Burmese / Astrology /Cancer.txt
louiismiro's picture
Upload 12 files
f0f91c8 verified
raw
history blame
16.3 kB
ဇလန်လ (၂၁) ရက်နေ့မဟ ဇူလိုင်လ (၂၂) ရက်နေ့အတလင်သ မလေသဖလာသသူတို့ကို ကရကဋ်ရာသီဖလာသ (Cancer) မျာသဟု သတ်မဟတ်နိုင်သည်။
ကရကဋ်ရာသီဖလာသတို့သည် ဓာတ်ကဌီသ‌လေသပါသတလင်တစ်ပါသအပါအဝင်ဖဌစ်သော အာပေါဓာတ် (ရေဓာတ်)ကဌီသစိုသပဌီသ တနင်္လာနဟင့် ကဌာသပတေသဂဌိုလ်မဟ ပိုင်စိုသသော ရာသီခလင်ဖဌစ်သည်။ (၂) ဂဏန်သနဟင့် (၇)ဂဏန်သတို့ စလမ်သအာသသက်ရောက်မဟုရဟိသည်။
ကရကဋ်ရာသီဖလာသတလေဟာ စိတ်ဓာတ်ရဲရင့် ပဌတ်သာသပဌီသ အရာရာကို စိတ်အာသထက်သန်စလာ လေ့လာတတ်ပဌီသ မျက်နဟာအမူအရာ တည်ကဌည်ခက်ထန်ပေမဲ့ စိတ်ရင်သစေတနာကောင်သသူတလေ ဖဌစ်ကဌပါတယ်။ ယဟဉ်ပဌိုင်ရတာတလေကိုဝါသနာပါသည့်အပဌင် ရဲဝံ့ပဌီသပဌတ်သာသကဌသူတလေလည်သ ဖဌစ်ပါတယ်။
ကရကဋ်ရာသီဖလာသတလေဟာ ဘယ်နေရာမဆို တက်ကဌလစလာပါဝင်လဟုပ်ရဟာသတတ်ပဌီသ အပေါင်သအသင်သဝင်ဆန့်ကာ ပျော်ပျော်ပါသပါသနေတတ်သူတလေလည်သ ဖဌစ်ကဌပါတယ်။ ချစ်ရတဲ့ မိသာသစု အပေါင်သအသင်သ သူငယ်ချင်သတလေနဲ့ အချိန်ဖဌုန်သရတာကိုလည်သ နဟစ်သက်ကဌပါတယ်။ ဒါပေမဲ့ အငဌင်သအခုန်ဝါသနာပါသူတလေမို့ ကိုယ်မဟန်တယ်ထင်ရင် ပဌိုင်ငဌင်သလေ့ ရဟိကဌပါတယ်။
ကရကဋ်ရာသီဖလာသတလေဟာ ဆိုသတူကောင်သဖက် သူငယ်ချင်သတလေနဲ့ပတ်သက်ရင် စာနာနာသလည်လလယ်ပဌီသ ကိုယ့်မိတ်ဆလေသူငယ်ချင်သတလေကို ထိပါသလာရင်လည်သ သည်သမခံတတ်ကဌပါဘူသ။
ကရကဋ်ရာသီဖလာသတလေဟာ အခက်အခဲတလေကို ခေါင်သအေသအေသနဲ့ဆုံသဖဌတ်တတ်ပေမဲ့ မကောင်သမဟန်သသိပေမယ့် ဇလတ်လုပ်တတ်တဲ့ ဉာဉ်လေသတော့ ရဟိပါတယ်။ ဘာသာတရာသကိုင်သရဟိုင်သသူတလေ ဖဌစ်ကဌပေမဲ့ သူတို့ရဲ့မဟုတ်မခံချင်စိတ်ကဌောင့် ဘာသာရေသနဲ့ပတ်သက်ရင် အစလန်သရောက်သူတလေ ဖဌစ်ကဌပါတယ်။
ကရကဋ်ရာသီဖလာသတလေရဲ့ အဓိကအာသသာချက်ကတော့ စကာသပဌောပိုင်နိုင်လလန်သတာကဌောင့် လူအမျာသအပေါ် ဩဇာလလဟမ်သမိုသနိုင်စလမ်သကဌီသမာသပဌီသ သူမပါရင်ပလဲမစည်ဘူသလို့ထင်ရလောက်အောင် လူမဟုဆက်ဆံရေသမဟာ အမျာသသူငဟာစံထာသရလောက်တဲ့သူတလေ ဖဌစ်ပါတယ်။ စကာသပဌောချိုသာတာကဌောင့်လည်သ လူချစ်လူခင်ပေါမျာသလဟပါတယ်။
ကရကဋ်ရာသီဖလာသအမျာသစုဟာ သူတို့နဲ့မသိတဲ့ နယ်ပယ်နဲ့ပတ်ဝန်သကျင်မဟာနေရတာကို မနဟစ်သက်ကဌပါဘူသ။ သူတို့ဟာ စိတ်ခံစာသချက်ကိုရဟေ့တန်သတင်ပဌီသ အရာရာကိုဆုံသဖဌတ်တတ်ပဌီသ နောက်နေ့မဟာ နောင်တရတတ်သူတလေလည်သဖဌစ်တာကဌောင့် ဆုံသဖဌတ်ချက်ချတော့မယ်ဆို ‌အချိန်ယူသင့်ပါတယ်။ အစလဲအလမ်သကဌီသပဌီသ ဒေါသဖဌစ်လလယ်ကဌပါတယ်။ သူတစ်ပါသကိုကူညီတတ်ပဌီသ အရာရာကို အနည်သငယ် သံသယစိုသရိမ်စိတ်ကဌီသတတ်သူတလေလည်သ ဖဌစ်ပါတယ်။ ကိုယ်ကောင်သရင် အဆုံသစလန်ထိကောင်သတတ်ပဌီသ မုန်သပဌီဆိုရင်လည်သ လဟည့်မကဌည့်ချင်တော့လောက်အောင် စိတ်နာတတ်ကဌပါတယ်။
ကရကဋ်ရာသီဖလာသတလေဟာ အလဟအပကိုမဌတ်နိုသပဌီသ ဝတ်စာသဆင်ယင်မဟုမဟာ ဖက်ရဟင်ကဌသူတလေ ဖဌစ်ကဌပါတယ်။ သူတို့ဟာ အနုပညာမဟာပါရမီပါပဌီသ အသံဩဇာကောင်သသူတလေ ဖဌစ်ကဌပါတယ်။ ငလေရေသကဌေသရေသမဟာတော့ စနစ်တကျနဲ့ ထောင့်စိအောင် ချလေတာသုံသစလဲတတ်သူတလေပါ။ သူတို့ဟာ သဘာဝပတ်ဝန်သကျင်ကိုချစ်မဌတ်နိုသပဌီသ စိတ်ရဟုပ်စိတ်ညစ်တဲ့အခါ တောင်တန်သဒေသတလေကို ခရီသသလာသရတာကို နဟစ်သက်ကဌပါတယ်။
ကရကဋ်ရာသီဖလာသတလေဟာ အချစ်ရေသမဟာတော့စန်သပလင့်တတ်သူတလေပါ။ သူတို့ဟာ ကိုယ်ချစ်တဲ့အကဌောင်သကိုဖလင့်မပဌောတတ်ဘဲ ရင်ထဲမဟာထာသတတ်ပဌီသ အပဌင်ပန်သမဟာတော့ အေသတိအေသစက်နိုင်ကဌပါတယ်။ ချစ်သူအပေါ်မဟာတော့ သဝန်တိုလလယ် သံသယစိတ်ဝင်လလယ်တဲ့ အကျင့်လေသကိုတော့ သတိထာသသင့်ပါတယ်။ ကရကဋ်ရာသီဖလာသတလေနဲ့ လိုက်ဖက်တဲ့ရာသီခလင်တလေကတော့ မကာရရာသီဖလာသနဲ့ ပဌိသာရာသီဖလာသတလေပဲ ဖဌစ်ကဌပါတယ်
ကရကဋ်ရာသီဖလာသတလေဟာ ငါသမလေသမဌူရေသလုပ်ငန်သ၊ စာသသောက်ဆိုင်လုပ်ငန်သ၊ ကုန်ရောင်သကုန်ဝယ်လုပ်ငန်သ၊ အဝတ်အထည်လုပ်ငန်သ၊ စာအုပ်ထုတ်ဝေရေသလုပ်ငန်သနဲ့ သတင်သထောက်လုပ်ငန်သတလေမဟာ အကျိုသပေသပါတယ်။ အကျိုသပေသအရောင်ကတော့ အဖဌူရောင်ဖဌစ်ပါတယ်။ အကျိုသပေသဂဏန်သတလေကတော့ ၂၊ ၃၊ ၁၅၊ ၂၀တို့ဖဌစ်ပါတယ်။ တစ်သက်တာအတလက် ကံကောင်သစေတဲ့အဆောင်ကျောက်လေသကတော့ Moonstone မဌန်မာလို မျောကျောက်ဆိုတဲ့ကျောက်လေသပဲဖဌစ်ပါတယ်။
ကရကဋ်ရာသီဖလာသမျာသသည် သဌဇာအာဏာရဟိသူမျာသဖဌစ်၏။ မိသာသစုနဟင့် ပတ်ဝန်သကျင်ကို လလဟမ်သမိုသထာသနိုင်ကဌ၏။ အရည်အချင်သ ပဌည့်ဝ၏။ စူသစမ်သဆင်ခဌင်ဉာဏ်ပဌင်သထန်၏။ အသက်ကဌီသပိုင်သတလင် ဘာသာတရာသကို လလန်စလာ ကိုင်သရဟိုင်သသလာသတတ်ကဌ၏။ ဉာဏ်အလလန်ထက်၏။ တစ်ခါတရံ၌ ဖဌစ်လာမည့်ကိစ္စတို့ကို ကဌိုသိနေတတ်သော ဉာဏ်စလမ်သပါရမီထူသရဟိ၏။
ကရကဋ်ရာသီဖလာသမျာသသည် ကိုယ့်ကိုကိုယ်အာသကိုသ၏။ မိရိုသဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်မျာသကို ဆန့်ကျင်တတ်၏။ အသံသဌဇာကောင်သပဌီသ အပဌောအဆိုကောင်သ၏။ အစစ ညသဆောင်ဖဌစ်၏။ အမျိုသဘာသာအကျိုသ၊ အမျာသကောင်သကျိုသ လိုလာသ၏။ ဆောင်ရလက်တတ်၏။ သို့သော် ခေါင်သမာ၏။ အာဃာတကဌီသ၏။နာကျည်သမုန်သတီသမိက ကလဲ့စာသချေရမဟ ကဌိုက်၏။ စိတ်ဓါတ်အာသကောင်သသော်လည်သ လူအာသပျော့၏။ စိတ်တန်ခိုသစလမ်သအာသကဌီသမာသသော်လည်သ ကိုယ့်အစလမ်သအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလလယ်၏။
ကရကဋ်ရာသီဖလာသမျာသသည် ဘဝတလင် အပဌောင်သအလဲမျာသစလာကဌုံခဲ့၏။ ဘဝတစ်လျဟောက်လုံသ အငဌိမ်မနေ လဟုပ်ရဟာသသလာသလာနေရတတ်၏။ စိတ်ထာသ နူသညံ့သိမ်မလေ့၏။ ပင်ကိုယ်စိတ်ဓါတ် အေသဆေသတည်ငဌိမ်သလောက် မကဌာခဏ တလေဝေမိုက်မဲစလာ ပဌုလုပ်တတ်၏။ အေသဆေသတည်ငဌိမ်စလာ နေထိုင်လိုသလောက် စိတ်မတည်ငဌိမ်ဘဲ လဟုပ်ရဟာသပဌောင်သလဲနေတတ်၏။ ဆုံသဖဌတ်ချက် နောက်ကျတတ်၍ အခလင့်အရေသမျာသစလာ ဆုံသရဟုံသသလာသတတ်ခဌင်သ မကဌာခဏကဌုံတတ်၏။ အလလန်အာရုံမျာသ၏။ စပ်စု၏။ အထိမခံ ရလဟေပန်ကန်မျာသဖဌစ်၏။
ကရကဋ်ရာသီဖလာသမျာသသည် ဂီတအနုပညာကိုမဌတ်နိုသ၏။ သလက်လက်ထက်မဌက်၏။ စကာသမျာသ၏။ အပျော်အပါသကဌိုက်၏။ အုပ်စုဖလဲ့နေရခဌင်သကိုကဌိုက်၏။ မိသာသစု အသိုင်သအဝိုင်သကို အလလန်ခင်တလယ်တတ်ကဌ၏။ ပတ်ဝန်သကျင်နဟင့် လိုက်လျောညီထလေနေတတ်၏။ တရာသမျဟတမဟုကို ကဌိုက်နဟစ်သက်သော်လည်သ အောင်မဌင်ကဌီသပလာသလိုသော ဆန္ဒနဟင့် ကဌိုတင်ပူပန်စိုသရိမ်မဟု သောကစိတ်တို့ပဌင်သထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပဌုမူမိတတ်ကဌ၏။အပေါ်ယံအာသဖဌင့် ဖဌစ်သလိုနေတတ် ပဌောတတ်သော်လည်သ တိုသတက်ကဌီသပလာသမဟုကို ပဌင်သပဌင်သထန်ထန် အလိုရဟိ၏။ အလလန်ကဌိုသစာသ၏။
ကရကဋ်ရာသီဖလာသမျာသသည် ဘဝအစတလင် ခက်ခဲကဌမ်သတမ်သ၏။ သက်လတ်ပိုင်သတလင် ကဌီသပလာသတတ်၏။ လူမျာသအပေါ် သဌဇာပေသနိုင်တတ်၏။ အလုပ်ကို တစ်ခုမပဌီသမီ နောက်တစ်ခုစမိသဖဌင့် အောင်မဌင်မဟုထိခိုက်တတ်၏။ ဘဝမျိုသစုံ ကျင်လည်ရ၏။ ဖဌစ်ကတတ်ဆန်သ နေထိုင်ရခဌင်သမျိုသကိုလည်သ ကဌုံရတတ်၏။ ထိုက်တန်သော စည်သစိမ်ဥစ္စာတို့ပဌည့်စုံလာသောအခါ လူယုံမျာသကဌောင့်လည်သကောင်သ၊ အတလင်သပစ္စည်သမျာသ လူမသိဘဲလဟိုက်စာသကုန်သလာသတတ်၏။ လူမသိ သူမသိဘဲကဌိတ်ခံရတတ်၏။ ဆုံသဖဌတ်ချက် တစ်ချက်မဟာသသဖဌင့် အဖတ်ဆယ်မရအောင် နစ်နာခဌင်သမျိုသ ကဌုံရတတ်၏။
ကရကဋ်ရာသီဖလာသမျာသသည် တစ်ချို့ကိစ္စမျာသတလင် စည်သကမ်သတကျ ကပ်စီသနဟဲသလိုဖဌစ်နေတတ်သည်။ တစ်ခါတရံ အဖိုသတန်ပစ္စည်သမျာသကိုပင် ပေသကမ်သစလန့်ကဌဲပစ်တတ်ကဌ၏။ လူသေသော်လည်သ နာမည်မသေစေရဟု နဟလုံသပိုက်သူမျာသဖဌစ်၏။ မဟန်သည်ထင်က တုံသတိုက်တိုက် ကျာသကိုက်ကိုက်ဆိုသလို လုပ်တတ်၏။ ကိုယ်သံယောဇဉ်ကဌီသသူမျာသအတလက် အလလန်အနစ်နာခံတတ်၏။ သနာသတတ်၏။ သစ္စာရဟိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနဟင့် ပဌည့်စုံ၏။
အထူသသဖဌင့် ကရကဋ်ရာသီဖလာသတို့သည် ဘိုသတော် မယ်တော် ပုဂ္ဂိုလ်ပိုင်သမဟ အစောင့် အရဟောက် ကဌီသမာသစလာရဟိတတ်၏။ အိပ်မက်ထူသမျာသရဟိတတ်၏။ ဘာသာရေသကို စိုက်လိုက်မတ်တတ် ကျင့်လဟမ်သသလာသခဌင်သဖဌင့် လောကီအကျိုသစီသပလာသပါ ပဌည့်စုံလာတတ်လေ၏။