နိုဝင်ဘာလ (၂၂) ရက်နေ့ မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အတွင်းမွေးဖွားသူတို့ကို ဓနုရာသီဖွား (Sagittarius) များ ဟုသတ်မှတ်နိုင်သည်။ ဓနုရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၅)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။ ဓနုရာသီဖွားတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး လျှင်မြန်သွက်လက်၍ ထက်မြက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နက်နက်နဲနဲတွေးဆကြံစည်တတ်ပြီး ဘယ်အလုပ်ကိုမဆို ရဲဝံ့စွာ လုပ်ကိုင်တတ်ကြပါတယ်။ သူတို့ဟာ ဟန်ဆောင်မှုကင်းပြီး တည်ကြည်တဲ့သူတွေဖြစ်သလို စကားပြောဆိုရာမှာလည်း စိတ်ပါလက်ပါနဲ့ အခြားသူတွေနားလည်အောင် ပြောတတ်သူတွေ ဖြစ်ကြပါတယ်။ ဓနုရာသီဖွားအများစုဟာ သဘောထားကြီးပြီး စိတ်ကူးယဉ်ဆန်တတ်ပြီး ဖြတ်ထိုးဉာဏ်၊ ဟာသဉာဏ်ရွှင်သူတွေ ဖြစ်ကြပါတယ်။ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အစအနောက်တတ်ဆုံးသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်ပြီး သမာရိုးကျ ရိုးရိုးအေးအေးပဲ ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာပေမဲ့ စိုးရိမ်စိတ်ကြီးတတ်သူတွေ ဖြစ်ကြပါတယ်။ ဓနုရာသီဖွားတွေဟာ ခရီးထွက်ရတာ အလွန်ဝါသနာပါတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာကိုပဲလုပ်လုပ် တခြားသူအပေါ်အလွန့်ငဲ့ညှာသနားတတ်ပြီး ကူညီတတ်ကြပါတယ်။ စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်ဆိုပေမဲ့ အရာရာကိုနှစ်ဖက်မျှတွေးပြီး အကောင်းမြင်တတ်တဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။ ဓနုရာသီဖွားတွေဟာ မထင်မှတ်ဘဲ ဘဝမှာ အပြောင်းအလဲများစွာ ကြုံရတတ်ပါတယ်။ တစ်စွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးကိုတော့ ဆင်ခြင်သင့်ပါတယ်။ သူတို့ဟာ ငွေပြင်းထန်စွာရှာတတ်ပြီး ရှာထားတဲ့ငွေကို အများသူတွေကို ကူညီရန် လှူဒါန်းရန်အတွက် အသုံးချတတ်သူတွေ ဖြစ်ကြပါတယ်။ ဓနုရာသီဖွားတွေဟာ အလွန်အဓိပ္ပါယ်ရှိတဲ့ ဘဝပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ မာနကြီးပေမဲ့ အခြားသူတွေအပေါ် သနားကြင်နာစွာ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပွဲစားလုပ်ငန်း၊ သတ္တုပစ္စည်းများတူးဖော်ရောင်းဝယ်ခြင်း၊ စက်ပစ္စည်း ယာဉ် ရထား ကားတည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊ အင်ဂျင်နီယာနှင့် ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။ ဓနုရာသီဖွားတွေဟာ အလွန်နူးညံသောနှလုံးသားကို ပိုင်ဆိုင်ကြပြီး အချစ်ရေးမှာ သနားလွယ်၊ ယုံလွယ်၊ စိတ်ညွှတ်လွယ်သူများ ဖြစ်ကြပါတယ်။ ချစ်သူရည်းစားများတတ်ပေမဲ့သော်လည်း အိမ်ထောင်ဖက်ကောင်းနှင့် လက်ထပ်ရတတ်ပါတယ်။ အိမ်ထောင်ဖက်အပေါ် ဩဇာလွှမ်းမိုးတတ်ကြပါတယ်။ အချစ်ရေးအိမ်ထောင်ရေးကို ဆုံးဖြတ်တဲ့အခါ ခေါင်းအေးအေးထားစဥ်းစားပြီး လူကြီးမိဘတွေရဲ့ အကြံဉာဏ်ယူပြီး ဆုံးဖြတ်သင့်ပါတယ်။ အရာရာကိုပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ခြင်းက တပါးသူအပေါ်အခွင့်အရေးပေးသလို ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အခုတွေ့ အခုကြိုက် အခုယူသဘောမျိုးဖြင့် ဘေးလူဘယ်လိုတားတား ဂရုမစိုက်ဘဲ ဇွတ်လုပ်တတ်ကြပါတယ်။ အချစ်ကိုယုံပြီး ပုံအပ်တတ်သူဖြစ်ပြီး အချိန်လွန်မှ နောင်တရတတ်ကြပါတယ်။ မိသားစုအပေါ်သံဃောဇဉ်ကြီးတတ်ကြပေမယ့် အိမ်ထောင်ရေးမှာ ဒုတိယပေါ်လာတတ်တာမျိုးကိုတော့ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဓနုရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ မေထုန်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၇၊ ၉၊ ၁၂၊ ၂၁ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အဖြူရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ စိမ်းပြာရောင်ကျောက်လို့ခေါ်တဲ့ (Turquoise) ကျောက်လေးပဲဖြစ်ပါတယ်။ ဓနုရာသီခွင်ဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် နဝမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် လေးနှင့်မြားကို ကိုင်ထားသော လေးသည်တော်သည် အပေါ်ပိုင်းတွင် လူ၏ခန္ဓာကိုယ်ရှိပြီး ခါးအောက်ပိုင်းတွင် ခြေလေးချောင်းနှင့် မြင်း၏ကိုယ်သဏ္ဍာန်ရှိသော လူမြင်းလေးသည်တော်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ကြာသာပတေးဂြိုဟ်မှ စိုးမိုးထားသည်။ ဓနုရာသီခွင်ဟာ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။ ဓနုရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။ စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။ တည်ကြည်၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကို အလွန်ယုံကြည်လေးစား၏။ ဓနုရာသီဖွားတွေဟာ သမားရိုးကျဆန်ဆန် အရိုးခံ ပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။ စိတ်ဓါတ်အလွန် ခိုင်မာ ထက်သန်၏။ သို့သော် တစ်ခါတစ်ရံ အငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။ ပင်ကိုယ်ဗီဇ ထက်သလောက် တချို့ကိစ္စတို့တွင် ဝေခွဲရခက်ကာ စိတ်ဒွိဟဖြစ်နေတတ်ပြန်၏။ ဓနုရာသီဖွားတွေဟာ မေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံသလောက် စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာ တစ်ဖက်သားတို့အား အမြဲကူညီနေတတ်၏။ သို့သော် နှုတ်စလျှာစကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ် ဖြစ်သွားရတတ်၏။ မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာ ဆက်ဆံလို၏။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရောကိုယ်ပါ ပေါင်းတတ်၏။ ဓနုရာသီဖွားတွေဟာ ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။ အရာရာကို အလေးအနက်ထားပြီး အရှိန်အဟုန်ပြင်းစွာ လုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည်ထင်က မည်သည့်ကိစ္စမဆို လုပ်ရဲကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှုကို အလွန်မုန်း၏။ လိမ်ညာမှုကို အလွန်မုန်း၏။ ဓနုရာသီဖွားများသည် စိတ်ထိခိုက် လွယ်၏။ တစ်ခါတစ်ရံ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်ချင်၏။ ငွေကို ပြင်းထန်စွာရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာ လုပ်တတ်၏။ ဓနုရာသီဖွားတွေဟာ ဘယ်အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူ ဘယ်တော့မှမလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ သဋ္ဌေးဖြစ် ခွေးဖြစ် ကြံတတ်၏။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများ ဖြစ်၏။ စီးပွားရှာရာတွင် လောဘကြီး၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက် စိတ်ထဲထင်က လောင်းကစားဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။ ဓနုရာသီဖွားတွေဟာ ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်း၊ လုပ်ကိုင်ရခြင်းကို အလွန်မက်မော၏။ ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။ အထူးသတိထားရန်မှာ ဓနုရာသီဖွားတွေဟာ စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့် ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။ ဒေါသကို အထူးထိန်းဖို့လို၏။ ထက်မြက်သလောက် လိမ္မာပါးနပ်မှုရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်၏။ သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံမိတ်သင်္ဂဟ ပေါများနေတတ်၏။ အထူးမှာ ဓနုရာသီဖွားတို့သည် အနာဂါတ်ကို ကြိုတင်သိနိုင်စွမ်းသော ပါရမီဓါတ်ခံရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူး နိမိတ်ထူးတို့ဖြင့် အနာဂတ်ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိ ထူထောင်ပေးပါက အထူးထက်မြက်တတ်ကြ၏။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတို့ထက် နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။ ဓနုရာသီဖွားတွေဟာ ပင်ကိုယ်စိတ်ရင်းတွင် အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကို ကူညီရန်၊ ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ ရောက်လာသူများဖြစ်၏။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲ မနေနိုင်ချေ။ ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်၏။ တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီး ပေးကမ်းကူညီတာ ပျော်ရွှင်နေတတ်၏။ ဓနုရာသီဖွားတွေဟာ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီး ကူညီပေးဆပ်နေတတ်၏။ ထို့အတူ လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်လို၏။ အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထား၏။ ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲ၏။ အငြင်းသန်၏။ ဟာသနှော၍ ပျော်စေ၊ ပျက်စေ ပြောဆိုတတ်၏။ ဇဝနဉာဏ်ကြီးမား၏။ ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာ ချက်ကျစွာ ပြောတတ်ဆိုတတ်၏။ အထူးသတိပြုရန်မှာ စိတ်ဓါတ်အလွန်ပြင်းထန်၏။ အရာရာကို လွန်လွန်ကဲကဲ လုပ်တတ်၏။ ဓနုရာသီဖွားတွေဟာ တစ်ခုခုဆုံးဖြတ်ပြီးက နာရီမဆိုင်း၊ မိနစ်မဆိုင်းလုပ်တတ်၏။ လွန်ကဲမှု၊ လောကြီးမှု၊ စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏ အမှားကို ရင်ဆိုင်တွေ့ရတတ်၏။ ထူးခြားသည်မှာ အမှားကို ဝန်ခံရဲ၏။ အမှားမြင်က အမှန်ပြင်တတ်၏။ တဲ့တိုးပြောတတ်လွန်းခြင်း၊ ဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍ လူမုန်းများ၏။ ဓနုရာသီဖွားတွေဟာ သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာ ပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်၏။ လိမ်ညာမှုကို အလွန်မုန်း၏။ ထို့အပြင် ဘဝတွင် မဟုတ်မခံ မာနစိတ်ကြီးမား၏။ ထိုမာနကို လုံးဝအထိမခံတတ်ချေ။ ဤရာသီဖွားတို့သည် မွေးမြေကို စွန့်ခွာ၍ ရပ်ဝေးတွင် အောင်မြင်ကြီးပွားတတ်ကြ၏။