဗလ" အမည်မှ ‘ ဗလ' ကိုယူကာ ‘ဗလလေး' ဟု ကျော်ကြားလာသူဖြစ်၏။ ‘ အောင်ဗလ' ထံမှ သဘင်ပညာရော နာမည်ပါဆက်ခံ၍ မင်းသားအဖြစ်ရော ယောက်ျား မင်းသမီးအဖြစ်ပါ ကပြနိုင်သော ထင်ရှားသည့် သဘင်ပညာရှင် တစ်ဦးဖြစ်လေသည်။ သဘင်ရည်ပြည့်ဝသော ‘ ဗလလေး'(ဦးထွန်ရင်)သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ့ဆရာရင်း၏မြို့လည်းဖြစ်၊ သူ့အပေါင်းအသင်များရှိရာ မြို့ဖြစ်သည့် “ ဆင်ဖြူကျွန်း" သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ‘ ဗလလေး' သည် ညဦးပိုင်းများ၌ ဆင်ဖြူကျွန်းမြို့၏ မြို့လယ်ခေါင်လမ်းမတော်အရှေ့ဖျားမှ အနောက်ဖျားထိအောင် လမ်းလျှောက်ရင်း ကြေးစည်တီးကာ အန္တရာယ် ကင်းဂါထာများကိုရွတ်လေ့ရှိသည်။ သူ့အား “မင်းသားဘဘကြီး" ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလေသည်။ “ မင်းသားဘဘကြီး" (ခေါ်) “ ဗလလေး" (ဦးထွန်းရင်) ကို သိရှိသူများက မေတ္တရပ်ခံကြရာ ‘ ဗလလေး'သည် ‘ ဦးကြာခ'၊ ‘ဦးချစ်စိန်' စသောသူများနှင့် ဇာတ်ဖွဲ့စည်းကာ ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် ကပြလေသည်။ ‘ ဗလလေး' သဘင်အနုပညာကို သိကျွမ်းထားသူများက မင်းသမီး အဖြစ်လည်း ကပေးရန် တောင်းဆို ကြ၏။ ‘ ဗလလေး' သည် ‘ ဆရာအောင်ဗလ' ၏ တပည့်ရင်းအနေးဖြင့် ကပြပေးလိုသော်လည်း အဝတ်အစား အခက်အခဲရှိနေပါကြောင်း၊ မိန်းမမင်းသမီးတို့၏ ထဘီအင်္ကျီတို့ကို ယောက်ျားမင်းသမီးက ဝတ်ဆင်လေ့မရှိသည့် အတွက်ကြောင့် မင်းသမီးလိုကပြရန် အဆင်မပြေသေးကြောင်းကို နှစ်ပါးခွင် ပရိကံစကားအဖြစ်ဖြင့် တောင်းပန်လေသည်။ ထိုလောက် သဘင်ပညာတတ်ကျွမ်းသော ဆရာ‘ဗလလေး'ထံတွင် ‘ ပုလဲစိန်' လောင်းလျာ လူငယ် ‘ မောင်သောင်း' သည် လက်ထပ်သင် တပည့်အဖြစ်ဖြင့်ခံယူကာ ‘ ဗလလေး' ၏ ဇာတ်အဖွဲ့တွင် ပါဝင်လေတော့၏။ ဆရာ ‘ဗလလေး'၏ သင်ပြမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်းသော ‘ မောင်သောင်း' သည် ‘၁၃၁၂ ခုတပေါင်းလဆန်း(၁၄/၁၅)ရက်များ၌ ပြတောက်ရွာ ဦးထီးရှိန် ဆိုင်းအဖွဲ့နှင့်(သူ၏ဆရာ ဗလလေး (ဦးထွန်ရင်)ခေါ် ဘဘကြီးအပါအဝင်) ကူရင်းချောက်ဘုရားပွဲမှ စတင်ကပြခဲ့ရာ ရွာကျောင်းဆရာတော်က ‘ မောင်ပုလဲ' ဟု ခေါ်တွင်ရာက‘ မင်းသားပုလဲ'၊ ‘ဗလလေး'၏ သင်ပြပေးမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်း‘မောင်သောင်း' သည် ရှေ့ထွက်မင်းသားလေး ‘ ပုလဲစိန်'၊ ထို့နောက် ခေါင်းဆောင်မင်းသား‘ပုလဲစိန်' ဟု နာမည်ကောင်းနှင့် ကျော်ကြားလာလေ၏။ “စတင်ကျော်ကြား သဘင်သမား" နောက်ပိုင်း တောင်ငူ မှ ‘ဦးထွန်းကြည်' နှင့် ပေါင်းစပ်ကာ‘ကေတုသီရိ ပုလဲစိန်' ဇာတ်အဖွဲ့ကြီးကို ဖွဲ့စည်းတည် ထောင်ကြလေသည်။ ၁၉၆၉ ခုနှစ် လောက်တွင် ရန်ကုန်ပွဲဦးထွက်အဖြစ် ‘ မိုးကောင်းဘုရား' ပွဲတော်၌ ကပြရာ မင်းသား‘ပုလဲစိန်' စတင်ကျော်ကြားလာလေ၏။ မြန်မာ့အသံ ဇာတ်သဘင်အခန်း၌လည်း နှစ်ပါးသွားခွင်ကို အသံလွှင့်လေရာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့လေသည်။ ထို ရန်ကုန်ခွင် ပွဲဦးထွက်၌ပင် မင်းသား‘ ပုလဲစိန်' သည် ဆင်ဖြူကျွန်းမြို့သား ကျပင်းဒေသသား၊ ဂန္ထဝင်သဘင် ပညာ အကျော်အမော် ‘အောင်ဗလ' ၏ မျိုးနွယ်ဆက်မင်းသား ‘ ကေတုသီရိပုလဲစိန်' ဟု နှစ်ပါးခွင် ပရိကံပြောကြားရာ၌လည်း ထိုသို့ပင် ထုတ်ဖော်ပြောကြားခဲ့၏။ ‘ ကေတုသီရိပုလဲစိန်'ဟု နာမည်ယူရသည်မှာ တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် ပဋိညာဉ်ပြုချက် အရသာဖြစ်သည်။ ‘ကေတု'သည် ရှေးခေတ် တောင်ငူ ၏ အမည်သင်္ကေတ၊ ‘သီရိ' သည် ကျက်သရေဆောင်၊ တောင်ငူမြို့ကျက်သ ရေဆောင်မင်းသား‘ပုလဲစိန်' ဟု ဆိုလိုခြင်းပင်တည်း--- ။ ဆင်ဖြူကျွန်း ကျပင်းဒေသကမူ မင်းသား‘ပုလဲစိန်' သည် ဆင်ဖြူကျွန်း ကျပင်းဒေသသား ဖြစ်သည့်အပြင် ကိုယ့်ဒေသ၌ပင် သဘင်ပညာသင်ယူကာ သဘင်လောထဲသို့ ဝင်ရောက်တာဖြစ်ပါလျက် တောင်ငူမြို့ကို အမွှမ်းတင်သည့် အမည်ယူသည်ကို မကျေနပ်ကြချေ။ ‘အတည်' မဟုတ် ‘ယာယီ'အမည် သာဖြစ် မင်းသား ‘ပုလဲစိန်'သည် တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် တွဲဖက်စဉ်က ခေတ္တမျှသာ ထိုအမည်ကိုယူခဲ့ပြီး ကိုယ်ပိုင် သီးခြားဇာတ်အဖွဲ့ဖြင့် လှုပ်ရှားသော ဘဝတစ်လျှောက် လုံး ၌ပင် ‘ ပုလဲစိန်' အမည်ဖြင့်သာ ကပြခဲ့လေသည်။ ဆင်ဖြူကျွန်းမြို့သား သဘင်ပညာအကျော် ‘အောင်ဗလ' ၏ သဘင်ပညာနှင့်ဂုဏ်ကို စောင့်ထိမ်းဆက်ခံသူ ဖြစ် သည်။ဆင်ဖြူကျွန်းမြို့နှင့်ဒေသကို ဖော်ထုတ်ဂုဏ်တင်သူလည်းဖြသ်သည်။ ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်တွင် ဆင်ဖြူကျွန်းဒေသမှ ဂန္ထဝင်စာပေရှင်နှင့်သဘင်ပညာရှင်ကြီးများ ထွက်ပေါ်လာခဲ့ပြီးသည်၏နောက်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ်၌လည်း ဆင်ဖြူကျွန်း- ကျပင်ဒေသ သား နိုင်ငံကျော်ဇာတ်မင်းသားအဖြစ် ထွက်ပေါ်လာသူမှာ ကုက္ကိုတန်းရွာသား ‘ပုလဲစိန်'ပင်ဖြစ်လေသည်။ “ဆရားကောင်းများထံ နည်းလမ်းခံ" ‘ပုလဲစိန်' ဇနီး မင်းသမီး‘ခင်ဝင်းကြည်' သည် အက၊ အဆို ပိုင်နိုင်သည့် မင်းသမီး‘လှလေးစိန်' ခေါ် ‘ လင်ပန်းခွေ လှစိန်' ၏တူမဖြစ်၏။ ‘ လှလေးစိန်'၏ ခင်ပွန်းမှာ မင်းသား အကတွင် ‘ ကြောင်လိမ်အကကို' တီထွင်ကပြခဲ့သူ၊ ဇာတ်သီချင်းများကိုလည်း ရေးစီနိုင်သူ နာမည်ကျော်မင်းသား ‘ခေတ်ပါတီ'ပင်ဖြစ်၏။ ‘ပုလဲစိန် 'တို့ ဇနီးမောင်နှံသည် မင်းသား‘ခေတ်ပါတီ'နှင် ဒုတိယဇနီး ‘ မင်းသမီး ‘ ပဂိုးကြည်'တို့ထံ သဘင်ပညာဆည်းပူးရင်း တွဲဖက်ပါဝင် ကပြ ခွင့်ရခဲ့၏။ ထို့ပြင် ‘ ပုလဲစိန်' ပြည်မြို့၌ ကပြစဉ်က သဘင် ပညာပြည့်ဝသည့် ဇာတ်စာရေးဆရာ မင်းသား‘ အမယ်ကြီးအို ဦးအောင်စိန်'နှင့် ဆုံဆည်းကာ ထပ်မံဆည်းပူခွင့် ရခဲ့ပြန်သည်။ ထိုသို့ဖြင့် ‘ ပုလဲစိန်' သည် လက်ထပ်သင်ဆရာ၊ နည်းခံဆရာ၊ ပညာရှင်များထံမှ အက၊ အဆို၊ အငို၊ အပြော၊ ဇာတ်စီး၊ သဘော စသည့် သဘင်ပညာရပ်ဆိုင်ရာ တို့ကို ဆည်းပူးခဲ့ကာ သမားစဉ်ကြေသည့်ပြင်‘ အမြင်သစ်' နှင့် ‘ထွင်ဉာဏ်စစ်' ပါရှိသည့် ဇာတ်ဆရာမင်းသား ဖြစ်လာခဲ့ လေသည်။ ပညာဖြင့်နွဲ ‘ပုလဲစိန်' ပွဲ ‘ပုလဲစိန်' သည် နောက်ပိုင်း ဇာတ်တော်ကြီးကို စနစ်တကျ ကပြ၏။ ‘ဂန္ဓာရုံ'၊ ‘ရေဝတီ' စသည့် ရိုးရာယဉ်ကျေးမှုတို့ကို အသံကောင်း၊ အဆို၊ အငို၊ အပြောတို့ဖြင့် ကပြသည်။ နောက်ပိုင်း ဇာတ်ကြီးကဏ္ဍကို သဘင်ပညာပြည့်ဝမှသာ ကောင်းစွာတင်ဆက်နိုင်၏။ ခေတ်ပြိုင် ဇာတ်အဖွဲ့အချို့သည် နောက်ပိုင်း‌ဇာတ်တော်ကြီး တင်ဆက်မှုတွင် လျော့ရဲရဲ ဖြသ်လာကြသည်။ အချို့မှာ ဖြစ်ကတတ်ဆန်းပင် လုပ်လာကြ၏။ ‘ ဦးပုလဲစိန်' က မြန်မာ့ယဉ်ကျေးမှု ဇာတ်ကြီးပိုင်းကို ထိန်းသိမ်းကာ ‘ ဟာကွက်' မရှိ ‘ လုံ'အောင် တင်ဆက်လေ့ရှိ၏။ ‘ နှစ်ပါးသွားခွင်' ကို ပရိသတ် အာရုံအထားဆုံးဖြစ်၏။ ‘ နှစ်ပါးသွားခွင်' သည် မင်းသားမင်းသမီးတို့၏ အက၊ အဆို၊ အပြော၊ လူရွှင်တော်တို့၏ ဟာသရသ ပြက်လုံးဖြင့် ရွှင်မြူးစရာ မြိုင်ဆိုင်ကာ သဘင်ပညာ အစုံပါသည့်ကဏ္ဍ ဖြစ်၏။ ‘ ပုလဲစိန်' ၏ ဇာတ်တွင် မင်းသား မင်းသမီးများ အကကောင်း၊ အသံကောင်း၊ အဆိုပိုင်သူတို့နှင့်ပြည့်စုံ၏။ မင်းသားတစ်လှည့် မင်းသမီးတစ်လှည့် ကကြ၏။ မင်းသားနှင့် မင်းသမီး ‘ တွဲက' တို့လည်းပါ၏။ မင်းသား ‘ပရိကံ' ပြောပုံလည်း စနစ်ကျ၏။ ထိုသည်မှာ နှစ်ပါးသွားခွင်၏ ကောင်ခြင်းပင်ဖြစ်၏။ ‘ပုလဲစိန်နှစ်ပါးသွား' သည် မူမှန်သောမြန်မာ့သဘင် နှစ်ပါးသွားခွင်သာဖြစ်သည်။ ‘အော်ပရာ' သည် ပြဇာတ်မထွက်ခင်၊ ‘ဇာတ်လမ်းတို' တင်ဆက်မှုဖြစ်၏။ အချိန်တိုအတွင်း ဦးတည်ချက်ထိမိအောင် တင်ဆက်သည့်ခွင်ဖြစ်သည်။ ‘ အော်ပရာ' ကိုလည်း ပရိသတ်များက နှစ်သက်ကြသည်။ ဦးပုလဲစိန်သည် အတွေးအမြင်မှန်ကန်ရေး၊ ဝိသမလောဘကင်းစင်ရေး၊ လူမှုစီးပွားမျှတရေးတို့ကို ဦးတည်ချက်ထားသည့် အော်ပရာများကို တင်ဆက်ခဲ့လေသည်။ ဇာတ်စာရေးဆရာ‘ မြင်ခြံ အောင်နိုင်' ၏‘ ဒို့ခေတ်ရောက်ပြီ'၊ ‘ ငွေတစ်ကျပ်နှင့် ငမိုး'၊ ဆိုင်းဆရာစိန်ဗိုလ်တင့် ၏‘ ဖက်ခွက်စား' တို့မှာ ဦးပုလဲစိန် အထူးနာမည်ကြီးသော အော်ပရာများဖြစ်လေသည်။ ‘ဒို့ခေတ်ရောက်ပြီ' အော်ပရာသည် စိတ်ကူးယဉ်မှုလွန်ကဲနေသည့် အဂ္ဂိယတ်သမား၏ လွဲမားသောရပ်တည်မှုဇာတ်လမ်းဖြစ်၏။ အသံကောင်း အဆိုပိုင်သော မင်းသား ‘ပုလဲစိန်' အဂ္ဂိရတ်ရူးဇာတ်ရုပ်၌ ကပြရာ ထိုအဂ္ဂိရတ်ရူး‘ရွှေ' ကိုတပ်မက်လွန်ပြီး အရူးဖြစ်သွားပုံ၊သူ့ကိုအများက ပစ်ပယ် ကြပုံတို့ဖြင့်တင်ဆက်ရာ‘မင်းသားပုလဲစိန်' ငိုချင်းဆိုပုံ၌-- ‘ရွှေ --- ရွှေ --- ရွှေ ---' ဟု အဆွဲ အရှည်ဆွဲ၍ ပြောင်မြောက်စွာဆိုငိုသည်မှာ ‘ ရွဲကုန်သည် အော်ပရာ'တွင် ‘ ရွှေမန်းတင်မောင်'၏ ‘ရွှေ---'အဆွဲထက် မသာသည်သာရှိမည်၊ အောက်မနိမ့်ဟု ချီးကြူကြလေသည်။ ထိုသို့ တိုးတက်သောအသိ၁အမြင်ဖြစ်စေသည့်‘အော်ပရာ' ဇာတ်လမ်းတို့ကို ‘ ဦးပုလဲစိန်' ဆင်နွှဲ ကပြခဲ့လေသည်။ “ဟောပြောပုံခွင်" ပြန်လည်တင် ဦးပုလဲစိန်ဇာတ်သည် နှစ်များစွာတိမ်မြုပ်နေသော “ အဟောအပြော" ကဏ္ဍကို ပြန်လည်ဖော်ထုတ် တင်ဆက်ခဲ့သေး၏။ ‘ အပြောအဟော' (ဝါ) ‘ ဟောပြောပွဲ' ဟူသည်မှာ နှစ်ပါသွားမထွက်ခင် ‘ဇာတ်စာရေးဆရာ' ကဖြစ်စေ၊ ‘မင်းသားကြီး'ကဖြစ်စေ၊ ဗဟုသုတဖြစ်ဖွယ်တို့ကိုဆိုင်းချက် နှင့်အညီ အပြောကောင်းကောင်းဖြင့် မိနစ်နှစ်ဆယ်ခန့် ဟောပြောသည့်ကဏ္ဍဖြစ်၏။ ထိုသို့ ဟောပြောပွဲကဏ္ဍကို ဒုတိယကမ္ဘာစစ် မတိုင်ခင် ၁၉၃၈/၁၉၃၉ ခုနှသ်လောက်တွင် ဇာတ်အဖွဲ့ကြီးအချို့က ထည့်သွင်းခဲ့ကြလေသည်။ ‘ မင်္ဂလာဦးအောင်မောင်း' ၏ဇာတ်၊ ‘အောင်လံတော်ခင်စိန်'၏ ဇာတ်တို့တွင် ဇာတ်စာ ရေးဆရာ ‘ ဦးစံခို'(လွတ်လပ်ရေးခေတ်၌ အလင်္ကာကျော်စွာဘွဲ့ရသူ)က မျိုးချစ်စိတ် ပွားများရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက် ရေး တို့ကို ဟောပြောလေ့ရှိ၏။ အခြားဇာတ်အချို့၌ မင်းသားကြီး‘ဒုတိယဖိုးစိန်'၊ ဇာတ်စာရေးဆရာ‘အဘိဓမ္မာ သောင်း' တို့ ဟောပြောကြလေသည်။ ဦးပုလဲစိန် ၏ ဇာတ်တွင်မူ၊ ဆင်ဖြူကျွန်းမြို့‘နွယ်တမယ်ရွာ' သား ဘက်စုံရ‘ဦးဇီးကွက်'(ဦးစံခင်)က ဟောပြောလေ့ရှိ၏။ ‘ဦးဇီးကွက်' က ဇာတ်ကသည်မှာ ဖျော်ဖြေမှု သက် သက်သာမဟုတ်၊ ပွဲကြည့်သူများ အသိအမြင်တိုးပွားစေသည့် အနုပညာအလုပ်လည်းဖြစ်ကြောင်း၊ မြန်မာရာဇဝင်၌ မြင်စိုင်းခေတ်က‘ငါးစီးရှင်ကျော်စွာ' ဘုရင်ကိုယ်တိုင်‘ဒိုင်းနှင့်ကာ' ကို ကိုင်ကာ‘ကာချင်း' ဆို၍ ကာ,ကကာ အမျိုး သားဇာတ်မာန် တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြောင်းတို့ကို ဟောပြောလေ့ရှိခဲ့သည်။ “ဇာတ်ဆရာ ဦးပုလဲစိန်' က ပွဲကြည့်ပရိသတ်အကျိုး ရှိစေသည့် ‘ အဟောအပြောကဏ္ဍ'ကို ပြန်လည်ဖော်ထုတ်ပေးခြင်းပင်---။" “မြိုင်ထ" ‘မြိုင်ထ' ဟူသည်မှာ မင်းသားနှင့် မင်းသမီးတို့ တောမြိုင်လမ်းခရီးတွင် တောတောင်သဘာဝကို ‘မြိုင်ထ' သီချင်းဖြင့် သီဆိုကြကာ သီချင်းနှင့်လိုက်ဖက်သည့် အကအမူတို့ဖြင့် တင်ဆက်သော နှစ်ပါးသွားခွင်ဖြစ်သည်။ အသံကောင်း၍ အဆိုပိုင်မှသာ ပီပြင်သောမြိုင်ထ ခွင်ဖြစ်နိုင်သည်။ ဦးပုလဲစိန်၏ ဇာတ်ကြီးဆယ်ဘွဲ့မြိုင်ထ(ဝေဿန္တရာမြိုင်ထ---)တို့သည် တစ်မူဆန်းသစ်၏။ ဆယ်ဘွဲ့ဇာတ်တော်လာ ဖြစ်စဉ်တို့ကို နောက်ခံရုပ်သေပြကွက်ဖြင့် စီစဉ်ထားရှိပြီး၊ အသံကောင်း၊ အဆိုပိုင်သော ဦးပုလဲစိန်က ဇာတ်ခုံရှေ့ပိုင်း လက်ျာဒေါင့်မှ ဇာတ်တော်ဖြစ်စဉ်ကို ‘ မြိုင်ထအကဟန်'ဖြင့် ကပြခဲ့သည်။ ‘ဝေဿန္တရာမြိုင်ထ၊ မြိုင်ဟေဝန်မြိုင်ထ' တို့သည် ‘ ဦးပုလဲစိန်' ၏ လူကြိုက်များသော မြိုင်ထများပင်ဖြစ်လေသည်။ “ထင်ပေါ်၍ စင်တော်ကောက် ဇာတ်တော်ပြိုင်ပွဲ ဆုဆင်နွဲ" ‘ဦးပုလဲစိန်'သည် ၁၉၉၀ ခုနှစ်မှစ၍ မကွေးမြို့တွင် အခြေစိုက်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသော ‘ဆို က ရေး တီး နှင့် ဇာတ်သဘင်ပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဇာတ်တော်ကြီးပြိုင်ပွဲဖြစ်သော‘ ဝေဿန္တရာ ဇာတ်တော်ကြီး' ဖြင့် နိုင်ငံတော်အဆင့်‘တတိယဆု' ကိုရရှိခဲ့သည်။ နောင်နှစ်များတွင်ကား သဘင်ပညာရှင် ဦးပုလဲစိန်သည် အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရလေသည်။ “ဝမ်းတစ်ထွာနှင့် သဘင်ပညာရပ်အဖြာဖြာ" ဇနီးသည် မင်းသမီးကြီး ဒေါ်ခင်ဝင်းကြည် ကွယ်လွန်ပြီးသည်၏ နောက်တွင် ဦးပုလဲစိန်သည် မကွေး၊ ချောက်၊ လယ်ကိုင်း မြို့များတွင် ဝမ်းတစ်ထွာအတွက် ဘက်ပေါင်းစုံ သဘင်ပညာရပ်အဖြာဖြာကို အသုံးချကာ ရုံပွဲ၊ ဗလာပွဲ မရွေး ကပြ၍ ဘက်စုံသဘင်ပညာရှင်တို့သာ စွမ်းဆောင်နိုင်သည့်‘ ဘုန်ကြီးပျံဧးယာဉ်ကျူးပွဲ၊ ဘုရားထီးတင်ရတုဆိုပွဲ များကို ဝမ်းရေးအတွက် လှုပ်ရှားသီးဆိုရလေသည်။ ‘ဦးပုလဲစိန်' သီဆိုအသံသွင်းခဲ့သော မြိုင်ထ၊ ဇာတ်တော်ကြီးနှင့် အခြားသောအသံသွင်းဇာတ်များကို ရန်ကုန်မြို့ ‘အောင်လံတော်' တေးသံးသွင်းမှ တစ်ပြည်လုံးဖြန့်ချီပေးခဲသည်။ ‘ဇရာ,ဆည်းဆာနဲ့ ဂန္ထဝင်၏ ဂန္ထဝင်မတွင်သည့်အချိန်ခါ' အသက်အရွယ် အိုမင်းကြီးရင့်လာသောအခါ ဦးပုလဲစိန်သည် မွေးဖွားရာဇာတိ ကုက္ကိုတန်းရွာသို့ နေထိုင်ရန်ပြန်လာခဲ့လေ၏။ ‘တောင်ဝှေးလဲတုန်းက ဖိုးသူတော်ကယ်နိုင်ခဲ့ပေမယ့် ဖိုးသူတော်လဲသောအခါတွင် တောင်ဝှေးကတစ်ဖန် ပြန်လို့မကယ်' နိုင်သောဘဝကို ရောက်ရှိလာလေသည်။ သို့သော် ‘စလင်း၊ ဆင်ဖြူကျွန်း၊ တညောင် တို့၌ လာရောက်ကပြကြသော သဘင်သည်အချို့က လာရောက်ကန်တော့ကြ၏။ “သဘင်ပညာရှင်ကြီး ဦးပုလဲစိန်သည် ၂၀၀၉ ခုနှစ်၊ အသက်(၇၇)နှစ် အရွယ်တွင် သူချစ်သောရွာ၊ သူချစ်သောအနုပညာကို စွန့်လွှတ်သွားခဲ့ပြီ၊ ကုက္ကိုတန်းရွာသုဿန်၌ပင် ဂန္ထဝင် ဇာတ်မင်းသားကြီးကို မထင်မရှား မြုပ်နှံသင်္ဂြိုလ်လိုက်ရပေတော့သည်။ စာညွှန်းကိုးကား-- (၁) ‘ ဆင်ဖြူကျွန်းမိတ်ဆက်' (၂) ‘ ပြည်သူချစ်သောအနုပညာရှင်များ' ဆင်ဖြူကျွန်းအောင်သိန်း (၃)‘အောင်ဗလ သဘင်ရောင်ရှိန် ဆက်ခံနွှဲသည့် ဦးပုလဲစိန်' စကျွာကိုကို။ (ဆင်ဖြူကျွန်းမဂ္ဂဇင်း အမှတ်(၆)၊ဒီဇင်္ဘာ၊ ၂၀၁၆၊ စာ မျက်နှာ(၂၁၆) အောင်လွင်ဦး ဆင်ဖြူကျွန်း
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%9C%E1%80%B2%E1%80%85%E1%80%AD%E1%80%94%E1%80%BA
လွတ်လပ်ရေး
ssia ၏အဓိပ္ပယ်မှာ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
ဂျွန် လော်ဂျီ ဘာ့ဒ်
ဂျွန် လော်ဂျီ ဘာ့ဒ်( ( ; 13 သြဂုတ် 1888 14 June 1946) သည် စကော့တလန်တီထွင်သူ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် တီထွင်သူဖြစ်ပြီး ဇန်နဝါရီ 26 ရက်နေ့ 1926 တွင် ကမ္ဘာ့ပထမဆုံးသော တိုက်ရိုက်အလုပ်လုပ်သော ရုပ်မြင်သံကြား စနစ်ကို သရုပ်ပြခဲ့သည် သူသည် ပထမဆုံး လူသိရှင်ကြား သရုပ်ပြထားသော ရောင်စုံရုပ်မြင်သံကြားစနစ်နှင့် ပထမဆုံး လျှပ်စစ် ရောင်စုံ ရုပ်မြင်သံကြား ရုပ်ပြွန် သက်သက်ကို တီထွင်နိုင်ခဲ့သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%20%E1%80%9C%E1%80%B1%E1%80%AC%E1%80%BA%E1%80%82%E1%80%BB%E1%80%AE%20%E1%80%98%E1%80%AC%E1%80%B7%E1%80%92%E1%80%BA
Draft:ဥပဒေဖြင့် ထိန်းချုပ်ခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် (Regulative Institutional Pillar)
ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင်တွင် အင်စတီကျူးရှင်းများအနေဖြင့် လူ့အဖွဲ့အစည်း၏ အမူအကျင့်များကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေခြင်း (Constrain) နှင့် ပုံမှန်ဖြစ်စေခြင်း (Regularize) ကို အဓိကထားသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထားတစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ (Regulative Processes) (အတိုအားဖြင့် "ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ"ဟု သုံးနှုန်းသွားပါမည်) တွင် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ ချမှတ်ခြင်း၊ လိုက်နာမှုအား စောင့်ကြည့်ခြင်း၊ ခွင့်ပြုခြင်းနှင့် အရေးယူ ဒဏ်ခတ်မှုများ ပါဝင်သည်။ ဤသဘောတရားအရ Regulative Processes တွင် ဥပဒေစည်းမျဉ်း စည်းကမ်းများ ချမှတ်နိုင်သည့် အခွင့်အာဏာနှင့် စွမ်းရည်၊ ချမှတ်ထားသည်များကို လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးသုံးသပ်နိုင်သည့် အခွင့်အာဏာနှင့် စွမ်းရည်၊ အနာဂါတ် အမူအကျင့်များကို လွှမ်းမိုး ပုံဖော်ရန် ဆုပေးဒဏ်ပေးကို လိုအပ်သလို ကျင့်သုံးခြင်းများပါဝင်သည်။ ဤသို့ ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် အမူအကျင့်များကို ထိန်းကြောင်းရာတွင် တရားဝင်ရေးသား ပြဌာန်းထားသည်များ သာမက တရားဝင်ရေးသား ပြဌာန်းချက်များကို ဖြစ်ပေါ်စေပြီး ယင်းတို့ကို ဖြည့်ဘက်အနေဖြင့် ဖြည့်စွက်ပေးနေသည့် တရားဝင်ရေးသားထားခြင်းမရှိသည့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများလည်း ပါဝင်သည်။ ယင်းလုပ်ငန်းစဉ်များတွင် လူ့အသိုက်အဝန်းတစ်ရပ်၏ အစဉ်အလာ အမူအကျင့် (သို့) နေမှုထိုင်မှုပုံစံအရ မလိုက်နာသူကို အရှက်ရစေခြင်း (သို့) ဖယ်ကျဉ်ခြင်းဖြင့် အပြစ်ပေး အရေးယူခြင်းကဲ့သို့သော တရားဝင်မဟုတ်သည့် ယန္တရားများမှသည် တရားဝင်ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူများအား ပြည်သူ့ရဲ၊ တရားရုံး စသည်များမှ တရားဝင်အရေးယူဆောင်ရွက်ခြင်းအထိ ပါဝင်သည်။ ထို့ကြောင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ပေးဆပ်ရမည့် တန်ဖိုးမည်မျှကြီးမားသည်ဆိုခြင်းနှင့် ပြစ်ဒဏ်၏ ပြင်းထန်မှု အတိုင်းအဆများ သတ်မှတ်ခြင်းသည် အင်စတီကျူးရှင်းများ အလုပ်ဖြစ်ရန် အရေးကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ စီးပွားရေးနယ်ပယ်တွင် လူပုဂ္ဂိုလ်တစ်ဉီးချင်းတစ်ယောက်ချင်းနှင့် ကုမ္ပဏီများ၏ ကိုယ်ကျိုးစီးပွားရှာဖွေမှုနှင့် ဈေးကွက်အတွင်း ပြုမူသည့် အမူအကျင့်များနှင့် အခြားယှဉ်ပြိုင်မှု အခြေအနေများ ဆက်နွယ်မှုကို ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ ရှုထောင့်ကို ဥပမာအနေဖြင့် စဉ်းစားကြည့်ပါမည်။ အကျိုးစီးပွားကွဲလွဲမှုများ များမြောင်ခြင်းကြောင့် နေသား တကျရှိမှုနှင့် တည်ငြိမ်တိုးတက်မှုကို ထိန်းသိမ်းရန် (To Preserve a Stable Order) တိတိပပ ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ဒိုင်လူကြီးများ ပိုမိုလိုအပ်သည်။  Stable Order ကို ထိန်းကြောင်းသည့် အဓိကယန္တရားမှာ စိုးမိုးလိုက်နာစေခြင်း (Coercion) ဖြစ်သည်။ အချို့သော အခြေအနေများ၌ သဘောတူညီချက်တစ်ခုတွင် ပါဝင်သူများအနေဖြင့် ယင်းသဘောတူညီချက်ကို လိုက်နာခြင်းရှိ/မရှိ အပြန်အလှန် စောင့်ကြည်ခြင်းနှင့် လိုက်နာရေး အပြန်အလှန်ဆောင်ရွက်ခြင်းများ ရှိနိုင်သော်လည်း အများအားဖြင့် သဘောတူညီချက်အား လိုက်နာမှုသေချာစေရန် ဘက်လိုက်မှုမရှိသော တတိယသူအား စိုးမိုးလိုက်နာစေခြင်း ယန္တရားကို ယုံကြည်အပ်နှင်းရန် လိုအပ်သည်။ ယင်းအလုပ်သည် အစိုးရ၏ အရေးပါသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်။    ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာမဏ္ဍိုင်တွင် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ စိုးမိုးလိုက်နာစေခြင်း၊ အကြောက်တရားရှိစေခြင်းနှင့် အခြေအနေ၊ အချိန်အခါ၊ အကြောင်းခြင်းရာနှင့် ကိုက်ညီစေခြင်း (Expedience) များသည် အဓိကကျသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများသည် တရားဝင်ရန် ဖြောင့်မတ်မှန်ကန်မှုနှင့် သင့်တင်လျှောက်ပတ်မှု ရှိရမည်ဖြစ်သည်။ အင်အားသုံးမှုတစ်ခုတည်းဖြင့် အစိုးရအဖွဲ့၏ အုပ်ချုပ်မှုပုံစံကို ဖော်ဆောင်သည့် အုပ်ချုပ်သူ လွန်စွာနည်းပါးသည်။ အုပ်ချုပ်သူများ အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုသည် အများလက်ခံတရားဝင်ကြောင်း (legitimacy) ကို ယုံကြည် လက်ခံလာအောင် ပြုစုပျိုးထောင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် ယင်းသို့သော ယုံကြည်မှုသည် အပေါ်ယံသာသာလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော်   အဆိုပါယုံကြည်မှုတွင် ဥပဒေ စည်းမျဉ်းစည်းကမ်းများ တည်ရှိမှုနှင့် ယင်းတို့၏တရားဝင်မှုကို အသိအမှတ်ပြုသော်လည်း ယင်းဥပဒေ စည်းမျဉ်းစည်းကမ်းများသည် အမှန်တကယ်မျှတသည် တရားသည်ဆိုခြင်းကို ယုံကြည်မှုရှိချင်မှရှိမည် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ အင်စတီကျူးရှင်းများကို လေ့လာရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်၏ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုပုံစံနှင့် ယင်းနိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုပုံစံသည် တရားဥပဒေစိုးမိုးရေးမူကို မည်မျှလောက် ထိထိရောက်ရောက် ပေးစွမ်းနိုင်မည်ဆိုခြင်းကို မလွဲမသေ လေ့လာရမည်ဖြစ်သည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများအား စိုးမိုးလိုက်နာရေး ဆောင်ရွက်သူများမှ ၎င်းတို့အတွက် အသုံးအဝင်ဆုံး အကျိုးအရှိဆုံး ဖြစ်စေမည့် ဆောင်ရွက်ချက်များကြောင့် ရလဒ်ထွက်ပေါ်မှုအပေါ်  လွှမ်းမိုးသက်ရောက်မှုဖြစ်ပေါ်နိုင်သည်။ ဆိုလိုသည်မှာ တတိယသူသည် ဘက်လိုက်မှုကင်းရှင်းခြင်း မရှိသည့်အခါ ၎င်း၏အကျိုးစီးပွားနှင့် ချိန်ညှိ၍ ရလဒ်ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ယင်းသို့သော အခြေအနေမျိုးကို စီးပွားရေးအင်စတီကျူးရှင်းများတွင်သာမက နိုင်ငံရေး အင်စတီကျူးရှင်းများတွင်လည်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် အင်စတီကျူးရှင်းများ၏ ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းရှုထောင့်ကို စဉ်းစားရာတွင် အစိုးရ၏ ဥပဒေ စည်းမျည်းစည်းကမ်းပြုခြင်း၊ ဒိုင်လူကြီးကဲ့သို့ ဆောင်ရွက်ခြင်းနှင့် စိုးမိုးလိုက်နာစေခြင်း အခန်းကဏ္ဍများသည် လွန်စွာ အရေးကြီးသည်။   မည်သူ့တွင်မဆို အကျိုးစီးပွားစဉ်းစားမှုရှိ၍ ယင်းအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်မှာ သဘာဝပင်ဖြစ်ပြီး လူတိုင်းသည် ၎င်းတို့၏ ရွေးချယ်မှု (choice) ကို အကျိုးရလဒ် နှင့် ပေးဆပ်ရမည်တို့ကို ချိန်ဆ၍ ရွေးချယ်မှုပြုကြသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသည် မိမိ၏အကျိုးစီးပွားနှင့် ညီညွတ်ပါက ယင်းဥပဒေစည်းမျဉ်းစည်းကမ်း များကို လိုက်နာကြမည်ဖြစ်သည်။ ဤရှုထောင့်အရ ကျင့်ဝတ်သိက္ခာစံနှုန်းနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများသည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမူအကျင့်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိပြီး အကျိုးရလဒ်နှင့် ပေးဆပ်ရမည်တို့ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမူအကျင့်ကို အပြောင်းအလဲ ပြုလုပ်နိုင်မည်ဖြစ်သည်။ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည်  အခြေအနေ၊ အချိန်အခါ၊ အကြောင်းခြင်းရာနှင့် ကိုက်ညီအောင် ပြုမူကြသည်။ ဆိုလိုသည်မှာ ယင်းတို့သည် အခြားလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရနှင့်စပ်လျဉ်း၍ ရရှိမည့် အကျိုးရလဒ်နှင့် ပေးဆပ်ရမည်ကို တွက်ချက်ပြီး ရွေးချယ်ဆောင်ရွက်မှုပြုကြသည်။ စောင့်ကြည့်မှု၊ ခွင့်ပြုမှုနှင့်  အရေးယူဒဏ်ခတ်မှုများရှိသည့် တည်ငြိမ်သည့် ဥပဒေစည်းမျည်းစည်းကမ်းစနစ်သည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသည့် အင်စတီကျူးရှင်းမဏ္ဍိုင်တစ်ရပ်ဖြစ်သည်။
https://my.wikipedia.org/wiki/Draft%3A%E1%80%A5%E1%80%95%E1%80%92%E1%80%B1%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%E1%80%91%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%20%E1%80%A1%E1%80%84%E1%80%BA%E1%80%85%E1%80%90%E1%80%AE%E1%80%80%E1%80%BB%E1%80%B0%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%8F%E1%80%B9%E1%80%8D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%28Regulative%20Institutional%20Pillar%29
အထက(၁)ဆင်ဖြူကျွန်း(အမျိုးသားကျောင်း)
အထက(၁)ဆင်ဖြူကျွန်း(အမျိုးသားကျောင်း) ကျောင်းသည်၁၉၂၀ပြည့် နယ်ချဲ့ကျွန်ပညာရေးကိုတွန်းလှန်ဆန္ဒပြခဲ့သောကျောင်းသားသပိတ်နှင်အတူပေါက်ဖွားလာသောအမျိုးသားကျောင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင်အမျိုးသားကျောင်း၉၃ ကျောင်း ထဲမှတစ်ကျောင်းအပါအဝင်ဖြစ်သည်။ တည်နေရာ မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်၃ရပ်ကွက် ပိုးတန်းအရှေ့ရပ်တွင်တည်ရှိသည်။
https://my.wikipedia.org/wiki/%E1%80%A1%E1%80%91%E1%80%80%28%E1%81%81%29%E1%80%86%E1%80%84%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%28%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%29
မက်ကနီယူး
မက်ကနီယူး မဲဒါ (၁၉၉၆ နိုဝင်ဘာ ၁၆ မွေးဖွား) သည် ဂျပန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူသည် သရုပ်ဆောင်နှင့် ကိုယ်ခံပညာရှင် ဆန်နီချီဘာ ၏သားဖြစ်သည်။ ငယ်ဘဝနှင့်ပညာရေး ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့ တွင် မွေးဖွားခဲ့သည်။ သူသည် ဂျပန်မိဘများ၏သား တာမာမီ ချီဘာ နှင့် ဂျပန်အက်ရှင်ရုပ်ရှင်မင်းသား ဆန်နီချီဘာ နှင့် မွေးချင်း (၂) ယောက်၊ ဂျူရီ မန်နာစီ (ယခင်အိမ်ထောင်မှ သူ့အဖေ၏သမီး) နှင့် အစ်ကို ဂေါ်ဒန် မဲဒါ အမည်ရှိ ညီအစ်ကိုတစ်ဦးရှိသည်။ . ကိုယ်ပိုင်ဘဝ ကျော်ကြားသူမဟုတ်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ၂၀၂၃ ခုနှစ် ဇန်န၀ါရီလတွင် ညီဖြစ်သူ၏ လက်ထပ်မှုနှင့်အတူ လက်ထပ်ထိမ်းမြားမှုကို ကြေငြာခဲ့သည်။ ရိုက်ကူးရေး ရုပ်ရှင် ရုပ်မြင်သံကြား ကိုးကား အခြားဝဘ်ဆိုဒ်များ သက်ရှိထင်ရှားပုဂ္ဂိုလ်များ ၁၉၉၆ မွေးဖွားသူများ ဂျပန် သရုပ်ဆောင်များ အမေရိကန် သရုပ်ဆောင်များ
https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BA%E1%80%80%E1%80%94%E1%80%AE%E1%80%9A%E1%80%B0%E1%80%B8
Draft:ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် (Normative Institutional Pillar)
ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာမဏ္ဍိုင်အနေဖြင့် လူမှုဘဝအား ညွှန်ကြားမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ မဖြစ်မနေ လိုက်နာရန် တာဝန်ရှိမှုများ ပေးစွမ်းနိုင်သည့် ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ဥပဒေသများအနေဖြင့် လူ့အဖွဲ့အစည်း၏ အမူအကျင့်များကို ထိန်းကြောင်းပေးသည်။ ကျင့်ဝတ်သိက္ခာစံနှုန်း စနစ်တွင် စံတန်ဖိုးများ (Values) နှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများ (Norms) နှစ်မျိုးလုံး ပါဝင်သည်။ တန်းဖိုးထားမှုများသည် လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုများနှင့် အမူအကျင့်များနှင့် ချိန်ထိုးအကဲဖြတ်နိုင်မည့် လိုလားနှစ်သက်ဖွယ် စံသတ်မှတ်ချက်များဖြစ်သည်။ တစ်နည်းဆိုရပါက Values များသည် အများနားလည်လက်ခံသည့် လူ့အဖွဲ့အစည်းနှင့် သင့်လျော်သည့် အစီအစဉ် (Common Understanding of Appropriate Order) တည်ဆောက်မှုဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည်။ ကျင့်ဝတ်သိက္ခာစံနှုန်းများ (Norms) သည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ တန်ဖိုးထားသည့် ရည်မှန်းချက်များရရှိရန် အများလက်ခံတရားဝင်သည့်နည်းလမ်းများကို သတ်မှတ်ပေးသည်။ တစ်နည်းဆိုရပါက  Norms များသည် အများနားလည်လက်ခံသည့် လူ့အဖွဲ့အစည်းနှင့် သင့်လျော်သည့် အမူအကျင့် (Common Understanding of Appropriate Behaviour) များကို သတ်မှတ်ပေးသည်။ အချို့တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများသည် ဘုံစုဖွဲ့မှုတွင်ပါဝင်သူအားလုံး အပေါ် လွှမ်းခြုံကျင့်သုံးနိုင်သော်လည်း အချို့တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများသည် သက်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှု (သို့) လုပ်ငန်းစဉ်ကို ဖော်ဆောင်သူများ (Individual Actors) (သို့) သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ရာထူးဂုဏ်သိမ်နေရာများ အတွက်သာ ကျင့်သုံးနိုင်သည်။ ယင်းသို့သော အထူးပြု တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်း များကို အခန်းကဏ္ဍများ (Role) အဖြစ် ခေါ်ဆိုနိုင်သည်။ အခန်းကဏ္ဍဆိုသည်မှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများအတွက် သင့်လျော်သည့် လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် မျှော်မှန်းချက်/ခန့်မှန်းချက် သက်သက်မျှသာမကဘဲ ဤလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤသို့ လုပ်ကိုင်ဆောင်ရွက်လိမ့်မည်ဆိုသည့် ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ယုံကြည်မျှော်လင့်ချက်များဖြစ်သည်။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ယောက်၊ အဖွဲ့အစည်းတစ်ဖွဲ့အပေါ် အခြားလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက  ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ယုံကြည်မျှော်လင့်ချက်ထားရှိခြင်းသည် ထိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ် ဖိအားသက်ရောက်စေသည်။   လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် သက်ဆိုင်ရာ အခန်းကဏ္ဍ ဟူ၍ရှိသည်။ အဆိုပါအခန်းကဏ္ဍအတိုင်း လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အင်စတီကျူးရှင်းများ၏ ထိန်းချုပ်မှုသဘောတရားကို ရရှိစေသည်။ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆောင်ရွက်သူအဖြစ် သတ်မှတ်ပြီးပါက ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများကို သက်ဆိုင်ရာ အခန်းကဏ္ဍနှင့်တွဲဆက်နေသည့် norms နှင့် values များအား စိုးမိုးလိုက်နာစေရေး ဆောင်ရွက်ရမည်ဖြစ်သည်။ Role များကို တရားဝင်သတ်မှတ်ထားပြီး ဤပုဂ္ဂိုလ် ဤအဖွဲ့အစည်းသည် ဤနေရာ ဤလုပ်ငန်းခွင်တွင် ဤသို့ ဤသို့ ပြုမူလိမ့်မည်ဟူသည့် ယုံကြည်မျှော်လင့်ချက်ထားခြင်းရှိနိုင်သကဲ့သို့ အပြန်အလှန် ဆက်ဆံမှုအရ အချိန်နှင့်အမျှ ခွဲခြားသိမြင်လာရသည့် တရားဝင်ပြဋ္ဌာန်းခြင်းမဟုတ်သည့် norms နှင့် values များမှလည်း အခန်းကဏ္ဍကို ဖြစ်စေမှုနှင့် အမူအကျင့်ကို လမ်းညွှန်ခြင်းလည်း ရှိနိုင်သည်။ ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာဥပဒေသများသည် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ၏ အမူအကျင့်များအပေါ် ကန့်သတ်ထိန်းချုပ်မှုဖြစ်စေသည်။ တစ်ချိန်တည်းတွင် ယင်းကျင့်ဝတ်သိက္ခာ စံနှုန်းဆိုင်ရာဥပဒေသများသည် လုပ်ကိုင်ဆောင်ရွက်မှုများကို ခွင့်ပြုခြင်းနှင့် အားပေးထောက်ခံခြင်းလည်း ဖြစ်စေသည်။ ယင်းတို့သည် အခွင့်အရေးများ (Rights) နှင့် တာဝန်ရှိခြင်းများ/တာဝန်ယူ ခြင်းများ (Responsibilities)၊ အခွင့်ထူးများ (Privileges)နှင့်  လုပ်ငန်းတာဝန်များ (Duties)၊ ခွင့်ပြုခြင်းများ (Licenses) နှင့် လုပ်ပိုင်ခွင့် (Mandates) တို့ကိုလည်း အပ်နှင်းသည်။ License များသည် ခန္ဓာကိုယ်တွင် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခြင်းကဲ့သို့သော သာမန်အားဖြင့် တားမြစ်ထားသည့် ကိစ္စများနှင့် လူပုဂ္ဂိုလ်များအား ထောင်ဒဏ် (သို့) သေဒဏ်ချမှတ်ပိုင်ခွင့် ကဲ့သို့သော အကျိုးဆက် ကြီးမားသည့်ကိစ္စများအား လုပ်ကိုင်ဆောင်ရွက်ရန် အခွင့်အာဏာနှင့် အထူးအခွင့်အာဏာကို အပ်နှင်းသည်။ ဆွေမျိုးသားခြင်း ဆက်ဆံရေးနှင့် ဘာသာရေးစနစ်များတွင် ဘုံယုံကြည်ချက်များနှင့် ဘုံတန်ဖိုးထားမှုများ အများဆုံးတွေ့ရှိနိုင်သည်။ အင်စတီကျူးရှင်းများအား ဤရှုထောင့်မှ လေ့လာရာတွင် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများသည် အကျိုးစီးပွားစဉ်းစားမှုရှိ၍ ယင်းအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဆောင်ရွက်သည့် သဘာဝရှိသည်ဟူသည့် စဉ်းစားမှုပုံစံမှခွာ၍ စဉ်းစားရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများအား ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာဥပဒေသများရှုထောင့်မှ ချဉ်းကပ်ရာတွင် norms  နှင့် values များက ရွေးချယ်မှုကို ဖြစ်စေခြင်းအား ဇောင်းပေးလေ့လာကြသည်။ အင်စတီကျူးရှင်းများအား ဤရှုထောင့်မှ ချဉ်းကပ်ရာတွင် တန်ဖိုးထားသည့်ရည်မှန်းချက်များရရှိရန် အကောင်းဆုံး ရွေးချယ်ဆောင်ရွက်မှုများသည် ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများအရ သင့်လျော်သည့် နည်းလမ်းကိုသုံးရမည်ဟု အခြေပြု၍ စဉ်းစားသည်။ လုပ်ကိုင်ဆောင်ရွက်မှုများ၏ သင့်မြတ်မှုဆိုခြင်းကို အမူအကျင့်များကို ထိန်းကြောင်းသည့် ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများကို လိုက်နာခြင်းမှ ရရှိသည်။ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် သာမက အများ၏ ယုံကြည်မျှော်လင့်ချက်ကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ role အရ လိုက်နာရန် တာဝန်ရှိမှုအရ ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများကို လိုက်နာကြခြင်းဖြစ်သည်။ ဤနေရာတွင် Regulative Pillar နှင့် Normative Pillar အကြား ကွာခြားချက်မှာ Regulative Pillar တွင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤအခြေအနေ/ဤကိစ္စတွင် မိမိ၏ အကျိုးစီးပွား ဘာရှိသနည်းဆိုသည်ကို စဉ်းစား၍ Normative Pillar တွင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤအခြေအနေ/ဤကိစ္စ တွင် မိမိ၏ role အပေါ် မည်သည့် ယုံကြည်မျှော်လင့်ချက်များရှိမည်နည်းဆိုသည်ကို စဉ်းစားသည်။ ဗျူရိုကရေစီယန္တရားနှင့် အဖွဲ့အစည်းဆိုင်ရာ စာပေများတွင် အဖွဲ့အစည်းများသည် ဥပဒေသများကို လိုက်နာပြီး အဖွဲ့အစည်းအတွင်း အမူအကျင့်အများစုကို စံလုပ်ထုံးလုပ်နည်းများ (Standard Operating Procedure)  ဖြင့် သတ်မှတ်ထားသည်ဟူသော အဆိုပြုချက်ရှိသည်။ ယင်း အဆိုပြုချက်ကို နိုင်ငံရေးနယ်ပယ်တွင်လည်း စဉ်းစားနိုင်သည်။ နိုင်ငံရေးအင်စတီကျူးရှင်းများ အတွင်း တွေ့ရှိရသည့် အမူအကျင့်အများစုသည် လူအများမှ ၎င်းတို့ ဆောင်ရွက်ရမည်များကို နိစ္စဒူဝ ဆောင်ရွက်နေသည့် ပုံစံကို ထင်ဟပ်သည်။ ဤနေရာတွင် ဥပဒေသဟူသော သဘောတရားသည် ကျယ်ပြန့်ပြီး လုပ်ရိုးလုပ်စဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုံးတမ်းအစဉ်အလာများ၊ အခန်းကဏ္ဍများ၊ မဟာဗျူဟာများ၊ စီမံဖွဲ့စည်းမှုဆိုင်ရာ ပုံစံများ၊ နည်းပညာများ၊ ယုံကြည်ချက်များ၊ ခေတ်စနစ်၏ စံနမူနာ ရှုမြင်မှုပုံစံများ (Paradigms) ၊ နီတိများ၊ ဥပဒေကျမ်းများ၊ ယဉ်ကျေးမှုများ၊ အခန်းကဏ္ဍများနှင့် နိစ္စဒူဝ ဆောင်ရွက်မှုများကို ဖြစ်ပေါ်စေသည့် အထောက်အပံ့ပြုသည့် အကျယ်တဝင့် ရှင်းလင်းသည့် ဆန့်ကျင်ငြင်းဆိုသည့် ဗဟုသုတများ ပါဝင်နိုင်သော်လည်း အဓိက အာရုံစိုက်မှုမှာ လူမှုတာဝန်သိစိတ်များ (Social Obligations) ဖြစ်သည်။ အမူအကျင့်များကို ဥပဒေသများက မောင်းနှင်သည်ဟူသော ဖော်ပြချက်တွင် အမူအကျင့်များသည် ကျိုးကြောင်းဆီလျော်မှုမရှိ (သို့) အလိုအလျောက်ဖြစ်ပေါ်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ရာထူးဂုဏ်သိမ်နေရာ၏ လိုအပ်ချက်များအတိုင်း အခြေအနေကို ကိုက်ညီစေမှုအဖြစ် ရှုမြင်သည်။ ဥပဒေသများအား ရွေးချယ်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုသည် အခြေအနေတစ်ရပ်၏ လိုအပ်ချက်နှင့်အညီ ဖြစ်ရမည်ဟု ဆိုပါသည်။ သို့ရာတွင် အခန်းကဏ္ဍများနှင့် ဥပဒေသများအပေါ် အလေးထားခြင်းကြောင့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို လူမှုတာဝန်သိစိတ်များ၏ ကျေးကျွန် အဖြစ် ရှုမြင်စရာမလိုဘဲ အင်စတီကျူးရှင်းများ၏ ဥပဒေသများအရ ကျိုးကြောင်းဆီလျော်စွာ ပြုပြင်ပြောင်းလဲသူများအဖြစ် ရှုမြင်နိုင်သည်။ အခန်းကဏ္ဍများကို အခြေအနေတစ်ရပ်တွင် တွေ့ရ သည့် လူတို့၏ ဝိသေသလက္ခဏာများဖြစ်သည့် ဆောင်ရွက်ချက်များ၏ ပုံစံတစ်ခုအဖြစ် ဖြစ်ပေါ်မှု (Pattern) နှင့် ရည်မှန်းချက်များ၊ စိတ်သဘောထား၊ အမူအကျင့်များကို နေသားတကျ ပုံဖော်ခြင်း များအဖြစ် ရှုမြင်နိုင်သည်။ အင်စတီကျူးရှင်းများအား ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာရှုထောင့်မှ လေ့လာရာတွင် ယုံကြည်မှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများ၏ လူ့အဖွဲ့အစည်းအား တည်ငြိမ်မှုဖြစ်စေခြင်းကို ဇောင်းပေးလေ့လာသည်။ ဤနေရာ၌ လူမှုယုံကြည်မှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများဟုဆိုရာတွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ လက်ခံထားသည်များနှင့် အခြားလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများမှ ဖိအားပေး သက်ရောက်စေသည်များ နှစ်မျိုးလုံးပါဝင်နိုင်ပါသည်။  norms  နှင့် values များကို လူ့အဖွဲ့အစည်းအား တည်ငြိမ်စနစ်တကျရှိစေခြင်းအတွက် လိုအပ်သည့် အခြေခံများအဖြစ် သတ်မှတ်နိုင်သည်။
https://my.wikipedia.org/wiki/Draft%3A%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%9D%E1%80%90%E1%80%BA%E1%80%9E%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%AC%E1%80%85%E1%80%B6%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%20%E1%80%A1%E1%80%84%E1%80%BA%E1%80%85%E1%80%90%E1%80%AE%E1%80%80%E1%80%BB%E1%80%B0%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%8F%E1%80%B9%E1%80%8D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20%28Normative%20Institutional%20Pillar%29
အုန်း၊ဒေါ် (ပါမောက္ခ)
ဒေါ်အုန်း (၁၉၁၃-၂၀၀၃)သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပါဠိပါမောက္ခ ဖြစ်သည်။ မန္တလေးဥပစာကောလိပ်အား သီးခြားတက္ကသိုလ်အဖြစ် ရပ်တည်လာနိုင်ကြိုးစားသူများထဲ ဦးကိုလေးနှင့်အတူ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့၍ မန္တလေးတက္ကသိုလ် တည်ထောင်သူ၊ ပါဠိ(အရှေ့တိုင်းပညာဌာန)၊ မန္တလေးတက္ကသိုလ်၏မိခင်ကြီး အဖြစ် တင်စားခံရသည်။ သူသည် စစ်ကြိုခေတ်ကာလ ထင်ရှားသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လွတ်လပ်ရေးတိုက်ပွဲဝင်စာရေးဆရာ၊ နိုင်ငံရေးသမားတစ်ဦးအဖြစ်လည်း ထင်ရှားသည်။ သူ့ကို ရဲရဲတောက် သပိတ်မှောက် ကျောင်းသူ ရွှေမန်းသူ မအုန်း အဖြစ်လည်းကောင်း၊ စစ်ပြီးခေတ် တွင် အမ်အေမအုန်း၊ ပါဠိဒေါ်အုန်းဟူ၍ လည်းကောင်း သိကြသည်။ ငယ်ဘဝ ၁၉၁၃ ခုနှစ် ဇူလိုင်လ ၆ ရက် တွင် မန္တလေးမြို့ ကဉ္စဏီမဟီရပ်ကွက် တရုတ်တန်းတွင် မွေးဖွားသည်။ဖခင်ဖြစ်သူမှာ ဦးကျော်ရာ ဖြစ်ပြီး မိခင်ဖြစ်သူ မှာ ဒေါ်ခင် ဖြစ်သည်။သူသည် မွေးချင်းရှစ်ယောက်အနက် သတ္တမမြောက်သမီး ဖြစ်သည်။ ပညာရေး သူမအသက် ၁၂နှစ် အရွယ် ၁၉၂၅ ခုနှစ် တွင် အမျိုးသမီးနေရှင်နယ်ကျောင်း၌ စတင်ပညာသင်ကြားသည်။ ၁၉၃၀ ပြည့်နှစ်တွင် ပါဠိနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့် အမျိုးသားနေရှင်နယ်ကျောင်း မှနေ၍ ဆယ်တန်းအောင်သည်။ဆက်လက်၍ မန္တလေးဥပစာကောလိပ် သို့တက်ရောက်သည်။အဆိုပါကောလိပ်မှ ပါဠိနှင့် သဘာဝတ္ထ(ယုတ္တိဗေဒ) နှစ်ဘာသာဂုဏ်ထူးဖြင့် ဥပစာ တန်း(အိုင်အေ) အောင်မြင်သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါဠိဝိဇ္ဇာဂုဏ်ထူးတန်း သို့ တက်ရောက်ကာ ၁၉၃၈ ခုနှစ် တွင် ပါဠိမဟာဝိဇ္ဇာဘွဲ့ ဂုဏ်ထူးရရှိသည်။ တာဝန်ထမ်းဆောင်ခဲ့မှုများ ရန်ကုန်တက္ကသိုလ် ပါဠိဌာန နည်းပြ (၁၉၃၆-၁၉၄၁) မန္တလေးဥပစာ ကောလိပ် ပါဠိဌာန လက်ထောက်ကထိက(၁-၆-၁၉၄၇ မှ ၃၁-၅-၁၉၄၈) မန္တလေး ဒီဂရီကောလိပ် ပါဠိဌာန လက်ထောက် ကထိက(၁-၆-၁၉၄၈ မှ ၃၁-၅-၁၉၅၁) မန္တလေးတက္ကသိုလ် ပါဠိကထိက(၁-၆-၁၉၅၁ မှ ၁၈-၈-၁၉၅၈) မန္တလေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး(၁-၁၀-၁၉၅၇ မှ ၁-၄-၁၉၅၈) မန္တလေး တက္ကသိုလ်၏ ပထမဆုံးသော ဝိဇ္ဇာမဟာဌာနမှူး(၂၁- ၁၁- ၁၉၅၈မှ၁၁-၁၁-၁၉၆၆) သီးခြားတက္ကသိုလ် ပါဠိဌာန ပါမောက္ခ(၁၉-၈-၁၉၅၈ မှ ၁၁-၁၁-၁၉၆၆) ထောင်စစ်ဆေးရေး အကြီးအကဲ (၁၉၄၉ မှ ၁၉၅၁) မန္တလေးအနုပညာနှင့်ပန်တျာကျောင်းတွင် အုပ်ချုပ် ရေးအဖွဲ့ဝင်(၁၉၅၂ မှ ၁၉၅၈) အမျိုးသားရေးလှုပ်ရှားမှုများ သူသည် မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ၁၉၃၁ ခုနှစ် ဩဂုတ်လက ကျင်းပခဲ့သည့် ပြည်လုံးကျွတ် အမျိုးသမီး ညီလာခံ တွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူသည်။ယင်းအပြင် မန္တလေးဥပစာကောလိပ်ကို ဖျက်သိမ်းပစ်မည်ဆိုသော ရန်ကုန်တက္ကသိုလ် အာဏာပိုင်တို့၏ ရာဇသံပေးမှုအပေါ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြကြရာ ဦးဆောင်သူထဲ သူ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးနု တို့ ကျောင်းသားဘဝ ၁၉၃၆ ခုနှစ်တွင် ထိုသူတို့ တက္ကသိုလ်မှ ထုတ်ပယ်ခံရချိန် ပေါ်ပေါက်လာသောသပိတ် တွင်လည်း ဒေါ်အုန်းသည် သပိတ်စခန်းရုပ်သိမ်းသည်အထိ တက်ကြွစွာ ပါဝင်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ အင်းဝမြို့တွင် စစ်ပြေးအဖြစ် ခိုလှုံနေစဉ် အင်းဝဂုဏ်ရည်အမည်ဖြင့် စေတနာကျောင်းဖွင့်ကာ သခင်အေးမောင်လေး၊ ဦးကြည်မြ၊ ဒေါ်နှင်းဦးတို့နှင့်အတူ လူငယ်၊ လူရွယ်များ၏ ပညာ တတ်မြောက်ရေးကို အခမဲ့သင်ကြားသည်။သူမသည် ရန်ကုန်အာရှလူငယ် အစည်းအရုံးဗဟိုဌာနချုပ်၏ အမျိုးသမီးဥက္ကဋ္ဌအဖြစ် ၃၀-၈-၁၉၄၃ မှ ၄-၁-၁၉၄၅ အထိ လည်းကောင်း၊ ၁၉၄၅ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့တွင် ပထမဆုံးအမျိုးသမီးအမှုဆောင် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ ထင်ရှားသည့် ဆောင်ရွက်ချက်များ ပါဠိစာပေသမိုင်း(၁၉၅၀) အပါအဝင် ဌာနသုံးပါဠိသဒ္ဒါ ကျမ်းများ နှင့် ဘာသာဗေဒကျမ်းများကို ရေးသားပြုစုခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံပါဠိကျမ်းစာအဖွဲ့ (PTS) အတွက် ၁၉၅၆ ခုနှစ်တွင် စရိယပိဋက အဋ္ဌကထာကျမ်းကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ ဘဝနိဂုံး ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၈ရက်တွင် ကွယ်လွန်သည်။ ရေးသားထုတ်ဝေခဲ့သော လုံးချင်းစာအုပ်များ ဆိုဗီယက် လောက (၁၉၄၃) မိန်းမကိစ္စ မလောက(၁၉၄၄-၁၉၄၅) ကိုးကား မြန်မာ စာရေးဆရာများ မြန်မာ အမျိုးသမီး စာရေးဆရာများ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ မြန်မာ တက္ကသိုလ် ပါမောက္ခများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%81%8A%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%20%28%E1%80%95%E1%80%AB%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%B9%E1%80%81%29
နာထကရဏတရား
(မိမိ၏) ကိုးကွယ်-အားထား-ထောက်တည်-မှီခိုရာကိုပြုတတ်သော (တရား) ၁၀-ပါး ရှိပါသည်။ နာထတရား (၁၀)ပါး "သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။" "ရဟန်းတို့. ....မှီခိုအားထားရာ နာထတရား ထင်ရှားရှိကုန်လျက် နေထိုင်ကြပါ။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့....မှီခိုအားထားရာ နာထတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။" မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထပုဂ္ဂိုလ်)သည်ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲ လည်းသေကျေပျက်စီးရတတ်၏။ လောက၌ ရှိကြသူအပေါင်းတို့သည် တစ်ဦးအပေါ် တစ်ဦးအမှီပြု၍ အသက်မွေးဝမ်း ကျောင်း ကြရသည်။ အမှီမရှိသောသူသည် ကြီးပွားတိုးတတ်ရန်မဖြစ်နိုင်ပေ။ အနည်းဆုံးအားဖြင့် သားသမီးတိုသည် မိဘကိုမှီကြရသည်။ မှီစရာမိဘမရှိသော် မိမိကိုယ်ကိုမှီကြရသည်။ မိမိသည်သာလျင် မိမိ၏အကောက်းဆုံးသော မှီရာဖြစ်သော်လည်း မှီပုံမှီနည်း မှန်ကန်မှုရှိရပါမည်။ မြတ်စွာဘုရားရှင်သည် မှီခိုအားထားရာ အစစ်အမှန်တို့ကို ထုတ်ယူပြသဟောကြားထားတော်မူပါသည်။ ထိုတရားတို့မှာ ၁။ သီလရှိခြင်း ပထမနာထဖြစ်သော သီလသည် မိမိ၏မှီခိုရာ အစစ်ဖြစ်သည်။ သီလရှိသောသူ ၏ စိတ်၌ဖြစ်ပေါ်သောတောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံလိမ့်မည်ဟု ဟောတော်မူသည့်အတိုင်း နောက်အနာဂတ် သံသရာခရီးတလျှောက်တွင် အမှီပြုနိုင်သော အမှီကောင်းတစ်ခုဖြစ်သည်။ ၂။ ဗဟုသုတရှိခြင်း အကြား+အမြင် (ဗဟုသုတ ) များပြားခြင်းဆိုသည်မှာ ကောင်းခြင်းသုံးဖြာနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားတရားတော်တို့ကို ရှေးဦးစွာဆရာထံမှ စနစ်တကျသင်ယူခြင်းသည် အကြား နှင့်ပြည့်စုံခြင်းဖြစ်သည်။ထို့နောက် ကိုယ်တိုင်မျက်မှောက်သိအောင် မြင်အောင် အားထုတ်ခြင်း အမြင်နှင့် ပြည့်စုံခြင်းဖြစ်သည်။ အောက်ထပ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးကို သင်သိကျင့်သိအနေဖြင့် ထွင်းဖောက်သိရှိပါက မိမိသည်ကျိန်းသေအပါယ်သို့မကျရောက်ရသော စူဠသောတာပန် အဖြစ်သို့ရောက်မည်ဖြစ်သည်။ ဤသည်မှာ ဒုတိယအမှီကောင်းဖြစ်သည်။ ၃။ ကလျာဏမိတ္တ ရှိခြင်း မိတ်ဆွေကောင်ရရှိခြင်းသည် အမှီကောင်း စင်စစ်ဖြစ်သည်။ မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို ရရှိကြသဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားကြကုန်သော သူတို့သည် မရေမတွတ်နိုင်အောင် ရှိကြပြီဖြစ်သည်။ မိမိသည်လည်း မိမိနှင့် လျော်ကန်သင့်မြတ်သော မိတ်ဆွေကောင်းကို ရရှိခြင်းသည် သံသရာခရီးအဆုံးသတ်ဖို့ရန်အတွတ် အမှီကောင်းဖြစ်ပေသည်။ ၄။ ဆုံးမလွယ်ခြင်း ဆုံးမလွယ်သော သူသည် အများတကာချစ်ခင်ကြသဖြင့် မိမိ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင် ကူညီအကျိုးဆောင်မည့်သူများနှင့် တွေ့ဆုံရန်အခွင့်အရေးများစွာရိသည့်အတွက် ဆုံးမလွယ်ခြင်းသည် မိမိ၏အမှီကောင်းတစ်ခုဖြစ်သည်။ ၅။ ကူညီရိုင်းပင်းမှုရှိခြင်း တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှုသည် လိုအပ်လှပါသည်။ သီလကျင့်စဉ်ကို အပြန်အလှန် ကူညီဖြည့်ကျင့်ခြင်း ၊ သမာဓိကျင့်စဉ်ဖြစ်ပေါ်စေရန်ကူညီခြင်း၊ ပညာကျင့်စဉ် ဖြစ်ပေါ်လာစေရန် သင်ကြားပြသခြင်း ယင်းဓမ္မဒါနကုသိုလ်တို့သည် ကောင်းကျိုးတရားကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့် မိမိ၏ မှီခိုအားထားရာ တရားတစ်ခုပင်ဖြစ်သည်။ ၆။ တရားကိုမြတ်နိုးခြင်း သုတ္တန်တရားတော်၊ အဘိဓမ္မာတရားတော်၊ ဝိနည်းတရားတော်တို့ အပေါ်၌ ရိုသေလေးစားစွာ သင်ယူပို့ချ ကျင့်ကြံခြင်းသည် ကောင်းကျိုးကိုသာဖြစ်ပေါ်စေတတ်သော သဘောကြောင့် မှီခိုအားထားရာ တရားတစ်ပါးပင်ဖြစ်သည်။ ၇။ လုံလဝီရိယ ရှိခြင်း ဝီရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်း ရပ်သည် မပြီးစီးဘဲ ပြည့်စုံနိုင်ပါအံနည်း။ ပြီးစီးပြည့်စုံနိုင်သည်သာ ဖြစ်၏။ ဟု ဟောတော်မူသည့်အတိုင်း မိမိအားထုတ်နေသော တရားတို့အပေါ်၌ လုံလဝီရိယ ရှိမှသာပြည့်စုံနိုင်မည်ဖြစ်သည်။ ကြိုးစားက ဘုရားဖြစ်နိုင် ဆိုသည်စကားအတိုင်း ထကြွသောလုံလဝီရိယ ရှိခြင်းသည် မိမိ၏မှီခိုရာ အစစ်ပင်ဖြစ်သည်။ ၈။ ရောင့်ရဲလွယ်ခြင်း ရဟန်းတို့..... ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော၊ လိုခြင်မှု ဣစ္ဆာ(တဏှာ)မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူသဖြင့် မိမိသည် အလိုနည်းသောသူ မိမိရရှိသမျှနှင့် ရောင့်ရဲလွယ်ကာ မိမိအားထုတ်သင့်သည်များကို အားထုတ်နိုင်ခြင်းသည်မှီခိုရာအစစ်တစ်ခုဖြစ်ပေသည်။ ၉။ သတိရှိခြင်း သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုး ဟူသော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးကြီးဆုံးသောကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသော အာရုံတို့ကို အမြဲအမှတ်ရနေမှုနှင့် ပြည့်စုံနေသောသူသည် မိမိ၏ မှီခိုရာ အစစ်ကိုရရှိသောသူပင်ဖြစ်သည်။ ၁၀။ ဝိပဿနာပညာ မဂ်ပညာ ရှိခြင်း ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ပြည့်စုံသောသူ ဖြစ်ပါက အကောင်းဆုံးသော မှီခိုအားထားရာကို ရရှိနေသောသူပင်ဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် ဘုရား ကိုးကား ဗုဒ္ဓဘာသာ ဝေါဟာရများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%91%E1%80%80%E1%80%9B%E1%80%8F%E1%80%90%E1%80%9B%E1%80%AC%E1%80%B8