အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ဗြိစ္ဆာရာသီဖွား (Scorpio) များဟု သတ်မှတ်နိုင်သည်။ ဗြိစ္ဆာရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး အင်္ဂါဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၉)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။ ဗြိစ္ဆာရာသီဖွားတွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြပါတယ်။ ခေါင်းမာတဲ့ရာသီခွင်တွေဖြစ်ပေမဲ့ သူငယ်ချင်းတွေအတွက်ဆို ဘာမဆိုအနစ်နာခံလေ့ရှိပြီး အလျော့ပေးတတ်တာကြောင့် သူငယ်ချင်းကောင်းတွေအဖြစ် လူချစ်လူခင်ပေါကြတဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ နှုတ်လုံပြီး အကြောင်းအရာတွေကို တိုင်ပင်တဲ့အခါမှာ စိတ်ချရတတ်တာကြောင့် သူငယ်ချင်းတွေရဲ့ အတိုင်ပင်ခံတစ်ဦးဆိုလည်း မမှားပါဘူး။ ဗြိစ္ဆာရာသီဖွားအများစုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတက်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို မှားမှားမှန်မှန် ဇွတ်တိုးပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ စကားပြောဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ခေါင်းမာတဲ့သူတွေဖြစ်တာကြောင့် အရာရာကို အားမနာစတမ်း ပြတ်ပြတ်သားသားလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ ငွေကြေးသုံးစွဲရာမှာလည်း စေ့စပ်စွာသုံးစွဲတတ်ပြီး အသုံးနဲ့အဖြုန်းကို ခွဲခြားသိသူတွေ ဖြစ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး အရာရာမှာ ထောင့်စေ့တာကြောင့် လုပ်ငန်းခွင်နယ်ပယ်မှာ နေရာကောင်းရတတ်ကြပါတယ်။ သူတို့ဟာ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ ပန်းထိမ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အကျိုးပေးကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ဟာ ဘာအလုပ်ကိုလုပ်လုပ် ဘာသာတရားကို ဦးထိပ်ပန်ပြီး သမာအာဇိဝလုပ်ကိုင်မယ်ဆို စီးပွားဖြစ်ထွန်းလွယ်ပါတယ်။ ကျန်းမာရေးမှာတော့ ဗြိစ္ဆာရာသီဖွားတွေဟာ ကူးစက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါနဲ့ အစာအိမ်ရောဂါတို့ကို သတိထားဖို့ လိုပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ အများအားဖြင့် ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး စန်းပွင့်တတ်ကြပါတယ်။ နှလုံးသားရေးရာမှာတော့ ချစ်မိပြီဆို ဘဝကိုပုံပေးဖို့ ဝန်မလေးကြတဲ့ရာသီခွင်တွေ ဖြစ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ ချစ်သူအပေါ်အလိုလိုက်ပြီး အပြန်အလှန်နားလည်မှုနဲ့ ဘဝကို လျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့ အချစ်ကြီးတာကြောင့် ကိုယ့်ချစ်သလိုမချစ်ဘူးလို့ ခံစားမိရင်တော့ နောက်ဆုတ်ဖို့ ဝန်မလေးတက်ပဲ စိတ်အပြောင်းအလဲမြန်သူတွေဖြစ်ကြပါတယ်။ အချစ်ဦးနဲ့လွဲတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ပြိဿရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေအတွက် အကျိုးပေးဂဏန်းတွေကတော့ ၈၊ ၁၁၊ ၁၈၊ ၂၂ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ကြက်သွေးရောင်၊ အနီရောင်နဲ့ သံချေးရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ မြပြကျောက်လို့ခေါ်တဲ့ (Aquamarine) ကျောက်လေးပဲ ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် အဌမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ကင်းမြီးကောက်တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဗြိစ္ဆာရာသီခွင်ကို အင်္ဂါဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသည်။ ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။ ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။ ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင် မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။ ဗြိစ္ဆာရာသီဖွားတွေဟာ အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကို ဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။ ဗြိစ္ဆာရာသီဖွားတို့၏ ဘဝတွင် မိမိအပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသော ဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များ ထွက်ပေါ်လာရတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကို လုံးဝလက်မခံနိုင်ကြချေ။ ဗြိစ္ဆာရာသီဖွားတွေဟာ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘဝတွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ) သက်ရောက်မှုရှိနေတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘဝတွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘဝ၏ အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။ ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။ အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။ ဗြိစ္ဆာရာသီဖွားတွေဟာ အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့် တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ဝန်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။ ဗြိစ္ဆာရာသီဖွား အမျိုးသားများသည် အမျိုးသမီးနှင့်ပတ်သက်ပြီး ပျက်စီးနစ်နာတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံ မာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီး လူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါက ပြင်းထန်လာ၏။ ဗြိစ္ဆာရာသီဖွားတွေဟာ လူ့သဘာဝကို သဘောပေါက်ကာ ပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြံအရံများ၏။ အဝတ်ကောင်း၊ အစားကောင်းများ ဝတ်ရတတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စ ဖြင့်ရပ်ထားရတတ်၏။ ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံ ကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမား အကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊ မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာ ဘဝတွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။ ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှ ပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာ ခံရတတ်၏။