ဇွန်လိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်းမွေးဖွားသူတို့ကို သိဟ်ရာသီဖွား (Leo) များဟု သတ်မှတ်နိုင်သည်။ သိဟ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး တနင်္ဂနွေဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁) ဂဏန်းစွမ်းအား သက်ရောက်မှုရှိသည်။ သိဟ်ရာသီဖွားတွေဟာ ဩဇာအာဏာရှိသူများဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတွေ ဖြစ်ကြပါတယ်။ ဉာဏ်ရည်ထက်မြတ်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေတတ်သူတွေ ဖြစ်ကြပါတယ်။ လူကြီးလူကောင်းဆန်ပြီး အနေအထိုင်အေးဆေးကြပါတယ်။ နွေးထွေးကြင်နာတတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သနားကြင်နာစိတ်ရှိပြီး ပေးကမ်းစွန့်ကြဲလိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။ သိဟ်ရာသီဖွားတွေဟာ ခေါင်းဆောင်ကောင်းအရည်အချင်းနဲ့ပြည့်ဝပြီး အများရဲ့ လေးစားအားကျခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။ မှန်ကန်တဲ့လမ်းကိုလျှောက်ပြီး စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်အဖြစ် ဦးဆောင်လမ်းပြပေးနိုင်သူတွေဖြစ်အောင် အမြဲကြိုးစားနေတဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီထူးသူတွေဖြစ်တာကြောင့်လည်း အလုပ်လုပ်ကိုင်တဲ့နေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တိကျသေချာစွာလုပ်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ အပေါ်ယံထင်မြင်သုံးသပ်ချက်တွေကို မနှစ်သက်ပါဘူး။ တိကျခိုင်လုံတဲ့အယူအဆတွေကိုသာ လက်ခံကြတဲ့သူတွေဖြစ်ပြီး အသေးအဖွဲ့ကိစ္စရပ်တွေကိုဆို လှည့်မကြည့်တတ်ကြပါဘူး။ သိဟ်ရာသီဖွားတွေဟာ ဒေါသ၊ မာန်မာနကြီးပြီး ခေါင်းမာတတ်ကြပါတယ်။ မျက်နှာအမူအရာ ဟန်မဆောင်တတ်ဘဲ စိတ်အလိုမကျရင် မျက်နှာတွင် သိသိသာသာပေါ်လာတတ်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတတ်ပေမယ့် စိတ်ရှုပ်လွယ်တတ်ပါတယ်။ အရာရာကို မျိုသိပ်တတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုတောင် ဖွင့်မပြောတတ်ကြပါဘူး။ ပင်ပန်းသောကတွေကို အခြားသူတွေကိုမပေးတတ်ဘဲ ကိုယ်တိုင် နေ့ရက်တိုင်းကို အပူပင်ကင်းကင်းနဲ့ပဲ ဖြတ်သန်းချင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ လက်ရှိသူတို့ဘဝရဲ့ဖြစ်တည်မှုကိုသာ အကြိုက်အနှစ်သက်ဆုံးဖြစ်ပြီး အကောင်းဆုံးလို့ခံယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။ သိဟ်ရာသီဖွားတွေဟာ အရာရာကို သတိနဲ့ယှဉ်ပြီး ပြုမူလုပ်ဆောင်တတ်ကြပြီး ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ အများအကျိုးကို သယ်ပိုးရွက်ဆောင်ရတာတွေမှာလည်း ဝါသနာပါတဲ့ ရာသီခွင်ဖြစ်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့ သူတို့ဆိုးသမျှ အနွံတာခံပြီး သည်းခံတဲ့သူမျိုးကိုသာ ချစ်သူအဖြစ်ရွေးတတ်ကြပါတယ်။ အချစ်ကြီးသလို အမျက်လည်းကြီးတတ်ပြီး ကိစ္စအသေးအဖွဲ့လေးကအစ ချစ်သူအပေါ် အရမ်းဂရုစိုက်တတ်လွန်းတာကြောင့် နားလည်မှုလွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ လက်ရှိချစ်သူကိုသာ တစ်ဘဝလုံးလက်တွဲသွားချင်ကြတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။ အကျိုးပေးပြီး လိုက်ဖက်တဲ့ ရာသီခွင်တွေကတော့ ကုမ်ရာသီနဲ့ မေထုန်ရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။ သိဟ်ရာသီဖွားတွေဟာ ကျောင်းဆရာ၊ စာရေးဆရာ၊ စစ်ဘက်၊ ငါးမွေးမြူရေးနဲ့ ဆရာဝန်စတဲ့ အလုပ်အကိုင်တွေအကျိုးပေးပြီး ရွှေရောင်၊ အဝါရောင်နဲ့၊ လိမ္မော်ရောင်တွေက သိဟ်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့အရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၉၊ ၁၀၊ ၁၃ စတဲ့ ဂဏန်းတွေဖြစ်ပြီး တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်ကတော့ ဖရဲအူကျောက်လို့ခေါ်တဲ့ (Tourmaline)ပဲ ဖြစ်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် ပဉ္စမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ခြင်္သေ့တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ သိဟ်ရာသီဖွားတွေကို တနင်္ဂနွေဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။ သိဟ်ရာသီဖွားများသည် ဂုဏ်ကျက်သရေရှိသူများ ဖြစ်၏။ အစစအရာရာ ခေါင်းဆောင်လိုစိတ်ရှိ၏။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ စိတ်အားထက်သန်သူများ ဖြစ်ကြ၏။ မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြ၏။ မည်သည့်ကိစ္စမဆို လိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ ပညာရှိ သုခမိန်ဖြစ်တတ်၏။ ရဲရင့်ထက်မြက်၏။ ရဲရင့်တည်ကြည်၏။ ယောက်ျားပီသ၏။ သိဟ်ရာသီဖွား အမျိုးသမီးများသည်လည်း ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ သစ္စာရှိတတ်ကြ၏။ ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြ၏။ ထက်မြက်ရုံသာမက စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။သူတစ်ပါးက မိမိအား မြောက်စားခြင်း၊ နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာက အချိန်ကုန် ငွေကုန်ခံ၍ ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။ အမုန်းခံစရာရှိက အမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ ကိုယ့်ကို မြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့် နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှရပါစေ စိတ်မဝင်စား။ စမတ်ကျကျနှင့် လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင် ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လို၏။ သိဟ်ရာသီဖွားတို့၏ အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊ အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊ သူတစ်ပါးစကားနားထောင် အကြံယူက အောက်ကျသည်၊ သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများ လက်လွတ်ခံခြင်းတို့ပင်ဖြစ်၏။ သို့သော် သိဟ်ရာသီဖွားတို့သည် အမြင်ထူးခြား၏။ ဘယ်တော့မှ နောက်မတွန့်တတ်။ လူဖြောင့်စိတ်တိုများဖြစ်၏။ စိတ်မြန်သည်။ အားမနာတတ်။ မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှ သည်းမခံတတ်။ သိဟ်ရာသီဖွားတွေဟာ ရာသက်ပန် တစ်ခုတည်းသောဝါဒကို စွဲကိုင်ထားတတ်၏။ လူတွင်ကျယ်လုပ်လို၏။ လူရိုသေအောင်လည်း နေတတ်၏။ ထို့အပြင် သူများတကာနှင့် အမြင်မတူတတ်။ ကိုယ်ကိုင်စွဲသော ဝါဒအတိုင်း ခံယူလျှောက်လှမ်းတတ်၏။ ငြင်းခုံစရာရှိက အခိုင်အခန့်ငြင်းခုံ၏။ ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်၏။ ဥပဒေကိုဖြစ်စေ၊ စည်းကမ်းဘောင်များကိုဖြစ်စေ၊ အသစ်ပြုပြင် ပြောင်းလဲပစ်လိုသူများဖြစ်ကြ၏။ အခွင့်အရေးကိုလည်း မရရအောင် ယူတတ်ကြ၏။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိ၏။ သို့သော် သူတစ်ပါးကို ရန်လိုသောစိတ်မရှိ။ သိဟ်ရာသီဖွားတွေဟာ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ ရှိနေတတ်ကြ၏။စီးပွားရေးဘက်တွင် အားနည်းတတ်ကြ၏။ စိတ်ထိခိုက်လွယ်၏။ တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင် ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်၏။ သူတစ်ပါးကို အားပေးစကား မပြောတတ်သလို ကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင် ခံစားချက်ကြီးတတ်၏။ ဘဝတွင် ကျွမ်းကျင်မှုတွေများပြီး ရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံတတ်၏။ ဂမ္ဘီရပါရမီ ရင့်သန်၏။ သိဟ်ရာသီဖွားတွေဟာ စည်းကမ်းဘောင်အတွင်း နေမှကောင်း၏။ တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် အထိနာတတ်၏။ ဥပမာ- ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိက သူများထက်ပိုထိတတ်၏။ တွန်းတိုက်ပြီး ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက် အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက် လိုက်သွားတတ်၏။ ဘဝသက်တာတွင် ငွေကိုအားတိုက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကြိုးစားပြီးရှာရတတ်၏။ သိဟ်ရာသီဖွားတွေဟာ စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတ အသိဉာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့် ဘဝတွင် လူတစ်လုံး သူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြ၏။